အညိုရောင်အုတ်ခဲကျိုးများကို အသုံးပြုပြီး ဖြစ်သလို ပြုလုပ်ထားသော ကျဉ်းမြောင်းရှည်လျားသည့် လမ်းကလေး အဆုံးသို့ “ဦးဒိဗ္ဗ” ရောက်လာသောအခါ “ကမ္ဘာပေါင်းစုံသိုလှောင်ရုံ” ဟု မိတ်ဆွေတစ်ဦးကပြောလိုက်သော ကုန်လှောင်ရုံ အဟောင်းကြီးကို တွေ့ရ၏။ ထိုအဆောက်အဦ၏ ရှေ့နောက်ဝဲယာတွင် အိမ်ထောင်ပရိဘောဂ အဟောင်းများ၊ စွန့်ပစ်ကားပစ္စည်းများ၊ အုတ်ကျိုးအုတ်ပဲ့များ ရှိကြ၏။ သူ့နောက်မှ တစ်ဦးတစ်ယောက် လိုက်လာခြင်း ရှိမရှိသိရအောင် ဦးဒိဗ္ဗ နောက်လှည့်ကြည့်သည်။ လူတစ်ယောက်မှ မမြင်ရ။ ဆောင်းတွင်းကာလဖြစ်၍ လမ်းပေါ်တွင် လူသူရှင်းလင်းနေသည်။ ချိုင်းကြားတွင် ညှပ်ယူလာခဲ့သောအထုပ်ကို တစ်ချက်စမ်းကြည့်ပြီး ကုန်လှောင်ရုံ တံခါးကို အသာတွန်းဖွင့်ကာ အတွင်းသို့ ဦးဒိဗ္ဗလျှောဝင်လိုက်သည်။
“မင်္ဂလာပါ”
ကုန်လှောင်ရုံထဲရှိ မီးပွင့်မှိန်မှိန်လေးအောက်မှ ကုလားထိုင်တစ်လုံးတွင် ထိုင်နေသူက နှုတ်ဆက်လိုက်၏။ ထိုသူ၏ ရှေ့တွင် စားပွဲတစ်လုံးရှိပြီး ကုလားထိုင်တစ်လုံးသာ အပိုရှိသည်။ ပရိဘောဂအားလုံးမှာ အိုမင်းဟောင်းနွမ်းနေကြသည်။
မိတ်ဆွေပြောလိုက်သည်ပုံစံနှင့် ထပ်တူဖြစ်နေသော ပုဂ္ဂိုလ်တစ်ဦးကို ဦးဒိဗ္ဗတွေ့မြင်နေရသည်။ အရပ်မြင့်မြင့်၊ လက်ပြင်ကိုင်းကိုင်း၊ နှုတ်ခမ်းထောင့်များ အောက်သို့ကွေးကျနေသည့် ပါးစပ်၊ မြေခွေးအကြည့်မျိုးနှင့် မျက်လုံးကျဉ်းကျဉ်းများကို ပိုင်ဆိုင်သောအဖိုးအိုက သူ့ကို စူးရှရှကြည့်နေသည်။ အဖိုးဘို၏ဘေးမှ သစ်သားတန်း ပေါ်တွင် ကြက်တူရွေးတစ်ကောင် ရှိသည်။ စားပွဲပေါ်တွင် ကြီးမားသော ဆေးထိုးအပ်တစ်ချောင်း တင်ထားသည်။
“ဒီကုန်လှောင်ရုံအကြောင်း မိတ်ဆွေတစ်ယောက်က ပြောပါတယ်” ဦးဒိဗ္ဗက အသံတိုးတိုးဖြင့် ပြောမိသည်။
“လာပါ၊ ထိုင်ပါ။ အဲဒီမိတ်ဆွေက ကျုပ်ယူတဲ့ဈေးနှုန်းကိုလည်း ပြောလိုက်မှာပေါ့ ဟုတ်လား။ တစ်ခါတည်း ယူလာခဲ့ရဲ့လား။
“ဟုတ်ကဲ့။ ဒီမှာပါ” ဦးဒိဗ္ဗက အထုပ်ကို စားပွဲပေါ်တင်ပြီး ကုလားထိုင်မကျိုးအောင် သတိဖြင့်ထိုင်သည်။
“ကျွန်တော် မေးခွန်းလေးတွေ မေးချင်ပါတယ်”
“တွေ့လား။ သူတို့ မေးခွန်းတွေ အမြဲတမ်းမေးကြတယ်”
အဖိုးက ခေါင်းတဆတ်ဆတ်လုပ်နေသော ကြက်တူရွေးကို လှည့်ပြောပြီး ဦးဒိဗ္ဗကို စေ့စေ့ကြည့်သည်။
“မေးပါ”
“ဘာတွေဖြစ်မှာလဲဆိုတာ သိပါရစေ” အဖိုးအို သက်ပြင်းချသည်။
“ဘာတွေဖြစ်မှာလဲ ဟုတ်လား။ ခင်ဗျားကို ကျုပ်က ဆေးတစ်လုံးထိုးပေးမယ်။ ခင်ဗျားသတိမေ့သွားတာနဲ့ ဒီအခန်းထဲမှာ ကျုပ်လျှို့ဝှက်တပ်ဆင်ထားတဲ့ စက်ကိရိယာလေးတွေရဲ့အကူအညီနဲ့ ခင်ဗျားရဲ့စိတ်ကို လွတ်လပ်သွားအောင် ကျုပ်လုပ်မယ်”
“နောက်ပြီးတော့…”
“လွတ်လပ်သွားတဲ့ ခင်ဗျားစိတ်ဟာ ဒီကမ္ဘာနဲ့အပြိုင်တည်ရှိနေတဲ့ ကမ္ဘာပေါင်းများစွာအနက်က တစ်ခုခုကို ရောက်သွားမှာပေါ့” အဖိုးအိုက အားပေးသောအပြုံးတစ်ချက် ပြုံးပြပြီး ဆက်ပြောသည်။
“အပြိုင်ကမ္ဘာတွေ ဘယ်လိုတည်ရှိတယ်ဆိုတဲ့အကြောင်း ကျုပ်ဘယ်လောက်ရှင်းပြပြ ခင်ဗျားနားလည်မယ့်ပုံ မပေါ်ဘူး။ ဒီတော့ ခင်ဗျားရဲ့စိတ်ဟာ ကမ္ဘာတစ်ခုခုကို စိတ်တိုင်းကျရွေးချယ်ပြီး အဲဒီမှာ ယာယီအားဖြင့် သွားနေထိုင်လိမ့်မယ်ဆိုတာသိထားရင် တော်လောက်ပြီ”
♀ ♀ ♀ ♀ ♀
“လူအများစုကြီးဟာ သူတို့ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်ဆိုတာ မသိဘဲ ယောင်ဝါးဝါးနဲ့
သေသွားကြတာ။ လိုချင်တယ်လို့ထင်ရတဲ့အရာတွေနောက် တကောက်ကောက်လိုက်ရင်း
မှားယွင်းတဲ့ရွေးချယ်မှုကြောင့် သေခါနီးမှာ အလိုမပြည့်တဲ့စိတ်နဲ့ နောင်တကြီးစွာ ရသွားကြတာပေါ့”
♀ ♀ ♀ ♀ ♀
“လူအများစုကြီးဟာ သူတို့ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်ဆိုတာ မသိဘဲ ယောင်ဝါးဝါးနဲ့
သေသွားကြတာ။ လိုချင်တယ်လို့ထင်ရတဲ့အရာတွေနောက် တကောက်ကောက်လိုက်ရင်း
မှားယွင်းတဲ့ရွေးချယ်မှုကြောင့် သေခါနီးမှာ အလိုမပြည့်တဲ့စိတ်နဲ့ နောင်တကြီးစွာ ရသွားကြတာပေါ့”
♀ ♀ ♀ ♀ ♀
အဖိုးအိုပြောစကားတို့ကို ဦးဒိဗ္ဗကောင်းစွာ နားမလည်ပါ။ ဖြစ်နိုင်မယ်ဟုလည်း မထင်။ သို့သော် ဦးဒိဗ္ဗ၏ဘ၀တွင် မည်သို့မျှဖြစ်နိုင်လိမ့်မည်ဟု မထင်မှတ်သောအရာတို့ ဖြစ်ခဲ့ပြီးပြီ။ သည်တော့ အဖိုးအို၏စကားတို့ကို မဖြစ်နိုင်ဟု အလွယ်တကူ မပြောသင့်။
“ကျွန်တော့်မိတ်ဆွေ ပြောတာက…”
အဖိုးအို လက်ကာပြသည်။
“ဆန္ဒတွေပြည့်ဝမယ့်အကြောင်း ကျုပ်ရှင်းပြပါ့မယ်”
အဖိုးအို ရှေ့သို့ကိုင်းထိုင်လိုက်သည်။ စိတ်အားထက်သန်မှုကြောင့် မျက်လုံးများတောက်ပနေကြ၏။
“ခင်ဗျားရဲ့စိတ်က ကမ္ဘာတစ်ခုကို ရွေးချယ်လိမ့်မယ်။ ခင်ဗျားအလိုချင်ဆုံး၊ အလိုလားဆုံး၊ တန်ဖိုးအထားဆုံး၊ အလျှံငြီးငြီးဆန္ဒတွေ ပြည့်ဝတဲ့ကမ္ဘာကို ရောက်သွားလိမ့်မယ်။ အဲဒီလိုကမ္ဘာကိုရောက်အောင် ပြင်းပြတဲ့စိတ်ဆန္ဒတစ်မျိုးတည်းကသာ ရွေးချယ်နိုင်စွမ်းရှိတယ်။ အဲဒီမှာ ဘယ်လိုဆန္ဒမျိုးဖြစ်ဖြစ် ပြည့်ဝစေရမယ်”
“ကျွန်တော်လိုချင်တောင့်တတဲ့ ဘယ်လိုဘ၀မျိုးမဆို”
“သိပ်ဟုတ်တယ်။ ခင်ဗျားမှာ လူသတ်ချင်တဲ့ဆန္ဒ သိပ်အားကောင်းနေတယ်ဆိုရင် လူတွေကို ကြိုက်သလို၊ ကြိုက်သလောက်သတ်နိုင်တဲ့ကမ္ဘာရောက်သွားမယ်။ လက်နဲ့သတ်သတ်၊ ဓားနဲ့ခုတ်ခုတ်၊ အနုမြူဗုံးဖောက်ခွဲ ဖောက်ခွဲ။ အဲ ဒီလိုမှမဟုတ်ဘဲ ခင်ဗှားမှာ ကာမဂုဏ်လိုက်စားချင်တဲ့ဆန္ဒ သိပ်ထက်သန်တယ်ဆိုရင် တွေ့ပါလိမ့် မယ်ဗျာ အမျိုးသမီးတွေ၊ အရွယ်စုံ အသွေးစုံ…”
“အို ကျွန်တော် ဒီလိုလူစားမျိုး မဟုတ်ပါဘူး” ဦးဒိဗ္ဗ ဦးဒိဗ္ဗ ရှက်ရွံ့စွာ ပြောသည်။
“ရှေးဟောင်းတရုတ်ပြည်က ပညာရှင်ကြီးဘ၀ကို လိုချင်လား၊ တန်ခိုးအဘိညာဉ်နဲ့ပြည့်စုံတဲ့ ရသေ့ကြီးဘ၀ကို လိုချင်လား၊ သတ္တ၀ါတွေကို ကျွတ်တန်းဝင်အောင်ဟောပြောတဲ့ သူတော်စင်ကြီးလား၊ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဖြစ်ချင်လား၊ နာမည်အကြီးဆုံး ရုပ်ရှင်မင်းသား၊ အအောင်မြင်ဆုံး အဆိုတော်၊ အကျော်ကြားဆုံး အားကစားသမား၊ အို ခင်ဗျားအလိုအားလုံး ဆန္ဒပြည့်ဝတဲ့ဘ၀ကို ရောက်စေရမယ်။ ဘာအကန့်အသတ်မှ မရှိဘူး”
“သိပ်အံ့သြစရာ ကောင်းတာပဲဗျာ” ဦးဒိဗ္ဗ စိတ်ပါလက်ပါ ထောက်ခံသည်။
“ပြဿနာက ကျွန်တော် ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်၊ ဘာကိုတန်ဖိုးထားတယ်ဆိုတာ ကောင်းကောင်း မသေချာဘူးဗျ။ ဆန္ဒတွေက အမျိုးမျိုးပြောင်းတယ်”
“သိပ်မှန်တာပေါ့” အဖိုးအိုက အားပါးတရပြောသည်။
“လူအများစုကြီးဟာ သူတို့ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်ဆိုတာ မသိဘဲ ယောင်ဝါးဝါးနဲ့ သေသွားကြတာ။ လိုချင်တယ်လို့ထင်ရတဲ့အရာတွေနောက် တကောက်ကောက်လိုက်ရင်း မှားယွင်းတဲ့ရွေးချယ်မှုကြောင့် သေခါနီးမှာ အလိုမပြည့်တဲ့စိတ်နဲ့ နောင်တကြီးစွာ ရသွားကြတာပေါ့”
“ကျွန်တော်လည်း ရွေးချယ်မှုမှားယွင်းသွားရင်…”
“ဒီအတွက်တော့ လုံးဝမပူလေနဲ့” အဖိုးအိုက ပိုင်နိုင်စွာပြောသည်။
“ခင်ဗျားရဲ့စိတ်ဟာ အလိုလားဆုံး၊ အနှစ်သက်ဆုံးဆန္ဒ ပြည့်ဝစေမယ့်ကမ္ဘာကို မှန်မှန်ကန်ကန်ရွေးချယ် ရောက်ရှိ သွားမှာပါ”
“ရိုင်းတယ်လို့တော့ မထင်ပါနဲ့ဗျာ” ဆက်ပြောရမှာ ဦးဒိဗ္ဗ အနည်းငယ် အားနာသည်။
“ဒီကိစ္စဟာ အစစ်အမှန်လို့ သေချာပါ့မလား။ ဟိုလေ.. မူးယစ်ဆေးဝါးကြောင့် ထင်ယောင်ထင်မှားဖြစ်နိုင်သလို၊ အိပ်မွေ့ချပြီး အိပ်မက်မက်ခိုင်းတာလည်း ဖြစ်နိုင်တယ်လေ” အဖိုးအို ခေါင်းခါပြသည်။
“ဒါဟာ မူးယစ်ဆေးဝါးကြောင့်မဟုတ်ဘူး။ အိပ်မက်မဟုတ်ဘူးဆိုတာ ခင်ဗျားရဲ့အသွေးအသားထဲက သိမှာပါ။ တကယ်ကို သံသယလေး မြူတစ်မှုံစာရှိတယ်ဆိုရင် ကျုပ်ကို ဘာမှ ပေးစရာမလိုဘူး”
“အဲဒီကမ္ဘာမှာ အမြဲတမ်းနေထိုင်လို့ မရဘူးလားဗျာ” ဦဒိဗ္ဗ မျှော်လင့်အားကိုးစွာ မေးသည်။
အဖိုးအို အနည်းငယ်တွေဝေသွားသည်။
“ကျုပ်အစွမ်းကုန် ကြိုးစားခဲ့တယ်၊ အစွမ်းကုန်ကြိုးစားနေတယ်။ မအောင်မြင်သေးဘူး။ ဒါပေမဲ့ ခင်ဗျားဆန္ဒ ချင်ခြင်းပြေသွားတဲ့အထိ ကြာကြာနေရမယ်လို့တော့ ကျုပ်ပြောဝံ့ပါတယ်။
“ပေးရမယ့်ဈေးနှုန်းကလည်း မယုံနိုင်လောက်အောင် ကြီးမားတယ်နော်”
“ဟုတ်တယ်၊ မယုံနိုင်စရာကောင်းတဲ့ကိစ္စအတွက် မယုံနိုင်စရာဈေးနှုန်းကို တောင်းရတာပေါ့။ ဒါပေမဲ့ ကျုပ်က မျှတပါတယ်။ ဆင်းရဲချမ်းသာမရွေး ဘယ်သူမဆို ပိုင်ဆိုင်သမျှ အကုန်ပေးရမယ်။ ကိုယ်ပေါ်မှာရှိတဲ့ အ၀တ်အစားက လွဲလို့ပေါ့လေ”
လူတစ်ယောက်ပိုင်ဆိုင်သမျှ အကုန်ပေးရမည်ဆိုသည်က အလွန်ကြီးမားသော ဈေးနှုန်းဖြစ်သည်။ ထို့ထက်ပို၍ ကြောက်စရာကောင်းသော ကိစ္စတစ်ခုကလည်း ရှိသေး၏။
“ကျွန်တော့ရဲ့လက်ကျန်သက်တမ်းထဲက ဆယ်နှစ်လျော့ပါးသွားဦးမယ်”
“အဲဒါတော့ ကျုပ်တတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ခင်ဗျားစိတ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှိတဲ့ဆန္ဒပြည့်ဝပြီး တဲ့နောက်မှာ အာရုံကြောစနစ်၊ နာဗ်ကြောစနစ်တွေ ထိုခိုက်ယိုယွင်းမှုဖြစ်သွားတာကို တားဆီးကာကွယ်နိုင်မယ့် နည်းလမ်းမရှိဘူး”
အဖိုးအို၏အသံက အလွန်ပြတ်သားသည်။ ဈေးဆစ်၍ရနိုင်ရန် အကြောင်းမမြင်။ အဖိုးအိုက မထီမဲ့မြင်တစ်ချက် ပြုံးလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ” ဦးဒိဗ္ဗ တိုးညင်းစွာပြောသည်။
♀ ♀ ♀ ♀ ♀
ညနေမှောင်ရီပျိုးစအချိန်တွင် ဦးဒိဗ္ဗ ကားမောင်း၍ပြန်လာခဲ့သည်။ သူ့ခေါင်းထဲတွင် ရီဝေအုံ့ဆိုင်းနေ၏။ အိမ်ရောက်သော် မိသားစုက ကိစ္စရပ်ကိုယ်စီဖြင့် သူ့အားစောင့်မျှော်နေကြကြောင်းတွေ့ရသည်။ ဇနီးဖြစ်သူ “နန္ဒီ” က အိမ်ဖော်ကောင်မလေး ယခုတလော လမ်းများလွန်းနေ၍ လိုအပ်သလိုဆုံးမသင့်ကြောင်း တင်ပြသည်။ သားဖြစ်သူ “ပြည်ဦး”ကမူ တီဗွီဂိမ်းထဲမှ မိစ္ဆာကောင်ကိုအနိုင်တိုက်ရာတွင် ဖခင်၏အကူအညီ လိုအပ်နေ၏။ မူကြိုကျောင်းသူ “မိုးအိ” က တစ်နေ့တာကျောင်းတွင်းအတွေ့အကြုံများကို တက်ကြွစွာပြောပြရန် စောင့်ဆိုင်း နေသည်။
အိမ်ဖော်ကောင်မလေးကို ပြေပြစ်စွာ၊ သို့သော် ခိုင်မာစွာ သတိပေးဆုံးမစကားပြောသည်။ သားဖြစ်သူ၏ ဂိမ်းကို လေ့လာပြီး မည်သို့ဆက်လက်ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။ သမီး၏ ကျောင်းကစားကွင်းမှ စွန့်စားခန်းဇာတ်လမ်းရှည်ကြီးကိုမူ ညစာစားပြီးမှ ဦးဒိဗ္ဗနားထောင်နိုင်တော့သည်။ ညအိပ်ရာဝင်ချိန်တွင်တော့ နန္ဒီက မေးသည်။
“ကိုဒိဗ္ဗ၊ ရှင်ဘာဖြစ်နေတာလဲ ယောက်ျား”
“ဘာဖြစ်လို့…”
“ရှင့်မျက်နှာကြည့်ရတာ တစ်မျိုးပဲ။ အလုပ်သိပ်ပင်ပန်းနေလား။ ကျွန်မနဲနဲနှိပ်ပေးရမလား”
ခေတ်ပေါ်စီးပွားရေးသမားတစ်ယောက်၏အလုပ်က အမြဲလိုလိုခေါင်းရှုပ်ရသည်။ ကမ္ဘာ့ငွေကြေး၊ ရွှေဈေး အတက် အကျ၊ ရာသီဥတု၊ ရောင်းလိုအားနှင့်ဝယ်လိုအား၊ ပြိုင်ဘက်တို့၏ခြေလှမ်းများအားလုံးကို ချိန်ဆတွက်ချက် လုပ်ဆောင်ရသည်။ ဤလုပ်ငန်းသဘာဝကို နန္ဒီနားမလည်နိုင်။ ထို့ပြင် ဇနီးသည်ကို အသိပေး၍မဖြစ်သော တချို့ ကိစ္စလေးများ ရှိသေးသည်။
“ရပါတယ်ကွာ။ တကယ်လို့ပင်ပန်းရင်လည်း မင်းအနားရောက်တော့ အမောပြေသွားတာပါ” ဦးဒိဗ္ဗ နူးနူးညံ့ညံ့ပြောရင်း ဇနီးသည်ကို အနားသို့ဆွဲယူလိုက်သည်။
နောက်နေ့နောက်နေ့များတွင်လည်း အလုပ်များသည်။ အကြမ်းဖက် သမားများကိစ္စ၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲ၊ တရုတ်ပြည်စီးပွားရေး၊ စစ်ပွဲအသစ်ဖြစ်ရန်အလားအလာ၊ ကမ္ဘာ့ရေနံဈေးနှုန်းစသည်ဖြင့် စီးပွားရေး သမားတစ်ယောက် သိထားရန်၊ လေ့လာရန်ကိစ္စတို့ အလွန့်အလွန်များပြားသည်။
အိမ်ဖော်မလေးအလုပ်ထွက်သွားသောကြောင့် အိမ်ဖော်အသစ်ရှာရသည်။ သားနှင့်သမီး တလှည့်စီနေမကောင်း ဖြစ်သောကြောင့် ထွေးထွေးပိုက်ပိုက်ပြုစုရသည်။ ဇနီးသည် သွေးတိုးသလိုဖြစ်၍ ဆေးရုံပြလိုက်ရသည်။ စသည်ဖြင့် ဦးဒိဗ္ဗ အလုပ်များ၊ စိတ်များနေရသည်။
ယင်းသို့ဖြင့် အရေးကြီးသည်ထင်ရသောကိစ္စများ၊ အရေးကြီးသောကိစ္စများကြားတွင်လှုပ်ရှားရင်း အရေးအကြီးဆုံး ကိစ္စတစ်ခုကို ဦးဒိဗ္ဗ မေ့လျော့စပြုလာသည်။၊ ကြာလာသော် သူ့နှလုံးသားထဲမှ အတောင့်တဆုံး ဆန္ဒ၊ ဘ၀တွင် တန်ဖိုးအထားဆုံးအရာတို့ ဘာဖြစ်သည်ဆိုခြင်းကိုပင် ဦးဒိဗ္ဗ မေ့လျော့သွား၏။
မည်သို့ဆိုစေ ဦးဒိဗ္ဗတွင် ဖခင်ကို ချစ်ခင်တွယ်တာအားကိုးသော သားနှင့်သမီးရှိသည်။ ခင်ပွန်းသည်ကို အရိပ်တကြည့်ကြည့်ဖြင့် ပြုစုစောင့်ရှောက်တတ်သော၊ သူနှင့်အထိုက်တန်လောက်အောင် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ အတွေးအခေါ် သာလွန်သော ဇနီးသည် နန္ဒီရှိသည်။ သူတို့မိသားစုအတွက် ဦးဒိဗ္ဗ ကြိုးစား၍ စီးပွားရှာဖွေသည်။ ပို၍ အောင်မြင်လာသည်။ ပို၍ အလုပ်များလာသည်။ ပို၍မြင့်မားသောအဆင့်နှင့် ကိုက်ညီအောင် ပို၍ကောင်းသော အိမ်ဆောက်သည်။ ပို၍ကောင်းသောကား၊ ပို၍ကောင်းသော အသုံးအဆောင်၊ ပို၍.. ပို၍..။
♀ ♀ ♀ ♀ ♀
“အဟမ်း.. အဟမ်း” ချောင်းဟန့်သံကြောင့် ဦးဒိဗ္ဗအသိဝင်လာသည်။ မျက်လုံးများကိုဖွင့်ပြီး မျက်တောင် တစ်ချက်နှစ်ချက်ခတ်သည်။ အဖိုးအို၊ ကြက်တူရွေးနှင့် အခန်းဝန်းကျင်ကို ကြည့်ရှုပြီးနောက် သူမည်သည့်နေရာ ရောက်နေကြောင်း သတိရသွားသည်။
“ခင်ဗျားအလိုလားဆုံးဆန္ဒတွေ ပြည့်ဝတဲ့ကမ္ဘာကို ရောက်ခဲ့ရဲ့လား“ အဖိုးအို မေးခွန်းထုတ်သည်။
“ဟုတ်ကဲ့”
အမှန်တကယ်ရောက်ခဲ့ကြောင်း ဦးဒိဗ္ဗ ကောင်းစွာသိပါသည်။
“ဘယ်လိုကမ္ဘာလဲဗျ”
“ကျွန်တော့် အတိတ်ဇာတ်ကြောင်း အစိတ်အပိုင်းလေး တည်ရှိတဲ့ကမ္ဘာပါ”
“တွေ့လား၊ သူတို့ အမြဲတမ်း ဒီလိုပဲ” အဖိုးအိုက ကြက်တူရွေးကို လှည့်ပြောသည်။
“ဒါနဲ့ အဲဒီမှာ ခင်ဗျား ဘာတွေ လုပ်ခဲ့လဲ။ လူတွေဘာတွေ သတ်ခဲ့သေးလား”
“အဲဒီကိစ္စ ကျွန်တော် မဆွေးနွေးပါရစေနဲ့ခင်ဗျာ”
ယဉ်ကျေးသော်လည်း ခိုင်မာသောအသံဖြင့် ဦးဒိဗ္ဗ ပြောသည်။
“ဟုတ်ပါပြီလေ။ ခင်ဗျားကျေနပ်တယ်ဆိုရင် ပေးစရာရှိတာ ပေးလို့ရပါပြီ”
“ဟုတ်ကဲ့။ စားပွဲပေါ်တင်ထားသောလက်ကို မသိမသာတုန်ယင်သောလက်များဖြင့် ဦးဒိဗ္ဗ ဖွင့်သည်။ အတော်ဆွေးရိနေပြီး အရောင်အဆင်းကင်းမဲ့နေပြီးဖြစ်သော စောင်တစ်ထည်၊ ယင်းနှင့် အသွေးအမွှေးတူ ပါးလျှပ်လျှပ် ရော်ဘာခြေညှပ်ဖိနပ်တစ်ရံ၊ နွမ်းကျေစုတ်ပြဲနေသော မိုးကာအင်္ကျီတစ်ထည်တို့ ပေါ်ထွက်လာ၏။
အဖိုးအို၏မျက်လုံးများ ၀င်းလက်သွား၏။ “ကျေနပ်တယ်၊ ဖိနပ်တောင်ပါတယ်။ ခင်ဗျားပိုင်ဆိုင်သမျှ ဒါအကုန်ပဲဆိုတာ ကျုပ်သိတယ်”
သိုလှောင်ရုံအပြင်သို့ ဦးဒိဗ္ဗထွက်ခဲ့သည်။ မာကျောသောအုတ်လမ်းမှ အအေးဓာတ်က ဖိနပ်မဲ့ဖ၀ါးပြင်ကို ဖောက်ထွင်း၍ ကိုယ်ခန္ဓာထဲဝင်လာသည်။ ပိုင်ဆိုင်သမျှအားလုံးပေးလိုက်ရသော်လည်း ထိုက်တန်သည်ဟု ဦးဒိဗ္ဗ တွေးသည်။ ယခုအချိန်တွင် သူအလိုလားဆုံးဆန္ဒ၊ အဖြစ်လိုဆုံးဘ၀၊ တန်ဖိုးအထားဆုံးအရာတို့ကို တစ်ချိန်က ပိုင်ဆိုင်ခဲ့သည်ဆိုသော အသိကြောင့် ဦးဒိဗ္ဗ သေပျော်ပြီ။
♀ ♀ ♀ ♀ ♀
ကြိုးပြတ်၍လွင့်မျောနေသောစွန်နောက် အငမ်းမရလိုက်ရင်း ကားတိုက်ခံလိုက်ရသည့်
ကလေးငယ်တစ်ဦး အကြောင်း အာရုံထဲ ဖျက်ကနဲဝင်လာ၍ ဦးဒိဗ္ဗ မဲ့ပြုံးပြုံးမိ၏။ အရေးမပါသော
အရာများနောက် မက်မောစွာလိုက်ရင်း ဘ၀ပျက်ရသူတို့ထဲတွင် သူလည်းပါဝင်သည်။
♀ ♀ ♀ ♀ ♀
ကြိုးပြတ်၍လွင့်မျောနေသောစွန်နောက် အငမ်းမရလိုက်ရင်း ကားတိုက်ခံလိုက်ရသည့်
ကလေးငယ်တစ်ဦး အကြောင်း အာရုံထဲ ဖျက်ကနဲဝင်လာ၍ ဦးဒိဗ္ဗ မဲ့ပြုံးပြုံးမိ၏။ အရေးမပါသော
အရာများနောက် မက်မောစွာလိုက်ရင်း ဘ၀ပျက်ရသူတို့ထဲတွင် သူလည်းပါဝင်သည်။
♀ ♀ ♀ ♀ ♀
ကြိုးပြတ်၍လွင့်မျောနေသောစွန်နောက် အငမ်းမရလိုက်ရင်း ကားတိုက်ခံလိုက်ရသည့် ကလေးငယ်တစ်ဦး အကြောင်း အာရုံထဲ ဖျက်ကနဲဝင်လာ၍ ဦးဒိဗ္ဗ မဲ့ပြုံးပြုံးမိ၏။ အရေးမပါသော အရာများနောက် မက်မောစွာလိုက်ရင်း ဘ၀ပျက်ရသူတို့ထဲတွင် သူလည်းပါဝင်သည်။ စီးပွားရေးအအောင်မြင်ဆုံးအချိန်တွင် အိမ်ထောင်ရေးပြိုကွဲခဲ့သည်။ ယခုတော့ ဦးဒိဗ္ဗဘ၀ထဲတွင် နန္ဒီနှင့်ကလေးနှစ်ယောက် မရှိကြတော့ပါ။
မြောက်လေတစ်ချက် တိုက်ခတ်လိုက်သောကြောင့် ဦးဒိဗ္ဗ ချမ်းတုန်သွားသည်။ အတိတ်ကိုတွေးတောရန် အချိန်မရှိ။ သူ၏ အသက်ရှင်သန်ရပ်တည်မှုအတွက် ကြိုးစားအားထုတ်ရဦးမည်။
ယနေ့ညအတွက် ခြုံစရာစောင်မရှိ။ သည်တော့ မြို့လယ်တံတားကြီးအောက် စောစောရောက်မှဖြစ်မည်။ ဆောင်းရာသီညများတွင် ထိုနေရာသို့ လာရောက်အိပ်စက်သူ အိမ်ခြေရာမဲ့တို့ များလှ၏။ သို့ရာတွင် ညဈေးတန်း၌ အချိန်ခေတ္တ ကုန်ဆုံးသင့်သည်။ အချို့ဆိုင်များက ရံဖန်ရံခါ စားကြွင်းစားကျန်များ ပေးတတ်သည်။
◄ ဌေးဦးကျော် ►
(The store of the world by Robert Sheckly ကို မှီးပါသည်။)
ဆရာဌေးဦးကျော်ရဲ့ ၂၀၀၄ ဒီဇင်ဘာလထုတ်၊ စတိုင်သစ်မဂ္ဂဇင်းပါ သိပ္ပံဝထ္ထုတိုအား ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။ ၀ထ္ထုတွင် စဉ်းစားဆင်ခြင်စရာ၊ သတိထားသင့်စရာများ အပါအ၀င် နူးညံ့သည့် ရသတစ်မျိုး စိမ့်ဝင်နေကြောင်း ခံစားမိပါသည်။
◄ တေဇာ ►
Comments
Post a Comment