Skip to main content

အတိုးဆုံး ကဗျာများ (၉)


`နောက်ဆုံးခဏမှာ´

ပုရွက်ဆိတ်လေးတစ်ကောင်ရဲ့ အစွမ်းကို
အတွင်းခံထဲရောက်မှ သိရတာမျိုးကိုး
တစ်စက္ကန့်လောက်ဖြစ်ဖြစ်
ဆက်ရှိနေပါရစေလို့
အစောကြီးထဲက ကြိုပြောခဲ့ပါရဲ့။

`ဆော့ခရိတ္တိ ရေနှစ်သတ်လိုက်တဲ့ မသာ´

ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ
ပင်လယ်ကြီး ကြည့်ချင်ခဲ့တာ ငမ်းငမ်းတက်ကိုး
နားထင်က ဆွဲမ,မှ မျက်ကလဲဆန်ပြာ မြင်လိုက်ရသလိုမျိုး
ကိုယ့်ဂိုးကိုယ်သွင်းမိသွားတယ်ဆိုလည်း
ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ။

`ဒီဂျာဗှူး´

ဟား လာပြန်ပြီ
ဒီအချိန်ဒီနေရာ ငါသိပါရဲ့
ဒီအရပ်ဒီဇာတ် ငါဖြတ်ဖူးပါရဲ့
ဒီအငွေ့အသက်တွေဟာ ရင်းရင်းနှီးနှီးပဲ
အသစ်ဖြစ်ဖြစ်နေတာက လွဲလို့။

`သမထ ဟာသ´

ငါ့ခန္ဓာကိုယ်ကိုသာ ချုပ်နှောင်ထားလို့ရမယ်
ငါ့စိတ်ကို ချုပ်နှောင်ထားလို့မရဘူး (တဲ့)
သူ အာနာပါနရှု နေတယ်။


`ကျိန်စာ´

ကလောင်ကို ဇာတ်ကုန်ဖွင့်လိုက်ပါမှ
ကကြီးမှအ အတွင်းသာ ပိတ်မိနေတာ တွေ့လိုက်ရတယ်
ငါပစ်ပေါက်ခဲ့သော အဓိပ္ပာယ်တွေက
အစိုးမရ
ရမ္မက်မီးမငြိမ်းခင် ပုဒ်မတွေသာ ပြုတ်ကျလာခဲ့။

◄ တေဇာ ►

Comments

  1. သမထ ဟာသမှာ တခုခု ပျောက်နေသလိုကြီးပဲ...။ လူလည်း လည်တယ်တယ် ဖြစ်သွားတယ်..။ ကျိန်စာက ဝင်ကပါ ဆိုရင် ပိုမကောင်းဘူးလား..။ ပြောမယ့်သာ လျှောက်ပြောရ ကဗျာရေးတဲ့သူဆိုတာ ဘယ်သူက ရေးပြီးရင် ပြင်တတ်လို့တုန်း...ဟတ်ဟတ်...(အားစိုက်ထား.....ပုံမှန်ပဲ တိုးတိုးလုပ် ဗျ)....

    ReplyDelete
  2. တိုးသထက်တိုးလာပြီ ဟေ့လူ။ မနည်းနားစိုက်နေရပြီ။ တချို့ဟာတွေလည်း မကြားချင်ယောင်ဆောင်သွားတယ်။ဆက်လုပ် ဆက်လုပ်။

    ReplyDelete
  3. ကာရံတွေကော စိတ်ထားတွေရော ကြိုက်တယ်ဗျာ ခရီးသွားတူတွေ အခုမှလာလည်ဖြစ်တာတောင်းပန်ပါတယ်ဗျာ
    http://naylinphyo.blogspot.com/
    http://coffeecrazylay.blogspot.com/
    လင်မင်လေးစားလျက်သာ ...

    ReplyDelete

Post a Comment