Skip to main content

တတိယမြောက် မီးခြစ်ဆံ

ဘာမျှ မမြင်ရသူဟာ အမှောင်ကို မြင်နေရတာပဲ မဟုတ်ဘူးလား…။

အခန်းတံခါးကို သူ တွန်းဖွင့်လိုက်သည်။ အပြင်မှ အလင်းစက်အချို့ အခန်းတွင်းသို့ ချဉ်းနှင်းဝင်ရောက်သွားပြီး အခန်းအတွင်းမှ အမှောင်စအချို့ အပြင်သို့ ပြန်လည်ဖိတ်လျှံကျလာသည်။ နေ၀င်ချိန်၏ ယိုင်နဲ့သော အလင်းစက်တို့မှာ အခန်းတွင်းမှ နက်ရှိုင်းလှသည့် အမှောင်ထုအား ကောင်းစွာ ထိုးဖောက်နိုင်စွမ်းမရှိ ဖြစ်ရသည်။ တွေဝေခြင်းမဟုတ်ဘဲ အမှောင်အား ကျင့်သားရစေရန် ရည်ရွယ်၍ အခန်းဝတွင် သူ ခေတ္တမျှ ဆက်ရပ်နေလိုက်သည်။ သို့သော် အမှောင်ကိုသာ သူ ပို၍ ထင်ထင်ရှားရှား မြင်လာရသည်။ အမှောင်အား ကျင့်သားရပြီးနောက် တစ်စုံတစ်ခုအား မထိခိုက်မိစေဘဲ ခပ်ဝါးဝါးအမြင်အားဖြင့် အခန်းတွင်းသို့ ၀င်နိုင်လိမ့်မည်ဟူသော သူ၏ မူလ မျှော်လင့်ချက်မှာ ပျက်စီးသွားရသည်။ အမှောင်နှင့် နေသားတကျ သူ နေနိုင်လိမ့်မည် မဟုတ်ပါ။ ဤသို့ ပြုလုပ်နိုင်ခဲ့သည့် လူများစွာ ရှိနိုင်သော်လည်း သူက သူသာဖြစ်သည်။ သူ့အတွက်မူ အမှောင်နှင့် ယဉ်ပါးသွားခြင်းသည် ပတ်ဝန်းကျင်ကို (ခပ်ဝါးဝါးဖြစ်ဖြစ်) မြင်လာနိုင်ခြင်းမဟုတ်ဘဲ အမှောင်၏ အသေးစိတ် လက္ခဏာများကို ပိုမိုတိကျစွာ ခံစားလာရခြင်းသာ ဖြစ်သည်။ မျက်စိစုံမှိတ်ထားချိန်တွင် အာရုံတွင် ထင်မြင်ရတတ်သည့် အပြာ၊ အနီ၊ အ၀ါ သုံးရောင်ခြယ်ထားသော လွန်စွာသေးမွှားလှသည့် အစက်အပြောက်ကလေးများကို မြင်နေရသလို အခန်းတွင်းရှိ အမှောင်ထုကြီးကိုသာ သူ စူးစူးဝါးဝါး မြင်နေရသည်။ နောက်ဆုံးတွင် အားအင်ချိနဲ့လှသော အလင်းစက်အချို့ပင် အပြင်သို့ ပြန်လည်ဆုတ်ခွာ လာကြပြီဖြစ်သည်။ မကြာမီ နေ၀င်တော့မည်။

သူ အခန်းတွင်းသို့ရောက်လာပြီးနောက် တံခါးသည် အလိုလို ပြန်ပိတ်သွားသည်။ ယခုအခါ အမှောင်သည် သူ့အား ၀ါးမျိုလိုက်ပြီ ဖြစ်လေသည်။ အားငယ်သွားရမည့်အစား သူ အဘယ်ကြောင့် အားမငယ်ခဲ့သနည်း။ သူ့လက်ထဲတွင် ဘယ်အချိန်က ရောက်နေမှန်းမသိရသည့် လေးထောင့်သဏ္ဌာန် အရာဝတ္ထုတစ်ခု ရှိနေကြောင်း သူ သတိပြုမိလိုက်သည်။ အလိုအလျောက်အပြုအမူမျိုးဖြင့် သူက မီးခြစ်ဆံတစ်ခုအား ဗူးခွံ၏ ဘေးသားဖြင့် ပွတ်တိုက်ပစ်လိုက်သည်။ ရှဲခနဲမြည်သံနှင့်အတူ စူးရှသည့် မီးအလင်းရောင်က သူ့အား ကျိန်းစပ်သွားစေသည်။ အခန်း၏ သွင်ပြင်အား သူ စိတ်အားထက်သန်စွာ စူးစမ်းလေ့လာလိုက်သည်။ မည်မျှ လှပသည့်၊ သို့မဟုတ် အကျည်းတန်သည့် အခန်းနည်း။ မည်မျှ အံ့သြဖွယ်ကောင်းသည့်၊ သို့မဟုတ် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့် အခန်းနည်း။ မည်မျှ သန့်ရှင်းတောက်ပြောင်သည့်၊ သို့မဟုတ် စိုထိုင်းညစ်ထေးသည့် အခန်းနည်း။ မည်မျှ နွေးထွေးလုံခြုံသည့်၊ သို့မဟုတ် အေးခဲရက်စက်သည့် အခန်းနည်း။ ဆန့်ကျင်ဘက်မေးခွန်းပေါင်းများစွာဖြင့် မျက်လုံးတစ်ချက် ဝှေ့ယမ်းကြည့်လိုက်စဉ် ခဏမှာပင် သူ့ လက်ချောင်းများမှ ပူလောင်လာသည့် အသိကို ရုတ်တရက် သူခံစားလိုက်ရသည်။ မီးခြစ်ဆံမှ ငြိမ်းအံ့ဆဲဆဲ မီးတောက်ကလေးသည် သူ့လက်အား တို့ထိကျီစယ်နေသည်။ ပူလောင်မှုကြောင့် အထိတ်တလန့်ဖြင့် သူ လွှတ်ချလိုက်မိသည်။ အခန်းသည် မူလအတိုင်း အမှောင်အတိ ပြန်ကျသွားသည်။

ဤတစ်ကြိမ်တွင် မီးခြစ်ဆံဗူးအား သူ ခလောက်ကြည့်လိုက်မိသည်။ အသံတချို့ထွက်လာသည်ကို ကြားရသဖြင့် သူ စိတ်ပျက်သွားသည်။ ဤမျှလောက် အဆံချောင်နေလျှင် ဗူးထဲတွင် မီးခြစ်ဆံအနည်းငယ်သာ ကျန်ရှိတော့ ပေလိမ့်မည်။ သူ စိတ်လှုပ်ရှားစွာဖြင့် အမှောင်ထဲတွင်ပင် မီးခြစ်ဆံအရေအတွက်အား တို့ထိ ရေတွက်ကြည့်လိုက်သည်။ မီးခြစ်ဆံ နှစ်ချောင်းသာ ကျန်တော့သည်။ သတိကြီးစွာထားကာ ဒုတိယမီးတောက်အား သူ့လက်တွင် ထွန်းညှိလိုက်သည်။ ဒုတိယမီးတောက်၏ အလင်းရောင်ဖြင့် သူက တစ်စုံတစ်ရာအား ရည်ရွယ်ချက်ရှိရှိ၊ ကမန်းကတန်း ရှာဖွေနေရသည်။ အခန်း၏ အနေအထားအား လေ့လာခြင်းမျိုးမဟုတ်ဘဲ ကြာရှည် ထွန်းလင်းနိုင်စရာ အရာဝတ္ထုတစ်ခုကို သူ သေရေးရှင်ရေးတမျှ ရှာဖွေနေရသည်။ ကျီးကန်းတောင်းမှောက် မျက်လုံးများဖြင့် အခန်းတွင်း အချည်းအနှီး လှည့်ပတ်ကြည့်ရှုပြီးနောက် လက်လျှော့ရတော့အံ့ဆဲဆဲတွင် သူ၏ဦးခေါင်းထက်မှ အရာတစ်ခုကို သူ သတိပြုလိုက်မိသည်။ အခန်း၏ မျက်နှာကြက်ဆီမှ မီးအိမ်တစ်လုံး တွဲလဲခိုနေသည်ကို သူမြင်လိုက်ရသည်။ သူ၏ စိတ်လှုပ်ရှားမှုနှင့်အတူ ဒုတိယမြောက်မီးခြစ်ဆံသည်လည်း ပြာမှုန်အဖြစ် ကျေမွပျောက်ကွယ်သွားကာ အမှောင်ကိုသာ အခန်းတွင်းတွင် နေသားတကျ ပြန်လည်တပ်ဆင်ထားလိုက်သည်။ သူ့ရင်သည် တဒိတ်ဒိတ်ခုန်နေသည်။ ခြေဖျားထောက်ကာ တတိယမြောက်မီးခြစ်ဆံဖြင့် သူက မီးအိမ်ကို ထွန်းညှိလိုက်သည်။ အလင်းရောင်အချို့ ထွက်ပေါ်လာပြီးနောက် သုံးပုံနှစ်ပုံခန့် ကျန်ရှိနေသေးသော လောင်စာဆီအားကြည့်၍ သူ ကျေနပ်သွားသည်။

အခန်းအား ပထမဆုံးအကြိမ်အဖြစ် သူက စိတ်လက်ပေါ့ပါးစွာ လေ့လာနေလိုက်သည်။ အလွန်ကျယ်ဝန်းသည့် အခန်းတစ်ခုသာဖြစ်ပြီး မီးအိမ်၏ အလင်းရောင် မရောက်ရှိနိုင်သော နေရာများ ရှိသေးကြောင်း သူ သိလိုက်ရသည်။ အခန်း၏ နံရံကိုပင် သူ ရှာဖွေထိတွေ့နိုင်ခြင်းမရှိ။ စင်စစ် သူဝင်လာရာ တံခါးပေါက်သည်ပင် သူ မသိလိုက်မိခင် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အခန်းသည် နွေးထွေးလုံခြုံပြီး နေပျော်သည့် နေရာတစ်ခုအဖြစ် သူ ကြိုးစားလက်ခံထားလိုက်သော်လည်း အကျဉ်းသားတစ်ဦးပမာ ခံစားနေရခြင်းကိုလည်း သူ မဖျောက်ဖျက်နိုင်ခဲ့။ မီးအိမ်၏ အလင်းရောင် မရောက်ရှိနိုင်သည့် သူ့အားရစ်ဝိုင်းနေသော အမှောင်ထုကြီးအတွင်းသို့ ဇွတ်မှိတ်တိုးဝင်ရန် သူ ကြိမ်ဖန်များစွာ စိတ်ရူးပေါက်ခဲ့ဖူးပြီး၊ ကြိမ်ဖန်များစွာ လက်လျှော့ခဲ့ရဖူးသည်။ မီးအိမ်ငယ်သည် နံရံတွင် ဖြုတ်မရအောင် အသေတပ်ဆင်ထားခြင်းဖြစ်ကြောင်းလည်း သူ ၀မ်းနည်းစွာ သိရှိခဲ့ရသည်။ ထို့နောက်တွင် သူ၏ အချိန်အများစုကို စာရေးစားပွဲတွင်သာ သူ အသုံးပြုလေ့ရှိခဲ့တော့သည်။

အခန်းတွင်း သက်တောင့်သက်သာ နေထိုင်နိုင်ရေးအတွက် ပြုလုပ်သင့်သည့် ဝေယျာဝစ္စအလုပ်များအား လျစ်လျူရှုထားလိုက်ပြီး စာရေးစားပွဲတွင်သာ သူက နေသားတကျဖြစ်အောင် ၀င်ထိုင်လိုက်သည်။ အခန်းနှင့်ပတ်သက်သည့် သူ တွေ့မြင်ခဲ့သမျှ အကြောင်းအရာများကို စနစ်တကျဖြစ်အောင် ကြိုးစားကာ စီကာပတ်ကုံး ရေးချနေသည်။ သို့ရာတွင် ရေရာတိကျသည့် တစ်စုံတစ်ရာအား သူ ရေးသားနိုင်ခြင်း မရှိခဲ့။ ရှေ့လူများ ရေးသွားခဲ့သည့် ဒိုင်ယာရီအချို့ကိုလည်း စာရေးစားပွဲပေါ်မှပင် သူ တွေ့ရှိရသည်။ သို့သော် မည်သူမျှ အခန်းအား ပြီးပြည့်စုံအောင် သိမြင်နိုင်ခြင်း မရှိခဲ့ကြ။ သူရော သိနိုင်ပါရဲ့လားဟု တွေးမိချိန်တွင် မျက်နှာကြက်ပေါ်ရှိ မီးအိမ်ငယ်အား သူ မော့ကြည့်မိသည်။ လောင်စာဆီတို့သည် သိသာထင်ရှားခြင်းမရှိအောင် တအိအိ ယုတ်လျော့နေသည်။ သူ သတိမပြုမိရလေအောင်၊ သို့မဟုတ် သူ့ မျက်စိမှ ဖမ်းမမိရလေအောင် ခိုးချောင်ခိုးဝှက် ယုတ်လျော့နေခြင်းအတွက်မူ သူ ကျေးဇူးတင်မိသေးသည်။ မီးစာကုန် ဆီခန်းချိန်ရောက်လျှင် အမှောင်ထုတွင်းသို့ ပြန်လည်တိုးဝင်ရဦးမည်သာ ဖြစ်ကြောင်း သူသိပါသည်။ လောလောဆယ်တွင် အခန်းနှင့်ပတ်သက်၍ သူ့အနေဖြင့် အရေးအကြီးဆုံးဟု ယူဆမိသည့် တတိယမြောက် မီးခြစ်ဆံအကြောင်းကို အလေးအနက်ထား ရေးသားပြီး စာကြည့်စားပွဲပေါ်တွင် သူ တင်ထားလိုက်သည်။ သူကြုံတွေ့ခဲ့ရသည့်အတိုင်း အကယ်၍ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လူတစ်ယောက် အခန်းထဲသို့ ရောက်ရှိလာခဲ့ပါလျှင် တတိယမီးခြစ်ဆံ၏ တန်ဖိုးကို သူက သိစေချင်သည်။ သို့သော် ထိုသူသည် တတိယမီးခြစ်ဆံဖြင့် မီးအိမ်ကို ဦးစွာထွန်းညှိနိုင်ခဲ့ပြီးမှသာ သူ့မှတ်တမ်းအား ဖတ်ရှုနိုင်ပေလိမ့်မည်။ သို့သော် ဤကိစ္စအတွက် သူ မည်သို့မျှ မတတ်နိုင်ပါ။ ထို့အတူ အခန်းနှင့်ပတ်သက်၍လည်း မှောင်နေခြင်းမှတစ်ပါး၊ ကျယ်ဝန်းပြီး လျှို့ဝှက်နက်ရှိုင်းခြင်းမှတစ်ပါး၊ ရှေ့လူများ သိခဲ့သည်ထက်ပိုသည့် အခြားအချက်တစ်ခုခုအား မီးစာမကုန်မီ ရှာဖွေတွေ့ရှိနိုင်ပါ့မလား သူ့အနေဖြင့် မသေချာပါ။

ထို့နောက်တွင် သူတတ်နိုင်သည့် အရာတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။ မီးအိမ်၏ အောက်ခြေတည့်တည့်တွင် အပေါ်သို့ မော့ကြည့်ပါဟူသော စာလုံးများကို ထင်းနေအောင် သူ ရေးသားထားလိုက်သည်။ တစ်ကိုယ်တည်း သူ ကျေနပ်စွာပြုံးလိုက်သည်။ တစ်စုံတစ်ယောက်သည် ထိုစာအား မြင်တွေ့နိုင်ရန် အောက်သို့ ဦးစွာငုံကြည့်မိဖို့ လိုအပ်နေသေးသော်လည်း အဆိုပါကိစ္စအတွက် သူက ဘာများတတ်နိုင်ပါဦးမည်နည်း။

◄ တေဇာ (လရောင်လမ်း) ►
ဇူလိုင် (၁၇) ၂၀၁၀

Comments

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ