Skip to main content

ပုပ်သိုးဆွေးမြေ့ ရောင်စုံဓာတ်ပုံများ

ဤကိစ္စတွင် သူတို့ မမှားခဲ့ကြပါ။
ကမ္ဘာတွင် လူသားခြောက်ဦးလျှင် တစ်ယောက်နှုန်း အာဟာရချို့တဲ့မှု ဝေဒနာ ခံစားနေရကာ ငတ်မွတ် ဆာလောင်လျက်ရှိသည် ဟူသော ခိုင်မာတိကျသည့် ကိန်းဂဏန်း အချက်အလက် တစ်ရပ်ရှိစေကာမူ လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် စားချင်စဖွယ် ဟင်းလျာများ ချက်ပြုတ်ကြော်လှော်၍ လှပစွာပြင်ဆင်ပြီး ဓာတ်ပုံရိုက်ကာ ၀င့်ဝါစွာ ဖော်ပြနေကြခြင်းနှင့် လူတရုန်းရုန်းဖြင့် ဟေးလားဝါးလား လုပ်နေခြင်းများသည် ကိုယ်ချင်းစာတရား ခေါင်းပါးသည့် ပြယုဂ်၊ သို့မဟုတ် မသိသားဆိုးရွားသည့် အပြုအမူတစ်ရပ်ဟု မှတ်ချက်တစ်စုံတစ်ရာ ပြုခဲ့ပါလျှင် ကြီးစွာသောအမှားကို ကျူးလွန်မိရာရောက်မည်ဟု ကျွန်တော် သတိပြုမိသဖြင့် မည်သို့မျှ မဆိုဖြစ်ခဲ့ပါ။ သို့သော် ကသိကအောက်နိုင်လှသည့် ကိစ္စတစ်ခုမှာ ၎င်းတို့သည် ကျွန်တော် ပင်ပန်းကြီးစွာ မေ့လျော့ထားခဲ့ရသည့် အစာအိမ်နံရံချင်း ပွတ်တိုက်နေသော ခံစားမှုကို ခပ်ကြမ်းကြမ်း လှုပ်နိုးလိုက်သလို ကြိမ်ဖန်များစွာ ဖြစ်ပေါ်စေခြင်းပင် ဖြစ်ပါသည်။ အမှုန်ဖမ်းယူနိုင်စွမ်း အားကောင်းသည့် ကင်မရာမှ ရိုက်ယူထားသော ရောင်စုံဓာတ်ပုံများသည် ဖန်သားပြင်ပေါ်မှတစ်ဆင့် စက္ခုအာရုံကို ဖြတ်ကာ ကျွန်တော်၏ ပင်ပန်းကြီးသော အားထုတ်မှုတစ်ရပ်ကို အလွယ်တကူ အနိုင်ယူချေမှုန်းလိုက်ခြင်းသည် ကျွန်တော့်ရှုထောင့်မှဆိုသော် အလွန်ခံပြင်းစရာ ကိစ္စဖြစ်ပါသည်။ ထို့ပြင် ပြင်ပဘ၀တွင် သက်ဆိုင်ရာ အစာအိမ်များအသီးသီးသို့ ခိုအောင်းကာ ပုပ်သိုးပျက်စီးပြီး ဖြစ်လိမ့်မည်ဖြစ်သည့် အဆိုပါဟင်းလျာများမှာ ကွန်ယက်ပေါ်တွင် ကာလအတန်ကြာသည်အထိ ခြေရာလက်ရာမယွင်းဘဲ တင်ကျန်နေကာ အကြောင်းမလှသူအချို့အား နာတာရှည်ဝေဒနာ ပေးနေခြင်းသည် တရားမျှတမှုမရှိဘဲ တနည်းတဖုံ ရယ်စရာလည်းကောင်းသည်ဟု ဆိုသော် အလွန်အကျွံပြောရာမရောက်ဟု မျှော်လင့်ပါသည်။ မည်သို့ပင်ဖြစ်စေ လူအများနှင့် လိုက်လျောညီထွေ နေထိုင်တတ် (ရန်ကြိုးစားနေ) သူ တစ်ယောက်အနေဖြင့် ဤကိစ္စအား မှတ်ချက် တစ်စုံတစ်ရာ ပြုခြင်းအားဖြင့် အမှားကြီးကြီးတစ်ခုကို မကျူးလွန်မိစေရန် ကျွန်တော်မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့ပါသည်။

ဝမ်းနည်းစရာကောင်းသည့် အဖြစ်မှာ ယခုကဲ့သို့ ကျွန်တော်က တိတ်တခိုး သဘောထားကြီးမားနေမှုကို မည်သူတစ်ဦးတစ်ယောက်ကမျှ ယောင်၍ပင် အသိအမှတ်ပြု လေးစားလိမ့်မည်မဟုတ်ဟု စဉ်းစားမိသောအခါ နာကျည်းစရာကောင်းသည့် လွဲချော်မှုတစ်ခုကို သတိပြုမိခဲ့ရခြင်း ဖြစ်သည်။ လူကြီးလူကောင်းဆန်သော အပြုအမူများအား လူမြင်ကွင်းတွင်သာ ပြသကြသကဲ့သို့ လူအများ မသိလိုက်သော သဘောထားကြီးမှုတစ်ရပ်သည် မည်သည့်တန်ဖိုးများ ရှိနေပါမည်လဲ။ အစာအိမ်နံရံတို့ ပွတ်တိုက်နေသော ခံစားမှုကို အနည်းငယ်မျှ ပိုမိုချောမွေ့သက်သာစေရန် ရေတစ်ခွက်ဖြင့် လောင်းချလိုက်ပြီးနောက် ကျွန်တော် အတတ်နိုင်ဆုံး ခေါင်းအေးအေးဖြင့် တွေးခေါ်လာနိုင်ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက် အုပ်ချုပ်သူ အရာရှိများအား အလွဲသုံးမှု (Abuse) ၊ သို့မဟုတ် လူသားချင်းမစာနာမှု (Humiliation) စသည့်ခေါင်းစဉ်များ တပ်၍ တိုင်ကြားနိုင်မည်လားဟု မဖြစ်နိုင်သော မေးခွန်းတစ်ခုအား ထုတ်ကြည့်လိုက်သည်။ ကျွန်တော့်အနေဖြင့်လည်း တင်ချင်သည့်အရာ တင်နိုင်ခွင့်ကို ရယူထားသဖြင့် အခြားသူများ၏ အဆိုပါအခွင့်အရေးကိုလည်း လေးစားရမည်မှာ အခြေခံလူမှုရေးသာ ဖြစ်ကြောင်း ကျွန်တော်ကောင်းစွာသိရှိထားသည့်တိုင်အောင် ကျွန်တော့်တွင် ကသိကအောက်နိုင်မှု တချို့တလေ ရှိနေကြောင်း တစ်ဖက်သားအား စိတ်မကွက်စေဘဲ ယဉ်ကျေးဖွယ်ရာသော နည်းလမ်းအားဖြင့် မည်သို့အသိပေးနိုင်ပါသလဲ၊ စသည့် ပြဿနာ၏ ဇစ်မြစ်မဟုတ်သော ကိစ္စများကို ခဏမျှဘေးဖယ်၍ အကျိုးဖြစ်စေသော အကြောင်းကို အရင်ရှာဖွေကြည့်လိုက်မိပါသည်။

လူမှုကွန်ယက် အာဏာပိုင်များ၏ အန္တိမ ရည်မှန်းချက်ကြီးဖြစ်သော သုံးစွဲသူ သန်းတစ်ထောင်ပြည့်မီရေး မူဝါဒအရ ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတစ်ပုံသော အဆိုပါ ဖြစ်တန်ရာ (Potential) သုံးစွဲသူများတွင် အခြား ခြောက်ပုံတစ်ပုံပင်ဖြစ်သော အာဟာရချို့တဲ့နေသူဦးရေ မည်မျှ ပြန်လည်ပါဝင်နေပါသနည်းဟူသော မေးခွန်းကို ဖြေဆိုနိုင်ပါလျှင် ကျွန်တော့်ကဲ့သို့ လူမှုကွန်ယက်ဆိုင်ရာ ကသိကအောက်ဝေဒနာ ခံစားနေရသော လူများအရေအတွက်ကို မှန်းဆနိုင်ကောင်းသည်။ ဆင်းရဲသားရပ်ကွက်တစ်ခု၏ လမ်းကြိုလမ်းကြားများတွင် စားသောက်စရာတစ်ခုခုကို လိုက်လံရှာဖွေနေသင့်ပါလျှက်၊ ထိုသို့မဟုတ်ဘဲ အငတ်ခံ၍ ရှည်လျားသော စကားဝှက်တစ်ခုကို ရိုက်နှိပ်ကာ ကွန်ယက်ထဲ တကူးတက ၀င်ရောက်လာခဲ့ပြီး အခြားသူတို့၏ အခွင့်အရေးကို ထိပါးရန်ကြိုးစားနေမှုသည် မဆီလျော်မှန်း ကောင်းစွာသိရှိသည့်အလျောက် သဘောထားကြီးစွာ လျစ်လျူရှု နားလည်ပေးခဲ့ကြောင်း ကာယကံရှင်များ နားလည်စေရန် မဖြစ်နိုင်သည့် ကိစ္စအတွက် ကြေကွဲနေရသူများ လုံးဝမရှိဟု မဆိုနိုင်စေကာမူ ရှားပါးစွာ တွေ့ရတတ်သည့် ခံစားချက်တစ်မျိုးသာ ဖြစ်မည်ဟု ကျွန်တော် ထင်ပါသည်။ လက်တွေ့ဘ၀တွင် အိမ်အလည်မှား၍ ရောယောင် ဘုရားဝတ်ပြုလိုက်ရသလို စိတ်မသက်သာစရာ ကိစ္စမျိုးဖြစ်၍ အိမ်လည်မထွက်ဘဲ မနေနိုင်သူတစ်ယောက်အနေဖြင့် မလွှဲမရှောင်သာ ကိစ္စမျိုးသာဖြစ်ကြောင်း နားလည်ရပါသည်။ လူမှုအဖွဲ့အစည်းမှ ဘေးချော်ထွက်မသွားစေရန်၊ ထိုနည်းတူ မိမိ၏ တစ်သီးပုဂ္ဂလ အရည်အသွေး (Personality) ကိုလည်း စွန်းထင်းမခံရရန် နည်းလမ်းတစ်ခုအား ကျွန်တော်တွေ့ရှိခဲ့သည်ဆိုသော် ယခု ကျွန်တော်သည်လည်း ကျွန်တော်၏ အခြေခံအခွင့်အရေးကို ရယူနေခြင်းမျှသာဖြစ်ကြောင်း အခြားလူများ နားလည်လိမ့်မည်ဟု ကျွန်တော်က မျှော်လင့်နေမိခြင်းသည် မှန်ကန်ခဲ့ပါလျှင် ၎င်းတို့သည်လည်း ကျွန်တော့်အား မှတ်ချက်တစ်စုံတစ်ရာ ချမှတ်ခြင်းအားဖြင့် ငြင်းဆန်ကန့်ကွက်လိမ့်မည် မဟုတ်ဟု ယူဆမိပါသည်။ ဤကိစ္စတွင် သူတို့ မမှားခဲ့ကြပါ။ ထို့အတူ ကျွန်တော်လည်း အမှားကြီးကြီးတစ်ခုကို မကျူးလွန်ခဲ့သည့်အတွက် ကျွန်တော့်ဘာသာကျွန်တော် မှန်ကန်နေဆဲ ရှိပါသည်။ ပုပ်သိုးဆွေးမြေ့နေသော ရောင်စုံဓာတ်ပုံများနှင့် ပတ်သက်၍ လူမှုကွန်ယက်ဆိုင်ရာ ကသိကအောက်ဝေဒနာ ခံစားနေရသူအချို့ အကယ်၍များ ရှိခဲ့သော်…။

◄ တေဇာ ►

Comments

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others