Skip to main content

ထွက်ပေါက်မရှိ

`ထွက်ပေါက်မရှိ´ (No Exit) သည် ငရဲပြည်ရှိ အခန်းတစ်ခုအတွင်းမှ လူသုံးဦးအကြောင်း ဇာတ်လမ်းဖြစ်ပါသည်။ ကမ္ဘာမြေပေါ်မှ လူများ၏ မေ့လျော့ခြင်း ခံရပြီးသည်နှင့် တစ်ပြိုင်နက် သူတို့အဖို့ မိမိကိုယ်ကိုယ် အဓိပ္ပာယ်သတ်မှတ်ခွင့် ရရှိလာခဲ့သည်။ သို့ရာတွင် အခန်းတွင်းတွင် တစ်ဦးတည်းမဟုတ်ဘဲ လူသုံးယောက်ရှိနေသည့်အတွက် ထိုသို့အဓိပ္ပာယ်သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။ တစ်ဦးတစ်ယောက်က မိမိကိုယ်ကိုယ် အဓိပ္ပာယ်သတ်မှတ်ရန် ကြိုးစားတိုင်း အခန်းတွင်းရှိ အခြားလူနှစ်ဦးက သူတို့ သိသလိုမြင်သလို ထိုသူကို အဓိပ္ပာယ်သတ်မှတ်လိုက်သည်ကို တွေ့ရသည်။ လူ့ပြည်တွင်ပြုလုပ်ခဲ့သည့် ဒုစရိုက်များလုံးကို အိတ်သွန်ဖာမှောက် ၀န်ခံခြင်းအားဖြင့်လည်း အကျိုးမထူးပေ။ (လူ့ပြည်တွင်ပြုလုပ်ခဲ့သည့်) သူတို့၏ လုပ်ရပ်များက သူတို့အား ထာဝရမပြောင်းလဲနိုင်သော အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခု တံဆိပ်ကပ်ပေးလိုက်ပြီး ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ အဆုံးတွင် သူတို့သုံးဦးသည် မချစ်မနှစ်သက်သောသူများနှင့် ထာဝရ နေထိုင်သွားကြရပြီး ဤသည်က ယန်းပေါဆာ့ထ်၏ ထင်ရှားသော ကောက်ချက် `ငရဲဟူသည် တစ်ပါးသောလူများ´ ဟူသော စကားဆီ ရောက်ရှိစေခဲ့လေသည်။



အဓိကဇာတ်ကောင်များ


  • ငရဲကြပ်             - ငရဲတွင် ဒဏ်ခံရသူများအား စောင့်ကြည့်သူ။
  • ဂျိုးဆက်ပ် ဂါစင်     - (လူ့ပြည်တွင်) စစ်တပ်မှ ထွက်ပြေးမှုကြောင့် သေနတ်ဖြင့် ပစ်သတ်ခံရသော စာပေနှင့်သတင်းသမား။ ငရဲတွင်သော်မှ သူ၏ သွေးကြောင်မှုမှ မလွတ်မြောက်နိုင်သူ။
  • အိုင်နက်ဇ် ဆာရာနို     - (လူ့ပြည်တွင်) စာတိုက်စာရေးမဖြစ်ပြီး အတူနေ မိန်းကလေးချစ်သူနှင့်အတူ မိမိကိုယ်ကိုယ်သတ်သေခဲ့သူ။ ထိုမိန်းကလေးချစ်သူ၏ ခင်ပွန်းနှင့်လည်း ငြိစွန်းခဲ့သူ။
  • အက်စ်တယ်လ် ရီဂေါ့ထ်     - (လူ့ပြည်တွင်) သူမထက် အသက်သုံးဆကြီးသော လူအိုတစ်ဦးနှင့် လက်ထပ်ပြီးနောက် လူငယ်တစ်ယောက်နှင့် ချစ်ကျွမ်းဝင်မိပြီး ကိုယ်ဝန်ရှိခဲ့သူ။ ထို့နောက်တွင် ချစ်သူနှင့်ရသည့် ကလေးအား ရေနှစ်သတ်ခဲ့ပြီး သူ့ချစ်သူက ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ကာ သတ်သေပြီးနောက် သူကိုယ်တိုင်လည်း အဖျားပိုးဝင်ကာ သေဆုံးခဲ့။

အကျဉ်းချုပ်


ပြဇာတ်တစ်ခုလုံးသည် အပြတ်အတောက်မရှိ အဆက်မပြတ် စီးဆင်းသွားပြီး ငရဲပြည်၏ ပန်းချီဆွဲခန်းတစ်ခုအတွင်း ဖြစ်ပွားနေသော အကြောင်းအရာများကို ဇာတ်အိမ်ဆင်ထားခြင်း ဖြစ်ပါသည်။ ဂါစင်အား ငရဲကြပ်က အခန်းတွင်းသို့ ခေါ်ဆောင်လာပြီးနောက် ချက်ချင်းဆိုသလို ဂါစင်က အခန်းအား ပြုပြင်ထားပုံကို ပြစ်တင်ခဲ့၏။ သို့ရာတွင် သူက နှိပ်စက်ရေးကိရိယာများ မရှိသည့်အတွက်မူ အံ့သြကြောင်းလည်း ၀န်ခံခဲ့သည်။ ထို့နောက်တွင်သူက ပြတင်းပေါက်၊ မှန်၊ ရေချိုးခန်းနှင့် ကုတင်များလည်း မရှိကြောင်း ပြောသည်။ တကယ်တော့ ငရဲတွင် စားရန်၊ အိပ်ရန်၊ တစ်ပိုတပါးနှင့်ကိုယ်လက်သန့်စင်ရန် မလိုအပ်ပေ။ သူ့အနေဖြင့် မျက်လုံးမှိတ်ခြင်း၊ မျက်တောင်ခတ်ခြင်းများပင် မပြုလုပ်နိုင်ပေ။ အလင်းရောင်က အဆက်မပြတ် ထွန်းလင်းနေသည်။ ငရဲကြပ်ထွက်သွားပြီးနောက် ဂါစင်က အချက်ပေးခေါင်းလောင်းကို ခလုတ်ကိုနှိပ်ကြည့်သော်လည်း အသံထွက်မလာ၊ ထို့အတူ ငရဲခန်းတံခါးကိုလည်း ဖွင့်မရပေ။

မိနစ်အနည်းငယ်ကြာပြီးနောက် ငရဲကြပ် ပြန်ရောက်လာခဲ့သည်။ သူနှင့်အတူ အိုင်နက်ဇ် ပါလာသည်။ သူမက ငရဲကြပ်ကို ဘာတစ်ခုမျှ မမေး။ သို့ရာတွင် ငရဲကြပ်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဂါစင်အား နှိပ်စက်သူအထင်ဖြင့် (သူမ၏ မိန်းကလေးချစ်သူ) ဖှလောရင့်စ် ဘယ်ရောက်နေလဲဟု မေးမြန်းသည်။ ဂါစင်က သူသည် သတင်းသမားတစ်ဦးဖြစ်ကြောင်း ပြောကြားပြီးနောက်၊ သူမနှင့် ဘ၀တူမှန်း အိုင်နက်ဇ်က အလျင်အမြန် သိရှိသွားခဲ့သည်။ သူတို့နှစ်ဦးလုံးအနေဖြင့် တစ်ဦးတည်းသာ နေလိုသော်လည်း တစ်ဦးနှင့်တစ်ဦး ရှောင်မရအောင် အခန်းတစ်ခုတွင်း ပိတ်မိနေပြီဖြစ်ကြောင်း သိရှိခဲ့ရတော့၏။ ဂါစင်က တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးကြည်ဖြူစွာ ဆက်ဆံကြရန် အဆိုပြုသော်လည်း အိုင်နက်ဇ်က သူမသည် ယဉ်ကျေးဖော်ရွေသူတစ်ဦး မဟုတ်ကြောင်း ချက်ချင်း တုန့်ပြန်ခဲ့သည်။ မကြာခင်ပင် သူမက ဂါစင်၏နှုတ်ခမ်းများ ဆတ်ခနဲတွန့်ပုံကို စတင်ဝေဖန်တော့သည်။

ငရဲကြပ် ပြန်ရောက်လာပြီး သူ့တာဝန်ကို အဆုံးသတ်သည့်အနေဖြင့် အက်စ်တယ်လ်ကို အခန်းတွင်းသို့ ခေါ်ဆောင်လာသည်။ အိုင်နက်ဇ်ကို စိတ်အနှောင့်အယှက် မပြုမိစေရန် ဂါစင်က သူ့မျက်နှာကို လက်ဖ၀ါးဖြင့် အုပ်ထားသည်။ ဤတွင် အက်စ်တယ်လ်က သူ့တွင် မျက်နှာမရှိဟု ချက်ချင်း မှတ်ချက်ပြုလိုက်သည်။ သို့သော် မကြာခင်ပင် ဂါစင်၏ ရုပ်သွင်မှာ ပုံမှန်ပင်ဖြစ်ကြောင်း တွေ့ရှိလာခဲ့သည်။ ထို့နောက်တွင် သူမက အခန်းတွင်းရှိ ဆိုဖာခုံများသည် သူမ၏ ၀တ်စုံအရောင်နှင့် လိုက်ဖက်မှုမရှိဟု အပြစ်တင်သည်။ ထို့နောက် သူမသည် အဖျားပိုးဝင်ပြီးသေဆုံးခဲ့ကြောင်း အခြားလူများကို ပြောသည်။ အိုင်နက်ဇ်က ဂတ်စ်မီးဖိုဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ပြော၏။ ဂါစင်က ရင်ဘတ်အတွင်းသို့ ကျည်ဆန်ဆယ့်နှစ်တောင့် ရောက်အောင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ပြော၏။ ထို့နောက်တွင် ဂါစင်က အခန်းတွင်းတွင် ပူအိုက်လာသည်ကို သတိပြုမိပြီး သူ့ကုတ်အင်္ကျီကို ချွတ်သည်။ အက်စ်တယ်လ်က အမြင်မတင့်ကြောင်း ကန့်ကွက်သဖြင့် ပြန်ဝတ်လိုက်ရပြန်သည်။ ပြီးနောက် ကမ္ဘာတွင်ကျန်ခဲ့သည့် ဆွေမျိုးနှင့်မိတ်ဆွေများ ဘာလုပ်နေသနည်းဆိုသည့်အကြောင်း ဆွေးနွေးကြရင်း သူတို့ အချိန်ဖြုန်းကြသည်။ (ကမ္ဘာတွင် ကျန်ရစ်ခဲ့သူများကို သူတို့ မြင်နေကြရသည်) မကြာခင်ပင် အဘယ်ကြောင့် သူတို့သုံးဦးအား အခန်းတစ်ခုအတွင်း အတူတူထားရသနည်းဟူသော မေးခွန်းဆီ ရောက်လာသည်။ သေဆုံးသည့် အချိန်အရ တိုက်ဆိုင်သွားခြင်းသာဖြစ်မည်ဟု ဂါစင်က ထင်သည်။ သူတို့တစ်ဦးနှင့်တစ်ဦး လူ့ပြည်တွင် သိခဲ့ကြသလားဟု အဖြေရှာကြပြန်သည်။ အနည်းဆုံး အတူတူသိကြသည့် မိတ်ဆွေအသိအကျွမ်းများ ရှိသလား စဉ်းစားကြသည်။ သို့ရာတွင် လုံးဝမရှိကြောင်း တွေ့ရ၏။ ဤတွင် အခန်းအားစီမံထားပုံနှင့်အတူ သူတို့အတူတူ တည်ရှိနေရခြင်းသည် ရည်ရွယ်ချက်တစ်ခုအတွက် စနစ်တကျ ဖန်တီးထားခြင်းသာဖြစ်သည်ဟု သူတို့သုံးဦးသား သဘောပေါက်လာခဲ့ကြသည်။ သို့ရာတွင် မည်သို့သော ရည်ရွယ်ချက်မှန်းကိုမူ အတိအကျ အဖြေရှာမရ။ တစ်ဦးချင်းစီသည် အခြားနှစ်ဦးက နှိပ်စက်ရမည့် ငရဲသားဖြစ်နိုင်သည်ဟု သူတို့ သင်္ကာမကင်းရှိကြ၏။ သို့ရာတွင် မည်သို့မည်ပုံဖြစ်သည်ကိုမူ သူတို့ မှန်းဆကြည့်၍ မရပေ။

ထို့နောက်တွင် ငရဲကျစေရန်အတွက် လူ့ပြည်တွင် သူတို့ လုပ်ခဲ့မိသည့် အပြစ်များကို အချင်းချင်းဝေမျှရန် ဆုံးဖြတ်ခဲ့ကြသည်။ အက်စ်တယ်လ်က သူမသည် ကလေးဘ၀ကပင် မိဘမဲ့တစ်ဦးဖြစ်ကြောင်း စပြောသည်။ ထို့နောက်တွင် သူမ၏ မောင်လေးအား ပြုစုထောက်ပံ့နိုင်ရန် သူမထက် အသက်များစွာကြီးသော လူတစ်ယောက်ကို လက်ထပ်ခဲ့သည်။ လက်ထပ်ပြီး ခြောက်နှစ်ခန့် ကြာပြီးနောက် သက်တူရွယ်တူ အမျိုးသားတစ်ယောက်နှင့် သူမ တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့သည်။ ထို့နောက်တွင် အဖျားပိုးဝင်ပြီး သူမ သေဆုံးခဲ့သည်ဟု ဆိုသည်။ သူသည် ပစ္စိဖိတ်သတင်းစာ၏ စာတည်းတစ်ဦးဖြစ်ကြောင်း ဂါစင်က အမျိုးသမီးများကို ပြောပြ၏။ သူက စစ်တွင်းကာလတွင် စစ်တပ်၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်ဟု ၀န်ခံသည်။

ဤအခြေအနေတွင် တစ်ဦးနှင့်တစ်ဦး ထာဝရနှိပ်စက်နေခြင်းမှ ရှောင်ရှားနိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ကိုယ့်အတွေးနှင့်ကိုယ် ဆိုဖာပေါ်ထိုင်ရင်း၊ နှုတ်ဆိတ်နေခြင်းသာဖြစ်မည်ဟု သူတို့ တစ်ညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ သို့ရာတွင် ထိုကိစ္စသည် မိန်းမများအဖို့မူ မဖြစ်နိုင်ပေ။ မကြာမီပင် အိုင်နက်ဇ်က သီချင်းတစ်ပုဒ်ကို စတင်ညည်းဆိုသည်။ အက်စ်တယ်လ်က တို့ပတ်တို့ပြီး ဂါစင့်ကို မှန်သဖွယ်သဘောထားပြီး ကြည့်ကောင်း,မကောင်း မေးမြန်းသည်။  အိုင်နက်ဇ်က သူမတွင် မှန်ရှိကြောင်းပြောပြီး အက်စ်တယ်လ်ကို ပေးရန်ကြိုးစားသော်လည်း သူမပိုက်ဆံအိတ်ထဲတွင် မှန်ကို မတွေ့ရတော့ပေ။ ထို့နောက်တွင် သူမက အက်စ်တယ်လ်၏ မှန်အဖြစ် ပြောပြပေးမည်ဟု ကမ်းလှမ်း၏။ အက်စ်တယ်လ်၏ နှုတ်ခမ်းနီကို သပ်သပ်ရပ်ရပ်ဖြစ်စေရန် ကူညီ၏။ သို့ရာတွင် အက်စ်တယ်လ်အနေဖြင့် အိုင်နက်ဇ်ကို ယုံသင့်မယုံသင့် ဝေခွဲမရဖြစ်ရပြန်သည်။ အမှန်တော့ လူတစ်ကိုယ်အကြိုက်တစ်မျိုးသာဖြစ်သည်ဟု သူမက တွေးသည်။ ပြီးနောက်တွင် အိုင်နက်ဇ်က အက်စ်တယ်လ်ကို စတင်ကျည်စယ်တော့သည်။ အစတွင် ၀က်ခြံပေါက်နေသည်ဟု စပြောသည်။ သူမ၏အလှကို အသိအမှတ်ပြုမည့်သူ အခန်းထဲတွင်မရှိခဲ့လျှင်၊ သူမကို အခန်းတွင်းရှိလူများက လျစ်လျူရှုခဲ့လျှင် မည်သို့လုပ်မည်နည်းဟု ခနဲ့သည်။ တစ်ဖန် အက်စ်တယ်လ်သည် ဂါစင်အား ဖြားယောင်းနေသည်ဟု သူမက စွပ်စွဲသည်။ ဂါစင်ကိုယ်တိုင်ကလည်း အက်စ်တယ်လ်အပေါ် လုံးဝစိတ်ဝင်စားခြင်းမရှိဟု (ဟန်လုပ်ပြီး) ထုတ်ဖော်ပြောဆိုသည်။ ထိုအချက်က အက်စ်တယ်လ်ကို အသည်းခိုက်အောင် အထိနာစေသည်။ ဂါစင်က နှုတ်ဆိတ်သွားပြန်သည်။ သို့ရာတွင် ခဏသာခံပြီး အိုင်နက်ဇ်က စကားစသည်။ တစ်ဦးနှင့်တစ်ဦး လျစ်လျူရှုထားခြင်းသည် မဖြစ်နိုင်ကြောင်း ကန့်ကွက်သည်။ ဂါစင်လည်း လက်မြှောက်ရတော့သည်။ သူက အက်စ်တယ်လ်၏ ဂုတ်သားများကို ပွတ်သပ်လိုက်သော်လည်း သူမက သူ့လက်ကို ဖယ်ချလိုက်သည်။

ထို့နောက်တွင် ဂါစင်က အမျိုးသမီးနှစ်ဦးကို လူ့ပြည်တွင်ဖြစ်ခဲ့သော ဖြစ်ရပ်များအကြောင်း တစ်လုံးတစ်ပါဒမျှ မကွယ်ဝှက်ဘဲ အမှန်အတိုင်းဝန်ခံကြရန် ထပ်မံသိမ်းသွင်းသည်။ အက်စ်တယ်လ်က သူမအနေဖြင့် အဘယ်ကြောင့် ငရဲကျရသနည်းကို နားမလည်ကြောင်း ဘူးခံပြီးနောက် ဂါစင်လည်း ယုံစပြုလာသည်။ ဂါစင့်အတွက်တော့ ငရဲကျရခြင်း အကြောင်းရင်းမှာ သူ့ဇနီးအား မဖွယ်မရာပြုမူခဲ့သောကြောင့်ဖြစ်သည်။ မယုံကြည်ရသော၊ ညစဉ် သောက်စားမူးယစ်ကာ အိမ်ပြန်ရောက်လာသော၊ ကပြားမလေးတစ်ဦးကို ငှားရမ်းပြီး သူ့ဇနီးသိသိနှင့်ပင် အတူအိပ်ခဲ့သော လင်ယောက်ျားဖြစ်သဖြင့် ငရဲကျရသည်ဟု သူက မှတ်ယူသည်။ အိုင်နက်ဇ်ကလည်း သူမ ၀မ်းကွဲအစ်ကို၏ ဇနီး၊ ဖှလောရင့်နှင့် ပွေလီခဲ့သည်များကို ထုတ်ဖော်ဝန်ခံသည်။ အိုင်နက်ဇ်သည် သူ့အစ်ကို လင်မယားနှင့်အတူ နေထိုင်ခဲ့ပြီး အစ်ကိုဖြစ်သူနှင့် အတူအိပ်ခဲ့သည်။ ထို့နောက်တွင် သူ့အစ်ကို၏ ဇနီး ဖှလောရင့်နှင့် လိင်တူချင်းချစ်ကြိုက်ပြီးနောက် အစ်ကိုက ရထားလမ်းပေါ် ခုန်ချပြီး သတ်သေသွားခဲ့သည်။ နောက်လအနည်းငယ် ကြာပြီးနောက်၊ ညသန်းခေါင်ယံတွင် ဖှလောရင့်က ဂတ်စ်မီးဖိုကို ဖွင့်ထားခဲ့ပြီး လိင်တူချစ်သူနှစ်ဦး အတူတကွ သေပွဲဝင်ခဲ့သည်။ အဖြစ်မှန်ကို ၀န်ခံရန် အခြားနှစ်ယောက်က ချော့မြူသဖြင့် နောက်ဆုံးတွင် အက်စ်တယ်လ်လည်း သူမ၏ အဖြစ်မှန်ကို ၀န်ခံခဲ့တော့သည်။ သက်ကြားအိုတစ်ဦးနှင့် လက်ထပ်ပြီးနောက်တွင် ရော်ဂျာဆိုသူ လူငယ်တစ်ဦးနှင့် တွေ့ဆုံချစ်ကြိုက်မိပြီး သူမတွင် ကိုယ်ဝန်ရလာခဲ့သည်။ သူတို့နှစ်ဦး ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ သူမက ကလေးကို မလိုချင်သဖြင့် မွေးပြီးနောက်တွင် ကျောက်တုံးနှင့်ချည်ပြီး ရေကန်ထဲ ပစ်ချခဲ့၏။ သူတို့နှစ်ဦး ပဲရစ်သို့ပြန်ရောက်ပြီး၊ အဖြစ်မှန်ကို သိရှိသွားသောအခါ ရော်ဂျာက ဦးခေါင်းကို သေနတ်ဖြင့်ပစ်ပြီး သတ်သေသွားခဲ့လေသည်။

သူမ၏ ဇာတ်ကြောင်းကို တသသပြန်ပြောနေရင်း အက်စ်တယ်လ်က လက်ရှိအခြေအနေကို မေ့သွားခဲ့သည်။ ဂါစင့်ကို ကုတ်အင်္ကျီချွတ်ခွင့် ပြုလိုက်သည်။ ဂါစင်က ယခုမှစ၍ သူတို့ တစ်ဦးနှင့်တစ်ဦး ဖေးဖေးမမဆက်ဆံကြမည်ဟု အဆိုပြုသည်။ ထိုအချိန်တွင် လူ့ပြည်ရှိ သူမ၏တိုက်ခန်းအတွင်းသို့ ပြန်ကြည့်နေသော အိုင်နက်ဇ်သည် သူမ၏ မြင်ကွင်းတွင် အမှောင်အတိကျသွားသည်ကို သိလိုက်ရလေသည်။ လူ့ပြည်တွင် ကျန်ရစ်ခဲ့သော လူများက သူမကို မေ့သွားသည်နှင့် သူမအနေဖြင့် ငရဲမှနေ၍ လူ့ပြည်ရှိမြင်ကွင်းများကို ပြန်ကြည့်နိုင်စွမ်းမရှိတော့ကြောင်း သိရှိခဲ့ရသည်။ ဂါစင်က အိုင်နက်ဇ်ကို အကူအညီတောင်းသော်လည်း အိုင်နက်ဇ်က ငြင်း၏။ အက်စ်တယ်လ်က ဂါစင့်အကူအညီကို ရယူလိုသော်လည်း ဂါစင်က အိုင်နက်ဇ်ကို လွှဲချပြန်သည်။ လူ့ပြည်တွင် ကျန်ခဲ့သော သူမ၏ အသိများကို ငုံ့ကြည့်နေသော အက်စ်တယ်လ်က အံကို တင်းတင်းကြိတ်ထားသည်။ သူမနှင့် ချိတ်တိတ်တိတ်ဖြစ်နေသည့် ဆယ်ကျော်သက်ကောင်ကလေး ပီတာသည် ရွက်ကြမ်းရည်ကြိုသာရှိသော အော်လ်ဂါမနှင့် တွဲကနေသည်ကို သူမ မလိုတမာ မြင်နေရသည်။ သို့ရာတွင် ထိုမြင်ကွင်းသည်လည်း သူမထံမှ ရုတ်တရက် ပြတ်တောက်သွားပြန်သည်။ လူ့ပြည်ရှိ လူတစ်ဦးတစ်ယောက်ကမျှ သူမကို သတိတရ စိတ်ထဲတွင် မရှိကြတော့ကြောင်း အက်စ်တယ်လ် ၀မ်းနည်းပက်လက် သိရှိခဲ့ရသည်။ ထို့နောက်တွင် အက်စ်တယ်လ်က ဂါစင်ဘက်လှည့်ပြီး သူမကို ထွေးပွေ့ထားရန် တောင်းဆိုသည်။ သို့သော် ဤတစ်ကြိမ်တွင်လည်း ဂါစင်က ငြင်းပယ်ပြီး အိုင်နက်ဇ်ကိုသာ ညွှန်ပြသည်။ အိုင်နက်ဇ်၏ တည်ရှိမှုကိုမူ အက်စ်တယ်လ်က လုံးဝထည့်မတွက်ပေ။ သို့နှင့်ပင် အက်စ်တယ်လ်က အိုင်နက်ဇ် မျက်နှာကို တံတွေးဖြင့်ထွေးလိုက်၏။ ဂါစင် အရှုံးပေးရပြန်ပြီး အက်စ်တယ်လ်ကို ထွေးပွေ့ပေးရန် အနားသို့ ကပ်သွားသည်။ ဤသည်ကို အိုင်နက်ဇ်က တူးတူးခါးခါး ကန့်ကွက်သည်။ အက်စ်တယ်လ်ကို နမ်းခါနီးတွင် သူ၏ရဲဘော်ဟောင်း ဂိုမက်ဇ်က လူ့ပြည်တွင် သူ့အကြောင်း မကောင်းပြောနေသည်ကို ကြားရသဖြင့် ဂါစင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ထို့ကြောင့် ဂါစင်က သူသည် `သွေးကြောင်သူ´ တစ်ဦး ဖြစ်သည့်အကြောင်း၊ စစ်တိုက်ရမည်ကို ကြောက်သည့်အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ သေရမည်ကို ကြောက်ဒူးတုန်သူ ဖြစ်သည့်အကြောင်းများကို အက်စ်တယ်လ်ထံသို့ ၀န်ခံလိုက်သည်။ အမျိုးသမီးနှစ်ဦး အနေဖြင့် သူတို့ကို လူ့ပြည်တွင် သတိရသူမရှိတော့သဖြင့် ပြန်လည်မျှော်ကြည့်၍ မရတော့သော်လည်း ဂါစင်ကမူ အကုန်ပြန်မြင်နိုင်စွမ်း ရှိနေဆဲဖြစ်သည်။ အကြောင်းမှာ လူ့ပြည်ရှိ ရဲဘော်ဟောင်းများက သူ့ကို သတိရနေဆဲဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် သူနှင့်ပတ်သက်၍ လူများသတိရနေဆဲ အကြောင်းမှာ သူ၏ `သွေးကြောင်မှု´ သာဖြစ်ပြီး၊ ဂါစင်ကမူ သူ့ကို ထိုသူများ ဤအကြောင်းကို မေ့သွားစေချင်သည်။ သူ့ကို ရဲရင့်သူတစ်ဦးဖြစ်သည်ဟု ပြောပေးပါဟု ဂါစင်က အက်စ်တယ်လ်အား တောင်းပန်သည်။ ထိုသို့ဖြစ်လျှင် သူ့အနေဖြင့် အက်စ်တယ်လ်အား ထာဝရ ချစ်သွားနိုင်သည်ဟုလည်း အခိုင်အမာဆို၏။ အက်စ်တယ်လ်ကမူ ဂါစင်ကို `ဘာပဲဖြစ်ဖြစ် ချစ်ပါမည်´ ဟုသာ ဆိုသည်။ ဤတွင် အိုင်နက်ဇ်က ၀င်ပြောပြန်သည်။ အက်စ်တယ်လ်သည် ယောက်ျားတစ်ယောက်၊ ထိုထက် `မည်သည့်ယောက်ျားတစ်ယောက်ကိုမဆို´ အလိုရှိနေသောကြောင့် လိမ်ညာခြင်းဖြစ်သည်ဟု ၀င်ထောက်သည်။ ထိုအချက်ကို အက်စ်တယ်လ်ကလည်း မငြင်းပေ။ သူမအနေဖြင့် (လူ့ပြည်ရှိ ယောက်ျားများက သူမကို မေ့လျော့သွားပြီဖြစ်သောကြောင့်) မည်သည့်ယောက်ျားကမဆို တစ်ဦးဦးက သူမကို ချစ်နေဖို့သာလိုသည်ဟု ၀န်ခံသည်။ ဤတွင် ဂါစင်သည် မကျေမချမ်းဖြင့် လှည့်ထွက်သွားသည်။ ငရဲကြပ် တံခါးလာဖွင့်ပေးရန် ဂါစင် ကြိုးစားကြည့်သည်။ တံခါးသာပွင့်လာခဲ့လျှင် ကျန်နှစ်ဦးကို ထားခဲ့ပြီး အခန်းတွင်းမှ ထွက်ခွာသွားမည်ဟု အခန်းတွင်းရှိလူအားလုံးက ဟန်တစ်လုံးပန်တစ်လုံး ပြောဆိုနေကြသည်။

ဂါစင်တံခါးကို ဆွဲလိုက်စဉ်တွင် ထင်မှတ်မထားဘဲ တံခါးက အလိုက်သင့် ပွင့်သွားခဲ့သည်။ သို့ရာတွင် သုံးဦးစလုံး တစ်ဦးတစ်ယောက်ကမျှ အပြင်ရောက်သည်အထိ မိမိခြေလှမ်းကို မသယ်နိုင်ခဲ့ကြပေ။ မြေကမ္ဘာတွင် ကျန်ရစ်ခဲ့သူများ၏ မှတ်ဉာဏ်တွင် မေ့လျော့ခံရပြီးသူများ ဖြစ်သည်နှင့်အညီ ယခုကဲ့သို့ အနည်းဆုံး ငရဲတွင်ဖြစ်ဖြစ် မိမိ၏ တည်ရှိမှုကို လက်ခံ အသိအမှတ်ပြုပေးမည့် တစ်စုံတယောက်ကို သူတို့ကိုယ်စီ လိုအပ်နေကြပြီ ဖြစ်ပါသည်။ အိုင်နက်ဇ်အနေဖြင့် ဂါစင့်ကို အသိအမှတ်ပြုရန် ငြင်းပယ်ကာ၊ သူသည် သွေးကြောင်သူတစ်ဦးဖြစ်သည်ဟု အမြဲသတိပေးနေသည်။ ဂါစင်သည် သွေးကြောင်သူဖြစ်ကြောင်း အိုင်နက်ဇ်က သိရှိနေသည်။ ကလဲ့စားချေသည့်အနေဖြင့် ဂါစင်က အက်စ်တယ်လ်ကို နမ်းသော်လည်း တကယ်တမ်းတွင် ထိုသို့ ပြုမူခြင်းကြောင့် မည်သို့မျှ အကြောင်းမထူးသည်ကို တွေ့ရ၏။ သူဘာကောင်လဲ (သွေးကြောင်သူ) ဆိုသည်ကို အိုင်နက်ဇ်သိရှိနေသမျှ အကြောင်းမထူးကြောင်း ဂါစင်ကိုယ်တိုင် အသေအချာ သဘောပေါက်ထားပြီး ဖြစ်ပါသည်။ အက်စ်တယ်လ်နှင့် ဂါစင် ချစ်ကြိုက်သွားမည့် အဖြစ်ကိုမူ အိုင်နက်ဇ်က အလိုမရှိပေ။ အက်စ်တယ်လ်အနေဖြင့်မူ ဂါစင်က သူမအား ချစ်ခင်လာနိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ အိုင်နက်ဇ်မရှိမှသာ ဖြစ်နိုင်မည်ဟု အသေအချာ သိရှိသည်။ ထို့ကြောင့် မဆိုင်းမတွပင် စာရေးကိရိယာအဖြစ်သုံးသည့် ဓားဖြင့် အိုင်နက်ဇ်အား ထိုးလိုက်လေသည်။ သို့ရာတွင် အိုင်နက်ဇ်က ဟက်ဟက်ပက်ပက် ရယ်နေသည်ကိုသာ တွေ့ရသည်။ တကယ်တော့ သူတို့အားလုံးမှာ သေဆုံးပြီးသူများသာဖြစ်ရာ ထပ်မံသေဆုံးနိုင်စွမ်း မရှိတော့ပေ။ ထို့နောက်တွင် မိမိတို့၏အဖြစ်ကို ထိမ်းမနိုင်သိမ်းမရ ရယ်မောလှောင်ပြောင်ကြပြီးနောက်၊ သူတို့သုံးဦးသည် အခြားများ၏ တည်ရှိမှုကြောင့် (/အခြားလူများ၏ မျက်မှောက်တွင်) ငါးပါးမှောက်နေကြရသည့် ထာဝရငရဲတွင်းသို့ ပျောက်ဆုံးပျော်ဝင် သွားခဲ့ကြလေတော့သည်။

တေဇာ (လရောင်လမ်း)
သြဂုတ် ၁၃၊ ၂၀၁၂
Ref: No Exit and Three Other Plays by Jean Paul Sartre

Comments

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ