ဆော့ခရိတ္တိ မတိုင်မီကာလက ပေါ်ထွန်းခဲ့သည့် တွေးခေါ်ပုံစနစ်ကြီးများသည် ဘီစီငါးရာစု၏ ဒုတိယတစ်ဝက်တွင် သံသယ၀ါဒ လှုပ်ရှားမှုများနှင့် ရင်ဆိုင်လာရသည်။ ၎င်းတို့ထဲတွင် `ဆိုဖှီ´ (Sophist) တို့၏ အကြီးအကဲ ပရိုတာဂိုးရပ်စ် (Protagoras) သည် အရေးအပါဆုံး ပုံရိပ်တစ်ခုဖြစ်သည်။ `ဆိုဖှီ´ (Sophist) ဟူသည့် စကားလုံးသည် ရင်းမြစ်အရ မကောင်းသည့်အနက်ကို မဆောင်ပါ။ အတတ်နိုင်ဆုံး နီးစပ်အောင် ယူရလျှင် ကျွန်တော်တို့အနေဖြင့် `ပရော်ဖက်ဆာ´ ဟု သုံးနှုန်းသည့် စကားလုံးအတိုင်းသာ ဖြစ်သည်။ လက်တွေ့ဘ၀တွင် အသုံးဝင်မည့် အတွေးသို့မဟုတ် အလားတူ အရာတစ်ခုခုအား လူငယ်လူရွယ်များအား သင်ကြားပေးခြင်းဖြင့် အသက်မွေးသူကို ဆိုဖှီဟုခေါ်ခြင်းပင် ဖြစ်သည်။ ဤသို့သော ပညာအတွက် လူထုအား ဖြည့်ဆည်းပေးထားသော စနစ်မျိုး မရှိလေရာ ဆိုဖှီတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စံနှုန်းများ၊ သို့မဟုတ် (လူငယ်များ၏) မိဘများ၏ စံနှုန်းများအတိုင်း သင်ကြားပေးခဲ့ကြသည်။ ဤသည်က ၎င်းတို့အား လူတန်းစား တစ်ရပ်ရပ်အပေါ် ဘက်လိုက်မှုများ ရှိနိုင်စေပြီး ထိုကာလ၏ နိုင်ငံရေးအခြေအနေကလည်း မီးထိုးပေးခဲ့ပေသည်။ အေသင် (Athens) နှင့် အခြားသော မြို့တော်များတွင် နိုင်ငံရေးအရ `ဒီမိုကရေစီ´ သည် အထွဋ်အထိပ်ရောက်နေသည့်တိုင် `အရစ္စတိုကရက်´ [အလွှာမြင့်လူတန်းစားမှ အုပ်ချုပ်သောစနစ် (၀ါ) သာသူအုပ်ချုပ်တမ်းစနစ်] မိသားစုဝင်ဟောင်းများနှင့် ဆက်ဆိုင်သည့် ဥစ္စာဓနတို့အား ထိပါးသည့် အပြုအမူမျိုးများ မရှိခဲ့ပေ။ ဤသည်မှာ အဓိကအားဖြင့် `ဟယ်လင်´ (Hellenic) ယဉ်ကျေးမှုတွင် ကျွန်တော်တို့တွေ့ရသည့် လူချမ်းသာများကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့သည် ပညာရေးနှင့် အားလပ်ချိန်များ ရှိကြသည်။ ခရီးသွားလာခြင်းက ၎င်းတို့၏ ရိုးရာအစွဲအလမ်းများကို `အနားတိ´ ပေးခဲ့သည်။ ထို့ပြင် ဆွေးနွေးငြင်းခုန်ခြင်းများတွင် အချိန်သုံးစွဲခြင်းကြောင့် ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးကို ထက်မြက်စေခဲ့သည်။ ဒီမိုကရေစီဟု ခေါ်တွင်သည့်အရာသည် ကျွန်စနစ် အဆောက်အအုံအား ထိပါးခြင်းမရှိဘဲ ကြေးရတက်များအနေဖြင့်လည်း လွတ်လပ်သည့် ပြည်သူများအပေါ် ဖိနှိပ်ခြင်းကင်း၍ ၎င်းတို့၏ ဥစ္စာဓနများအား စံစားနိုင်ခဲ့၏။
သို့ရာတွင် မြို့တော်အများအပြား၊ အထူးသဖြင့် အေသင်မြို့တွင် အခြေခံလူတန်းစားများအနေဖြင့် ကြေးရတတ်များအပေါ် မစ္ဆရိယနှင့် ရိုးရာအစွဲအလမ်းများ (Traditionalism) တွင်အခြေတည်သည့် မုန်းတီးမှုများ နှစ်ဆတိုးခဲ့၏။ လူချမ်းသာတို့ကို `ဘာသာရေးအပေါ် ကလန်ကဆန်စိတ်ထား´ (Impious) ရှိသူများ နှင့် စာရိတ္တမခိုင်လုံသူများအဖြစ် တရားနည်းကျ အမြင်ဖြင့်ပင် ယူဆခဲ့ကြသည်။ ၎င်းတို့သည် ရှေးဟောင်းယုံကြည်မှုများကို ဖျက်လိုဖျက်ဆီး လုပ်နေခြင်းနှင့် ဒီမိုကရေစီအား ဖျက်ဆီးရန် ကြိုးစားနေခြင်း ဖြစ်တန်ရာသည်ဟု မြင်ခဲ့ကြသည်။ ထို့ကြောင့်ပင် နိုင်ငံရေးဆိုင်ရာ ဒီမိုကရေစီသည် ယဉ်ကျေးမှုဆိုင်ရာ `ရှေးရိုးဝါဒ´ (Conservatism) နှင့် ဆက်နွယ်မှုရှိခဲ့သည့် အခြေအနေဖြစ်သည်။ ယဉ်ကျေးမှုပိုင်းတွင် ဆန်းသစ်ပြီး ရှေ့ရောက်နေသူများ (ကြေးရတတ်များ) သည် နိုင်ငံရေးဆိုင်ရာတွင် ပြန်လည်ဖော်ဆောင်ရေးဘက်သို့ ရှေးရှုနေခဲ့သည့် သဘောပင်ဖြစ်၏။ ခေတ်သစ် အမေရိကတွင်လည်း ဤသည်နှင့် တမျိုးတဖုံတူညီသည့် အခြေအနေတစ်ရပ် တည်ရှိသည်။ `တမန္နီ´ (Tammany) တွင် အဓိက ကဿလစ်အဖွဲ့အစည်းတစ်ရပ် အနေဖြင့် `ဉာဏ်အလင်းပွင့်ခြင်း´ (Enlightenment) ၏ ထိပါးလာမှုနှင့် ဆန့်ကျင်ကာ ရိုးရာ ဘာသာရေးပညာနှင့် ကျင့်ဝတ်ဆိုင်ရာ တစ်ချက်လွတ်ယုံကြည်မှု (Dogma) များအား ခုခံခြင်းများ ပြုလုပ်နေခြင်းနှင့် ဆင်တူ၏။ သို့ရာတွင် အမေရိကရှိ ဉာဏ်အလင်းပွင့်ခြင်းမှာ အေသင်တွင်ရှိခဲ့သည်ထက်စာလျှင် အားပျော့သည်။ အဘယ်ကြောင့်ဆိုသော် `ပလူတိုကရေစီ´ (Plutocracy) [ကြေးရတတ် အုပ်ချုပ်သောစနစ်] အား လမ်းပေါ်မှ အကြောင်းအရာ (Common cause) တစ်ခု ဖြစ်လာအောင် မလုပ်ဆောင်နိုင်ခြင်းကြောင့်ပင်။ သို့ရာတွင် `ပလူတိုကရေစီ´ အား ခုခံသည့်ဘက်တွင် အရေးပါပြီး ပညာရည်မြင့်မားသည့် လူတန်းစားတစ်ရပ်ကို ရှေ့နေများဖြင့် ဖွဲ့စည်းထားသည့် လူတန်းစားဟု အမည်သတ်မှတ်နိုင်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များမှာ အချို့နေရာများတွင် အေသင်မြို့မှ ဆိုဖှီဆရာကြီးများ၏ စွမ်းဆောင်ခဲ့မှုများနှင့် ဆင်တူ၏။
အေသင်၏ ဒီမိုကရေစီတွင် အမျိုးသမီးများနှင့် ကျွန်များ မဲပေးခွင့်မရသည့် ကြီးမားသည့် ကန့်သတ်ချက်ကြီး ရှိသော်လည်း မည်သည့် ခေတ်ပေါ် နိုင်ငံရေးစနစ်ထက်မဆို အချို့နေရာများတွင် ပိုမိုဒီမိုကရေစီ ကျခဲ့သည်။ တရားသူကြီးများနှင့် အမူဆောင်အရာရှိ အများစုအား လူအများမှရွေးချယ်ပြီး ကာလတို တာဝန်ထမ်းဆောင်ရ၏။ ထို့ကြောင့် ၎င်းတို့သည် ကျွန်တော်တို့၏ `ဂျူရီလူကြီး´ များကဲ့သို့ပင် သာမန်နိုင်ငံသားများသာ ဖြစ်ပြီး ထိုအချက်ကြောင့်ပင် အစွဲအလမ်းများနှင့်အတူ ပညာရှင်ဆန်ဆန် ၀ိသေသများ ကင်းမဲ့ခဲ့ကြသည်။ ယေဘုယျအားဖြင့် အမှုတစ်ခုအား ကြားနာရာတွင် တရားသူကြီး မြောက်မြားစွာ ပါဝင်သည်။ တရားလိုနှင့် တရားခံ၊ စွပ်စွဲသူနှင့် စွပ်စွဲခံရသူတို့သည် ရုံးတော်တွင် ကိုယ်တိုင်ကိုယ်ကျ ရှိနေကြရပြီး တရားဝင် ရှေ့နေများမှတစ်ဆင့် မဟုတ်ပေ။ ပုံမှန်အားဖြင့် အနိုင်အရှုံးသည် လူပြိန်းကြိုက် အစွဲအလမ်းအများအပေါ် ထိရောက်အောင် [ဒေးကာနက်ဂျီနည်းနှင့် ချိန်ထိုးဆင်ခြင်ရန် -ဘာသာပြန်သူ-] လျှောက်လှဲနိုင်သည့် နှုတ်စွမ်းရည်အပေါ်တွင် များစွာတည်နေသည်။ လူတစ်ယောက်သည် ကိုယ်တိုင်သာ နှုတ်ဖြင့် လျှောက်လှဲရသော်လည်း ၎င်းလျှောက်လှဲမည့် စာတမ်းကို ရေးရန် ကျွမ်းကျင်သူတစ်ဦးကို ငှားရမ်းနိုင်သည်။ သို့မဟုတ် လူအများစု နှစ်သက်ကြသကဲ့သို့ တရားရုံးတွင် အောင်မြင်မှုရရန် လိုအပ်သော `ပညာ´ (Art) တွင် လမ်းညွှန်ရန် ငွေကြေးပေးကြသည်။ အဆိုပါ `ပညာ´ မှာ ဆိုဖှီများက သင်ကြားပေးရန် ရည်စူးခြင်းပင် ဖြစ်၏။
အေသင်သမိုင်း၏ `ပါရစ်ကယ်ခေတ်´ (Pericles age) သည် အင်္ဂလန်သမိုင်း၏ `၀ိတိုရိယခေတ်´ (Victorian age) နှင့် သဏ္ဌာန်တူ၏။ အေသင်သည် ကြွယ်ဝပြီး သြဇာအာဏာရှိ၏။ စစ်ပွဲများကြောင့် ဒုက္ခမတွေ့ခဲ့ရ သည့်အပြင် `အရစ္စတိုကရက်´ များ စီမံခန့်ခွဲသည့် ဒီမိုကရေစီ အ၀န်းအ၀ိုင်းအားလည်း ပိုင်ဆိုင်၏။ `အနက်ဇာဂိုးရပ်စ်´ (Anaxagoras) နှင့်ဆက်နွယ်၍ ကျွန်တော်တို့သိခဲ့ရသလို ပါရစ်ကယ်၏ ဒီမိုကရေစီ အတိုက်အခံများသည် တဖြည်းဖြည်း အင်အားစုဆောင်းကာ သူ၏ မိတ်ဆွေများအား တစ်ဦးပြီးတစ်ဦး တိုက်ခိုက်ခဲ့သည်။ ဘီစီ ၄၃၁ တွင် `ပယ်လိုပိုနေးရှား စစ်ပွဲ´ (Peloponnesian war) ဖြစ်ပွားခဲ့သည်။ အေသင်သည် (အခြားဒေသများ နည်းတူ) ပလိပ်ရောဂါကပ်ကြောင့် ထောင်းထောင်းကြေခဲ့ရာ ၂၃၀,၀၀၀ ခန့်ရှိခဲ့သည့် လူဦးရေမှာ များစွာ လျော့ကျသွားခဲ့ပြီး မူလအရေအတွက်သို့ ဘယ်တော့မှ ပြန်လည် မရောက်ရှိခဲ့တော့ပေ။ ပါရစ်ကယ်ကိုယ်တိုင် ဘီစီ ၄၃၀တွင် စစ်သေနာပတိ ရုံးခန်းမှ ဖြုတ်ချခံရပြီး ပြည်သူပိုင်ငွေ အလွဲသုံးစားမှုဖြင့် ဒဏ်တပ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် မကြာခင် ပြန်လည်ခန့်ထားခြင်း ခံခဲ့ရသည်။ သူ၏ တရားဝင် သားနှစ်ယောက်သည် ပလိပ်ရောဂါဖြင့် သေဆုံးခဲ့ပြီး သူကိုယ်တိုင်လည်း နောက်တစ်နှစ် (ဘီစီ ၄၂၉) တွင် သေဆုံးခဲ့သည်။ `ဖှီယဲဒီးယဲ့´ (Pheidias) နှင့် `အနက်ဇာဂေါရပ်´ (Anaxagoras) သည် သေဒဏ်အပြစ်ပေးခံခဲ့ရပြီး `အ(စ်)ပါးဇီးယား´(Aspasia) သည် ဘုရားသခင်အား မရိုသေမှုနှင့် တရားမ၀င်အိမ်တွင် နေထိုင်မှုကြောင့် တရားစွဲဆိုခံရသည်။ သို့သော် သူက ငြင်းဆိုခဲ့သည်။
ဤသို့သော လူ့အဖွဲ့အစည်းတွင် ဒီမိုကရက် နိုင်ငံရေးသမားများ၏ အမုန်းကို ကြုံတွေ့ရနိုင်ချေ များသူများအနေဖြင့် မှုခင်းနှင့်သက်ဆိုင်သော အရည်အသွေးကို ပိုင်ဆိုင်လိုကြသည်မှာ ဓမ္မတာသာဖြစ်သည်။ အေသင်အနေဖြင့် တရားစွဲဆိုခြင်းအား အလွန်အကျင့်ပါနေသော်လည်း အချို့နေရာများတွင်သော် ခေတ်သစ်အမေရိကထက်ပို၍ ကန့်သတ်ချုပ်ချယ်မှုများ လျော့နည်းသည်။ ဘုရားအားမရိုသေမှုနှင့် အကျင့်ပျက် ခြစားခြင်း စွဲချက်ဖြင့်ရင်ဆိုင်ရသူများအနေဖြင့် လူငယ်ဖြစ်လျှင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် လျှောက်လှဲခွင့် ပေးခဲ့သည်။
ဤအချက်မှာ ဆိုဖှီဆရာကြီးများအနေဖြင့် လူတန်းစားတစ်ရပ်တွင် လူကြိုက်များပြီး အခြားတစ်ရပ်တွင် လူကြိုက်နည်းရခြင်းအကြောင်းကို ရှင်းလင်းစေသည်။ သို့ရာတွင် သူတို့၏ စိတ်တွင်းကမူ ပို၍ အများသဘောဆောင် (Impersonal) ရည်ရွယ်ချက်များအတွက် ဆောင်ရွက်ခဲ့ကြခြင်းသာ ဖြစ်သည်။ ထို့ပြင် သူတို့အများစုမှာ ဒဿနိကဗေဒနှင့် စစ်မှန်စွာ ပတ်သက်နေခဲ့ကြောင်း ထင်ရှား၏။ ပလေတိုက ၎င်းတို့အား လိုတိုးပိုလျှော့လုပ်၍ ပုံဖော်ရန် (Caricature) နှင့် အမနာပဆိုရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့အား သူ၏ ကြမ်းတမ်းသည့် ဝေဖန်ရေးသားချက်များမှ ဆုံးဖြတ်ချက်ချနိုင်မည် မဟုတ်ပါ။ `ယူသှီဒီးမတ်စ်´ Euthydemus မှ ယူထားသော အောက်ပါစာပိုဒ်တွင်မူ ဆိုဖှီဆရာနှစ်ဦးဖြစ်သည့် `ဒီယွန်နင်ဆိုဒေါရပ်စ်´ (Dionysodorus) နှင့် `ယူသှီဒီးမတ်စ်´ (Euthydemus) တို့က `ကလက်ဆစ်ဖှက်´ (Clesippus) အမည်ရသည့် လူပြိန်းတစ်ဦးအား ဇဝေဇ၀ါဖြစ်သွားစေရန် လုပ်ဆောင်ကြပုံကို (ပလေတိုက) ပေါ့ပေါ့ပါးပါး ရေးဖွဲ့ခဲ့ပေသည်။
သင့်မှာ ခွေးတစ်ကောင် ရှိတယ်လို့ သင်ပြောတယ်မဟုတ်လား။
ဟုတ်ပါတယ်၊ ကိုက်တတ်ပါတယ် ဟု ကလက်ဆစ်ဖှက်က ဆိုသည်။
ဒါနဲ့ သူ့မှာ ခွေးသားပေါက်ကလေးတွေ ရှိလား။
ရှိပါတယ်။ ဒီကောင်နဲ့မှ တစ်ပုံစံထဲပဲ။
ဒါဆို ခွေးဟာ သူတို့ရဲ့ အဖေပေါ့။
အမှန်ပါပဲ။ ခွေးသားပေါက်လေးတွေရဲ့ အမေဟာ ဒီကောင်နဲ့အတူနေတာကို ကျွန်တော်အသေအချာ မြင်ပါတယ်။
ဒါနဲ့ ဒီကောင်က ခင်ဗျားဟာ (Yours) မဟုတ်ပေဘူးလား။
ဟုတ်ပါတယ်။ ကျွန်တော့်ဟာပါပဲ။
ဒါဆို သူက အဖေ ပေါ့။ ပြီးတော့ သူက ခင်ဗျားဟာပေါ့။ ဒါကြောင့် သူဟာ ခင်ဗျားရဲ့ အဖေပေါ့။ ခွေးသားပေါက်ကလေးတွေဟာ ခင်ဗျားနဲ့ ညီအစ်ကို တော်တာပေါ့။
ဤထက်ပို၍ နက်,သည့် အရာများကိုမူ “ဆိုဖှီ” (The Sophist) ဟု ခေါ်သည့် အပြန်အလှန် စကားပြောခန်းများတွင် ဖတ်ရှုနိုင်ပါသည်။ ၎င်းတွင် ဆိုဖှီဆရာများကို သရုပ်ဖော်အဖြစ် အသုံးပြုထားပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုင်ရာ ယုတ္တိနည်းကျဆွေးနွေးချက်များ ပါဝင်သည်။ ကျွန်တော်တို့အနေဖြင့် ဤနေရာတွင် အဆိုပါယုတ္တိဗေဒများနှင့် သက်ဆိုင်ခြင်းမရှိသေးသည့်အတွက် အောက်ပါ ပြန်လှန်ဆွေးနွေးချက်များကိုသာ နိဂုံးတစ်ရပ်အဖြစ် လောလောဆယ် ညွှန်းဆိုလိုပါသည်။
“၀ိရောဓိဖော်ဆောင်ခြင်း ပညာ (Art) ၊ ပလွှားသည့် ပုံစံတူတုပခြင်း၏ မရိုးသားသောပုံစံတစ်မျိုးမှ ဆင်းသက်လာသည့်၊ ပုံရိပ်ယောင် (Semblance) ဖော်ပြခြင်း နည်းနာ၊ စိတ်ကူးထည် (Image) ဖန်တီးခြင်းမှ ဆင်းသက်လာသော၊ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ခွဲခြမ်းထားသော၊ သဘာဝလွန်အရာများ (Divine) နှင့်မသက်ဆိုင်ဘဲ လူသားသာဖြစ်သော၊ စကားလုံးများ၏နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှုကို တင်ဆက်သည့်၊ ဖန်တီးထုတ်လုပ်မှု (Production) ဖြစ်သည့် ဤသို့သောအရာသည် ဆိုဖှီစစ်စစ်အဖြစ် ဧကန်မလွဲသတ်မှတ်နိုင်သည့် သွေးဆက် (Blood and lineage) ပင် ဖြစ်ပေသည်” (Cornford’s Translation) [*]
ဆိုဖှီဆရာများနှင့် တရားရုံးတို့၏ အဆက်အစပ်ကို သရုပ်ဖော်သည့်၊ ပရိုတာဂိုးရပ်စ်နှင့်ပတ်သက်သည့် ဇာတ်လမ်းတစ်ပုဒ် ရှိပါသည်။ သို့ရာတွင် အမှားကြာ၍ အမှန်သဖွယ်ဖြစ်လာသောပုံပြင် (Apocryphal) တစ်ပုဒ်သာဖြစ်ကြောင်း ယုံမှားစရာ မလိုပါ။ ၎င်းမှာ ပရိုတာဂိုးရပ်စ်က လူငယ်တစ်ဦးအား ကာလအပိုင်းအခြား တစ်ရပ်အတွင်း ပညာသင်ကြားပေးပြီး ထိုလူငယ်သည် သူ၏ ပထမဆုံး တရားတဘောင်ရင်ဆိုင်မှုကို အောင်မြင်ခဲ့လျှင် သင်ကြားခကြေးငွေကို ပရိုတာဂိုးရပ်စ်အား ပေးရပေမည်။ ထိုသို့မဟုတ်ခဲ့လျှင် ပေးစရာ မလိုပေ။ သို့ဖြစ်ရာ ထိုလူငယ်၏ ပထမဆုံး တရားရင်ဆိုင်ရမှုကို သူ့အတွက် အခကြေးငွေရရှိရန်အလို့ငှာ ပရိုတာဂိုးရပ်စ်ကိုယ်တိုင်က ဖန်တီးပေးသည်ဟူ၍ ဖြစ်သည်။
သို့ရာတွင် ဤအချီးနိဒါန်းများအား အသာထား၍ ပရိုတာဂိုးရပ်စ်နှင့်ပတ်သက်၍ တိတိပပ သိရသည့် အရာများကို ကြည့်ကြပါဦးစို့။
ပရိုတာဂိုးရပ်စ်အား ဘီစီ (၅၀၀) ခန့်တွင် “ဒီမိုကရစ်တပ်စ်” (Democritus) လာခဲ့ရာမြို့ဖြစ်သော “အဲ့ဒီရာ” (Abdera) တွင် မွေးဖွားခဲ့သည်။ သူသည် အေသင်သို့ နှစ်ကြိမ်ရောက်ရှိခဲ့ပြီး ဒုတိယအကြိမ်သည် ဘီစီ (၄၃၂) ထက် နောက်ကျခြင်းမရှိခဲ့ပေ။ ဘီစီ (၄၄၄-၃) တွင် သူသည် “ဿူရီး” (Thurii) မြို့တော်အတွက် ဥပဒေပုဒ်မများကို ပြုလုပ်ပေးခဲ့သည်။ ဘုရားအား မရိုသေမှုဖြင့် တရားစွဲဆိုခံခဲ့ရသည်ဟူသော ဆိုရိုးတစ်ခုရှိသော်လည်း ၎င်းသည် မှန်ကန်ပုံမပေါ်ပေ။ သူရေးသားခဲ့သည့် “ဘုရားတို့အပေါ်ဝယ်” (On the Gods) ဟူသော စာအုပ်ပါအချက်အရသော် ဤသို့စတင်ထားသည်ကို တွေ့ရသည်။ “နတ်ဘုရားတို့နှင့် စပ်လျဉ်း၍ ၎င်းတို့ အမှန်တကယ်ရှိသလော၊ မရှိသလောဟူသည်ကို ကျွန်တော့်အနေဖြင့် သေချာကျနစွာ ခံစားနိုင်ခြင်းမရှိသလို ၎င်းတို့၏ သွင်ပြင်ပုံသဏ္ဌာန်သည် မည်သို့နည်းဟုလည်း မသိရှိပါ။ အကြောင်းမှာ ရေရာတိကျသည့် အသိပညာအတွက် ဟန့်တားနှောင့်ယှက်သည့်အရာ များစွာရှိနေခြင်း၊ အဆိုပါကိစ္စရပ် (ဘာသာရပ်) ၏ ရှုပ်ထွေးေ၀၀ါးမှုနှင့် လူ့ဘ၀၏ တိုတောင်းမှုတို့ကြောင့် ဖြစ်ပေသည်”
သူ၏ ဒုတိယမြောက် အေသင်ခရီးကို ပလေတို၏ “ပရိုတာဂိုးရပ်စ်” (Protagoras) တွင် သရော်ချက်ဆန်ဆန် ရေးဖွဲ့ခဲ့ပြီး၊ သူ၏ တွေးခေါ်ပုံစနစ်များကိုမူ ‘Theaetetus’ တွင် အလေးအနက် ဆွေးနွေးခဲ့ပေသည်။ သူ့အား တခုတ်တရပြောဆိုကြရသည်မှာ သူ၏ တွေးခေါ်ပုံဖြစ်သည့် “အရာအားလုံး၏ အတိုင်းအတာ (ပေတံ) မှာ လူသာဖြစ်၏။ ဖြစ်-ရှိသည့် အရာများ၏အရာသည် ၎င်းတို့သာဖြစ်ပြီး၊ မဖြစ်-မရှိသည့် အရာများ၏အရာမှာ ၎င်းတို့မဟုတ်” ဟူသည့် အယူအဆကြောင့်ပင် ဖြစ်သည်။ ၎င်း၏အဓိပ္ပာယ်ကို အနက်ပြန်ဆိုရသော် လူသားတစ်ဦးချင်းစီသည် အရာအားလုံး၏ အတိုင်းအတာပင်ဖြစ်သည်။ ထို့ကြောင့်ပင် လူကွဲပြားသွားသောအခါ မည်သည်ကမှားသည်၊ မည်သည်ကမှန်သည်ဟူသည့် ဓမ္မဓိဋ္ဌာန်အမှန်တရား မရှိတော့ပေ။ ဤတွေးခေါ်ပုံစနစ်မှာ အရင်းအနှစ်ကျသည့် သံသယအမြင်ဖြစ်ပြီး အာရုံများ၏ လှည့်စားနိုင်စွမ်းအပေါ် အခြေခံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လက်တွေ့ဝါဒ (Pragmatism) ၏ ဦးဆောင်သုံးဦးထဲမှ တစ်ဦးဖြစ်သည့် “စခီလာ” (F.C. Schiller) က သူ့ကိုယ်သူ ပရိုတာဂိုးရပ်စ် သြဇာခံဟု ခေါ်ဆိုသည်။ ဤသည်မှာ ကျွန်တော့် (ဘာထရန်ရပ်ဆဲ) အမြင်အရ Theaetetus တွင် ပလေတိုက ပရိုတာဂိုးရပ် အနက်ပြန်အဖြစ် “အတွေးအမြင်တစ်ရပ်သည် အခြားတစ်ခုထက် ပိုမို ကောင်းမွန် နိုင်၏။ သို့သော် ပို၍ မှန်ကန် ခြင်းသည် မဖြစ်နိုင်” ဟု ဆိုခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ဥပမာအားဖြင့် အသားဝါဝေဒနာရှင် လူတစ်ဦး၏အမြင်တွင် အရာအားလုံးသည် ၀ါနေပေလိမ့်မည်။ ထိုအရာတို့သည် အမှန်တကယ်အားဖြင့် ၀ါနေခြင်းမရှိဟုပြောရန် အကြောင်းတစ်စုံတစ်ရာမရှိ။ သို့ရာတွင် ကျန်းမာခြင်းသည် နာမကျန်းခြင်းထက် ပိုမိုကောင်းမွန်ခြင်းကြောင့် ကျန်းမာနေသူတစ်ဦး၏ အမြင်သည်မူ အသားဝါဝေဒနာရှင်တစ်ဦး၏ အမြင်ထက် ပိုမိုကောင်းမွန်သည်ဟု ကျွန်တော်တို့ ပြောဆိုနိုင်ပေသည်။ ဤတွေးထောင့်မှာ သိသိသာသာပင် လက်တွေ့ဝါဒနှင့် မနှီးယိုးစွဲရှိသည်။
လက်တွေ့ကျသည့် ရည်ရွယ်ချက်အတွက် ဓမ္မဓိဋ္ဌာန်အမှန်များတွင် မယုံကြည်ခြင်းက အဓိကလုပ်ဆောင်သည်မှာ ကြားနေဆုံးဖြတ်သူများ (ဥပမာ-တရားသူကြီးများ) အား မည်သည့်အရာကို ယုံကြည်ရမည်နည်းဟု ရွေးချယ်စေရန်ပင် ဖြစ်သည်။ ဤသည်မှာလည်း ပရိုတာဂိုးရပ်စ်အနေဖြင့် တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ရိုးရာကျင့်ဝတ်များအား ခုခံချေပရန် (ဆိုဖှီတစ်ဦးအနေဖြင့်) ဦးဆောင်နေရသည့်အတွက်ပင် ဖြစ်ပေသည်။ ကျွန်တော်တို့တွေ့ပြီးခဲ့သလို သူသည် ဘုရားရှိ၊ မရှိကို မသိသော်လည်း ၎င်းတို့အား အလေးအမြတ်ထားသင့်ကြောင်းကိုမူ သေချာခဲ့သည်။ ဒေါင်ဒေါင်မြည်ပြီး (Thoroughgoing) လက်တွေ့ကျသည့် သဘောတရားရေးရာ သံသယ၀ါဒပိုင်ရှင်တစ်ဦးအနေဖြင့် ဤရှုထောင့်သည် မှန်ကန်သည့် အထိုင်ပေါ်တွင် တည်ရှိကြောင်း ထင်ရှားသည်။
ပရိုတာဂိုးရပ်စ်သည် သူ၏ အရွယ်ရောက်ပြီးဘ၀ကို ဂရိမြို့တော်များတစ်လျှောက် မဆုံးနိုင်သည့် သင်ကြားရေးခရီးစဉ်များ ပုံစံဖြင့် ဖြတ်သန်းခဲ့သည်။ အခကြေးငွေအလို့ငှာ သင်ကြားပေးခြင်းမျိုးဖြစ်ပြီး၊ “လက်တွေ့ကျသည့် ထိရောက်အောင်မြင်မှုနှင့် ပိုမိုမြင့်မားသည့် စိတ်ယဉ်ကျေးမှုအား လိုလားသူ မည်သူမဆို” ဟု ဆို၏။ (Zeller, p.1299) ခေတ်သစ်မှတ်တမ်းများအရ လမ်းညွှန်ချက်အတွက် အခကြေးငွေရယူသည့် ဆိုဖှီတို့၏ အလေ့အား ပလေတိုက တစ်နည်းတစ်ဖုံ အချဉ်ပေါက်စွာဖြင့် ကန့်ကွက်ခဲ့၏။ ပလေတိုကိုယ်တိုင် အနေဖြင့်မူ လုံလောက်သည့်ဥစ္စာဓနပိုင်ဆိုင်မှု ရှိခဲ့ရာ သူ့ကဲ့သို့ အကြောင်းမလှခဲ့သည့် လူများ၏ လိုအပ်ချက်တို့ကို နားလည်နိုင်ရန် မစွမ်းသာကြောင်း ထင်ရှားသည်။ မိမိတို့ရရှိသည့် လစာငွေကို ငြင်းဆိုရန် အကြောင်းတစ်စုံတစ်ရာ ရှာမတွေ့နိုင်သည့် ခေတ်သစ်ပညာရှင်များက ပလေတို၏ ပုတ်ခတ်မှုများကို မကြာခဏ သံယောင်လိုက်တတ်ခြင်းကမူ အရုပ်ဆိုးပါသည်။ (ဤသည်မှာ ဘာထရန်ရပ်ဆဲ၏ အမြင်ဖြစ်ပါသည်။ ပလေတိုအနေဖြင့် ဆိုဖှီဆရာတို့အား မျက်နှာသာမပေးလှခြင်းနှင့် ခေတ်သစ်အမြင်တွင်ပါ ဆိုဖှီတို့သည် အဆိုးပုံရိပ်သမ်းနေရခြင်းအပေါ် ရပ်ဆဲက ဖေးဖေးမမ ရှုမြင်ခဲ့ကြောင်း တွေ့ရှိနိုင်သည်။ -ဘာသာပြန်သူ-)
သိုရာတွင် ခေတ်ပြိုင်ဒဿနပညာရှင်များနှင့် ဆိုဖှီတို့ခြားနားသည့် အခြားအချက်များ ရှိပါသေးသည်။ ဆိုဖှီတို့မှတစ်ပါး (ထိုခေတ်က) ကျောင်းတစ်ကျောင်းတည်ထောင်သည့် ဆရာတစ်ဦးအတွက် မိတ်ဆွေရင်းချာ ပတ်သက်ပိုင်ဆိုင်မှုအချို့ ရှိ၏။ အနည်းနှင့်အများသော သာမန်ဘ၀နေထိုင်ပုံ၊ ဘုန်းကြီးကျောင်း စည်းကမ်းများနှင့် သဏ္ဌာန်တူလေ့ရှိသည့် အရာအချို့၊ အများပြည်သူသို့ အသိပေးခြင်းမရှိသည့် များသောအားဖြင့် လူနည်းစုသာ သိရှိသော တွေးခေါ်ပုံစနစ်၊ စသည့်အရာများသည် ဆိုဖှီတို့မှတစ်ပါး အခြားခေတ်ပြိုင် ဒဿနပညာရှင်များတွင် တည်ရှိသည်။ (တရုတ်သိုင်းဝတ္ထုများမှ ရှောင်လင်၊ ၀ူတန် ဂိုဏ်းစသည်များနှင့် ချိန်ထိုးစဉ်းစားကြည့်နိုင်သည်။ တစ်ကိုယ်တော်သိုင်းသမားများနှင့် ဂိုဏ်းတစ်ခုခုမှ သိုင်းသမားများကြား ခြားနားပုံ။ -ဘာသာပြန်သူ) “Orphism” - ပြင်ပမှ ပေါ်ထွက်လာသည့် မည်သည့်ဒဿနတွင်မဆို ဤသည်တို့မှာ သဘာဝဖြစ်၏။ ဆိုဖှီတို့တွင်မူ ဤသို့ မရှိကြ။ သူတို့အနေဖြင့် သင်ကြားပေးသည့် အရာများမှာ ဘာသာရေး၊ သို့မဟုတ် ကောင်းမြတ်သည့် ဂုဏ်ရည်တို့နှင့် ဆက်သွယ်မှု မရှိပေ။ သူတို့သင်ကြားသည်မှာ အခြေတင်ငြင်းခုန်ခြင်းပညာနှင့် ၎င်းအား အထောက်အကူဖြစ်စေမည့် များနိုင်သမျှသော ဗဟုသုတများသာ ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့်ပြောရလျှင် သူတို့သည် ခေတ်သစ်ရှေ့နေများကဲ့သို့ပင် မည်သည့် အယူအဆ အတွေးအမြင်အတွက်၊ သို့မဟုတ်နှင့်မဆို ငြင်းချက်ထုတ်ရန် ပြင်ဆင်ထားပြီးဖြစ်ပြီး သူတို့ကိုယ်တိုင်၏ နိဂုံးကောက်ချက်များအား တရားဝင်ထောက်ခံခြင်း ကိစ္စနှင့် သက်ဆိုင်ခြင်းမရှိပေ။ ဒဿနိကဗေဒသည် ဘာသာရေးနှင့် နီးကပ်စွာယှက်နွယ်နေပြီး ဘ၀နေနည်းဖြစ်ခဲ့သည့် (ထိုခေတ်က) လူများအဖို့တွင် သဘာဝကျစွာပင် ထိတ်လန့်ရပေသည်။ သူတို့အဖို့ ဆိုဖှီဆရာများမှာ ပေါ့ပေါ့ဆဆနှင့် စာရိတ္တမခိုင်သည့်ရုပ် ထွက်နေခဲ့သည်။
မည်မျှ နက်ရှိုင်းသည်ပြောရန် မဖြစ်နိုင်သော်လည်း အချို့ကိစ္စရပ်တို့တွင် ဆိုဖှီဆရာများ ကြုံတွေ့ရသည့် အမုန်းတရားမှာ သာမန် ပြည်သူလူထုဆီမှ မျှသာမဟုတ်ဘဲ ၎င်းတို့ (ဆိုဖှီတို့) ၏ ပညာရပ်ဆိုင်ရာ ဂုဏ်ရည်ကြောင့် ပလေတိုနှင့်တကွ နောက်ပါ ဒဿနပညာရှင်များတွင်ပါ အနည်းနှင့်အများ ရှိခဲ့ပေသည်။ အမှန်တရားအား ရှာဖွေရာတွင် စိတ်ရောကိုယ်ပါ ဖြစ်လာသည့်အချိန်တွင် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းမျာအား လျစ်လျူရှုကြရပေမည်။ လူ့အဖွဲ့အစည်းအား ဉာဏ်ပညာမြှင့်တင်ပေးသည့် တစ်စုံတစ်ရာသဖွယ် အမှန်တရားသည် ပေါ်ထွက်လာလိမ့်မည်ဟု ကျွန်တော်တို့အနေဖြင့် ကြိုတင်သိရှိနိုင်ခြင်း မရှိ။ ဆိုဖှီဆရာများမှာ ၎င်းသည် မည်သည့်အနေရာသို့ ခေါ်ဆောင်သွားသည်ဖြစ်စေ အခြေတင်ငြင်းခုန်မှုတစ်ခုနောက်သို့ လိုက်ပါရန် ပြင်ဆင်ထားကြသူများဖြစ်သည်။ မကြာခဏဆိုသလိုပင် ၎င်းက သူတို့အား သံသယ၀ါဒဆီသို့ ခေါ်ဆောင်သွားတတ်ပေသည်။

တေဇာ (လရောင်လမ်း)
Bertrand Russell ၏ History of Western Philosophy မှ ထုတ်နုတ် ဘာသာပြန်သည်။
[*] ဤနေရာတွင် ဘာသာပြန်ချက်သည် နားလည်ရန်ခက်ခဲနေနိုင်သည်ဟု သံသယရှိသဖြင့် မူရင်းအား ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ (ဘာသာပြန်သူ)
‘The Art of contradiction-making, descended from an insincere kind of conceited mimicry, of the semblance-making breed, derived from image-making, distinguished as a portion, not divine but human, of production, that presents a shadow-play of words__ such is the blood and lineage which can, with perfect truth, be assigned to the authentic Sophist.’

Comments
Post a Comment