Skip to main content

သိမှုကာရန်လွဲခြင်း (Cognitive Dissonance)

၁၉၅၉ ခုနှစ်၊ ပုံစံကျ လူမှုစိတ်ပညာ စမ်းသပ်မှု တစ်ရပ်က ဘာကြောင့် ဘယ်လို၊ ကျွန်တော်တို့ မိမိကိုယ်ကိုယ် လိမ်ညာလေ့ရှိကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ စမ်းသပ်ချက်အား နားလည်ခြင်းက ကျွန်တော်တို့၏ အတွင်း စေ့ဆော်မှုများ၏ အမှောင်ကမ္ဘာဘက်ခြမ်းအား ပိုမိုနားလည်စေရန် လမ်းစဖော်ပေးလိုက်သလို ရှင်းလင်းစေပါလိမ့်မည်။

Festinger နှင့် Carlsmith တို့၏ မြေလှန် လူမှုစိတ်ပညာ စမ်းသပ်ချက်က ကျွန်တော်တို့ ဘာကြောင့် တွေးထင်သည်၊ မိမိတို့လုပ်ပုံလုပ်နည်းအတိုင်း ပြုမူဆောင်ရွက်ကြသည် ဆိုသော အရာများအကြောင်း ကိုယ့်ကိုယ်ကို ပြန်ပြောသည့် ပုံပြင်များအတွင်းသို့ ထင်လင်းစွာသိမြင်နိုင်ရန် ဖြည့်ဆည်းပေးခဲ့သည်။ စမ်းသပ်ချက်တွင် ကျွမ်းကျင်ပါးနပ်သည့် လှည့်စားမှုများ ပြည့်နှက်နေသည့်အတွက် သင်ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့သည်ဟု ထင်မြင်ကြည့်ခြင်း သည်သာ ၎င်းအား နားလည်ဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် သက်တောင့်သက်သာ ထိုင်၍ အတိတ်သို့ ပြန်လှည့်ကြည့်ပါမည်။ အချိန်ကား ၁၉၅၉ ခုနှစ်ဖြစ်ပြီး သင်သည် Stanford တက္ကသိုလ်မှ ကျောင်းသားတစ်ဦး ဖြစ်ပါသည်။


သင်၏ သင်ရိုးအစိတ်အပိုင်း တစ်ရပ်အနေဖြင့် “အရည်အသွေး တိုင်းတာခြင်း” စမ်းသပ်မှု တစ်ခုတွင် ပါဝင်မည်ဟု သင်က သဘောတူထားသည်။ စမ်းသပ်မှုသည် နှစ်နာရီခန့် ကြာမြင့်လိမ့်မည်ဟု သင့်ကို ပြောထားသည်။ စာသင်နှစ်တစ်နှစ်လျှင် နာရီအနည်းငယ်ခန့် စမ်းသပ်ခံအရာအဖြစ် ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ဤသည်မှာ ထိုအထဲမှ နှစ်နာရီသာ ဖြစ်ပါသည်။ ဤစမ်းသပ်မှုသည် တကယ်တမ်းတွင် ပုံစံကျ လူမှုစိတ်ပညာ စမ်းသပ်ချက်တစ်ရပ် ဖြစ်လာလိမ့်မည်ဟု သင် အနည်းအကျဉ်းသာ သိထားသည်။ စမ်းသပ်လေ့လာသူများ အားလုံးမှာ သေချာစွာ စီမံအကွက်ချထားသည့် လှည့်စားချက်၏ အစိတ်အပိုင်းများသာ ဖြစ်သည်ကို သင့်အမြင်တွင် တိုက်ဆိုင်မှုတစ်ခုဟုသာ ထင်ရပါလိမ့်မည်။ သင်သည် ဘာမျှမသိသည့် အဖြူထည်သက်သက်ဟုသာ ဆိုကြပါစို့။

ခွင်ဆင်ခြင်း

စမ်းသပ်ခန်းအတွင်းသို့ ရောက်လျှင်ရောက်ချင်း ဤစမ်းသပ်မှုမှာ သင်၏ မျှော်လင့်ထားချက်သည် လုပ်ဆောင်စရာတာဝန်၏ တကယ့် အတွေ့အကြုံအပေါ် မည်သို့ သက်ရောက်ကြောင်း လေ့လာရန်ဟု သင့်အား ပြောပြထား၏။ အုပ်စုနှစ်စု ခွဲထားပြီး အခြားအစုတွင် စမ်းသပ်မှုနှင့်ပတ်သက်သည့် မျှော်လင့်ချက်တစ်ခုခု ပေးထားကြောင်း သင့်အား သိသာစေရန်ဖြစ်ပါသည်။ မျှော်လင့်ထားချက်နှင့် ပတ်သက်၍ မသိမသာ (သင်က) စဉ်းစားနိုင်စေရန် အခြားအုပ်စုများရှိ စမ်းသပ်ခံများကို ကျောင်းသားတစ်ယောက်မှ လက်တမ်း ညွှန်ကြားချက်များ ပေးနေသည်။ ဤသည်မှာ ဆောင်ရွက်ရန်တာဝန်အား အားဖြည့်နေခြင်းသာ ဖြစ်ကြောင်း ထင်ရှားပါသည်။ သင်၏ အုပ်စုတွင်သော် သင့်အနေဖြင့် ကြိုတင် မျှော်လင့်ထားချက် တစ်စုံတစ်ရာ မပါဘဲ တာဝန်တစ်ရပ်အား လုပ်ဆောင်ရပေမည်။ [မျှော်လင့်ထားချက်၊ တာဝန်နှင့် တကယ့်အတွေ့အကြုံ ဆိုသည်မှာ ဘောလုံးသမားတစ်ဦးက ပွဲမစခင် သူ ဂိုးသွင်းနိုင်လိမ့်မည်ဟု တွေးထင်ခြင်းမှာ မျှော်လင့်ထားချက်ဖြစ်သည်။ သူ၏ တာဝန်သည် ဘောလုံးကန်ဖို့ဖြစ်ပြီး၊ တကယ့်အတွေ့အကြုံ ဟူသည်မှာ သူ ဘောလုံးကွင်းတွင်း လက်တွေ့ပြသသည့် ခြေစွမ်းကို ဆိုလိုပါသည်။ ဤစမ်းသပ်မှုနှင့် တစ်ဘာသာစီဖြစ်သော်လည်း ရှင်းလင်းစေရန် ဥပမာဆောင်ပြခြင်း ဖြစ်ပါသည်။-ဘာသာပြန်သူ-]

ဤအကြောင်းများအားလုံး ဘာကြောင့်လာပြောပြနေသလဲဟု သင့်အနေဖြင့် စဉ်းစားစရာ ရှိသော်လည်း ဘာပဲဖြစ်ဖြစ် ဤသည်က စမ်းသပ်ချက်၏ နောက်ကွယ်တွင် စီမံထားချက်တစ်ခုခုရှိကြောင်း သင့်အား သိရှိစေခြင်းဖြင့် အနည်းငယ်ပိုမို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလိမ့်မည် ဖြစ်သည်။ သို့နှင့် ပထမဦးဆုံး ဆောင်ရွက်ရန်တာဝန်အား သင်စတင်လုပ်ဆောင်လိုက်ပြီး လျင်မြန်စွာပင် အလွန်အမင်း ပျင်းစရာကောင်းကြောင်း သင် သိလိုက်ရသည်။ သေတ္တာတစ်ခုထဲရှိ ရစ်ဘီးအချို့ကို နာရီဝက်ကြာမျှ လှည့်နေစေရန်သင့်အားစေခိုင်းပြီး အခြားနာရီဝက်တွင် ဘုတ်ပြားတစ်ခုပတ်လည်မှ စို့များကို ရွေ့လျားနေစေသည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဆေးခြောက်အောင် ထိုင်ကြည့်ခိုင်းထားခြင်းကမျှ ပိုမိုနှစ်သက်စရာ ကောင်းသေးသည်။ သင်၏ တာဝန်များ ပြီးစီးသော် ပါဝင်ကူညီခြင်းအတွက် ကျေးဇူးတင်ကြောင်း သင့်အားပြောပြီး အခြားလူအများအပြားမှာ ထိုအလုပ်အပေါ် အတော်လေး စိတ်ဝင်စားကြကြောင်းလည်း ပြောပြ၏။ စင်စစ် အဆိုပါတာဝန်မှာ အတော်ပျင်းစရာ ကောင်းနေခြင်းကြောင့် ဤသို့ ကြားလိုက်ရသည့်အတွက် သင် အနည်းငယ် ရှုပ်ထွေးသွားနိုင်ပါသည်။ သို့ရာတွင် ဘာပဲဖြစ်ဖြစ်ပါလေဟု သင်က သဘောထားလိုက်သည်။

စမ်းသပ်မှုဆိုင်ရာ အကျအပေါက်

ထို့နောက်တွင် စမ်းသပ်မှုသည် သိပ်ကျေနပ်စရာကောင်းသည့် ပုံမပေါ်ဘဲ ချွတ်ချော်မှုတစ်ခု ရှိခဲ့သည်ဟု သင့်အား ရပ်တန့်ရှင်းလင်းပြပါသည်။ သင်၏ အကူအညီလိုအပ်သည်ဟုလည်း သူက ပြောသည်။ တာဝန်အား သင်မဆောင်ရွက်ခင်က အခြေအနေကို သူတို့က ညွှန်းဆိုပြီး သင့်နောက်မှ စမ်းသပ်ခံများအား အခြားအနေတစ်ရပ်တွင် စမ်းသပ်မည်ဖြစ်ပြီး၊ သူတို့အားမစမ်းသပ်မီ မျှော်လင့်ချက်တစ်ခုခုပေးထားမည် ဖြစ်ပေသည်။ အဆိုပါမျှော်လင့်ချက်မှာ လုပ်ရမည့်တာဝန်သည် အမှန်တကယ်ပင် စိတ်ဝင်စားဖွယ် ကောင်းသည် ဟူ၍ ဖြစ်ပါသည်။ ဖြစ်ချင်တော့ ထိုသို့ မျှော်လင့်ချက်ပေးမည့် တာဝန်ကို ယူထားသူက လောလောဆယ်တွင် ရှိမနေခြင်း ဖြစ်ပါသည်။

ဤတွင် သူတို့က သင့်အား အဆိုပါအလုပ်အတွက် ကူညီပေးနိုင်မလားဟု တောင်းပန်သည်။ ထိုမျှမက သင့်အား တစ်ဒေါ်လာ ပေးဖို့လည်း ကမ်းလှမ်းသည်။ ၁၉၅၉ ခုနှစ်က ဖြစ်သည်နှင့် အညီ မိနစ်ပိုင်း အလုပ်ကလေးတစ်ခုအတွက် တစ်ဒေါ်လာသည်လည်း ထူးမခြားနားဟု ပြောဆိုနိုင်လိမ့်မည် မဟုတ်ပါ။ ထို့ပြင် သူတို့က သင့်အား နောင်တွင်လည်း အသုံးပြုဦးမည်ဖြစ်ကြောင်း ပြောသေးသည်။ ပါဝင်ကူညီရန် သဘောတူလိုက်ခြင်းသည် ငွေလွယ်လွယ်ဝင်နိုင်မည့် နည်းလမ်းပင် ဖြစ်နေတော့သည်။ သင်ရိုး၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ဖြည့်ဆည်းပေးရုံဖြင့် စတင်ခဲ့ရာမှ အဆင်သင့်သုံးစွဲနိုင်မည့် ငွေစကြေးစအနည်းငယ် ရရှိရန် လမ်းစဖော်ပေးသလို ဖြစ်နေသဖြင့် အခွင့်အလမ်းကြီး တစ်ရပ်ပင် ဖြစ်ပါသည်။

သင်ပြုလုပ်ပြီးခဲ့သည့် တာဝန်နှင့် ထပ်တူအတိုင်း မကြာခင် ပြုလုပ်တော့မည့် နောက်စမ်းသပ်ခံတစ်ဦးနှင့် သင့်အား အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။ ညွှန်ကြားထားသည့်အတိုင်းပင် သင်က အဆိုပါတာဝန်အား လုပ်ဆောင်တော့မည့် အမျိုးသမီးအား အမှန်တကယ် စိတ်ဝင်ဝင်စားဖွယ် ကောင်းကြောင်း ညွှန်းသည်။ သူမက ပြုံးလိုက်ပြီး၊ ကျေးဇူးတင်ကြောင်းပြောကာ စမ်းသပ်ခန်းအတွင်းသို့ ၀င်ရောက်ပျောက်ကွယ် သွားလေသည်။ သူမအား မျှော်လင့်ချက်ကြီးကြီး ပေးလိုက်မိသည့်အတွက် ရုတ်တရက် နောင်တရမိသလို သင်ခံစားလိုက်ရသည်။ ထို့နောက်တွင် စစ်ဆေးသူ ပြန်လည်ရောက်ရှိလာကာ သင့်အား ကျေးဇူးတင်ကြောင်း ထပ်ပြောပြီး အခြားသူ အများအပြားသည် ဤစမ်းသပ်မှုကို နှစ်ခြိုက်ကြပြီး အလွန်စိတ်ဝင်စားကြကြောင်း သင့်အား ဆိုပြန်သည်။ ပြီးနောက် သင့်အား အခြားအခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားကာ သင်ပြုလုပ်ခဲ့သည့် စမ်းသပ်မှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းပါသည်။ ထိုထဲမှ မေးခွန်းတစ်ခုဖြစ်သည့် သင်လုပ်ဆောင်ခဲ့သည့် တာဝန်သည် မည်မျှစိတ်ဝင်စရာ ကောင်းသနည်း ဟူသည်နှင့်ပတ်သက်၍ သင် ဖြေဆိုရပေတော့မည်။ ဤသည်က သင့်အား ခေတ္တမျှ ငြိမ်သက် စဉ်းစားနေစေပါလိမ့်မည်။

ယခုသော် သင်လုပ်ခဲ့ရသည့် တာဝန်မှာ ယခင်က သင်ထင်ခဲ့သလို ပျင်းရိငြီးငွေ့ဖွယ်ရာ ဟုတ်မနေတော့ပေ။ ရစ်ဘီးများ၊ စို့များ၏ ထပ်ပြန်တလဲ လှုပ်ရှားမှုများသော်မှ စည်းချက်ညီသည့် အလှတရားတစ်မျိုး တည်ရှိနေကြောင်း သင်မြင်လာခဲ့ပြီ ဖြစ်ပါသည်။ တကယ်တမ်းတွင် ဤအရာအားလုံးမှာ သိပ္ပံပညာ၏ နာမည်အောက်တွင် ရှိနေသည်။ ဤသည်မှာ အချိန်ကုန်ထိုက်သည့် အားထုတ်မှုတစ်ရပ်သာဖြစ်ပြီး ဤစမ်းသပ်မှုမှ စိတ်ဝင်စားဖွယ် ရလဒ်များ ထွက်ပေါ်လာလိမ့်မည်ဟု သင် မျှော်လင့်ထားသည်။

လုပ်ဆောင်ခဲ့ရသည့် တာဝန်မှာ ပျော်စရာအလွန်ကောင်းလှသည်ဟု မဆိုနိုင်သေးသော်လည်း သိပ်အဆိုးစားကြီးလည်း ဟုတ်မနေတော့ပေ။ ရောင်ပြန်ဟပ်မှုအားဖြင့်၊ ဤသည်မှာ အစက သင်ထင်ခဲ့သလောက် မဆိုးကြောင်း သင်စဉ်းစားမိပါပြီ။ အတန်အသင့် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု သင်က အဆင့်သတ်မှတ်ပေးလိုက်သည်။

စမ်းသပ်မှု ပြီးစီးသောအခါ စမ်းသပ်ခံပင်ဖြစ်သော သူငယ်ချင်းတစ်ယောက်ထံသို့ သင်က သွားရောက် စကားပြောဆိုသည်။ အရေးကြီးသည့် ကွဲပြားချက်တစ်ရပ်မှအပ ကျန်သောအရာများတွင် သင်၏ စမ်းသပ်ခံ အတွေ့အကြုံနှင့် သူမ၏ အတွေ့အကြုံသည် ထပ်တူထပ်မျှ တူညီသည်။ အခြားကျောင်းသား တစ်ယောက်အား (စမ်းသပ်မှုသည် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု) တိုက်တွန်းပေးရန် ကမ်းလှမ်းသည့်ကြေးတွင် ကွဲပြားနေခြင်းသာ ဖြစ်ပါသည်။ တစ်ဒေါ်လာအစား သူမအား ဒေါ်လာ ၂၀ ကမ်းလှမ်းခဲ့သည်။ ဤသည်မှာ ယခုလုပ်ဆောင်နေသော စမ်းသပ်မှုတစ်ခုလုံးတွင် လှည့်ကွက်တစ်ခု သင့်အတွက် စတင်ပေါ်ပေါက်လာခြင်းပင် ဖြစ်ပါသည်။

သင်က သူမအား ရစ်ဘီးများ၊ စို့များနှင့် လုပ်ဆောင်ရသည့် တာဝန်နှင့်ပတ်သက်၍ မေးမြန်းသည်။
“အိုး..၊ အရမ်းးးးးးး ပျင်းစရာကောင်းတာပဲ၊ ပေးလို့ရသမျှ အနည်းဆုံး အဆင့်ကို ပေးခဲ့တယ်” ဟု သူမက တုန့်ပြန်သည်။
“မဟုတ်ပါဘူး၊ ဒီလောက်လည်း မဆိုးလှပါဘူး။ တကယ်တမ်းစဉ်းစားကြည့်လို့ရှိရင် ဒါဟာ အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်” သင်က သူမကို ကန့်ကွက်သည်။
သူမက မယုံနိုင်စွာဖြင့် သင့်ကို ကြည့်နေသည်။
ဘာတွေဖြစ်ကုန်ပြီလဲ။

သိမှု ကာရန်လွဲခြင်း

သင်ကြုံတွေ့ခဲ့ရသည့်အရာမှာ သိမှုကာရန်လွဲချော်ခြင်း၏ အစွမ်းပင် ဖြစ်ပါသည်။ သိမှုကာရန်လွဲချော်ခြင်းအား လေ့လာနေသော လူမှုစိတ်ပညာရှင်များသည် အချင်းချင်း ဆန့်ကျင်နေသော အတွေးနှစ်ခုနှင့်ပတ်သက်၍ ကျွန်တော်တို့ မည်သို့ ပြုမူဆောင်ရွက်သနည်း၊ ၀ိရောဓိအား မည်သို့တုန့်ပြန်သနည်းဟူသည်ကို စိတ်ဝင်စားခဲ့ကြသည်။

ဤဖြစ်ရပ်တွင် စစချင်း သင်သည် လုပ်ရမည့်တာဝန်မှာ ပျင်းရိဖွယ်ဟုသာ ထင်ခဲ့ပြီးနောက်တွင် အခြားတစ်ယောက်အား စိတ်ဝင်စားဖွယ်ကောင်းကြောင်း ပြောဆိုရန် ငွေကြေးပေးအပ်ခြင်း ခံရသည်။ သို့ရာတွင် သင်က အခြားသူများအား လိမ်ညာလှည့်စားနေကျ လူစားမျိုးလည်း မဟုတ်ပေ။ ဤတွင် သင့်အနေဖြင့် သင့်ကိုယ်ကိုယ်ကို မြင်သော ရိုးသားသူတစ်ဦးအဖြစ်နှင့် အခြား စမ်းသပ်ခံများအား လိမ်ညာသူဟူသည့် အမြင်နှစ်ရပ်ကြားတွင် မည်သို့ ဖြေရှင်းမည်လဲ။ သင့်အား ပေးထားသည့် ငွေကြေးပမာဏမှာ သင်၏ သိစိတ်အား ချေမှုန်းပစ်နိုင်ရန်အတွက် နည်းပါးလွန်းလှသည်။ ဤသည်မှာ ကောင်းလည်းကောင်းတယ်၊ ကောင်းလည်း မကောင်းဘူးဟူသည့် သဘောမျိုးသာ ဖြစ်ပါသည်။

ဤအကြပ်အတည်းအတွက် သင့်စိတ်၏ ဖြေရှင်းပုံမှာ စမ်းသပ်မှုသည် နောက်ဆုံးတွင် အမှန်စင်စစ် စိတ်ဝင်စားစရာကောင်းသည်ဟု ဆုံးဖြတ်ချက်ချလိုက်ခြင်းပင် ဖြစ်ပါသည်။ စမ်းသပ်သူက အခြားသူများသည်လည်း စိတ်ဝင်စရာကောင်းသည်ဟု ထင်ကြကြောင်း သင့်အားပြောပြခြင်းဖြင့် အဆိုပါကောက်ချက်အား အားဖြည့်ကူညီပေးသည်။

သင့်သူငယ်ချင်း မိန်းကလေးအတွက်မူ ထိုသို့ စိတ်တွင်းယန္တယားမျိုး မလိုအပ်ပေ။ သူမက ခပ်ရှင်းရှင်းပင် “ငါ့ကို ဒေါ်လာ ၂၀ ပေးပြီး လိမ်ခိုင်းတယ်” ဟု ထင်သည်။ “ဒေါ်လာ ၂၀ ဟာ ငါ့လို ကျောင်းသူတစ်ယောက်အတွက် မပြောပလောက်ဘူး၊ ငါ့အနေနဲ့ ဒါမျိုး မလိမ်နိုင်ဘူး။ လုပ်ရသည့်တာဝန်သည် ပျင်းစရာကောင်းပြီး၊ စမ်းသပ်သူက ဘာပြောပြော ပျင်းစရာကောင်းတုန်းပင် ဖြစ်သည်” ဟု သူမက စဉ်းစားသည်။

လှပသော သီအိုရီတစ်ခု

ဤစမ်းသပ်မှုမှစ၍ သိမှုကာရန်လွဲခြင်းအပေါ် များစွာသော လေ့လာမှုများ ပြုလုပ်ခဲ့ကြပြီး သက်ရောက်မှုအား အခြေအမြစ်ရှိရှိ တည်ဆောက်ပြီးခဲ့ပြီ ဖြစ်သည်။ ၎င်း၏ လှပမှုသည် ကျွန်တော်တို့၏ နေ့စဉ်ဘ၀ အပြုအမူ၊ အများအပြားအား ဖြေရှင်းပေးနိုင်ခြင်းပင် ဖြစ်ပါသည်။ အောက်တွင် Morton Hunt ၏ ဂန္ဓ၀င်ဖြစ်သော “စိတ်ပညာ ဇာတ်လမ်းများ” (The Story of Psychology) မှ ထုတ်နုတ်ဖော်ပြထားပါသည်။

■ အသင်းအုပ်စုတစ်ခုအတွင်းသို့ ၀င်ရာတွင် ၀င်ခွင့်အတွက် အတားအဆီးများသည် ခက်ခဲလေလေ သင်၏ အသင်းဝင်အဖြစ်ကို သင်က တန်ဖိုးထားလေလေ ဖြစ်သည်။ သင့်အား မီးကွင်းခုန်ခိုင်းခြင်း (အခက်အခဲများ ကျော်ဖြတ်ခိုင်းခြင်း) နှင့်၊ အခြားတစ်ဘက်တွင် သာမန်အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်နေသော အရှိတရားဟူသည့် ကာရန်လွဲခြင်းအား ဖြေရှင်းရန် “ဤအဖွဲ့သည် ထူးခြားလှသည်” ဟူ၍ မိမိကိုယ်ကို ယုံကြည်စေလေ့ရှိသည်။

■  လူတို့သည် တူညီသည့် သတင်းအချက်အလက်များကို မိမိတို့၏ လောကအမြင်အား ပံ့ပိုးနိုင်ရန် အခြေခံကျကျ ကွဲပြားသော ပုံသဏ္ဌာန်များဖြင့် ဘာသာပြန်လေ့ရှိသည်။ အငြင်းပွားဖွယ် အမှတ်တစ်ခုတွင် မိမိ၏ အမြင်အား ဆုံးဖြတ်ရာတွင် ကျွန်တော်တို့သည် ကိုယ်ပိုင် သီအိုရီနှင့် အံမ၀င်မှုများအား သက်တောင့်သက်သာ မေ့ဖျောက်ထား၍ ခွင်ကျသည့် အရာအားလုံးကို သတိရကြသည်။

■ လူတို့သည် မလျော်မှန်း သိသာနေသည့် အခြေအနေတွင်သော်မှ ၎င်းတို့၏ တန်ဖိုးထားမှုစံများအား ၎င်းတို့၏ အပြုအမူများနှင့် လျင်မြန်စွာ ညှိယူတတ်ကြသည်။ အလုပ်ရှင်ထံမှ “ခိုးယူ” [ခိုးခြင်းသာ ဖြစ်ကြောင်းထင်ရှားစေရန်-ဘာသာပြန်သူ-] သူတစ်ဦးက “လူတိုင်းလုပ်နေကြတာပဲ” ဟုဆို၍ သူက မလုပ်ခဲ့လျှင် သူသာ ဆုံးရှုံးရလိမ့်မည်၊ သို့မဟုတ် အခြားတစ်နည်းဖြင့် “ကျွန်တော့်ကို လစာလျှော့ပေးထားတာ၊ ဒီလောက်လေးတော့ ကျွန်တော့်ဘက်က အပိုရသင့်ပါတယ်” ဟုဆိုပါလိမ့်မည်။

ဤသို့ကိစ္စများနှင့် ပတ်သက်၍ စတင်စဉ်းစားမိပြီဆိုသည်နှင့် သိမှုကာရန်လွဲခြင်းအပေါ် လူတို့၏ “ယေဘုယျပြုခြင်း” နည်းလမ်းအားဖြင့် ဖြေရှင်းခြင်း၏ အခြေအနေများစာရင်းသည် အမြဲတမ်း ရှည်လျား၍သာ လာပါလိမ့်မည်။ အကယ်၍ သင်သည် မိမိကိုယ်ကို ရိုးသားသောလူတစ်ဦး ဖြစ်ပါလျှင် သင်ကိုယ်တိုင် ဤသို့ပြုလုပ်မိခဲ့သော အခြေအနေမျိုး အမြောက်များကို စဉ်းစားမိလိမ့်မည်မှာ သေချာပါသည်။ ဤသည်ကို သတိထားစောင့်ကြည့်ခြင်းအားဖြင့် သိမှုကာရန်လွဲခြင်း၏ အန္တရာယ်အကြီးဆုံး အကျိုးဆက်များတွင် သက်ဆင်းရခြင်းမှ ရှောင်ရှားရန် ကူညီပေးနိုင်ပါလိမ့်မည်။ မိမိကိုယ်တိုင်၏ မုသားအား ယုံကြည်နေခြင်းသည် သိမှုကာရန်လွဲခြင်းပင် ဖြစ်ပါသည်။

◄ တေဇာ ►

Comments

  1. I really like the translation especially the title. It reminds me (မိုးခါးရေ).

    ReplyDelete
  2. You really have such a great memory (particularly for my writings :P), and I certainly could guess what you've regarded, feeling surprise. Thank for your kind compliment.
    I usually have to consider proper MM words using English-English Dictionary. I'm afraid, it might cause misunderstanding for readers sometime since I expressed MM words at will.

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...