မနက်လည်း မိုးစင်စင် လင်းလေပြီ။ တစ်ညလုံး တစိမ့်စိမ့်ရွာနေတဲ့ မိုးက မတိတ်သေး။ ကွန်ပြူတာ ပိတ်ပြီး အခန်းထဲမှာ ဆက်လက် စာဖတ်နေချိန်တွင် သူ ဗိုက်ဆာလာသည်။ ဒေလီရောက်သည့် အချိန်မှစ၍ နေ့နှင့်ညကို ခပ်တည်တည် ပြောင်းပြန်လုပ်ထားသည်မှာ ကြာပြီ။ မုန့်သွားယူပြီး စားဦးမှလို့ သူတွေးပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။ မီးဖိုချောင်သို့ သွားရာ စင်္ကြန်တွင် ခိုကလေးတစ်ကောင် မိုးခိုနေသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ ခိုကလေးကို ကြည့်ရသည်မှာ ပျံနိုင်သည့်ပုံမပေါ်ပါ။ အပြင်တွင် တော်တော်အေးနေသည်။ ခိုကလေးက ကုပ်ကုပ်ကလေး သူ့ကိုကြည့်နေသည်။ မပျံနိုင်ဘူးအထင်နှင့် ခိုကလေးနားဖြတ်အလျောက်တွင် ခိုကလေးက လန့်ပြီး ထပျံသည်။ အတောင်တွင် မိုးရေများစိုပြီး ကပ်နေသဖြင့် အပေါ်သို့ရုတ်တရက်မရောက် ဖြစ်နေသည်။ အားတင်းပြီးပျံလိုက်မှ တစ်ဘက်တိုက်၏ အုတ်တံတိုင်းပေါ်သို့ ရောက်သွားသည်။ ပါးစပ်မှ “သနားစရာကောင်းလိုက်တာ” ဟု သူ အလိုလို ရေရွတ်မိသွားသည်။
ဤသို့ပါးစပ်က ရုတ်တရက်ထွက်သွားခြင်းမှာ ရင်တွင်းမှ အလိုလိုဖြစ်ပေါ်လာသော ဂရုဏာတရားကြောင့်သာဖြစ်သည်။ သူ့အနေဖြင့် ခိုကလေးကို နှောင့်ယှက်ဖို့ မရည်ရွယ်ခဲ့ပါ။ မပျံနိုင်၊ မပျံလောက်ဘူးအထင်ဖြင့်သာ အနားမှ ဖြတ်လျှောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ချမ်းသည့်အရေးထက် အသက်ဘေးသည် ပိုကြောက်ရသဖြင့် ခိုကလေးမှာ ကြိုးစားပြီး ပျံသွားရရှာခြင်းသာဖြစ်ပါသည်။ မိုးသည်းသည်းအောက် တစ်ဘက်အုတ်နံရံပေါ်တွင် ခိုကလေးနားနေသည်။ ကိုယ်ခန္ဓာကလေးက ပိုမိုသေးကျုံ့သွားသလို ထင်ရ၏။ မုန့်ယူပြီးပြန်အလာတွင် ထိုစင်္ကြန်ဝရန်တာမှနေ၍ ခိုကလေးကို သူ ငေးကြည့်နေမိသည်။ သူ့အနေဖြင့် ဖြစ်နိုင်လျှင် ခိုကလေးကို ပြန်ခေါ်ချင်သည်။ “မင်းဒီမှာ မိုးလာခိုပါ။ ငါမင်းကို ရန်မပြုပါဘူး။ မင်း လန့်ပြီးဒီလိုပျံပြေးမယ်မှန်းသိရင် ... ငါမုန့်သွားမယူခဲ့ပါဘူး။ ဆာချင်ဆာပစေ ငါ့အခန်းထဲမှာပဲ ငါနေမှာပါ။ မင်း မိုးခိုနေချိန်မှာ ငါမစဉ်းစားဘဲ စွတ်လုပ်လိုက်မိလို့ အခု မင်း ခိုက်ခိုက်တုန်အောင်ချမ်းနေရတာ .. ငါစိတ်မကောင်းဘူး” အစရှိသည့် စကားများကို ခိုကလေးကို သူပြောပြချင်လှသည်။ သို့သော် ဤသည်မှာ မဖြစ်နိုင်သော စိတ်ကူးသာဖြစ်ပါသည်။ ခိုကလေးနှင့် သူ၏အကြားတွင် ကူးလူးဆက်သွယ်နိုင်သော လမ်းကြောင်းတစ်ခု ရှိမနေခဲ့ပါ။
ချမ်းလွန်းသဖြင့် အုတ်တံတိုင်းပေါ်တွင် ဘေးတစ်စောင်းအတိုင်း နံရံရှိရာဘက်သို့ တရွေ့ရွေ့ဖြင့် ခိုကလေးက တိုးကပ်သွားသည်။ သို့သော် နံရံသည် နံရံသာဖြစ်သည်။ အမိုးတစ်ခုမဟုတ်ပါ။ နံရံနှင့် ခိုကလေး၏အတောင်ပံတစ်ဘက်မှာ ထိနေလေပြီ။ သို့သော် မိုးသီးမိုးပေါက်များကတော့ ခိုကလေးအပေါ်သို့ ကျဆင်းနေဆဲဖြစ်သည်။ သူ အခန်းအတွင်းသို့ လျင်လျင်မြန်မြန် ပြန်ဝင်လိုက်သည်။ ထို့နောက် ခိုကလေး ၀ရန်တာပေါ်သို့ ပြန်လာလိုပြန်လာညား မှန်ပြတင်းပေါက်မှ လှမ်းကြည့်နေမိသည်။ ခိုကလေးက ၀ရန်တာကို ကျောခိုင်း၍ နားနေခြင်းသာဖြစ်သည်။ သူဝရန်တာမှာ ရှိသေးလားမရှိသေးလား မြင်နိုင်လိမ့်မည်မဟုတ်ပါ။ မြင်နိုင်သည့်တိုင်အောင်လည်း ဒုတိယအကြိမ် ၀ရန်တာတွင် မိုးခိုရန် စဉ်းစားမိသည့်ပုံမပေါ်ပါ။ စင်စစ် သူ၏ အတွေးထဲတွင် ချမ်းခြင်းဟူသည့် ခံစားမှုတစ်ခုသာ ရှိပါလိမ့်မည်။
အခန်းတွင်းက ဘာသာတရားကိုးကွယ်မှုမရှိသော လူသားတစ်ယောက်ကတော့ ဖတ်လက်စ “တာတေစနေသား” ဆိုသည့် စာအုပ်ကို ဘေးချပြီး “ဂရုဏာတရား” အကြောင်း ဆက်တွေးနေမိသည်။ တခြားသူများကို ကြင်နာပါ၊ ဂရုဏာထားပါ၊ ကိုယ်ချင်းစာပါ၊ သနားပါ စသည့် အဆုံးမများသည် စာအုပ်စာပေများထဲတွင် ဒင်းကြမ်းပြည့်နေခဲ့ပြီးဖြစ်ပါသည်။ ဂရုဏာတရားသည် ကောင်းမြတ်သည်ဟူသည့်အဆိုကိုလည်း လူသားတိုင်း ချွင်းချက်မရှိလက်ခံထားခဲ့ပြီးဖြစ်သည်။ သို့သော် “ဂရုဏာထားပါ” ဆိုသည့် သြ၀ါဒသည် တစ်နည်းတစ်ဖုံ ရယ်စရာဖြစ်နေပြီး ရှေ့နောက်ဆီလျော်မှုမရှိပါ။ အမှန်စင်စစ် ဂရုဏာတရားသည် ရင်တွင်းမှ အလိုအလျောက် (Spontaneously) မွေးဖွားလာသော ခံစားချက်တစ်ရပ်သာ ဖြစ်ပါသည်။ ဂရုဏာသက်စရာ မြင်ကွင်း၊ အတွေး၊ ကိုယ်ချင်းစာမှု စသည်တို့နှင့် ထိတွေ့ရာမှ ပေါ်ပေါက်လာသော လူသား၏ရင်တွင်းမှ ခံစားချက်သာဖြစ်သည်။ ဂရုဏာသက်ခံအရာနှင့် လူသား၏နှလုံးသား ထိတွေ့မှုမှ အလိုအလျောက် နိုးကြားလာသော သိမ်မွေ့သည့် ခံစားချက်သာဖြစ်သည်။ ထို့ကြောင့် ဂရုဏာကို တမင်မွေးယူနိုင်ခြင်း ရှိမရှိဆိုသည်မှာ အငြင်းပွားစရာကိစ္စဖြစ်ပါသည်။ တစ်ဘက်သားအပေါ် ဂရုဏာထားပါဟူသော သြ၀ါဒကို လိုက်နာရုံမျှဖြင့် မာသာထရီဇာ ပေါ်ထွက်လာခြင်းမဟုတ်ခဲ့ပါ။ ၎င်း၏ ပြင်းထန်သော ရင်တွင်းဂရုဏာတရားကြောင့်သာ ပြောင်မြောက်သောအလုပ်များကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
ထိုသို့သော ရေမျောကမ်းတင်အတွေးများကို ရုတ်တရက် သူရပ်တန့်လိုက်ချိန်တွင် ခိုကလေးကို ပြန်လည် သတိရလိုက်မိသည်။ ထို့ကြောင့် ပြတင်းပေါက်မှန်နောက်ကွယ်မှနေ၍ ခိုကလေးရှိရာ အုတ်တံတိုင်းပေါ်သို့ ကြည့်လိုက်မိချိန်တွင် ခိုကလေးကို တွေ့ရှိနေရပါသေးသည်။ နောက်ကျောမှနေ၍ အမြီးဖျားဆီသို့ မိုးရေစက်များ တစ်စက်တစ်စက် စီးဆင်းကျနေသည်။ သူ့အနေဖြင့် ဂရုဏာသက်ခြင်းမှတစ်ပါး တခြားလုပ်ဆောင်နိုင်စရာ ရှိမနေပါ။ ခိုကလေးနှင့် သူမဆက်သွယ်နိုင်ပါ။ ခိုကလေးဆီသို့ သူမသွားနိုင်ပါ။ အကယ်၍ သွားခဲ့လျှင်လည်း ခိုကလေးက ကြိုးစားပြီးပျံသန်းထွက်ပြေးမည်သာဖြစ်သဖြင့် ပိုမိုနှိပ်စက်ရာပင် ရောက်ပါလိမ့်မည်။ ဂရုဏာတရားသည် သူ့ထံတွင် အရှိန်အဟုန်ဖြင့် စိတ်မကောင်းခြင်းဆီသို့ကူးပြောင်းသွားသည်။ မိုးစင်စင်လင်း၍ အိပ်စက်ချိန်ရောက်တောင်မှ စိတ်မကောင်းခြင်းကို အချိန်အတော်ကြာ ခံစားနေရသည်။ မကြာခင် နံနက်ခင်းနေရောင်ခြည်နှင့်အတူ သူ အိပ်မောကျသွားခဲ့ပါသည်။ ခိုကလေးကတော့ ချမ်းနေသည်သာဖြစ်သည်။ ခိုက်ခိုက်တုန်အောင်ချမ်းနေသည်။ သူ့တွင် ချမ်းနေခြင်းမှတစ်ပါး စိတ်မကောင်းခြင်း၊ စိတ်ဆိုးခြင်း၊ ဂရုဏာ စသည်တို့ လုံးဝရှိမနေခဲ့ပါ။ ခိုကလေးအတွက်မူ မိုးရေထဲတွင် ချမ်းနေသော ခံစားချက်တစ်ခုသာ ရှိပါသည်။
◄ တေဇာ ► စက်တင်ဘာ (၁၁) ၂၀၀၉
Comments
Post a Comment