Skip to main content

ဗဟိုချက်မဲ့လှုပ်ခတ်ခဲ့သော စိတ်တွင်းငလျင်လှိုင်းများ


ပန်းအိုးတစ်လုံးကွဲကြေနေသလို အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲနေသော ဘ၀အပိုင်းအစများအား ဂျစ်ဆောစပ်ရန် မဖြစ်နိုင်ကြောင်း မူလတန်းကျောင်းသားဘ၀ကပင် သိခဲ့သင့်ပေသည်။ ကလေးဘ၀၏ Multiple Choice မေးခွန်းများအတွက် သူ၏ ခိုင်မာသောအဖြေမှာ ဆရာဝန်ကြီးနှင့် စစ်ဗိုလ်ကြီးတို့မဟုတ်ခဲ့ပါ။ ကြောက်ကြောက်ရွံ့ရွံ့ ခေါင်းခါပြနေသော ကလေးငယ်အား “ရည်မှန်းချက်ထားရတယ်လေ သားရဲ့” ဟု ရက်ရက်စက်စက် နှုတ်မှထွက်ဝံ့သော အဆိုပါ အရွယ်ရောက်သူ (လူကြီး) ဆိုသူများကို ယနေ့အချိန်တွင် သူနာကျည်းနေမိလိမ့်မည်။ သူသည် ရည်ရွယ်ချက်များ ကင်းမဲ့သွားသော စိတ်အခြေအနေနှင့် အယူသည်းမှုများကို အယူသည်းစွာဆန့်ကျင်နေသော Uncertainty သဘောတရားကို သေသေချာချာယုံကြည်နေသူ တစ်ယောက်သာဖြစ်သည်။

ပန်းတိုင်တစ်ခုခု၏ သွေးဆောင်ပြုစားမှုကြောင့် အနည်းငယ်မျှသာ ကိုယ်တာရရှိသော ဘ၀တစ်ခုလုံးအား လုံးဝထိုးအပ်လိုက်ရသည့်အဖြစ်မျိုးမှ သူ့ကိုယ်သူ အချိန်မီကယ်တင်နိုင်ခဲ့သည်။ ကွင်းအပြင်သို့ ဘောလုံးကိုဆွဲပြေးသွားသော ကစားသမားမှာ သူဖြစ်သည်။ ဒိုင်လူကြီးကိုပါ ပြိုင်ဘက်နှင့်အတူ တစ်ပါထဲအလဲထိုးလိုက်သောလက်ဝှေ့သမားမှာ သူဖြစ်သည်။ တောကြီးမျက်မဲကြီးထဲတွင် လမ်းပျောက်အောင်ကြိုးစားရခြင်းသည် တကယ်မလွယ်ကူကြောင်း ကြုံဖူးမှ ကောင်းကောင်းသိပါလိမ့်မည်။ လူသွား၍ လမ်းဖြစ်နေသော မြက်ပင်များပိပြားနေသည့် တောလမ်းကလေးများ မကြာမကြာတွေ့ရနိုင်သည်။ ဤလမ်းများအတိုင်း အယောင်ယောင်အမှားမှား မလိုက်မိစေရန် သူ လုံလောက်စွာ ကံဆိုးခဲ့ပါသည်။ မြားတံ၏ ချွန်မြမြနှာသီးဖျားသည် စက်ဝိုင်း၏အလယ်ဗဟိုတည့်တည့်တွင်သာ စိုက်ဝင်နေရမည်ဟု မည်သူနည်းပြခဲ့ပါသနည်း။ ဟိုမှာဘက်ကမ်းနှင့် ဒီမှာဘက်ကမ်းကြားတွင် ဆိုးဆိုးရွားရွားဝေဒနာခံစား၍ ရေနစ်သေဆုံးခွင့်ရရန် သူကအပြင်းအထန် ရုန်းကန်နေမှုများကို ဖြေလျော့ချခဲ့သည်။ သို့ရာတွင် စလတ်စတစ်ပုံးအစုတ်တစ်ခုပမာ ပေါလောပေါ်နေသော သူ၏ ညစ်ထေးထေးဘ၀ကိုသာ စိတ်ပျက်ဖွယ်ရာ တွေ့ရှိခဲ့ရသည်။ ရေနစ်သေဆုံးရခြင်းမှာ ထင်သလောက်မဆိုးရွားဘဲ ယစ်မူးဖွယ်အာရုံတစ်ခုသာဖြစ်ကြောင်း ခေတ်သစ်ဆေးသိပ္ပံဆောင်းပါးတစ်ပုဒ်တွင် ပါရှိခဲ့သည်။ သို့အတွက်မူ ရေထဲခုန်ချအဆုံးစီရင်သူ ပိုမိုများပြား လာလိမ့်မည်ဟုတော့ သူ လုံးဝမယူဆခဲ့ပါ။ အသက်ရှင်သန်လိုစိတ်သည် လူသားနှင့်ဖွားဘက်တော်ဖြစ်ပြီး အသက်ရှင်သန်ရန် ကြိုးစားရမှုသည် လူသားများ၏ မလွတ်မြောက်နိုင်သော ချိုမြမြကျိန်စာတစ်ခုသာ ဖြစ်ပေသည်။



လူ့သမိုင်းတစ်နံတလျားနှင့် တွက်ဆကြည့်မည်ဆိုလျှင် လက်တစ်ဖျစ်စာမျှသာ ရှိဦးမည့်အချိန်ကာလက လူသားတို့သည် ကမ္ဘာကိုဗဟိုပြု၍ နေနှင့် တခြားဂြိုဟ်များက လှည့်ပတ်နေကြသည်ဟု ယူဆခဲ့ကြသည်။ ဤသည်မှာ အတ္တဗဟိုပြု ချဉ်းကပ်စဉ်းစားမှုများသည် လူသားများ၏ အမှတ်တံဆိပ်တစ်ခုဟု သတ်မှတ်ချင်သော် သတ်မှတ်နိုင်လိမ့်မည့် အထောက်အထားကောင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် သူက သူ့အကြောင်းသူရေးသော အခါ သူ့ကို အပြစ်တင်နိုင်လိမ့်မည်မဟုတ်ပါ။ သူမတ်တပ်ရပ်နေရာ အရပ်သည် ကမ္ဘာကြီး၏ အလယ်ဗဟိုဖြစ်ကြောင်း သူကပြောသောအခါ တခြားလူတစ်ယောက်က ငြင်းပယ်လိမ့်မည်။ သို့သော် ထိုသူပြမည့် အဖြေမှန်မှာလည်း ၎င်းကိုယ်တိုင်၏ခြေထောက်အောက်သာ ဖြစ်မည်ဖြစ်ကြောင်း စဉ်းစားစရာရန်လိုမည်မထင်။


သူက တခြားသူများ၏အကြောင်းကို ရယ်သွမ်းသွေးလိုသည်။ သူကိုယ်တိုင်၏ အကြောင်းကိုမူ ဟားတိုက်ပစ်တတ်သည်။ သူတို့နေထိုင်ရာ ကမ္ဘာကြီးကို ပိုမိုစိမ်းလန်းစိုပြေစွာ ချန်ထားခဲ့နိုင်ရန် စိတ်ကူးယဉ် အိပ်မက်မက်နေသူများထဲတွင် သူမပါဝင်ပါ။ ဂျင်ဂျစ်ခန်၊ ဟစ်တလာနှင့် ဘင်လာဒင်မဟုတ်သည့် အတွက်ပင် သူ့ကို ကမ္ဘာကြီးနှင့် လူသားများက ကျေးဇူးတင်သင့်သည်ဟု သူက တစ်ဖက်သတ် (သို့) ယုတ္တိကျကျ ယူဆသည်။ လူမမာအား ဂလူးကို့စ်သွင်းသကဲ့သို့ လူတစ်ယောက်၏ စွမ်းပကားများအကြောင်း ဒေါင်းဒေါင်းထအောင် ချီးမွမ်းခန်းများကို သူလည်း ဖတ်ခဲ့ဖူးပေလိမ့်မည်။ သို့သော် လူတို့က လူတို့၏ကန့်သတ်ချက်များအကြောင်း ဘာကြောင့် အဆိပ်ဖော်စပ်သကဲ့သို့ တကူးတက မရေးသားခဲ့ပါသလဲ သူမေးခွန်းထုတ်မိသည်။ လူသားများက ကမ္ဘာကြီးအပေါ် မေတ္တာထားသကဲ့သို့ ကမ္ဘာကြီးကတော့ လူသားများရှိခြင်း၊ မရှိခြင်းနှင့် ပတ်သက်၍ မည်သို့မျှခံစားရလိမ့်မည်မဟုတ်ကြောင်း သိခဲ့သောလူသားများ ရှိခဲ့ဖူးပါသည်။ အမှန်တရားနှင့် ထုပ်စည်းထိုးသောလူသားများသည် တစ်ချိန်ချိန်တွင် ထမင်းရည်ပူစည်း လောင်လိမ့်မည်ဖြစ်ကြောင်း ဂရုဏာတရားကြောင့်မဟုတ်ဘဲ လူထဲက လူတစ်ယောက်သာဖြစ်သော သူက ကြီးကြီးကျယ်ကျယ်တွေးနေသည်။

လကမ္ဘာ၏မြေကြီး တစ်တန်တွင် ရေအောင်စ မည်မျှပါဝင်သည်ဆိုသည်ကို ကိုရွှေကုလားတို့ တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ယနေ့ အိန္ဒိယသတင်းစာများတွင် မျက်နှာဖုံးသတင်းအဖြစ်ပါဝင်လာသည်။ နီးလ်အန်းစထရောင်း ရေဗူးပြုတ်ကျခဲ့သည့် နေရာမဟုတ်ကြောင်း သေချာပါသလားဟု သူက စိတ်ထဲမှ မေးခွန်းထုတ်နေသည်။ နည်းပညာတိုးတက်မှု ဟူသည့် ရွှေရည်စိမ်စကားလုံးကို အသုံးပြုထားသော ညှင်းသိုးသိုး ကိုလိုနီစိတ်ဓာတ်များသာဖြစ်ပေလိမ့်မည်။ ဤအတွက် သူ့ကို လုံးလုံးလျားလျား အဆိုးမြင်ဝါဒီ တစ်ဦးဟု သတ်မှတ်မည့်သူများကို သူက ဒါဆိုအဘယ်ကြောင့် လကမ္ဘာမျက်နှာပြင်ပေါ်တွင် မိမိတို့၏ နိုင်ငံတော်အလံများ ထိုးစိုက်ကြပါသလဲဟု ပြန်လှန်မေးခွန်းထုတ်လိမ့်မည်။ အန္တာတိကတိုက်တွင် သာမန်လူများ မနေထိုင်နိုင်သော်လည်း ပိုင်ဆိုင်သူမရှိသည့် မြေနေရာမှာ လုံးဝသွားရောက်ရန်မဖြစ်နိုင်သည့် မုန်တိုင်းထန်နေရာကွက်ကွက်ကလေးသာ ကျန်တော့သည့်ကိစ္စ၏ အဖြေကိုမူ သူက ငဲ့ညှာသောအားဖြင့် တောင်းဆိုလိမ့်မည်မဟုတ်ပါ။ သတင်းစာများတွင် Celebrity Gossip များများပါဝင်ခြင်းကိုသာ ကံကောင်းမှုတစ်ခုအဖြစ် သူက မှတ်ယူပါသည်။ သူ့ကိုယ်သူ များသောအားဖြင့် အကောင်းမြင်တတ်သူ တစ်ဦးဟု သူက အကောင်းမြင်ထားသည်။ ဤအတွက် သူ့ကို အကောင်းမမြင်နိုင်ခြင်းသည် သူ့ကိစ္စဖြစ်လိမ့်မည် မဟုတ်ပါ။

မနုဿဗေဒဘာသာရပ်၏အောက်တွင် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည်တို့မှာ ခေါင်းစဉ်ခွဲတစ်ခုမျှအဖြစ်သာ ဂုဏ်ရည်အားဖြင့် သေးနုတ်သွားခြင်းကိစ္စကို သူက မှန်ဘီလူးဖြင့် ထုတ်ကြည့်နေသည်။ ပုပ်ရဟန်းမင်းကြီးက ကွန်ဒုံသုံးခြင်းကိစ္စကို ကန့်ကွက်သည်။ သိပ္ပံပညာရှင်များက အေ့စ်ရောဂါကာကွယ်ဆေးတွေ့ရှိပြီဟု ကြေငြာသည်။ သဘောဝပတ်ဝန်းကျင်သမားများက အိုဇုန်းလွှာတက်ဖာရန် မိုးထိအောင် လှေကားထောင်နေသည်။ ဟီလာရီကလင်တန်က မြန်မာ့အရေးစေ့စပ် ဆွေးနွေးမည်ဟုဆိုသည်။ ဘောလုံးသမားအီတိုးက မျောက်ဟု လူမျိုးရေးခွဲခြား စော်ကားမှု ခံရသဖြင့် တခွီးခွီးဖြင့် စိတ်တိုနေသည်။ ကံကောင်းထောက်မစွာ နောင်နှစ်ပေါင်းတစ်ထောင်ခန့်မျှကြာသည်အထိ လူသားများ ကမ္ဘာပေါ်တွင် အသက်ရှင် နေထိုင်ဆဲ ရှိဦးမည်ဆိုလျှင်...၊ ယနေ့ခေတ်၏ မနုဿဗေဒပညာရပ် အခန်းငယ်ကို လေ့လာလိုသူတစ်ဦးတစ်လေ… ထိုနှောင်းခေတ်လူသားများထဲတွင် ရှိမည်ဆိုလျှင်… သူ့အကြောင်းကို ထိုသူ လေ့လာသင့်သည်ဟု သူက မယူဆပါ။


မိုးခေါင်ရေရှားခြင်းသည် နတ်တို့၏ ကျိန်စာသာဖြစ်ကြောင်း ကိုယ့်သမိုင်းကိုယ်ရေးသည့် ကမ္ဘာမြေ၏ သက်ရှိသတ္တ၀ါများက နှစ်နှစ်ကာကာ ယုံကြည်နေခဲ့၊ သေးငယ်သော အစိတ်အပိုင်းအားဖြင့် ယုံကြည်နေဆဲ ဖြစ်ပါသည်။ မိမိကိုယ်ကို ဥပဒေကြောင်းအရ သတ်သေခွင့်ရနိုင်ရန် ဆွစ်ဇာလန်သို့သွားရန် လေယာဉ်စရိတ်လိုအပ်နေသေးသော ဤကမ္ဘာမြေပြင်တွင် ပေါက်ကွဲခဲ့ဖူးသော အနုမြူဗုံးနှစ်လုံးသည် အသံခပ်အုပ်အုပ်ဖြစ်ခဲ့ပြီ။ အမည်နာမ တစ်မျိုးတစ်ဖုံပေးထားသောဖန်ဆင်းရှင်ကို မယုံကြည်မှုဖြင့် ဥပဒေအရ လူပုံအလယ် လည်ပင်းကြိုးကွင်းစွပ်မှုသည် လတ်လတ်ဆတ်ဆတ်ကြီး ရှိသေးသည်။ လူသားများသည် အဆင်ပြေမှုအတွက် တီထွင်ကြံဆတိုးတက်မှုများအကြားမှပင် ကံဆိုးခဲ့ပါသည်။ ဖရန်ကင်စတိန်းပေါင်း မြောက်များစွာကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့သည်။ ထာဝရငရဲ ခံရမည်ထားဦး ခရီးတစ်ထောက်ဖြစ်သော ဤလူ့ဘုံကြီး ကွယ်ပျောက်သွားမည့်အဖြစ်သည်ပင်လျှင် ဘာသာတရားများက မွေးထုတ်ပေးလိမ့်မည်ဟု သူက မဆီမဆိုင် စိတ်ထဲလေးလေးပင်ပင် ခံစားနေရသည်။ ကယ်တင်ခြင်းခံရမည့်အထဲတွင် သူမပါဝင်သော်လည်း ဂရုစိုက်လိမ့်မည်မဟုတ်ကြောင်း သူက ဘုရားသခင်ကို သိစေလိုသည်။ သို့သော် သူ၏ သဘောထားကို ဘုရားသခင် နားလည်လိမ့်မည် မဟုတ်ကြောင်းလဲ သူက သဘောပေါက်နေခဲ့သည်။ ဤအတွက် ဘာသာရေးယုံကြည်ချက်ကို စော်ကားသည်ဟု တစ်ဦးတစ်ယောက်က သူ့ကို စွပ်စွဲမည်ဆိုလျှင် မိမိ၏သဘောထားအမြင်ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည် ဆိုသည့် အခြေခံအကျဆုံး လူ့အခွင့်အရေးကို သူက လက်ညှိုးထိုးကာ ချေပပါလိမ့်မည်။ ဤသို့ မရှူနိုင်မကယ်နိုင်၊ တစ်ခုနှင့်တစ်ခုဆန့်ကျင်နေသော သမုတိဝိရောဓိများနှင့် စံချိန်စံညွှန်းများကို လူသားများ ကျင့်သားရခဲ့ပြီးဖြစ်ကြောင်း (သို့) ငြင်းခုန်ကောင်းနေကြဆဲဖြစ်ကြောင်း သူကောင်းကောင်းသိပါသည်။

တကယ်တော့ သူသည် ဗဟိုချက်ကင်းမဲ့နေသော ငလျင်လှိုင်းတစ်ခုသာ ဖြစ်လိမ့်မည်။ သူက လူတွေအကြောင်း ဟိုရောက်ဒီရောက်လျှောက်ပြောနေခဲ့သည်။ သို့သော် သူကိုယ်တိုင်က လူသားတစ်ယောက်သာဖြစ်ကြောင်းကိုမူ သတိမေ့ခဲ့သည်။ ဤသို့ဖြစ်သင့်သည်။ သို့သော် ကံမကောင်းအကြောင်းမလှစွာ ဤသို့မဖြစ်ခဲ့။ သူက သတိမမေ့ခဲ့။ သူသည် လူတွေအကြောင်း လျှောက်ပြောနေသော လူသားတစ်ယောက်မျှသာဖြစ်ကြောင်း လူ့ဦးနှောက်မှ လူဆန်ဆန်သိနေခဲ့သည်။ လူ့အဖွဲ့အစည်း၏ မြူမှုန်တစ်မှုန်စာမျှ သေးငယ်သော အစိတ်အပိုင်းကလေးတစ်ခုအဖြစ် သူကိုယ်တိုင်ပါဝင်နေကြောင်း စိတ်မကောင်းစွာ သိနေခဲ့သည်။ တခြားသူများနှင့် သူ မတူခြားနားမှုမှာ ဗဟိုချက်မဲ့လှုပ်ခတ်နေသော သူ၏ အတွေးငလျင်လှိုင်းများသာ ဖြစ်သည်။ တခြားနေရာများတွင် သူသည် လူအများနှင့် ထပ်တူထပ်မျှ တူညီသည်။ သူ၏ နုံနဲ့သော ဦးနှောက်မှာ အဖြေမပေးနိုင်ဘဲ မေးခွန်းများသာ မေးတတ်သည်။ အကောင်းမြင်ဝါဒသည် ကောင်းမွန်သည်ဆိုသည့်အချက်နှင့် အဆိုးမြင်ဝါဒသည် ဆိုးရွားသည်ဆိုသည့်အချက်ကို သူက မေးခွန်းထုတ်သည်။ အကယ်၍ အကောင်းမြင်ဝါဒသည် ဆိုးရွားပြီး အဆိုးမြင်ဝါဒသည် ကောင်းမွန်သည်ဟု ဆိုခဲ့လျှင်လည်း သူက မေးခွန်းထုတ်ဦးမည်သာဖြစ်သည်။ မေးခွန်းထုတ်မည်ဖြစ်သော်လည်း ကောင်းခြင်းဆိုးခြင်းဆုံးဖြတ်နိုင်မှုအတွက် သူ့ဦးနှောက်တွင် စွမ်းရည်ပြည့်ဝနေသည်မဟုတ်ပါ။ တစ်စုံတစ်ရာကို အကောင်းအဆိုးဆုံးဖြတ်ခြင်းသည် မကောင်းပဲ၊ မဆုံးဖြတ်ခြင်းသည်သာ ကောင်းကြောင်း သူက ဆုံးဖြတ်လိမ့်မည်။ ဤဆုံးဖြတ်ချက်သည်လည်း ရွက်ကြမ်းရည်ကြိုဆုံးဖြတ်ချက်တစ်ခုသာဖြစ်ကြောင်း သူက ထပ်လောင်းဆုံးဖြတ်ပေလိမ့်မည်။ ငလျင်လှိုင်းများ၏ အောင်မြင်မှုအတိုင်းအတာကို ရစ်ခ်ျတာစကေး အနိမ့်အမြင့်နှင့် တွက်ဆခြင်းကိုမူ သူက ကြိုက်လိမ့်မည် မဟုတ်ပါ။ မခို့တရို့ လှုပ်ခတ်သွားသော အင်အားကြီးငလျင်လှိုင်းများ သမုဒ္ဒရာကြမ်းပြင်တွင် လူမသိသူမသိ ကြိမ်ဖန်များစွာရှိခဲ့ကြောင်း မျက်စိဖြင့်မမြင်ရသော်လည်း လူသားများအနေဖြင့် တွေးခေါ်သိမြင် နိုင်ပါလိမ့်မည်။

◄ တေဇာ ► စက်တင်ဘာ (၂၅) ၂၀၀၉

Comments

  1. This comment has been removed by a blog administrator.

    ReplyDelete
  2. စာဖတ်သူSeptember 27, 2009 at 6:48 PM

    အတွေးအခေါ်လှပြီးသားဆိုတော့ ဆွေးနွေးစရာမရှိပါဘူး။ အနီရောင်ဝါကျရှည်တွေကို တဆက်တည်း ဖတ်ရတာတော့ မောပါတယ် ...
    အားပေးလျက်။

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ