Skip to main content

ကျောက်တုံးများ

စိန်တစ်ပွင့်ရဲ့ အဇ္ဈတ္တကို လေ့လာဖို့ သူက မှန်ဘီလူးကို မကိုင်ဘဲ အဘိဓာန်ကိုသာ လှန်လိုက်မိတယ်။ ဒီလိုဆိုလို့ သူနဲ့လက်လှမ်းမီရာမှာ ရှိနေတာက မှန်ဘီလူးမဟုတ်ဘဲ အဘိဓာန်သာ ဖြစ်နေလို့ပဲလို့ အကြောင်းပြရင်တော့ ခိုင်လုံမှာမဟုတ်ဘူး။ သူ့ မှာ စိန်ပွင့်တစ်ပွင့်ကို ရှိမနေဘူး။ ဒါကြောင့် သူဟာ စိန်တစ်ပွင့်ရဲ့ အဓိပ္ပာယ်ကို အဘိဓာန်ထဲမှာသာ ရှာဖွေခဲ့ရတယ်။ ကံကောင်းထောက်မစွာ မဟုတ်ဘဲ အဘိဓာန်တွေရဲ့ အလုပ်ဆန်ဆန် ပုံသဏ္ဌာန်တစ်ရပ်အနေနဲ့ ဖော်ပြချက်ကို သူ တွေ့လည်းတွေ့ခဲ့ရတယ်။

နာမ၀ိသေသန သုံးလုံးပါ ကျောက်တုံးတစ်တုံးကို စာလုံးနက်နက်တွေနဲ့ သူမြင်တွေ့ခဲ့ရတယ်။ သူ့အမြင်မှာ နာမ၀ိသေသနတွေကို ဘယ်တုန်းကမှ အထင်မကြီးခဲ့မိဘူး။ ဘာသာဗေဒရဲ့ ရင်းမြစ်ကို မသင်ယူဖူးပေမဲ့ ဘာသာစကားတွေမှာ နာမ၀ိသေသနတွေဟာ နောက်ဆုံးပိတ်မှ ပေါ်လာတာမျိုးလို့ သူက ထင်နေတယ်။ ထို့အတူ အရင်ဆုံးပေါ်လာတာ ဖြစ်နိုင်ကောင်းတဲ့ အာမေဋိတ်လို ဟာမျိုးကိုလည်း သူက အထင်ကြီးနေတာ မဟုတ်ပြန်ဘူး။ ရှင်းရှင်းပြောရရင်တော့ နာမ၀ိသေသနတွေရဲ့ တစ်ကိုယ်ရည်အမြင်ဆန်မှု (Subjective) နဲ့ သူတို့ရဲ့နောက်ကွယ်ကေ၀၀ါးတဲ့ အနက်တွေကို သူက မသက်မသာ ဖြစ်နေမိတာပဲ။ ကွေ့ကောက်တတ်ပြီး ပလီပလာများသော နာမ၀ိသေသနများလို့ နာမ၀ိသေသနဆိုတဲ့ နာမ်ပုဒ်ရဲ့ရှေ့မှာ နာမ၀ိသေသနတွေ တပ်ပြီး သူက ပြောမနေချင်ဘူး။ ဒီလို စကားလုံးအုပ်စု တစ်ခုအပေါ် အမြင်အနည်းငယ် တိမ်းနေခဲ့တော့ သူ့အနေနဲ့ အဘိဓာန်ထဲက အနက်ဖွင့်မှာ ကျောက်တုံးဆိုတဲ့ နာမ်ကိုပဲ ထင်ထင်ရှားရှား ဂရုမူလိုက်မိတယ်။ ဟုတ်တယ်။ စိန်ဆိုတာ အကြမ်းအားဖြင့်တော့ ကျောက်တုံးပဲ။

ဒါပေမဲ့ ခက်နေတာက စိန်ဆိုတာ အများသူငါ ဖင်ခုထိုင်နေကြ၊ လမ်းခင်းနေကြတဲ့ ကျောက်တုံးမျိုးလည်း မဟုတ်ပြန်ဘူး။ လမ်းပေါ်ကလူတွေအနေနဲ့ စိန်ကို မြင်ဖူးကိုင်ဖူးဖို့တောင် အတော်ခက်သေးတယ်။ တစ်ပွင့်တလေ ပိုင်ဆိုင်ဖို့ဆိုတာကတော့ အများကြီး လှမ်းနေတယ်။ ဒီကျောက်တုံးတွေဟာ ဘာဖြစ်လို့ ပြောင်လက်နေတဲ့ ငွေမှင်ရောင် မှန်ပုံးတွေထဲမှာ လှပတင့်တယ်နေကြရတာလဲ။ ပြင်ပအတွေ့အကြုံများကို ခဏဘေးဖယ်ပြီး အဘိဓာန်ထဲက ကျောက်တုံးအကြောင်းကိုပဲ သူ ဆက်စဉ်းစားကြည့်မိတယ်။ သေချာတာကတော့ ကျောက်တုံးရဲ့ ရှေ့က နာမ၀ိသေသန သုံးလုံးကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဒီနေရာမှာ နာမ၀ိသေသနတွေကို ပစ်ပယ်လို့မရတော့မှန်း ၀န်ခံရတော့မယ်ဆိုတာ သူ သိလာခဲ့ရတယ်။ ဘာမှန်းတိတိပပ မပြောနိုင်ပေမဲ့ေ၀၀ါးတဲ့အနက် အဓိပ္ပာယ်တွေမှာ ခိုင်မာတဲ့တန်ဖိုးတစ်ခု တစ်နည်းတစ်ဖုံနဲ့ တည်ရှိနေနိုင်တယ်ဆိုတာ လက်ခံရတော့မယ်။ တန်ဖိုးကြီးလှသော ကျောက်တုံးအမျိုးအစား တစ်မျိုးဆိုတဲ့ အနက်ဖွင့်ကို ကျောက်ခေတ်လူသားတစ်ဦးက လှောင်ပြောင်သရော်နိုင်မှာဖြစ်ပေမဲ့ လက်ရှိလူသားတစ်ဦးဖြစ်တဲ့ သူ့အနေနဲ့တော့ ခနိုးခနဲ့လုပ်ခွင့် ရှိမနေတော့ဘူး။ နာမ၀ိသေသနတွေဟာ အခြေခံအားဖြင့် သေးသိမ်ကောင်း သေသိမ်နေနိုင်ပေမဲ့ ငြင်းဆန်ခွင့်မရှိတဲ့ အနက်တွေ ရှိနေတယ်ဆိုတာ သူ သိခဲ့လိုက်ရတယ်။ နာမ၀ိသေသနတွေကို ကျော်လွှားဖတ်ရှုတတ်တဲ့ သူတစ်ဦးအနေနဲ့ အမြင်မှန်ရသွားခြင်းမျိုး၊ ဒါမှမဟုတ် မလွဲမရှောင်သာ လက်ခံလိုက်ရတဲ့ ချောင်ပိတ်မိသွားခြင်းမျိုး သူ ခံစားလိုက်ရတယ်။ ရုပ်ရှင်မင်းသမီးတစ်ဦးရဲ့ သွားပေါ်မှာ ကပ်နေတဲ့ တစ်လက်လက်အရောင်ဟာ သူ့မျက်စိကို စူးရှစေခဲ့ပြီဖြစ်တယ်။

အဆိုပါသူဟာ
သူ့နာမည်ကို မည်သည့် နာမ၀ိသေသနမှ ရှေ့ဆက်မထားဘဲ နာမ်တစ်ခုအဖြစ်သာ သီးသန့်ရပ်တည်နိုင်စေလိုသူ ဖြစ်ခဲ့ပါတယ်။ ယခု သူဟာ အမှန်ရသွားသော၊ သို့မဟုတ် ချောင်ပိတ်မိခံလိုက်ရသော သူ ဖြစ်ခဲ့ပြီဆိုသော်၊ သူ့ ကိုယ်ပိုင်နာမ်ကလေး၏ ချိနဲ့မှုအား လက်ခံလိုက်ရသူ တစ်ဦးအနေဖြင့်  နာမ၀ိသေသနအချို့ ရှေ့ကဆက်နိုင်ဖို့ သူ အားထုတ်ရန်သာ ရှိပါတော့တယ်။ စိန်ဆိုသည့် (နာမ်၏) အနက်တွင် ထည့်ပြောစရာ မလိုတော့သည့် (နာမ)၀ိသေသ(န)အချို့ ကိုယ်ယောင်ဖျောက်ပြီး သိပ်သည်းစွာ တည်ရှိနေတယ် ဆိုတာ မှန်ဘီလူးအောက်မှာ မြင်ရသလို ထင်ထင်ရှားရှားကြီး သူမြင်နေခဲ့ရပြီ မဟုတ်လား။

◄ တေဇာ ►

Comments

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others