ဝတ္ထု၏ ဇာတ်သိမ်းခန်းရောက်လေပြီ။ နံရံတွင်ချိတ်ဆွဲထားသော ချက်ကော့၏ သေနတ်က ကျွန်တော့်ကို သတိပေးသည့်သဘောမျိုးဖြင့် ခပ်ထန်ထန်လှမ်းကြည့်သည်။ ကျွန်တော်၏ ဇာတ်ကောင်လေးများမှာ ကျွန်တော့်ကို အသနားခံနေသည့်နှယ် ထင်မြင်မိ၏။ ကျွန်တော် မည်သို့သော ရက်စက်မှုမျိုးဖြင့် သူတို့ထဲမှတစ်ယောက်ယောက်၏ ကိုယ်ခန္ဓာအတွင်းသို့ ကျည်ဖူးဝင်ရောက်သွားအောင် လုပ်ရပါမည်လဲ၊ သို့မဟုတ် လုပ်ရက်ပါမည်လဲ။ သူတို့ကို ကျွန်တော် ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်။ သူတို့ကို ကျွန်တော် အသက်သွင်းခဲ့ခြင်းသာ ဖြစ်သည်။ အခု သူတို့ထဲမှ တစ်ယောက်၏ ဇီဝိန်ကို ကျွန်တော် ပြန်နှုတ်ယူရပေတော့မည်၊ သို့မဟုတ် နှုတ်ယူရန် တာဝန်ရှိသည်၊ သို့မဟုတ် တာဝန်ပေးခြင်းခံထားရသည်။ ကျွန်တော့်တွင် ရွေးစရာလမ်းမရှိပါ။ ချက်ကော့၏သေနတ်က စိတ်မရှည်တော့သည့်ဟန်မျိုးဖြင့် မျက်နှာထား ပိုမိုတင်းမာလာသည်။ ကျွန်တော့်တွင် တွေဝေပိုင်ခွင့်မရှိတော့ပါ။ ကျွန်တော့်အလုပ်၏တာဝန်ကို ကျွန်တော်ပင် ယူရပါတော့မည်။ အားလုံးကို ကျွန်တော်နှုတ်ဆက်ခဲ့ပါသည်။ နှုတ်ဆက်ခဲ့ရသည့်အကြောင်းရင်းမှာ ကျွန်တော့်ကို သတိတရ ရှိနေစေချင်သောကြောင့် မဟုတ်ပါ။ ဖြစ်နိုင်ရင် ကျွန်တော့်ကို သတိမရကြရန် ကြိုးစားပေးပါ။ ကြိုးစားရန်ဆန္ဒမရှိ၍ သတိရနေခဲ့လျှင်လည်း အကြောင်းမဟုတ်ပါ။ အချိန်တန်လျှင် မေ့ပျောက်သွားကြမည်သာဖြစ်ပါသည်။ ချက်ကော့၏သေနတ်တွင် တချို့သော စိတ်ကူးယဉ်ဝတ္ထုများထဲမှ အဖြစ်ကဲ့သို့ ကျည်ဆန်မထွက်ရန်၊ သို့မဟုတ် ကျည်ဆန်ကုန်နေရန် ဖြစ်နိုင်ခြေမရှိပါ။ နေ၀င်ချိန်တိုင်းသည် ယုတ္တိမဆန်စွာ လှပနေခဲ့ပါသည်။
ထိုဝတ္ထုသည် အဆုံးမသတ်ခဲ့ပါ။ အဆုံးသတ်ခါနီးဆဲဆဲ စာရေးဆရာ သေဆုံးသွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အဆိုပါဝထ္ထုအတွင်းမှဇာတ်ကောင်များသည် မိမိတို့ဆန္ဒအလျှောက် ပြုမူလှုပ်ရှားနိုင်ကြ ပေတော့မည်။ ထိုအတွက် ၀မ်းသာချင်သည်ဆိုလျှင် ၀မ်းသာနိုင်ပါလိမ့်မည်။ မိမိတို့၏ဇာတ်သိမ်းကို မိမိတို့ဘာသာ ဖန်တီးနိုင်ခွင့် ရှိကောင်းရှိလာပါလိမ့်မည်၊ သို့မဟုတ် မိမိကံကြမ္မာ မိမိပိုင်စိုးနိုင်လာပါလိမ့်မည်။ ထို့အတူ တစ်ချိန်ထဲတွင် ၎င်းတို့သည် ကျိန်စာသင့်ခဲ့ကြလေပြီ။ လွတ်မြောက်ခြင်းသည် ကျိန်စာတစ်မျိုးသာဖြစ်ကြောင်း အဆုံးစွန်ဇာတ်သိမ်းပိုင်းမရောက်ခင်အတွင်း ၎င်းတို့ နားလည်ကောင်း နားလည်လာပါလိမ့်မည်။ ထိုအခါ သေဆုံးသွားသော စာရေးဆရာကို ၎င်းတို့ တမ်းတမိပါလိမ့်မည်။ သို့သော် စာရေးဆရာကို ၎င်းတို့ပြန်လည်တွေ့ရှိရတော့မည် မဟုတ်ပါ။ စာရေးဆရာသည် သေဆုံးခဲ့ပြီဖြစ်သည်။ ထိုစာရေးဆရာမှာ “ဟဲမင်းဝေး” မဟုတ်ခဲ့ပါ။
◄ တေဇာ ► စက်တင်ဘာ (၁၀) ၂၀၀၉

Comments
Post a Comment