Skip to main content

အတိုးဆုံး ကဗျာများ (၄)


“ဟင်းတစ်ခွက်”

ဆီတဝင်းဝင်း သဲတရှပ်ရှပ်ဆိုတာ သေချာရင်
ပါဆယ်ထုပ်ပြီးပဲ ရောင်းလိုက်တော့မယ်
ကြာတယ်
ကိုယ့်ဘ၀ကိုမင်း ပိုင်ဆိုင်သွားပါပြီကွယ်။

“မြွေ”

အရာအားလုံးမှာ ချွင်းချက် တစ်ခုတော့ရှိတယ်ဆိုတော့ကာ
သူမှန်ရင် သူမှားမယ် သူမှားရင် သူမှန်မယ်
ကိုယ့်အမြီး ကိုယ်မျိုရင် 
ခေါင်းပါ ခံတွင်းထဲထိရောက်အောင်မျို။

“ဘယ်ကောင်မှလက်ကမြင်းခဲ့တာ မဟုတ်တဲ့စာ”

မြေမမြှုပ်ပါနဲ့
ဂူမသွင်းပါနဲ့
မီးမရှို့ပါနဲ့
ရေမမျှောပါနဲ့
မလိုအပ်ပါဘူးကွဲ့
ဒီမှာငါဘယ်တုန်းကမှ မရှိခဲ့ဖူးဘဲ
ဒါကိုသေချာချင်လို့
ဒီလိုမှာရတာပါ။

“အပြင်းစားခံစားချက်များ”

အရမ်းချစ်ပါတယ်
လုံးဝမချစ်နိုင်ဘူး
မမေးဘဲ ဖြေလိုဖြေ
မတောင်းဘဲ ငြင်းလိုငြင်း
သွားကိုက်နေရတဲ့ကြားထဲ . . . ကဲ။

“မူလအမှောင်”

ဟင် ဘာမှလည်းမမြင်ရဘူး၊
ဘာလို့ ဘာမှ မမြင်ရတာလဲ ဟင်၊
မျက်စိမြင် (ဖူး) သူတွေသာ ကန်းတဲ့အရသာကို သိတယ်
ကျွန်တော့်မှာတော့ အမှောင်အတိဆိုတာကိုတောင်
မမြင်မစမ်း။

◄ တေဇာ ►

Comments

  1. ဘယ်ကောင်မှလက်ကမြင်းခဲ့တာမဟုတ်တဲ့စာ နဲ့ မူလအမှောင် ကိုသဘောကျသွားတယ်။ ဒီထက်ပိုတိုးတဲ့ ကဗျာတွေရှိလာရင်လည်း လုပ်ပါဦး။ ကျေးဇူးဗျာ။

    ReplyDelete
  2. ထိထိမိမိနဲ့အဓိပ္ပါယ်ရှိရှိကဗျာလေးတွေပါ..ဆက်လက်ဖန်တီး
    ပြီးမျှဝေပေးပါဦး...

    ReplyDelete

Post a Comment