အမှန်တကယ် နေညိုချိန်တိမ်တောက်သော ညနေခင်းများ သူ့ဘ၀တွင် ရှိခဲ့ဖူးသည်။ ရွာလမ်းလေး ရှိခဲ့ဖူးသည်။ သို့သော် ထိုရွာတွင် စာဥတို့သူငယ်ချင်းမ တစ်စုတော့ မရှိခဲ့ပါ။ “ဒေစီနာနတ်” “ခါးကုန်းမဲကောင်” “ကုလားလေး သန်းထိုက်” “ငလီး” “၀ိဇ္ဇာမောင်” စသည့် သူနှင့်သိသော ရွာသူရွာသားတချို့တော့ ရှိခဲ့ဖူးသည်။ မိုးရေတက်ရေ တဖွေးဖွေး လယ်ကွင်းများ ရှိခဲ့ဖူးသည်။ ခြံစပ်ရှိ “အဖျား” ရှိခဲ့ဖူးသည်။ ကုက္ကိုပင်တန်း ရှိခဲ့ဖူးသည်။ အိမ်ငယ်တစ်လုံးစာမျှရှိသော ကောက်ရိုးပုံကြီး ရှိခဲ့ဖူးသည်။ သရက်ပါးနီသီးနှင့် “ပနီ” (အုန်းပင်) ပင်ကြီး ရှိခဲ့ဖူးသည်။ လင်းမြွေအကိုက်ခံရသော မေမေ့၏ ရွှံ့နွံထဲမှ ခြေရာတချို့ ရှိခဲ့ဖူးသည်။ သရဲခြောက်သည်ဟု နာမည်ကြီးသော ကသစ်ပင်ချောင်းကွေ့တွင် နေ၀င်ရီသရောအချိန် တစ်ယောက်ထဲလှေလှော်ရင်း သစ်မြစ်နှင့်ညိနေသော သွေးပျက်ဖွယ်အချိန်ခဏ ရှိခဲ့ဖူးသည်။ နှစ်ကြိမ်တိုင်တိုင် နားထင်ကို ခုန်အုပ်ပြီးကိုက်ခဲသော “အောင်နက်” ဆိုသည့် မည်းနက်နက်ခွေးတစ်ကောင် ရှိခဲ့ဖူးသည်။ တာတွင်းတာပြင် လယ်ဧကသုံးဆယ်မျှ စိုက်ပျိုးလေ့ရှိသော ဦးလေးဒေါ်လေးနှစ်ကျိပ်ခန့် ရှိခဲ့ဖူးသည်။ ရေပေါင်းလန်နေသော ချောင်းထက်က ၀ါးလုံးထိုးတံတားကို သူ မကူးတတ်သဖြင့် တာပေါ်တွင်ကစားရန် ချောင်းရိုးကိုဖြတ် ကုန်းပိုးလာခေါ်တတ်သော ကုလားလေးသန်းထိုက်ဆိုသည့် သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးသည်။ လေးဂွဖြင့် သူပစ်ခတ်ခဲ့သော စာကလေး တစ်ကောင်နှစ်ကောင်ခန့်လည်း ရှိခဲ့ဖူးပေလိမ့်မည်။ သို့သော် ဘယ်တုန်းကမှ ထိမှန်အောင် သူ ပစ်ခတ်နိုင်ခြင်း မရှိခဲ့။
ရှက်တတ်သောသူ့ကို အဘိုးက ပုဆိုးဆွဲချွတ်လေ့ရှိသဖြင့် ခါးတောင်းကြိုက်ပြီး အိပ်စက်တတ်သော ကလေးငယ်လေးမှာ သူ ဖြစ်သည်။ ငါ့မြေးလုပ်စာ အဘွား ဘယ်တော့စားရမလဲလို့မေးတိုင်း ဘွားဘွားမီမှာမဟုတ်ပါဘူးလေဟု အလိုက်ကမ်းဆိုးမသိ စကားတတ်လှသော ကလေးငယ်မှာ သူဖြစ်သည်။ မိုးဦးကျတွင် ပုဇွန်ထုပ်မီးဖုတ်ကြီးတစ်ကောင်ကျဖြင့် မနက်စာ ထမင်းကြမ်းခဲများကို အဆာပြေစားခဲ့ သူမှာ သူဖြစ်သည်။ ကွမ်းခြံ၊ ငှက်ပျောခြံ၊ ပြောင်း၊ နံနံ၊ ကြံ စသည့်ယာခင်းများကြား ပြေးလွှားဆော့ကစားခဲ့သူမှာ သူဖြစ်သည်။ ကျွဲမျှော့ကြီးများ အတွယ်ခံရလျှင် လူကြီးတွေကိုမပြောဘဲ တစ်ယောက်ထဲကြိတ်ပြီး ဖြုတ်တတ်သူမှာ သူဖြစ်သည်။ အုန်းမုန့်ခွက်ဖြင့် ကန်ရေကို ခပ်သောက်ခဲ့သူမှာ သူဖြစ်သည်။ “ဘုရားသုံးဆူ” ကျေးရွာသို့ အလည်သွားချင်လှသူမှာ သူဖြစ်သည်။ သူငယ်တန်းတွင် ရည်းစားစာရေးတတ်သော ရွာ၏ပထမဆုံးကလေးငယ်မှာ သူဖြစ်သည်။ ကြောက်တတ်သည့်ကြားမှ သတ္တိကောင်းလှသော ကလေးငယ်မှာ သူပင်ဖြစ်ပါသည်။
ဂျူဒိုဆရာ ဆရာကြီးအေးသောင်း၏ ကျေးရွာမူလတန်းကျောင်းတွင် စာရေးစာဖတ် သူ စတင်တတ်မြောက်ခဲ့သည်။ သူငယ်တန်း အသေးမှ၊ သူငယ်တန်းအကြီးသို့ တစ်ရက်အတွင်း ခုန်ပျံတက်ရောက်နိုင်ခဲ့သည်။ (ထိုစဉ်က ကျေးရွာမူလတန်းကျောင်းတွင် “သူငယ်တန်းအသေး” ဆိုသည်မှာ မူကြိုသဘောမျိုးဖြစ်ပါသည်။ ရွာတွင် “မူကြို” ကျောင်းမရှိရာ မူလတန်းကျောင်းတွင်ပင် မူကြိုအဆင့်ကို “သူငယ်တန်းအသေး”၊ ပုံမှန် သူငယ်တန်းသင်ရိုးကို “သူငယ်တန်းအကြီး” ဆိုပြီး ခွဲခြားသင်ကြားပါသည်) ကယ်စေးနဲသီးများ လွယ်အိတ်တွင်ကပ်နေသော သူငယ်တန်းကျောင်းတော်သားကြီးတစ်ယောက်သည် သူဖြစ်သည်။ ဆရာမထံ ခွင့်မတိုင်ရဲသဖြင့် ဘောင်းဘီထဲ ရှူရှူးပေါက်ချသော ကြောက်တတ်သည့် ကလေးငယ်မှာ သူဖြစ်သည်။ ပျောက်သွားသော ခဲဖျက်ကို တစ်ရက်ထဲနဲ့သုံးလိုက်တာ ကုန်သွားပြီဟု မေမေ့ကိုလိမ်ညာခဲ့သောကလေးငယ်မှာ သူဖြစ်သည်။ “သံမိကျောင်း” ရှိ သူငယ်ချင်းအိမ်တွင် မုန့်စားဆင်းချိန် ထမင်းလိုက်စားခဲ့သူမှာ သူဖြစ်သည်။ ရွာထဲလမ်းမအဆုံး တာလမ်းမ အစမှ ညောင်ပင်ကြီးတွင် ညောင်ရွက်များ ခူးခဲ့သူမှာ သူဖြစ်၏။ ထိကရုန်းပင်များ အိပ်စက်နားနေရန် လက်ဖြင့်တို့ကြည့်ခြင်းကို ၀ါသနာပါသူမှာ သူဖြစ်၏။ မြစ်ဝကျွန်းပေါ် ရေကြောင်းသွား “ဧရာဝတီ” သင်္ဘောများ၏ နာမည်ကို လိုက်မှတ်ရန် ၀ါသနာပါသူမှာ သူဖြစ်၏။ အဘွားအလွန်စိတ်ဆိုးခဲ့သော စဉ်းအိုးကွဲရသည့် တရားခံမှာလည်း သူ ပင်ဖြစ်၏။ (တရားခံသည် သူဖြစ်မှန်း အဘွား ဘယ်တုန်းကမှ မသိခဲ့။ သိနိုင်မည်လည်း မဟုတ်တော့)
ကွမ်းခြံထဲတွင် ကိုယ်လုံးတီးဖြင့် သူရေချိုးခဲ့ဖူးသည်။ ငှက်ပျောရွက်ကို ငှက်ပျောကြိုးဖြင့် ပုခုံးတွင်သိုင်းချည်ကာ ခွပြီး သူ မြင်းစီးခဲ့ဖူးသည်။ ၀ါးလုံးကို ပေါင်ကြားညှပ်၍ ကုက္ကိုပင်တန်းတွင် ကားမောင်းခဲ့ဖူးသည်။ ငှက်ပျောတုံးကိုခွပြီး ချောင်းရိုးတွင် သူရေကူးခဲ့ဖူးသည်။ တာလမ်းပေါ်မှနေ၍ မှုန်ပြပြသစ်ပင်တန်းများအပေါ်သို့ တရွေ့ရွေ့တိုးဝင်နေသော ပုစွန်ဆီရောင်နေလုံးကြီးသည် တကြိမ်တစ်ခါက သူ့မြင်ကွင်းတွင် ရှိခဲ့ဖူးသည်။ စက်ဘီးစီးတတ်ခြင်းကို လွန်စွာဂုဏ်ယူဝင့်ကြွားခဲ့သော အလွန်အမင်းရိုးသားသည့် အဘိုးတစ်ယောက် သူ့တွင် ရှိခဲ့ဖူးသည်။ တလင်းပြင်ကို မြေညှိရန် အဘိုးမောင်းသော ဂျုတ်ပေါ်တွင် တက်စီးခဲ့ဖူးသည့် မှောင်ရီပျိုးစညနေစောင်းတစ်ခုမှာ သူ၏ကိုယ်ပိုင် ဖြစ်ပါသည်။ “မောင်ညို” ဆိုသော ခွေးကလေးနှင့် “မြီးတို” ဆိုသော ကြောင်ကလေးတို့မှာ သူ့အာရုံတွင် အလွန်မှုန်ဝါးဝေးကွာသွားခဲ့ပြီဖြစ်သော ရပ်ဝန်းတစ်ခုအတွင်းမှ ယခုချိန်တွင် မည်သူမျှ အမှတ်ရခြင်းမရှိတော့သော အမေ့ခံ သက်ရှိကလေးများသာဖြစ်သည်။ နေ၀င်ချိန်တိုင်းသည် လွမ်းမောဖွယ်ကောင်းသည့် နည်းတူ၊ ကျိုးကြောင်းမဆီလျော်စွာ ဘာကြောင့်လှပနေခဲ့ပါသလဲဟု မေးခွန်းထုတ်နိုင်လောက်အောင် ထိုစဉ်က သူမစဉ်းစားမိခဲ့...။
သူသည် ကလေးငယ်တစ်ယောက်သာဖြစ်၏။ သူသည် သူငယ်တန်း ကျောင်းတော်သားကြီးဖြစ်၏။ သူသည် အဘိုးအဘွားဆွေမျိုးများဖြင့် နေထိုင်၏။ သူ့မိဘများနှင့် ညီအစ်ကို မောင်နှမအရင်းအချာများသည် ရွှေမြို့တော်ကြီးတွင် ရှိနေပါ၏။ မိဘ၏ရင်ငွေ့မှ ဝေးကွာ၍ ဆွေမျိုးသားချင်းများ၏ ထပ်တူထပ်မျှနွေးထွေးသောရင်ငွေ့တွင် သူ ခိုလှုံနေရသော အကြောင်းရင်းသည် ဘာများပါလဲ...။ ကလေးပီပီ မေမေတို့နဲ့ ပြန်နေချင်တယ်လို့တောင် ငိုကြွေးပူဆာရဲခြင်းမရှိလောက်အောင် သတ္တိကြောင်လှသော သူသည် တစ်ကိုယ်ရည်လွမ်းဆွတ်ခြင်းများ၏ ဒဏ်ရာဒဏ်ချက်တို့ကို တော်လှန်ရဲအောင်ပင် သတ္တိရှိနေခဲ့ပြန်သည်။ ဤသည်မှာ ပုဒ်မ (၅-က) မှ (၅-ည) ထိ တပ်ကာ ယုံကြည်ချက်ကြောင့် ထောင်သွင်းအကျဉ်းချခံခဲ့ရသော ဖခင်တစ်ဦး၏အဖြစ်ကြောင့် သူ၏ သားငယ်အပေါ်သက်ရောက်ခဲ့သော အကျိုးဆက်တစ်စိတ်တစ်ဒေသသာ ဖြစ်ပါသည်။
သူ့ကဲ့သို့ ကလေးငယ်များ အမြောက်အများ ရှိပါလိမ့်မည်။ သူတို့သည် ယနေ့အချိန်တွင် ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေပါလိမ့်မည်။ ယုံကြည်ချက်အတွက် ဒဏ်ရာရနေပါလိမ့်မည်။ ယုံကြည်ချက်အတွက် ကျဆုံးခဲ့ပြီးဖြစ်ချင်ဖြစ်ပါလိမ့်မည်။ သို့သော် သေချာသည်မှာ သူတို့သည် သူတို့၏ယုံကြည်ချက်အပေါ် ယုံကြည်သူများပင် ဖြစ်ပါသည်။
မအူပင်ခရိုင်၊ “၀ဲဒေါင့်ကျေးရွာ” နှင့် ... မသိစိတ်အတွင်းမှ ကွယ်ပျောက်လုနီးပါး အလွမ်းများသို့ သတိတရ.... ။
တေဇာ (လရောင်လမ်း)
စက်တင်ဘာ (၁၈) ၂၀၀၉
That'swhy we need to visit family members of political prisoners to offer meaterial & moral support.
ReplyDelete