ဘ၀အာမခံချက်ကို ၀ယ်ယူရာမှာ မင်းရဲ့လွတ်လပ်မှုတွေအကုန် ပေးဆပ်လိုက်ရတယ်ဆိုရင် ငါကျတော့ မရသေးတဲ့လွတ်လပ်မှုကို လိုက်ဖမ်းခဲ့တဲ့ ခရီးတစ်လျှောက် ဘ၀အာမခံချက်တွေ အကုန်လုံး ချနင်းပစ်ခဲ့ရတဲ့ကောင်ပဲ။
နေမျိုးအောင်နဲ့ ပြန်တွေ့တယ်။ ဒါပေမဲ့ ဒီကောင်က ကျွန်တော် အရင်က သိခဲ့တဲ့ နေမျိုးအောင် မဟုတ်တော့ဘူး။ အထင်ရှားဆုံး မြင်သာတာ ပြောရရင်တော့ ကျွန်တော့်ထက် အရပ်ခြောက်လက်မလောက် ပိုမြင့်သွားတယ်။ ပြီးတော့ တိုင်းတာစရာ ယူနစ်တစ်ခု ရှာမတွေ့တဲ့ ဘ၀င်ဆိုတဲ့အရာမှာလည်း ခေါင်းတစ်လုံးလောက် ပိုမြင့်နေပြီလို့ ကျွန်တော် မြင်နေရတယ်။ လူပုံစံကတော့ အရင်လို ကုပ်ချောင်းချောင်း၊ ညိုမောင်းမောင်း ပါပဲ။ စိတ်နေစိတ်ထားကတော့ ပုံစံခွက်ထဲမှာ အေးခဲကပ်သိပ်နေတဲ့ ရေခဲတုံးတစ်တုံးလိုပဲ၊ အတော် လက်ပေါက်ကပ်တဲ့ အစားမျိုးလို့ ကျွန်တော်က ယူဆလိုက်တယ်။ ဟုတ်တယ်။ ကျွန်တော့်ထက် အရပ်တင်မက ဘ၀ပါ ခေါင်းတစ်လုံးပိုမြင့်နေပြီလို့ သူက ရိုးသားစွာ ယုံကြည်နေပုံပဲ။ ဒီတော့လည်း ဒီကိစ္စကို အကျယ်မပြောဖြစ်တော့ဘူး။ ဟန်ဆောင်တာမဟုတ်ဘဲ ရိုးရိုးသားသား ယုံကြည်နေသူကို ဘာလို့များ စောဒကတက်နေဦးမှာလဲ။ ကျွန်တော့်အနေနဲ့ကတော့ ရေခဲတုံးတွေကို ၀ီစကီနဲ့ ရောပြီး အရည်ဖျော်ပစ်လိုက်ဖို့သာ စိတ်ဝင်စားတတ်တာကိုး။ ပုံစံခွက်ထဲက လျောလျောလျူလျူ ခလောက်ချလို့မရတဲ့ ပေကပ်ကပ် ရေခဲတုံးတွေကို ကျွန်တော် စိတ်မရှည်တတ်ဘူး။ ဒီတော့ ဒီတိုင်းလွှတ်ထားလိုက်ရုံပေါ့။
တစ်နေ့တော့ ဒီကောင် မျက်စိလည်လမ်းမှားပြီး အိမ်ကို ရောက်ချလာတယ်။ မတွေ့ခဲ့တာ ကိုးတန်းလောက်ထဲကဆိုတော့ အတော်တောင် ကြာခဲ့ပြီ။ ပြန်တွေ့ကြတော့လည်း အရင်လို ရင်းရင်းနှီးနှီးပါပဲလို့ ပြောတာနဲ့တင်တောင် မလုံလောက်ဘူး။ ကျွန်တော်တို့ အရင်တုန်းက ဒီလောက်ထိ ရင်းနှီးခဲ့ဖူးရဲ့လားတောင် ကျွန်တော် ဝေခွဲမရဘူး။ နေ့တိုင်းလာနေကျ လူတစ်ယောက်လို အိမ်ထဲကို အတားအဆီးမရှိ၊ မားမားကြီး ၀င်လာတယ်။ မမျှော်လင့်ထားတဲ့လူဆိုတော့ အံ့အားသင့်သွားတာလည်း တစ်ကြောင်း ဖက်လှဲတကင်း နှုတ်ဆက်ဖြစ်ကြတယ်။ မင်းဘာလုပ်နေလဲလို့ အပြန်အလှန် မေးဖြစ်ကြတယ်။ နောက်ဆုံးတွေ့ဖြစ်တဲ့ အချိန်တုန်းက ကျွန်တော်တို့ လူရယ်လို့ ပီပီပြင်ပြင် ဖြစ်ခဲ့ကြသေးတာ မဟုတ်ဘူး။ ကလေးသာသာ အရွယ်ပဲ။ အခုကတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် အပြင်ပန်းမှာတော့ အရွယ်ရောက်ပြီးသား လူကြီးတွေ ဖြစ်နေကြပြီကိုး။ လူလိုသူလိုပဲ ယဉ်ကျေးမှုတွေ ဘာတွေနဲ့ နှုတ်ဆက်ကြရတော့တယ်။ ငါ DSMA နဲ့ ကဒက် (Cadet) ဖြစ်နေပြီ။ စစ်ဆေးတက္ကသိုလ် နောက်ဆုံးနှစ်တက်နေတယ်လို့ ကြားရတော့ ကျွန်တော် မအံ့သြမိဘူး။ ဒီကောင်က ငယ်ငယ်ထဲက အတန်းထဲမှာ စာတော်တဲ့စာရင်းထဲ အမြဲပါခဲ့တဲ့ ကောင်မျိုး။ ဒါပေမဲ့ ကျွန်တော့်မျက်နှာပေါ်မှာ အံအားသင့်တဲ့ဟန်ပန်တစ်ခု အလိုလိုပေါ်သွားပြီး ကွန်ဂရက်ကျူလေးရှင်းလို့ ပြောထွက်သွားတယ်။ ကဒက်ဆိုတာ ကျွန်တော်တို့အရပ်ထဲ ဘန်းစကားအဖြစ်သုံးနေတဲ့ “အချဉ်” (လူရည်မလည်သူ) ဆိုတဲ့အနက်ပဲလို့ တွေးမိတော့ ကြိတ်ပြုံးမိသေးတယ်။ သူ့လက်တွေက ကျွန်တော့်လက်ကို ခပ်ကြမ်းကြမ်း လှုပ်ရမ်းနေတာ ကျွန်တော် သတိပြုမိတယ်။ ငါကတော့ လေကြောင်းလိုင်းတစ်ခုမှာ အလုပ်လုပ်နေတယ်။ ကွန်ပြူတာလေး အနည်းအကျဉ်း နှိပ်တယ်။ စိတ်ပါရင် စာရေးစာဖတ်လုပ်တယ်။ ၀ီစကီကို ဆင်ခြင်တုံတရား အခြေခံနဲ့ သောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်က ပြောလိုက်တော့ ဒီကောင့်မျက်နှာမှာ မဲ့ပြုံးတစ်ခု ဖြတ်ပြေးသွားတာ ဖျပ်ခနဲတွေ့လိုက်ရတယ်။
§ § § § §
အလယ်တန်းကျောင်းသားဘ၀ ဦးပိုင်းလောက်တုန်းကတော့ သူနဲ့ကျွန်တော် တော်တော် တွဲဖြစ်ခဲ့ကြသေးတယ်။ ဒီကောင့် အိမ်က ချို့တဲ့တယ်။ ဒီတော့ ဒီကောင်က ဘ၀နာပြီး ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ သဘောထားမျိုး ရှိခဲ့တယ်။ အောင်မြင်တယ်ဆိုတာ ဘယ်လိုဟာမျိုးလဲတော့ ကျွန်တော်က ယနေ့ထိ အသေအချာသိတာ မဟုတ်ဘူး။ ဒီကောင်ကတော့ ကျွန်တော့်လို ဘယ်ဟုတ်မလဲ။ ပညာရေးဟာ ထွက်ပေါက်ပဲ။ စာဆိုတာ မဖြစ်မနေ ကြိုးစားရမယ်ဆိုတဲ့ အခြေခံနဲ့ ကလေးဘ၀ကို သုံးစွဲပစ်ခဲ့တဲ့ကောင်။ ချစ်နိုင်(စိတ်ပညာ)တို့ ဖေမြင့်တို့ကို ဘုရားတစ်ဆူ ဂူတစ်လုံးသွင် သဘောထားတယ်။ ခြုံကြားမှ ဘုံဖျားသို့၊ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား၊ ဒါမျိုးစာအုပ်တွေ ဒီကောင့်ဆီမှာ တွေ့ရတတ်တယ်။ အခုနေမှာ ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်သလိုလိုပဲ။ အဲဒီစာအုပ်တွေကြောင့်လား ဘာလားတော့ မသိဘူး၊ ခုတော့ ဒီကောင် စစ်ဗိုလ်ကြီးလုံးလုံးဖြစ်ပြီး ဆရာဝန်ကြီးလည်း ဖြစ်လုပြီ။ ကျွန်တော်ကတော့ အဲဒီအချိန်က ကျောင်းစာထက် အပြင်စာတွေကိုပဲ အရူးအမူး စွဲလန်းနေခဲ့တဲ့အချိန်။ ရွှေဥဒေါင်း၊ ဒဂုန်ရွေမျှားတွေ အားလုံးနီးပါးဖတ်ပြီးလို့ လင်းယုန်မောင်မောင်ကိုလည်း အပြတ်ဖြတ်ထားသင့်တဲ့ စာရေးဆရာများ စာရင်းမှာ သွင်းပြီး ဒုတိယကမ္ဘာစစ်နဲ့ နာဇီပါတီဝင်တွေကြားထဲမှာ ကျင်လည်နေခဲ့တယ်။ ဒါကလည်း ကိုယ်ပိုင်အတွေးတော့ မဟုတ်ဘူး။ စာကြည့်တိုက်ထဲမှာ စာရေးဆရာ အမည်တွေကို အက္ခရာစဉ်အတိုင်း စီစဉ်ထားတဲ့ အထဲက A က စဖတ်လိုက်တာ L အထိ ရောက်နေပြီဆိုတဲ့ နျူဇီယာ (Nausea) ဘာသာပြန်ထဲက စာဂျပိုး (Autodidact) ကို အသည်းအသန် သဘောကျနေမိလို့ပဲ။ ဒီတော့လည်း ဒီကောင့်အမြင်မှာ ကျွန်တော်ဟာ သုံးစားမရဘူး။ အကျိုးမရှိတာတွေနဲ့ အချိန်ကို အလဟဿ ဖြုန်းတီးပစ်နေတဲ့ကောင်လို့ ဒီကောင်က ကျွန်တော့်ကို မှတ်ချက်ချခဲ့တယ်။
သူပြောမယ်ဆိုလည်း ပြောစရာပဲ။ ကျွန်တော်က လပတ်စာမေးပွဲတွေမှာ ဘာသာစုံအောင်တာ အတော်ရှားတယ်။ အဖေက ကျူရှင်ဆရာဆိုတဲ့ အရှိန်နဲ့ပဲလား ဘာကြောင့်လဲတော့ အတိအကျမသိဘူး။ လစဉ်ကြေးပေးပြီး ကျောင်းမှာ စနေနေ့တစ်ရက် တက်ရတဲ့ မတက်မနေရ အချိန်ပိုကို ကျွန်တော်မတက်ဖြစ်ဘူး။ အတန်းပိုင်ဆရာမဆီမှာလည်း ကျူရှင်မတက်ဘူး။ အဖေနဲ့ သင်တာမျိုးလည်း မဟုတ်ပြန်ဘူး။ တစ်နှစ်တစ်တန်းအောင်တာက လွဲလို့ ကျောင်းစာကို လုံးလုံးလျားလျားနီးပါး လွတ်နေခဲ့တာပဲ။ ဒီကောင်ကတော့ အတန်းပညာရေးကို အတော်ဦးစားပေးတယ်။ ကျူရှင်တွေ အချိန်ပိုတွေ မလွတ်တမ်းတက်ပြီး အတန်းထဲမှာလည်း ဆရာ၊ ဆရာမတွေရဲ့ အချစ်တော်ပဲ။ ဒီတော့ ဒီကောင်နဲ့ ကျွန်တော် တွဲနေတာ အဆီအငေါ်တော့ သိပ်မတည့်ဘူးလို့ ဆိုရမယ်။ တစ်နေ့တော့ အတန်းထဲမှာ ဆရာမက မာလကာသီးကို အင်္ဂလိပ်ဘယ်လိုခေါ်သလဲဆိုတာ ဘယ်သူသိသလဲလို့ မေးတာ ကျွန်တော် မှတ်မိနေတယ်။ ကျောင်းသင်ရိုးထဲ မပါတဲ့ အသီးဆိုတော့ တစ်တန်းလုံး နှုတ်ဆိတ်နေကြတယ်။ ကျွန်တော်ကလည်း စာမတော်တဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ လူတတ်ကြီးလုပ် ထမဖြေသင့်ဘူးလို့ တွေးမိလိုက်ပေမဲ့ Guava လို့ ခပ်တိုးတိုး နှုတ်က ထွက်သွားတာကို ဆရာမက ကြားသွားတယ်။ အဲဒီနေ့က သူက ကျွန်တော့်ကို အံသြသလို မေးတော့ အိမ်မှာ Top, English For All, Light စတဲ့ လစဉ်ထုတ်တွေ အမြဲဝယ်ဖတ်တဲ့အကြောင်း ပြောဖြစ်လိုက်တယ်။ အဲဒီနေ့ကစလို့ ကျွန်တော်က အိမ်မှာ အဆင်သင့်ရှိနေတဲ့ Top အဟောင်းတွေ တစ်နေ့တစ်အုပ် ကျောင်းကိုယူလာပြီး သူ့ကို ငှားဖြစ်တယ်။ သူက အဲဒီထဲက စကားလုံးအသစ်တွေကို အတူတူ ကျက်ကြဖို့ ကျွန်တော့်ကို စည်းရုံးသေးပေမဲ့ ကျွန်တော်က စာကျက်နိုင်တဲ့ ဉာဏ်ရည်မျိုးမှ မရှိတဲ့ကောင်ပဲ။ ငါ စာမကျက်ချင်ဘူး၊ ဖတ်ပြီးရင် မှတ်မိနေသလောက်နဲ့ တော်ပါပြီလို့ပဲ ပြောဖြစ်လိုက်တယ်။ အဲဒီတုန်းက သူက ကျွန်တော့်ကို အလကားကောင်လို့ ပြောတယ်။
ဒီလိုနဲ့ အလယ်တန်းကျောင်းသားဘ၀ နှောင်းပိုင်းရောက်လာတော့ ကျွန်တော်နဲ့ဒီကောင် သိပ်မတွဲဖြစ်တော့ဘူး။ အခန်းချင်းကတော့ တူနေတုန်းပဲ။ မတွဲဖြစ်ဘူးဆိုတာက ရန်ဖြစ်ထားလို့ တမင် ခွာတာ ရှောင်တာမျိုးတော့ မဟုတ်ဘူး။ အခြေခံချင်းမတူတဲ့ လူအချင်းချင်းကြား တွန်းကန်နေတဲ့ မမြင်ရတဲ့ အားတစ်ခုကြောင့်ပဲ ကွဲသွားတာလို့ ကျွန်တော် ထင်တယ်။ ဒီကောင်ကတော့ စာတော်နေတုန်းပဲ။ အတန်းထဲက လူကောင်ထွားထွား ကျောင်းသားကြီးတွေက ဒီကောင့်ကို စာတော်သူ၊ အတိုင်အတောထူသူ၊ ဆရာမကို ကပ်ဖားရပ်ဖားလုပ်သူဆိုပြီး သိပ်အမြင်ကပ်ကြတယ်။ ကျွန်တော်ကတော့ ဒီကောင်နဲ့ ကာရန်မညီတာက လွဲလို့ အမြင်ကပ်လောက်အောင် မဟုတ်ပါဘူး။ သူငယ်ချင်းတွေလို့ပဲ သတ်မှတ်ထားတယ်။ ပြီးတော့ ကျွန်တော်က သူ့ကို အမြင်ကပ်တဲ့ ခပ်ဆိုးဆိုး ကျောင်းသားကြီးတွေနဲ့လည်း တစ်ဖွဲ့တည်းမဟုတ်ဘူး။ တစ်ယောက်ထဲပဲ နေဖြစ်တာ များတယ်။ မှတ်မှတ်ရရ အလယ်တန်းအောင်လို့ အထက်တန်းကျောင်း ပြောင်းတဲ့အထိ သူနဲ့ ကျွန်တော် C ခန်းမှာ တစ်ခန်းထဲ အတူတူဖြစ်နေတုန်းပဲ။ ဒီကောင်က ရှေ့ဆုံးတန်းက စာတော်တဲ့ ကျောင်းသားအသိုင်းအ၀ိုင်း ကြားထဲမှာပဲ။ ကျွန်တော်က အတန်းထဲ ဆေးလိပ်ခိုးသောက်တတ်တဲ့ နောက်ဆုံးတန်းက ခပ်ဆိုးဆိုးကျောင်းသားကြီးတွေရဲ့ ရှေ့တစ်ခုံမှာ။ အရပ်ပုနေလို့ ကျောက်သင်ပုန်းကို ကောင်းကောင်းမမြင်ရပေမဲ့ မကြာခဏ စာမေးခံရမှာကို ရှောင်ချင်တာနဲ့ ဒီကောင်တွေရှိတဲ့ ရှေ့တန်းကျကျနေရာကို ပြောင်းမထိုင်ဖြစ်ဘူး။ ကျောက်သင်ပုန်းကို မမြင်ရတာလည်း ကျွန်တော့်အတွက်က ပြဿနာတစ်ရပ်မှ မဟုတ်ပဲကိုး။ ဒီလိုနဲ့ သူနဲ့ ကျွန်တော် နောက်ဆုံးတွေ့ခဲ့တဲ့နှစ်မှာ မေးထူးခေါ်ပြောလောက်တောင် မရှိကြတော့ဘူး။ သူက ကျွန်တော့်လို ကျောင်းစာထဲ စိတ်မ၀င်စားတဲ့ကောင်နဲ့ အပေါင်းအသင်း မလုပ်ချင်ဘူးဆိုတဲ့ အမူအရာ၊ အပြောအဆိုတွေ ထင်ထင်ရှားရှားပြလာခဲ့တယ်။ အနာဂတ်မရှိဘူးတို့၊ ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့တယ်တို့ စတဲ့ သူဖတ်နေကျ စာအုပ်တွေထဲက အာဘော်တွေ ကြားရတတ်တယ်။ ဒီတော့လည်း ကျွန်တော်က ဘာတတ်နိုင်မှာလဲ။
§ § § § §
လက်ဖက်ရည်ဆိုင်မှာ စကားပြောကြရင်း ကျွန်တော်က ဒါတွေကို ပြန်သတိရနေမိပေမဲ့ ဒီကောင်ကတော့ အတိတ်ကို ဗလုံးဗထွေး ရောချပစ်လိုက်ပုံပေါ်တယ်။ အလယ်တန်းကျောင်းသားဘ၀တစ်လျှောက် အနီးကပ် နေခဲ့တာမျိုးလောက်ပဲ ဒီကောင့်ဦးနှောက်က ပြန်လည်ဖော်ထုတ်နိုင်တော့တယ် ထင်တယ်။ ဒါမှမဟုတ်ရင်လည်း မလိုအပ်ဘူးလို့ သူ ယူဆတဲ့ အစိတ်အပိုင်းအချို့ကို တမင် မေ့ဖျောက်ပစ်ထားတာမျိုး ဖြစ်မယ်။ နောက်ဆုံးတွေ့ခဲ့တဲ့ နှစ်က သူနဲ့ ကျွန်တော့်ကြားမှာ ရှိခဲ့တဲ့ အေးစက်မှုအချို့ဟာ ပျောက်ဆုံးသွားပြီး ငယ်ငယ်ထဲက ကွဲသွားခဲ့တဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေ ခုမှပြန်တွေ့ကြသလိုပဲ အလွမ်းသယ်တဲ့စကားတွေ ပြောနေတယ်။ ကျွန်တော်ကလည်း အသေးစိတ် ဇာတ်ကွက်တွေကို စုံစေ့အောင် အမှတ်ရကြည့်ရုံမျှပဲ။ ကလေးတွေလည်း မဟုတ်ကြတော့ဘူးဆိုတော့ သူ့အပေါ်မှာ တမျိုးတမည် စိတ်ထဲလုံးဝမရှိပါဘူး။ သူနဲ့ခုမှ စသိတဲ့ အတူပါလာတဲ့ ကျွန်တော့်သူငယ်ချင်း ကိုမင်းကို သူ့ ဗိုလ်သင်တန်းအတွေ့အကြုံတွေ အာဘောင်အာရင်းသန်သန် ပြောလိုက်၊ ကျွန်တော့်ဘက်လှည့်ပြီး စမြုံ့ပြန်လိုက်နဲ့ တစ်ယောက်ထဲဒိုင်ခံ အမျှင်မပြတ် ပြောနေတယ်။ သူဖတ်တဲ့ စာအုပ်တွေထဲမှာပါတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုနိုင်မလား မပြောတတ်တဲ့အရာတစ်ခု သူ့ဆီမှာ အထင်းသား မြင်နေရလို့ ကျွန်တော် ပြုံးမိလိုက်သေးတယ်။ “ဘိသကဲ့သို့ကျင့်စဉ်” ကျင့်နေတာတော့ မဟုတ်လောက်တော့ဘူး။ ငယ်နုတုန်းအရွယ်လည်း မဟုတ်တော့ပါဘူးလေလို့ တွေးလိုက်မိတယ်။ သူက ကျွန်တော့်ကို စသလို နောက်သလိုနဲ့ အရက်သမားလို့ တစ်ချက်တစ်ချက် လှမ်းလှမ်းခေါ်တယ်။ သူခေါ်တာ မမှားပေမဲ့ စကားလုံးမှာပါတဲ့ အဆိုးဂုဏ်ကို ကျွန်တော် သဘောမကျဘူး။ ဒီစကားလုံးကို နှုတ်ကထွက်သူ အတော်များများဟာ စကားလုံးနောက်ကွယ်က အဆိုးဂုဏ်ကို အပြည့်အ၀ပါအောင်သုံးပြီး အားပါးတရ ပြောချလိုက်တတ်တာမျိုးပဲ။ အရက်သောက်သုံးသူဆိုတဲ့ သာမန်အနက်မထင်ဘဲ မူးရစ်ရမ်းကားပြီး ပုဆိုးကွင်းသိုင်းထားတဲ့ လမ်းဘေးကလူတစ်ယောက်လို ပုံရိပ်ဆောင်နေတယ်။ သူ့စကားနောက်ကွယ်က စိတ်တွင်းစေ့ဆော်မှုကို ကျွန်တော် ကောင်းကောင်းသဘောပေါက်ပေမဲ့ ပြန်လည် ချေပစရာ စကားတစ်ခွန်းခွန်းလည်း ရှာမတွေ့ဘူး။ ဒီတော့လည်း ၀ီစကီရဲ့အရသာကို မသိကြရှာတဲ့ အနာဂတ် ရေခဲတုံးလေးတွေကိုပဲ ကြိတ်သနားနေမိတော့တယ်။ မင်္ဂလာဒုံ ပုံစံခွက်ထဲမှာ ဘယ်လိုလာ ၀ီစကီသောက်ရပါ့မလဲ။
အဲဒီနောက်ပိုင်းတော့ သူ ကျွန်တော့်ဆီကို တစ်ပတ်တစ်ခါ ခွင့်ရတဲ့ ရက်တိုင်းလိုလို ရောက်လာတတ်တယ်။ ကျွန်တော့်သူငယ်ချင်း ကိုမင်းနဲ့လည်း ရင်းနှီးသွားတော့ သုံးယောက်သား လက်ဖက်ရည်ဆိုင် အတူထိုင်ဖြစ်ကြတယ်။ တစ်နေ့တော့ စပ်မိစပ်ရာလေးတွေ ပြောမိကြရင်းက မင်း General Knowledge တော်တော်ကောင်းတာပဲလို့ သူက ကျွန်တော့်ကို ချီးကျူးသလိုပြောတယ်။ မင်းက နောက်တစ်နှစ်ဆို ဆရာဝန်ဖြစ်ပြီ မဟုတ်လားလို့ သူ့မှတ်ချက်ကို မေးခွန်းတစ်ခုနဲ့ပဲ ကျွန်တော် တုန့်ပြန်လိုက်မိတယ်။ သူ့မျက်နှာ တစ်ချက်တွေသွားတာကို တွေ့လိုက်ရတယ်။ အေး ဆရာဝန်တော့ ဖြစ်တော့မယ်။ ဒါပေမဲ့ တပ်မတော်သား ဆရာဝန်ပဲ။ အကယ်၍များ လူထွက်ခဲ့ရင် ဆမလုံးဝ မရနိုင်ဘူး။ ခြောက်နှစ်လုံးလုံးသင်လာပြီး ဆေးကုစားလို့လည်း မရဘူး။ ဘာမှကို လုပ်လို့မရပါဘူးလို့ သူက စိတ်ပျက်လက်ပျက် ပြောနေတယ်။ ဟေ မင်းက လူထွက်ဖို့ လိုလို့လား၊ အဲလိုဖြစ်လာနိုင်တယ်လို့ မင်းထင်လို့လားလို့ ကျွန်တော်ကမေးတော့ ငါက သဘောပြောတာပါလို့ ပြန်ပြောတယ်။ ငါ မင်းလို စာဖတ်ချင်တယ်ကွာ၊ အဓိပ္ပာယ်မရှိတဲ့ ဆေးပညာဝေါဟာရတွေ ကျက်နေရတာ ငါတော်တော် ငြီးငွေ့နေပြီလို့ သူက ၀န်ခံတယ်။ ငါ့ဘ၀တစ်ခုလုံးကို ဒီထဲမှာ အပြီးအပိုင် ပေးဆပ်လိုက်ရပြီလို့ သူက ညည်းသလို ပြောတယ်။ သူပြောတဲ့ ဒီထဲမှာဆိုတာ ဆေးပညာကိုဆိုလိုတာလား၊ ပုံစံခွက်ကို ဆိုလိုတာလား ကွဲကွဲပြားပြား မသိရဘူး။ ဒီတော့လည်း မင်းမှာက သေချာခိုင်မာတဲ့ အနာဂတ်ရှိတယ်။ ပြီးတော့ အောင်မြင်ခါနီးပြီပဲ မဟုတ်လား။ အဝေးကြီးလျှောက်လာခဲ့ပြီးလို့ တော်ကြာနေဆို ရောက်တော့မှာပဲ မဟုတ်လားလို့ ပြောသင့်ပြောထိုက်တဲ့ စကားမျိုးကိုပဲ ကျွန်တော် ပြန်ပြောလိုက်မိတယ်။ ဒါက သူမျှော်လင့်နေတဲ့ စကားမျိုးပဲဆိုတာ ကျွန်တော်သဘောပေါက်တယ်။ ကျွန်တော့်အသံကို နားနဲ့ဆတ်ဆတ်ကြားလိုက်ရချိန်မှာ သူ့မျက်လုံးထဲမှာ တလက်လက်အရောင် တောက်ပနေတာ ကျွန်တော်မြင်နေရတယ်။ ဒီနေ့တော့ စကားပြောလို့ဆိုလို့ တော်တော်ကောင်းတယ်လို့ သူကပြောတော့ ကျွန်တော် ပြုံးနေလိုက်မိတယ်။ သူကသာ ပြောလို့ကောင်းနေတာ၊ ကျွန်တော်ကတော့ အတော်မွန်းကြပ်တယ်။ စကားအသွားအလာကြည့်ပြီး ပြောသင့်ပြောထိုက်တဲ့ စကားမျိုးတွေကိုပဲ လူကြီးလူကောင်းယောင်ယောင် လုပ်ပြောနေရတာ တော်တော် ကသိကအောက်နိုင်တယ်။ ပြန်ခါနီးကျတော့ မင်းလည်း သိပ်မသောက်နဲ့ကွာလို့ ကျွန်တော့်ကို သတိပေးသလိုလို၊ ဆုံးမသလိုလို ပြောတယ်။ ငါလည်း မကြာခင် ဆရာဝန် သူငယ်ချင်းတစ်ယောက်ရတော့မယ်။ ငါအသည်းကျွမ်းတော့ မင်းကုပေးပေါ့လို့ ကျွန်တော်က နောက်ပေမဲ့ သူက မရယ်ဘူး။ စိတ်မကောင်းတဲ့ မျက်နှာပေးနဲ့ ခေါင်းတယမ်းယမ်းလုပ်ပြီး သက်ပြင်းတစ်ခု ကျွန်တော်ကြားအောင် ချပြလိုက်တယ်။ ထွက်သွားတဲ့ သူ့နောက်ကျောကို ကြည့်ပြီး ကျွန်တော်ချလိုက်တဲ့ သက်ပြင်းကိုတော့ သူမကြားဘဲ ဘေးနားက ကိုမင်းပဲ ကြားကောင်းကြားလိုက်လိမ့်မယ် ထင်တယ်။
မကြာခင်မှာပဲ မင်္ဂလာဒုံပုံစံခွက်ထဲက ထွက်လာတဲ့ အဆင်တူရေခဲတုံးလေးတွေမှာ အေးခဲမှုအပြင် အခြားတူနေညီတဲ့ အရည်အသွေးတစ်ခု ကပ်ပါလာတာ ကျွန်တော် သတိထားမိလာတယ်။ အဲဒါက မိန်းကလေးတွေနဲ့ ပတ်သက်လို့ပဲ။ ကိုယ့်ကိုယ်ကိုယ် အလွန်ပိုင်နိုင်သေချာတဲ့ အားတစ်မျိုး သူတို့အများစုမှာ ကိန်းအောင်းနေတာ တွေ့ရတတ်တယ်။ ဒီကောင်တစ်ယောက်ထဲမှ မဟုတ်ဘူး၊ (ကျွန်တော် တွေ့ဖူးသမျှ) ရေခဲတုံး အများစုမှာ တွေ့ရလေ့ရှိတတ်တာမျိုး။ စနစ်တကျ ပုံဖော်စိုက်ပျိုးခံထားရတဲ့ နှင်းဆီခိုင်လေးတွေလိုပဲ သူတို့မှာ စန်းတွေ ဖလူးဖလူး ပွင့်လန်းလာကြတယ်။ ဒီကောင့်လို ဥပဓိနုံချာတဲ့ ရေခဲတုံးတောင်မှ ရပ်ကွက်ထဲက အလှဆုံးလေးတွေကိုပဲ ရွေးပြီး ရဲရဲရင့်ရင့် ချိန်လာတယ်။ သူ့မျက်နှာက ရှည်လွန်းလို့ ကျွန်တော့်အမေနဲ့ ညီမက ဒီကောင့်ကို နှံကောင်လို့ သူ့နောက်ကွယ်မှာ နာမည်ပေးထားတယ်။ ဒီကောင် ကျွန်တော်မရှိတုန်း အိမ်လာသွားရင် နင့်သူငယ်ချင်းနှံကောင် လာသွားတယ်လို့ အမေက သတင်းပေးတတ်တယ်။ ဒါပေမဲ့ အဲဒီနှံကောင်က အလှဆုံး ပန်းပွင့်လေးတွေ ပေါ်ကိုမှ ခုန်ပျံကျော်လွှား သိမ်းပိုက်ချင်နေတာကို အမေ သိရင် ဘာများပြောမလဲမသိဘူး။ ကျောင်းသားဘ၀က မိန်းကလေးဆို စေ့စေ့တောင် မကြည့်ရဲခဲ့တဲ့ကောင်က ခုဆို မိန်းမမြင်တာနဲ့ နွားသိုးကြိုးပြတ်ပဲ။ မျက်နှာပြောင်တိုက်ရဲတဲ့နေရာမှာ ကျွန်တော့်ထက် လွတ်လွတ်ကျွတ်ကျွတ် သာလွန်သွားတယ်။ ဟိရီသြတ္တပ္ပ သိပ်မကပ်လှတဲ့ ကျွန်တော်တောင် ဒီကောင်နဲ့ အပြင်အတူထွက်ရတာ မိန်းမကိစ္စနဲ့ ပတ်သက်တဲ့ မျက်နှာပူစရာတွေ မကြာခဏ ကြုံရတယ်။ ထူးခြားချက်က ကောင်မလေးတွေကိုယ်တိုင်ကလည်း ဒီကောင့် မျက်နှာရူးကို ပစ်ပစ်ခါခါ မလုပ်ကြတာပဲ။ ဒီအတွက်တော့ ကျွန်တော် နည်းနည်း အံ့သြမိတယ်။ သူ တကယ်ချစ်နေတယ်ဆိုတဲ့ ကွန်ပြူတာကျောင်းသူလေးရယ် ဆေးကျောင်းသူလေးရယ်၊ အလှအပလေးနှစ်ဦးကို ကျွန်တော်တို့ကို ပြတယ်။ ဝေးလံခေါင်ဖျားတဲ့ ကွန်ပြူတာ တက္ကသိုလ်ကို တစ်ခေါက်၊ ဆေး (၂) ကို နှစ်ခေါက် ဒီကောင့် ပယောဂနဲ့ ကျွန်တော်ရယ် ကိုမင်းရယ် ပါသွားဖူးတယ်။ ကောင်မလေးတွေ အိမ်တွေကိုလည်း တည်တည်တံ့တံ့ သွားလည်နိုင်တဲ့အထိ ခရီးရောက်တယ်လို့ ကိုမင်းပြောပြလို့ သိရသေးတယ်။ ကောင်မလေးတွေအိမ် သွားလည်တဲ့ အခါကျတော့ ကျွန်တော်မပါဘဲ ကိုမင်းသာပါသွားခဲ့တယ်။ နောက်ပိုင်းမှာ ကိုမင်းနဲ့ ဒီကောင်နဲ့ ပိုရင်းနှီးသွားတာ ကိုမင်းဆီလာလို့မှ ကျွန်တော့်အိမ် မ၀င်တော့တဲ့အထိပဲ။ တစ်ခါတလေ ဒီကောင်နဲ့ ကိုမင်းနဲ့ နှစ်ယောက်တွဲ လမ်းမှာတွေ့မိရင် ဒီကောင်က အပြစ်မကင်းသလို၊ အားနာသလို ဟန်မျိုးနဲ့ မင်းဆီလာမလို့ပဲ၊ မင်းရှိမယ်မထင်တာနဲ့လို့ လေပြေထိုးတတ်တယ်။ ဒါပေမဲ့ သူစိုးရိမ်နေတဲ့ ဟာမျိုးကို ကျွန်တော်က စိတ်ကူးထဲ မရှိပါဘူး။
တစ်နေ့တော့ ဒီကောင်ရယ် ကိုမင်းရယ် ကျွန်တော်ရယ် သုံးပွင့်ဆိုင် အရက်သောက်ဖြစ်ကြတယ်။ ဘာစိတ်ကူးပေါက်တယ်မသိဘူး ငါမင်းတို့ကို ပြုစုချင်တယ်ဆိုပြီး သောက်ဖြစ်ကြတာပဲ။ သောက်စားလို့ပြီးတော့ မိုးစုန်းစုန်းချုပ်သွားပြီ။ ကွန်ပြူတာကျောင်းသူလေး အိမ်ရှေ့ကို သုံးယောက်သား ရောက်သွားကြတယ်။ ဂစ်တာမပါဘဲ သီချင်းတွေအကျယ်ကြီး အော်ဆိုကြသေးတယ်။ ကျွန်တော်က အရက်သောက်လေ့မရှိတဲ့ အကောင်တွေနဲ့ အတူတွဲပြီး သိပ်မသောက်ချင်ဘူး။ ပြဿနာဖြစ်ရင် ဒီလိုကောင်တွေက အထူအပါး နားမလည်တတ်ဘူး။ ပြေးရမယ့်ခွင်လား၊ ကျုံးရမယ့်ခွင်လား မခွဲခြားတတ်တော့ အတူပါလာတဲ့ကိုယ်ကလည်း မျက်နှာလွှဲခဲပစ် မထားခဲ့ရက်တဲ့အကျင့်နဲ့ အတူတွဲပြီး အတီးခံရတာမျိုး အတွေ့အကြုံတွေ ရှိဖူးတယ်။ ကိုမင်းနဲ့ ဒီကောင်ကတော့ လွတ်ပြီး အသံကုန်ဟစ်နေကြပြီ။ ကျွန်တော်ကတော့ မူးတဲ့အရသာလေးတောင် မခံစားနိုင်ပဲ ကျီးလန့်စာစား ဖြစ်နေတယ်။ နောက်ဆုံးတော့ ဒီကောင်တွေကို တားရတယ်။ အဲဒီအချိန်မှာ ဒီကောင့်ဆီက အသံကျယ်ကျယ် ထွက်လာတယ်။ ငါ အရင်တုန်းက နေမျိုးအောင် မဟုတ်တော့ဘူး။ ငါ့ကို ဘယ်သူမှ ဘာမှ လုပ်လို့မရဘူးလို့ ဒီကောင်က မူးမူးနဲ့ ဒေါသတကြီး အော်လိုက်တယ်။ ဒီတော့မှ ကျွန်တော်လည်း ဒီကောင့်ကို ပုံစံက ကုပ်ချောင်းချောင်းပေမဲ့ ဗလနေမျိုးအောင် ဖြစ်နေပြီဆိုတာ ပြန်သတိပြုမိသွားတယ်။ ဒါဆိုလည်း ပြီးရောဆိုပြီး ကျွန်တော် စိတ်လျှော့လိုက်တယ်။ ခဏကြာတော့ ကိုမင်းနဲ့ ဘယ်လိုစကားစပ်ပြီး အလွမ်းနာကျသွားသလဲမသိဘူး ဒီကောင် ရှိုက်ကြီးတငင် ငိုနေတာ တွေ့ရပြန်တယ်။ အရက်သောက်လေ့မရှိတဲ့ ကောင်တွေ ဖြစ်လေ့ဖြစ်ထရှိတတ်တာမျိုးမို့လို့ ကျွန်တော် သိပ်တော့ မအံ့သြမိဘူး။ ဒါပေမဲ့ သူငိုချင်းချတဲ့ စကားတွေကတော့ ကျွန်တော့်အတွက် စိတ်ဝင်စားစရာကောင်းတယ်။ ငါ့လွတ်လပ်မှုကို တစ်သက်လုံး ပြန်မရတော့ဘူး။ ဘ၀အာမခံချက်ကို ငါ့လွတ်လပ်မှုကိုပေးပြီး ၀ယ်ယူခဲ့ရတယ်။ ငါ့စိတ်နဲ့ငါ့ကိုယ်ကို ငါကိုယ်တိုင်တောင် မပိုင်တော့ဘူးလို့ ပြောရင်း နာနာကျည်းကျည်း ငိုနေတယ်။ အဲဒီညက သူ့ရင်ဖွင့်သံတွေကို ကျွန်တော် စိတ်ဝင်တစား နေထောင်နေခဲ့တယ်။ စစ်သားဖြစ်ရတဲ့ စိတ်တွင်း အကြပ်အတည်းတွေကို ကျွန်တော် နားလည်နိုင်စွမ်းရှိပါတယ်။ သူ့ ခံစားချက်အချို့ကို နားထောင်လိုက်ရတော့ အရင်ကထက်ပို ကျယ်ပြန့်အောင် နားလည်လာတယ်လို့ ကျွန်တော် ခံစားမိလိုက်တယ်။ ငါကျတော့ လွတ်လပ်မှုကို လိုက်ဖမ်းရင်းနဲ့ ဘ၀အာမခံချက်ကို ချနင်းထားရတဲ့ကောင်။ ခုထိလည်း ငါရှာဖွေနေတဲ့ လွတ်လပ်မှုဟာ ဘယ်ဆီနေမှန်း မသိသေးဘူး။ ဆုပ်ကိုင်ထားစရာ ဘ၀အာမခံချက်ဆိုတာမျိုးလည်း မရှိဘူး။ ဒါကိုကျတော့ မင်းဘယ်လိုပြောမလဲလို့ သူနဲ့ ဆန့်ကျင်ဘက် အနေအထားကနေ ကိုယ့်ဘ၀ရဲ့ မရေရာမှုကို စိတ်နာနေသယောင် ပြန်ပြောပြီး ဒီကောင့်ကို ကျွန်တော် နှစ်သိမ့်လိုက်ရတယ်။ တစ်ခုကိုလိုချင်ရင် ထိုက်တန်တဲ့တစ်ခုကို ပြန်ပေးဆပ်ရတယ်ဆိုတဲ့ ၀ါကျမျိုးက ဒီကောင်ဖတ်နေကျ စာအုပ်တွေမှာ ပါတတ်တာပဲ။ ဒါပေမဲ့လည်း စိတ်ခံစားမှုတစ်ခုကို ဖွင့်ထုတ်နေတဲ့အချိန်မှာ ဒီလို သဘောတရားရေးရာတွေ သွားပြောနေလို့ အပိုပဲမဟုတ်လား။ ကျွန်တော်လည်း အဲဒီညက ဒီကောင်နဲ့အတူ ရောယောင်ပြီး ၀မ်းပန်းတနည်း ခံစားမိလိုက်သေးတယ်။ နောက်နေ့မနက်မိုးလင်းရင်တော့ ဂုဏ်ယူဝင့်ကြွားတဲ့ ဗိုလ်လောင်းတစ်ယောက်အဖြစ် ဒီကောင် ပြန်လည်နိုးထလာဦးမယ်ဆိုတာ ကျွန်တော်သိနေတယ်။ အပြန်လမ်းကျတော့ တခြားရေခဲတုံးတွေမှာရော ဒီလိုစိတ်အခံမျိုး အနည်းနဲ့အများ ရှိနေကြသလားဆိုတဲ့မေးခွန်းကို ကျွန်တော် တွေးလာခဲ့မိတယ်။
§ § § § §
မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ဝန်းထဲမှာ ကျွန်တော်တို့ ပဲဟင်းနဲ့ ထမင်းကို အားရပါးရစားကြတယ်။ အသားဟင်းလည်း ပါတယ်။ မင်းတို့ကို ကျွေးချင်လွန်းလို့ ခေါ်လိုက်တာ၊ အပြင်လူ စားရခဲတယ်လို့ ဒီကောင်ကပြောတယ်။ ဂိတ်ပေါက်ဝမှာ တစ်နာရီကျော်လောက် သင်းနဲ့တွေ့ရဖို့ အညောင်းခံစောင့်နေခဲ့ရတာကို ကျွန်တော်ရော ကိုမင်းရော မေ့သွားကြတယ်။ ပြီးတော့ သူနေတဲ့အဆောင်ကို ခေါ်သွားတယ်။ ရေခဲတုံးလေးတွေကိုတော့ နေရာအနှံအပြား လမ်းသလားနေတာ တွေ့နေရတယ်။ ကောင်လေးတစ်ယောက်က ဒီကောင့်ကို သောက်ရေရှိသေးရဲ့လားလို့ လာမေးတော့ ခပ်တည်တည်ကြီး ဟောက်လွှတ်လိုက်တာ တွေ့ရတယ်။ လူမှုရေးဓာတ်ခံနည်းတဲ့ ကျွန်တော်တောင် အားနာသလို ဖြစ်သွားမိတယ်။ ဒီကောင်လေးတွေက Second Year လေးတွေ။ ဂျူနီယာလေးတွေပေါ့။ ငါတို့ကတော့ မျက်နှာသာကို မပေးဘူး။ ငါတို့တုန်းကလည်း စီနီယာတွေ Lesson ပေးသမျှ ကျောကော့အောင် ခံခဲ့ရတယ်။ အဆင့်ဆင့်ပေါ့ကွာလို့ ကျွန်တော်တို့ကို ရှင်းပြနေတယ်။ ခုတော့ နောက်ဆုံးနှစ်ဆိုတော့ ကိုယ်က စီနီယာအကျဆုံးဖြစ်နေပြီ။ တွေ့တဲ့ကောင်ကို ခေါ်ပြီး ဒိုက်ထိုး၊ ထိုင်ထ လုပ်ခိုင်းလို့ရတယ်လို့ သူက အတည်ပေါက်ပြောတယ်။ မတော် ခုနေ ကိုယ့်ပါးကို ထရိုက်ရင်တောင် ငြိမ်ခံနေရမယ့်အပေါက်လို့ တွေးမိတော့ ကျွန်တော့်မျက်နှာ တည်သွားတယ်။ ပြီးတော့ ပိရမစ်ပုံစံတစ်ခု အတွေးထဲမှာ ပေါ်လာတယ်။ အမိန့်အာဏာရဲ့ အသက်ဖြစ်တဲ့ စနစ်တကျ ရိုက်သွင်းတည်ဆောက်ထားတဲ့ တြိဂံပုံပိရမစ်။ သဘောတရားရေးရာကို နားလည်ပေမဲ့ မနှစ်မျို့တဲ့ ကျွန်တော့်ရဲ့ ခံစားချက်ကတော့ သီးခြားအရာတစ်ခုပဲ မဟုတ်လား။ ဦးနှောက်လျှော်ဖွပ်ရေး ဖြစ်စဉ်ကို တစ်ချိန်ကျရင် စေ့စေ့စပ်စပ်လေ့လာဖို့ တေးထားလိုက်မိတယ်။ အဲဒီနေ့ကတော့ ဒီကောင် မျှော်လင့်နေတဲ့စကားမျိုးတွေ ကျွန်တော် အလိုက်သင့် ပြန်မပြောတော့ဘူး။
အဲဒီနောက်ပိုင်းတော့ ကျွန်တော်လည်း ဘ၀အာမခံချက်တွေကို ချနင်းပြီး လွတ်လပ်မှုကို လိုက်ဖမ်းရင်း ရေစီးကြမ်းထဲမှာ မျောပါနေခဲ့တာနဲ့ ဒီကောင်နဲ့ အတွေ့ကျဲသွားတယ်။ နှံကောင် မလာတာကြာပြီလို့ အမေကတောင် ပြောတယ်။ ကိုမင်းကတော့ ဒီကောင်နဲ့ ပုံမှန်တွေ့ဖြစ်တဲ့အကြောင်း အသိပေးပါတယ်။ ကျွန်တော့်အတွက်ကတော့ ကိစ္စမရှိဘူး။ အနှောင်အဖွဲ့တွေနဲ့ စကားပြောရတာမျိုးကို မုန်းလို့ ဖြစ်နိုင်ရင် ဒီကောင်နဲ့ မတွေ့ချင်ဘူး။ ဒီကောင်နဲ့တွေ့တိုင်း ကြုံတွေ့နေရတဲ့ အထက်စီးဆန်ပြီး တင်စီးတဲ့ စရိုက်လက္ခဏာတွေ၊ ဆုံးမစကား ချွေတတ်တာတွေ၊ အရက်သမားလေးလို့ မကြာခဏ အခေါ်ခံရတတ်တာတွေကို ကျွန်တော် အတော်စိတ်ကုန်နေပြီ။ ဆင်ခြင်တုံတရားအခြေခံနဲ့ ၀ီစကီသောက်ထားတဲ့ အချိန်တွေမှာ ဒီကောင်လာတာတွေ့ရင်တောင် ကျွန်တော် တမင်ရှောင်ထွက်တယ်။ ဒီလို သာယာလှပတဲ့ အချိန်မျိုးမှာ မနူးမနပ်စကားတွေပြောပြီး ဒီကောင်နဲ့ ကျွန်တော် အချိန်မဖြုန်းနိုင်ဘူး။ စိတ်အခန့်မသင့်ရင် ကိုယ့်ကို ဥပဒေဘောင်အတွင်းက ပါးဆွဲရိုက်ပိုင်ခွင့် ရှိနေတဲ့ လူတစ်ယောက်ရဲ့ လက်တစ်ကမ်းမှာ ကျွန်တော်မနေချင်ဘူး။ ဒီနေရာမှာ ၀တ္ထုရေးသားမှု အတတ်ပညာသိပ်ဆန်သွားမှာ စိုးလို့ အပြိုင်ဇာတ်ကောင်ရဲ့ အဆိုးဂုဏ်တွေကို အကျယ်ဖွဲ့ပြီး “ကျွန်တော်” ဇာတ်ကောင်ကို တစ်ဖက်လှည့် ဂုဏ်တင်တာမျိုး မလုပ်တော့ဘူး။ `ဒီကောင်´ နဲ့ `ကျွန်တော်´ ဟာ တစ်ဦးကိုတစ်ဦး သနားစရာသတ္တ၀ါလေးတစ်ကောင်လို့ ကိုယ်စီအပြန်အလှန် သတ်မှတ်ထားကြတဲ့ အကောင်နှစ်ကောင်လို့ ဖော်ပြရင် လုံလောက်ပြီလို့ ထင်တယ်။ ဒီလိုနဲ့ပဲ လက်ပေါက်ကပ်တဲ့ ရေခဲတုံးတစ်တုံးနဲ့ “ကျွန်တော်” ဟာ မတွေ့ဖြစ်ကြတော့ဘဲ ခပ်လှမ်းလှမ်းစီ ဖြစ်သွားခဲ့တယ်ပဲ ဆိုကြပါစို့။
တစ်မနက်တော့ အစောကြီး ကျွန်တော့်ခြင်ထောင်ကို ခပ်ကြမ်းကြမ်းကိုင်လှုပ်နေတာ ခံစားလိုက်ရတယ်။ ညက ညဥ့်နက်ထားလို့ ကျွန်တော် အိပ်ရေးမ၀သေးဘူး။ ပြီးတော့ ကျွန်တော့်မှာ အကျင့်ဆိုးတစ်ခုရှိတယ်။ အိပ်ပျော်နေတုန်း နှိုးတာခံလိုက်ရရင် ရုတ်တရက် အရမ်းဒေါသထွက်သွားတတ်တယ်။ အိပ်ချင်မူးတူးနဲ့ ဂမူးရှူးထိုး ထွက်တာမျိုးဆိုတော့ ထိန်းသိမ်းချိန် မရတတ်ဘူး။ ကိုရင်ဝတ်တုန်းက ရိပ်သာက တုန်နေအောင် ကြောက်ရတဲ့ ဦးဇင်းတွေ ကိုယ့်ကို ခြေထောက်နဲ့ အသာကန်နှိုးတာကိုတောင် ဒေါသထွက်ချင်သေးတာ။ အခုတော့ ကျွန်တော့်ကိုယ်ကို ခပ်ကြမ်းကြမ်းကိုင်လှုပ်ပြီး နှိုးတာ ခံလိုက်ရတယ်။ ဟေ့ကောင် ငပျင်း ထ၊ ဘယ်အချိန်ရှိပြီလဲလို့ ကြားလိုက်ရတော့ နှံကောင်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော်တို့ ခြံဝန်းက တံခါးမရှိဘူး။ ဓာတ်သိဆိုရင် အိမ်နောက်ဖေးအထိ ဒိုးယိုပေါက် အလွယ်တကူ ၀င်ထွက်နိုင်နေတယ်။ ဒီကောင်တွေ Privacy ဆိုတာကို နားမလည်ကြဘူး။ သူတို့အိမ်သွားပြီး ငါ ဒီလိုလှုပ်နှိုးခွင့် ရှိမှာမဟုတ်ဘူး။ ခြံစည်းရိုးလုံအောင် မကာနိုင်လို့ ခံရတဲ့ ပိုင်စိုးပိုင်နင်း အနိုင်ကျင့်ခြင်း တစ်မျိုးလို့ပဲ ကျွန်တော် ယူဆတယ်။ စောစောစီးစီး ကိုယ်ထိလက်ရောက် လာစော်ကားနေတယ်လို့ တွေးမိတော့ ထောင်းခနဲ ထပြီးသားဒေါသက အတော်လေး အရှိန်ကောင်းသွားတယ်။ ခြင်ထောင်အပြင်ကနေ မျက်နှာကြီးထိုးလို့ ဖောင်းနေတဲ့ ခြင်ထောင်ဆီကိုမှန်းပြီး လက်သီးနဲ့ အားကုန်ထိုးချလိုက်တယ်။ ဂုတ်ဆိုတဲ့ အသံခပ်အုပ်အုပ် ထွက်လာပြီး ငြိမ်သက်သွားတယ်။ ကျွန်တော် အပြင်ကိုမထွက်ဘဲ ပေပြီး ခေါင်းမြီးခြုံ ဆက်အိပ်ဖို့ကြိုးစားပေမဲ့ ဒေါသကြောင့် အိပ်မပျော်တော့ဘူး။ အတော်လေးကြာမှ ကျွန်တော် ထလာလိုက်တယ်။ နှံကောင် ဧည့်ခန်းထဲမှာ ခဏထိုင်နေသေးတယ်။ နင်ထွက်မလာတာနဲ့ ပြန်သွားတယ်လို့ အမေကပြောတယ်။ သား ဒီကောင့်ကို ထိုးလိုက်တယ်လို့ ကျွန်တော်က အမေ့ကိုပြောပြလိုက်တယ်။ ငါသိသားပဲ။ ငါလည်း ထွက်ဧည့်မခံတော့ဘဲ မီးဖိုချောင်ထဲမှာပဲ အလုပ်လုပ်နေတာ။ နင့်အကြောင်းသိလို့ နှံကောင်စ၀င်လာထဲက ဖြစ်တော့မယ်လို့ ထင်နေတယ်လို့ ပြောတယ်။ အဲဒီနေ့ကစပြီး ဒီကောင် ပေါ်မလာတော့ဘူး။
§ § § § §
တစ်နေ့ကတော့ Gtalk မှာ နာမည်တစ်ခု ကျွန်တော့်ကို Add ထားတာ တွေ့လိုက်ရတယ်။ သိသိမသိသိ ကျွန်တော့်ကို Add တဲ့လူတွေကို ဘယ်တုန်းကမှ Ignore မလုပ်ဖူးဘူး။ အလွယ်တကူ လက်ခံလိုက်တာချည်းပဲ။ စစချင်းပဲ ဟေ့ကောင် စောက်ရူးဆိုတဲ့ စာတန်းတစ်ခု တက်လာတယ်။ ဒီတော့လည်း ဘယ်သူလဲဆိုတာ ကြည့်ရတယ်။ နာမည်တုဆိုတော့ ဘယ်သူမှန်းမသိရဘူး။ ဒါနဲ့ပဲ ဘယ်သူလဲလို့ ပြန်မေးရတယ်။ ငါ နေမျိုးအောင်ကွဆိုတဲ့ စာတန်းတစ်ခု ထပ်တက်လာတယ်။ ကျွန်တော်က အတိတ်ကို ဗလုံးဗထွေး ရောမချတတ်ပေမဲ့ တစ်စိတ်ကို တစ်အိတ်လုပ်နေတတ်တဲ့ လူမျိုးလည်း မဟုတ်ဘူး။ ကတောက်ကဆဖြစ်ခဲ့တာ အားလုံးကို မေ့မေ့ပျောက်ပျောက်ပါပဲ။ နေမျိုးအောင်ဆိုတာ သူငယ်ချင်းဟောင်းတစ်ယောက်ပဲဆိုတာ ဦးနှောက်က ယေဘုယျအဖြေတစ်ခု ပေးနိုင်ပါသေးတယ်။ အေး၊ သားကြီး မင်းအင်တာနက်သုံးနေသလား။ ၀မ်းသာတယ်ကွာလို့ ခုတော့ မင်းက ဆရာဝန်ပေါ့လို့ ရိုက်ပြီးရုံရှိသေးတယ်၊ မင်း အဲဒီမှာ ကုလားကျွန်သွားခံနေတာ ဘယ်လောက်ရလို့လဲကွဆိုတဲ့ စာတန်းတွေ့တော့ ကျွန်တော် အမောဆို့သွားတယ်။ ကျွန်တော်က ဒေလီမှာ ရောက်နေပြီ။ ပိုက်ဆံရတဲ့အလုပ်လည်း ဘာတစ်ခုမှ မလုပ်ပါဘူး။ ဒေါသကိုထိန်းပြီး ရှင်းပြဖို့ ကျွန်တော်ကြိုးစားကြည့်သေးတယ်။ မင်းညီမအတွက် မပူနဲ့ ငါ တစ်သက်လုံး စောင့်ရှောက်ထားလိုက်မယ်ဆိုတာတွေ ဆက်တိုက်တက်လာတာ တွေ့ရတယ်။ ကျွန်တော် ဆက်မဖတ်နိုင်တော့ဘူး။ ကျွန်တော့်မှာ ဒီကောင့်ကို ပြောစရာ စကားမရှိတော့ဘူး။ Block ကိုနှိပ်လိုက်တဲ့ Click က တော်တော်အားပြင်းသွားတယ်။
ကျွန်တော့်အနေနဲ့က ညီမကို အထိမခံနိုင်တဲ့ သဘောထားမျိုး လုံးဝ မရှိဘူး။ တချို့လူတွေအနေနဲ့ အတော်လေးရင့်သီးတယ် ထင်ရမယ့် အပြောအဆိုတွေကိုတောင် ကျွန်တော် ပြုံးပြုံးလေးပဲ တုန့်ပြန်ခဲ့တယ်။ ချစ်တာကြိုက်တာကတော့ မင်းတို့အခွင့်အရေးပဲ၊ ဒါပေမဲ့ ငါ့ညီမကတော့ မင်းတို့ကို ပြန်ကြိုက်မယ် မထင်ဘူး။ ဒါမျိုးပဲ ကျွန်တော် အမြဲပြန်ပြောလေ့ရှိခဲ့တယ်။ သူငယ်ချင်းအများစုကလည်း အမြဲလို ကျွန်တော့် ညီမနဲ့ ပတ်သက်ပြီး စတတ်နောက်တတ်ကြပါတယ်။ တစ်ခါမှ စိတ်ဆိုးဖူးတာ မရှိခဲ့ဘူး။ ညီမချင်းလဲမယ် ဆိုတာမျိုးကို ပါးစပ်စည်းမထားဘဲ ပြောနေကျ ကောင်တွေအဖို့ ဒီကိစ္စအတွက် စိတ်ဆိုးစရာတစ်ကွက်မှ ရှိမနေဘူး။ ဒါပေမဲ့ အဲလို နောက်တတ်တဲ့အထဲမှာ အရင်က ဒီကောင်မပါခဲ့ဘူး။ ရုတ်တရက် ဒီလိုအပြောမျိုး ခံလိုက်ရတဲ့အချိန်မှာ ကျွန်တော်တစ်ခုခုကို ဗြုန်းခနဲ သတိပြုမိသွားတာက ဒေါသထွက်ရတဲ့အကြောင်းရင်းပဲ။ လောလောဆယ်မှာ ကျွန်တော် အိမ်မပြန်နိုင်သေးဘူး။ မိသားစုကို မကာကွယ် မစောင့်ရှောက်နိုင်ဘူး။ မိသားစုအပေါ်ကျရောက်မယ့် အန္တရာယ်ကို ကျွန်တော် လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တယ်။ ကိုယ်ထိလက်ရောက် ကာကွယ်နိုင်တဲ့အစွမ်း ကျွန်တော့်မှာ ရှိမနေတော့ဘူး။ ဒီအချက်ကို ကောင်းကောင်းသိလို့ ဒီကောင်က ပညာသားပါပါ နင်းပြီးပြောတယ်ဆိုတာ ကျွန်တော် သိတယ်။ အတူရှိနေတုန်းက တစ်ခါမှ မနောက်ခဲ့ဖူးတဲ့ကောင်က ခုမှ ဗြုန်းခနဲ ဒါမျိုး ပြောလာတာကိုး။ ဒီလိုကောင်မျိုးကို တစ်သက်စာ ခွာပြဲဖို့ အကြောင်းရင်း ကျွန်တော့်မှာ ခိုင်လုံသွားပြီ။
အစောက ပြောခဲ့သလိုပေါ့။ ပုံစံခွက်ထဲက သွေးတူမွှေးတူရေခဲတုံးတွေဟာ ၀ီစကီနဲ့ရောပြီး အရည်ဖျော်ပစ်လိုက်ဖို့လောက်သာ အသုံးကျတာမျိုးပဲ။ အရောင်၊ အနံ့၊ အရသာနဲ့ အနှစ်အသား ဘာမှ မရှိဘူး။ လေသလပ်ခံလိုက်ရင် အချိန်တန် အရည်ပျော်သွားမယ့် အရာတွေမျှပဲ။ ဒါနဲ့ ရေခဲတုံးတစ်တုံးကို ကြည့်ပြီး အခြားရေခဲတုံးတွေ အားလုံးကို ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းပါနဲ့လို့ တစ်စုံတစ်ယောက်ကများ ဆင်ခြေကန်လာခဲ့ရင် တူညီတဲ့ ပုံစံခွက်တစ်ခုထဲက ကွဲပြားတဲ့ အသွင်အပြင်တွေ ထွက်လာနိုင်တယ်လို့များ မျှော်လင့်ထားသလားလို့ ခပ်ပြုံးပြုံးပြန် မေးရလိမ့်မယ်။ ရေသန့်နဲ့ ရေညံ့ ကွဲချင်သာကွဲမယ် ဒီပုံစံခွက်ထဲက ရေခဲတုံးတွေဟာ လက်ပေါက်ကပ်တာချင်းတော့ အတူတူပဲ။ အရပ်သားတွေအပေါ် စော်ကားချင်တဲ့ စိတ်အခြေခံတွေ ကိန်းဝပ်နေပြီး သူတို့ကိုယ်သူတို့ ခေါင်းတစ်လုံးပိုမြင့်တဲ့ လူလွန်မသားတွေအဖြစ် ရိုက်သွင်းခြင်း ခံထားကြရပြီးပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ရေခဲတုံးလေးတွေကို ရွှေရောင်အရည်ထဲ ထည့်စိမ်ပြီး ပျော်ဝင်သွားအောင် ဖန်ခွက်ကို တတောက်တောက် ခလောက်ရတာနဲ့ ၀ီစကီအေးမြမြလေး လည်ချောင်းတစ်လျောက် လျှောဆင်းပွတ်တိုက်သွားတဲ့ အရသာကိုတော့ နှစ်သက်နေဆဲပဲ။ ပိရမစ်ပုံ အာဏာတည်ဆောက်မှု ယန္တယားရဲ့ ၀ိသေသလက္ခဏာတွေကို လေ့လာပြီး မျိုးဆက်နဲ့ချီ နှိပ်ကွပ်သတ်ဖြတ်နေခဲ့တဲ့ ဒြပ်မဲ့ စိတ္တဇနာမ်တစ်ခုအတွက် ကာကွယ်ဆေးကိုလည်း စိတ်ဝင်စား ရှာဖွေနေမိဆဲပဲ။ ခရီးတစ်လျှောက် ဘ၀အာမခံချက် ဆိုတာတွေကို ချနင်းခဲ့ရင်းနဲ့ပေါ့။
◄ တေဇာ (လရောင်လမ်း) ►
WoW
ReplyDeleteသိပ်ကောင်းတဲ့စာာာာာာာာာာ။
ဖတ်ရတာ သိပ်ကျေနပ်တာပဲ။
ဒီဇယားတွေက နောက်ပိုင်းလူတွေနဲ့ ပတ်သတ်လို့ ဒါမျိုး ဆင်ဆင် ကိုယ် တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ တေဇာ့လောက်တော့ အနုမစိတ်ပါဘူး။ sense မကောင်းခဲ့ဘူး။
ကျေးဇူးတင်ပါတယ်း)
ReplyDeleteရီတာပေးလို့ ဒီတစ်ပုဒ် အစအဆုံးဖတ်သွားပါတယ်။ စာရေးကောင်းတယ်။
ReplyDeleteSDL
စာရေးကောင်းတယ်၊ အတွေးကောင်းတယ်၊
ReplyDeleteအပေါ်က မှတ်ချက်က သာမန်ကာလျှံ့ကာပုံစံဖြစ်နေသလားလို့ နောက်တစ်ခေါက်ပြန်ပြောတာ
တော်တော် ကိုကောင်းပါတယ်.....ဖတ်ရတာ အလုံးအရင်းနဲ့ ရင်ဘတ်ထဲ ဝင်သွားတယ်.....ဒီနှစ်အတွက် အခုချိန်ထိ စိတ်အကျေနပ်ဆုံး ဖတ်ရတဲ့ စာတစ်ပုဒ်ပါပဲ....ကျေးဇူးတင်ပါတယ် ကိုတေဇာ
ReplyDeleteရေခဲတုံးဖြစ်ရတာလည်း မသက်သာပါဘူး။ ရေနဲ့ဖျော်ခံရပြီးရင် ဘယ်ရောက်သွားမှန်းမသိ အငွေ့အဖြစ်ပျောက်ဆုံးရင်လဲပျောက်ဆုံးသွားမယ်။ ကိုက်ဝါးခံလိုက်ရလို့ ကြေမွချင်လည်း ကြေမွသွားရဦးမယ်။ အမှန်ကတော့ လွတ်လပ်မှုတွေရင်းလိုက်ရပေမယ့် ဘဝအာမခံချက်ဆိုတာလည်း တဲတဲလေးပါပဲ။
ReplyDeleteဆင်ခြင်တုံတရား အခြေခံနဲ့ ၀ီစကီ သောက်ပုံလေး လင်းပါဦးဗျာ :)
ReplyDeleteပုံမှန်အချိန်မှာ ဆင်ခြင်တုံတရားက အတောင့်လိုက်ကြီးဖြစ်နေတော့ ၀ီစကီလေးနဲ့ စိမ်စိမ်ပေးရတယ်။ ပျော့ပြောင်းလာအောင်လို့။ :D
ReplyDelete