အ၀ိဇ္ဇာဖုံးနေတဲ့လူသားတွေကို၊ အမှန်တရားကို မမြင်နိုင်တဲ့ လူသားတွေကို၊ ဘုရားတရားသံဃာ ရတနာသုံးပါးကို မမြင်နိုင်တဲ့ လူသားတွေကို၊ နိဗ္ဗာန်ကို မမြင်နိုင်တဲ့ လူသားတွေကို ဗုဒ္ဓမြတ်စွာဘုရားရှင်က “မွေးရာပါမျက်မမြင်နဲ့ အလင်းရောင်” ကို ဥပမာပေးပြီး ဟောကြားတော်မူပါတယ်။ မွေးရာပါမျက်မမြင်တစ်ယောက်ဟာ အလင်းရောင်ဆိုတဲ့အရာ ရှိကြောင်း လက်မခံပါဘူး။ အမှန်တရားကို မမြင်တွေ့နိုင်ပါဘူး။ နေမင်းကြီးရဲ့ ပုံသဏ္ဍာန်ကိုဖွင့်ဆိုပြီး လုံးဝန်းတယ်လို့ပြောပြော၊ မီးကို ပမာယူပြီး ပူတယ်လို့ဆိုဆို အလင်းရောင်ရဲ့ မူလသဘာဝ အနှစ်သာရကို မွေးရာပါမျက်မမြင်တစ်ယောက်အနေနဲ့ လုံးဝ ခံစားနားလည်နိုင်မှာမဟုတ်ပါဘူး။ ဘုရားဆိုတာမရှိ၊ တရားဆိုတာမရှိ ဆိုတဲ့လူတွေကို ဗုဒ္ဓမြတ်စွာဘုရားက ဒီဥပမာလေးနဲ့ ထင်သာမြင်သာရှိအောင် ဟောကြားဆုံးမခဲ့ပါတယ်။
ဒီဥပမာဟာ အရမ်းကို ရှင်းလင်းပါတယ်။ ယုံကြည်မှုမရှိတဲ့လူတွေဟာ မွေးရာပါမျက်မမြင်များပမာသာဖြစ်ကြောင်း ကျွန်တော်တို့ သိရပြီ။ ဆက်လက်စဉ်းစားကြည့်ကြရအောင်ပါ။ အကယ်၍ မိတ်ဆွေဟာ “မွေးရာပါမျက်မမြင်တစ်ယောက်” ဖြစ်တယ်ဆိုပါတော့။ မျက်စိမြင်ရတဲ့လူတွေက မိတ်ဆွေကို အလင်းရောင်အကြောင်း ရှင်းပြနေပြီဆိုပါတော့။ မိတ်ဆွေ ဘယ်လိုတုံ့ပြန်မလဲ...။ အဖြေက ရှင်းပါတယ်။ မျက်မမြင်တစ်ယောက်အတွက် အလင်းရောင်ကို ငြင်းပယ်ဖို့ရာ တစ်နည်းပဲရှိပါတယ်။ သူ ခံစားနားလည်နိုင်ခြင်းမရှိတဲ့ အရာတစ်ခုကို ငြင်းပယ်ဖို့သာရှိပါတယ်။ ဒီအတွက် အဲဒီမျက်မမြင်ကို အားလုံးက သနားဂရုဏာသက်ချင် သက်နိုင်ပါတယ်။ ဒါပေမဲ့ အပြစ်တင်ဖို့အကြောင်းရင်းတော့ မရှိဘူးပေါ့...။ သူက အလင်းရောင်ကို နားလည်ခံစားနိုင်တဲ့ “စွမ်းရည်” မှ မရှိရှာပဲကိုး...။
နောက်ရှုထောင့်တစ်ခုက တွေးကြည့်မယ်။ အလင်းရောင်အကြောင်း တစ်စုံတစ်ယောက်ကရှင်းပြလို့ အဲဒီမျက်မမြင်ဟာ အလင်းရောင် ရှိကြောင်း “နားလည်ပါပြီ” “လက်ခံပါပြီ” လို့ ၀န်ခံတယ်ဆိုပါစို့...။ သူ့ကို ကျွန်တော်တို့ လှောင်ပြောင်ရယ်မောမိမှာသာ ဖြစ်ပါတယ်။ ဒါဟာ ဟန်ဆောင်လိမ်ညာခြင်းသာ ဖြစ်နေလို့ပါ။ သူအမှန်တကယ် နားမလည်နိုင်ကြောင်း ကျွန်တော်တို့ သိနေပြီးသားကိုး...။ ကျွန်တော်တို့ ကိုယ်တိုင်ကိုက မျက်စိမြင်ရတဲ့ လူများ ဖြစ်နေလို့သာ ဒီဥပမာကို နားလည်နိုင်နေတာပါ။ တကယ့် မွေးရာပါမျက်မမြင်အစစ်တစ်ယောက်ကို ဒီဥပမာပေးဆုံးမဖို့ မဖြစ်နိုင်ပါဘူး။ သူ နားလည်နိုင်မှာ မဟုတ်ဘူး။ “ရိုးသားတဲ့မွေးရာပါ မျက်မမြင်တစ်ယောက်ဟာ ဘယ်တော့မှ အလင်းရောင်ရှိကြောင်း လက်ခံမှာ မဟုတ်ပါဘူး။ တစ်ချိန်ထဲမှာပဲ ဒီအတွက် သူ့မှာ အပြစ်တစ်စုံတစ်ရာ ရှိတယ်လို့ သတ်မှတ်နိုင်မှာ မဟုတ်ပါဘူး” အကယ်၍ မွေးရာပါမျက်မမြင်တစ်ယောက်ဟာ အလင်းရောင်ရှိပါတယ်ဆိုပြီး လောကကြီးရဲ့ အံ့သြမှင်သက်စရာ ရှုခင်းများအကြောင်း ပြောပြတာကို နားထောင်နေတယ်ဆိုပါစို့...။ သူဟာ ဟန်ဆောင်လိမ်ညာနေသူ တစ်ယောက်သာ ဖြစ်ပါတယ်။ ဒီအခြေအနေရောက်မှသာ သူဟာ မရိုးသားသူအဖြစ် အပြစ်ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်...။
ဒီအချက်တွေကို လက်ခံတယ်ဆိုရင်ဖြင့် မိမိတို့ပတ်ဝန်းကျင်က မရိုးမသား မျက်မမြင်များကို ရှာဖွေဖော်ထုတ်နိုင်ပါလိမ့်မယ်။ အဲ.. မိမိပတ်ဝန်းကျင်ကို မကြည့်ခင်.. မိမိကိုယ်ကို အဦးဆုံး ပြန်လည် မေးခွန်းထုတ်ရပါဦးမယ်...။ ဉာဏ်နည်းတယ်လို့ အထင်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ်၊ လောကကြီးရဲ့ အံ့ဘနန်းမြင်ကွင်းတွေကို (ကိုယ်တိုင်နားမလည်ဘဲ) ကြွားဝါချင်လို့ပဲဖြစ်ဖြစ်၊ အစဉ်အလာ ယုံကြည်ချက်များရဲ့ အင်အားကို မလွန်ဆန်နိုင်ခဲ့လို့ပဲဖြစ်ဖြစ်... တစ်နည်းနည်းနဲ့ မရိုးဖြောင့်သော မျက်မမြင်တစ်ဦးများ မိမိဖြစ်ခဲ့သလားဆိုတဲ့ မေးခွန်းကိုပေါ့...။ ဒါပေမဲ့ ဒီမေးခွန်းကိုလည်း “ရိုးရိုးသားသား” ပြန်ဖြေလို့ လိုအပ်နေသေးတာပါပဲ...။
တကယ်တော့ အလင်းရောင်ကို တွေ့ရပါတယ်ဆိုတဲ့ မျက်မမြင်တွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လက်ညှိုးထိုးမလွဲ ရှိနေတာပါ။ တချို့ မွေးရာပါမျက်မမြင်များဟာ လောကကြီးရဲ့ ရှုကွင်းရှုကွက်တွေကို ဘ၀တူ မျက်မမြင်များအချင်းချင်း အာပေါင်အာရင်းသန်သန် ဖောက်သည်ချနေကြပါရောလား...။ တစ်ဆင့်တက်ပြီး သူတို့က အလင်းရောင်ကို မသိဘူးလို့ ရိုးရိုးသားသားပြောတဲ့ မျက်မမြင်တွေကိုပါ သနားလိုက်တာ... ဆိုပြီး သဘောထားနေကြတာပါပဲ။ အပြစ်သားလေးတွေ အ၀ီစိဂျိုးကပ်မဲ့အကောင်တွေ... ခေါင်းတယမ်းယမ်း စုပ်တသပ်သပ်... သူတို့ကိုယ်တိုင်သာ သနားစရာသတ္တ၀ါလေးတွေဖြစ်မှန်း သူတို့ဘ၀တစ်လျှောက်လုံး မတွေးခဲ့မိကြဘူး။ ဒါကလည်း ဘ၀နဲ့ချီပြီး မိမိကိုယ်ကို လိမ်ညာလာခဲ့တော့ “မုသားနက္ခတ်” (Mythomania) စိတ်ရောဂါလို ကိုယ်လိမ်ထားတဲ့အလိမ်ဟာ အမှန်ပဲလို့ တကယ်ထင်သွားကြသလားတော့ မပြောတတ်ဘူး။
ကျွန်တော့်အနေနဲ့ကတော့ “ရိုးသားသော မျက်မမြင်တစ်ယောက်ဖြစ်ခြင်းသည် အပြစ်မရှိ” လို့ ရိုးသားစွာ ယုံကြည်ပါတယ်။ ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး စဉ်းစားစရာများ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။
◄ တေဇာ ► စက်တင်ဘာ (၁၅) ၂၀၀၉

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
“ရိုးသားတဲ့မွေးရာပါ မျက်မမြင်တစ်ယောက်ဟာ ဘယ်တော့မှ အလင်းရောင်ရှိကြောင်း လက်ခံမှာ
မဟုတ်ပါဘူး။ တစ်ချိန်ထဲမှာပဲ ဒီအတွက် သူ့မှာ အပြစ်တစ်စုံတစ်ရာ ရှိတယ်လို့ သတ်မှတ်နိုင်မှာ
မဟုတ်ပါဘူး”

ရိုးသားသော မျက်မမြင်တစ်ယောက်ဖြစ်ခြင်းဟာ အပြစ်မရှိပါ။ မျက်စိအလင်းရဖို့ ခွဲစိတ်ကုသခြင်းကို မလိုအပ်ဟု ငြင်းဆန်သူများ။ ဘာကြောင့် မလိုအပ်ဟု ယုံကြည်မှုများ အကြောင်းကိုလည်း ဆက်လက်ရေးစေချင်ပါတယ်။
ReplyDelete