Skip to main content

သုခမြို့တော်မှ သက်ရှိထင်ရှား ဇာတ်ကောင်

ပူလောင် အိုက်စက်နေသည့် အခန်းကျဉ်းလေး အတွင်း ထမင်းနှင့်ဟင်းကို မမြင်ရသည်မှာ လပေါင်းအတော် ကြာ၍ ရေသောက်ဗိုက်မှောက်ကာ စိတ်ပျက်လက်ပျက် မှေးစက်နားနေသော နေ့က ကြက်သားထုပ်ကြီး တစ်ထုပ် ဆွဲပြီး ပြုံးဖြီးဖြီး ပြန်သောသော အဖေ့ကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရသည်မှာ ကျွန်တော် ဘယ်လောက် ၀မ်းသာသွားမလဲ စဉ်းစားကြည့်ကြပါ။ ငါ မင်္ဂလာဆောင်မှာ ထမင်းသွားစားပြီး ပြန်လာတာ၊ ဒီမှာ မင်းဖို့ ကြက်သားပြုတ်တွေ ပါလာတယ်ဟု ကြားရသောအခါ ကျွန်တော် အိပ်ယာပေါ်တွင်ပင် ချက်ချင်း ငုတ်တုပ်ထထိုင်မိသွားသည်။ ထို့နောက်မှ ကိုယ့်အဖြစ်ကိုယ် သတိပြုမိကာ အသာလေး ဣနြေ္ဒဆယ်၍ အပျင်းတစ်ချက်ဆန့်လိုက်ပြီး ကြက်သားထုပ်ကို ဖြည်းညှင်းစွာ ဖြေကြည့်နေမိသည်။ ချင်းတိုင်းရင်းသားတို့ ရိုးရာချက်နည်း ကြက်သားပြုတ်ဖြစ်ပါသည်။ ကြက်ငယ်တစ်ကောင် နီးပါး ပါသည်။ အံမယ် အရိုးတောင် သိပ်မတွေ့ပါလား။ အငမ်းမရပုံစံ မပေါက်အောင် သတိထား၍ ကြက်သားတစ်ဖတ်နှစ်ဖတ်ကို ပါးစပ်ထဲပစ်ထည့်လိုက်သည်။ ကောင်းပေစွ။ ချက်ချင်းပင် အချိန်အတော်ကြာ စွန့်ပစ်ခံထားရသည့် ဆန်အိုးပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။ မကြာမီ ထမင်းပေါင်းအိုးမှ မီးနီနီလေးကို ကြည့်ကာ ကျွန်တော်တစ်ယောက်တည်း ကြိတ်၍ ပီတိဖြစ်နေမိပါသည်။

ဤနေရာတွင် ကျွန်တော် ထမင်းငတ်နေရသည့် အကြောင်းရင်းကို အနည်းငယ်ရှင်းဖို့ လိုအပ်လာပြီဟု ထင်မိပါသည်။ တကယ်တော့ ကျွန်တော်တို့နေထိုင်ရာ နယူးဒေလီတွင် ဟင်းသီးဟင်းရွက်နှင့် သားငါး (မြန်မာပြည်နှင့်ယှဉ်သော်) အလွန်ပေါပါသည်။ လူများစု ဟိန္ဒူများက သက်သက်လွတ်သမားများဖြစ်ရာ သားငါးနှင့် ဟင်းသီးဟင်းရွက် ဈေးချင်းမတိမ်းမယိမ်းဖြစ်နေသဖြင့် ကျွန်တော်တို့လို အစုံစားသတ္တ၀ါများအဖို့ သားငါးကို ဦးစားပေးစားတတ်ကြသည်။ ပြဿနာမှာ သားအဖနှစ်ယောက်လုံး ထမင်းဟင်းမချက်တတ်ကြခြင်း ဖြစ်သည်။ ထမင်းကို ပျော့တစ်ခါ မာတလှည့် ချက်၍ ဖြစ်သေးသော်လည်း ဟင်းအတွက်က မည်သို့မျှ မဖြစ်နိုင်သဖြင့် လက်လျှော့ထားခြင်း ဖြစ်ပါသည်။ ကြက်ဥတစ်လုံးအား ဇွန်းဖြင့် ခွပ်ခနဲ ဖောက်ခွဲရသည်ကအစ အတော်လေး အကြမ်းဖက်ရက်စက်ရာကျသည်ဟု ကျွန်တော်က ခံစားရသည်။ တစ်ခါက ကြက်တစ်ကောင်ဝယ်ပြီး ကြိုးစား၍ ကြော်ကြည့်ခဲ့ဖူးသည်။ ခုတ်ပြီးသား အသားတုံးများကို ဆားနှင့် အချို့မှုန့်တို့ ထည့်ပြီး သမအောင် နယ်ရသည်မှာ ကျွန်တော့်အဖို့ အတော် တုန်လှုပ်စရာ ကောင်းသည်။ မအီမလည်ကြီး ခံစားရသည်။ ထိုနေ့က ပြီးဆုံးအောင် ကြော်နိုင်ခဲ့သော်လည်း ကိုယ့်လက်ရာကိုယ် တစ်တုံးမျှ မမြည်းစမ်းနိုင်ခဲ့။ အဖေကသာ ကောင်းသားပဲကွဟု နောက်တစ်ခါကြော်ချင်လာအောင် ၀တ်ကျေတမ်းကျေ မှတ်ချက်ပြုပြီး ဒိုင်ခံစားသွားသည်၊ ကျွန်တော်က မည်သို့မျှ အရသာမပေါ်နိုင်ဖြစ်ခဲ့ရသည်။ ထိုအခါမှစ၍ အဆိုပါ သွေးပျက်ဖွယ်ရာအလုပ်အား ကျွန်တော် နောက်ထပ် မကြိုးစားဖြစ်ခဲ့တော့ပါ။ ထို့ပြင် လှောင်ချိုင့်ထဲမှ ကြက်အရှင်များကို ဒီကောင်ယူမယ်ဟု တရားခံဖြစ်စရာ လက်ညှိုးထိုးပြပြီး ၀ယ်ယူရခြင်းကလည်း ကသိကအောက်နိုင်လှသည်။

ထိုသို့သော အောက်သက်မကြေမှုများကြောင့် ထမင်းဟင်း ငတ်နေခဲ့ကြသည်မှာ လအတန်ကြာခဲ့ပါပြီ။ (ယခင်က ထမင်းဟင်းချက်ကျွေးခဲ့သည့် ကျေးဇူးရှင်လေးများကို လွမ်းမိပါသည်) ချောင်မိန်းဟုခေါ်သော ကုလားခေါက်ဆွဲကြော်၊ မိုမိုဟုခေါ်သည့် ဒင်ဆမ်းပါ အသားလုံးနှင့် ခပ်ဆင်ဆင်တူသော ကုလားသရေစာတစ်မျိုး၊ ပြောင်းဖူးမီးဖုတ်၊ ခေါက်ဆွဲခြောက်ပြုတ် စသည်များ တစ်လှည့်စီစားပြီး အာဟာရတန်ဖိုး ချို့တဲ့စွာ ရှင်သန်နေခဲ့ရသည်။ ခေါက်ဆွဲကြော်ဆိုသည်ကလည်း ခံတွင်းတွေ့စရာ တစ်စက်မျှ မရှိ။ ခေါက်ဆွဲဆိုင်များတွင် မျက်နှာငယ်ငယ်ဖြင့် သွားရောက်ဝယ်ယူရသည်။ ကြက်သားခေါက်ဆွဲစားချင်သော်လည်း စွတ်မမေးရဲ။ ဟိန္ဒူဆိုင်များတွင် သွားမေးမိလျှင် မျက်ထောင့်နီကြီးနှင့် အကြည့်ခံရသည်။ အနားတွင်ရှိသည်ကလည်း ဟိန္ဒူ သက်သက်လွတ်ဆိုင်များချည်း ဖြစ်သည်။ ကြက်သွန် ဂေါ်ဖီလေး တစ်ဖတ်နှစ်ဖတ်၊ မုန်လာဥနီ အမှုန်အမွှားလေးထည့်၍ ဟင်းသီးဟင်းရွက်ခေါက်ဆွဲကြော်ဟု ရောင်းသည်။ ယခုထိ ထိုအရာကိုသာ မ၀ရေစာ စားသုံး၍ အသက်ဆက်နေခဲ့ရသည်။ အစပိုင်းက ပိုက်ဆံခပ်များများ အိတ်ကပ်ထဲ ထည့်ကာ ကြီးမားလှသည့် ဈေးကြီးအတွင်း စားသောက်ဖွယ်တစ်ခုခုကို မာမာတင်းတင်း လှည့်ပတ်ရှာဖွေ နေခဲ့မိသေးသည်။ ဖောင်စီးရင်း ရေငတ်သလို အကြောင်းမထူးခဲ့။ ထို့နောက်တွင် လုံးလုံးလျားလျား ငတ်နေပြီဟူ၍ မိမိကိုယ်ကိုယ် လက်ခံလိုက်ရ တော့သည်။ ဤအရပ်တွင် ကျွန်တော်တို့ခံတွင်းအတွက် ၀ယ်စားရမည့်အရာ မရှိပါ။ ဤသည်မှာ ကျွန်တော် လက်ရှိကြုံတွေ့နေရသည့် ဒု ဗ္ဘိက္ခ န္တရကပ် ဖြစ်ပါသည်။

ဤသို့သော အခြေအနေမျိုးတွင် အဆိုပါ ကြက်သားထုပ်ကြီးသည် ကျွန်တော့်ကို ကာအိနြေ္ဒပျက်သည်အထိ စွမ်းဆောင်နိုင်သည်မှာ မဆန်းလှပေ။ အစားအသောက်နှင့် ပတ်သက်၍ ဘယ်တုန်းကမျှ ငတ်ကြီးမကျခဲ့ဖူးသော်လည်း ယခုအခါ ၀မ်းသာလွန်းသဖြင့် ရင်တွေတဒိတ်ဒိတ်ခုန်နေသည်အထိ ဖြစ်ရသည်ကို ရှက်ရှက်နှင့်ပင် မိမိကိုယ်ကိုယ် သိနေသည်။ အဖေကလည်း မင်္ဂလာဆောင်တွင် စားလာခဲ့ပြီး ဖြစ်သဖြင့် ကျွန်တော့်တစ်ယောက်တည်း ပေါပေါလောလော စားနိုင်သည်။ မနက်ဖြန်တစ်ရက်အတွက်ပါ သားအဖနှစ်ယောက် အေးအေးလေး လောက်သည်။ မင်္ဂလာဆောင်မှာ သတို့သားသတို့သမီး မရှိဟု အဖေကပြောသည်။ ထိုင်းနိုင်ငံရှိ ကာယကံရှင်များက မင်္ဂလာအထိမ်းအမှတ် စားသောက်ကြရန် ပိုက်ဆံပို့လိုက်သဖြင့် ဒေလီရှိဆွေမျိုးများက ချက်ပြုတ်စားသောက်ကြခြင်းသာ ဖြစ်သည်။ အဖေက ဆရာဆိုတော့ တလေးတစား ဖိတ်ကျွေးသည်။ စားပြီးသောက်ပြီး ကြက်သားထုပ်ကြီး ပါဆယ်ဆွဲလာရဲလောက်အောင် မျက်နှာပြောင်သည့် အဖေ၏ အလိုက်ကမ်းဆိုးမသိမှုကို ဒီတစ်ကြိမ်တွင် ကျွန်တော် ကြိတ်၍ ကျေးဇူးတင်နေမိသည်။ ကျေးဇူးကြီးပေ ဒို့ဖေဖေပေါ့လေ။ အခန်းထဲ ထိုင်နေရသည်မှာ ထမင်းပေါင်းအိုးရှိ မီးနီလေး ဘယ်တော့များ မှိတ်သွားပါ့မလဲဟု မျက်စိက မကြာခဏ အကြည့်ရောက်နေသဖြင့် ဖတ်လက်စ သုခမြို့တော် စာအုပ်ကို ဆွဲယူကာ ကျွန်တော် ၀ရန်တာသို့ ထွက်လာခဲ့သည်။ ခုံပေါ်တွင် အကျအနထိုင်ကာ ၀တ္ထုအတွင်းရှိ ကုလားပြည် ဆင်းရဲသားနင်းပြားများ၏ ဆာလောင်ငတ်မွတ်နေသော အနိဋ္ဌာရုံများကို ခံစားချက်အပြည့်နှင့် ဖတ်ရှုနေမိသည်။ ၀တ္ထုတွင်းသို့ ကိုယ်တိုင် ၀င်ရောက်ခံစားပြီး သူတို့၏ ငတ်မွတ်မှုများအပေါ် အမှန်တကယ်ပင် ကျွန်တော် ကိုယ်ချင်းစာမိပါသည်။ မိမိကိုယ်တိုင် ငတ်မွတ်နေရသည့် ကိုယ်တွေ့ခံစားချက်နှင့် မကြာခင် ကြက်သားနှင့် ထမင်းစားရတော့မည်ဟူသော အသိက ကျွန်တော့်ကို စိတ်ကောင်းရှိသော၊ ခံစားနားလည်နိုင်စွမ်းပြည့်ဝသော လူသားတစ်ဦးဖြစ်နေစေခဲ့သည်။

ကြောင်ပိန်လေးတစ်ကောင် ကျွန်တော့် ထိုင်ခုံအောက်မှ ဖြတ်လျှောက်သွားသည်။ အတော်ပဲ၊ ဒီကောင့်ကိုလည်း အရိုးအရင်းများ ကျွေးရမည်။ ဒီလို တိုက်ခေါင်မိုးတွေပေါ် ကျက်စားနေသည့် ပိုင်ရှင်မဲ့ ကြောင်လေကြောင်လွင့်များအဖို့ ကြက်ရိုးကို တစ်ခါမျှပင် ကိုက်ဖူးမည်မထင်ဟု ကျွန်တော် ဂရုဏာကြီးစွာ အတွေးဖြန့်ကျက် လိုက်သေးသည်။ ဒီကောင်တွေ ကံဆိုးကြရှာသည်။ ရန်ကုန်မှာကျန်ခဲ့သည့် ကျွန်တော့်ပူစီလေးဆိုလျှင် ကြောင်စာ၊ ပုဇွန်ခြောက်နှင့် နယ်ဖတ်ထားသော ထမင်းနှင့် ရှိသမျှ အရိုးအရင်း အကုန်ဝါးရသည်။ ဒီကောင်တွေမှာတော့ နံရိုးအပြိုင်းပြိုင်းနှင့်။ မင်းလည်း ဒီနေ့တော့ အူစိုပြီပေါ့ကွာဟု တွေးလို့မှမဆုံးသေး အခန်းတွင်းမှ အဖေ၏ ကျယ်လောင်သော အသံနက်ကြီးကို ကြားလိုက်ရသည်။ ဘာများဖြစ်သလဲ တွေးရင်း အခန်းတွင်းသို့ ကျွန်တော် ကမန်းကတမ်း ပြေးဝင်လာခဲ့သည်။ အဖေက အိပ်ယာပေါ်တွင် ငုတ်တုပ်။ မင်းကြက်သားထုပ် ကြောင်ချီသွားပြီ။ အိမ်နောက်ဖေးဘက်ပြေးပြီး ဟိုဘက်တိုက်ပေါ် ခုန်တက်သွားတယ်ဟု မျက်လုံးကြီးပြူးပြီး ကျွန်တော့်ကို ပြောလိုက်သည်။ အိမ်နောက်ဖေး ၀ရန်တာတွင် ရင်ပုံရိုးလေးတစ်ခု တင်ကျန်နေရစ်သည်ကို ကျွန်တော်တွေ့ရသည်။ သွားပြီ၊ ပါသွားပြီဟု အဖေက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ဟိုမှာ ရင်ပုံလေးတစ်ခုတော့ တင်နေတယ်။ အဲဒါနဲ့ပဲ စားရင်စားပေါ့ဟု အဖေက စိတ်မကောင်းစွာ ပြောလိုက်သည်။ တစ်ဘက်တိုက်ရှိ ၀ရန်တာအကွယ်မှ တဂျွတ်ဂျွတ်ဖြင့် အရိုးကိုက်နေသော ကြောင်ယုတ်မာ၏ အသံများကို ကျွန်တော် ကြားနေရသည်။ အသားလေး အနည်းအကျဉ်းကပ်နေသည့် ရင်ပုံရိုးအား လမ်းကြားအတွင်းသို့ ကျွန်တော် ပစ်ချလိုက်သည်။

မူလ လဲလျောင်းနေရာ အိပ်ယာထက်တွင်ပင် ယခု ကျွန်တော် ငူငူကြီးထိုင်နေသည်။ အလိပ်လိုက် အလိပ်လိုက် ဆောင့်တက်လာသည့် ဒေါသများကို အဖေမမြင်အောင် မျက်နှာထက်မှ ကြိုးစားဖျောက်ဖျက်ထားရသည်။ ထိုနေ့က ကျွန်တော် ဒေါသထွက်ခဲ့ပုံမျိုး ယခင်က တစ်ခါမျှ မကြုံခဲ့ဖူး။ အကြောင်းအရာသည် တစ်နည်းတစ်ဖုံ ရယ်ရွှင်ဖွယ်ကောင်းနေမှန်း သိသည့်တိုင်အောင် ကျွန်တော့်ဒေါသသည် ပြင်းထန်စွာဖြင့် အတည်ပေါက် ထွက်နေခြင်းသာ ဖြစ်သည်။ သာမန်အချိန်မျိုးတွင် ဘေးလူတစ်ယောက်က ကျွန်တော့်အဖြစ်အား ကြည့်နေခဲ့ပါလျှင် အူတက်အောင်ပင် ရယ်မိနိုင်ပေသည်။ သို့သော် ကျွန်တော် မရယ်နိုင်ခဲ့။ ရယ်ဖို့မပြောနှင့် ထိုအချိန်က ဖြစ်မှဖြစ်ရလေဟု မိမိကိုယ်ကိုယ်နှစ်သိမ့်ကာ ပြုံးရန်ကြိုးစားကြည့်ခြင်းသော်မှ မအောင်မြင်ခဲ့ပါ။ ဤသို့သော အခွင့်အရေးမျိုး နောက်တစ်ကြိမ် ပြန်လာတော့မည် မဟုတ်မှန်း ကျွန်တော် ကောင်းကောင်းသိသည်။ အရင်အတိုင်း ငတ်နေလျှင်လည်း ကောင်းသား။ ခုတော့ ကြက်သားလေးတစ်ဖတ်ခန့် လျှာပေါ်တင်ကြည့်ပြီးခါမှ။ တွေးရင်းနှင့် ဗိုက်ကပိုဆာလာသည်ကို သတိပြုမိရပြန်သည်။ ထမင်းပေါင်းအိုးမှ ထွက်ပေါ်လာသော မီးခိုးငွေ့များကိုကြည့်၍ ကျွန်တော့်ဒေါသတို့သည်လည်း တအူအူ ထွက်နေခဲ့သည်။ ပေါ့ပေါ့တန်တန် သဘောထားလိုက်ရန် ကြိုးစားခြင်းအားဖြင့် ဦးနှောက်မှ စဉ်းစားမိသည့် ရယ်စရာတော့ ကောင်းပါတယ်ဟူသော အတွေးနှင့် ထိန်းချုပ်မရနိုင်သည့် ဒေါသခံစားချက်၊ ဆန့်ကျင်ဘက်အရာနှစ်ခုသည် ကျွန်တော့်ကို ရက်ရက်စက်စက် နှိပ်ကွပ်နေခဲ့သည်။ ထိုနေ့က ကြက်ဥတစ်လုံးကို ဖောက်ရခြင်းအား အကြမ်းဖက်မှုတစ်ရပ်ဟု ခံစားတတ်သည့် စိတ်နှလုံးနူးညံ့လှသော ကြောင်ချစ်သူတစ်ယောက်သည် ကြောင်ယုတ်မာတစ်ကောင်အား ရက်ရက်စက်စက် သတ်ပြစ်ရမည်ဟု ပြတ်သားစွာ ဆုံးဖြတ်ချက် ချခဲ့ပါသည်။ နောက်တစ်နေ့တွင် ကျွန်တော် မျှော်နေခဲ့သည့် ထိုကြောင်မသူတော် ပေါ်မလာခဲ့။ အရိုးစူးပြီး သေများသွားသလားဟု ကိုယ်တိုင်မသတ်လိုက်ရမှာ စိုးရိမ်စွာဖြင့် အနှီသတ္တ၀ါလေးအား မေတ္တာပို့ပေး နေမိခဲ့သေးသည်။

တစ်ပတ်ခန့်အကြာတွင် …
အလုံပိတ် ဆယ်ပေပတ်လည် အခန်းကျဉ်းလေးတစ်ခုအတွင်း၌ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်သည် တစ်ယောက်နှင့်တစ်ကောင် အကြည့်ချင်းပြိုင်နေကြ၏။ လူ၏ လက်ထဲတွင် တံမြက်စည်းတစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ ကြောင်၏ မျက်လုံးများက ပိန်လှီသော ကိုယ်ခန္ဓာနှင့် မလိုက်ဖက်စွာ ပြူးကျယ်ဝိုင်းစက်နေသည်။ အခန်းတွင်းရှိ တစ်ခုတည်းသော ပစ္စည်းဖြစ်သည့် ဘီရိုအောက်သို့ အားကိုးရာမဲ့စွာ နောက်ဆုတ်နောက်ဆုတ်ဖြင့် တိုးဝင်နေ၏။ မကြာခင် အခန်းတွင်းမှ ဆူညံသော ၀ုန်းဒိုင်းကျဲသံများ ထွက်ပေါ်လာသည်။ အခန်း၏ ပြတင်းပေါက် သံဇကာ ကျဉ်းကျဉ်းလေးအတွင်းမှ အနာခံ၍ ကြောင်တစ်ကောင် ရုတ်တရက် သွေးရူးသွေးတန်း ခုန်ထွက်လာ၏။ ထို့နောက် အခန်းတံခါးပွင့်လာကာ စပ်ဖြီးဖြီးမျက်နှာပေးနှင့် ရင်ကော့ပြီး ထွက်လာသော တံမြက်စည်းကိုင် လူတစ်ယောက်ကို မြင်နိုင်သည့် မျက်မြင်သက်သေတစ်ဦးမှ ထိုအချိန်က မရှိခဲ့ပေ။ တံမြက်စည်းသည် ပစ်မှတ်အား တစ်ချက်ကလေးမှ မထိမှန်ဘဲ နံရံနှင့်ထိခိုက်မိသည့် ဒဏ်ကြောင့် ဖွာလန်ကြဲနေ၏။ ခုမှပဲ ပေါ့သွားတော့တယ်ဟု ထိုလူတွေးနေမည်ဟု ကျွန်တော် လောင်းရဲပါသည်။ ထို့အတူ ထိုလူသည် သုခမြို့တော်အား ခံစားချက်အပါဆုံး ဖတ်ရှုနိုင်ခဲ့သူဟုလည်း ကျွန်တော် အာမခံလိုပါသည်။ သူသည် ယနေ့ထိ သုခမြို့တော်တွင် ကိုယ်တွေ့ခံစားချက်အပြည့်နှင့် ခရီးနှင်နေဆဲ ရှိပါသည်။

တေဇာ (လရောင်လမ်း)

Comments

  1. ကောင်းလိုက်တဲ့ အရေးအသား နဲ့ အကြောင်းအရာ။
    လက်ဖျားခါရပါပေတယ်။

    :)

    ReplyDelete
  2. ကောင်းတယ်...

    ReplyDelete
  3. အကြောင်းအရာကိုတော့ နောက်တစ်ခါ မကြုံပါရစေနဲ့... :)

    ReplyDelete
  4. Tazar Lay
    Article is good, but, I feel sorry..
    Ma Yeing

    ReplyDelete
  5. ကိုယ်ချင်းမစာလိုက်လေခြင်းလို့ အမိုက်မမိပီတိအား အပြစ်တင်လိုကတင်စေတော့ ကိုတေဇာ။ Funny လို့ check ခဲ့ပါကြောင်း :P

    ReplyDelete
  6. သိတယ်၊ ကိုယ်တိုင်လည်း ရယ်စရာကောင်းမှန်းသိတယ်၊ ဒါပေမဲ့ မရယ်နိုင်ဘူး၊
    ခုထိတောင် အဲဒီကောင်ကို တွေ့ရာသင်းချိုင်းပဲ :P

    ReplyDelete
  7. အဟမ်း အဟမ်း

    သားအဖ နှစ်ယောက် စလုံးအန်တီချမ်း ဆီမှာ ချက်နည်းပြုတ်နည်း ၁၅၀၀ လာသင်ကြပါ
    ကျေးဇူးကြီးပေ တို့ ဖေဖေ ဖြစ်တဲ့ အတွက် အဖေ ကို အရင် သင်ပေးချင်ပါတယ်
    (ဂေါင်ထိ အကုန်စား အဲလေ ရောကုန်ပြီ ဂေါ်လီပစ်တာ သတိရသွားလို့)

    တီချမ်းက ရန်ကုန် တခါတခါ ပြန်ရင် သံဈေးကနေ ဂဏန်း အကောင် ၅၀ ခန့်ဝယ် ၍ ကိုယ်တိုင် သတ်ကာ ချက်သည့် အတွက် ကြက်ဥ တလုံး ကိုတော့ ဂေလ်တီ မဖြစ်ဘဲ ကောင်းမွန်စွာ ခွဲနိုင်အောင် ၁ ရက် အပြတ်ဖြင့် အာမခံ သင်ပေးနိုင်ပါသည်

    ကြက်ကြော် ကြောင်စွဲ ငနဲအခဲမကြေ ဖြစ်ရပ် ကိုတော့ သနားပါသည်
    တီသာဆိုလျင်တော့ ကြက်နဲ့မစားရလဲ မီးလုံးလေး က ကျက်လာသည့် ထမင်း ကို ကြောင်ကြော် နဲ့လွေးပလိုက်ပါမည်
    ကြောင်သားသည် နည်းနည်း ချဉ်တင်တင် ရှိသော်လည်း စားဖြင်ပါသည်
    ကမ္ဘာမီးလောင် လျင် ကြောင် လောက်တော့ စားရပေမည် မဟုတ်ပါလား

    သုခမြို့တော် ကို အီးလိုဘတ်နေလား မြန်မာလိုဘတ်နေလား ဆိုတာကိုတော့ သိချင်နေမိပါသည်
    ငတ အီးကောင်းကြောင်းသိပြီးဖြစ်ပါသည် ခနဲ့ခြင်း ၏ အနီးအနား သို့ ပင် မရောက်သေးပါ တီ့မှာ မြန်မာလို ဝယ်ပြီးဖြစ်သော်လည်ူး ၁၀ စုနှစ် ၂ ခု အထိ မဘတ်ဖြစ်သေးသော်ကြောင့် သာမေးခြင်းဖြစ်ပါသည်
    ရစ်ချက်ဂီယာ (ဟုထင်သည် မသေချာပါ သို့ မဟုတ် ကိုကိုဒေါက်ကလပ် လဲဖြစ်နိုင်သည်) ပါဝင်သရုပ်ဆောင်သော ထိုထို သုခမြို့တော် ရုပ်ရှင် ကိုတော့ ကြည့်ချင်မိပါသေးသည်

    ReplyDelete
  8. ကျေးဇူးကြီးပေ တို့ ဖေဖေ
    and
    ကြက်ကြော် ကြောင်စွဲ ငနဲအခဲမကြေ ဖြစ်ရပ်
    ................. so funny XD

    ReplyDelete
  9. ဆြာတေ ...ကောင်း၏

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ