Skip to main content

အတ္တဘ၀အမှန်ဝါဒဆိုင်ရာ အရေးအသားနှင့်ပတ်သက်၍

[ဒီဇင်ဘာ ၂၀၀၄၊ စတိုင်သစ်မဂ္ဂဇင်းပါ ဆရာမြင့်သန်း၏ ဆောင်းပါးအား ပြန်လည်တင်ပြခြင်း]

(အမှာ။ မန္တလေးတောင်ခြေအနီးမှ နိုဗတလ်တွင် ကျောင်းနေဖက် မိတ်ဆွေ ပါမောက္ခတစ်ဦးက အတ္တဘ၀အမှန်ဝါဒနှင့် ဆက်ဆိုင်သော မြန်မာဘာသာဖြင့် ပုံနှိပ်ထားသော စာအုပ်တစ်အုပ် လက်ဆောင်ပေးပါသည်။ ဘာကြောင့်လဲဟု မေးသောအခါ `ကျွန်တော်တို့ နားလည်တာနဲ့ မတူလို့၊ ဖတ်ကြည့်စေချင်လို့ပါ´ ဟု ဆိုပါသည်။ သူပြောသောစကားထဲမှ `တို့´ ဟူသော အသုံးအနှုန်းမှာ မည်သူတို့ကိုရည်ညွှန်းမှန်း ကျွန်တော်မသိပါ။ ဘာကြောင့် ယခုမှ ဖတ်ကြည့်စေချင်မှန်းလည်း ကျွန်တော်မသိပါ။ ကျွန်တော်ဖတ်ကြည့်သောအခါ၊ ကျွန်တော်ကိုယ်တိုင်ဆွေးနွေးလိုသောအချက် များစွာ တွေ့ရပါသည်။ ဆွေးနွေးခြင်းအားဖြင့် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိမည်ဟု ယူဆပါသည်။ မိတ်ဆွေဖြစ်သူ ပါမောက္ခမရှိတော့ဘူးဟု ကြားကာမှ၊ ဤအရေးအသားကို ပြန်လည်သတိရမိသည့်အတွက်မူ ၀မ်းနည်းရပါသည်။)

[တစ်]

စာအုပ်မှာ စိုးမင်းဦးရေးသော (တစ်နည်း၊ ပြုစုသော) `ဖြစ်တည်မှုပဓာနနှင့် သိစိတ်အစဉ်´ ဟူသော စာအုပ်ဖြစ်ပါသည်။ ထိုစာအုပ်ကို စာပေလောက စာအုပ်တိုက်မှ ၁၉၉၄ ခုနှစ် ဧပြီလတွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ၁၉၇၄ ခုနှစ် ရှုမ၀ မဂ္ဂဇင်းတွင်ရေးခဲ့သော အရေးအသားမှစ၍ ၁၉၉၂ ခုနှစ် စာပေဂျာနယ်တွင် ရေးသားခဲ့သော အရေးအသားအထိ စုစည်း၍ ပြန်လည်ပုံနှိပ်ထားပါသည်။ ထိုစုစည်း၍ပုံနှိပ်မှုတွင် ပြန်လည်တည်းဖြတ်၊ သုတ်သင်ကာ၊ ဖြည့်စွက်ထားခြင်းများ ပါ,မပါ မပြောနိုင်ပါ။

ဖြစ်တည်မှုပဓာန၀ါဒဆိုသည်မှာ အင်္ဂလိပ်လို Existentialism ကို ဆိုလိုပါသည်။ ထိုအသုံးအနှုန်းမှ စတင်၍ ဆွေးနွေးရပါလိမ့်မည်။ အကြောင်းမှာ တက္ကသိုလ်နှင့် ပညာရပ်ဆိုင်ရာအသိုင်းအ၀ိုင်းအတွင်း၌သော် Existentialism ကို `အတ္တဘ၀အမှန်ဝါဒ´ ဟု ခေါ်ဆိုကြကြောင်း အမှတ်အသားရှိခဲ့ရာ၊ `ဖြစ်တည်မှုဝါဒ´ ဟူသော အသုံးအနှုန်းမှာ မည်ရွေ့မည်မျှအထိ Existentialism ဟူသော အသုံးအနှုန်း၏ ဆိုလိုရင်းနှင့် နီးစပ်ကြောင်း၊ သို့မဟုတ် ဘာသာစကားအပြောင်းအလဲလုပ်ရာတွင် ဆိုလိုရင်းနှင့် မည်မျှနီးစပ်ကြောင်း ကြည့်ရန် လိုအပ်ပါသည်။ ထိုသို့ စိစစ်လေ့လာကြည့်ရသည်မှာ ရှေးက `ရသပညာ´ ဟူသော အသုံးအနှုန်းကို တက္ကသိုလ်ကျောင်းစော်နံသည်ဟုဆိုကာ စာပေနယ်အတွင်း `အလှဗေဒ´ ဟု ပြောင်းလဲ ကင်ပွန်းတပ်ခဲ့ခြင်းများ ရှိခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။

Existentialism သည် လူ၏သိမှုကို အလွန်အခြေခံထားသော အမြင်တစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် အတ္တဘ၀၏ ဖြစ်-ရှိနေမှုကို အခြေခံ၍လည်းကောင်း၊ ရှေ့တန်းတင်၍လည်းကောင်း ရှုမြင်ထားသောအမြင် ဖြစ်ပါသည်။ ဖြစ်နေရုံ၊ ရှိနေရုံမျှသာဖြစ်သော အကြောင်းများကို တင်ပြထားသည် မဟုတ်ပါ။ ခွေးခြေတစ်လုံး၊ မျောက်တစ်ကောင်၊ လကမ္ဘာကြီး စသည်ဖြင့် ဖြစ်-ရှိနေကြသော အရာရာတို့၏အကြောင်းများကို တင်ပြထားသည်မဟုတ်ပါ။ လူ၏ အတ္တဘ၀ရှိနေခြင်း၏ မှန်ကန်မှုကိုအခြေတည်၍ ဆွေးနွေးထားသောအမြင် ဖြစ်ပါသည်။ ဆာထာအကြောင်းရေးသော လဖ Rene Lafarge ၏ စကား သုံးစွဲ၍ရေးရသော် When he spoke of existence, it was of human existence he spoke, the only that exists in his view ဟူ၍သာ ဖြစ်သည်။ အတ္တဘ၀ဟုသုံးနှုန်းထားခြင်းတွင် ယေဘုယျနားလည်လက်ခံထားသော `ဘ၀´ ဟူသော အသုံးအနှုန်းမှ ကွဲလွဲစေရန်သာ ဖြစ်ပါသည်။

ကွဲလွဲစေရန်ဟုဆိုရာတွင် သိမှုအရ ရှိမှုကို အခြေခံသောပုံရုပ် ပေါ်ရန်ဖြစ်သည်။ တစ်ခါကသော် ယောင်ယောင်ကွန်မြူနစ်များနှင့် ဆိုရှယ်လစ်တို့က `အတ္တဘ၀´ ဟု သုံးနှုန်းထားခြင်းကို အခြေခံကာ `အတ္တ´ လွန်ကဲသူများ၏အမြင်ဟု ယိုးစွပ်ခဲ့ဖူးသည်။ စင်စစ် အတ္တဘ၀အမှန်ဝါဒ ဟူသော အသုံးအနှုန်းတွင် ပါဝင်နေသော `အတ္တဘ၀အမှန်´ ဟူသော စကားလုံး၏ ဆိုလိုရင်းမှာ အတ္တဘ၀၏ ရှိနေမှုကို မှန်ကန်သည်ဟု `ရှိမှု´ အခြေခံထား (တစ်နည်း၊ လက်ခံထား) သော အမြင်(သိမှု)သာ ဖြစ်သည်။ အတ္တလွန်ကဲသူများ သို့မဟုတ် အတ္တလွန်ကဲမှုကို လက်ခံထားသူများ၏ အမြင်ဟု မဆိုလို။ မရည်ရွယ်ခဲ့။ သို့ဖြစ်ရကား Existentialism ဟူသော စကား/စကားလုံးကို မြန်မာဘာသာစကား၏ ဘောင်အတွင်း ပြောင်းလဲသုံးနှုန်းရာတွင် အတ္တဘ၀အမှန်ဝါဒဟူသော အသုံးအနှုန်းသည် ဖြစ်တည်မှုပဓာနဟူသော အသုံးအနှုန်းထက် ပို၍ အနက်ရင်း နီးစပ်မှုရှိသည်ဟု ကျွန်တော်မြင်ပါသည်။ (အားလုံးလက်ခံကြရမည်ဟု မဆိုလိုပါ)

တက္ကသိုလ်အသိုင်းအ၀ိုင်းထဲမှ စာရေးဆရာအချို့ စကားပြောရာတွင် Existentialism ကို Exist ဟု အတိုချုပ်သဘောဖြင့် ခေါ်ကြောင်း ကျွန်တော်သတိထားခဲ့ဖူးပါသည်။ မြန်မာအချင်းချင်း ပြောကြဆိုကြရာတွင် မည်သည်ကိုညွှန်း၍ ပြောဆိုခြင်းဖြစ်ကြောင်း သိကြသဖြင့် မထောင်းမတာဖြစ်သော်လည်း အင်္ဂလိပ်ဘာသာစကားဘောင်အတွင်း၌မူ မမှန်နိုင်ရုံမက မှားနိုင်နေပေသေးသည်။ Existentialism သည် Exist အကြောင်း ဆွေးနွေးသည်မဟုတ်။ Existence, existent အကြောင်း ဆွေးနွေးသည်သာ ဖြစ်သည်။ Exist မှာ `ဖြစ်ရန်၊ ဖြစ်ဖို့၊ ဖြစ်သည်၊ ရှိရန်၊ ရှိဖို့၊ ရှိသည်´ စသည့် အပြုအမူတစ်ခုသဘောဆောင်၍ သုံးနှုန်းသော်လည်း ယတိပြတ် သတ်မှတ်ချက်မရှိသော ကြိယာပုဒ်သဘောမျိုး Intransitive Verb သာ ဖြစ်သည်။ ဥပမာ- ထာဝရဘုရား တကယ်ရှိတယ်ဟူသော သဘောမျိုးဖြစ်ပြီး ထာဝရဘုရား၏ ရှိနေသော အနေအထားကို ဖော်သည်မဟုတ်။ Existence ကဲ့သို့ ရှိနေသော အနေအထားကို ပြဆိုသော နာမ်တစ်ခု မဟုတ်။ Existentialism သည် လူ၏ ဖြစ်တည်ရှိနေသော အနေအထားကို ဆွေးနွေးသောအမြင်၊ အတွေးအခေါ်၊ အယူအဆများဖြစ်ရာ ၎င်းတို့သုံးစွဲသော Existence စကားလုံးသည် Concrete individual being here and now ကို ညွှန်းဆိုသည်သာ ဖြစ်သည်။

အတ္တဘ၀အမှန်ဝါဒီတို့၏ Existence ဟူသော အသုံးအနှုန်းမှာ လာတင်ဘာသာတွင် ex-sistere ဟု ရေးသော အနက်နှင့် နီးစပ်မှုရှိသည်ဟု ဆိုရမည်။ `သီးခြားရပ်တည်သည်´ `ပေါ်ထွက်နေသည်´ ဟူသော အနက်ကို ဆောင်သည်။ ဆိုလိုသည်မှာ လူသည် သီးခြားရပ်တည်သည်။ သီးခြားပေါ်ထွက်နေသည်ဟူသော သဘောမျိုးဖြစ်လေသည်။ ဆိုခဲ့ပြီးသည့်အတိုင်း လူသည် တိရိစ္ဆာန်၊ သစ်ပင်၊ တောတောင် စသည်တို့နှင့် မတူ။ သို့အတွက် အတ္တဘ၀အမှန်ဝါဒီတို့ သုံးစွဲသော Existent မှာ “it” ကို မဆိုလို။ “I” ကိုသာ ဆိုလိုသည်။ ငါ၏ ဖြစ်-ရှိနေမှုကို သိမှုအခြေခံဖြင့် လက်ခံခြင်း “Mineness” သဘောပင် ဖြစ်သည်။ မိမိ၏ ရှိမှုသည် မိမိသာလျှင် ဖြစ်နေခြင်း {I am I} ဟူသော၊ အသိအမြင်ဖြစ်သည်။ ထို့ကြောင့်ပင် အတ္တဘ၀အမှန်ဝါဒီတို့ သုံးစွဲထားသော Existence မှာ အတ္တဘ၀၏ ရှိနေမှုနှင့် တိုက်ရိုက်ဆက်သွယ်နေသော Direct relatedness ကို ဆိုလိုခြင်းသာ ဖြစ်သည်။ ဤမျှဆိုလျှင် Existentialism ကို ပညာရပ်ဆိုင်ရာ ပရိဝုဏ်အတွင်း အဘယ့်ကြောင့် အတ္တဘ၀အမှန်ဟု ခေါ်ဆိုကြကြောင်း ထင်သာမြင်သာပြီဟု ထင်မိပါသည်။ သို့ရာတွင် ကျွန်တော်၏ အရေးအသားမှာ ဆွေးနွေးချက်သာဖြစ်၍ မှန်၏/မှား၏ကို မဆုံးဖြတ်လိုပါ။ Minimalism သည်ပင်လျှင် Minimal ဟူသော စာလုံးကိုယူ၍ အနည်းဆုံးဝါဒဟု ခေါ်၍ဖြစ်သေးလျှင် Existentialism ကို Exist ဟူသော စကားလုံး၌သာတည်၍ ဖြစ်တည်မှုဝါဒဟု ခေါ်ကြသည်မှာ ကောင်းလှပြီ သြဟု ဆိုရန်သာ ရှိပါသည်။ တောဘုန်းကြီးကျောင်းမှ ကျောင်းသားကလေးများ ရွတ်သော စာပြောင်ကဲ့သို့ `သည်၊ လည်း၊ ညသတ် ဖင်ကြားညှပ်၊ ပါးစပ်မှာပေါ်တာ အရသာ´ ဟူ၍ သဘောထားရန်သာ ရှိပါတော့သည်။
(ဤအရေးအသားတွင် Existentialism ကို ကျွန်တော်က အတ္တဘ၀အမှန်ဝါဒ ဟူ၍လည်းကောင်း၊ Sartre ကို `ဆာထာ´ ဟူ၍လည်းကောင်း သုံးစွဲပါမည်။ မူရင်း၊ စာကိုညွှန်းသည့်အခါတိုင်း၊ မူရင်းစာလုံးပေါင်းနှင့် အသံထွက်အတိုင်း သုံးစွဲပါမည်)

[နှစ်]

ပထမဆုံးသော ခေါင်းစဉ် - `၂၀ ရာစု ပြင်သစ်စာပေနှင့် ဖြစ်တည်ခြင်းပဓာန၀ါဒ´ ဟူသော ခေါင်းစဉ်အောက်၌ အတ္တဘ၀အမှန်ဝါဒနှင့် နွယ်ငင်လျက်ရှိသော ပြင်သစ်စာပေအကြောင်း တင်ပြထားခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ သို့ရာတွင် စာမျက်နှာ ၄ ၌ `ကမ္ဘာ့စာပေအပေါ် ပြင်သစ်စာပေ၏ အရိပ်ထိုးမှုနှင့် သြဇာသက်ရောက်မှုတို့၏ အရင်းအမြစ်ကိုရှာသော် အတ္တဘ၀အမှန်ဝါဒ (သို့မဟုတ်) ဖြစ်တည်ခြင်းပဓာန၀ါဒ Existentialism ကို တွေ့နေရသည်´ ဟု အဆိုပြုထားသည်ကို ဖတ်ရသည်။

ထိုအဆိုအရသော် ကမ္ဘာ့စာပေအတွင်း၌ ပြင်သစ်တို့၏ စာပေ ရပ်တည်နိုင်သည်၊ နေရာရသည်မှာ အတ္တဘ၀အမှန်ဝါဒကြောင့်ဟူ၍ ဆိုရမည်ကဲ့သို့ ဖြစ်သည်။ သို့ရာတွင် ပြဿနာမှာ ရှာလမိန်း (၇၄၂-၈၁၄) ကစ၍ ပြောင်းလဲလာသော လာတင်ဘာသာကို အခြေခံခဲ့သည့် ပြင်သစ်အရေးအသားများမှ စတင်လေ့လာသော် အတ္တဘ၀အမှန်ဝါဒနှင့် မည်သို့မျှ ဆက်စပ်မှုမရှိကြောင်း တွေ့ရသည်။ ပြင်သစ်စာပေသည် သူ့အစဉ်အလာနှင့်သူ ရှိခဲ့ပါသည်။ အတ္တဘ၀အမှန်ဝါဒ ပေါ်လာကာမှ အရာဝင်၊ လူလားမြောက်လာသည် မဟုတ်ပါ။ ဗောလတဲ၊ ရူးဆိုးတို့ကို ခေတ္တဖယ်ချန်ထားဦး မဒမ်ဒီလာဖရက် ခေတ်အထိပင် ပြန်၍လေ့လာကြည့်သော် ကမ္ဘာ့စာပေမျက်နှာစာတွင် ပြင်သစ်စာပေသည် တန်းဝင်နေခဲ့ပြီကို တွေ့ရပါမည်။ သို့ဖြစ်ရကား `ကမ္ဘာ့စာအပေအပေါ် ပြင်သစ်စာပေ၏ အရိပ်ထိုးမှုနှင့် သြဇာသက်ရောက်မှုတို့၏ အရင်းအမြစ်´ မှာ အတ္တဘ၀အမှန်ဝါဒဖြစ်သည်ဟူသော အဆိုမှာ အလွန်သံသယဖြစ်ဖွယ် ကောင်းပါသည်။

ဖော်ပြခဲ့သော အဆိုပါအချက်ကို အခြားတစ်ဖက်မှ ပြန်လည်စိစစ်ကြည့်နိုင်ပါသေးသည်။ စိစစ်ကြည့်ရန်မှာ `၂၀ ရာစု ပြင်သစ်စာပေနှင့် ဖြစ်တည်ခြင်းပဓာန၀ါဒ´ ကို ရေးသားခဲ့သော ရက်စွဲအရ ဖြစ်ပါသည်။ စာမျက်နှာ ၂၇ တွင် ဖော်ပြထားသော ရက်စွဲအရ စက်တင်ဘာ၊ အောက်တိုဘာ ၁၉၇၄ ဖြစ်ပါသည်။ သို့ဖြစ်ရာ ၂၀ ရာစု ပြင်သစ်စာပေဟု ကန့်သတ်၍ လေ့လာရသော် ၂၀ ရာစုတစ်ခုလုံး၏ ပြင်သစ်စာပေမှာ အတ္တဘ၀အမှန်ဝါဒတွင် `သာ´ အခြေခံခဲ့ပါသလောဟု စဉ်းစားကြည့်ရပါမည်။ ၂၀ ရာစုအစပိုင်း အရေးအသား အတော်များများမှာ ပထမကမ္ဘာစစ်ကြီးနှင့် စပ်ဆိုင်သော ဝေဒနာများပါကြောင်း တွေ့ရပြီး၊ နောက်ပိုင်းတွင် ဒုတိယကမ္ဘာစစ်နှင့်ဆိုင်သော ဝေဒနာများ ပါလာခဲ့သည်မှာ ငြင်း၍မရနိုင်။ ဆာထာ La Nausee မှာ ၁၉၃၈ တွင် ပုံနှိပ်ခဲ့ပြီး Being and Nothingness မှာ ၁၉၄၃ တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ အလားတူပင် ကမူး၏ L’Stranger မှာ ၁၉၄၂ ခုတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ သို့ဖြစ်ရာ ၁၉၄၀ ခု ကာလများမှ အနှစ်သုံးဆယ်ကာလဖြစ်သော ၁၉၇၀ ခုနှစ်များအထိ ပေါ်ပေါက်ခဲ့သော ပြင်သစ်စာအပေ အရေးအသားများသည် အတ္တဘ၀အမှန်ဝါဒကို အလေးပေး၊ အကဲပိုခဲ့သည်ဟု (မယုတ်မလွန်) ဆိုသော် လက်ခံနိုင်စရာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဆက်၍စဉ်းစားရန် ရှိပြန်သည်။ `၂၀ ရာစု ပြင်သစ်စာပေနှင့် ဖြစ်တည်ခြင်းပဓာန´ ကို ရေးသားခဲ့သော ၁၉၇၄ ခုနှစ် ကာလသည် ပြင်သစ်နိုင်ငံ ကျောင်းသား၊ အလုပ်သမားတို့၏ သပိတ်ပွဲကြီး ပြီးခဲ့သည့် နောက်ပိုင်းတွင် ဖြစ်သည်။ ထို`အရေးအခင်း´မှာ ၁၉၆၈ ခုနှစ်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအရေးအခင်း နောက်ပိုင်းတွင် ပြင်သစ် (အထူးသဖြင့်- ပညာတတ်များ၊ အနုသုခုမနှင့် စာပေပညာရှင်များ) တို့၏ အမြင်များ ပြောင်းလဲခဲ့သည်။ အတ္တဘ၀အမှန်ဝါဒ၏ နေရာတွင် `ဘာသာစကားအခြေခံသိမှုအပိုင်း´ ၀င်ရောက်လာသည်။ အတ္တဘ၀အမှန်ဝါဒ အခြေခံအမြင်များ၊ ကင်းပ ပျောက်ဆုံးသွားသည်ဟု မဆိုလို။ ဥပမာ - `တိုနဲ´ Tournier ၏ ၀တ္ထုအရေးအသားများမှာ လူ၏ ၀ိဥာဏဘ၀ဆိုင်ရာ မြှုပ်ကွက်များကို ဖော်လာသည်မှန်သော်လည်း အတ္တဘ၀အမှန်ဝါဒနှင့် မဆိုင်တော့။ အလားတူပင် ကဗျာ၊ `ဟောက´Hocquard ၊ `ရိုယဲဂျနိုး´ Royet-Journoud စသူတို့၏ အရေးအသားများတွင် ဖော်ထုတ်တင်ပြလာသော အမြင်များ ပြောင်းလဲခဲ့သည်။ ထို့ပြင် ၁၉၇၄ ခုနှစ်သည် ၂၀ ရာစုအဆုံးသို့ မရောက်လတ်သေး။ မပြီးဆုံးသေးသော အနေအထားတစ်ရပ်အား တင်ကူး၍ ယတိပြတ်ပြော၍ ရမည်မထင်။ သို့ဖြစ်၍ `၂၀ ရာစု ပြင်သစ်စာပေနှင့် ဖြစ်တည်ခြင်းပဓာန၀ါဒ´ တွင် ဖော်ပြခဲ့သော `အတ္တဘ၀အမှန်ဝါဒသည် ကမ္ဘာ့စာပေအပေါ် ပြင်သစ်စာပေ၏ အရိပ်ထိုးမှုနှင့် သြဇာသက်ရောက်မှုအတွက် အရင်းအမြစ်´ ဆိုသောအချက်မှာ ကာလကို ပိုင်းခြား၍ အဆိုပြုသည်ဖြစ်စေ၊ မပိုင်းခြားဘဲ အဆိုပြုသည်ဖြစ်စေ လုံးဝဥဿုံမှန်သည်ဟုလည်း လက်ခံရန် မလွယ်။

`၂၀ ရာစုပြင်သစ်စာပေနှင့် ဖြစ်တည်ခြင်းပဓာန၀ါဒ´ ၏ နိဂုံးမှ `မြန်မာပြည်မှ ကြည်အေးနှင့် မင်းကျော်´ တို့မှာ အဘယ်ကြောင့် အတ္တဘ၀အမှန်ဝါဒ ဖော်ထုတ်သူများ ဖြစ်သွားရသည် မသိရ။ ၁၉၃၅-၄၅ က ပြင်သစ်နှင့် ဥရောပတွင် ခံစားခဲ့ကြရသော ခေတ်ကြပ်ကြီးကို ကြည်အေးနှင့် မင်းကျော်တို့က၊ ရှောင်ဇေလီဇေပေါ်တွင် စဘောန်မှ လွှင့်ပစ်လိုက်သော ဒိန်ခဲဝါးရင်း ကာဘာနေဆာဗစ်ညောန်တစ်ခွက်ဖြင့် မျှောချကာ မည်သည့်အခါက ခံစားခဲ့ကြရသည် မသိ။ မင်းကျော်နှင့် ကြည်အေးတို့၏ အရေးအသားများတွင် `လူ၏ သိမှုမှ ကင်းပ၍ တည်နေသောအရာ၊ In-itself နှင့် သိနိုင်သော တစ်စုံတစ်ရာအဖြစ် ရပ်နေခြင်း၊ For-itself´ ကို ရေးခဲ့သည်ဟု ကျွန်တော်ဖတ်ဖူးသမျှတွင် မတွေ့ခဲ့ရဖူး။ သို့ဖြစ်၍ ဤအချက်ကို (ကျွန်တော့်အနေဖြင့်) စဉ်းစားကြည့်၍ မရနိုင်သောကြောင့် ထည့်သွင်းမဆွေးနွေးတော့ပါ။

[သုံး]

`ပြင်သစ်စာရေးဆရာ ကမူးနှင့် သူ့စာ´ မှာမူ အယ်လ်ဘတ်ကမူးနှင့် သူ၏ အရေးအသားအကြောင်း ဖြစ်သည်။ အထူးသဖြင့် အပြင်ကလူဟု မြန်မာဘာသာစကားတွင် ခေါ်ဝေါ်သုံးစွဲလေ့ရှိသော The Outsider ကို အလေးပေး ရေးသားထားသည်။ နောက်ပိုင်းတွင် `အယ်လ်ဘတ်ကမူး´ (စာ-၁၂၆၊ ၃၆)၊ `အယ်လ်ဘတ်ကမူး ၂´ (စာ- ၁၃၇-၄၆)´၊ `အပြင်ကလူအတွက် ကမူး၏အမှာ´ (စာ- ၁၄၇-၅၀) ဟူ၍ သီးခြားအမည်များပေးကာ၊ ကမူး၏အရေးအသားများကို တင်ပြခဲ့သည်။ ထိုအရေးအသား၊ ပြန်လည်တင်ပြထားချက်များနှင့် ပတ်သက်၍ (သို့မဟုတ်၊ စပ်လျဉ်း၍) အညွှန်း၊ အကိုး၊ စသည်များ ဖော်ထုတ်တင်ပြထားခြင်းများ မရှိသော်လည်း အတော်များများမှာ ဘာသာခြား စကားတစ်ခုခုမှ ဘာသာပြန်ထားခြင်းများ ဖြစ်ပုံရသည်။ ကမူးဆိုသည်မှာ မည်သူမည်ဝါ၊ သူရေးသော အပြင်လူ ဆိုသည်မှာ မည်သည်မည်သို့ဟု ယေဘုယျအနေဖြင့်သိနိုင်ရန် အားထုတ်ထားသည်မှာ ကျေးဇူးတင်စရာ ဖြစ်သည်။

`ပြင်သစ်စာရေးဆရာ ကမူးနှင့်သူ့စာ´ ၌မူ ဆွေးနွေးလိုသော် ဆွေးနွေးစရာအချက်အချို့ ပါဝင်နေသည်။ အရေးကြီးသော အချက်အချို့ကို ဆိုကာမျှ ဆွေးနွေးပါမည်။ (တစ်) `နှစ်များမကြာမီ ဆတ်ကိုယ်တိုင်ပင် ဒဿနပညာရှင် အသိုင်းအ၀ိုင်းမှ ထွက်ခဲ့သည်။ စာရေးဆရာတစ်ယောက်အဖြစ်သာ ရပ်တည်ခဲ့သည်။ ၀တ္ထုများ ရေးခဲ့သည်´ (စာ- ၂၈-၂၉) ဟူသော အချက်နှင့် (နှစ်) `စာရေးဆရာတစ်ယောက် အနေဖြင့်မူ ကမူးကို ယှဉ်၍မရ´ (စာ- ၂၉) ဟူသော အချက်များ ဖြစ်ပါသည်။ နံပါတ်တစ်တွင်ပါသော `ဒဿနပညာရှင် အသိုင်းအ၀ိုင်းမှ ထွက်ခဲ့သည်´ ဟူသောအချက်မှာ နားလည်ရန် ခက်လှသည်။ အဘယ်ကြောင့်ဆိုသော် ဆာထာသည် သေသည်အထိ ဒဿနပညာရှင်များ အသိုင်းအ၀ိုင်း၊ ဒဿနိကဗေဒ ပညာရပ်နှင့် ပညာရှင်တို့၏ အသိုင်းအ၀ိုင်း၌သာ နေခဲ့သည်။ မည်သည့်အခါကမှ ပညာရပ်ဆိုင်ရာ အဆောက်အအုံများဆီမှ ရှောင်ပြေးပုန်းခဲ့သည် မရှိ။ အလားတူပင် `စာရေးဆရာတစ်ယောက် အဖြစ်သာ ရပ်တည်ခဲ့သည်။ ၀တ္ထုများ ရေးခဲ့သည်´ ဟူသော အချက်မှာလည်း မဖြစ်နိုင်။ အထူးသဖြင့် ထိုစာကြောင်းပါ စကားလုံးများဖြစ်သည့် `အဖြစ်သာ´ ဟူသော အသုံးအနှုန်းမှာ လုံးဝဥဿုံ မဖြစ်နိုင်။ အကြောင်းမှာ ဆာထာသည် လူမှုရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွင် အားတက်သရော ပါဝင်ပတ်သက်ခဲ့သည်။ စာရေးခြင်းမှာ သူ၏ ၀ါသနာတစ်ခုသာဖြစ်ပြီး ၁၉၁၈ ခုကပင် Gotz von Berlichingen အမည်ပေးထားသော ၀တ္ထုရှည်တစ်ပုဒ် စတင်ရေးသားခဲ့ဖူးသည်။ Nausea ၀တ္ထုကို ၁၉၃၁ ခုကပင် စတင်ရေးသားခဲ့ပြီး ၁၉၃၈ ခုတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် ရေးသားသော အရေးအသားများမှာ ၀တ္ထုအရေးအသားများ မဟုတ်တော့ဘဲ ဒဿနပညာရပ်ဆိုင်ရာ အရေးအသားများသာ ဖြစ်သည်။

ဒုတိယအချက်ဖြစ်သော `စာရေးဆရာတစ်ယောက်အနေဖြင့် ကမူးကို ယှဉ်၍မရ´ ဟူသော အချက်တွင်မူ၊ စဉ်းစားရန် ရှိလာသည်မှာ မည်သို့ယှဉ်ပါသနည်းဟူသော အချက် ဖြစ်ပါသည်။ ရှေးဦးစွာ ကမူးမှာ ပြင်သစ်စာရေးဆရာဟု ဆိုသော်လည်း ဆာထာကဲ့သို့ ပြင်သစ်- `ပြင်သစ်´ မဟုတ်ပါ။ ပြင်သစ်တို့က ကိုလိုနီပြုကျင့်ထားသော အလ်ဂျီးယားမှ ပြင်သစ်သာ ဖြစ်ပါသည်။ ကျောထောက်နောက်ခံနှင့် ကြီးပြင်းရာ ပတ်ဝန်းကျင်အ၀န်းအ၀ိုင်း `အလွန်´ ကွာပါသည်။ Parisian မဟုတ်သည်သာမက pied-noir တစ်ဦးလည်း ဖြစ်သည်။ သို့ဖြစ်ရကား ကမူး၏ အမြင်များတွင် လူတန်းစား Class နှင့် လူမျိုး Racial ကွဲပြားမှုမှာ ပေါ်လွှင်ထင်ရှားနေသည်သာမက ပိုမိုပြင်းထန်သည်ဟု ဆိုရမည်။ ဆိုလိုသည်မှာ သူ၏ အမြင်မှာ ပညာရှင် ပညာတတ်တို့၏အမြင်တွင် အခြေခံခြင်းထက် လက်လုပ်လက်စားဘ၀အမြင် (Working class ဟုဆိုလိုသော် ဆိုပါ) တွင် အခြေခံသည်။ ဒဗရောဗ်စကီး Doubrovsky ၏ အလိုအရသော် `ကမူးနှင့် ကမ္ဘာကြီး၏ ဆက်သွယ်နေပုံမှာ ပစ္စည်းမဲ့တစ်ဦး၏ ဆက်သွယ်နေပုံမျိုးသာ ဖြစ်သည်။ သိနိုင်သောအရာများ (အသိခံအရာများ) ကို ရှိနေသည်ဟု လက်ခံထား၍ ဆက်သွယ်နေပုံမျိုးသာ ဖြစ်သည်´။ ဤတွင် ဆိုလိုသည်မှာ ရှိနေခြင်းတစ်စုံတစ်ရာအား ပိုင်ဆိုင်နေသည်ဟု လက်ခံထားခြင်းထက် ရှိနေမှုကို အသိအမှတ်ပြုခြင်း သက်သက်သာဖြစ်သည့်သဘော ဖြစ်သည်။ ထို့ပြင် သူ၏ သိမှုများမှာ သူ့ကိုယ်နှင့်ရင်း၍ သိရသော သိမှုမျိုးသာဖြစ်သည်။ သဘောတရား၊ အတွေးအခေါ်၊ အဆို၊ ဒဿနိကဗေဒစသည်၊ စသည့် အတွေးအခေါ်စနစ်နှင့် ဆင်ခြေပုံစံများကြောင့် မဟုတ်။

ကမူးမှာ Tuberculosis တီဘီရှိသူ ဖြစ်သည်။ ကျန်းမာရေးအရသော် ကောင်းလှသည်ဟု မဆိုနိုင်။ မကျန်းမာသောကိုယ်သည် စိတ်နောက်သို့ မလိုက်နိုင်။ ပုဂ္ဂလိကခံစားမှုသည် ခံစားသူပုဂ္ဂိုလ်က အသိဆုံးဟူသော အမြင် ရှိခဲ့သည်။ မြန်မာစကားနှင့် လွယ်လွယ်ဥပမာပေးရသော် စိတ်သွားတိုင်း ကိုယ်မပါနိုင်။ ကိုယ်ကာယ၊ ကိုယ်ခန္ဓာ၏ ဖြစ်-ရှိနေမှုသည် အရာရာ၏အလျင် တည်သည့်သဘော ဖြစ်လာသည်။ ကမူး သိမှတ်နားလည် လက်ခံပုံမှာ သူ၏ ဖြစ်-ရှိနေမှုကို အခြေခံသည်။ ကိုယ်ခန္ဓာက အရာရာကို ကန့်သတ်ထားသည့် သဘောဖြစ်သည်။ စွမ်းနိုင်လိမ့်မည်ဟု ထင်သည့်အတိုင်း ကိုယ်ခန္ဓာ(ရုပ်)က လိုက်နိုင်သည်မဟုတ်။ သို့ဖြစ်၍လည်း ကမူး၏အမြင်တွင် အဓိကထား တင်ပြခဲ့သော Absurd [*] တွင် ဆန္ဒနှင့် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ထားမှုကို တင်ပြခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကို ပေါ်လွင်စေရန် သူ၏ The Fall မှ စာတစ်ကြောင်းကို ပြပါရစေ။ `တို့ကိုယ်တို့ မသေနိုင်ကြဘူးလို့ လက်ခံထားကြတာ။ ရက်သတ္တပတ် အတော်လေး ကြာလာတာနဲ့ နောက်တစ်နေ့ကူးဖို့ အတော် ကြိုးစားလာရတယ်´ ဟု ဆိုခဲ့သည်။ သီးခြား လူတစ်ဦးချင်းစီတွင် သီးခြားအမြင်၊ သီးခြားဆန္ဒ၊ သီးခြားတန်ဖိုးထားမှုများ၊ သီးခြားယဉ်ကျေးမှု စသည်ဖြင့် မတူညီမှုများရှိသော်လည်း တူညီမှုမှာ တစ်ခုသာ ရှိသည်။ ၎င်းမှာ ကိုယ်ခန္ဓာတစ်ခု ဖြစ်သည်။ ဤအချက်သည် ကမူး၏အတွေးအခေါ်တွင် အရေးကြီးလှသောအချက်ဖြစ်ပြီး၊ သူ၏ အရေးအသားများတွင် အဓိကထား ဖော်ထုတ်တင်ပြခဲ့သည်။

[*] ကမူးဆိုလိုသော Absurd ၏ သဘောကို ရှင်းပြပါရစေ။ ယတိပြတ် အနက်ဖော်ခြင်းထက် ထင်သာမြင်သာအောင် ပုံဆောင်ပြလိုပါတယ်။ Absurd မှာ ထိပ်တိုက်တိုးနေသော အနေအထားမှ ပေါ်ပေါက်လာသော အခြေအနေတစ်ရပ်ဟု ဆိုနိုင်ပါသည်။ ဥပမာ၊ ဓားကိုင်ထားသောလူတစ်ဦးကို သေနတ်ကိုင်ထားသော လူတစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်ခိုင်းသော အနေအထားမှာ Absurd ဖြစ်သော အခြေအနေတစ်ခု ဖြစ်ပါသည်။ ထို့အတူပင် လူသားတစ်ဦး၏ ဖြစ်-ရှိနေခြင်းမှာ ကမ္ဘာကြီး၏ ဖြစ်-ရှိနေခြင်းနှင့် ယှဉ်ကြည့်သော် Absurd ဖြစ်နေသည်ဟု ဆိုရသည်။ အဓိပ္ပာယ်မရှိသည့်သဘော သက်ရောက်နေသဖြင့် အဓိပ္ပာယ်မရှိဟု ကျွန်တော်က သုံးပါသည်။ သာမန်အဓိပ္ပာယ်မရှိသည့် သဘောမျိုးကား မဟုတ်ပါ။ ရင်ဆိုင်ရာမှာ သို့မဟုတ်၊ ထိပ်တိုက်တိုးရာမှာ ပေါ်ပေါက်လာသော အဓိပ္ပာယ်မရှိမှုမျိုးသာ ဖြစ်သည်။

ထိုစာပိုဒ်တွင် ဖော်ပြထားသော `ကမူး၏ စာရေးဟန်သည် ပြင်သစ်တွင် ကျော်ကြားလှသည်´ ဟူသော အချက်ကိုပင် အခြေခံ၍ စဉ်းစားသော် ဆွေးနွေးရန် လိုအပ်နေသည်မှာ မည်သို့သော `ဟန်´ ကို ဆိုလိုသနည်းဟု ဆွေးနွေးစရာ ဖြစ်နေသည်။ အကယ်၍ `ဟန်´ ကွာခြားမှုသည် တိုင်းတာ၍ ရနိုင်သည့် စံတစ်စုံတစ်ရာ ဖြစ်ခဲ့သော် ဆာထာ၏ အရေးအသားမှသာမဟုတ် ပြင်သစ်ဘာသာစကား အခြေခံသော အနောက်တိုင်းစာပေ အ၀န်းအတွင်း ကမူး၏ စာရေးသားဟန် Camusian style of writing ကို ပြဆိုရန် လိုအပ်နေသည်။ သို့သော် ခက်နေသော အနေအထားတစ်ခုမှာ ကမူး၊ ဆာထာကဲ့သို့သော ပုဂ္ဂိုလ်တို့၏ အနေအထားမျိုးတွင် စာချော- မချော၊ အရေးအသား ညက်-မညက်ဆိုသည့် အချက်များထက်၊ အကြောင်းအရာကို ဖော်ထုတ်တင်ပြနိုင်ပုံကသာ ပဓာန ဖြစ်နေသည်။ `ဘယ်လို´ ဟူသော ပြဿနာထက် `ဘာကို´ ဟူသော ပြဿနာက အဓိက ဖြစ်သည်။ `ဘာကို ဘယ်လိုရေးသည်´ ဆိုခြင်းမှာ သီးခြားပြဿနာမဟုတ်။ အကြောင်းမှာ ၎င်းတို့ရေးသော အရေးအသားကို ပုံနှိပ်ထုတ်ဝေရန်အတွက် မျိုးတူပြုစုလိုက်သည်က ပင်လျှင် ပြည့်စုံလုံလောက်သော ဖြေရှင်းချက်တစ်ခု ဖြစ်နှင့်နေခဲ့ပြီ ဖြစ်သည်။ ဥပမာ- ကမူးသည် သတင်းစာဆရာ၊ ဂျာနယ်လစ်တစ်ယောက်အနေဖြင့် စာပေလောကသို့ ၀င်လာသူဖြစ်သည်။ Algerian Reports တွင်ရေးသော အရေးအသားများမှာ သတင်းစာဆရာ၊ ဂျာနယ်လစ်တစ်ဦး အနေနှင့်ရေးသော အရေးအသားမျိုးဖြစ်သည်ကို ငြင်းမရ။ သို့ဖြစ်၍ ဤသို့သောအရေးအသား မျိုးတွင် ဆာထာနှင့်ကမူး မည်သို့မည်ပုံ တူညီကြပါသနည်းဆိုသည်ကို ဆွေးနွေးရန် လိုအပ်နေသည်။ ခြေခြေမြစ်မြစ် မဆွေးနွေးဘဲလျက် မည်သူကသာသည်ဟု လက်လွတ်စပယ် မပြောနိုင်။

အခြားသော ဥပမာတစ်ခုကို ကြည့်စေချင်ပါသေးသည်။ The Outsider ကို ၁၉၄၂ ခုနှစ်တွင် ထုတ်ဝေလိုက်ပြီးနောက် စာပေဝေဖန်ရေးသမားများ အဓိကထားဝေဖန်သော ကမူး၏ ရေးဟန်မှာ အချက်တစ်ခု ဖြစ်သည်။ ၎င်းမှာ ပြင်သစ်ဘာသာတွင် သုံးစွဲသော passé compose နှင့် passé simple အကြောင်းဖြစ်သည်။ (passé simple ကို အင်္ဂလိပ်ဘာသာအားဖြင့် Simple past ဟု ခေါ်နိုင်သည်။ passé compose မှာ Compound past tense ဖြစ်သည်) အများအားဖြင့်သော် passé simple ကို သုံးလေ့ရှိသော်လည်း ကမူးက passé compose ကို အလဲအဖယ်ပြုကာ သုံးစွဲခဲ့သည်။ ဤအချက်နှင့်စပ်လျဉ်း၍ပင် ဆာထာက ဝေဖန်ခဲ့ဖူးသေးသည်။ ဝေဖန်ချက်မှာ passé compose သုံးလိုက်သည့် အတွက်ကြောင့် စာကြောင်းများမှာ သီးခြားသဘော ဆောင်သွားပြီး အကြောင်းအကျိုးသက်ရောက်မှု အခြေခံဆက်သွယ်မှုများ မပေါ်တော့ဟု ဆိုခဲ့သည်။ ကမူး၏ သဒ္ဒါအသုံးတည့်ပုံကို ဝေဖန်ခဲ့သည်။ (ဤတွင် ပြင်သစ်သဒ္ဒါကိစ္စကို ဤမျှသာ ထားပါရစေ။ ဦးတည်ရာသို့ ပြန်သွားပါရစေ) အကယ်၍ `… ကမူးကို ယှဉ်၍မရ´ ဆိုလိုသော် ခိုင်ခိုင်မာမာ ဆိုရန် ဖြစ်ပါသည်။ အကယ်၍နှင့် အကယ်၍သာလျှင် ကမူးနှင့် ဆာထာတို့၏ အရေးအသားများအကြား၌ `ယှဉ်၍မရ´ ဟူသော စကား/စကားလုံးကိုသုံး၍ အပြိုင်ပြုသော် အဓိကလိုအပ်ချက်မှာ ရေရာသေချာသော ရပ်ဝန်းတစ်ခု ရှိရန်လိုပါသည်။ ထိုရပ်ဝန်းအတွင်း ကမူးနှင့်ဆာထာ၏ အရေးအသားများ (များလေလေ ကောင်းလေလေဖြစ်သည်) ကို ချကာ၊ သမိုင်းဖြစ်စဉ် အခြေခံ၍လည်းကောင်း မျိုးတူစုခွဲခြားထားပုံနှင့် ဘာသာစကားတည်ဆောက်ပုံကို အခြေခံ၍လည်းကောင်း ထို့ပြင် ကာလတရားတစ်ခုကို သတ်မှတ်လက်ခံထားပြီး အသုံးပြုနိုင်သော အဆို/သီဝရီ/ အတည်ပြုပြီးသား အယူအဆနှင့် အမြင်တို့ကို အခြေခံ၍သာ အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ပါသည်။ ထိုသို့အဆုံးအဖြတ်ပေးရာတွင် မူရင်းဘာသာစကားအားဖြင့် ရေးသားချက်များကို အခြေခံ၍သာ ဆုံးဖြတ်ကြရပါလိမ့်မည်။ သို့မဟုတ်ပါက `ယှဉ်၍မရ´ ဆိုသော အသုံးအနှုန်းမှာ မျက်နှာလွှဲခဲပစ် သုံးနှုန်းခြင်းထက် မပိုပါ။

စာမျက်နှာ ၅၅ တွင် `ကမူးသည် အပြင်လူဝတ္ထုကို လုံးဝပုဂ္ဂလဓိဋ္ဌာန် Subjectivity ကင်းစေလျက် ဓမ္မဒိဋ္ဌာန် Objectivity ကျကျ ရေးခဲ့၍လည်း နာမည်ကျော်ကြားခဲ့ရသည်´ ဟု ရေးသားထားခဲ့သည်။ ထိုအချက်မှာ မည်သည်ကို မည်သို့စိစစ်လေ့လာကာ ရယူထားသော နိဂုံး၏ အဆိုတစ်ရပ်ဖြစ်ကြောင်း စဉ်းစားကြည့်၍ မရ။ အကြောင်းမှာ (၁) အတ္တဘ၀အမှန် ၀ါဒဆိုင်ရာ ဖော်ထုတ်မှုများသည် ပုဂ္ဂလိကသိမှုအခြေခံတွင် အခြေခံကြသည်သာ ဖြစ်ပြီး (၂) အတ္တဘ၀အမှန်ဝါဒ အသီးသီးသည် ပုဂ္ဂလဓိဋ္ဌာန်ကျသော အတွေးအခေါ်များ Subjective thoughts သာ ဖြစ်သည်ဟု ပညာရှင်များက လက်ခံခဲ့သောကြောင့် ဖြစ်သည်။ ပို၍ဆိုးရွားသော အချက်တစ်ခုမှာ `…ဓမ္မဒိဋ္ဌာန် Objectivity ကျကျရေးခဲ့၍လည်း နာမည်ကျော်ကြားခဲ့ရသည်´ ဟု ရေးသားထားခြင်း ဖြစ်သည်။ အရေးအသားတစ်ခု အောင်မြင်ကျော်ကြားရခြင်းသည် တကယ့်ကမ္ဘာကြီးတွင် မည်သည့်အခါကမှ ပုဂ္ဂလဒိဋ္ဌာန်ကျခြင်းနှင့် ဓမ္မဓိဋ္ဌာန်ကျခြင်းကို အခြေခံ၍ ဆုံးဖြတ်ခဲ့ကြသည် မရှိ။ ထိုအချက်များသည် အရေးအသားတစ်ခု၏ အောင်မြင်မှု/မအောင်မြင်မှုကို အထောက်အကူ မပြုခဲ့သည်ဖြစ်ရာ ထိုအချက်မှာမူ တရားလွတ်အဆိုတစ်ရပ်သာ ဖြစ်မည်ထင်သည်။ (Objective, objectivity စသည့် စကား/စကားလုံးအပေါ် ပုံသေကားချပ်မှတ်ကာ အနက်ယူလွဲပုံမှာ နောက်ပိုင်းတွင်လည်း တွေ့ရသည်)

`ပြင်သစ်စာရေးဆရာ ကမူးနှင့်သူ့စာ´ အပိုင်းမှာ ကမူး၏ဘ၀ဇာတ်ကြောင်း နည်းနည်း၊ ကမူး၏ အရေးအသားနည်းနည်း စသည်တို့ဖြင့် တို့တိတို့တိသာ ဖြစ်သည်။ ပညာရှင်အားလုံး တစ်ညီတစ်ညွတ်တည်း လက်ခံထားကြသော ကမူး၏အမြင်တွင် အရေးအပါဆုံးဖြစ်သည့် အဓိပ္ပာယ်မရှိမှု Absurd ကို လုံးဝ ရှင်းလင်းပြခဲ့ခြင်း မရှိ။ ဤအချက်ကိုထောက်ပြရသည်မှာ အကြောင်းရှိပါသည်။ ကမူး၏ အတွေးအခေါ် အရေးအသားကို တင်ပြဆွေးနွေးရာတွင် သူ၏ အဓိကဖော်ထုတ်တင်ပြလိုသော အချက်တစ်ချက်မှာ `အဓိပ္ပာယ်မရှိမှု´ ဖြစ်ပြီး၊ ထိုအချက်မှ အခြားသော အချက်နှစ်ခုကို အမြဲဆက်သွယ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကမူး၏ အမြင်တွင် အဓိပ္ပာယ်မရှိမှု၊ ဆန့်ကျင်ငြင်းဆိုမှု (Rebellion ကို ဆိုလိုသည်။ ဤနေရာတွင် Rebellion ကို ထောင်ထားခြားနားခြင်းဟု ယူရန်မသင့်ဟု ထင်သည်)၊ နှင့် ဆုံးဖြတ်ချက်ချမှု (Judgment ကို ဆိုလိုသည်) တို့ဖြစ်သည်။ (ကမူး၏ အဓိပ္ပာယ်မရှိမှုကို စိတ်ဝင်စားကြသည် ရှိသော် သူ၏ The Myth of Sisyphus ကို ရှာ၍ နောက်ဆုံးအပိုင်းကို ဖတ်ကြည့်ကြစေချင်ပါသည်)

`ပြင်သစ်စာရေးဆရာ ကမူးနှင့်သူ့စာ´အပိုင်းတွင် ထို့ထက်ပို၍ အခြားဆွေးနွေးရန် မရှိပါ။ လက်ဖက်ရည်ဝိုင်းတွင်၊ အရက်ဝိုင်းတွင် အများနည်းတူ `ကမူးဆိုတာ…. ဘာဘာညာညာ´ ဟု ၀င်၍ပြောဆိုနိုင်ရန်အတွက်မူ ဖတ်ကြည့်သင့်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

◄ မြင့်သန်း ►

[မူရင်းဆောင်းပါးမှာ မပြီးပြတ်သေးသော်လည်း ဆက်လက်ဖော်ပြရန် စာအုပ်များ လက်ဝယ်တွင် မရှိတော့သဖြင့် လောလောဆယ် ဖော်ပြနိုင်ဦးမည် မဟုတ်ပါ]

Comments

  1. သိပ်တော့ သဘောမတွေ့လှဘူးရယ်...။ မြန်မာတွေရဲ့ ဘာသာစကားအသုံးအနှုန်းက အတ္တဆိုရင် တစ်ကိုယ်ကောင်းဆန်တာ... ဘဝဆိုတာ မွေးပြီးတာနဲ့ သေသွားတဲ့အချိန်အပိုင်းအခြား၊ ဒီတော့ လူပိန်းတစ်ယောက်က အတ္တဘဝအမှန်ဝါဒ ဆိုရင် "တစ်ကိုယ်ကောင်းဆန်တာကောင်းသည့်ဝါဒ" လို့တောင် ထင်သွားနိုင်တယ်...။ ပညာရပ်အသိုင်းအဝိုင်းမှာကိစ္စမရှိလှဘူး.. ပြည်သူကိုချပြရင် ရှင်းပြနေရတာနဲ့ပဲရှည်မှာ...

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...