Skip to main content

“စိတ်ရောဂါရနေတဲ့ သစ်ပင်”















ကိုယ့်ကိုယ်ကို ဘုရင်လို့ လွဲမှားစွာယုံကြည်နေတဲ့ ရောဂါမျိုးက
ရံဖန်ရံခါ ဖြစ်တတ်ပါတယ်
ကုရ လွယ်တယ်
ဝေဒနာရှင်ကိုယ်တိုင်မှာ အန္တရာယ်မရှိပေမဲ့
ပတ်ဝန်းကျင်က ကျွန်တွေ မင်းပြစ်မင်းဒဏ်သင့်တတ်တယ်။

ကိုယ့်ကိုယ်ကို သစ်ပင်လို့ ထင်နေတာမျိုးကျတော့
ရှားသွားရော
သူက ကုရခက်တယ်
ယဉ်ယဉ်လေး ရူးတာမျိုးပါ
အခြားအပင်တွေနဲ့ တွဲပြီး စိုက်ပျိုးနိုင်ပါတယ်။

အဲ… ကိုယ့်ကိုယ်ကိုယ် လူလို့ သံသယမရှိရှာတဲ့အဖြစ်ကတော့
အတွေ့ရအများဆုံးနဲ့ ကုရာနတ္ထိပဲ
အရမ်းလည်း ကူးစက်ပြန့်ပွားလွယ်တယ်
အသီးအပွင့်တွေပါ လူရယ်လို့ဖြစ်လာရင်လို့ မြည်ပြီး သီးပွင့်လာရောပဲ
ကပ်ရောဂါအမျိုးအစားပါ။

ဒါတွေအားလုံး အကြွင်းမဲ့တော့ မှန်ချင်မှမှန်လိမ့်မယ်
ကိုယ်ပေါက်ရောက်ရှင်သန်ရာ ဒေသက
အပင်နဲ့လူတွေကိုပဲ ကြည့်ပြီး
ပြောလိုက်ရတာကိုး။

ကျွန်တော်လည်း ဘာထူးသေးလဲ
ထူးမခြားနားပါပဲ
အပင်တန်မဲ့
ကိုယ့်ကိုယ်ကိုယ် လူလို့ (တစ်ခါတစ်ရံ) ထင်ချင်ထင်နေမိတတ်တယ်။

ကျွန်တော့် အသီးအပွင့်တွေ ခူးဆွတ်ခံရတာကိုတောင်
မချိမခံသာ ဖြစ်မိတတ်သေးတာ
အကိုင်းချိုင်ခံရတာကို ဆတ်ဆတ်ခါ နာကျည်းမိတတ်သေးတာ
ရေလောင်းပေါင်းသင်ပေးမယ့်လူမရှိလို့ ကြိတ်ငိုမိတတ်တာ
အမြစ်ပါနှုတ်ပစ်ချင်တဲ့လူကို ရန်လိုဒေါသဖြစ်မိတာ
အပင်တစ်ပင်အနေနဲ့ ဒီလိုအဖြစ်သည်းလွန်းနေတာတော့ မကောင်းမှန်း သိပါတယ်

ဒါပေမဲ့
ဒါဟာလည်း ကျွန်တော့်ရောဂါပဲလေ။


◄ တေဇာ►

Comments

  1. အောက်ပိုင်းစာပိုဒ်တွေကို ဖတ်မိတော့ 'ချစ်ခြင်း၏အနုပညာ' ကို သတိရတယ်။

    ReplyDelete
  2. တူနေသလား အစ်မ။ မဖတ်ဖူးဘူး။

    ReplyDelete
  3. ခင်းဗျာ့ရောဂါ ကူးမှာစိုးလို့ ကိုယ့်အကိုင်းကိုယ်ရုတ်ပြီး ဖတ်သွားတယ်။

    ReplyDelete
  4. ကိုယ့်ကိုယ်ကို သစ်ပင်လို့ ထင်နေတာမျိုးကျတော့
    ရှားသွားရော
    သူက ကုရခက်တယ်
    ယဉ်ယဉ်လေး ရူးတာမျိုးပါ
    အခြားအပင်တွေနဲ့ တွဲပြီး စိုက်ပျိုးနိုင်ပါတယ်။

    ReplyDelete

Post a Comment