အခုဘာဖြစ်နေတာလဲ...? ကျွန်တော်မေးပါရစေ၊ ခင်ဗျားသိလား။ အခု ကျွန်တော်စာရေးနေတယ်။ လေးကြောင်းမြောက်ဝါကျကို ရောက်ပြီ။ အခု ငါးကြောင်းမြောက်။ ဟော... ခြောက်ကြောင်း...! မဟုတ်သေးဘူး... ကျွန်တော်က ရေးနေတာတော့ဟုတ်ပါပြီ၊ ခင်ဗျားက ဖတ်နေတာပဲ။ ရှစ်ကြောင်းမြောက်ဝါကျကိုဖတ်နေပြီ။ အခု ကိုးကြောင်းမြောက်....။ ဒါလည်း မဟုတ်သေးပါဘူး။
ငယ်ငယ်က လောက်စာလုံးလေးတွေကို ပစ်ဆော့တဲ့ ကစားနည်းဆော့တယ်။ ကျွန်တော်က ပိစိကွေးလေး...။ သူငယ်တန်းကျောင်းသားလေးပေါ့။ ရွာက တခြားကစားဖော်သူငယ်ချင်းတွေက အကုန် အသက်ကြီးမှ ကျောင်းတက်ကြတာ...။ ကျွန်တော့်ထက် လေးငါးနှစ် ကြီးကြတဲ့ လူတွေချည်းပဲ။ သူတို့က လက်လည်းတည့်တယ်...။ ကစားတိုင်း ကျွန်တော် ရှုံးတာချည်းပဲ။ လောက်စာလုံးက ရွှံ့စေးစေးပိုင်ပိုင်ကို ကိုယ်တိုင်ရှာတူးပြီး စိတ်ရှည်လက်ရှည်လုံးထားရတာ...။ ကျွန်တော့် လောက်စာလုံးလေးတွေ ရှုံးရင် နှမျောတယ်။ အဲဒါပေမဲ့ မကစားလို့လဲ မဖြစ်ပြန်ဘူး။ နေ့တိုင်းကစားလာတာ...။ ပြီးတော့ ကျွန်တော့်မှာ လောက်စာလုံးလေးတွေ ရှိနေတယ်လေ...။ ဒီနေ့ မပါသေးဘူး ပြောလို့လဲ မဖြစ်ပြန်ဘူး။ မင်း ငကြောက်ပဲလို့ အပြောခံရမှာလည်း စိုးတယ်။ ဆော့ရင်လည်း ကျိန်းသေပေါက်ရှုံးမှာပဲ။ နည်းနည်းရှုံးနဲ့ များများရှုံး ဒါပဲကွာတယ်။ အရှုံးနည်းအောင် ကြိုးစားဖို့ပဲရှိတယ်။ နေ့တိုင်း ရှုံးသွားတဲ့ လောက်စာလုံးလေးတွေ ပြန်ပြန်လုံးရတာက အလုပ်တစ်ခုလို ဖြစ်နေတယ်။ သူတို့ကတော့ ကျွန်တော့်ဆီက နိုင်သွားတဲ့ လောက်စာလုံးလေးတွေနဲ့ ကြက်ကလေးငှက်ကလေးတွေ လိုက်ပစ်ကြမှာပေါ့။ ချောင်ပိတ်မိသလို ဖြစ်နေတယ်။ ဒီကစားနည်းကို ကျွန်တော်မဆော့ချင်တော့ဘူး။ ထွက်လိုက်ပြီး ဘေးကထိုင်ကြည့်နေချင်တယ်။ ဒါပေမဲ့ ထွက်လို့မရဘူး။

♀ ♀ ♀ ♀ ♀
အခုဘာဖြစ်နေတာလဲ??? ဆိုတော့ .... ကျွန်တော် စာရေးနေတယ်ပေါ့။ ခင်ဗျားက
ကျွန်တော်လျှောက်ရေးနေတာတွေ လိုက်ဖတ်နေတယ်ပေါ့...။ နေပါဦး ကျွန်တော်က ဘာလို့ ဒီအချိန်၊
ဒီနေရာမှာ ဒီစာတွေ ရေးနေရတာပါလိမ့် ??? ခင်ဗျားကရော... အဲဒီအချိန်...အဲဒီနေရာမှာ... ဘာဖြစ်လို့
ဒီစာတွေ ဖတ်နေရတာလဲ ??? အခုဖြစ်နေတာ ဘာကြီးလဲ ???

အဲဒီအတွေ့အကြုံနဲ့ယှဉ်ပြီး ... အဲဒီအရွယ်ထဲက ဖြစ်တည်မှုရဲ့ ထွက်ပေါက်မဲ့ခြင်းကို ကျွန်တော်သတိပြုခဲ့ မိတယ်။ လူဖြစ်လာမှ အမေ့ဗိုက်ထဲပြန်ဝင်လို့လဲ မရတော့ဘူး။ ဖြစ်ချင်ရာဖြစ် ကိုယ့်ကိုယ်ကိုသတ်သေလိုက်ပြန် ရင်လည်း ကျန်ရစ်သူတွေက ငကြောက်လို့ ကင်ပွန်းတပ်ကြဦးမယ်။ အဲဒီအချိန်တုန်းကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ကိစ္စအထိ မစဉ်းစားမိခဲ့ဖူးပေါ့...။ ရိုးရိုးရှင်းရှင်းပဲ... “ထွက်လို့မရတဲ့ ကစားပွဲထဲ ငါရောက်နေရတယ်။ ဘာလို့ ငါက မကစားချင်ဘဲ ကစားနေရတာလဲ။ အရှုံးခံပြီး ကစားနေရတာလဲ။ ငါ့ကို ဘယ်သူက ဒီလိုကစားဝိုင်းထဲ အတင်းဆွဲသွင်းထားတာလဲ။ ဘေးကနေ ငြိမ်ငြိမ်လေးထိုင်ပြီး သူတို့ကစားတာကိုပဲ ထိုင်ကြည့်နေရရင် အရမ်းကောင်းမှာပဲ...။ အခုဘာဖြစ်နေတာလဲ ??? ”
ဒီလိုပြောလို့... ဘ၀ရဲ့အဓိပ္ပာယ်ကို ငယ်ငယ်လေးထဲက မေးခွန်းထုတ်ခဲ့တယ်ဆိုပြီး ကိုယ်ရည်သွေးချင်တာ၊ ဉာဏ်ကြီးရှင်လို့ အထင်ခံချင်တာတော့ မဟုတ်ဘူး။ ဒီလို မဟုတ်ဖူးလို့ ပြန်ရှင်းနေရတာလဲ... ကျွန်တော့်ကို အထင်လွဲမှာစိုးလို့တော့ မဟုတ်ဘူး။ လွဲချင်လဲ လွဲပေါ့။ ကျွန်တော်က ဘာတတ်နိုင်မှာလဲ။ အဲ... ခင်ဗျားကျွန်တော့်ကို ကိုယ်ရည်သွေးတယ်လို့ ထင်သွားတဲ့အချိန်မှာ ... နောက်ဆက်လာမယ့် စာသားတွေကိုလည်း အချဉ်ပေါက်တဲ့ စိတ်ထားနဲ့သာ သုံးသပ်တော့မှာ။ ဒါမျိုးကျတော့လည်း သိပ်မကောင်းသေးဘူး ထင်မိလို့။
တကယ်တန်းကျတော့ ကျွန်တော်က တစ်စုံတစ်ယောက်အတွက်၊ စာဖတ်သူအတွက်၊ ခင်ဗျားအတွက် ရည်ရွယ်ပြီး ရေးလိုက်တာမျိုးတော့လဲ မဟုတ်ဘူး။ ဒါဆို ရေးနေရတဲ့ရည်ရွယ်ချက်က ဘာလဲလို့ မေးမယ်ဆိုရင် ရေးနေတာကကို ကျွန်တော့်ရဲ့ရည်ရွယ်ချက်လို့ ပြန်ဖြေရမှာပဲ။ ဟုတ်တယ် ခင်ဗျားအကျိုးရှိရာ ရှိကြောင်း အရေးအသားတစ်ခုခု ကျွန်တော် ရေးနိုင်မှာမဟုတ်ဘူး။ ရေးနိုင်အောင်လဲ ကြိုးစားမှာမဟုတ်ဘူး။ ကျွန်တော်တို့အားလုံး ထွက်ပေါက်ပိတ်နေပြီးသားပဲ...။ အားလုံး အတူတူနဲ့ အနူနူချည်းပဲ။ ဒါကို လူတတ်ကြီးလုပ်ပြီး ရှေ့က လမ်းပြသလိုလို အချိုးမျိုးချိုးနေလို့လဲ ဘယ်ကောင်းမလဲ။ ကျွန်တော်က အဲဒီလို ထွက်ပေါက်ပိတ်နေတဲ့အကြောင်းလေးကို ကိုယ့်ဟာကို ဖွင့်ဟကြည့်နေတာပါ။
အခုဘာဖြစ်နေတာလဲ ??? ခင်ဗျားက ကျွန်တော် လျှောက်ရေးထားတာတွေကို လိုက်ဖတ်နေတယ်။ ကျွန်တော်က လျှောက်ရေးနေတယ်။ စာလုံးတွေပေါ်ကတဆင့် အပြင်မှာ မျက်နှာချင်းဆိုင်မြင်လိုက်ရသလို ခင်ဗျားနဲ့ ကျွန်တော် စိတ်ချင်းဆိုင်နေတယ်။ ဒါပေမဲ့ ခင်ဗျားနဲ့ ကျွန်တော်ဟာ နီးစပ်မှုမရှိဘူး။ လုံးဝခြားနားနေတယ်။ လုံးဝ ဆက်သွယ်ချက်မရှိဘူး။ ဘာလို့လဲဆိုတော့ ကာလနဲ့ဒေသက ခြားနားသွားပြီကိုး။ ကျွန်တော်က ဒီစာကို ရေးပြီးခဲ့ပြီ။ ခင်ဗျား အခုဖတ်နေတဲ့အချိန်မှာ ကျွန်တော်ဒီစာရေးနေတဲ့အချိန်မဟုတ် တော့ဘူး။ နေရာချင်းလဲ မတူနိုင်ဘူး။ ကျွန်တော် သက်ရှိထင်ရှားရှိနေသေးရဲ့လားတောင် မသေချာတော့ဘူး။ ကျွန်တော် ဒီပို့စ်ကို တင်တဲ့နေ့ကို ခင်ဗျား ပြန်ကြည့်ပြီး ခင်ဗျားအခုရောက်နေတဲ့ သက္ကရာဇ်နဲ့ ချိန်စက်ကြည့်ရ ဦးမယ်။ နှစ်ပေါင်း (၅၀) လောက်ကွာဟနေရင်တော့ ကျွန်တော် မရှိတော့ဘူးဆိုတာ သေချာသလောက်ရှိပြီလို့ သာ မှတ်ပေတော့။ ဒီဘလော့ဂ်ကတော့ ကျွန်တော်သေသွားလည်း ကျန်ရှိကောင်း ကျန်ရှိနေနိုင်သေးတာကိုး။ ဒီတော့ ဒီစာလုံးလေးတွေပေါ်ကနေ ခင်ဗျားနဲ့ကျွန်တော် ပတ်သက်မှုတစ်စုံတစ်ရာတော့ ရှိသွားခဲ့ပြီပေါ့။ ဒါပေမဲ့ ခင်ဗျားက ခင်ဗျားပဲ။ ကျွန်တော်က ကျွန်တော်ပဲ။ ကျွန်တော်တို့ချင်း နားလည်မှု မရှိဘူး။ တကယ်တော့ လူသားအားလုံးဟာ သက်သက်စီချည်းပဲ။ ရေလောဂျစ်လို ရောစပ်သွားတာမျိုးမှ မဟုတ်တာ။ ကျွန်တော်တို့အားလုံးဟာ တသီးတခြား တည်ရှိနေကြတဲ့ ရေညှိတက်ကျောက်တုံးတွေပဲ...။
သန်းခြောက်ထောင်ကျော် လူသားတစ်ယောက်ချင်းစီဟာ ကိုယ်စီကိုယ်ငှ အထီးကျန်နေကြတာချည်းပဲ။ ခင်ဗျားရဲ့ စိတ်ခံစားမှုကို ခင်ဗျားပဲ ခံစားနိုင်တာကိုး...။ မှန်းဆပြီး ကိုယ်ချင်းစာပြလို့ရပေမဲ့ သူက တကယ်ခံစား ရတာမဟုတ်ဘူး။ ခင်ဗျားအမေဆုံးတာ ကျွန်တော့်အမေဆုံးတာမဟုတ်ဘူး။ (ညီအစ်ကိုမောင်နှမတွေကတော့ ခြွင်းချက်ပေါ့) ကျွန်တော်က စိတ်မကောင်းချင်ယောင်ဆောင်ပြလို့ရပေမဲ့ ကျွန်တော်ခံစားရတာက ခင်ဗျားအတွက် “စိတ်မကောင်းမှု” ပဲ။ ခင်ဗျားလို မိခင်အတွက် “အကြီးအကျယ်ဝမ်းနည်းနေတဲ့စိတ်” ခံစားရတာမဟုတ်ဘူး။ ခင်ဗျားလို နင့်နင့်သီးသီးခံစားချက်မျိုး ကျွန်တော့်မှာ ရှိနေမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် ဟန်ဆောင်ထားရတယ်။ တခြားအရာတွေ အားလုံးလည်း ထိုနည်းလည်းကောင်းပဲ။ ကျွန်တော်တို့ဟာ လူဦးရေပြည့်ကြပ်နေတဲ့ကမ္ဘာကြီးပေါ်မှာ ကြောက်ခမန်းလိလိ အထီးကျန်နေကြတယ်။ အထီးကျန်ခြင်း ကျိန်စာ ကျွန်တော်တို့ဆီမှာ သင့်နေခဲ့တယ်။

ကံကောင်းတာက လူတွေရဲ့ ကြောက်ရွံ့တုန်လှုပ်စရာ အထီးကျန်မှုကြီးကို မိမိကိုယ်ကိုမိမိ
လှည့်စားခြင်းနဲ့ အပေါ်ယံရွှေမှုန်ကြဲမှုတွေနဲ့ လူသားအများစုဟာ ဖာထေး နိုင်ခဲ့ကြတယ်။ နွေးထွေးမှု၊
ကြင်နာမှု၊ ကိုယ်ချင်းစာတရားစတဲ့ ချိုပျစ်ပျစ်စကားလုံးတွေနဲ့ နားလှည့်ပါးရိုက်
လုပ်ထားနိုင်ခဲ့ကြတယ်။

အဆုံးစွန်ပြောရရင် ချစ်တင်းနှီးနှောရာမှာတောင် ယောက်ျားလေးနဲ့ မိန်းကလေးဟာ ပိုမိုရင်းနှီးသွားကြတာမျိုး မဟုတ်ဘူး။ ကိုယ်ခန္ဓာချင်းသာ ကူးလူးဆက်ဆံမှုရှိပြီး စိတ်ချင်းက ကမ္ဘာခြားနေဆဲပဲရှိသေးတယ်။ အဆုံးစွန်ကျေနပ်သာယာမှု (Orgasm) ကိုတောင် တစ်ပြိုင်နက် ခံစားချင်မှ ခံစားရနိုင်တာမျိုး...။ ဒီတော့ ဒီကိစ္စဟာ ကြောက်စရာကြီးမဟုတ်ဘူးလား။ ကံကောင်းတာက လူတွေရဲ့ ကြောက်ရွံ့တုန်လှုပ်စရာ အထီးကျန်မှုကြီးကို မိမိကိုယ်ကိုမိမိ လှည့်စားခြင်းနဲ့ အပေါ်ယံရွှေမှုန်ကြဲမှုတွေနဲ့ လူသားအများစုဟာ ဖာထေး နိုင်ခဲ့ကြတယ်။ နွေးထွေးမှု၊ ကြင်နာမှု၊ ကိုယ်ချင်းစာတရားစတဲ့ ချိုပျစ်ပျစ်စကားလုံးတွေနဲ့ နားလှည့်ပါးရိုက် လုပ်ထားနိုင်ခဲ့ကြတယ်။ အကောင်းမြင်ဝါဒ (Optimism) နဲ့ ဒီအဖြစ်ဆိုးကြီးကို ကျားကန်ထားနိုင်ခဲ့ကြတယ်။ အရင်ထဲက ယုံချင်ချင်ဖြစ်နေတဲ့ လူသားတွေက သကြားအုပ်ထားတဲ့ အခါးဆုံးဆေးလုံးတွေလို မျက်စိမှိတ်မျိုချလိုက်ကြတယ်။ လူအများစုက မခါးကြဘူး။ ဒါပေမဲ့ ကျွန်တော်ခါးတယ်။ ဒီဆေးလုံးကို ကျွန်တော့်မှာ ခါးခါးသီးသီး သောက်မျိုရတယ်။ ဒါပေမဲ့ ကျွန်တော် သေမသွားဘူး။ ခါးခါးကြီးအသက်ရှင် နေရတယ်။ ဒီကစားပွဲမှာ ကျွန်တော်နဲ့ အရင်းပျံထားတဲ့ သူငယ်ချင်းမရှိဘူး။ ကျွန်တော် နေ့တိုင်း လောက်စာလုံးလုံးနေရတယ်။
ဘုရင့်နောင်က နောင်ရိုးတိုက်ပွဲမှာ ဖောင်ဖျက်ခဲ့တာ ကောင်းတယ်။ ဘုရင့်နောင်ဖောင်ဖျက်တဲ့ဗျူဟာကို လက်တွေ့ဘ၀မှာအသုံးချဖို့ လျှောက်အကြံပေးတာတော့ မဆီလျော်ဘူး။ ဘယ်ဖောင်ကို ကျွန်တော်တို့က သွားဖျက်ရမှာလဲ။ မွေးကင်းစကလေးဘ၀ထဲက အမေ့ဗိုက်ထဲ ပြန်ဝင်လို့ မရတော့ဘူး။ သေမှပဲ ကျွန်တော်တို့ ဒီကထွက်သွားလို့ရတော့မှာ။ ကျွန်တော့်လောက်စာလုံးလေးတွေ ကုန်မှ ကျွန်တော် အိမ်ပြန်လို့ရမှာ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကြိုးစားတဲ့ ကစားသမားတွေဖြစ်ခဲ့သားပဲ။ လက်မတည့်ပေမဲ့ ခေါင်ကို ချိန်ပစ်ခဲ့သားပဲ။ မထိတာတော့ မတတ်နိုင်ဘူးပေါ့။ ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ်တွေပဲ။ ကစားပွဲကသာ နောင်ရိုးတိုက်ပွဲထက်ပိုပြီး ရက်စက်ခဲ့လို့သာ...။ အသက်ရှင်လျက် ကျွန်တော်တို့ အိမ်မပြန်ကြရဘူး...။
အခုဘာဖြစ်နေတာလဲ ??? ခင်ဗျားက ကျွန်တော် တချိန်ချိန်က လျှောက်ရေးထားခဲ့တာတွေကို ဖတ်နေတယ်။ အခု ကျွန်တော်က လျှောက်ရေးနေတယ်။ ခင်ဗျားနဲ့ကျွန်တော်နဲ့ဟာ အချိန်ရယ်နေရာရယ် မတူကွဲပြားနေတဲ့ အဝေးဆုံးအရပ်က လူသားနှစ်ယောက်ပဲ။ ကျွန်တော်တို့ ဒီစကားလုံးတွေပေါ်မှာ အကြည့်ချင်းလာဆုံနေ ကြတယ်။ ခင်ဗျားအကြောင်း ကျွန်တော်မသိဘူး။ ကျွန်တော့်အကြောင်း ခင်ဗျားမသိဘူး။ ကျွန်တော်တို့ တစိမ်းတွေပဲ...။ ကျွန်တော့်ကြောင့် ခင်ဗျားရဲ့ ဆေးလုံးက သကြားကပ်လေး အဖတ်လိုက်ကွာကျသွားမှာတော့ ကျွန်တော် မလိုလားဘူး။ တကယ်ပါ ခင်ဗျားကို ခါးမသွားစေချင်ဘူး။ ဒါပေမဲ့... ကျွန်တော်က ကျွန်တော် ခါးတဲ့ အကြောင်းသာ ပြောနေတာပါ။ ကျွန်တော့်မှာ ရည်မှန်းချက်ကြီးကြီးမားမားမရှိဘူး။

ကစားပွဲကသာ နောင်ရိုးတိုက်ပွဲထက်ပိုပြီး ရက်စက်ခဲ့လို့သာ...။ အသက်ရှင်လျက် ကျွန်တော်တို့
အိမ်မပြန်ကြရဘူး...။

သြော်... ဒါနဲ့ ရည်မှန်းချက်ဆိုတာ ထားရမယ်လို့ ခင်ဗျား ဖတ်ဖူးခဲ့တာ သတိရသွားပြီလား။ ကျွန်တော် ခင်လို့ သတိပေးမယ်ဗျာ... အဲဒါ လိမ်ညာလှည့်စားခြင်း သက်သက်ပဲဗျ။ အားလုံးဝိုင်းလိမ်ညာနေကြတာ။ အလိမ်ခံရတဲ့လူတွေကလဲ တခြားလူတွေကို ပြန်လိမ်။ သူတို့ကထပ်လိမ်နဲ့ လိမ်တာတွေလိမ်ယှက်နေတာ။ လိမ်ရင်းလိမ်ရင်းနဲ့ အမှန်လိုလိုဖြစ်လာတဲ့ အရာတွေထဲမှာ ဒါလဲပါတာပေါ့။ တကယ်တော့ ရည်မှန်းချက်တွေရဲ့ ကျွန်ပြုခြင်းခံရစေချင်လို့ ခင်ဗျားကို ချောက်တွန်းနေကြတာဗျ။ အဲဒီရည်မှန်းချက်ပန်းတိုင်နောက် တကောက်ကောက်လိုက်ရင်း ခင်ဗျားရဲ့ အစစ်အမှန်ခါးသီးမှုတွေကို မတွေးမိဘဲ အချိန်ကုန်သွားအောင် လုပ်ထားတဲ့ မနုဿဗေဒရဲ့ ပညာသားပါလှတဲ့ ဆေးမြီးတိုတစ်ခုပေါ့။ သေလုဆဲဆဲ အိုကြီးအိုမအချိန်မှာ အချည်းအနှီးကုန်ဆုံးသွားခဲ့တဲ့ အချိန်တွေအတွက် နောင်တကြီးစွာရရမယ့်အဖြစ်ဟာ တကယ်ဝမ်းနည်းစရာ ကောင်းလို့ သတိပေးတာပါ။ တကယ်က ခါးလို့ မသေသွားဘူး။ ခါးသက်သက်အရသာဟာ ဆေးဘက်ဝင်ပါတယ်။ အဲ.... ခင်ဗျား ဒီအချိန်အထိရောက်အောင် ဆက်ဖတ်နေတုန်းပဲလား။ ခင်ဗျားဘာရည်ရွယ်ချက်နဲ့ ကျွန်တော်ရေးတာတွေ လျှောက်ဖတ်နေတာလဲ။ ခင်ဗျားနဲ့ကျွန်တော်ဟာ ကာလရော၊ ဒေသပါ ခြားနားနေပါတယ်လို့ ခဏခဏပြောထားပြီးပြီလေ...။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ဟာ ဘယ်တော့မှ နားလည်မှုရှိလာမှာ မဟုတ်တဲ့လူတွေ။ ဒီတော့ ဘာလို့ နားလည်ဖို့ကြိုးစားနေဦးမှာလဲ။ ကျွန်တော်က အခု စာရေးနေတာ။ တကယ်တော့ စာရေးခြင်းသည်သာ ကျွန်တော့်ရည်ရွယ်ချက်ပါပဲ... ဘာရည်ရွယ်ချက်နဲ့ ရေးနေတယ်လို့ မရှိပါဘူး။ အခုဘာဖြစ်နေတာလဲ??? ဆိုတော့ .... ကျွန်တော် စာရေးနေတယ်ပေါ့။ ခင်ဗျားက ကျွန်တော်လျှောက်ရေးနေတာတွေ လိုက်ဖတ်နေတယ်ပေါ့...။ နေပါဦး ကျွန်တော်က ဘာလို့ ဒီအချိန်၊ ဒီနေရာမှာ ဒီစာတွေ ရေးနေရတာပါလိမ့် ??? ခင်ဗျားကရော... အဲဒီအချိန်...အဲဒီနေရာမှာ... ဘာဖြစ်လို့ ဒီစာတွေ ဖတ်နေရတာလဲ ???
အခုဖြစ်နေတာ ဘာကြီးလဲ ???
အခုဖြစ်နေတာ ဘာကြီးလဲ ???
◄ တေဇာ ► စက်တင်ဘာ (၂၁) ၂၀၀၉
မရှိမဲ့ ရှိမဲ့ သကြားကပ်လေး ထပ်ပြီးနည်းနည်း ကွာကျသွားပြန်ပြီဗျ။
ReplyDelete