Skip to main content

အတိုးဆုံး ကဗျာများ (၁၀)


“စောင့်ကြည့်လေ့လာမှု”

အဓိပ္ပာယ်တွေကို မြေလှန်ဖို့
ငါ အဘိဓာန်ကို ဖတ်နေတယ်
ဘ၀ကို မြေလှန်ဖို့
ငါ အသက်ရှူသံကို ဖတ်နေတယ်
အလိုလေး
အလိုအလျောက်ကြီးပါလား။
 
“လေ့လာရေးခရီး”

စရိတ်ငြိမ်းခရီးစဉ်မှာ
လှည့်ပတ်ကြည့်ရှုနေရုံတင်ပါ
စိတ်ဝင်စားလှလို့ရယ်တော့ မဟုတ်ဘူး
ပြီးရင် ကျွန်တော့်ကို
ဟိုကျောက်တုံးကြီးနား တစ်ပုံရိုက်ပေးပါဦး။

“ကျွန်တော်အိပ်နေတုန်း ဖြစ်ပျက်ခဲ့တာတွေ”

အိပ်ယာက နိုးလာတော့
နှုတ်ခမ်းမွှေးဟာ စင်တီမီတာအနည်းငယ် ရှည်နေတယ်
ဒီလိုပဲ တစ်နေ့တစ်နေ့
အိပ်မက်ထဲက မိုင်တိုင်တွေကို
အရင်းက ရိတ်ဖြတ်သန့်စင်နေရတယ်။

“အလွမ်း”

ခြေစွယ်ငုတ်နေတာကို တစိမ့်စိမ့်အရသာခံနေသလို
ကျွန်တော် ထိုင်ငိုနေတယ်
ချက်ချင်းကြီး သွေးထွက်သံယို
ဖယ်ရှားပစ်လိုက်ရမှာကိုလည်း မလိုလားဘူးလေ
ခြေမလေးရောင်နေခဲ့တာ ကြာပါပြီ။

“အနက်ရောင် စစ်တုရင်အရုပ်ကလေး”

ကျွန်တော်က ခံစစ်ကိုကြိုက်လို့ အနက်ကိုကိုင်တယ်
သူကတော့ ခေတ်ဆန်သူဆိုတော့ အဖြူပေါ့လေ
၆၄ ကွက်လုံးကို ချယ်လှယ်နိုင်ဖို့ဆိုတာ
ဒီဘက်ခေတ်လူတွေရဲ့ အိပ်မက်ပဲ မဟုတ်လား
ချောင်တစ်နေရာကနေ
လောကဓံကို သရေခံထိုးဖို့ ရည်ရွယ်ခဲ့ပါတယ်။

◄ တေဇာ ►

Comments

  1. အလိုအလျောက်ကြီးလား . . . သေချာသွားပြီလား.. :)

    ReplyDelete
  2. သိပ်မတိုးတော့ပြန်ဘူး။အနည်းငယ်ပြန်ကျယ်လာခဲ့သည်။ "အလွမ်း"ကတော့ ထိတယ်။ကွက်တိ ။ကျေးဇူး

    ReplyDelete

Post a Comment