ခွေးနက်ကြီးက မတ်တပ်ထရပ်လိုက်ပြီး စာကြည့်ခန်းထဲမှထွက်ကာ နာကာတာကို ဦးဆောင်ခေါ်သွားသည်။ မှောင်မဲမဲ စင်္ကြံလမ်းဆီမှ ပြတင်းပေါက် နှစ်ပေါက်သာရှိသော မှုန်အုပ်အုပ် မီးဖိုချောင်တွင်းသို့ ရောက်လာခဲ့သည်။ မီးဖိုချောင်က သပ်ရပ်သန့်ရှင်းသော်လည်း မှိုင်းပြသည့်ရနံ့တစ်ခု ရနေသည်။ စာသင်ကျောင်းမှ သိပ္ပံဓာတ်ခွဲခန်းတစ်ခု၏ ရနံ့မျိုး။ ကြီးမားလှသည့် ရေခဲသေတ္တာကြီးတစ်ခု၏ တံခါးရှေ့တွင် ရပ်လိုက်ပြီး ခွေးကြီးက လှည့်ကြည့်လိုက်သည်။ သူက နာကာတာကို အေးစက်စက်ကြည့်ပြီး ဘယ်ဘက်တံခါးကိုဖွင့်ရန် အသံတိုးတိုးဖြင့် သတိပေးနေသည်။ ခွေးကြီးက သူ့ကို စကားပြောနေခြင်းမဟုတ်မှန်း နာကာတာ သိပါသည်။ ဂျွန်နီဝေါ်ကားက ခွေးကြီးမှတစ်ဆင့် နာကာတာကို ပြောနေခြင်းသာ ဖြစ်သည်။ ခွေးကြီး၏ မျက်လုံးများမှတစ်ဆင့် နာကာတာကို ကြည့်နေခြင်းဖြစ်သည်။
သူ့ကိုပြောသည့်အတိုင်း နာကာတာ လုပ်လိုက်သည်။ ထောပတ်သီးစိမ်းရောင် ရေခဲသေတ္တာကြီးက သူ့အရပ်ထက် မြင့်သည်။ ဘယ်ဘက်တံခါးကို ဖွင့်လိုက်တော့ အပူချိန်ညှိကိရိယာက တ၀ီဝီထမြည်သည်။ နှင်းမှုန်များလို အဖြူရောင်ရေငွေ့များ ဖြာထွက်လာသည်။ ရေခဲသေတ္တာ၏ ဒီဘက်အခြမ်းမှာ အအေးခန်းဖြစ်သည်။ အပူချိန်ကို အလွန်အေးခဲနေအောင် ချိန်ထားခြင်းဖြစ်ပါသည်။
အထဲတွင် အခုနှစ်ဆယ်ခန့်ရှိမည့် သစ်သီးလိုအရာများကို သပ်ရပ်စွာတန်းစီ၍ တင်ထားသည်။ အခြား ဘာမျှမရှိ။ နာကာတာက ခါးကိုကိုင်းလိုက်ပြီး ထိုအရာများကို စူးစိုက်ကြည့်လိုက်သည်။ ရေငွေ့များလွင့်ပျယ်သွားချိန်တွင် ထိုအရာများမှာ သစ်သီးများမဟုတ်ဘဲ ဖြတ်ထားသော ကြောင်ခေါင်းများသာဖြစ်ကြောင်း သူမြင်လိုက်ရသည်။ အရောင်အသွေးနှင့် အရွယ်အစားစုံ ကြောင်ခေါင်းပြတ်များကို တန်းပေါ်တွင် လိမ္မော်သီးများစီထားသလို အတန်းသုံးတန်းခွဲ၍ အစီအစဉ်တကျ တင်ထား၏။ ကြောင်မျက်နှာများက အေးခဲပြီး အရှေ့သို့ မျက်နှာမူထားသည်။ နာကာတာ မှင်သက်သွားမိသည်။
အေးအေးဆေးဆေး ကြည့်ပါဟု ခွေးကြီးက အမိန့်ပေးသည်။ `ဂိုမ´ ဆိုတဲ့ ကြောင်ကလေး ရှိလားဆိုတာ ကိုယ့်မျက်စိနဲ့ကိုယ် သေသေချာချာ ကြည့်ပေါ့။ ကြောင်ခေါင်းတစ်ခုစီကို သေသေချာချာကြည့်ပြီး နာကာတာက စစ်ဆေးလိုက်သည်။ သူ့တွင် ကြောက်စိတ်မရှိ။ ပျောက်သွားသော ကြောင်ကလေးကို ရှာဖွေရန်သာ သူက စိတ်အားထက်သန်နေသည်။ ကြောင်ခေါင်းတစ်ခုစီကို သေချာစွာ စစ်ဆေးပြီးနောက် ဂိုမ၏ခေါင်း ရှိမနေကြောင်း သူ သေချာသွားသည်။ လိပ်ဆင်ကွက် (အရောင်စပ်ကြား) ကြောင် တစ်ကောင်မျှမပါသောကြောင့် သံသယဖြစ်စရာပင် မလို။ ကိုယ်ခန္ဓာမပါသည့် ကြောင်မျက်နှာများမှာ ထူးဆန်းစွာပင် ခံစားချက်ကင်းမဲ့နေသည်။ တစ်ခုတွင်မှ နာကျင်ခံစားခဲ့ရသည့် အရိပ်လက္ခဏာ မတွေ့ရ။ အနည်းဆုံးအားဖြင့် ဤအတွက်တော့ နာကာတာကို သက်ပြင်းချနိုင်စေသည်။ ကြောင်အချို့က မျက်လုံးမှိတ်ထား၏။ သို့သော် အများစုမှာ လေထဲသို့ အသက်မဲ့စွာ ငေးကြည့်နေပုံမျိုး ဖြစ်ပါသည်။
`ဒီထဲမှာတော့ ဂိုမကို ကျွန်တော် မတွေ့ဘူး´ ဟု နာကာတာက ခပ်ဖွဖွပြောလိုက်သည်။ လည်ချောင်းကိုရှင်းပြီးနောက် သူက ရေခဲသေတ္တာတံခါးကို ပြန်ပိတ်လိုက်၏။
သေချာရဲ့လား။
`ဟုတ်ကဲ့၊ သေချာပါတယ်´
ခွေးကြီးက မတ်တပ်ပြန်ရပ်လိုက်ပြီး နာကာတာကို စာကြည့်ခန်းဆီသို့ ပြန်လည်ခေါ်ဆောင်သွားသည်။ သူ့ကိုစောင့်ရင်း ဂျွန်နီဝေါ်ကားက ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲ ရှိပါသည်။ အခန်းတွင်းသို့ နာကာတာ ၀င်ရောက်လာချိန်တွင် သူ့ပိုးသားဦးထုပ်၏ လျှာကို ထိလိုက်ပြီး သူက နှစ်လိုဖွယ်ပြုံးလိုက်သည်။ ထို့နောက်တွင် လက်ခုပ်သံနှစ်ချက် ကျယ်လောင်စွာတီးလိုက်ပြီးနောက် ခွေးကြီး အခန်းတွင်းမှ ထွက်ခွာသွားသည်။
`ကျွန်တော်ကတော့ ဒီကြောင်ခေါင်းတွေအားလုံးကို ဖြတ်ခဲ့တဲ့သူပါပဲ´ ဟု သူက ပြောသည်။ ၀ီစကီဖန်ခွက်ကိုမပြီးနောက် တကြိုက်မျှ သောက်လိုက်သည်။
`ကြောင်ခေါင်းတွေ စုနေတာပါ´
`ဒါဆို ခင်ဗျားက ခြံကွက်လပ်ထဲက ကြောင်တွေကိုဖမ်းပြီး သတ်ပစ်ခဲ့တဲ့လူပေါ့´
`ဒါအမှန်ပါပဲ။ ကျွန်တော်ဟာ ကြောင်သတ်သမား ဂျွန်နီဝေါ်ကားလို့ နာမည်တစ်လုံးနဲ့နေတဲ့သူပေါ့။ ခင်ဗျားလည်း အကူအညီလိုရင်ပြောပါ´
`ဒီကိစ္စကို နာကာတာ ကောင်းကောင်းနားမလည်ဘူး။ ကျွန်တော် မေးခွန်းတစ်ခုလောက် မေးလို့ရမလား´
`မေးနိုင်ပါတယ်ဗျာ´ ဟု ဂျွန်နီဝေါ်ကားကပြောပြီး ဖန်ခွက်ကို မလိုက်ပြန်သည်။
`ဘာပဲဖြစ်ဖြစ် မေးလို့ရပါတယ်။ ဒါပေမဲ့လည်း ခင်ဗျားစိတ်မရှိဘူးဆိုရင် အချိန်မကုန်ရလေအောင် ကျွန်တော်ကပဲ ပြောပါ့မယ်။ ပထမဆုံး ခင်ဗျားသိချင်တဲ့ အရာက ကျွန်တော်က ဒီကြောင်ကလေးတွေကို ဘာကြောင့်သတ်ရတာလဲဆိုတာ မဟုတ်လား။ ဘာကြောင့် ခေါင်းတွေ စုထားရတာလဲဆိုတဲ့ မေးခွန်း။ ကျွန်တော်ပြောတာ မှန်ရဲ့လား´
`ဟုတ်ကဲ့၊ အမှန်ပါပဲ။ ဒါ နာကာတာ သိချင်နေတဲ့အရာပါ´
ဂျွန်နီဝေါ်ကားက သူ့ဖန်ခွက်ကို စားပွဲပေါ်ပြန်ချလိုက်ပြီး နာကာတာကို တည့်တည့်ကြည့်လိုက်၏။
`ဒါကတော့ လူတိုင်းကို ပြောပြမှာမဟုတ်တဲ့ ကျွန်တော့်ရဲ့ အရေးကြီးလျှို့ဝှက်ချက်တစ်ခုပေါ့။ ဒါပေမဲ့ မစ္စတာ နာကာတာ၊ ခင်ဗျားကိုတော့ ကျွန်တော် ခြွင်းချက်ထားပါ့မယ်။ ခင်ဗျားက တခြားလူတွေကိုတော့ တဆင့်ဖောက်သည်မချနဲ့ပေါ့ဗျာ။ ခင်ဗျားပြန်ပြောခဲ့ရင်တောင်မှ သူတို့က ယုံမှာတော့မဟုတ်ပါဘူး´ သူက ခြောက်ကပ်ကပ်ရယ်လိုက်သည်။
`ဒီလိုဗျ။ ကျွန်တော်က ကြောင်တွေကို ပျော်လို့သတ်နေတာတော့ မဟုတ်ဘူး။ ဒီအလုပ်ဟာ ပျော်စရာကောင်းတယ်ဆိုတာ တွေ့ခဲ့ရတော့လည်း သိပ်မပူမိဘူး။ အားအားယားယားဖြစ်နေတဲ့ အပျော်တမ်းဝါသနာရှင်တစ်ယောက်လည်း မဟုတ်ရပါဘူး။ ဒီလောက်ကြောင်အများကြီးကို သတ်ပြီး စုရတယ်ဆိုတာ အချိန်နဲ့ အားထုတ်မှု အများကြီး အသုံးပြုခဲ့ရပါတယ်။ သူတို့ရဲ့ဝိဉာဉ်တွေကို စုဖို့ ကျွန်တော် သတ်နေတာ၊ အဲဒါတွေနဲ့ အထူးပြုလုပ်ထားတဲ့ ပုလွေတစ်မျိုးကို ဖန်တီးဖို့ပါ။ ၀ိဉာဉ်တွေ များများစုမိလေ ပိုပြီးကြီးတဲ့ ပုလွေကို လုပ်နိုင်လေပေါ့ဗျာ။ နောက်ဆုံးမှာ အရမ်းကြီးလွန်းလို့ စကြ၀ဠာနဲ့တောင် နှိုင်းယှဉ်လို့ရတဲ့ ပုလွေကြီးတစ်ခု ကျွန်တော် လုပ်နိုင်ချင်လုပ်နိုင်မှာ၊ မပြောတတ်ဘူး။ ဒါပေမဲ့ ပထမဆုံးကတော့ ကြောင်ကလေးတွေပဲ။ သူတို့ ၀ိဉာဉ်တွေကို စုဖို့ကတော့ လုပ်ငန်းကြီးတစ်ခုလုံးရဲ့ ပထမဆုံးအဆင့်ပဲ။ အရာရာတိုင်းမှာ ရှေ့နောက်အစီအစဉ် မှန်ကန်ဖို့ဆိုတာ အရေးကြီးတယ် မဟုတ်လား။ အရာရာတိုင်းမှာ မှန်ကန်တဲ့ ရှေ့နောက်အစီအစဉ်အတိုင်း လိုက်တာဟာ လေးစားမှုကိုပြတဲ့ နည်းတစ်နည်းပဲလေ။ တခြားဝိဉာဉ်တွေနဲ့ လုပ်ရကိုင်ရတဲ့အချိန်မှာလည်း ဒါကို ခင်ဗျားလိုက်နာဖို့ လိုတာပဲ။ ကျွန်တော် လုပ်နေတဲ့အလုပ်က သံပုရာသီးတွေ နာနတ်သီးတွေတော့ မဟုတ်ဘူးလေ၊ ခင်ဗျား သဘောတူရဲ့လား´
`ဟုတ်ကဲ့´ ဟု နာကာတာက ပြန်ပြောလိုက်သည်။ သို့သော် အမှန်တော့ သူ ဘာမျှနားမလည်လိုက်။ ပုလွေတစ်ခု။ ခါးကြားထိုးထားရသည့် ပုလွေအကြောင်း သူ ပြောနေသလား၊ ဒါမှမဟုတ် အသံဖမ်းစက်အကြောင်း ပြောတာများဖြစ်မလား။ ဘယ်လိုအသံမျိုးထွက်တဲ့ ပုလွေလဲ။ ပြီးတော့ ကြောင်တွေရဲ့ဝိဉာဉ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အဆိုပါမေးခွန်းများအားလုံးသည် နာကာတာ၏ အားနည်းသော နားလည်သိမှတ်နိုင်စွမ်းကို ကျော်လွန်နေသည်။ သို့သော် နာကာတာ နားလည်တာ တစ်ခုရှိပါသည်။ သူ့အနေဖြင့် ကြောင်မကလေး ဂိုမကို ရှာပြီး ဤနေရာမှ ခေါ်ထုတ်သွားဖို့သာဖြစ်သည်။
`ခင်ဗျားလုပ်ချင်တာက ဂိုမကို အိမ်ပြန်ယူသွားဖို့´ ဟု နာကာတာ၏စိတ်ကို ထွင်းဖောက်မြင်နေရသည့်အလား ဂျွန်နီဝေါ်ကားက ပြောလိုက်သည်။
`ဒါ အမှန်ပါပဲ။ နာကာတာက ဂိုမကို အိမ်ပြန်ယူသွားချင်ပါတယ်´
`ဒါ ခင်ဗျားလုပ်ရမယ့် ကိစ္စပေါ့။ ဘ၀မှာ ကျွန်တော်တို့အားလုံးဟာ လုပ်ရမယ့်ကိစ္စတွေ ကိုယ်စီရှိကြတယ်ဗျ။ ဒါကတော့ သဘာဝပဲ။ အခု ကျွန်တော်ထင်တာလေ၊ ခင်ဗျားအနေနဲ့ ကြောင်တွေရဲ့ဝိဉာဉ်တွေနဲ့ လုပ်ထားတဲ့ ပုလွေအကြောင်း တစ်ခါမှ မကြားခဲ့ဖူးဘူးမဟုတ်လား´ ဟု ဂျွန်နီဝေါ်ကားက ပြောသည်။
`ဟင့်အင်း၊ မကြားဖူးပါဘူး´
`ဒါပေါ့၊ ခင်ဗျားဘယ်ကြားဖူးမလဲ။ အဲဒါကို ခင်ဗျားနားတွေနဲ့ ကြားနိုင်မှာမဟုတ်ဘူး´
`ဒါဆို မကြားနိုင်တဲ့ ပုလွေပေါ့၊ ဒီလိုလား´
`မှန်ပါတယ်။ ကျွန်တော်ကတော့ ကြားနိုင်တယ်´ ဟု ဂျွန်နီဝေါ်ကားက ဆိုသည်။ `ကျွန်တော်သာ မကြားရဘူးဆိုရင်တော့ ဒါတွေအားလုံးဟာ ဘာမှမဟုတ်တော့ဘူး။ ဒါပေမဲ့ သာမန်လူတွေအနေနဲ့တော့ ဒီပုလွေကို မကြားရဘူး။ ကြားတယ်ဆိုဦးတော့ သူတို့ ဘာမှန်းမသိဘူး။ အရင်ကတော့ ကြားချင် ကြားခဲ့ဖူးမယ်၊ ဒါပေမဲ့ မမှတ်မိကြတော့ဘူး။ အရမ်းထူးဆန်းတဲ့ ပုလွေဆိုတာတော့ အသေအချာပဲ။ ဒါပေမဲ့ မစ္စတာ နာကာတာ၊ ခင်ဗျားကတော့ ဒီပုလွေကို ကြားချင်ကြားရမလား မဆိုနိုင်ဘူး၊ အင်း မဆိုနိုင်ဘူး´ ထို့နောက် သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် လက်ညှိုးတစ်ချောင်းကို ထောင်လိုက်သည်။ `တကယ်တော့ ကျွန်တော်စုဆောင်းထားတဲ့ ကြောင်တွေရဲ့ခေါင်းကို ကျွန်တော် ဖြတ်တော့မလို့ပဲ။ ရိပ်သိမ်းရမယ့် အချိန်ပေါ့ဗျာ။ အဲဒီ ခြံကွက်လပ်ကနေပဲ ဒီကြောင်တွေအားလုံးကို ကျွန်တော် ဖမ်းလို့ရခဲ့တာ။ အခုကတော့ ရှေ့ဆက်လုပ်ရမယ့် အချိန်ပဲ။ ခင်ဗျားရှာနေတဲ့ ကြောင်ကလေး ဂိုမဆိုတာလည်း အဲဒီအထဲက တစ်ကောင်ပေါ့။ ကျွန်တော်က ဂိုမရဲ့ခေါင်းကို ဖြတ်လိုက်ပြီဆိုရင်တော့ ခင်ဗျားအနေနဲ့ သူ့ကို ခိုအိဇုမိ မိသားစုဆီ ပြန်ယူသွားဖို့ မဖြစ်နိုင်တော့ဘူး၊ ဒါတော့ ဟုတ်တယ်မဟုတ်လား´
`ဒါ မှန်ပါတယ်´ ဟု နာကာတာက ပြောလိုက်သည်။ ဂိုမ၏ ခေါင်းပြတ်ကိုတော့ သူ့အနေဖြင့် ခိုအိဇုမိ မိသားစုထံ ပြန်ယူမသွားနိုင်ပါ။ သို့ဆိုလျှင် (ထမင်းမစားဘဲ စိတ်ကောက်နေသော ကြောင်ပိုင်ရှင်) ကောင်မလေးနှစ်ယောက်က တစ်သက်လုံး ထမင်းစားတော့မည် မဟုတ်ပေ။
`ကျွန်တော်က ဂိုမရဲ့ခေါင်းကလေးကို ဖြတ်ချင်တယ်။ ဒါပေမဲ့ ခင်ဗျားကလည်း အဲဒီလို မဖြစ်စေချင်ဘူး။ ကျွန်တော်တို့လုပ်ရမယ့် ကိစ္စနှစ်ခု၊ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားနှစ်ခုဟာ ထိပ်တိုက်တွေ့နေတယ်။ ဒါမျိုးဆိုတာကလည်း လောကကြီးမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တာပဲ။ ဒီတော့ ခင်ဗျားကို ကျွန်တော်ပြောမယ်။ ကျွန်တော်တို့ အပေးအယူလုပ်ကြမယ်။ ကျွန်တော်ဆိုလိုတာက ကျွန်တော့်အတွက် ခင်ဗျားတစ်ခုခု လုပ်ပေးတယ်ဆိုရင် ကျွန်တော်ကလည်း ဘေးမသီရန်မခတဲ့ ဂိုမကို ခင်ဗျားလက်ထဲ ထည့်လိုက်မယ်´
နာကာတာက သူ၏ လက်တစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်လိုက်ပြီး သူ၏ ဖြူမည်းစပ်ကြားဆံပင်များကို ခပ်ကြမ်းကြမ်း ပွတ်လိုက်သည်။ ဤသည်မှာ တစ်စုံတခုကို နားမလည်နိုင်သောအခါတွင် သူလုပ်တတ်သည့် အကျင့်ဖြစ်ပါသည်။ `အဲဒါဟာ ကျွန်တော်လုပ်နိုင်တဲ့ အရာများ ဖြစ်မလား´
`ဒီအတွက် ကျွန်တော်တို့ သဘောတူညီပြီးသားလို့ ကျွန်တော်ထင်တာပဲ´ ဟု ပြောရင်း ဂျွန်နီဝေါ်ကားက မသက်မသာပြုံးလိုက်သည်။
`ဟုတ်ကဲ့၊ ဒါ အမှန်ပါပဲ။ ကျွန်တော်တို့ သဘောတူညီပြီးပါပြီ။ ခွင့်လွှတ်ပါ´ ဟု တစ်စုံတခုကို သတိရရင်း နာကာတာက ပြောသည်။
`ကျွန်တော်တို့ အချိန်လည်း သိပ်မရတော့ ခင်ဗျား စိတ်မရှိဘူးဆိုရင် လိုရင်းကိုပဲ ပြောကြရအောင်ပါ။ ကျွန်တော့်အတွက် ခင်ဗျားလုပ်ပေးနိုင်တာက ကျွန်တော့်ကို သတ်ပစ်ဖို့ပါပဲ။ တစ်နည်းအားဖြင့်တော့ ကျွန်တော့်ဝိဉာဉ်ကို နုတ်ယူပေးဖို့ပေါ့´
လက်ကို ခေါင်းပေါ်တွင် တင်ထားရင် နာကာတာက ဂျွန်နီဝေါ်ကားကို အတန်ကြာအောင် ငေးကြည့်နေမိသည်။
`နာကာတာက ခင်ဗျားကို သတ်ပစ်စေချင်တာလား´
`မှန်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီဘ၀ကို ငြီးငွေ့စိတ်ပျက်လှပြီ။ ကျွန်တော် အချိန်အကြာကြီး အသက်ရှင်ခဲ့ပြီးပြီ။ ဘယ်လောက်ကြာသလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် အသက်ဘယ်လောက်ရှိပြီလဲ ဆိုတာကိုတောင် မမှတ်မိနိုင်တော့တဲ့အထိပဲ။ ဒီတော့လည်း ရှေ့ဆက်အသက်ရှင်ချင်စိတ် ကျွန်တော့်မှာ မရှိတော့ဘူး။ ကြောင်ကလေးတွေကို သတ်ရတာကိုလည်း ငြီးငွေ့လှပြီ။ ဒါပေမဲ့ ဒါကတော့ ကျွန်တော် အသက်ရှင်နေသမျှကာလပတ်လုံး လုပ်နေရတဲ့ကိစ္စပဲ။ ကြောင်တွေကို တစ်ကောင်ပြီးတစ်ကောင်သတ်ပြီး သူတို့ဝိဉာဉ်တွေကို ရိတ်သိမ်းရတာပေါ့။ မှန်ကန်တဲ့ ရှေ့နောက်အစီအစဉ်အတိုင်း လိုက်လုပ်ရတာပေါ့၊ ခြေလှမ်းတစ်လှမ်းကနေ ဆယ်လှမ်းအထိ။ ပြီးတော့လည်း အားလုံးအစက ပြန်စ။ အဆုံးမဲ့ ထပ်ကာထပ်ကာဖြစ်နေတာလို့ ပြောရမယ်။ အဲဒါတွေကို ကျွန်တော် လုပ်ခဲ့ပြီးပြီ။ ကျွန်တော်လုပ်နေတဲ့ အရာကို ဘယ်သူကမှ လေးစားမှုမပေးကြပါဘူး။ ဘယ်သူ့ကိုမှလည်း မပျော်ရွှင်စေပါဘူး။ ဒါပေမဲ့ ဒီကိစ္စကြီးတစ်ခုလုံးဟာ အထိုင်ချထားပြီးသား ဖြစ်နေတယ်။ ရုတ်တရက်ကြီး `ဟာ..ဒါကိုတော့ ငါမလုပ်တော့ဘူး´ လို့ပြောပြီး ရပ်ပစ်လိုက်နိုင်တာမျိုး မဟုတ်ဘူး။ ပြီးတော့ ကိုယ့်ဘာသာသေပစ်လိုက်ဖို့ဆိုတာဟာလည်း ထွက်ပေါက်တစ်ခု မဟုတ်ဘူး။ ဒီအတွက်လည်း ကြိုတင်သတ်မှတ်ပြီးသားပဲ။ စည်းမျဉ်းတွေ အမျိုးမျိုး တည်ရှိနေတာပါ။ တကယ်လို့ ကျွန်တော် သေချင်တယ်ဆိုရင်၊ သတ်ပေးမယ့် တစ်စုံတစ်ယောက် ကျွန်တော့်မှာ ရှိမှ ဖြစ်မှာ။ ဒီအတွက် ခင်ဗျားရဲ့အခန်းကဏ္ဍ လိုလာတာပေါ့။ ကျွန်တော့်အနေနဲ့ ခင်ဗျားက ကျွန်တော့်ကို ကြောက်နေစေချင်တယ်၊ နင့်နင့်နဲနဲ မုန်းတီးနေစေချင်တယ်၊ ပြီး.. ကျွန်တော့်ကို တစ်ခန်းရပ်ပစ်လိုက်စေချင်တယ်။ ပထမဆုံး ခင်ဗျား ကျွန်တော့်ကို ကြောက်မယ်၊ နောက် မုန်းမယ်၊ ပြီး နောက်ဆုံးမှာ သတ်ပစ်မယ်´
`ဒါပေမဲ့ ဘာလို့ ကျွန်တော့်ကိုမှ တောင်းဆိုရတာလဲ။ နာကာတာ ဘယ်တုန်းကမှ တစ်ယောက်ယောက်ကို မသတ်ခဲ့ဖူးဘူး။ ဒါက ကျွန်တော်နဲ့ သင့်တော်တဲ့ အလုပ်မျိုး မဟုတ်ပါဘူး´
`ကျွန်တော် သိပါတယ်။ ခင်ဗျား ဘယ်သူ့ကိုမှ မသတ်ခဲ့တာနဲ့ မသတ်ချင်တာကို။ ဒါပေမဲ့ ကျွန်တော်ပြောတာကို နားထောင်ပါ။ အဲဒီလို ဆင်ခြေတွေနဲ့ ဘာမှမဖြေရှင်းနိုင်တဲ့ အချိန်တွေ ဘ၀မှာ အများကြီးပါပဲ။ လုပ်ရမယ့် လက်ထဲကတာဝန်နဲ့ ခင်ဗျားနဲ့ ကိုက်ညီမှုရှိ,မရှိ ဘယ်သူကမှ ဂရုစိုက်မနေတဲ့ အခြေအနေတွေပေါ့။ ခင်ဗျားအဲဒါကို နားလည်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် စစ်ဖြစ်တယ်ဆိုပါတော့။ ဒါနဲ့ စစ်ဆိုတာဘာလဲဆိုတာကို ခင်ဗျားသိတယ်မဟုတ်လား´
`ဟုတ်ကဲ့၊ သိပါတယ်။ နာကာတာ မွေးတုန်းက စစ်ပွဲအကြီးကြီးတစ်ခု ဖြစ်နေခဲ့တာပါ။ အဲဒီအကြောင်း ကျွန်တော် ကြားဖူးပါတယ်´
`စစ်ပွဲတစ်ပွဲ စဖြစ်တဲ့အခါမှာ လူတွေဟာ စစ်သားတွေဖြစ်လာဖို့ တွန်းပို့ခြင်း ခံရတယ်။ သေနတ်သယ်ပြီး ရှေ့တန်းစစ်မျက်နှာကို ထွက်မယ်။ အခြားတစ်ဖက်က စစ်သားတွေကို သတ်ရဖို့ပေါ့လေ။ များနိုင်သမျှ များများသတ်နိုင်ဖို့ပေါ့။ ခင်ဗျားလူသတ်ရတာ ပျော်သလား,မပျော်သလားဆိုတာ ဘယ်သူကမှ ဂရုစိုက်မနေပါဘူး။ ဒါဟာ ခင်ဗျား လုပ်နေရတဲ့ ကိစ္စတစ်ခုမျှပဲ။ ဒီလိုမှမဟုတ်ရင်လည်း ခင်ဗျားဟာ အသတ်ခံရတဲ့လူ ဖြစ်တော့မှာပဲ´
ဂျွန်နီဝေါ်ကားက သူ၏ လက်ညှိုးကို နာကာတာ၏ ရင်ဘတ်ထံ ချိန်ရင်း `ဒိုင်း..´ ဟု ပြောလိုက်သည်။
`ဒါ လူ့သမိုင်း အကျဉ်းချုပ်ပါပဲ´
`အဲဒီလိုအချိန်မျိုးမှာ မြို့တော်ဝန်ကလည်း နာကာတာကို စစ်သားလုပ်ခိုင်းပြီး လူတွေကို သတ်ဖို့ အမိန့်ပေးမှာလား´
`မှန်ပါတယ်။ မြို့တော်ဝန်က ဒီလိုပဲ လုပ်မှာပါ။ ခင်ဗျားကို တစ်ယောက်ယောက်ကို သတ်ဖို့ ခိုင်းမှာပေါ့´ထိုအကြောင်းကို နာကာတာ စဉ်းစားကြည့်သော်လည်း ရှင်းရှင်းလင်းလင်းတော့ သဘောမပေါက်။ မြို့တော်ဝန်က ဒီလိုကိစ္စမျိုးကို ဘာကြောင့်များ ခိုင်းရမှာလဲ။
`ခင်ဗျား ဒီလို စဉ်းစားကြည့်ဗျာ။ စစ်ဖြစ်နေတယ်။ ခင်ဗျားက စစ်သားတစ်ယောက်၊ ခင်ဗျားအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချရမယ်။ ကျွန်တော်က ကြောင်တွေသတ်နေတာကို ခင်ဗျား ခွင့်ပြုမလား၊ ကျွန်တော့်ကိုသတ်ဖို့ ခင်ဗျားကိုယ်ခင်ဗျား ခွင့်ပြုမလား။ ဒီနှစ်ခုထဲက တစ်ခုမဟုတ် တစ်ခုပဲ။ အဲဒီ ရွေးချယ်မှုကို ခင်ဗျား ဒီအချိန်၊ ဒီနေရာမှာ ချက်ချင်းလုပ်ရမှာ။ မချိမဆန့် ရွေးချယ်မှုတစ်ခုလို ဖြစ်နေတာတော့ အမှန်ပဲ။ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ဗျာ။ ဘ၀မှာ ပြုလုပ်ရတဲ့ ရွေးချယ်မှုတစ်ခုချင်းစီဟာ အညီအမျှ မချိမဆန့် လုပ်ကြရတာချည်းပဲ´ ဂျွန်နီဝေါ်ကားက သူ၏ ပိုးသားဦးထုပ်ကို ခပ်ဖွဖွထိလိုက်သည်။ သူ့ ခေါင်းပေါ်တွင် ရှိနေသေးကြောင်း သေချာစေလိုက်သည့် အလား။
`ဒီနေရာမှာ ခင်ဗျားအတွက် ဖြေသာစရာတစ်ခုတော့ ရှိနေပါသေးတယ်။ ဖြေဆယ်ရာတစ်ခုခုကို ခင်ဗျား အမှန်တကယ်လိုအပ်တယ် ဆိုခဲ့ရင်ပေါ့။ အဲဒါကတော့ ကျွန်တော်ကိုယ်တိုင်က သေချင်နေတယ်ဆိုတဲ့ အချက်ပဲ။ ကျွန်တော်ကိုယ်တိုင်က ကျွန်တော့်ကိုသတ်ပေးဖို့ တောင်းဆိုနေတာ။ ဒီတော့ ခင်ဗျားအနေနဲ့ လိပ်ပြာမသန့် ဖြစ်စရာ မလိုပါဘူး။ ခင်ဗျားလုပ်နေတာက ကျွန်တော် မျှော်လင့်နေတဲ့အရာအတိုင်း အတိအကျလုပ်နေတာလေ။ ဒါဟာ မသေချင်တဲ့လူတစ်ယောက်ကို သတ်လိုက်တာမျိုးနဲ့ မတူဘူး။ တကယ်တော့ ခင်ဗျားဟာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုကို လုပ်နေတာပါ´
သူ၏ ဆံပင်အစပ်မှ ချွေးသီးများကို နာကာတာက သပ်ပစ်လိုက်၏။ `ဒါပေမဲ့ နာကာတာအတွက်တော့ ဒီလိုမျိုးကိစ္စကို လုပ်နိုင်မယ့်လမ်း မမြင်ပါဘူး။ ခင်ဗျားက ကျွန်တော့်ကို သတ်ခိုင်းလည်း ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်တော်မှ မသိတာ´
`ကျွန်တော် သိပြီ´ ဟု ဂျွန်နီဝေါ်ကားက နှစ်လိုစွာကြည့်ရင်း ပြောလိုက်သည်။
`အရင်ခင်ဗျား ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးဘူး။ ဒီတော့လည်း ဘယ်လိုလုပ်ရမယ်ဆိုတာ ခင်ဗျား မသိဘူး။ ဒါဆိုရပြီ၊ ကျွန်တော် ရှင်းပြပါရစေ။ တစ်ယောက်ယောက်ကို သတ်ဖို့အတွက် သော့ချက်ပေါ့။ မစ္စတာ နာကာတာ၊ ဒီကိစ္စဟာ တုံ့ဆိုင်းနေရမယ့် ကိစ္စတော့ မဟုတ်ဘူး။
`ခင်ဗျားရဲ့ စိတ်နှလုံးနဲ့ ခံစားချက်ကို အာရုံပြုပြီး အဲဒါကို ခပ်သွက်သွက် သုတ်သင်ပစ်လိုက်။ ဒါကတော့ သတ်ဖြတ်တဲ့ကိစ္စတွေ အထမြောက်ဖို့အတွက် ၀င်ခွင့်လက်မှတ်ပဲ။ ဒီနေရာမှာ ကျွန်တော့်အတွက်တော့ အကောင်းမွန်ဆုံး သာဓကတစ်ခု ရှိနေပါတယ်။ ဒီလို၊ ကိုယ့်အာဃာတအပေါ်မှာပဲ အာရုံစိုက်ထားပြီး ခပ်သွက်သွက်လုပ်ရတယ်။ ဒါဟာ သတ်ဖြတ်တဲ့ကိစ္စအတွက် အောင်လက်မှတ်ပဲ။ အခု ကျွန်တော့်မှာ အရမ်းပြောင်မြောက်တဲ့ နမူနာတစ်ခု ရှိနေတယ်။ အဲဒါက လူတော့ မဟုတ်ဘူးပေါ့လေ၊ ဒါပေမဲ့ ခင်ဗျား စိတ်ထဲမြင်သာအောင်တော့ အကူအညီ ပေးနိုင်ပါလိမ့်မယ်´
ဂျွန်နီဝေါ်ကားက မတ်တပ်ရပ်လိုက်ပြီး စားပွဲခုံအောက် မှောင်ရိပ်ထဲမှ သားရေပုံးကြီးတစ်ခုကို ဆွဲယူလိုက်သည်။ ထိုသားရေပုံးကို သူထိုင်သည့် ထိုင်ခုံပေါ်သို့ တင်လိုက်ပြီး ထိုင်ရက်သားဖြင့် အဖုံးကို ဖွင့်လိုက်၏။ ပါးစပ်ကမူ တေးသွားတစ်ခုကို လေချွန်နေသည်။ မျက်လှည့်ပြကွက်တစ်ခုကို ပြသတော့မည့်အလား သူက သားရေပုံးအတွင်းမှ ကြောင်ကလေးတစ်ကောင်ကို ဆွဲထုတ်လိုက်သည်။ ထိုကြောင်ကလေးကို နာကာတာ တစ်ခါမျှ မမြင်ဖူး။ အရွယ်ရောက်စသာ ရှိသေးသည့် မီးခိုးရောင်ဖောက်သည့် ကြောင်ထီးကလေး။ ပျော့ခွေပြီး သူ့မျက်လုံးများက ပွင့်နေသည်။ သတိလစ်နေပုံမရသော်လည်း သတိရသည် ဆိုရုံကလေးမျှ ဖြစ်သည်။ မနှင်းဖြူပုံပြင်ထဲမှ လူပုကလေးခုနစ်ယောက် သီဆိုကြသည့်တေးသွားမြူးမြူးကို လေချွန်ရင်း ဂျွန်နီဝေါ်ကားက ကြောင်ကလေးကို ဟန်ပါပါ ကိုင်ထားသည်။ ပုံစံက သူဖမ်းမိထားသည့် ငါးတစ်ကောင်အား ကြွားဝါနေပုံမျိုး။
`ဒီပုံးထဲမှာ ကြောင်ကလေးငါးကောင် ရှိတယ်။ အားလုံး ခြံကွက်လပ်ကချည်းပဲ။ လတ်လတ်ဆတ်ဆတ် ကောင်ကလေးတွေပေါ့။ ခူးပြီးစ အညွှန့်အဖူးကလေးတွေပဲ ဆိုပါစို့။ ဒီကောင်လေးတွေအားလုံးကို အကြောလိုက်သွားအောင် ကျွန်တော်က ဆေးထိုးပေးထားတယ်။ မေ့ဆေး မဟုတ်ဘူးနော်။ သူတို့ အိပ်ပျော်နေတာ မဟုတ်ဘူး။ နာကျင်မှုကို ခံစားနိုင်တုန်းပဲ။ ခြေတွေလက်တွေ လှုပ်လို့မရရုံပဲ ရှိတယ်။ ဒီလိုလုပ်ရတာက သူတို့ကို ရိုက်ဟယ်နှက်ဟယ် မလုပ်ချင်လို့ပါ။ အခု ကျွန်တော်လုပ်တော့မှာက သူတို့ ရင်ဘတ်ကလေးတွေကို ဓားနဲ့ လွှာပြီး ဖွင့်လိုက်မယ်။ တစ်လှုပ်လှုပ်ခုန်နေတုန်းရှိတဲ့ နှလုံးသားလေးတွေကို ဆွဲထုတ်မယ်။ ပြီးရင်တော့ ခေါင်းဖြတ်လိုက်မယ်။ ခင်ဗျားရဲ့ မျက်စိရှေ့မှာပဲ လုပ်မှာပါ။ သွေးတွေတော့ အများကြီး ထွက်မှာပေါ့၊ ပြီးတော့ တွေးကြည့်လို့တောင်မရတဲ့ နာကျင်မှုရောပဲ။ စဉ်းစားကြည့်လေ။ တစ်စုံတစ်ယောက်က ခင်ဗျားရင်ဘတ်ကိုဖွင့်ပြီး နှလုံးသားကို ထုတ်ယူလိုက်မယ်ဆိုရင် ဘယ်လောက်နာမလဲဆိုတာ။ ကြောင်တွေ အတွက်လည်း ထိုနည်း၎င်းပဲပေါ့၊ နာကျင်ရမှာပါပဲ။ ဒီကောင်လေးတွေအတွက်တော့ ကျွန်တော် ၀မ်းနည်းမိပါတယ်။ ကျွန်တော်က သွေးအေးရက်စက်ပြီး၊ သူတစ်ပါးနာကျင်တာကို အရသာခံတတ်တဲ့ လူမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒီကိစ္စမှာ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး။ နာကျင်မှုဆိုတာတော့ ရှိရမှာပဲ။ ဒါဟာ စည်းမျဉ်းတစ်ခုပဲ။ နေရာတကာမှာ စည်းမျဉ်းတွေနဲ့ချည်းပဲဗျို့´
>>> ဆက်ရန် >>>
တေဇာ (လရောင်လမ်း)
Ref: Chapter 16, Kafka on the Shore by Haruki Murakami
Comments
Post a Comment