Skip to main content

ဓါးသေနတ်နှင့် ဒဿန

ဒဿနသမား ဆိုတော့လည်း ဓားတွေ သေနတ်တွေတော့ ဘယ်ရှိပါ့မလဲလို့ စိတ်နာနာနဲ့ တွေးပစ်လိုက်တယ်။ ဟုတ်တယ်၊ အတွေးဆိုတာ အစရှိဖို့ပဲ လိုတာမဟုတ်လား။ ကျန်တာ သူ့ဟာသူ ဆက်ဖြစ်သွားလိမ့်မယ်။ ဇီဝရုပ်တွေလိုပဲပေါ့။ အခုပဲ ကြည့်လေ။ ဒဿနသမားလို့ ဆိုလိုက်မိမှ ကိုယ့်ကိုယ်ကိုယ် ဒဿနသမားလို့ သုံးနှုန်းနိုင် ပါ့မလားဆိုတဲ့ ပြဿနာက ၀င်လာတယ်။ ဒဿနသမားဆိုတာ ဘယ်လိုသတ္တ၀ါမျိုးလဲလို့ ဆက်တွေးရတော့တယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မသိဘူး။ လမ်းပေါ်မှာ လှတပတကောင်မလေးတစ်ယောက် တွေ့လို့ ချစ်လိုက်မိတဲ့သူလည်း အချစ်နဲ့ပတ်သက်လို့ စာအုပ်တွေထဲ ဘယ်လိုသတ်မှတ်ချက်ရှိမယ်ဆိုတာ သိမှာမဟုတ်ဘူး။ အနည်းဆုံး ပရိုတာဂိုးရပ်စ်ကတော့ “ချသာချငါ့ကောင်။ မင်းပြောတာမှန်တယ်။ မင်းမှားတယ်လို့ ငါ့စိတ်ထဲထင်နေတာလည်း အမှန်ပဲ” လို့ မြှောက်ထိုးပင့်ကော်လုပ်မှာ သေချာတယ်။ ဒီတော့လည်း ဒဿနသမားဆိုတာ ဖှလော်ဆော်ဖှာကိုးဆိုတဲ့ အတွေးနဲ့ပဲ ကျေနပ်လိုက်တော့တယ်။ ဟိုယောင်ယောင်ဒီယောင်ယောင်၊ တောင်တွေးမြောက်တွေး၊ လက်ကြောမတင်း၊ ဂေါက်ကြောင်၊ ဒီလို သမားရိုးကျ ရုပ်ပုံ (Connotation) တွေကိုတော့ ကိုယ်လည်း သိပြီးသားပဲပေါ့။


ဒါပေမဲ့ ၀ါကျက မဆုံးသေးဘူး။ ဓါးသေနတ်တွေကိစ္စ ဆက်ရဦးမယ်။ ဒဿနသမားများမှာ ဓါးသေနတ်တွေ ဘာလို့ မရှိရတာလဲ။ စာရေးဆရာတစ်ဦးသာဆိုရင်တော့ “ဒဿနသမားတို့၏ လက်နက်မှာ ဓါး၊ သေနတ်များထက် အဆပေါင်းမြောက်မြားစွာ အစွမ်းထက်သည့် အတွေးအခေါ်ဟူသော လက်နက်ပင် ဖြစ်ပေသည်” လို့ ခန့်ခန့်ကြီး ရေးနိုင်ပေလိမ့်မယ်။ ဒါမှမဟုတ်လည်း ကားမာ့က်စ်တို့၊ ကွန်ဖြူးရှပ်တို့ စတဲ့ကြားဖူးနားဝတွေနဲ့ ဝေေ၀ဆာဆာ အရောင်ချယ်လိုက်ရင် အပျင်းပြေဖတ်စရာ စာတစ်ပုဒ်တော့ ဖြစ်လာမှာပဲ။ သို့သော်လည်း ကိုယ်က အများသူငါဖတ်ချင်တဲ့စာတွေ ရေးဖို့ ကြိုးစားနေတာမှမဟုတ်တာ။ တွေးဖို့က အဓိကကိုး။ ဒီတော့လည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရတော့မှာပဲ။ ဒဿနသမားအများစုဟာ ပျင်းရိငေးငိုင်နေတဲ့ ပုံရိပ်ကို ပိုင်ဆိုင်ထားတော့ကာ ဓားတွေသေနတ်တွေလို ကြမ်းကြမ်းတမ်းတမ်း အရာတွေကို ကိုင်ချင်စိတ်ရှိကြမယ် မထင်ဘူး။ ဒါပေမဲ့ ဒီလိုလက်နက်တွေ ကိုင်ဆောင်ထားတဲ့ လူတွေကိုတော့ တစ်ခုခုပြုလုပ်လာအောင် စွမ်းဆောင်မောင်းနှင်နိုင်တယ်။ အရမ်းလှပတဲ့ အတွေးအခေါ်၊ ဒဿနတစ်ရပ်ဟာ “ကလီယိုပက်ထရာ” လိုပဲ၊ လူများစွာ သေကြေပျက်စီးအောင်လုပ်နိုင်သလို အခြားတစ်ဖက်မှာ ငြိမ်းချမ်းလွတ်မြောက်မှုရအောင်လည်း စွမ်းဆောင်နိုင်တယ်။ ကလီယိုပက်ထရာနဲ့ နှိုင်းလိုက်ပေမဲ့လည်း သူနဲ့ကိုယ်နဲ့က ကျောင်းနေဘက်တွေလို သိကျွမ်းကြတာမျိုးတော့လည်း မဟုတ်ပြန်ဘူး။ သူ့ကို မြင်တောင်မမြင်ဖူးပါဘူး။ သူ့အကြောင်း ရုပ်ရှင်ပြန်ရိုက်ခဲ့တဲ့ “အဲလိဇဘတ်တေလာ” ကိုပဲ မြင်ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်ခေါင်းထဲမှာ ကလီယိုပက်ထရာနဲ့ ပတ်သက်တဲ့ အတွေး (ဒီနေရာမှာ Connotation ကို ဆိုလိုပါတယ်) အချို့ ရှိနေသလို အများသူငါမှာလည်း ရှိနေကြတယ်။ ဒါကြောင့် ဒီလိုနှိုင်းလိုက်တဲ့အတွက် ပြဿနာတစ်ရပ်ဖြစ်မလာတော့ဘဲ ဖတ်ရှုနားလည်နိုင်နေတယ် မဟုတ်လား။ ဒါကြောင့်ပဲ ကိုယ်တို့ရဲ့စိတ်မှာ ကလီယိုပက်ထရာဟာ ယနေ့ထိ အလှမပြယ်နိုင်သေးဘူး မဟုတ်လား။ ဒါကြောင့်ပဲ ဒဿနတစ်ရပ်ဟာ အပျိုဖော်ဝင်ပြီးရင်၊ အရာမြောက်ပြီးရင် (အခြားလူလုပ်အရာတွေထက်) အလှပြယ်ဖို့ ခက်ခဲတယ်။ ကလီယိုပက်ထရာအတွက်တောင် စစ်ဖြစ်ကြသေးရင် ဒဿနအတွက် ဘာကြောင့် စစ်မဖြစ်နိုင်ရမှာလဲ။ (ဖြစ်နိုင်တဲ့ အခွင့်အလမ်းရှိတယ်လို့ ဆိုလိုပါတယ်။ ကြုံးဝါးသံ မဟုတ်ပါ) ဓါးတွေသေနတ်တွေ ကိုင်ဆောင်ထားတဲ့စစ်တပ်တွေကို အချင်းချင်းပြန်လည် ခုတ်ထစ်ပစ်ခတ်နေအောင် ဒဿနဟာ ခေါင်းကိုင်ဖခင်နေရာက ယူထားတာ မဟုတ်ဘူးလား။ ဒီတော့လည်း ဒဿနဆရာကိုယ်တိုင်ရဲ့ လက်ထဲ ဓါးသေနတ်တွေမရှိ ဖြစ်ရတယ်။

ဒါပေမဲ့ ဒဿနတစ်ရပ်ဟာ ကလီယိုပက်ထရာလို နေ့ချင်းညချင်း လူလားမြောက်၊ အရာဝင်လာတာမျိုးတော့ မဟုတ်ပြန်ဘူး။ အထက်ကဆိုခဲ့သလို လူတွေကို ထိန်းချုပ်မောင်းနှင်လာနိုင်တဲ့ အနေအထားမျိုးရောက်ဖို့ အချိန်အတော်ကြာ ပေးဆပ်ရတာမျိုးပဲ။ သာဓကအတော်များများမှာ ဒဿနရှင်ကိုယ်တိုင် မျက်ကွယ်ပြုပြီး နောက်မှသာ ဒဿနတွေဟာ ပိုမိုအားကောင်းခိုင်မာလာပြီး လူများစုပါဝင်တဲ့ လှုပ်ရှားတော်လှန်မှုတစ်ရပ်ကို လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ အခြေပျိုးပေးခဲ့သူတစ်ဦးရဲ့ နောက်ပါတွေကနေပြီး ထပ်ဆင့်မွမ်းမံဖန်တီးပြီး၊ ခိုင်မာတောင့်တင်းတဲ့ ဒဿနစနစ်တစ်ရပ်အဖြစ် အစဉ်အဆက် လက်ဆင့်ကမ်း အားဖြည့်ရတဲ့ သဘောပါ။ အချို့ကိစ္စတွေမှာ မူရင်းဒဿနမှ ဘေးချော်သွားတာတွေလည်း ရှိပါတယ်။ ဒါက (ကိုယ့်အမြင်အရ) အရေးမကြီးလှပါဘူး။ အစောကပြောခဲ့သလို အတွေးဆိုတာ အစရှိဖို့ပဲ လိုတာမဟုတ်လား။ ဒီလို စဉ်ဆက်မပြတ် ၀ိုင်းဝန်းတည်ဆောက်ကြရတဲ့ ဖြစ်စဉ်မှာ လူ့သက်တမ်းရဲ့ အကျဉ်းချုပ်သဘောဆန်မှုကြောင့် မလုံမလောက် ဖြစ်တတ်ကြတယ်။ အကြမ်းမဖက်ရေး ဒဿနပိုင်ရှင် (ဒီနေရာမှာ ဒဿနစနစ်တစ်ရပ်ကို ဆိုလိုခြင်းမဟုတ်ဘဲ အတွေးအခေါ်ဟူသော အနက်ကို ယူပါ) ဂန္ဒီကြီးဟာ အကြမ်းဖက်သမားတစ်ဦးရဲ့ ကျည်ဆန်ကြောင့် ကွယ်လွန်ခဲ့ရတယ်။ ဂန္ဒီကြီးကွယ်လွန်ခဲ့ပေမဲ့ သူ့ရဲ့ အကြမ်းမဖက်ရေး ဒဿနကတော့ လူအများစုကြီးဆီမှာ ခိုင်မာစွာစိမ့်ဝင်ခဲ့ပြီး ဆက်လက်ရှင်သန်နေဆဲပဲ။ ဂန္ဒီကြီးရဲ့ တိုတောင်းတဲ့ဘ၀နိဂုံးဟာ သူ့ဒဿနရဲ့ အစပျိုးနိဒါန်းပဲ ရှိသေးတယ် မဟုတ်လား။ (ဘယ်အချိန်ထိ ဆက်လက်ရှင်သန်နေဦးမယ်ဆိုတာ ဘယ်သူမှ အတပ်မပြောနိုင်သေးဘူး) ဒါပေမဲ့ အခြေခိုင်မာလာအောင် နောက်ပါတွေက ဆက်လက်သယ်ယူ တည်ထောင်ကြရတယ်။ အကြမ်းမဖက်ရေးဒဿနကျတော့ ဓါးသေနတ်တွေနဲ့ ပြန်လည်ထိပ်တိုက်တိုးနေတဲ့အတွက် ပေးဆပ်ရမှုပိုကြီးပြီး လူထုထဲ ကျယ်ပြန့်နက်ရှိုင်းစွာ အမြစ်တွယ်နေမှ အရာမြောက်နိုင်တဲ့ သဘောကိုဆောင်ပါတယ်။

အခုလည်း ကိုယ်တို့မှာ၊ ဒဿနသမားတွေနဲ့ ဓါးသေနတ်သမားတွေ ရင်ဆိုင်တွေ့နေကြရတယ်။ လူ့သက်တမ်းနဲ့ ဒဿနတစ်ရပ်ရဲ့ သက်တမ်းဟာ ယေဘုယျအားဖြင့် စကေးချင်းမညီတဲ့အတွက် မတော်တဆများ ဒဿနခေါင်းဆောင်ဟာ ဓါးသေနတ်တွေကြောင့် ကျဆုံးခဲ့ရသည်ရှိသော် စိတ်အားမငယ်ကြပါနဲ့။ ဒဿနဆိုတာ လူသားမျိုးဆက်နဲ့ချီကာ ဆက်လက်သယ်ဆောင်ရမယ့်အရာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အမှန်တရားသာ အောင်ပွဲခံရမယ်လို့ အာခေါင်ခြစ်အော်နေရင်တော့ အားလုံးကို ပရိုတာဂိုးရပ်စ်ကြီးက ဟားလိမ့်မယ်။ သူ့အမြင်မှာ လူသားတိုင်းဟာ ကိုယ်ပိုင်အမှန်တရားတွေနဲ့ ချည်းပဲဆိုတော့ အားလုံးအောင်ပွဲခံရမယ့်ကိန်း ဆိုက်နေမယ်။ ထိပ်တိုက်တွေ့နေတဲ့ အမှန်တရားနှစ်ခုကျတော့ ပူးတွဲသရေပေးရမယ့်အခြေအနေ ဖြစ်နေလိမ့်မယ်။ ဓါးသေနတ်သမားတွေ အဖို့မှာလည်း ဓါးသွားတွေ ကျည်ဆန်တွေဆိုတာ အမှန်တရားပဲလို့ ပရိုတာဂိုးရပ်စ်က ရိနိုင်တာကြောင့် ဒီလိုမျိုးတွေ မကြွေးကြော်တာ ကောင်းပါတယ်။ ကိုယ်တို့တွေ တစ်နေ့တစ်ချိန်မှာ အောင်ပွဲခံနိုင်မယ်ဆိုတာ မဆန်းလှဘူးလေ။ သူတို့အနေနဲ့လည်း ယခုအချိန်မှာ အောင်ပွဲခံနေတာပဲ မဟုတ်ဘူးလား။

ချုပ်ရရင် ဒဿနသမားဟာ ဓါးသေနတ်သမားတွေကို ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။ ဒါပေမဲ့ အကြမ်းမဖက်ရေး ဒဿနကျတော့ ဒီလိုမဟုတ်တော့ဘူး။ ဒဿနသမား (တစ်ဦး) က ထိန်းချုပ်ထားတဲ့ ဒဿနလူသားတွေအားလုံးကို အသိဉာဏ် (ဒဿန) မရှိတဲ့ ဓါးသေနတ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းရတဲ့ အခြေအနေမျိုးသာ ဖြစ်နေတယ်။ ဓါးသေနတ်သမားဆိုတာ လူသားသာဖြစ်ပေမဲ့ ယခု  ကိုယ်တို့ရင်ဆိုင်နေရတဲ့လူများဟာ အသိဉာဏ်ဒဿနမရှိတဲ့အတွက် ဓါးသေနတ် (အရာဝတ္ထု) တွေကိုယ်တိုင်နဲ့ ခြားနားမနေပါဘူး။ ဒီတော့ ကျောက်ဆောင်ပေါ်မှာ ကပ်ရပ်ပေါက်ရတဲ့ အပင်လိုပဲ အတော် ကုပ်တီးကုပ်ဖဲ့နိုင်မှ ရှင်ကျန်ပြီး ကျောက်ဆောင်ကြီးတစ်ခုလုံးကို ၀ါးမျိုပစ်နိုင်ပေလိမ့်မယ်။ မူရင်းအခြေစိုက်ခဲ့ရာ အမြစ်ဟာ သက်တမ်းကုန်သွားခဲ့ရင်လည်း စိတ်မရှိကြပါနဲ့။ နွယ်ပင်တွေလို နောက်ပါ အမြစ်အသစ်တွေက ရရာနေရာကို ဆက်လက်ကုပ်တွယ်ထားရမှာပါပဲ။ ဒဿနသမားမှာ ဓါးရယ်သေနတ်ရယ် မရှိပါဘူး။ ဒါပေမဲ့ စကားရယ် ပါးစပ်ရယ်တော့ ရှိတယ်။ ကိုယ်တို့ရဲ့ စကား (တရား) ကို လူအများကြီးကြားနိုင်အောင်  အော်ပြောနိုင်မှသာ ဖြစ်လိမ့်မယ်။ ဒီလိုမျိုး လူအများကြီးက ကြားပြီး အလိုတူအလိုပါ သံပြိုင်ဟစ်ကြပါမှ အောင်မြင်မှုနဲ့ နီးစပ်လိမ့်မယ်။ ဒဿနသမားမှာ ဓါးတွေသေနတ်တွေရှိဖို့ မလိုပါဘူး။ ဟုတ်တယ်၊ ဒဿန (အတွေး) ဆိုတာ အစရှိဖို့ပဲ လိုပါတယ်။ ကျန်တာ သူ့ဟာသူ ဆက်ဖြစ်သွားလိမ့်မယ်။ အခုပဲ ဘာလိုလိုနဲ့ နိဂုံးရောက်လာပြီ မဟုတ်လား။ သက်ရှိဇီဝရုပ်တွေလို မိမိဘာသာ ဓာတ်ပြုတည်ဆောက်ပြီး ရုပ်လုံးပေါ်ခဲ့ပေလိမ့်မယ်။ ဒဿနသမားဆိုတာ ဆွံ့အနားမကြား ဖြစ်မနေဖို့ပဲ လိုပါတယ်။ ဓါးတွေသေနတ်တွေကို စကားတွေ ပါးစပ်တွေနဲ့ အနိုင်ယူကြပါစို့လို့ နောက်ဆုံးဝါကျအဖြစ် ထည်ထည်ဝါ၀ါနိဂုံးချုပ်ဖို့ လုပ်ပေမဲ့ ပရိုတာဂိုးရပ်စ်ကို ကွက်ခနဲမြင်မိပြန်လို့ လက်လျှော့လိုက်တော့တယ်။ တကယ်တော့လည်း တွေးဖြစ်ကြဖို့သာ အဓိကပဲကိုး။

◄ တေဇာ ►

Comments

  1. မောင်ရင်ငတေ
    တခါလေလေးများ လူနားလည်အောင်ရေးပါလား
    ဘတ်၍နားလည်နေသောလူများကို လူမဟုတ်ဟုမဆိုလို
    မိမိကဲ့သို့ အသိဥာဏ် နူံနည်း သောသူကိုသာ မိမိဘာသာဆိုလိုသည်
    လာလာဘတ်တယ်
    ကြတော့ မလာဘတ်ချင်တော့ဘူး
    ကျောင်းတက်ဖို့ စာမကျက်ရသေးတော့ စိတ်မပါတော့သလိုပဲ
    ဆိုင်မဆိုင်တော့ မသိ

    ReplyDelete
  2. ဒဿနသည် မမြင်ရသော ဓားများ သေနတ်များနှင့် တိုက်ခိုက်တတ်သည်...။ အလွတ်မပေးကြပါကုန်နှင့်....။း)

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...