Skip to main content

အတိုးဆုံး ကဗျာများ (၇)


`စာရေးခြင်း´

တကယ်ပါ
လျှောက်ရေးနေတာပါ
တကယ်ပါ
ရေးရင်း လျှောက်နေတာပါ။

`Rubik Tube အဖြေမှန်´

ဘယ်လှည့် ညာလှည့်
အထက်လှည့် အောက်လှည့်
လှည့်ရင်း မူလနေရာ ပြန်မရောက်နိုင်ခဲ့တော့
ဆေးရောင် ခြောက်မျိုးနဲ့ မျက်နှာပြင်တစ်ဘက်စီသုတ်
ဟန်လုပ် ပြထားခဲ့ရတော့တယ်။

“လိပ်ဆင်ကွက်”

ကြောင် ဖြူဖြူမဲမဲ
ကြွက်ခုတ်ဖို့က အဓိက။
ဝါကျမှာ
လိပ်ဆင်ကွက် (*) သတ္တ၀ါတစ်ကောင်
ကိုယ်ဖျောက်နေရဲ့။

`ခေါ်သံ´

ကိုယ်တိုင်က သွားလေသူဆိုတော့
မတွေ့ရတော့တဲ့ ကောင်တွေက အယောက်ပေါင်းများစွာ
`ကျော်´ ခဲ့တာတွေ အားလုံး ခွင့်လွှတ်တယ် သားကြီးတို့
အမြန်ပြန်လာပါ။

`မံမီ ဟာသ´

လူဆိုတော့လည်း ဒီလိုပဲပေါ့
အနာဂတ်တော့ ရှိချင်တာပေါ့
သေပြီးလည်း သေပြီးတဲ့အလျောက်ပေါ့
ပြန်လည်ထမြောက်ဖို့တောင် သူတို့တွေ ဂူသွင်းဆေးစိမ်ခဲ့ကြသေးတာ
အံမာ. . . ။

◄ တေဇာ ►

(*) လိပ်ဆင်ကွက် = Tortoiseshell

Comments

  1. တိုးတော့တိုးတယ်။toneတွေလည်းမတူဘူး။ကြားတချက်မကြားတချက်လည်းဖြစ်တယ်။အာရုံစိုက်နေပါကြောင်း.......ဗျား။

    ReplyDelete

Post a Comment