VLADIMAR : Well? Shall we go?
ESTRAGON : Yes, let's go.
[They do not move]
Beckett; Waiting for Godot (1955)
ESTRAGON : Yes, let's go.
[They do not move]
Beckett; Waiting for Godot (1955)
တစ်နေ့တော့ ပေကျင်းကနေ ကျုဖူကို သွားဦးမှပဲလို့ စိတ်ကူးရတယ်။ ကျုဖူက ရှန်တုန်ပြည်နယ်ထဲမှာ၊ ကွန်ဖြူးရှပ်(စ)လို့ အင်္ဂလိပ်တွေက ခေါ်တဲ့ ဆရာကြီးကောင်း (ကောင်းဇ)ရဲ့ အရပ်။ သူ့ကျောင်း၊ သူ့အိမ်၊ သူလမ်းလျှောက်လေ့ရှိတဲ့ (သူ့) သစ်တော၊ သူ့မိသားစုသင်္ချိုင်း အကုန်ရှိတယ်။ မြို့အနေနဲ့ကတော့ သိပ်အကြီးကြီး မဟုတ်ဘူး။ ရန်ကုန်မြို့သာသာလောက်ပဲ ရှိမယ်ထင်တယ်။ အရင်ကလည်း ရောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ပြန်သွားချင်နေတယ်။ ပြန်သွားချင်ရတဲ့ အကြောင်းတွေထဲမှာ ပေကျင်းမှာ အချိန်အားနေတာရယ်၊ သူတို့ရဲ့ ရထား စီးချင်တာရယ် ပါတယ်။ သူတို့ရဲ့ အမြန့်အမြန်ရထား စီးရတာ ကျွန်တော် သိပ်သဘောကျတယ်။ လေယာဉ်ထက်တောင် ကောင်းတယ်လို့ ထင်တယ်။ အရင်ဆုံး `အမြန့်အမြန်ရထား´ ဆိုတာကလေးကို ရှင်းဦးမယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ပြည်သူပြည်သားသုံးဖို့ စီမံပေးထားတဲ့ ယာဉ်-ရထား (လေယာဉ်ပျံရော) စနစ်ဟာ အတော့်ကို ကောင်းတယ်။ ပေကျင်းကနေ တရုတ်တစ်နိုင်ငံလုံးနဲ့ ဗီယက်နမ်တို့၊ ရပ်ရှားတို့ကို ရထားနဲ့ သွားလို့ရတယ်။ ဒါပေမဲ့ ရထားတွေက အနှေးရထား၊ အမြန်ရထားရယ်လို့ ရှိတယ်။ ခုနောက်ပိုင်းမှာ အမြန်ရထားထက်မြန်တဲ့ ရထား ပေါ်လာပြန်တယ်။ အမြန်ရထားထက်မြန်တဲ့ ရထားကို ကျွန်တော်တို့ မြန်မာစကားနဲ့ ဘယ်လိုခေါ်ရမှန်း မသိဘူး။ တစ်နေ့တော့ ပေကျင်း နိုင်ငံခြားဘာသာစကားတက္ကသိုလ်က ပါမောက္ခ ဒေါ်ယဉ်ယဉ်နွဲ့နဲ့အတူ အငြိမ်းစားပါမောက္ခကြီးတွေဖြစ်တဲ့ ဦးမိုး၊ ဦးဉာဏ်၊ ဦးထွန်းလင်း၊ ဦးသိန်းဟန်စတဲ့ ဆရာကြီးတွေနဲ့ နေ့ခင်းစာစားနေကြတုန်း အဲဒီရထားအကြောင်းရောက်သွားတော့ ဆရာဦးထွန်းလင်းက မေးတယ်။ အမြန်ရထားထက်မြန်တဲ့ ရထားကို မြန်မာလို ဘယ်လိုခေါ်မလဲတဲ့။ ကျွန်တော်ကတော့ အဲဒီလောက် ဉာဏ်မသွားဘူး။ ရှမ်းဆရာကြီး စိုင်းခမ်းလိတ်ရဲ့ သီချင်းထဲက စကားလုံးသုံးပြီး ကျွန်တော့်အနေအထားကို ပြောရရင်တော့ `မေးရန်လွယ်ပေတဲ့၊ အဖြေခက်၊ သိသလို၊ မသိသလိုပါပဲ´ လို့ပဲ ပြောရလိမ့်မယ်။ သမာဓိပြုံးကလေးနဲ့ အရှက်ပြေ၊ မျက်နှာသေကလေးထား နေလိုက်ရတော့တယ်။ ဒီတော့ ဒကာမကြီးက ပြောတယ်။ ကျွန်မကတော့ ဆရာတို့လို ဘာသာစကားပညာရှင် မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မနားလည်တဲ့ နေ့စဉ်သုံး မြန်မာစကားအရ ပြောရင်တော့ `အမြန့်အမြန်ရထား´ ပဲ တဲ့။ ဒီလိုနဲ့ ဘာသာစကားပညာရှင်ကြီး အားလုံးက အဲဒီရထားကို `အမြန့်အမြန်ရထား´ လို့ အတည်ပြုလိုက်ကြတော့တယ်။ အဲဒီ အမြန့်အမြန်ရထားက တစ်နာရီကို ၄၇၀ ကီလိုလောက် သွားနိုင်သတဲ့။ ခုနေတော့ လမ်းအနေအထားကိုလိုက်လို့ တစ်နာရီ ၃၃၀-၃၇၀ ကီလိုမီတာလောက် ပုံမှန်သွားတယ်။ ကျွန်တော်က အဲဒီရထားစီးရတာ အတော့်ကို သဘောကျတယ်။ ပေကျင်းကနေ ကျုဖူမြို့အနောက်ဘက် ဘူတာရုံကို တစ်နာရီခွဲလောက်ပဲ ကြာတယ်။
ဒကာမကြီးကတော့ မလိုက်ဘူးတဲ့။ ကျွန်မ တစ်ခေါက်ရောက်ပြီးပြီ။ ရှင်က ဘာလုပ်ရအောင်သွားမှာလဲလို့ ဆိုတော့၊ ငါ့မှာ ဆရာကြီးကောင်းနဲ့ ကိစ္စမပြတ်ခဲ့တာကလေးတွေ ရှိတယ်လို့ပဲ ပြောလိုက်ရတယ်။ အဲဒီတုန်း အနားမှာရှိတဲ့ (မွေးစား)သမီး တရုတ်မလေးက ဒီလိုဆိုရင် သူတို့လင်မယားက အမေ့ကို ဈေးဝယ်ဖို့ခေါ်သွားမယ်တဲ့။ ဈေးဝယ်ထွက်တယ်ဆိုတာက ဘယ်မိန်းမမျှ မငြင်းတဲ့ကိစ္စ။ ပိုက်ဆံမရှိလို့ မ၀ယ်နိုင်ကာမှနေရော။ ဈေးသွားတယ်ဆိုတာကို ဘယ်မိန်းမကမျှ မကြိုက်ဘူးလို့ မပြောဘူး။ အဏုမြူဗုံးရောင်းတဲ့ ဈေးကိုပဲသွားဦး၊ သူတို့အတွက် အသုံးတည့်တာတော့ ရှာတွေ့တတ်ကြတယ်။ ဈေးသွားတယ်ဆိုတာက မိန်းမတွေအတွက်တော့ စိတ်ကျေနပ်မှုတစ်မျိုးကို ပေးနိုင်တဲ့၊ ထွက်ပေါက်တစ်ခုပဲ ထင်တယ်။ ဒီတော့လည်း ကျွန်တော့်ဘာသာ ကျုဖူသွားဖို့ ဖြစ်လာတယ်။ ဟိုတယ်က လုပ်ငန်းတာဝန်ထမ်းဆောင်ပေးတဲ့ ရုံးခန်း (အင်္ဂလိပ်လိုအသံထွက်နဲ့ ရေးရရင်တော့ ဘစ်စနက်(စ)စင်တာပဲ။ ဘစ်စနက်(စ)စင်တာကို အမြင်ကပ်စရာကောင်းလောက်အောင် ပါးစပ်အရသာတွေ့နေတဲ့ မြန်မာတချို့ကိုတော့ (ကို)ဇေယျာလင်းရဲ့ ကီလီမန်ဂျာရိုးထဲက အသုံးအနှုန်းကိုသုံးပြီး `ဘိစနက်(စ)စင်တာဟာ အဲဒါကိုလို့ ခေါ်တာလည်းဖြစ်တယ်´ ပဲ ပြောလိုက်ချင်တယ်။) ကိုသွားပြီး လက်မှတ်ဝယ်ခိုင်းရတယ်။ တရုတ်ပြည်မှာ မီးရထားလက်မှတ်ကို ဘူတာရုံမှာမှ မဟုတ်ဘူး၊ တရားဝင်ဖွင့်ထားတဲ့ ဆိုင်ကလေးတွေ၊ နေရာအတော်များများမှာ (နေရာတကာမှာတော့ မဟုတ်ဘူး) ရှိတယ်။ ဒါပေမဲ့ တရုတ်လို သေချာမပြောတတ်လို့ မလည်မ၀ယ်နဲ့ဆိုရင် ဒုက္ခရောက်နိုင်တယ်။ ဟိုတယ်က လုပ်ငန်းတာဝန်ထမ်းဆောင်ပေးတဲ့ ရုံးကို ၀ယ်ခိုင်းတာကတော့ အသေချာဆုံးပဲ။ အဲဒီက အမှုထမ်းတွေက အင်္ဂလိပ်လိုပြောနိုင်တာ များတယ်။
ကျုဖူကို ရောက်ဖူးရောက်စရှိထားလို့ သိပ်ပူစရာမရှိပေတဲ့၊ အမြန့်အမြန်ရထားဆိုက်တဲ့ ကျုဖူမြို့အနောက်ဘက် ဘူတာရုံကနေ၊ ဆရာကြီးကောင်းရဲ့ ကျောင်းဘက်ကို ဘယ်လိုသွားရမှန်း မသိဘူး။ အဲဒီမှာ တက္ကစီ မစီးဖူးဘူး။ ဒီတော့ ပေကျင်းကမိတ်ဆွေကို ငါ့ကို တစ်ခုခုစီစဉ်ပေးကြစမ်းပါလို့ အကူအညီ တောင်းရတော့တယ်။ သူတို့က ဒီကနေ ကားနဲ့ ငါတို့လိုက်ပို့ခိုင်းမယ်လို့ အတင်းပြောနေလို့ သူတို့ရဲ့ အမြန့်အမြန်ရထားကြီး ကောင်းကြောင်းပြောပြီး ဆင်ခြေပေးရပြန်တယ်။ နောက်ဆုံးတော့ ဟိုရောက်ရင် လာကြိုလိမ့်မယ်ဆိုတဲ့ အဖြေရတယ်။ သူတို့ပြောတဲ့အတိုင်းပဲ။ ဟိုရောက်တော့ လာကြိုတယ်။ လာကြိုတဲ့သူငယ်က အင်္ဂလိပ်စကားကို အပြန်အလှန်ဆက်ဆံနိုင်တဲ့ အနေအထားအထိ ပြောနိုင်ဆိုနိုင်တယ်။ ဆရာကြီးကောင်းရဲ့ ကျောင်းဝနားရောက်တော့ ငါ့ကို နှစ်နာရီကြာရင် လာကြိုလို့ပြောပြီး ကျန်နေရစ်ခဲ့တယ်။ ဆရာကြီးကောင်းရဲ့ ကျောင်းဝင်းကြီးထဲမှာ လျှောက်လိုက်၊ ဓာတ်ပုံရိုက်လိုက်၊ ထိုင်လိုက်၊ တွေးကြည့်လိုက်နဲ့ နှစ်နာရီနီးပါးဖြစ်သွားတော့ ကျေကျေနပ်နပ်နဲ့ ကျောင်းဝင်းကြီးအပြင် ပြန်ထွက်ခဲ့တယ်။ အပြင်ရောက်တော့ လာကြိုတဲ့ကားနဲ့ သူငယ်ကို မတွေ့ရဘူး။ ဒါနဲ့ပဲ သစ်ပင်ရိပ်အောက်မှာထိုင်ရင်း ကင်မရာတွေကို အိတ်ထဲမှာ အစီအစဉ်တကျ ပြန်ထည့်နေတုန်း၊ ငါတော့ ဒုက္ခပဲ၊ လာကြိုတဲ့ သူငယ်ဆီက တယ်လီဖုန်းနံပါတ်ကလေးဘာလေး မယူထားလိုက်မိဘူး ဆိုတဲ့အတွေးက ၀င်လာတယ်။ အေးနေပေတဲ့ ချွေးတွေထွက်လာတယ်။
အဲဒီတုန်း ပုလိပ်သားကလေးနှစ်ယောက်နဲ့ အရပ်ဝတ်နဲ့လူတစ်ယောက် အနားဆီရောက်လာပြီး တရုတ်လိုမေးတယ်။ ကျွန်တော်က ငါတရုတ်လိုမတတ်ဘူးလို့ တတ်သမျှမှတ်သမျှကလေးနဲ့ ပြန်ဖြေလိုက်တော့ ခင်ဗျားအိုကေရဲ့လားလို့ တစ်ယောက်က အင်္ဂလိပ်လိုမေးတယ်။ (အခု တရုတ်ပြည်မှာ ခရီးသည်ခရီးသွားတွေကို အတော်စောင့်ရှောက်တယ်) မ,အိုကေဘူးလို့ ဖြေလိုက်တော့ ဘာဖြစ်သလဲဆိုတဲ့သဘောနဲ့ လက်ဟန်ပြန်ပြပြီး မေးတယ်။ ငါစောင့်နေတာလို့ ကျွန်တော်က ဖြေလိုက်ရင်း၊ နောက်တောက်တောက်နဲ့ ဂေါ့ဒိုးကိုစောင့်နေတာလို့ အင်္ဂလိပ်လိုပဲ ပြောလိုက်မိတယ်။ ဘာလို့ ပြောလိုက်မိမှန်းတော့လည်း မသိဘူး။ ပြောလိုက်ပေတဲ့ သူ့ဆီက တုံ့ပြန်မှုကို မမျှော်လင့်ထားမိဘူး။ အရပ်ဝတ်နဲ့လူငယ်က ရယ်လိုက်ပြီး၊ ဘက်ကက်၊ ဘက်ကက်လို့ပြောရင်း ကျွန်တော့်ကို လက်ညှိုးထိုးရင်း ရယ်ပြန်တယ်။ သူ့အမူအယာက ခင်ဗျား ဘက်ကက်ရေးတာကို ပြောတာပဲမဟုတ်လားဆိုတဲ့ သဘောပဲ။ ကျွန်တော် အတော်တုန်လှုပ်သွားမိတော့တယ်။ ကျွန်တော့်အနေနဲ့ (အလုပ်သဘောအရ) စကားတစ်ခွန်းကို ဘယ်လိုတုံ့ပြန်နိုင်တယ်ဆိုတဲ့ အလားအလာမျိုးကို တွက်ဆကြည့်တတ်တဲ့ အလေ့ရှိတယ်။ ဒါပေတဲ့ ကျုဖူလိုရှေးမြို့ကလေး၊ ဆရာကြီးကောင်းရဲ့ အရပ်မှာ၊ ဂေါ့ဒိုးကိုသိတဲ့လူနဲ့ တိုးမယ်ရယ်လို့ မမျှော်လင့်မိဘူး။ အတော့်ကိုအံ့သြသွားမိလို့ ထိုင်ရာကထပြီး သူ့ကို လက်ဆွဲနှုတ်ဆက်ရင်း မင်း၊ ဂေါ့ဒိုးကို ဖတ်ဖူးသလားလို့ မေးကြည့်တော့ သူက ဖတ်ဖူးသတဲ့။ သူနဲ့ အင်္ဂလိပ်လိုတစ်လုံး၊ တရုတ်လိုတစ်လုံး ညှပ်ပြောရင်း သူက ၀ိတ်တင်း၊ ၀ိတ်တင်း၊ နိုး၊ ကမ်းမင်း (စောင့်နေတယ်၊ စောင့်နေတယ်၊ ပေါ်မလာဘူး) လို့ အင်္ဂလိပ်လို ပြောတယ်။ ကျွန်တော်ကတော့ သိပ်သဘောကျသွားတယ်။ မှန်ရာပြောရရင် တရုတ်ပြည်မှာ တစ်ခါကမျှ ဘယ်သူ့ကိုမျှ ဘယ်သူနဲ့မျှ ဘက်ကက်အကြောင်း ပြောမကြည့်မိခဲ့ဖူးဘူး။
နောက်တော့ သူကပဲ ခင်ဗျား ကားစောင့်နေသလားလို့ မေးတာနဲ့ ဟုတ်တယ်လို့ဖြေလိုက်တော့ ကားနံပါတ်ပေးလို့ ပြောတယ်။ ဒီတော့မှ ဂေါ့ဒိုးကို စောင့်သလို ဖြစ်ရပြန်တယ်။ ကားနံပါတ်ကို ကျွန်တော် မသိဘူး။ မသိဘူးလို့ ပြောလိုက်တော့ သူငယ်ကလေးက (ကျွန်တော်တွေးသလိုမျိုး တွေးမိလိုက်ပုံရတယ်) ခင်ဗျားက ဂေါ့ဒိုးကို စောင့်နေတာပဲ (ဘယ်သူမှန်းမသိ၊ ဘယ်ကလာမယ်မှန်းမသိ၊ ဘယ်တော့လာမယ်မှန်းမသိ၊ ဆိုတဲ့သဘောပဲ။) လို့ပြောရင်း ရယ်တယ်။ ချက်ခြင်းလိုပဲ ကားရဲ့ အမျိုးအစားနံပါတ်နဲ့ အရောင်ကို သတိရလိုက်မိတာနဲ့ အနက်ရောင်၊ အမ်အယ်လ် ၃၅၀ လို့ ပြောလိုက်ရတယ်။ ဒီတော့ သူတို့ချင်း ကွိကွနဲ့ ပြောနေကြရင်း၊ ပုလိပ်သားကလေးတစ်ယောက်က သူ့ခရီးဆောင်ဖုန်းနဲ့ တစ်ယောက်ယောက်ဆီကို ဆက်တယ်။ ကျွန်တော်သိတဲ့ တစ်လုံးနှစ်လုံးကတော့ ဘေးဖက်ကတံခါးကြီးရယ်၊ သစ်ပင်အောက်ဆိုသလားပဲရယ်၊ အနက်ရောင်ရယ်၊ ဒါပဲ။ ပြီးတော့မှ ပုလိပ်သားကလေးက လက်မထောင်ပြပြီး၊ အိုကေတဲ့။ သိပ်မကြာဘူး၊ ကားရောက်လာတယ်။ (နောက်မှသိရတာက ကားမောင်းတဲ့သူငယ်က ဘေးပေါက်မှာ သွားစောင့်နေတာတဲ့) ကျွန်တော်လည်း သူတို့ကို တစ်ယောက်ချင်းနှုတ်ဆက်ပြီး ကားမောင်းတဲ့သူငယ်ကိုညွှန်ရင်း ဂေါ့ဒိုးရောက်ပြီလို့ ပြောတော့၊ သူတို့အားလုံး ရယ်ကြတယ်။ ကားမောင်းတဲ့သူငယ်ကတော့ ဘာမျှသိပုံ မရဘူး။ သိပုံမရဘူးဆိုတာ မဟုတ်သေးဘူး။ သိကို မသိဘူး။ ကျုဖူအနောက်ဘက် ဘူတာရုံကို ပြန်အလာ ကားပေါ်မှာ၊ မင်း ဘက်ကက်ကိုသိသလားလို့ မေးတော့၊ သူက ပြန်မေးတယ်။ စီအိုင်အေက ပိန်ပိန်အကောင်ကို ပြောတာလားတဲ့။
ကျုဖူအနောက်ဘက်ဘူတာရုံရောက်တော့ မက်ဒေါ်နယ်မှာ ရထားအလာစောင့်နေရင်း ကော်ဖီသောက်နေတုန်း ပေကျင်းက ဒကာမကြီးဆီ ဖုန်းဆက်လိုက်မိတယ်။ ဂေါ့ဒိုးအကြောင်း ပြောချင်လို့။ ကျုဖူမှာ ဂေါ့ဒိုးကိုသိတဲ့လူ၊ ဘက်ကက်ကိုသိတဲ့လူ ရှိတယ်လို့ ပြောတော့၊ သူက ပြန်မေးတယ်။ ရှင်က ဘာဖြစ်လို့ ကျုဖူကလူတစ်ယောက်ဟာ ဘက်ကက်ကို မသိနိုင်ဘူးထင်တာလဲတဲ့။ သိမယ့်လူရှိမယ်ရယ်လို့ တစ်ခါမျှ မထင်မိဘူးလို့ ပြန်ဖြေတော့၊ ဘာလို့တုန်းလို့ ထပ်မေးတယ်။ မပြောတတ်ဘူးလို့ပဲ ဖြေလိုက်မိတယ်။ ဒီတော့မှ ဒကာမကြီးက သယ်စရာအချက်ရသွားတယ်။ ရှင်တို့ အေဒရီယံတို့မှာ လူကို ခွဲခြားမြင်တတ်တဲ့အမြင် ရှိနေသေးသတဲ့။ ကျွန်တော်လည်း ငါမှားသွားပါသကွာလို့ သုံးကြိမ်လောက် ၀န်ခံလိုက်ရတယ်။ (ကျွန်တော့်ဆရာ ပါမောက္ခအိုကြီးတစ်ယောက်က မှာထားဖူးတယ်။ မိန်းမနဲ့ မငြင်းနဲ့။ ငါမှားသွားပါတယ်ကွာဆိုတာ မြန်မြန်ပြော။ ဆင်ခြင်တုံတရား ဘေးဖယ်ထားတဲ့) ဒကာမကြီးက အေဒရီယံကိုပါဆွဲထည့်တာ အကြောင်းရှိတယ်။ အေဒရီယံက လေချွန်လေ့ရှိတယ်။ တစ်နေ့တော့ ရှန်ဟိုင်းက ဖူရှင်ပန်းခြံထဲမှာ ထိုင်နေကြတုန်း သူက လေချွန်နေကျသီချင်းရဲ့ အဆုံးပိုဒ်ကလေးကို လေချွန်တေယ်။ သူလေချွန်ပြီးသွားတော့ နောက်ဘက်နားက ခုန်တန်းလျားမှာ ထိုင်နေတဲ့ အဘိုးကြီးနှစ်ယောက်က လက်ခုပ်တီးတယ်။ ကျွန်တော်တို့လည်း လှည့်ကြည့်ပြီး ပြုံးပြရင်း၊ ရှေးရှေးလုပ်လိုက်ကြတော့ အဘိုးကြီးတစ်ယောက်က မင်းလေချွန်တာ ဟယ်မားစတိုင်းရဲ့ When I grow too old to dream မဟုတ်လားလို့ မေးတယ်။ ဒီအကြောင်းကို အေဒရီယံက ပြောမဆုံးဘူး။ တရုတ်ပြည်မှာ ဟယ်မားစတိုင်းရဲ့သီချင်းကိုသိတဲ့ လူရှိတယ်ဆိုတာ၊ အံ့အားသင့်မဆုံးဘူး။ အဲဒါကို ကျွန်တော့်ဒကာမကြီးက မကြိုက်လှဘူး။ တရုတ်တွေက ကုလားတွေက အာဖရိကင်တွေက ရှင်တို့သိတာ မသိကြရတော့ဘူးလားလို့ မေးခွန်းထုတ်လေ့ရှိတယ်။ ခနဲ့တယ်။
ရထားပေါ်မှာ ဂေါ့ဒိုးအကြောင်း၊ ဘက်ကက်အကြောင်းပဲ စဉ်းစားလာမိတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာရော ဘယ်ရွေ့ဘယ်မျှ သိကြသလဲဆိုတာ တွေးကြည့်မိတယ်။ သိတော့ သိကြမယ်ထင်တယ်။ တစ်ခါက (ကို)မြတ်သစ်ဘာသာပြန်တဲ့ ဂိုးဒေါ့ကိုစောင့်မျှော်ခြင်းစာအုပ်ကို ရာပြည့်ကြီးက ဒါနပြုလို့ ရဖူးတယ်။ ဂေါ့ဒိုးကို ဂိုဒေါ့လို့ မြန်မာပြည်မှာ ဘာလို့ခေါ်မှန်းတော့ မသိဘူး။ (ကျွန်တော်ရေးတာတစ်ခုလည်း အပြင်ခံရဖူးတယ်။ ဒီအချက်က သိပ်အရေးမကြီးလှဘူး။ အဲဒီလိုခေါ်တာ အတော်များများ ကြားခဲ့ရဖူးတယ်) အဲဒါကလွဲလို့တော့ ကျွန်တော် သိပ်သဘောကျမိတယ်။ သိပ်ပြီး သဘောကျရတဲ့ အကြောင်းတစ်ခုက (ကို)မြတ်သစ်က ရှင်းလင်းချက်တွေ အများကြီးထည့်ထားပေးတယ်။ အဲဒါဟာ အဓိကလိုအပ်ချက်ပဲ။ စာကိုးတွေကလည်း ကိုးစားထိုက်တဲ့စာအုပ်တွေဖြစ်လို့ အားရစရာ ကောင်းလှတယ်။ ဘက်ကက်ရဲ့အရေးအသားတွေဟာ အနည်းနဲ့အများ ဘာသာစကားမတူညီမှုဘောင်အတွင်းမှာ သိနားလည်စရာ သညာတွေ လွဲနိုင်တယ်၊ လွဲတတ်တယ်၊ လွဲလေ့ရှိတယ်။ မူရင်းက ပြင်သစ်လိုရေးတာ၊ အင်္ဂလိပ်လို ပြင်သစ်လို ဖတ်တတ်ကြတိုင်း ဘက်ကက်ကိုနားလည်ဖို့ မလွယ်ဘူး။ (ကျွန်တော်တို့ ကျွန်မတို့က ပြင်သစ်စာတတ်လို့ ကမူးကို ကျွန်မတို့က`သာ´ ဘာသာပြန်သင့်တယ်ဆိုတဲ့၊ သောင်မတိုက်ကမ်းမဆိုက် အယူအဆမျိုးကတော့ အံ့စရာ) နားလည်ဖို့ဆိုရာမှာ နက်နက်ရှိုင်းရှိုင်းကိစ္စကို ခဏဘေးဖယ်ထားဦး။ သာမန်ဘာသာစကားအခြေခံသိမှု အထဲမှာပဲ၊ နားလည်အောင် အတော်ကြိုးစားကြရတယ်။ (ကို)မြတ်သစ်ကတော့ အတော့်ကိုအချိန်ပေးပြီး ဘာသာပြန်ပေးတာ။ လေးနှစ်ကြာတယ်လို့ ဆိုထားတယ်။ (ကျွန်တော်ဘာသာပြန်ရရင် ဒီဘ၀နဲ့ ပြီးမယ်မထင်ဘူး) စာကောင်းပေကောင်းတစ်ခုကို အချိန်ပေးပြီး တည်ဆောက်ရမှာပဲ။ (မြန်မာတစ်မျိုးသားလုံးရဲ့ မြန်မာရသပညာအကြောင်း စာအုပ်ကတော့ တစ်နှစ်နဲ့ရေးလို့ပြီးသတဲ့။ ကောင်းရော)
ကျွန်တော်ကတော့ ကျွန်တော်ဉာဏ်မီသလောက်ကလေး အခြေခံပြီး ဘက်ကက်ရေးတာတွေနဲ့ သူ့အတွေးအခေါ်တွေကို သဘောကျတာပါ။ ကျွန်တော်က အကြောင်းအကျိုးဆက်နွယ်မှုကို တရားသေလက်ခံတဲ့ အမြင်မရှိဘူး။ ဒါဆိုရင် ဒီလိုဖြစ်ရမယ်ဆိုတာမျိုးကို မကြိုက်လှဘူး။ ဒီတော့ ဘက်ကက်ရဲ့ အရေးအသားတွေထဲက ဆက်နွယ်မရှိခြင်းသဘောတွေကို ကြိုက်တယ်။ ဂေါ့ဒိုးထဲမှာ ဆက်စပ်ဖြစ်ပေါ်နေခြင်းကို သိမှတ်ခံစားနားလည်နိုင်တဲ့ အပိုင်း (အင်္ဂလိပ်လိုတော့ လွယ်လွယ်ပြောရရင် Sense of continuity ပဲ) မပါသလောက်ပဲ။ ဘ၀မှာဖြစ်ပျက်နေတာတွေဟာ အလေ့အကျင့် (အလေ့အထ) ဆိုတာတွေပဲ ဆိုတဲ့၊ ဘက်ကက်ရဲ့ အမြင်မျိုးကို သဘောတူတယ်။ သူ့စကားနဲ့ ပြောရရင်တော့ Habit is a compromise effected between the individual and his environment ဆိုတာမျိုး။ Breathing is a habit. Life is a habit ဆိုတာမျိုးတွေကို လက်ခံတယ်။ ဒါကြောင့် ဘက်ကက်ရဲ့ ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း Waiting for Godot လိုပဲ Endgame ဆိုတဲ့ ပြဇာတ်ကိုလည်း ကြိုက်တယ်။ ဂေါ့ဒိုးမှာက လာမယ်ဆိုတာကိုပြောထားပြီး ပေါ်မလာဘူး။ Endgame မှာက သွားမယ်ဆိုတာ ပြောထားပြီး မသွားဘူး။ နောက်တစ်ချက်က ဘက်ကက်ရဲ့ အရေးအသားထဲက ဇာတ်လမ်းတွေဟာ အတိတ်က ဂေါ့ဒိုးထဲမှာ ဇာတ်ကောင်တွေဟာ အတိတ်ပျောက်နေခဲ့ကြတာ။ ဒီတော့ အတိတ်ရဲ့ ရှိနေခြင်းကို အတင်း(ရှာကြံပြီး) ဖော်ပြောနေကြရတယ်။ Endgame ထဲမှာ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ဟယ်(မ)က မေးတယ်။ `မနက်ဖြန်ဆိုတာ ဘာအဓိပ္ပာယ်လဲ´ တဲ့။ ဒီတော့ နောက်ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ကလော့(ဗ)က ဒေါသထွက်ထွက်နဲ့ ဖြေတယ်။ `အဓိပ္ပာယ်ကတော့ အဲဒီ သောက်သုံးမကျတဲ့နေ့၊ ကြာတော့ ကြာခဲ့ပြီ။ အခုလို သောက်သုံးမကျတဲ့နေ့ မတိုင်ခင်က´ တဲ့။
ဘက်ကက်ရဲ့ ပြဇာတ်တွေဟာ တစ်နည်းအားဖြင့် အရေးအသားမှာပဲ တည်နေနိုင်တဲ့ ပြဇာတ်မျိုး။ ဆိုလိုတာက စင်တင်ကပြ အသုံးတော်ခံချင်ခံ၊ မခံချင်နေ။ စာလုံးစကားလုံးသက်သက်အနေနဲ့ ဖတ်ပြီး အရသာခံနိုင်တဲ့ အနေအထားမှာ တည်နေနိုင်တယ်။ ပြောရရင်တော့ ကပြအသုံးတော်ခံရာစင်ဟာ ဖန်တီးရေးသားထားတဲ့ အရေးအသားပဲ။ ဘက်ကက်က ပုံရိပ်ဖော်နိုင်ဖို့ ပုံရိပ်ပြရာမှာ ပုံသေစံကိုက်(ခိုင်ခိုင်မာမာ) ပုံရိပ်ကို ဖော်လေ့မရှိဘူး။ ဥပမာ ဂေါ့ဒိုးထဲက သစ်ပင်ကိုပဲကြည့်။ အဖွင့်မှာကတည်းက သစ်ပင်ရဲ့ ရှိနေခြင်းကို ရေးသားပြထားခဲ့တယ်။ ဒါပေတဲ့ (ပုံဆောင်ပြတဲ့) သင်္ကေတတစ်ခု ဖြစ်မလာစေခဲ့ဘူး။ ဒါပေတဲ့လည်း သူ့ဇာတ်ကောင်တွေဟာ သစ်ပင်အကြောင်း၊ သစ်ရွက်တွေအကြောင်း ထည့်ပြောလေ့ရှိတယ်။ တစ်ခုရှိတာက သစ်ပင်တွေဟာ၊ နောက်ထပ်သီးခြားအနက် (မြှုပ်နှံထားတဲ့အနက် Allegorical meaning ကိုဆိုလိုတာ) ရှိမနေဘူး။ ဒါပေတဲ့ အရေးအသားရဲ့အတွင်းမှာ ဆက်စပ်လှုပ်ရှားမှုတွေ ရှိနေတယ်။ ဒါကြောင့် ဂေါ့ဒိုးရဲ့ ဒုတိယအပိုင်းမှာ သစ်ပင်အကြောင်း အတော်ကလေး ပြောလာကြတယ်။ ဒီတော့လည်း သစ်ပင်ဟာ သစ်ပင်ဖြစ်နေပေမယ့် သစ်ပင်ဟာ သစ်ပင်ပဲရယ်လို့ တစ်ခုတည်းကိုပဲ ကိုယ်စားပြုခြင်းတာလား ဆိုတာ။ တွေးစရာ ဖြစ်လာတယ်။ ဒီအကြားထဲ ဗလယ်ဒီမြေနဲ့ အက်စတြာဂေါန်တို့ နှစ်ယောက်သားခမျာ၊ သစ်ပင်ဟာ သစ်ပင်ပဲလား။ ခြုံပုတ်လား၊ သစ်ပင်အပုကလေးပဲလား ဆိုတာတောင် မသေချာတော့ဘူး။ ဆိုလိုတာက သစ်ပင်ရဲ့ ရှိနေခြင်းကို အစဦးကတည်းက ဖော်ပြထားတာ မှန်ပေတဲ့၊ ဖတ်နေသူရဲ့ သိမှုလှုပ်ရှားနေခြင်းအတွင်းမှာ သစ်ပင်ဟာ မရေရာတော့ဘူး။ စင်တင်ပြကာမှ ပုံပေါ်တာ မဟုတ်ဘူး။ စာလုံး/စကားလုံးတွေနဲ့ပဲ ပုံဖော်လို့ရလာတယ်။ ဒီတော့ ဘက်ကက်ရဲ့ပြဇာတ်တွေဟာ စင်တင်ချင်တင်၊ မတင်ချင်နေ၊ အရေးအသားသက်သက်ကိုက ဖတ်တဲ့သူအဖို့တော့ ဘာသာစကားနဲ့ အသုံးတော်ခံရာ စင်ပဲ။
ရေးမယ်ဆိုရင်တော့ ဂေါ့ဒိုးအကြောင်းက ရေးစရာတွေ များတယ်။ အခု ကျွန်တော်ရေးချင်တာက မမျှော်လင့်ဘဲ ဂေါ့ဒိုးဟာ ကျွန်တော့်ဘ၀ထဲ ပြန်ရောက်လာတဲ့ အကြောင်းပဲ။ မမျှော်လင့်ထားတဲ့ နေရာမှာ မမျှော်လင့်ဘဲ ပေါ်လာတာ။ ပေကျင်းကို ပြန်ရောက်တော့ ဒကာမကြီးက ပြောတယ်။ ညနေကျရင် ကျွန်မကို ကျွန်မမိတ်ဆွေတွေက ထမင်းကျွေးမလို့။ သမီးနဲ့ သွားမယ်။ ရှင့်ကိုတော့ သူ့ယောက်ျားက လာခေါ်လိမ့်မယ်။ ကောင်ကလေးက သူ့မိတ်ဆွေတချို့နဲ့ ရှင့်ကို တွေ့ပေးချင်လို့တဲ့။ ဘာဖြစ်လို့ သူက သူ့မိတ်ဆွေတွေနဲ့ တွေ့ပေးချင်ရတာလဲလို့ မေးလိုက်မိတယ်။ ဒကာမကြီးက ပြောတယ်။ ရှင်တယ်လီဖုန်းဆက်တုန်းက ကျွန်မ သူတို့နဲ့ နေ့ခင်းစာ စားနေကြတာ။ ကျွန်မလည်း ရှင်ပြောတာကို ပြောလိုက်တော့ ကောင်ကလေးက အတော်အံ့သြသင့်သွားတယ်။ အံ့သြသင့်သွားတာက ရှင်က ဘက်ကက်တို့ ဂေါ့ဒိုးတို့အကြောင်း သိတယ်ဆိုလို့ပဲ။ ရှင်က သူတို့အပေါ်ထင်သလို၊ သူကလည်း ရှင့်ကို အဲဒီလိုပဲ ထင်တာတဲ့။ ဒီတော့လည်း ဘာမျှ မပြောသာဘူး။ ခုကာမှ အက်စထြာဂေါန်တို့ လူသိုက်အကြားရောက်သွားရတဲ့ ကောင်ကလေးတစ်ယောက်လို ဖြစ်သွားမိတယ်။ အက်စထြာဂေါန်ပြောတဲ့ စကားတစ်ခွန်းကိုလည်း သတိရလိုက်မိတယ်။ `တို့တတွေဟာ မွေးကတည်းက ရူးလာခဲ့ကြတာ။ တချို့ကတော့ ဆက်ပြီး ရူးနေကြတုန်းပဲ´ ဆိုသလိုပဲ ဖြစ်လိမ့်မယ်။
ညနေကျတော့ ကောင်ကလေး လာခေါ်တာနဲ့ လိုက်သွားတယ်။ ပေကျင်းရဲ့ အရှေ့မြောက်ဘက်နားဆီက စန်လီထွန်းရပ်ကွက်ထဲက ဆိုင်ကလေးတစ်ဆိုင်မှာ၊ သူတို့ စားသောက်နေကျဆိုင်ကလေး ဖြစ်ပုံရတယ်။ စန်လီထွန်းရပ်ကွက်က သံတမန်တွေ၊ နိုင်ငံခြားသားတွေ များတယ်။ အရက်ကောင်းကောင်းရတယ်။ စားပွဲထိုးတွေက စားသောက်တဲ့လူတွေရဲ့ အကြောသိတယ်။ ကောင်ကလေးသူငယ်ချင်းတွေက သူတို့ကျောင်းနေဘက်တွေ၊ သူနဲ့ တခြားတစ်ယောက်က ဗိသုကာ။ နောက်နှစ်ယောက်က အင်ဂျင်နီယာ၊ ကောင်မကလေးတစ်ယောက်က ဆရာဝန်၊ တစ်ယောက်က စိတ်ပညာရှင်။ နောက် ကောင်မလေးတစ်ယောက်ကတော့၊ ဘာ သုတေသနပညာရှင်ဆိုသလားပဲ။ သူတို့တစ်တွေက အနောက်ဘက်က စာ `အခန့်´ `အလေး´ ကြိုက်တွေ။ ဘက်ကက်အပြင် ဘောရဂဲ Jorge Luis Borge ၊ ဆာထာ Sartre တွေကိုလည်း ဖတ်ကြတယ်။ တရုတ်စာရေးဆရာကြီးတွေကိုလည်း အတော်ဖတ်တယ်။ ကျွန်တော်လည်း ဖတ်ဖူးဖတ်စ နည်းနည်းပါးပါး ရှိထားတော့ ဟန်ကျသွားတယ်။ သူတို့နဲ့ စကားပြောရင်း ကျွန်တော် မြန်မာလိုပြန်ရေးဖူးတဲ့ ဘောလ်ဇက်နဲ့ အပ်ချုပ်သမကလေး စာအုပ်ထဲက `လေးလုံး´ တို့ လူသိုက်ကို သတိရလိုက်မိတယ်။ ယဉ်ကျေးမှုတော်လှန်ရေး ကာလကြီးထဲမှာ တောကြိုတောင်ကြား ရောက်နေတာတောင် စာကောင်းပေကောင်းဖတ်ဖို့ ချဉ်ခြင်းတမိကြတဲ့ လူတွေ။ ခုခေတ်ကတော့ သူတို့အတွက် မျှော်လင့်မထားခဲ့တဲ့ ခေတ်တစ်ခေတ်၊ ကာလတစ်ခု။ ရုပ်ပိုင်းဆိုင်ရာ တပ်မက်နိုင်စရာတွေဟာ အလျှံအပယ်။ ဒါပေမဲ့ လူငယ်တချို့မှာ သိမှုအခြေခံ သိမှတ်ခံစားနိုင်မှု တစ်စုံတရာကို ရှာနေကြတုန်းပဲ။ သီးခြားပုဂ္ဂလိကဘ၀ထဲမှာ ခံစားနိုင်တာတွေကို ကြိုးစားခံစားကြည့်နေကြတုန်းပဲ။ ရုပ်ပိုင်းဆိုင်ရာ တပ်မက်စရာတွေအပေါ်မှာချည်း တွယ်တာတပ်မက်မှု မရှိကြတော့တာ ချီးကျူးစရာပဲ။ ဘက်ကက်နဲ့ပတ်သက်လို့ အတော်ကလေး ပြောဖြစ်ကြတယ်။
ဟိုတယ်ကို ကျွန်တော်ပြန်ရောက်တော့ ညတစ်နာရီကျော်ပြီ။ လမ်းမှာ သူတို့အသိအမြင်နဲ့ ကိုယ့်မြေကိုယ့်ရေမှာ သိခဲ့ရတဲ့ အသိအမြင်ကို ယှဉ်ပြီးကြည့်မိတယ်။ လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ လူငယ် (လူလတ်ပိုင်း) တစ်သိုက်လောက်ပဲ စာပေအနုပညာ စတာတွေအပေါ်မှာ သာယာတာတွေ့ခဲ့ရတော့ စိတ်မကောင်းဘူး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ပညာတတ်တွေဆိုတာက သူ့ကိစ္စနဲ့သူ။ စည်းမရှိကမ်းမရှိ လွတ်လပ်မှုအောက်မှာ ပိုက်ဆံရဖို့ကပိုပြီး အရေးကြီးနေကုန်ကြပြီ။ ဟိုတုန်းကတောင် စာပေဘက်ကို တကယ်အားသန်တယ်ဆိုတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ပညာတတ်တွေဆိုတာကို လက်ချောင်းစီပြီး ရေကြည့်လို့ရသေးတယ်။ ခုတော့ အရာရာဟာ ပိုက်ဆံ၊ အရာရာဟာ အာဏာ၊ အရာရာဟာ လေထဲဖြီးစရာ၊ အရာရာဟာ အရာရာပေါင်းမြောက်မြားစွာအတွင်းမှာ မကုန်မခမ်းနိုင်အောင်။ ဒီတော့လည်း ဂေါ့ဒိုးထဲမှာ ဗလယ်ဒီမြေနဲ့ အက်စထြာဂေါန်ပြောတဲ့ စကားတွေကို သတိရလိုက်မိလာတယ်။
ESTRAGON : In the meantime let us try and converse calmly, since we are incapable of keeping silent.
VALDIMIR : You are right, we are inexhuastible.
ESTRAGON : It's so we won't think.
VALDIMIR : We have the excuse.
ESTRAGON : It's so we won't hear.
VALDIMIR : We have our reasons.
ESTRAGON : All the dead voices.
VALDIMIR : They make a noise like wings.
ESTRAGON : Like leaves.
VALDIMIR : Like sand.
ESTRAGON : Like leaves.
VALDIMIR : They all speak together.
ESTRAGON : Each one to itself.
[Silence]
အထိန်းအကွပ်မဲ့ လွတ်လပ်မှုကြီးဟာ မမျှော်လင့်ဘဲ ရောက်လာတာလား။ မျှော်လင့်ထားတဲ့ အတိုင်း ရောက်လာတာလား။ အဖြေကတော့ တစ်နေရာရာမှာ ရှိမှာပဲ။ အထိန်းအကွပ်မဲ့ လွတ်လပ်ခြင်းဟာ အရာရာအတွက် အဖြေလား။ ဒါကိုတော့ အဖြေပေးနိုင်ကြမှာပဲ။ ကာလတရားနဲ့အတူ လိုက်ပါလုပ်စားနိုင်တဲ့ လူတွေအတွက်တော့ ဒါဟာ အဖြေပဲ။ သြဇာရှိတယ်၊ အာဏာရှိတယ်၊ ပိုက်ဆံရှိတယ်။ ဒီပြင် ရုပ်ပြဈေးသည်အတွက်တော့ အဖြေကောင်းပဲ။ အထိန်းအကွပ်မဲ့ လွတ်လပ်ခြင်းဟာ ခင်ဗျားတို့ မျှော်လင့်ထားကြတဲ့ အတိုင်းပဲလို့ပြောနိုင်တယ်။ နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်းမှုတစ်ခု လုပ်ချင်သူတွေရဲ့ မျောက်ပြဆန်တောင်းစီမံကိန်းအရ ပြောရင်တော့လည်း အောင်ပွဲပဲ။ မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေရတဲ့ လူတွေအတွက်ကတော့ မျှော်လင့်နေရဦးမှာပဲ။ လူငယ်တစ်သိုက်နဲ့ စကားပြောပြီး၊ ဟိုတယ်ပြန်ခါနီးမှာ နှုတ်ဆက်စကားပြောနေကြတုန်း ဆရာဝန်မကလေးပြောလိုက်တဲ့ စကားတစ်ခွန်းကို ကျွန်တော် သတိရလာလိုက်မိတယ်။ `မျှော်လင့်နေရသေးတယ်ဆိုတာက မျှော်လင့်စရာမရှိတော့ဘူး ဆိုတာထက်တော့ ကောင်းသေးမလားပဲ´တဲ့။ ။
~မြင့်သန်း
သြဂုတ်လ ၂၀၁၂၊ နွယ်နီ
Image Credit: http://thekidneydoctor.org

Comments
Post a Comment