Skip to main content

Posts

Showing posts from 2011

အစွန်းရောက် အကောင်းမြင်ဝါဒီ

eastoftheweb.com ဘတ်စ်ကားလည်း မကြာခင်လာမှာပါ ဒါပေမဲ့ ဒီအတောအတွင်းမှာ..  [ ၁ ] ဗူစီမာကူစီဟာ အစွန်းရောက် အကောင်းမြင်ဝါဒီတစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ အဆင်းရဲဆုံး အရပ်မှာ နေထိုင်သူတစ်ဦးဖြစ်တောင်မှ၊ သူ့ဆီမှာ ၀တ်စုံတစ်စုံတည်းပဲ ပိုင်ဆိုင်တာတောင်မှ၊ သူ့ဘောင်းဘီရှည်ဟာ ခြေမျက်စိ မဖုံးတောင်မှ သူဟာ အကောင်းမြင်ဝါဒီတစ်ဦး ဖြစ်ပါတယ်။ ပညာရေး ဆုံးခန်းတိုင်တော့ အစိုးရ၀န်ထမ်းအဖြစ် အသက်မွေးတာ အဆင်ပြေနိုင်မယ်လို့ ဗူစီ ဆုံးဖြတ်ခဲ့တယ်။ တာဝန်ကျအရာရှိက ဗူစီ့ကို တစ်ချက်ကြည့်တယ်။ ပြီးတာနဲ့ အသုံးကျမယ့် လူစားမျိုးမဟုတ်မှန်း ချက်ချင်း သဘောပေါက်သွားတယ်လို့ပဲ ဆိုရမယ်။ `အေးဗျာ။ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ယောက်အတွက် ကျုပ်မှာ အလုပ်တစ်နေရာစာတော့ ရှိမယ်ထင်တယ်´ လို့ သူက ပြောတယ်။

လမ်းလျှောက်သူ

ဒီနေ့ ကျွန်တော် လမ်းလျှောက် ထွက်လာတော့ မှောင်စပြုနေပြီ။ အပြင်မှာ အေးနေတယ်။ ကားလမ်းမကြီးကို ကူးပြီး ဒီဘက် ရပ်ကွက်ရောက်တော့ လူတွေ ရှင်းသွားတယ်။ ပေတရာလမ်းမက ကျယ်တယ်။ ကျွန်တော် တစ်ယောက်တည်း ဆက်လျှောက်လာတယ်။ အရင် ရေခဲချောင်းလှည်းကလေး အမြဲရှိတတ်တဲ့ နေရာမှာ အငွေ့တထောင်းထောင်း ထနေတဲ့ အိန္ဒိယ အစားအစာတစ်မျိုး ရောင်းနေတယ်။ အရင် ရေခဲချောင်းရောင်းခဲ့တဲ့ လူတော့ ဟုတ်ပုံမရဘူး။ အခုလို ဆောင်းတွင်းရောက်လာလို့ လူတွေ ရေခဲချောင်းမစားကြတော့ အရင်ရေခဲချောင်းရောင်းခဲ့တဲ့လူ ဘာသွားရောင်းမလဲလို့ ကျွန်တော် စဉ်းစားမိတယ်။ မြေပဲပြုတ်ကလေးဘာလေး ရောင်းမယ်ထင်တယ်၊ သူ့အစီအစဉ်နဲ့သူတော့ ရှိမှာပဲ။ ရာသီစာဆိုတာကတော့ အမြဲရှိနေတာကိုး။ ဒါ ကျွန်တော်နဲ့တော့ သိပ်မဆိုင်လှဘူး။ ကျွန်တော် ပန်းခြံရှိတဲ့ဘက်ကို ကွေ့ဝင်လိုက်တယ်၊ ဒီနားမှာတော့ သစ်ရွက်ကြွေတွေနဲ့ အမှိုက် နည်းနည်းရှိနေတယ်။ ဒီနေ့လူအတော်ရှင်းပါလားလို့ တွေးပြီးတာနဲ့ချက်ချင်း၊ ဒီနေ့ ငါအတော်နောက်ကျသွားတာပဲလို့ ဆက်တိုက်တွေးလိုက်မိတယ်။ နောက်တော့ ကျွန်တော် ဇဝေဇ၀ါဖြစ်လာတယ်။ ဒီနေ့ လူရှင်းနေတယ်နဲ့ ဒီနေ့ ငါနောက်ကျတယ်၊ အဆိုနှစ်ရပ် ဘယ်သင်းက ပိုမှန်လဲ စဉ်းစားကြည့်မိတယ်။ မှန်တာတောင်မှ ပိုမှန်တာ

မျှော်လင့်ခြင်း ( မြင့်သန်း )

(ဆရာတာ.. ဒီဝတ္ထုလေးက လွန်ခဲ့တဲ့ သုံးလလောက်က ရေးထားတာ။ ဘာသာပြန် မဟုတ်ပါ။ ဖတ်တဲ့အခါတော့ ရိုးရိုးပဲ တွေးဖို့လိုလိမ့်မယ်။ ဆန်းဆန်းတွေးချင်လည်း တွေးပေါ့ဗျာ။  ရိုသေစွာဖြင့်- မြင့်သန်း) Before me things create were none, save things Eternal, and eternal I endure. All hope abandon ye who enter here.     _Dante Alighieri     Divine Comedy. (H.F Cary’s translation) လူတစ်ယောက်မျှ မရှိတဲ့ စားသောက်ခန်းထဲက စားပွဲပေါ်မှာရှိတဲ့ ပန်းအိုးထဲက ပန်းကို ဘားမန်နေဂျာကဲင်ဟာ အနေအထားပြင်ပြီး ပြန်ချလိုက်တယ်။ စိတ်ကျေနပ်သွားတယ်။ ခဏရပ်နေလိုက်ပြီးမှ သူ ဘားရှိရာဘက် လှည့်လာတယ်။ ကော်ရစ်ဒါရဲ့ အခြားဘက်က ထိပ်နားဆီမှာ လူရိပ်တွေ့လိုက်ရလို့ ရပ်ကြည့်ုလိုက်တော့ ဖလောမန်နေဂျာလို့ ခေါ်တဲ့ ဒီအထပ်ရဲ့ မန်နေဂျာ လဇ်ဇီရယ်။ အခန်းတစ်ခန်းရဲ့ ရှေ့မှာ လဇ်ဇီက ဟိုတယ်ရဲ့ ဟောက်(စ)မန်နေဂျာ ရှာမိန်းနဲ့ ရပ်စကားပြောနေတယ်.။ ရှာမိန်း တကယ် အလုပ်များပုံရတယ်။ ကဲင်ကိုယ်တိုင်လည်း အီးမေးလ်ရထားပြီးပြီမို့ ရှာမိန်းအလုပ်များလိမ့်မယ်ဆိုတာ တွေးကြည့်လိုက်မိတာပဲ။ ဟိုတယ်ရဲ့ ဒီအထပ်က သီးသန့်အထပ်။ နှစ်ဆယ့် သုံးထပ်မှာ.။ နှစ်ဆယ့်လေးထပ်ကလည်း ဒီလိုပဲ။ မတူတာတစ်ခုက

ဘိန်း

ဘိန်းမှိန်းနေတုန်းခဏ ဘိန်းပြတ်သွားတယ်လို့ စိတ်ကူးယဉ်သူဟာ ဘိန်းရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဘိန်းကို အာခံလိုက်တဲ့ ဘိန်းစားပေါ့။ တေဇာ (လရောင်လမ်း) စက်တင်ဘာ၊ ၂၀၁၁

Gaddafi, the Poet

The day I got a hole in my head, I showed my last humanity against the crime While I was crying, 'Don't shoot me'. I now am resting in peace, While all are reading my past Turning themselves into kindhearted sadists. After heart of the whole put a hole in my head, I do rest in peace. ကဗျာဆရာ ဂဒါဖှီ ငါ့ခေါင်းမှာ အပေါက်လေးတစ်ပေါက် ရခဲ့တဲ့နေ့က ဒီရာဇ၀တ်မှုကို ဆန့်ကျင်တဲ့ ငါ့ရဲ့ နောက်ဆုံး လူသားဆန်မှုအဖြစ် ငါက `ငါ့ကို မပစ်ကြပါနဲ့´ လို့ အော်ဟစ်တုန့်ပြန်ခဲ့တယ် အခုတော့ ငါက ငြိမ်းချမ်းစွာ အနားယူနေတယ် အားလုံးက ငါ့အတိတ်တွေကို ဖတ်ရှုနေစဉ် သူတို့ရဲ့ နှိပ်စက်လိင်စိတ္တဇတွက နှလုံးသားလှမှုအသွင်ယူလို့ ဝေနေယျတွေရဲ့ နှလုံးသားက ငါ့ခေါင်းမှာ အပေါက်တစ်ပေါက်ဖောက်ပြီးနောက် ငါ အနှောင့်အယှက်မဲ့စွာ အနားယူပြီ။ Tazar (Moonlitpath) October, 2011

Announcement 02

လရောင်လမ်း ( Wordpress ) မှာ ကဗျာအသစ်တချို့ တင်ထားပါတယ်။ စိတ်ဝင်စားသူများ ဖတ်ကြည့်ဖို့ပါ။ :) တေဇာ (လရောင်လမ်း)

ကူးတို့ (Kafka)

ဆိပ်ခံတံတားဘေးက နံရံပေါ်မှာ ကောင်လေးနှစ်ယောက် ကြွေအံကစားနေကြတယ်။ အထိမ်းအမှတ်ရုပ်တုတစ်ခုရဲ့ ခြေရင်းက ဓားရွယ်ထားတဲ့ သူရဲကောင်းရုပ် အရိပ်အောက်မှာ လူတစ်ယောက် ထိုင်ပြီး သတင်းစာဖတ်နေတယ်။ ခပ်ငယ်ငယ် ကောင်မလေးတစ်ယောက်က ရေပန်းမှာ သူ့ရဲ့ ရေဗူးထဲကို ရေဖြည့်နေတယ်။ သစ်သီးရောင်းတဲ့လူက သူ့သစ်သီးတွေရဲ့ အနီးမှာ လဲလျောင်းရင်း ပင်လယ်ပြင်ဆီ ငေးကြည့်နေတယ်။ ဘီယာဘားတစ်ခုရဲ့ ဒိုးယိုပေါက် တံခါးနဲ့ ပြတင်းပေါက်ကနေ အထဲမှာ လူနှစ်ယောက်ထိုင်ပြီး ၀ိုင်သောက်နေတာကို မြင်ရပါလိမ့်မယ်။ ဘီယာဘားမန်နေဂျာက အရှေ့မှာထိုင်နေရင်း အိပ်ငိုက်နေတယ်။ လှေသေးသေးလေးတစ်စင်းက တစ်စုံတစ်ယောက်ကပဲ ကြိုးနဲ့ဆွဲယူလာသလို ဆိပ်ကမ်းငယ်လေးအတွင်းကို ဖြည်းဖြည်းချင်း မျောဝင်လာတယ်။ ဂျာကင်အင်္ကျီအပြာနဲ့ လူတစ်ယောက် ကမ်းပေါ်ကိုတက်လာပြီး လှေကြိုးကို ချည်လိုက်တယ်။ အဲဒီလူရဲ့ နောက်မှာ ငွေကြယ်သီးတွေပါတဲ့ အရောင်ရင့်ရင့် ကုတ်အင်္ကျီတွေဝတ်ထားတဲ့ တခြားလူနှစ်ယောက်က အလောင်းသယ်တဲ့ထမ်းစင်တစ်ခုကို သယ်လာကြတယ်။ ထမ်းစင်ပေါ်မှာ ပင်းပွင့်ပုံတွေစီခြယ်ထားတဲ့ ပိုးသားခြုံလွှာကြီးတစ်ခုနဲ့ အနားကွပ်တွေ။ အောက်မှာ လူတစ်ယောက် လဲလျောင်းပြီးပါလာမယ်လို့ ခန့်မှန်းလို့ရတယ်။

ခဏပန်း သက်သေ (The Ephemeral Evidence)

စကြ၀ဠာ သင်္ကေတစနစ်မှာ ခြေရာတွေက ငါဒီမှာ၊ ငါဒီမှာလို့ ပါးစပ်လှုပ်ပြတယ်။ ကမ်းစပ်က သဲပြင်ပဲဖြစ်ဖြစ် ကျွန်တော် ဖြတ်လျှောက်ပစ်ဦးမယ် ခြေထောက်အသစ်ကျပ်ချွတ်နဲ့။ The Ephemeral Evidence In universal symbolism, Footprints mouth, I'm here, I'm here. Even if it's just a sandy shore, I'm going to stroll By brand-new feet. တေဇာ (လရောင်လမ်း)

ပုံစံကျ ချော်လဲမှုဖြစ်စဉ်

ချော်လဲပြီးတော့ ရောထိုင်လိုက်ရတာ ချော်လဲပြီးတော့ ခြေထောက်နှစ်ချောင်းလုံး သွင်သွင်ကျိုးသွားတာ ချော်လဲပြီးတော့ ဖုတ်ဖတ်ခါတောင် မထနိုင်တော့တာ ချော်လဲပြီးတော့ ပထ၀ီကသိုဏ်းရှုနေတာ ချော်လဲပြီးတော့ မုတ်ဆိတ်တွေရှည်လာတာ ချော်လဲပြီးတော့ ဒူဝေေ၀မြည်နေတာ ချော်လဲပြီးတော့ အလှူငွေတွေလက်ခံရရှိတာ ချော်လဲတုန်းက သူတော်စင်တစ်ယောက်ဖြစ်ဖို့ မရည်ရွယ်ခဲ့ပေမဲ့ ချော်လဲသူဟာ ရှိခိုးဦးချခံလိုက်တယ် ဒါဟာ အောင်မြင်ပျော်ရွှင်သော ချော်လဲမှု ဇာတ်လမ်းပဲ တကယ်တော့ ဒီလို ချော်လဲခြင်းကို လွဲချော်မှုတစ်ခုလို့တောင် ယူဆဖို့ ခက်လာရတယ် ကျိုးနေတဲ့ခြေထောက်တွေအကြောင်း ကောင်းကောင်းကြီးမေ့ခဲ့တယ် ဆိုရင်ပေါ့။ တေဇာ (လရောင်လမ်း)

သိမ်ငယ်စိတ္တဇ (The Inferiority Complex)

သူ့ကို ကျွန်တော် ပျံနိုင်တယ်ဆိုတဲ့ အကြောင်းပြောတုန်း သူ လုံးဝမပြုံးခဲ့ဘူး။ ကျေးဇူးတင်ရတယ် တကယ်တော့ ယင်ကောင်တစ်ကောင်ဟာ သူ့ကိုယ်သူ အယဉ်ကျေးဆုံး မိတ်ဆက်နေတာလေ။ When I let her know I can fly She hardly smiled. I have to thank her. After all, A fly is introducing itself As polite as possible. တေဇာ (လရောင်လမ်း)

Hibernation Mode

you see? i sink, i sink, i sink. it's not a stunt. you see? i sink, i sink, i sink. it's but a stint. _Tazar

ပင်ဘော [*]

အရှိန်ပြင်းပြင်း ပြုတ်ကျလာတဲ့အခါ အောက်မှာ စပရိန်ပါလို့ ကျွန်တော် အကောင်းမြင်တယ်။ တွန်းကန်မြင့်တက်သွားတဲ့အခါ အရှိန်တွေရဲ့ ယာယီသဘောကို အဆိုးဘက်နှောပြီး ပြောဦးမယ်။ ဘာပဲဖြစ်ဖြစ် လေထဲက အချိန်တိုင်း ကျွန်တော့်မှာ တသမတ်တည်းရှိနေတဲ့ အာသီသက မြေပေါ်မှာ ရပ်တည်ခွင့်ရဖို့ပဲ။ ကျွန်တော့် ခြေဖ၀ါးတစ်စုံက မြေဆွဲအားကို ရှာဖွေတွေ့ရှိတဲ့တစ်နေ့မှာ အမြင်မှန်တစ်ခုခုတော့ ရကောင်းပါတယ်။ တေဇာ (လရောင်လမ်း) [*] Pinball

တားမြစ်သစ်တော (The Nongame Plantation)

တစ်ယောက်တည်း ဝေးလံခေါင်ဖျားနေရတာ ဘယ်လောက်ကောင်းလဲ ကိုယ့်တောကိုယ် နက်သထက်နက်အောင်ပျိုး မှိုချိုးမျှစ်ချိုးလို့ မရတော့တဲ့အထိ။ I'm all alone. I'm in supreme alienation. I keep cultivating my own forest So as to be pristine at the deepest. တေဇာ (လရောင်လမ်း)

ပြောင်းလဲတဲ့လူတွေ ပြောင်းလဲသွားတယ်၊ မပြောင်းလဲတဲ့လူတွေက မပြောင်းလဲဘူး (မြင့်သန်း)

ဖီးလစ် အခန်းထဲ ၀င်လာတယ်။ ဘီယာသောက်နေတဲ့ ငြိမ်းမောင်နဲ့ ကျွန်တော့်ကို တွေ့တာနဲ့ ထမင်းသွားစားမယ်လို့ပြောထားတာ၊ မင်းတို့က သောက်နှင့်နေပလားလို့ ပြောတယ်။ မင်းက ခြောက်နာရီ လာခေါ်မှာဆို။ ခု ဘယ်အချိန်ရှိပြီလဲ။ နာရီလေးဘာလေး ၀ယ်ပတ်။ ခြောက်နာရီဆယ့်ငါး ရှိနေပြီတဲ့။ ခြောက်နာရီ၊ ခြောက်နာရီဆယ့်ငါး၊ ခုနစ်နာရီ၊ ဘာဖြစ်တုံး။ နာရီဝက် တစ်နာရီ စောလို့ နောက်ကျလို့ ဘာဖြစ်တုံးလို့ ဖီးလစ်က ပြန်ပက်တယ်။ ဒီတော့ ငြိမ်းမောင်က ပြန်ပြောတယ်။ ငါ့အတွက်တော့ အကြောင်းမဟုတ်ဘူး။ ဒီကောင်က ဆယ်နာရီခွဲလောက်မှာ လူတစ်ယောက်နဲ့ ချိန်းထားတယ်။ စကားပြောစရာ ရှိလို့တဲ့။ ညကြီးမင်းကြီးလို့ အံ့အားသင့်တဲ့အသံ ဖီးလစ်ဆီက ထွက်လာတယ်။ ဒီတော့ ကျွန်တော်လည်း မနေနိုင်ဘူး။ ညကြီးမင်းကြီး စကားမပြောရဘူးလို့ မင့်ကို ဘယ်သူပြောလဲ။ သူလည်း ဒီအချိန်မှ အားတယ်။ ငါလည်း ဒီအချိန်ပဲ အားတယ်။ အားတဲ့အချိန်စကားပြောတာ နေ့ရယ်ညရယ် ရွေးလို့မရဘူးလို့ ၀င်ပြောလိုက်မိတယ်။ ဖီးလစ်က ဘာမှပြန်မပြောတော့ဘူး။ လာ သွားကြမယ်လို့ ပြောတယ်။

အဆိပ်တက်ပုံ အဆင့်ဆင့်

[ ၁ ] မြွေမြွေချင်း ခြေမြင်သည့်တိုင်အောင် ငါတို့ရပ်တည်ရာ ခြေထောက်တွေကိုကျ အချင်းချင်း ကန်းပစ်မိကြသလား။ [ ၂ ] လက်ဆွဲနှုတ်ဆက်ဖို့ အခြေအနေမပေးဘူး။ အရေခွံလဲတိုင်း တိုက်ချွတ်ပွန်းပဲ့ရတယ်။ လျှာကိုက်မိတာက စိုးရိမ်စရာ မတော်တဆ။ ခွေခွေလေး အိပ်နေတာလည်း အန္တရာယ်။ ကြောက်မက်ဖွယ် လေချွန်သံများ။ ဆာလောင်မှုကအစ အဓိပ္ပာယ်နှစ်ခွ ထွက်ရတယ်။ ရစ်ပတ်မိတာကို ရပ်ပစ်မိတာနဲ့။ သွေးအေးလို့ နွှေးပြီးသောက်ရတာနဲ့။ ပုလွေက အပေါက်တွေ လက်ထိပ်နဲ့ လိုက်ဖာကြ။ ပခြုပ်တစ်လုံးက ရိုးရိုးလေးလှနေပုံ။ အကုန် အကုန် အကုန် တုန်ခါသံတွေ ကြားရတယ်။ [ ၃ ] ကဲ လက်တစ်ကမ်းမှာပဲ လမ်းရှိတယ်။ ဖြတ်သန်းသွားလာမှုက အစ ဖြတ်ကြိတ်ခံရနိုင်ခြင်း အဆုံး။ [ ၄ ] မြွေမြွေချင်း ခြေမြင်မိတာက လက်ဆွဲနှုတ်ဆက်ဖို့ ကန်းပစ်ရခြင်းပဲ။ [ ၅ ] ငါတို့မှာ ရပ်တည်ရာ မရှိဘူး။ တေဇာ (လရောင်လမ်း)

ခြကိုက်ရာများ

စာကြမ်းပိုးဖြစ်နေတဲ့ အချက်တစ်ခုတည်းနဲ့တင် ခြတွေကို မုန်းတီးဖို့ လုံလောက်နေပြီ။ အနည်းဆုံးတော့ ကျွန်တော့်အတွက်ပေါ့။ အဲဒီအကောင်တွေဟာ ကျွန်တော့် စာအုပ်တွေ၊ မှတ်စုတွေ၊ စာရွက်တွေနဲ့ ရှိသမျှအရာအားလုံးကို စားသောက်ပစ်ကြတယ်။ အထူးသဖြင့် စာအုပ်တွေဆို ကျွန်တော့်ရဲ့ ဘ၀တစ်သက်တာ အဖော်မွန်တွေပဲ။ ကျွန်တော့်ဘ၀မှာ စာအုပ်တွေကလွဲလို့ တခြားပိုင်ဆိုင်ဖူးခဲ့တာက ခပ်ရှားရှား။ အဲဒီရှားရှားပါးပါး ပိုင်ဆိုင်မှုလေးတွေကိုပဲ သင်းတို့က အမြဲဖျက်ဆီးနေကျ။ ဒီတော့ ကျွန်တော် သူတို့ကို မုန်းတီးနေတာ ဘာများဆန်းလဲ။ မုန်းတီးတဲ့ အလျောက်လည်း သူတို့ကို ကျွန်တော် ရန်သူလိုသဘောထားပြီး ဆက်ဆံခဲ့ပါတယ်။ သူတို့နဲ့ ကျွန်တော်ဟာ ကိန်းနဲ့ အေဘယ်လို ကမ္ဘာ့ရန်တွေပေမယ့်၊ ကျွန်တော်ကတော့ သမ္မာကျမ်းစာနည်းကျ အခံဘက်က အေဘယ်ဆိုတာ ပြောစရာလိုမယ် မထင်ဘူး။ အပေါ်ယံ ကြည့်ရင်တော့ သူတို့က ခံရသလိုလိုပဲ။ ကျွန်တော့်မြင်ကွင်းထဲမှာ ပေါ်လာပြီဆို အသက်ရှင်ရက် လွတ်မြောက်သွားတဲ့ ကောင်မျိုး မရှိခဲ့ဘူး။ သာမန်အားဖြင့်တော့ ကျွန်တော်က ရက်စက်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ ခြတွေနဲ့ပတ်သက်လို့တော့ မရဘူး။ သူတို့နဲ့ ပတ်သက်ရင် ကျွန်တော့်မှာ တစ်စက်ကလေးမှ အကြင်နာမရှိဘူး။ ခြ

အဆုံးမရှိ မြစ် [ မြင့်သန်း ]

ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ဒါကြောင့်ပဲ ဆရာကြီးရုံးခန်းရှိရာကို လာခဲ့တာ။ ကန်ဘောင်ရိုးအတိုင်းလျှောက်လာရင်း တစ်ခါတလေ လေချွန်နေမိတယ်။ ဘာ၊ သီချင်းရယ်လို့တော့ သေသေချာချာ မသိဘူး။ ကန်ဘောင်ရိုးရဲ့ အောက်ဖက်ဆီက စက်သံပြင်းပြင်းနဲ့ ၀န်တင်ကားတွေ ဖြတ်သွားတတ်တယ်။ ကန်ထဲမှာတော့ ရေဘဲတစ်သိုက် ရေကူးနေကြလေရယ့်။ လေချွန်ရင်းလျှောက်လာတော့ ခရီးပေါက်လို့ ပေါက်မှန်းမသိဘူး။ ငွေတွေ၊ ကြေးတွေ အကြောင်းသင့်တဲ့အဆောက်အဦကြီးနောက်နားဆီက နောက်ဖေးပေါက်ကလေး တစ်ခုရှိရာ ရောက်လာတယ်။ ဒီအပေါက်ကလေးက လူပဲ ၀င်လို့ရတယ်။ ကားဝင်လို့မရဘူး။ ကားစီးလာရင် သိကြားမင်းပဲဖြစ်ဖြစ်၊ လမ်းလျှောက်ဝင်ရမှာပဲ။ တစ်နည်းအားဖြင့်တော့ သဘောကျစရာပဲ။ ဒီအပေါက်က ၀င်ရင်၊ လမ်းလျှောက်ဝင်ရမယ်ဆိုတာ စာရေးမထားဘဲ သင်္ကေတအရ ဖော်ထုတ်ထားတဲ့ သဘောပဲထင်တယ်။ ပညာရှိတွေနေတဲ့ အရပ်ဆိုတော့လည်း ဒီလိုပဲထင်ရယ့်။

အတိုးဆုံးကဗျာများ (၃၉)

ကာကွယ်မှု သေရင်တောင် ကျားယောင်ဆောင်သွားမယ် ဘယ်သူမှ အသက်မသွင်းမိစေရအောင် ကျားဖြစ်ပြီးသား, ကောင် ဆိုရင်တော့ သေချင်ယောင်ဆောင်ဖို့ လိုပြီပေါ့။ ၀င်မဆံ့ အရာရာဟာ ခေါင်းဝင်ကိုယ်ဆံ့ပါ ဒါနဲ့တောင် ကျွန်တော့်မှာ လိပ်ဘ၀က ကျွတ်ဖို့လိုနေသေးတယ် အခွံမပါဘဲ ၀င်ဆံ့ပစ်လိုက်ဖို့ဆိုတာ ပျော့တွဲတွဲကြီးနေမှာ။ ကိရိယာ ကိုယ်ဟာ မင်းကို ကစားနေတဲ့ အရုပ်ကလေးကွဲ့ ဒါနဲ့ မင်းကဘာလဲ။ မျက်နှာဖုံးများ မှတ်ဉာဏ်ကြီးမြင်ရဲ့သားနဲ့ အတိတ်တဲ့ စိတ်ကူးစိတ်သန်းဟာ  အနာဂတ်ယောင်ဆောင်တတ်တာရော ကြားပြီးပြီလား။ တူးဖော်ရေး လုပ်ငန်းစဉ် အသစ်တွေ့ရှိတဲ့ ရုပ်ကြွင်းကို သက်တမ်းအရင့်ဆုံးဖြစ်ဖို့ မျှော်လင့်မိတာပါ ပြိုင်ဘက်တွေအားလုံး အတုံးအရုံး လက်ဦးပါစေ ပြုံးပြုံးလေးနေစို့။ တေဇာ (လရောင်လမ်း)

ပန်းခြံ (မြင့်သန်း)

ပန်းခြံထဲကို သွားရအောင်ဟု သူကဆိုသည်။ သူဆိုသည်မှာ ကျွန်တော့်ကိုကြိုက်နေသော အမျိုးသမီးတစ်ဦး၊ သို့မဟုတ် ကျွန်တော်ကကြိုက်နေသော အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ ရှေ့မဆက်မီ ဘာသာစကားအကြောင်း ပြောရပါလိမ့်မည်။ ပထမအချက်မှာ အမျိုးသမီးကို သူမဟုမသုံးဘဲ သူဟု သုံးရသည်မှာ၊ ဂေါပါလယောက်ျား ဗာလနံပညာရှိတို့က သူထီးမရှိသဖြင့် သူမ မရှိသင့်ဟု ဆိုကြသောဆင်ခြေကြောင့်၊ သူဟုသာ သုံးလိုက်ရခြင်း ဖြစ်ပါသည်။ အပြစ်တင်လိုသော် သူတို့ကို အပြစ်တင်ကြပါ။ ဤနေရာတွင် ဆယ်မြူရယ်ဘတ်ကက်ကို ဆွဲမထည့်ကြစေချင်ပါ။ ဘာသာစကားကို နယ်ကုန်သုံးပစ်သည်ဟုဆိုသော ဘတ်ကက်က အင်္ဂလိပ်စကား၊ ပြင်သစ်စကား စသည်တို့ကို ဆိုလိုပါသည်။ ယခု ကျွန်တော်က စာဖတ်သူနှင့် အဆက်အသွယ်ပြုနေသည်မှာ မြန်မာတို့၏ ဘာသာစကားဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သုံးစွဲသော `သူ´ မှာ `သူမ´ ကို ဆိုလိုခြင်းဖြစ်ပြီး၊ ကျွန်တော်ဆိုလိုသော `သူမ´ မှာ စင်စစ် ဘာသာစကားဘောင်အတွင်း၌ `သူ´ ဖြစ်သည်။

အနုပညာနှင့် သိမှုဗေဒ (Art and Epistemology) (၁)

အနုပညာနှင့် သိမှုဗေဒဟူသော အရာနှစ်ခုအကြား အဆက်အစပ်သည် အမြဲဆိုသလို အားပျော့နေလေ့ရှိပြီး အခြေတင်ငြင်းခုန်စရာ ကိစ္စတစ်ရပ်လည်း ဖြစ်ခဲ့သည်။ ကျွန်တော်တို့အနေဖြင့် အနုပညာ ဖန်တီးမှုတစ်ခုနှင့် ပေါင်းကူးမိခြင်း၊ သို့မဟုတ် အနုပညာပစ္စည်းအား ကြုံတွေ့ခြင်းမှ အဓိပ္ပာယ်ရှိသည့် အရာတစ်ခုခုအား ရရှိနိုင်ဆိုသောအချက်ကိုမူ မငြင်းသာပေ။ သို့ရာတွင် အနုပညာနှင့် ထိပ်တိုက်တိုးရာမှရရှိသော ကျွန်တော်တို့၏ အတွေ့အကြုံများသည်၊ သိမှုဗေဒ၏ အနက်ဖွင့်အဖြစ် အသုံးပြုထားသည့် `မှန်ကန်၊ ဆီလျော်သော ယုံကြည်ချက်များ´ (True Justified Beliefs) ဖြင့် ဖွဲ့စည်းထားသည့်၊ ယတိပြတ် အသိပညာ (Propositional Knowledge) တစ်စုံတရာ ဖော်ထုတ်နိုင်ခြင်း ရှိမရှိကိုလည်း အများကြီး ငြင်းခုန်စရာ ရှိနေသည်။ ဤအရေးအသားတွင် `အနုပညာမှ ကျွန်တော်တို့ မည်သည့်အရာအား သင်ယူနိုင်သနည်း´ ဟူသော မေးခွန်းတွင် အကျုံးဝင်မည့် ဆွေးနွေးဖွယ်ကိစ္စများအား အနုစိတ်ကြည့်မည်ဖြစ်ပြီး၊ သမိုင်းနောက်ခံကား အချို့ကိုလည်း ဖော်ပြပေးသွားပါမည်။

ရေဆင်း (The Flow)

မိုးလင်းတာနဲ့ အိပ်ယာနိုးတာ ထပ်တူမကျခဲ့တာ ကြာပြီ။ မိုးက လင်းချင်တဲ့အချိန် လင်းတယ်၊ ကျွန်တော်ကလည်း နိုးချင်တဲ့အချိန် နိုးတယ်။ သိပ်ပြီး ပြဿနာတော့ မရှိလှဘူး။ အချိန်မီ ပြီးရမယ့်အလုပ်တွေ အခုတော့ ကျွန်တော့်ဆီမှာ မရှိတော့ဘူး။ နေရာရဲ့ကန့်သတ်မှုက တင်းကြပ်နေတဲ့အချိန်မှာ အချိန်ရဲ့ကန့်သတ်မှုကို နည်းနည်းပြန်ပြီး လျှော့ချထားလိုက်တယ်။ Compensation လို့ပြောမလား။ အချိန်မှန်မနိုးဆို တကယ်တော့ အချိန်မှန်အိပ်တာမျိုးလည်း ရှိမှမရှိဘဲ။ အိပ်မရတဲ့ရောဂါတော့ ဟုတ်ပုံမရဘူး။ ကော်ဖီခွက်တွေက ကျွန်တော့်ကျောပြင်နဲ့ အိပ်ယာကို ပူးကပ်မသွားအောင် တားဆီးထားတယ်။ အချိန်အတော်များများ စကားလုံးတွေပေါ်မှာ မျက်စိကို ပြေးလွှားနေစေမယ်။ ခေါင်းထဲမှာ အဓိပ္ပာယ်တချို့ကို ဓါတ်ပြုနေစေမယ်။ တစ်ခါတလေ ထူးဆန်းတဲ့ အဓိပ္ပာယ်အတွဲအစပ်မျိုးတွေ ရတတ်တယ်။ ဒီလိုဆိုရင်တော့ မပျင်းရဘူး။ မပျင်းရရင်ကို ဘ၀ဟာ ပျော်စရာကောင်းနေပြီလို့ ကိုယ်ပိုင်သတ်မှတ်ချက်ကလေး လုပ်ထားလိုက်တယ်။ ပျော်ရွှင်မှုရှာပုံတော်ဟာ အဓိပ္ပာယ်သတ်မှတ်ချက်ကို `ကစား´ (Adjust) လို့ရတယ်ဆိုတာ သိသွားကတည်းက၊ ကျွန်တော့်အတွက် သိပ်မခက်လှတော့ဘူး။ ဒီလိုပဲ သွားနေတယ်။ ဒီမနက်လည်း ကျွန်တော် ဘယ်အချိန်မှန်းမသိ နိုးလာတယ်။

ဘာကို ဘယ်လို ပြောရမှန်းကို မသိတော့ဘူး (မြင့်သန်း)

ကျွန်တော်က ခင်မောင်ကျော်နဲ့ လှဝင်းကို ဆက်ပေးတာ။ သူတို့ နှစ်ယောက်စလုံးနဲ့ ကျွန်တော်နဲ့ ငယ်ငယ်ကတည်းက ခင်ကြတာ။ မနိုင်ရင်ကာတွေ။ ဒါပေမယ့် သူတို့ချင်းတော့ မသိကြဘူး။ ငယ်ငယ်က တစ်နယ်စီ တစ်ရပ်စီတင် မကဘူး။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အဲဒါတွေက အစ ဘာဘာညာညာတွေလည်း မတူကြဘူး။ အဓိကကတော့ လှဝင်းကိစ္စ။ ဒီတော့ လှဝင်းအကြောင်းကပဲ စရတော့မှာပဲ။

အရိပ်အယောင် (မြင့်သန်း)

I'm too alone. I see no end. If we could all run, even that would be better. I'm hungry. The sun is not hot. It's not a good position I'm in. If I had to do the whole thing over again, I wouldn't. John Berryman , " Dream Song 28: Snow Line " လှေကားရင်းက တယ်လီဖုန်းထားတဲ့ စားပွဲပေါ်မှာရှိတဲ့ တယ်လီဖုန်းမှတ်တမ်း စာအုပ်ကို ကြည့်လိုက်မိတယ်။ ကျွန်တော့်နာမည် နေရာမှာ `အုတ်တိုက်အနီကြီးက အမျိုးသမီးကလေး ဖုန်းဆက်တယ်။ ပြန်ဆက်ပါ။ အရေးကြီးတယ်´ လို့ အင်္ဂလိပ်လိုရေးထားတာ တွေ့ရတယ်။ ရာမနန္ဒာရဲ့ လက်ရေးပဲ။ ဖေဖေရေးရင် သူ့ကို သမီးလို့ပဲ ညွှန်းတယ်။ ရာမနန္ဒာကတော့ သူတို့အိမ်ကို အစွဲပြုပြီး ရေးလေ့ရှိတယ်။ ဘာလို့မှန်းတော့ မသိဘူး။ သူ့ကို `ယန်းလေဒီ´ လို့ ညွှန်းပြီး အင်္ဂလိပ်လို ရေးတတ်တယ်။ ရာမနန္ဒာက ကိုလိုနီရဲ့ လက်ကျန်ကြီးမို့ ဘာသာစကားအသုံးအနှုန်းမှာ ယဉ်ကျေးခြင်းသည် အဓိကဆိုတာကို လက်ခံထားလို့ ဖြစ်ကောင်းဖြစ်မယ်။ သေချာပေါက်တော့ မပြောတတ်ဘူး။ သေချာပေါက်ပြောနိုင်တာကတော့ ကိုလိုနီစနစ်ရဲ့ ပျိုးထောင်မှုအရ၊ လောင်းမင်းစနစ်အတိုင်း ညာဖက်ကိုစောင်းပြီး၊ လက်ရေးဆက် ရေးလေ့ရှိတာပဲ။ ကျွန်တော်အိမ်မှာမရှိတုန်း သူ့ဆီက ဖ

အီမန်နွယ်ကန့် (သို့) ကြယ်စုံသော ကောင်းကင်ဘုံအောက်မှလူ (၂)

နောက်အဆင့်မှာ သဘာဝလွန်ယုတ္တိ (Transcendental Logic) ဖြစ်ပြီး အာရုံသိခြင်းမှ သဘောတရားဆီသို့ အသွင်ကူးပြောင်းခြင်း၊ တစ်နည်း အတွေ့အကြုံမှ သိပ္ပံဆီသို့ ကူးပြောင်းခြင်း ဖြစ်သည်။ `သဘာဝလွန်ရသ´ တွင် ၀တ္ထုတစ်ခုအား ကျွန်တော်တို့မှ ရယူ (ခံစား/သိမြင်) သည်။ သဘာဝလွန်ယုတ္တိတွင်သော် အဆိုပါဝတ္ထုသည် လူ၏စိတ်အတွင်းမှ အတွေးနှင့်သာ သက်ဆိုင်သောကိစ္စဖြစ်သည်။ ပထမပုံစံသည် ထိုးထွင်းသိကို အသုံးပြုပြီး ဒုတိယသည် သဘောတရားကို အသုံးပြုသည်။ သဘာဝလွန်ယုတ္တိဆိုသည်မှာ နားလည်သိမှတ်ပုံ စည်းမျဉ်းများနှင့်ဆိုင်သော သိပ္ပံသာ ဖြစ်သည်။ လူသား၏ နားလည်သိမှတ်ပုံစနစ်တွင် အသုံးပြုသည့် အဆိုပါ ကနဦး သဘောတရားများအား ကန့်က အုပ်စု (၁၂) စုအဖြစ် ခွဲခြမ်းသတ်မှတ်ခဲ့သည်။

အသက်ကိုငဲ့လို့ တည့်တည့်ပဲ ပစ်လိုက်တော့တယ် (မြင့်သန်း)

လာဗျာ၊ ဒီကောင်ကြီးအကြောင်း မပြောမဆိုရတာ ကြာပြီ။ ဒါပေတဲ့ သိပ်ကြာသွားပြီတောင် မထင်မိဘူး။ တစ်နေ့ဆီက ကလပ်မှာ လူစုပြီး သူဆုံးသွားတာ လေးနှစ်ပြည့်တဲ့ အထိမ်းအမှတ်ကလေး လုပ်ကြတော့မှပဲ အတော်ကလေးကြာသွားပြီ ဆိုတာ သတိထား လိုက်မိတော့တယ်။ ကလပ်က ကပ္ပတိန်လုပ်တဲ့ ဦးဘအေးကြီးကများဆိုရင် ခုထက်ထိ ဘ၀င်မကျနိုင်ရှာသေးဘူး။ ငါ အမြဲလို သတိပေးနေသားကွာ။ ခက်တာက ဒီကောင့်မှာလည်း ဒါကလေးနဲ့ ပတ်သက်ရင် ဘရိတ်က မပါဘူးလိုဖြစ်နေတယ်လို့ ပြောလို့ကို တို့တစ်တွေ ရယ်ကြရသေးတယ်။ အဲဒီနေ့ ညနေက အတော်မိုးချုပ်သွားကြတယ်။ ဘယ်သူကမှ ၀မ်းနည်းပက်လက်တော့ မဖြစ်ကြဘူး။ သူကလည်း ၀မ်းနည်းတာမျိုးမှ မကြိုက်ဘဲကိုး။ ဖိုးစောထွန်းကတောင် ဖိုးကိုက ၀မ်းနည်းတာ ဘာကြောင့်ဝမ်းနည်းဝမ်းနည်း ပျော့ညံ့သေးသိမ်ရာ ကျတယ်လို့ ပြောဖူးတယ်။ ခင်ဗျားတို့ ၀မ်းနည်းချင်ကြရင် အိမ်ပြန်ပြီး ကိုယ့်မိန်းမကိုဖက်ပြီး ၀မ်းနည်းကြလို့ ပြောသေးတယ်။ ဘာလို့တုန်းလို့ ကိုအောင်ခင်က မေးတော့ ဖိုးစောထွန်းက ငါ့မှာ လွတ်ရက်မရှိတဲ့ နင့်ရဲ့ အချစ်အကျဉ်းသားအဖြစ်နဲ့ နေရတာ အတော်ကြာသွားပါကလားဆိုပြီး ၀မ်းနည်းတဲ့အနေနဲ့ပေါ့တဲ့။ ဒီတော့ကာမှ လွတ်ရက်မရှိတဲ့ ခုနစ်အိုရှစ်အို အချစ်ရဲ့အကျဉ်းသားကြီးများ ရယ်နိုင်ကြရတော့တယ်

အီမန်နွယ်ကန့် (သို့) ကြယ်စုံသော ကောင်းကင်ဘုံအောက်မှလူ (၁)

(၁၇၂၄-၁၈၀၄) `အရာနှစ်ခုသည် ကျွန်တော်၏ စိတ်အစဉ်အား ဆထက်တပိုး တိုးပွားနေသော အတွေးစဉ်နှင့် ပီတိတို့ကို ပေးစွမ်းနိုင်သည်။ ယင်းတို့တွင် အခြေစိုက်သော ရောင်ပြန်ဟပ်မှုများသည် အကြိမ်များလေလေ၊ ပမာဏ ပြင်းထန်လေလေ ဖြစ်သည်။ ၎င်းတို့မှာ ကျွန်တော်၏ အထက်မှ ကြယ်စုံသောကောင်းကင်ဘုံနှင့် ကျွန်တော်၏ အဇ္ဈတ္တအတွင်းမှ ကျင့်ဝတ်ဥပဒေတို့ ဖြစ်ပါသည်´ ဟူသော စာသားမှာ Königsberg ရှိ ကန့်၏ အုတ်ဂူပေါ်တွင် ရေးထွင်းထားခြင်း ဖြစ်ပါသည်။ ဂျာမန် တွေးခေါ်ရှင် အီမန်နွယ်ကန့် (Immanuel Kant) မှာ အနောက်တိုင်း ဒဿနိကဗေဒတွင် အရေးအကြီးဆုံးနှင့် သြဇာအလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ စနစ်များသည် ဒဿနတွေးခေါ်မှုသမိုင်းတွင် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့သည်။ ကန့်၏ အရေးအပါဆုံး စာအုပ်များမှာ Critiques အမည်ရသော ကျမ်းသုံးဆူဖြစ်သည်။  ၎င်းတို့တွင် Critique of Pure Reason, Critique of Practical Reason နှင့် Critique of Judgment တို့ ပါဝင်သည်။ ကန့်က သူ့ကိုယ်သူ ကိုပါးနိကပ်စ် (Copernicus) နှင့် နှိုင်းယှဉ်ခဲ့ပြီး၊ သူ၏ အတွေးအခေါ်များမှာ ဒဿနိကဗေဒ၏ ကိုပါးနိကပ်စ် တော်လှန်ရေးပင် ဖြစ်သည်ဟု ကြွေးကျော်ခဲ့၏။ ဤအချက်အား ချဲ့ကားရာကျသည်ဟု ဆိုနိုင်ကောင်

ခိုင်မြဲခြင်း

အေးပြီး၊ မွှေးနေတယ် အကိုင်းထက်က ကျေးငှက်ကလေးတွေ တီတီတာတာ မြည်တယ် ကြယ်ပွင့်ဖြူဖြူလေးတွေကို မြေပြင်အနှံကျဲချထားတယ် သူ့အနားကို ရောက်လာတဲ့လူတွေ ပျော်မှာပဲ သူ့သက်တမ်းကို မခန့်မှန်းနိုင်တော့ဘူး သူ့ကြည့်ရတာ ရှင်သန်မှုအပေါ် ငြီးငွေ့ပုံမပေါ်ဘူး သူ့ကြည့်ရတာ ရှင်သန်မှုအပေါ် စိတ်လှုပ်ရှားပုံမရဘူး အခုလို မမှိတ်မသုန်နေထိုင်ဖို့ သူဘယ်လိုစိတ်ကူးရခဲ့သလဲ သူ့ကြီးပြင်းမှုဟာ မျက်မြင်သက်သေမရှိလောက်အောင် သိုသိပ်လွန်းတယ် သူဟာ စိတ်ရှည်လက်ရှည် တဖြည်းဖြည်း ထိုးထွက်နေခဲ့တယ် သူ့အမြစ်တွေကို လျှို့ဝှက်စွာ ကျောက်ဆူးချထားခဲ့တယ် အခုလည်းကြည့် သူမလှုပ်မယှက် ရပ်နေတယ် လေတိုက်သလို အကိုင်းအခက်တွေကို ယိမ်းထိုးလိုက်ဖို့လည်း ၀န်လေးမှာမဟုတ်ဘူး သူ့ရပ်တည်ချက်ကို ဘာအကြောင်းကြောင့်မှ ရွှေ့မပေးဘူးဆိုတာကိုလည်း ထုတ်ဖေါ်မပြောဘူး သူ့အကြောင်းကို ဘာတစ်ခုမှ တိတိပပ မသိကြရဘူး သူနဲ့ပတ်သက်ပြီး ပြောနိုင်တာတစ်ခုပဲ သူရပ်နေတဲ့နေရာဟာ တစ်ကြိမ်တစ်ခါတုန်းက ခရေစေ့တွင်းကျခဲ့တာလေး တစ်ခုပဲ။ တေဇာ (လရောင်လမ်း)

အခင်းဖြစ်ပွားမှု (Phenomenological)

အဲလိုပဲ ဖြစ်သွားတယ် ကဲ့ရဲ့ဖို့မဟုတ်၊ ချီးမြှောက်ဖို့မဟုတ် သေချာတာက အဲလိုပဲ တကယ်ဖြစ်သွားတယ် အဲဒီဖြစ်စဉ်အတိုင်း ကျွန်တော်လိုက်သွားကြည့်မယ် အနည်းဆုံး မဆုံးသေးတဲ့အထိ။ Phenomenological It just happens. Worthy of neither polemics nor compliments. The fact is that it really happens. I will follow the phenomenon, At least, until it ends. တေဇာ (လရောင်လမ်း)

အတိုးဆုံးကဗျာများ (၃၈)

မျက်လုံး တစ်ခုခုကို မြင်နိုင်ဖို့ဆိုတာ အကွာအဝေးတစ်ခု လိုတယ် ကျွန်တော့် မျက်လုံးတွေဟာ ဘာအရောင်ပါလိမ့်။ ဖွံ့ဖြိုးဆဲအတိတ် ဦးတည်ရာကတော့ တစ်ခုတည်း ဒါပေမဲ့ လမ်းတလျှောက် ကျောခိုင်းခဲ့ရတဲ့ အရာတွေ များများလာတယ်။ မဖြစ်မနေ ဖြစ်နေရခြင်း ရွေးချယ်ပိုင်ခွင့်သာ ရှိမယ်ဆိုရင် ကျွန်တော်ဘာကိုမှ မရွေးခဲ့ဘူး။ အငြင်း မဟုတ်ပါဘူး နေ၀င်တယ်ဆိုတဲ့ ကိစ္စမျိုး တကယ်မရှိပါဘူး။ ဗဟို လေထီးမပွင့်တာလောက် ကသိကအောက်နိုင်တာမရှိဘူး လုပ်ပါဦး ကမ္ဘာလုံးကြီး ကျွန်တော့်အပေါ် ပြုတ်ကျလာပြီ။ တေဇာ (လရောင်လမ်း)

လှောင်ချိုင့်စံငှက်၏ တေးသီရခြင်းအကြောင်း

လွတ်လပ်တဲ့ ငှက်ဟာ အောင်နိုင်မှုရဲ့ ကျောပေါ်မှာ ကခုန်တယ် ပြီးတော့ အစုန်စီးပြီး မျောလွင့်တယ် အရှိန်မြင့်စီးကြောင်းရပ်တန့်သည့် တိုင်အောင် သူ့ရဲ့အတောင်တွေကို လိမ္မော်ရောင် နေခြည်ထဲ ဖြန့်ချထားတယ် ပြီးတော့ ဒါ ငါ့ကောင်းကင်ပဲလို့ ကြွေးကျော်ရဲပေတယ်။ ဒါပေမဲ့ လှောင်အိမ်ကျဉ်းကလေးထဲ ဘောက်ဆတ်ဘောက်ဆတ် လျှောက်နေတဲ့ ငှက် သူ့ရဲ့ အမျက်တရား သံတိုင်များကိုဖြတ် ဖောက်ထွက် မြင်နိုင်ခဲရှာတယ် သူ့ကို အတောင်ညှပ်ပြီး ခြေထိပ်ခတ်ထားတယ် ဒီတော့ သူ့လည်ချောင်းပွင့်လာပြီး တေးသီတယ်။ လှောင်ချိုင့်စံငှက်ဟာ ပုကျိပုကျိတေးသံကို စိုးရွံ့စွာ သီဆိုတယ် သူ မသိရတဲ့ အရာတွေအကြောင်း ဒါပေမဲ့ သူကောင်းကောင်း တမ်းတနိုင်သေးတယ် ပြီးတော့ သူ့သံစဉ်ကို ဟိုးအဝေး တောင်ကုန်းဆီက ကြားရတယ် လွတ်မြောက်မှုအတွက် တေးသီနေတဲ့ လှောင်ချိုင့်စံငှက်ငယ်။ လွပ်လပ်တဲ့ငှက်ဟာ နောက်ထပ်လာမယ့်လေညှင်းအကြောင်း စဉ်းစားတယ် ကုန်သည်လေနုနုက သက်ပြင်းချနေတဲ့ သစ်ပင်များကို ဖြတ်စီးလာ တီကောင်၀၀လေးက အာရုဏ်တောက်တောက် မြက်ခင်းမှာ စောင့်ကာ သူ့မှာလည်း ကောင်းကင်အတွက် ကိုယ်ပိုင်နာမည်တစ်မျိုးနဲ့။ ဒါပေမဲ့ အိပ်မက်တစပြင်မှာ ရပ်နေရှာတဲ့ လှောင်ချိုင့်စံငှက် သူ့အရိပ်တွေက

ဖတ်ရှုရန်သက်သက်

စာ ရေးချင်လာတယ်။ ဒါဆို တစ်ခုခုရိုက်နှိပ်ဖို့ လိုပြီ။ အလျဉ်းသင့်တာ တစ်ခုခု ချရေးပစ်လိုက်မယ်။ မဖြစ်ဘူးလား၊ ဖြစ်တယ်။ ကဲ.. ညဟာ ပိန်းပိတ်အောင် မှောင်နေတယ်၊ တကယ် တကယ်။ တစ်လက်စတည်း ပြန်လည်သုံးသပ်မယ်။ တကယ်တော့ ဒီဝါကျဟာ ဘာကိုမှ ဆိုလိုရာ မရောက်ဘူး။ ဘာကိုမှ ဆိုလိုရာမရောက်လို့လည်း သိပ်တော့ အရေးမကြီးပြန်ဘူး။ တကယ်တော့ ၀ါကျတွေဟာ ဖတ်ရှုဖို့ သက်သက်ထက်ပို အသုံးကျတာမျိုး မဟုတ်ဘူးဆိုတော့ ဘာဆိုဘာမှ သိပ်အရေးမကြီးလှတော့ဘူး။ ဖတ်ပစ်လိုက်ဖို့သာ လိုတယ်။ ကဲ ညဟာ လက်ဖျားပေါ်မှာတင် ပိန်းပိတ်အောင် မှောင်သွားပြီ။ အမှောင်အကြောင်း နည်းနည်းဆက်ပြောဖို့ လိုလာပြီ။  တကယ်တော့ အမှောင်ဟာ စကြ၀ဠာထဲမှာ ပုံမှန်အခြေအနေပဲ။ နေကလေးအချို့၊ ပိုပြီးအတိအကျဆိုရရင် သန်းပေါင်းများစွာအချို့၊ ဖောက်လွဲဖောက်ပြန် တစ်ချက်တစ်ချက် လင်းလက်နေတတ်တာက လွဲလို့ ပုံမှန်အခြေအနေပဲ။ အတိအကျဆိုလိုက်မှ ပိုကွာသွားတာမျိုးက ဖြစ်တတ်ပါတယ်။ ဘာမှမပြောတာက ပိုပြီး အချက်အလက်ဆန်တယ်၊ ဆန်ချင်မှလည်းဆန်မယ်။ တကယ်ဆို ကြယ်အရေအတွက်ဟာ သန်းပေါင်းများစွာထက် အများကြီး များနေဆဲပဲ။ ဘယ်လောက်များများလေ၊ အမှောင်ကတော့ အတိုင်းအဆမရှိ ကျယ်ပြန့်နက်ရှိုင်းတယ်။ အတိုင်းအဆမရှိ မှောင်မဲနေတဲ့ အာကာပြင်ထဲ

တံခါး

ကား စထွက်လာကတည်းက ကျွန်တော် အပြင်ကို ငေးနေမိတယ်။ ကျွန်တော့် မျက်စိထဲမှာ နံရံတွေချည်း မြင်နေရတယ်။ နံရံတွေကတော့ အမျိုးမျိုးပဲ။ သံဆန်ကာ၊ အုတ်တံတိုင်း၊ ၀ါးကပ်၊ ပုဏ္ဍရိတ်ပင် စသည် စသည်။ နံရံ၊ စည်းရိုး၊ ၀င်းခြံ၊ တံတိုင်း ဘယ်လိုပဲခေါ်ခေါ် ပိုင်းခြားကန့်သတ်ဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ အရာတွေချည်းပဲ။ ကားလမ်းနံဘေးက နံရံတွေကို ကျွန်တော် ငေးနေမိတယ်။ နံရံတိုင်းမှာ တံခါးတစ်ပေါက်စီ (ပိုချင်လည်း ပိုမှာပေါ့) ရှိနေတတ်တယ်။ တကယ်တော့ တံခါးဆိုတာက နံရံတွေကြောင့် ပေါ်ပေါက်လာရတဲ့ အရာပဲလို့ ဖျပ်ကနဲ တွေးလိုက်မိတယ်။ နံရံမပါဘဲ သီးသန့်ရပ်တည်နေနိုင်တဲ့ တံခါးမျိုးတော့ ကျွန်တော် မတွေ့ဖူးဘူး။ တံခါးချည်းသီးသန့်ရောင်းတဲ့ ဆိုင်တွေမှာလည်း တံခါးရွက်တွေသာ ပုံချင်ပုံထားမယ်၊ ဒါကို တံခါးစစ်စစ်ပါလို့ ပြောလို့ မဖြစ်ဘူး။ တံခါးဆိုတာမျိုးက ဖွင့်နိုင်, ပိတ်နိုင်၊ ၀င်ထွက်သွားလာနိုင်တဲ့ ဟာမျိုးမှ ပီပြင်တဲ့တံခါးတစ်ချပ်ဖြစ်လာမှာ မဟုတ်လား။ ထားပါတော့။ တံခါးတွေနဲ့ နံရံတွေ ဘယ်လိုဆက်စပ်မှု ရှိနေသလဲ၊ ကျွန်တော် တွေးကြည့်မိတယ်။

အကျိုးပေး (မြင့်သန်း)

" ဒီလူနဲ့တူသော အကျိုးမျိုး မင်းတစ်ယောက် ကင်းလွတ် ဝေးပါစေ. . .” (ကိုနေ၀င်း။ “မောင့် လပြည့်ဝန်း”)        သူတို့လင်မယား ညားတာ ရှင်းရှင်းလေးပဲ။ အဖေအမေက ယူစေချင်တယ်။ သူတို့ချင်းလည်း သဘောကျတယ်။ စိန်,စိန်ချင်း ထပ်တယ်လို့တချို့က ပြောသလိုပဲ။ အစကတော့ ကောင်မလေးကို သူကကြိုက်လှတာ မဟုတ်ဘူး။ အမေက အကြပ်ကိုင်တယ်။ အဖေကတော့ မသိမသာ စကားထည့်တယ်။ မင်းမာမီနဲ့ဒယ်ဒီ ယူုတုန်းက ချစ်ကြလို့မှ မဟုတ်ဘဲ။ လူကြီးတွေ စကားနားထောင် ပြီးယူကြတာ။ လူကြီးစကား နားထောင်ရင်တော့ မှားခဲတာပေါ့လေလို့ ပြောတယ်။ အမေကတော့ ဆရာဝန်မကြီးဆိုတော့ သူ့ကိုလူနာလိုပဲ သဘာထားတယ်။ မင်း သူနဲ့ယူမှ မင်းလုပ်ချင်တာတွေ လုပ်လို့ဖြစ်မယ်။ သူက ဆရာဝန်ဖြစ်မှာ။ မင်းက ကျောင်းဆရာပဲ ဖြစ်မှာ။ ခြောက်ပြားတစ်ပဲ ပဲရမှာ။ လူမှာ စားဝတ်နေရေးတင်မကဘူး၊ ဂုဏ်ကလည်း အရေးကြီးတယ်။ အရေးမကြီးဘူး မထင်နဲ့.. စသဖြင့် စသဖြင့်တွေ အများကြီးနဲ့ ပြောတယ်။ သူကလည်း သူပဲ။ ကဗျာဆရာ ဖြစ်ချင်တာတဲ့။ ခက်နေတာက ကဗျာဆရာ ဆိုတာ ကျောင်းသွားတက်။ အောင်လက်မှတ်ရလာလို့ ကဗျာဆရာမဖြစ်ဘူး။ ကဗျာဆရာကို နေ့တိုင်းခေါ် ထမင်းကျွေးနေလို့လည်း ကိုယ်က ကဗျာဆရာ မဖြစ်ဘူး။ ကဗျာဆိုတာ အပြင်ကလာတယ် ဆိုပေတဲ့ ကဗျာဆရာဖြစ်ခြင်းဆိုတာ

ပုရွက်ဆိတ်ပုံပြင်

ဖန်ပုလင်းလေး ရရချင်း ကျွန်တော် အဖျားဘက် ထွက်ခဲ့တယ်။ စပါးကျီ အနောက်ဖက် ကြက်တွေ အစာယက်နေတဲ့ မလှမ်းမကမ်းကနေ ရှာတွေ့တာ။ ဒီလို ဖန်ပုလင်းလေးကို ကျွန်တော် လိုချင်နေခဲ့တာ ကြာပြီ။ ပိုးသတ်ဆေးတစ်မျိုးမျိုး ဒါမှမဟုတ် ကြွက်သတ်ဆေး ထည့်ခဲ့တဲ့ ပုလင်းဟောင်းကလေး ဖြစ်နိုင်တယ်။ ပုလင်းကလေးက အတော်သေးတယ်။ အထဲမှာ ခြောက်နေတဲ့မြေကြီး တစွန်းတစကလွဲလို့ ဘာသဲလွန်စမှ မကျန်ဘူး။ ကျွန်တော်က ရေနဲ့ သေသေချာချာ ဆေးလိုက်တယ်။ ပြီးတော့ အခြောက်ခံထားလိုက်တယ်။ အထဲမှာ ရေတွေရှိသေးရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ အဖျားရောက်တော့ ကျွန်တော် ရင်နည်းနည်းခုန်နေတယ်။ ဧရာမစမ်းသပ်မှုကြီးတစ်ခု ပြုလုပ်တော့မယ့် သိပ္ပံပညာရှင်တစ်ဦးလိုပဲ။ ဒီအဖျားမှာ ကျွန်တော်တစ်ယောက်တည်း လာကစားနေကျ။ တစ်ယောက်တည်းကစားတယ်လို့ ဆိုရတာက ကျွန်တော့်မှာ ကစားမယ့်အဖေါ်မရှိလို့ပဲ။ ဝေးဝေးမသွားနဲ့ မြေးလေးဆိုတဲ့ အဘွားရဲ့အသံကို ကျွန်တော်သတိရလာတယ်။ ဒေါ်လေးတွေပြောတဲ့ ပရှူးခေါင်းဖြတ်ဆိုတာ ခေါင်းထဲဝင်လာတော့ ရင်ဒိတ်ခနဲ ခုန်သွားသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီစမ်းသပ်မှုကိုတော့ ပြီးမြောက်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ မှတ်မှတ်ရရ အဲဒီအချိန်တွေတုန်းက ကိုညီထွဋ်ရဲ့ ရွက်လွှင့်ခြင်းသီချင်း ခေတ်စားနေတ

စာပေဝေဖန်ရေးရဲ့ ကိစ္စ (မြင့်သန်း)

ခရစ်နှစ် ၂၀၁၀ မှာထုတ်တဲ့ ရနံ့သစ်မဂ္ဂဇင်း၊ အမှတ်-၁၅ မှာ ဆရာချိန်(ပဲခူး) ဆိုသူရဲ့ `စာပေသစ် သို့မဟုတ် ခေတ်ပြိုင်ခံစားမှုတွေကြားမှ..´ ဆောင်းပါးကို ဖတ်ရတော့ ဆွေးနွေးချင်တာလေးတွေ ပေါ်လာပါတယ်။ အဓိကကတော့ စာပေဝေဖန်ရေး အပိုင်းပါပဲ။ စာပေဝေဖန်ရေး၊ အနုပညာ (တစ်စုံတရာအပေါ်) ဝေဖန်ရေးတွေကို ကျွန်တော် စိတ်ဝင်စားတယ်။ ဒါကြောင့်လည်း လေ့လာပါတယ်။ ဒီလေ့လာမှုကတော့ သေမှပြီးမှာပဲလို့ ထင်တယ်။ ရှေ့မှာ ညွှန်းခဲ့တဲ့ ဆရာချိန်ဆိုသူရဲ့ ဆောင်းပါးထဲက `ဝေဖန်ရေး´ နဲ့ မဆိုင်လှတဲ့ ဒဂုန်တာရာအကြောင်းကို ချန်ခဲ့ပါ့မယ်။ ဆိုခဲ့ပြီးတဲ့အတိုင်း ဆွေးနွေးချင်တာက အဲဒီဆောင်းပါးရဲ့ ပထမပိုင်းမှာပါတဲ့ စာပေဝေဖန်ရေးအကြောင်း ဖြစ်နေလို့ပါ။ ပထမဦးဆုံးအနေနဲ့ကတော့ ဆောင်းပါးပါ ဟောဒီ `အဆို´ ကို ဖတ်ကြည့်ပါ။ စာပေဝေဖန်ရေးသည် မြန်မာ့ ရှေးဟောင်းဂန္တ၀င်စာပေများကို ခေတ်အမြင်ခေတ်အတွေးနှင့် ပြန်လည်ဝေဖန်သုံးသပ်ရာမှ ခေတ်စားတွင်ကျယ်လာသော အနုပညာလုပ်ငန်းတစ်ရပ်ပင် ဖြစ်သည်။

The Bites of the Termites

Being a bookworm solely is sufficient reason to hate the termites, at least for me. They eat my books, my notes, my papers and everything I have. Books particularly were my life-long personal properties. I owned nothing except some books in my whole life and they used to destroy it. That's why I say, they destroy everything. That's why I hate them much. I ever treated them as bitter enemies. We are Cain and Able while needless to say I stood for Able who was biblically in victim's side. On the face of it, they seemed to be victims. They never escaped alive once they appeared in my sight. I am generally no cruel though I became merciless to them. I even enjoyed killing them. But they were not likely to be extinct. I hope the world without termites. I questioned God why he or she created that nonsense little things even though he or she was idle. Then he or she answered nothing, as usual or always and I hated the termites even more. They probably were in the favour of God. I

အမှောင် (မြင့်သန်း)

. . . . အကောင်းဆုံးကို ရွေးခွင့် မရှိတော့ရင်လည်း ဒီဘ၀ ဒီမျှနဲ့ ပြီးစေကွယ်. . . (စိုင်းခမ်းလိတ်၊ “နေရစ်တော့ကွယ် သွားတော့မယ်”) အပြင်ဘက်ကို ကြည့်နေရင်း သူ့သူငယ်ချင်းနှစ်ယောက်ကို ပြန်ပြီး သတိရလိုက်မိတယ်။ ခုနကတင် ပြန်သွားကြတာ။ သူက စကားပြောချင်လို့ ချိန်းနေတာကြာပြီ။ စာရေးဆရာဆိုတဲ့ အကောင်လာမယ်ဆိုလို့ စောင့်နေရတာ။ အကြံပေးတယ်ဆိုတဲ့ အကောင်ကတော့ အားနေတဲ့ အကောင်။ ဒီကောင်ကလည်း တစ်မျိုး။ သူက ပြောလေ့ရှိတယ်။ ငါ့ဘာသာ သိပ်မသေချာတာက ငါပေးနေတာ အကြံလား၊ အကျန်တွေလားလို့ သိပ်မကွဲတာဘဲလို့ အဲဒီအကောင်က ပြောလေ့ရှိတယ်။ ဒီကောင်တွေနဲ့ သူက အတော်ခင်ကြတာ။ အစက စပြောရရင်တော့ ဒီကောင်တွေက သူ့ကို ခင်ကြရာက စတာပဲ။

စက်ဘီးစီးခြင်း (The Cycling)

စက်ဘီးကို စဦးတီထွင်ခဲ့သူ အနေနဲ့ စက်ဘီးစီးခြင်းကို သင်ယူလို့ရနိုင်တယ်လို့ ယုံကြည်ခဲ့သလို ကျွန်တော် အချစ်ကို ယုံကြည်တယ်။ ပြီးတော့ စက်ဘီးစီးခြင်းဟာ တစ်ကြိမ်တစ်ခါတတ်ပြီးခဲ့ရင် ဘယ်တော့မှ ပြန်မမေ့နိုင်တော့တဲ့ပညာ ဆိုတာကိုရောပေါ့။ ကျွန်တော် တစ်ခါလောက်တော့ စက်ဘီးစီးတတ်ချင်တယ်။ As the first designer of the bike Who believed, cycling can be learned, I believe in love. And the fact, Cycling is indelible skill that You will never forget once you've learned as well. I wish, I can cycle once in my lifetime. တေဇာ (လရောင်လမ်း)

ပြန်ပေးမှတ် (The Revenge Point)

နေနှင့်ဦးပေါ့ကွာလို့ ဒီလိုပဲ တေးမှတ်ကြစို့ ပုရွက်ဆိတ်ငယ်လေးတို့ရေ..။ The Revenge Point 'Just you wait!' Let's bear the grudge so, My antling [*] fellows. [*] Antling: the child of an ant. တေဇာ (လရောင်လမ်း)

တံလျှပ်များ (The Mirages)

တံလျှပ်ဆိုတာ သောက်မရတဲ့ရေပဲ ဒီတော့ ကူးရုံပေါ့။ The mirage is undrinkable water, Let's swim Then. တေဇာ (လရောင်လမ်း)

တိုင်းကြီး ပြည်ကြီးသား (မြင့်သန်း)

http://www.desicomments.com ခရီးသွားတာ များလာတော့ ခေတ်မီတယ်ဆိုတာနဲ့ တိုင်းကြီး ပြည်ကြီးသား ဆန်တယ်ဆိုတာ ကွဲပြားတာ တွေ့လာရတယ်။ ခေတ်မီတယ် ဆိုတာကတော့ သိပ်ရှင်းပြစရာ လိုမယ် မထင်ဘူး။  လွယ်လွယ်ပြောရရင် ခေတ်ကာလရဲ့ ဖြစ်ပျက်နေတာတွေကို သိတယ်။  ဥပမာ၊ ခေတ်ပေါ်အဝတ်အစား၊ ခေတ်ပေါ်အသုံးအဆောင် စတာတွေ သုံးတယ်။ ဝတ်တယ်။ ရော်နယ်ဒိုကို သိတယ်။ အီရတ်မှာ ဘာဖြစ်သလဲ သိတယ်။ ပျော်ပွဲစားရုံမှာ တပတ်သုံးခါ ညစာစားနိုင်တယ်။  ဒါပေတဲ့ ဒီလိုသိတိုင်း၊ လုပ်နိုင်တိုင်း တိုင်းကြီးပြည်ကြီးသား ဖြစ်မလာနိုင်သေးဘူး။

မိုးထဲက ကြောင်

ဟိုတယ်တွင် အမေရိကန်လူမျိုးဟူ၍ သူတို့နှစ်ဦးသာ ရှိသည်။ အခန်းသို့ အ၀င်အထွက် လှေကားမှ ဖြတ်သွားဖြတ်လာ လူများအား တစ်ဦးတစ်ယောက်မျှ သူတို့မသိ။ သူတို့အခန်းက ဒုတိယအလွှာတွင်ရှိပြီး ပင်လယ်ဘက်သို့ မျက်နှာမူထားသည်။ ထို့ပြင် ပန်းခြံတစ်ခုနှင့် စစ်ပြတိုက်တစ်ခုတို့နှင့်လည်း မျက်နှာချင်းဆိုင်ပင် ဖြစ်၏။ ပန်းခြံထဲတွင် ထန်းပင်ကြီးကြီးများနှင့် အစိမ်းရောင်ခုံတန်းများ  ရှိသည်။ ရာသီဥတုသာယာသည့် အခါများဆိုလျှင် သုံးချောင်းထောက်နှင့် ပန်းချီဆရာတစ်ဦးတလေကို အမြဲတွေ့ရလေ့ရှိသည်။ ပန်းချီဆရာများအနေဖြင့် ထန်းပင်များပေါက်နေသည့် အနေအထားနှင့် ပန်းခြံနှင့်ပင်လယ်ကို မျက်နှာမူထားသော  ဟိုတယ်အရောင်တောက်တောက်အား သဘောကျကြသည်။ အီတလီလူမျိုးများက  စစ်ပြတိုက်အားကြည့်ရှုရန် ရပ်ဝေးများမှ လာရောက်ကြသည်။ ကြေးဖြင့် တည်ဆောက်ထားသည့် စစ်ပြတိုက်သည် မိုးရေစက်များအောက် တဖိတ်ဖိတ်တောက် နေ၏။ အပြင်တွင် မိုးရွာနေသည်။ ထန်းပင်များပေါ်မှ မိုးရေစက်များ တစက်စက်ကျနေ၏။ ကျောက်ခင်းလမ်းများပေါ်တွင် ရေကွက်ကလေးများ တင်နေသည်။ မိုးစက်များအောက်တွင် ပင်လယ်ရေသည် ကုန်းပေါ်သို့ ကျူးကျော်ဝင်ရောက်လာပြီး ကမ်းစပ်သို့ပြန်လည်လျှောဆင်းသွားကာ နောက်တစ်ကြိမ် ထပ်မံကျူးကျော်ရန် အားယ

ဆူဇာနာ (မြင့်သန်း)

တစ်နေ့တော့ ငယ်သူငယ်ချင်း ဆူဇာနာက ဖုန်းဆက်တယ်။ တယ်လီဖုန်းကောက်ကိုင်ပြီး ဖြေလိုက်တာနဲ့ ပြောတောင်မပြောချင်တော့ဘူးလို့ သူက စကားစတယ်။ ဒီတော့ မပြောချင်လည်း ဘာဖြစ်လို့ တကူးတကန့် အချိန်ကုန်ခံ၊ ပိုက်ဆံအကုန်ခံပြီး ဖုန်းဆက်နေသေးသလဲ။ ငါ တယ်လီဖုန်းချလိုက်မယ်လို့ ကျွန်တော်က ပြန်ပြောလိုက်တော့မှ၊ သူပြောနေကျအတိုင်း သေချင်းဆိုးလို့ ထပ်ပြောတယ်။ နင် ရယ်ချင်ရင် ရယ်ရအောင်လို့ ငါပြောမယ်၊ ငြိမ်းမောင်ကိုတော့ ပြောပြီးပြီလို့ သူက ဆက်ပြောတာနဲ့ပဲ ကျွန်တော်က ပြောလို့ သူ့ကိုပြောလိုက်တယ်။ ငါ့အိမ်နားကအဘိုးကြီးကို နင်မှတ်မိသလားလို့ သူက မေးတယ်။ ငါမှတ်မိတာကတော့ နင်တို့အိမ်ဘေးကခြံမှာ အဘိုးကြီးအဘွားကြီး တစ်စုံတွဲရှိတယ်ဆိုတာပဲ၊ ခပ်ရေးရေးရယ်လို့ ပြောလိုက်တော့ သူက အဘွားကြီးဆုံးတာ နှစ်နှစ်လောက်ရှိသွားပြီလို့ သူကပြောပြီး ခဏကြာအောင် ဆက်မပြောဘဲနေတယ်။ နောက်တော့ ရယ်သံသဲ့သဲ့နဲ့ အဲဒီ မုဆိုးဘိုအဘိုးကြီးက ငါ့ကို လာပိုးနေတယ်ဟဲ့လို့ သူက ပြောတော့ ကျွန်တော် မထိမ်းနိုင်ဘဲ ရယ်လိုက်မိတယ်။ သူလည်း တခြားတစ်ဖက်ကနေ ရယ်နေပုံရတယ်။ ပြီးတော့မှ နင်ယူလိုက်ပေါ့ဟဲ့လို့ ပြောလိုက်တော့ သူလည်း အရယ်ရပ်သွားတယ်။ နင်က အဘိုးကြီးတွေနဲ့ အကျိုးပေးပုံရတယ်လို့ ထပ်ပြီး

ရေတွင်းကုန်းက ငတုံးတွေအကြောင်း (မြင့်သန်း)

“ယုတ္တိမတန် ကြောင်းမမှန်ရင် သံသရာတောင် ပဲပင်မြစ်လောက် ရှည်မယ့်ပုံမပေါက်ဘူး” လို့ ဆိုရတော့မယ်။ ဒီရေတွင်းကုန်းဆီက ငတုံးတွေ ပြောသမျှ ဘာမှ စိစိပေါက်ပေါက် မရှိဘူး။ ပြောလိုက်ရမယ် ဆိုရင်တော့ ပက်ပက်စက်စက်ကလေး ပြောလိုက်ချင်တာပဲ။ ကိုရင်သောင်းစိန် ပြောသလို မအေတွေ နှမတွေထည့်ပြီး ပျစ်ပျစ်နှစ်နှစ်ကလေး ပြောထည့်လိုက်ချင်တာ။ ခက်နေတာက သင်းတို့နဲ့ သွားပြီးပတ်သတ်နေတာက ရှိနေသေးတယ်။ ပြောထည့်လိုက်ပြန်ရင်လည်း ပက်လက်လှန်တံထွေး ထွေးသလို နေမှာမဟုတ်လား။ တောက်…။ ဘယ် သေနာကောင်ကများ စမ်းသပ်တဲ့အနေနဲ့ ပက်လက်လှန်ပြီး တံထွေးထွေးဖူးသလဲတော့ မသိဘူး။ အမှန်တော့ စကားအူပေါက် လျှောက်ပြောကြရာက ဒီစကားထွက်လာတာပဲ ဖြစ်မယ်။ လူမှန်ရင် အဲဒီလောက်ထိတော့ တုံးမယ် မထင်ဘူး။ ကျုပ်ပြောချင်တာ ပြန်ဆက်ရရင်တော့ ကျုပ်နှမ စမ်းညွန့်နဲ့ သင်းတို့ထဲက တစ်ကောင်နဲ့ ညားသွားလို့ ကျုပ်လည်း သိပ်မပြောသာဘူး ဖြစ်နေတာပါ။ သို့ပေသိ ပြောတော့ ပြောရဦးမှာ.။

ညီမလေး မိုးမိတယ်၊

အဲဒီနေ့ ညက ညီမလေး မိုးမိတယ်၊ အသားမှာကပ်နေတဲ့ ပိတ်သားပါးပါးလေးကို ဖေါက်ထွင်းပြီး ကြည့်လိုက်မိတယ်၊ မြင်လိုက်မိတယ် ကျစ်ကျစ်ပါအောင် မျက်နှာလွှဲ ကြားဖြတ်ပြီး မေးဦးမယ်၊ ဘာကြောင့်များ ကျွန်တော်တို့တွေ အပြစ်ကင်းဖို့ လိုအပ်ရပါသလဲ ကျုပ်ပဲပြောမယ်ဗျာ ကျွန်တော်ဆိုတော့ရှည်ပါတယ် ဘာကြောင့်များ ကျုပ်တို့တတွေ အပြစ်မကင်းဖို့လိုပါသလဲ အဖြေမသိချင်ဘူးနော် မစဉ်းစားနဲ့၊ သွပ်မိုးပေါ် မိုးပေါက်ကျသံတွေ ဖွင့်ထားတဲ့ညမှာ တွေးစရာတစ်ခုခုတော့ လိုမှာပဲ အဖြစ်က ဒီလို၊ ညီမလေးအရင်းနဲ့ ကျွန်တော် ဖောက်ပြားပစ်လိုက်တာ၊ အဲမှာ စတာ ညီမလေးခေါက်ခေါက်နဲ့ ဖောက်တယ်၊ ပြန်တယ်၊ ဖောက်ပြန်မိသွားတယ် (နောင်တလေးအာဆွတ်ရုံထည့်) ဇာတ်တော်တွေထဲက မင်းညီမင်းသားတွေလိုပဲ ကျွန်တော် မိုက်ရိုင်းတာ ထွားကျိုင်းတာ၊ သန်မာတာ ဘာပဲဖြစ်ဖြစ်ဗျာ အခုခေတ်မှာတော့ သာမန်အဖြစ်ပေါ့လေ (အရင်တုန်းက မဆန်းဘူး) လျှော့လျှော့ပေါ့ပေါ့လေး သတ်သေကြည့်တာပေါ့... နော့ တော်ဝင်မင်းသားအဖြစ် ခွေးဇာတ်ခင်းလိုက်တယ် ဒါပါပဲ။ နောက် ငါးမိနစ်လောက်ကြာရင် ကျွန်တော့်ခမျာ ရင်ကွဲပက်လက်ငိုနေရှာရော့မှာ ခုချိန်မှာတော့ အပြင်းလေးကစ်လိုက်၊ အချမ်းပြေသွားလိမ့်မယ် ငှက်ငှက် လောလောဆယ်ဆယ် ကောင်

အစ (မြင့်သန်း)

ကျွန်တော် နာရီပြင်တယ်။ နာရီပြင်တယ် ဆိုတော့ အချိန်သိချင်တဲ့လူတွေ အချိန်မှန်,မမှန်သိချင်တဲ့လူတွေ အတွက် အကျိုးဆောင်ကြီးပေါ့။ အချိန်ဆိုတာ လူကို မစောင့်ဘူးလို့ ပြောတယ်။ ဟုတ်သားပဲ။ အချိန်ကတော့ အချိန်ကိုး။ အချိန်ဆိုတာ စက်နဲ့ လုပ်ထားတာပဲ မဟုတ်ဘူးလား။ စက်က လူရဲ့သိပုံကို ကန့်သတ်ခိုင်းထားတာ။ ဒီအချိန်ဆို ကိုးနာရီ။ အလုပ်စတယ်။ ဒီအချိန်ဆို ငါးနာရီ။ အလုပ်ပြီးတယ်။ အိမ်ပြန်ရတယ်။ ဒီတော့ အချိန်က ဟိုလိုလိုဒီလိုလိုနဲ့  လူကို စက်ရုပ်လုပ်ပစ်လိုက်တာပဲ။ ဒါပေတဲ့ တချို့လူတွေက အချိန်တိကျမှ ကြိုက်သတဲ့။ အချိန်တိကျတယ်ဆိုတဲ့ လူတွေကို သေသေချာချာ စဉ်းစားကြည့်ရင် ကာလတရားကိုဈေးမဆစ်တတ်တဲ့လူတွေပဲ။ အဲဒီအထဲမှာ အဖေလည်းပါတယ်။ ဆယ်တန်းမအောင်ခင် ကတည်းက အဖေ့ရဲ့ နာရီပြင်တဲ့ အလုပ်မှာ ဝင်ပြီး ပညာသင်တယ်။ နောက်တော့၊ အဖေက အလုပ်ကို လွှဲလိုက်တယ်။ ခု ကျွန်တော် ဦးဆောင်လုပ်နေတယ်။ ကျွန်တော့်လက်ထက်မှာ ပိုပြီးအောင်မြင်တယ် ပြောရမှာပဲ။ ကံလိုက်တယ် ခေါ်မလားပဲ။ နာရီပြင်ရုံမကဘဲ နာရီလည်းရောင်းတယ်။ လူတွေ အချိန်လေးစားလာလို့တော့ မဟုတ်ဘူး။ နာရီပတ်ပြီး ရှိုးထုတ်ချင်တဲ့ လူတွေ များလာတာကြောင့်။ အခုလူတွေ ပိုပြီး နာရီပတ်လာကြတယ်။ များများပတ်လာလေ များများပျက်လေပဲ။

မိုးလေ၀သ

မိုးရွာလျှင်ရွာချင်း နစ်ရှေး [*] လည်း ထီးမေ့ကျန်သွားတယ် ကျွန်တော်ကတော့ ခုထိ ထီးကို ထားခဲ့တုန်းပဲ မနက်ဖြန်ညနေထိ ခန့်မှန်းချက်အရ ကမ္ဘာကြီးက လှနေဆဲ အစိုးမရတဲ့ ကိစ္စတွေလည်း အစကတည်းက ရိုးပြီးသားပဲ ကျွန်တော်ကတော့ ခုထိ ထီးကို ထားခဲ့တုန်းပဲ။ တေဇာ (လရောင်လမ်း) [*] I have forgotten my umbrella . Friedrich Nietzsche (1844-1900), German philosopher

အတိုးဆုံးကဗျာများ (၃၇)

ကစားနည်း ခင်ဗျားကို ကျွန်တော် လေးစားပါတယ် ကျွန်တော့်ကိုလည်း လေးစားရမယ်နော် အပျော်ပေါ့။ ၀န်ခံချက် ကိုယ်ဆတ်ဆော့လိုက်လို့ ကဗျာဖြစ်လာခဲ့ပြီးမှ ညာတာပါတေး ဖြစ်နေမှာ ကျွန်တော်က အဲဒီကဗျာကို ပြန်အားနာတယ် ဒါလည်း ညာနေတာပါကွယ်။ ဇိမ်ခံပစ္စည်း စာရေးလို့ မရဘူး ဒါပေမဲ့ ကံကောင်းတာက စာမရေးလည်း ရတာပဲ။ ယေဘုယျအဖြေမှန် ဟင်... ဂျူရီလူကြီးက (၈) ယောက်တောင်... ? သမာသမတ်တွေတောင် ဖောင်းပွလို့။ အဖျားရှူးခြင်းများ အချိန်ကြာလာလေ ကဗျာတွေကို အဆုံးသတ်ရ ခက်လာလေပဲ ဒီတိုင်းလေး ပြီးသွားခဲ့ရတာတွေကိုများ ကျွန်တော် ကြောက်နေပြီလား။ တေဇာ (လရောင်လမ်း)

ဖီလာ (Counterproductive)

သူ့မျက်နှာပေါ်က အရေးကြောင်းလေးတွေကို သဘောကျတယ်လို့ ပြောတာတောင် ဘာလို့ မျက်မှောင်ကုပ်သွားတာလဲ။ဲ ကျွန်တော့် အပြုံးတွေဟာ ဒီလိုအမြဲ မုန်းစရာကောင်းသွားတာချည်းပဲ။ Counterproductive Even though I said, I'm fond of the wrinkles on her face, Why did she frown? My smiles are too odious I'm such a prone. တေဇာ (လရောင်လမ်း)

ခန္ဓာဗေဒ

[ ၁ ] ထိုင်ရုံလေး ထိုင်နေတာကိုက ဒရာမာ [*] သိပ်ဆန်လွန်း နေသလား ဘာသရုပ်မှ မပြရသေးဘူး။ [ ၂ ] မျက်နှာပေါ် နှုတ်ခမ်းမွှေးအချို့ စည်းမဲ့ကမ်းမဲ့ နယ်ချဲ့လာကြ။ ယားနာတွေ မပျောက်သေးသရွေ့ လက်သည်းရှည်လည်း ထားရမယ်။ နည်းနည်းရှည်လာရင် လိပ်လိပ်သွားတတ်တဲ့ ဆံပင်တွေ လည်ဂုတ်ပေါ် ခွေခွေလေးသေနေတယ်။ ဒီဂျင်းဘောင်းဘီကို ၀တ်ထားခဲ့တဲ့ ရက်ပေါင်း (၆၀) မှာ ငါ့အရှက်ငါ ဘယ်လိုကာကွယ်နေခဲ့ပါလိမ့်။ အရာရာအစစ ကွမ်းယာထုပ်ပေါ်က ကင်ဆာသတိပေးချက်ကို ဘယ်တုန်းကမှ မတွေ့ခဲ့မိပါဘူး။ ချောင်လည်တဲ့အကြောင်း ပြောရရင် လကုန်ရင် ခါးပတ်မှာ အပေါက်အသစ်တစ်ခု ထပ်ဖောက်ရမယ် နောက်ဆုံးအပေါက်က အတော် ချောင်သွားပြီ။ ဟယ်လင်ကယ်လာ ပီတိမျိုး ကိုယ့်နံရိုးတွေ စုံစေ့ကြောင်း အမြောင်းမြောင်းမြင်နေရတာလည်း ကျေနပ်စရာပဲ မဟုတ်လား။ သကောက်ခွက်ကို ဆတ်ခနဲတိုက်ပြီး ယိုင်သွားရင် ဒူးချောင်နေတယ်ပြောမယ့် သူငယ်ချင်းတွေမရှိတာ အခုအခါမှာ အသက်ချမ်းသာရာ ရခြင်းပဲ။ အလုပ်တစ်ခု ပိုလာတာက အသက်ရှူနေရတာလေ ၀င်လေထွက်လေက အရင်လို အလိုလိုမှ မဟုတ်တော့တာ။ ပိုနေတယ်ထင်ရတဲ့ အစိတ်အပိုင်းအတွက် ငါ့ကိုယ်ငါ ယောက်ျားလေးဆိုတာ တစ်ပတ်တစ်ခါ သတိပေးမယ်။ [ ၃ ] တကယ်ေ

ဆင်ခြေအယိုင်များ

၁ ) ဆန်ကာစစ်ခြင်း အခြေအနေတစ်ရပ်၏ အပြုသဘောမျက်နှာစာများ အားလုံးကို စစ်ထုတ်ချန်လှပ်ပြီး အပျက်ဘက်အား အသေးစိတ်ကြည့်ကာ ပုံကြီးချဲ့သည်။ အသေးစိတ် အချက်တစ်ရပ်အား ကောက်ယူကာ ထိုတစ်ခုတည်းသောအချက်က ဖြစ်ရပ်ကြီးတစ်ခုလုံးအား အရောင်ဆိုးလိုက်စေသည်။ ပင်မအကြောင်းအရာမှ အပျက်သဘောအချက်များချည်း သီးသန့် ဆွဲထုတ်လိုက်သောအခါ ရှိနေသည့် အကောင်းများကို ပစ်ပယ်ထားမိပြီး တကယ်တမ်းရှိသည်ထက် များစွာ ပိုဆိုးအောင် လုပ်မိတတ်သည်။ ဥပမာ - သတ်ပုံတောင် မှန်အောင် မပေါင်းထားတဲ့စာက ဘာများအထင်ကြီးစရာ ရှိတော့လို့လဲ။