လရောင်လမ်း

လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ပျားရည်မုန့် (၂)

အသက် ၃၀ ပြည့်ပြီး မကြာခင်မှာပဲ ဆာယိုခိုမှာ ကိုယ်ဝန်ရှိလာတယ်။ အဲဒီအချိန်မှာ သူမက ဘွဲ့လွန်အတွက် ကြိုးစားရင်း ကျူတာပြန်လုပ်နေပြီ၊ ဒါပေမဲ့ သမီးလေးကို မွေးဖို့ ခွင့်ယူလိုက်တယ်။ သုံးယောက်သား ကလေးအတွက် နာမည်အမျိုးမျိုးစဉ်းစားကြပြီး၊ အဆုံးမှာတော့ ဂျန်ပိုင်းပေးတဲ့ နာမည်တွေထဲက ဆာလာဆိုတဲ့ နာမည်လေးကို ရွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ "ဒီနာမည်လေးကို အသံထွက်ခေါ်ရတာ ကြိုက်တယ်" လို့ ဆာယိုခိုက သူ့ကိုပြောတယ်။ ကလေးကို အခက်အခဲမရှိ မွေးဖွားနိုင်ခဲ့ပြီး၊ အဲဒီညမှာတော့ ဂျန်ပိုင်းနဲ့ တာကာသျှူကီတို့နှစ်ယောက်သား၊ ဆာယိုခိုမပါဘဲ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်မှာ အတူဆုံမိကြတယ်။ ဂျန်ပိုင်းက အောင်ပွဲခံဖို့အတွက် ဆင်ဂယ်မော့တစ်လုံးယူလာတယ်။ မီးဖိုချောင်စားပွဲမှာ ထိုင်ပြီး တစ်လုံးလုံးကို နှစ်ယောက်သား အပြောင်ရှင်းလိုက်ကြတယ်။

"အချိန်တွေကုန်တာ ဘာလို့ ဒီလောက်တောင် မြန်လွန်းတာလဲ" လို့ တာကာသျှူကီ ရုတ်တရက် မေးလိုက်တယ်။ ဒီလိုလေးနက်တဲ့ ခံစားချက်မျိုး သူ့ဆီမှာ မြင်ရတာ ရှားရှားပါးပါးပဲ။ "တက္ကသိုလ်စတက်တယ်၊ မင်းနဲ့တွေ့တယ်၊ နောက်တော့ ဆာယိုခိုနဲ့တွေ့တယ်၊ ဒါတွေအားလုံး မနေ့တစ်နေ့ကလိုပဲ။ နောက်တစ်ကြိမ် ငါသတိပြုမိတော့ အခုလို ကလေးအဖေဖြစ်နေပြီ။ တစ်မျိုးကြီးပဲ၊ ရုပ်ရှင်ကို အရှေ့ကိုရစ်ပြီး ကြည့်နေရသလိုပဲ။ မင်းကတော့ နားလည်ချင်မှ နားလည်မယ် ဂျန်ပိုင်း။ မင်းကတော့ အခုထိ ကောလိပ်ကျောင်းသားလို နေနေတုန်းပဲကိုး။ မင်းကတော့ ဘယ်တုန်းကမှ ကျောင်းသားဘ၀က မရပ်စဲခဲ့သလိုပဲ။ တော်တော်ကံကောင်းတဲ့ကောင်"

ပျားရည်မုန့် (၁)

"ဒီလိုနဲ့ မာဆာခီချီမှာ လက်နဲ့အပြည့် ပျားရည်တွေရလာတယ်၊ သူ့ဘာသာ စားနိုင်တာထက်ကို အများကြီးပိုတယ်။ အဲလိုနဲ့ သူလည်း ပျားရည်တွေကို ပုံးတစ်ခုထဲထည့်ပြီး တောင်အောက်ကို ဆင်းသွားတယ်။ မြို့အထိရောက်အောင်သွားပြီး ပျားရည်တွေကို ရောင်းဖို့ပေါ့။ မီဆာခီချီဟာ ပြိုင်ဘက်ကင်း နံပါတ်တစ်ပျားရည်ဝက်ဝံကြီး ဖြစ်တယ်"
"၀က်ဝံတွေမှာ ပုံးရှိလို့လား" ဆာလာက မေးလိုက်တယ်။
"မာဆာခီချီမှာတော့ တစ်ပုံးရှိနေတယ်။ လမ်းဘေးနားမှာ ကျနေတာကိုတွေ့တော့ တစ်ခုခုဆိုရင် အသုံးဝင်နိုင်တယ်ဆိုပြီး သူက ကောက်ယူလာခဲ့တာ"
"အခုတော့ တကယ် အသုံးဝင်သွားတာပေါ့"
"ဒါပေါ့။ တကယ်အသုံးဝင်တာပေါ့။ ဒီလိုနဲ့ မီဆာခီချီလည်း မြို့ကိုတက်သွားပြီး လူတွေသွားလာနေတဲ့ ရင်ပြင်မှာ နေရာတစ်ခုယူလိုက်တယ်။ ပြီးတော့ သူက ဆိုင်းဘုတ်တစ်ခုတပ်လိုက်တယ်။ အရသာထူးတဲ့ပျားရည်။ သဘာဝစစ်စစ်။ တစ်ခွက်မှ ယန်း ၂၀၀၊ တဲ့"
"၀က်ဝံတွေက ပိုက်ဆံရေတတ်လို့လား"
"ရေတတ်ပါ့။ ၀က်ဝံလေးဘ၀တုန်းက မာဆာခီချီက လူတွေနဲ့အတူနေခဲ့တာ၊ စကားဘယ်လိုပြောရမယ်၊ ပိုက်ဆံဘယ်လိုရေရမယ်ဆိုတာ သင်ခဲ့ရတာပေါ့။ မာဆာခီချီက တော်တော်လေး ထူးခြားတဲ့ ၀က်ဝံပဲ။ ဒီတော့ သူ့လောက်မထူးခြားတဲ့ တခြားဝက်ဝံတွေက သူ့ကို ခပ်ခွာခွာဆက်ဆံတတ်ကြတယ်"
"ခပ်ခွာခွာဆက်ဆံတယ်..."
"အင်းပေါ့။ ဒီလိုလေ။ ဟေ့ ဒီကောင်က ဘာလို့ ဒီလောက်ထူးခြားနေရတာလဲလို့ ပြောပြီး ခပ်ဝေးဝေးနေကြတယ်။ အထူးသဖြင့် တွန်ခီချီပေါ့။ သူက ကြမ်းကြမ်းတမ်းတမ်းဝက်ဝံကြီး။ သူက မာဆာခီချီကို တကယ်မုန်းတာ"
"မာဆာခီချီကြီး သနားပါတယ်"
"ဒါပေါ့။ အဲဒီလိုဖြစ်နေတာ။ လူတွေက ပြောကြတယ်၊ အင်းလေ သူက ပိုက်ဆံရေတတ်တယ်၊ စကားလည်းပြောတတ်တယ်၊ အကုန်လုပ်တတ်တယ်။ ဒါပေမဲ့ တကယ်တမ်းအရင်းစစ်တော့ သူက ၀က်ဝံပဲလေတဲ့။ ဒီတော့ မာဆာခီချီဟာ လူတွေရဲ့လောကနဲ့ရော ၀က်ဝံတွေရဲ့ကမ္ဘာနဲ့ပါ မသက်ဆိုင်သူတစ်ယောက် ဖြစ်နေတော့တယ်"
"သူ့မှာ သူငယ်ချင်းမရှိဘူးလား"
"တစ်ယောက်တောင် မရှိဘူး။ ၀က်ဝံတွေက ကျောင်းမသွားကြဘူးလေကွယ်၊ ဒီတော့ သူငယ်ချင်းဖြစ်ဖို့အတွက် နေရာဘယ်ရှိမလဲ"
"ဂျန့်မှာရော သူငယ်ချင်းရှိလား" အန်ကယ်ဂျန်ပိုင်းလို့ ခေါ်ရမှာက အရမ်းရှည်လွန်းတယ်။ ဒီတော့ ဆာလာလေးက ဂျန်ပိုင်းကို ဂျန်လို့ပဲ ခေါ်တယ်။
"ဟိုးရှေးရှေးတုန်းကတည်းက သမီးအဖေနဲ့ ဦးက အကောင်းတကာ့အကောင်းဆုံး သူငယ်ချင်းတွေပေါ့။ သမီး မေမေရော အတူတူပဲ"
"ကောင်းတာပေါ့၊ သူငယ်ချင်းရှိတာ"
"ဟုတ်တယ်၊ ကောင်းတယ်။ သမီးပြောတာ မှန်တယ်"
ကောင်မလေးအိပ်ယာမ၀င်ခင်မှာ ဂျန်ပိုင်းက ပုံပြင်လေးတွေ စီစဉ်ပြောပြတတ်တယ်။ ဆာလာက သူနားမလည်တာ တစ်ခုခု ကြားတိုင်း သူ့ဆီက ဖြေရှင်းချက်တောင်းတတ်တယ်။ ကောင်မလေးရဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ ဂျန်ပိုင်း တော်တော်ကလေး စဉ်းစားရတယ်။ ဆာလာရဲ့ မေးခွန်းတွေက အများအားဖြင့် ချက်ကျလက်ကျနဲ့ စိတ်ဝင်စားစရာကောင်းတယ်။ ကောင်မလေးမေးခွန်းကို အစီအစဉ်တကျဖြေနိုင်ဖို့ စဉ်းစားနေရင်းပဲ သူပြောနေတဲ့ဇာတ်လမ်းအတွက် အလှည့်အပြောင်းအသစ်လေးတွေကို ဂျန်ပိုင်း ခေါင်းထဲမှာ ပေါ်လာတတ်တယ်။

အတိုးဆုံးကဗျာများ (၆၀)


ပျောက်ဆုံးခဲ့တဲ့ လွတ်လပ်မှုကို
အကောင်းအတိုင်း ပြန်ရနိုင်တယ်
ငါတို့ အဲဒီမှာ ထိုင်ပြီး
စက်ဘီးအလှစီးနေတဲ့ ကောင်လေးတွေကို ငေးမယ်
‪#‎BeginAgain‬

တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးတယ်
ဘာလို့ အခုလို ဘောပင်ကို
သူ့လက်ချောင်းတွေကြားထဲ
လှည့်ပတ်ကစားနေမိတာလဲ
‪#‎Maneuver‬

ဘာသာစကားနဲ့ တည်ဆောက်ပြလို့မရတဲ့
အဓိပ္ပာယ်တွေ ရှိတယ်
တိတ်ဆိတ်မှုဟာ ဘာကိုမှကိုယ်စားမပြုဘူး
အရေပြားမွှေးညင်းပေါက်တွေထဲ
သွယ်ဝိုက်ခြင်းမပါဘဲ စိမ့်ဝင်တယ်
#Stimulus

သူ့ရဲ့ဖြစ်တည်မှုဟာ အလင်းရဲ့အလျင်နှုန်းနဲ့
ကွယ်ပျောက်သွားတယ်
အဝေးမှာ တစ်စုံတစ်ယောက်ဟာ
မျက်ဝန်းတွေကို ဖြေးဖြေးချင်း
မှိတ်ချနေပါလိမ့်မယ်
‪#‎Sentient‬

မှန်ပြတင်းကို သစ်ပင်ရိုးတံ
တတောက်တောက်ရိုက်တယ်
အနိဌာရုံဟာ ညစဉ်ညတိုင်း
ချောင်းကြည့်မယ့် ကလေးငယ်ကို လိုက်လံရှာဖွေတယ်
#Trigger
တေဇာ (လရောင်လမ်း)
Image: newallpaper.net

ခီဟာရာဇာ (Scheherazade) (၃)

"အတန်းတွေ ဒီလောက်ပျက်နေတော့ ကျောင်းမှာရော ပြဿနာမဖြစ်ဘူးလား" လို့ ဟာဘရာက မေးတယ်။
"ကျွန်မ မိဘတွေက ကိုယ်ပိုင်စီးပွားရေးလုပ်တယ်၊ ဒီတော့ သူတို့အလုပ်နဲ့သူတို့ ကျွန်မကို သိပ်ဂရုမစိုက်နိုင်ဘူး။ သူတို့နဲ့ ကျွန်မ ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ဘူး၊ သူတို့ အုပ်ချုပ်မှုကိုလည်း ကလန်ကဆန်လုပ်ခဲ့တာမျိုးမရှိဘူး။ ဒီတော့လည်း လွှတ်ထားတာက အကောင်းဆုံးပဲလို့ သူတို့တွက်ပါလိမ့်မယ်။ ကျောင်းကိုပြဖို့အတွက် စာရွက်စာတမ်းအတုလုပ်တာက လွယ်လွယ်လေးပဲ။ ကျန်းမာရေးပြဿနာတစ်ခုရှိနေလို့ တစ်ခါတလေ ဆေးရုံမှာ နေ့တစ်ဝက်လောက် သွားနေရတယ်လို့ အတန်းပိုင်ဆရာမကို ရှင်းပြလိုက်တယ်။ ကျောင်းမတက်တဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး တစ်သက်လုံး ခေါင်းခြောက်လာရတဲ့ ဆရာတွေအနေနဲ့လည်း တစ်ခါတလေကျမှ ကျွန်မ နေ့တစ်ဝက်လောက်နောက်ကျတဲ့ ကိစ္စကို သိပ်စိတ်ဝင်စားကြဘူး"

ရှေ့ဆက်မပြောခင် ခီဟာရာဇာက ကုတင်ဘေးက နာရီဆီ ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်တယ်။
"ကော်ဇောကအောက်က သော့တံကိုယူပြီးတော့ အိမ်ထဲကို ကျွန်မ တတိယအကြိမ်အဖြစ် ၀င်ခဲ့ပြန်တယ်။ အရင်တုန်းကလိုပဲ တိတ်ဆိတ်နေတယ်၊ တိတ်တာမှ အရင်တုန်းကထက်တောင် ပိုသလိုပဲ။ ရေခဲသေတ္တာက မီးစိမ်းသွားတော့ ကျွန်မဖျပ်ခနဲ လန့်သွားတယ်၊ ဧရာမသားရဲကြီးတစ်ကောင် ညည်းညူနေသလို ဖြစ်သွားတာကိုး။ ကျွန်မရှိနေတဲ့ အချိန်မှာပဲ ဖုံးကလည်း လာတယ်။ တယ်လီဖုံးမြည်သံက ကျယ်လောင်ပြင်းရှလွန်းလို့ ကျွန်မ နှလုံးခုန်သံ ရပ်သွားတော့မတတ်ပဲ။ ချွေးစေးတွေ ထွက်လာတယ်။ ဘယ်သူမှမကိုင်တဲ့အဆုံးတော့ ဆယ်ကြိမ်မြောက်ခေါ်သံအပြီးမှာ ရပ်သွားတယ်။ အဲဒါပြီးတော့ အိမ်ထဲမှာ အရင်ကထက်တောင် ပိုပြီး တိတ်ဆိတ်သွားတယ်လို့ ခံစားရတယ်"
အဲဒီနေ့ကတော့ သူ့အိပ်ယာပေါ်မှာ ခါးဆန့်ရင်း ခီဟာရာဇာ အချိန်အတော်ကြာကြာနေလိုက်တယ်။ ဒီတစ်ခါတော့ ရင်ခုန်သံက သိပ်မကျယ်တော့ဘူး၊ အသက်ကိုလည်း ပုံမှန်အတိုင်း ရှူနိုင်တယ်။ သူ့မ ဘေးနားမှာ သူ ငြိမ်းငြိမ်းချမ်းချမ်းအိပ်စက်နေတယ်လို့ ထင်မိတယ်၊ သူ အိပ်နေတာကို သူမက ဘေးနားက စောင့်ကြည့်နေတယ်လို့တောင် ထင်လိုက်မိတယ်။ တကယ်လို့ လက်သာလှမ်းလိုက်ရင် သူ့ လက်မောင်းသားလေးကို ထိမိသွားမယ်လို့ကို သူမ ခံစားရတယ်။ တကယ်တော့ သူက သူမနားမှာ ဘယ်ရှိလိမ့်မလဲ။ စိတ်ကူးဝင်္ကပါထဲမှာ သူမ မျောနေရုံပဲ။

ခီဟာရာဇာ (Scheherazade) (၂)

"လူမရှိအိမ်တွေထဲကို ခိုးဝင်မိတုန်းက ကျွန်မဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ်" တစ်နေ့တော့ အိပ်ယာပေါ်မှာ သူတို့လဲလျောင်းနေရင်း သူမက ပြောလိုက်တယ်။
သူမပုံပြင်ပြောတဲ့အခါမှာ ဖြစ်တတ်သလို၊ ဟာဘရာ့အဖို့ပြော ပြန်ပြောစရာ စကားလုံးရှာမရဘူး။
"ရှင်ရော တစ်ယောက်ယောက်ရဲ့အိမ်ထဲကို ခိုးဝင်ခဲ့ဖူးလား" လို့ သူမက မေးတယ်။
"၀င်ဖူးတယ် မထင်ပါဘူး" လို့ သူက ခြောက်ကပ်ကပ်အသံနဲ့ ပြန်ဖြေတယ်။
"အဲ့ဒါက တစ်ခါလုပ်ဖူးတယ်ဆိုရင် အခါခါထပ်လုပ်ချင်လာရော"
"ဒါပေမဲ့ ဒါ တရားမ၀င်ဘူးလေ"
"ဘယ်ကလာ.. အန္တရာယ်ရှိတာတော့မှန်တယ်၊ ဒါပေမဲ့ အဲ့ဒါက သိပ်အရသာရှိတဲ့ အလုပ်ရှင့်"
ဟာဘရာက ခပ်ဆိတ်ဆိတ်ပဲ သူမ ဆက်ပြောတာကိုစောင့်နေလိုက်တယ်။

“ဘယ်သူမှမရှိချိန်မှာ သူစိမ်းတစ်ယောက်ရဲ့ အိမ်ထဲမှာ ရှိနေရတာနဲ့ပတ်သက်ပြီး အကောင်းဆုံးအချက်ကတော့ ဘယ်လောက်တိတ်ဆိတ်နေသလဲ ဆိုတာပဲ။ အသံလုံးဝမရှိဘူး။ ကမ္ဘာပေါ်မှာ အဆိတ်ငြိမ်ဆုံးနေရာတစ်ခုနဲ့ တူနေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အဲဒီလိုပဲ ခံစားရတယ်။ ကြမ်းပြင်ပေါ်မှာထိုင်ရင်း ကျွန်မ ငြိမ်ငြိမ်သက်သက်လေး နေနေတဲ့အချိန်မှာ ကျွန်မရဲ့ စုပ်ကပ်ငါးဘ၀က ကျွန်မဆီပြန်ရောက်လာတယ်။ ကျွန်မအရင်ဘ၀တုန်းက စုပ်ကပ်ငါးဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ရှင့်ကိုပြောပြပြီးပြီ မဟုတ်လား"
"အင်း ပြောပြပြီးပါပြီ"
"အဲဒီလိုလေးပဲ။ ကျွန်မရဲ့ စုပ်ခွက်တွေက ရေအောက်ထဲက ကျောက်တုံးတစ်တုံးဆီမှာ ကပ်နေမယ်၊ ကျွန်မရဲ့ ကိုယ်ခန္ဓာက အပေါ်မှာ ရေမှော်ပင်တွေလို ရှေ့နောက်လူးလွန့်နေမယ်။ အရာအားလုံးက ဆိတ်ငြိမ်လွန်းတယ်။ ဒါက ကျွန်မမှာ နားတွေမရှိတာကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ နေသာတဲ့နေ့တွေမှာဆို အလင်းရောင်က ရေမျက်နှာပြင်ထက်ကို မြားတစ်စင်းလို ထိုးစိုက်ကျနေမယ်။ ကျွန်မအပေါ်မှာ အရောင်းမျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံနဲ့ငါးတွေ မျောပါကူးခတ်နေကြမယ်။ ပြီး ကျွန်မစိတ်ထဲမှာလည်း ဘာအတွေးမှမရှိဘူး။ ဟုတ်တယ်၊ စုပ်ကပ်ဆန်တဲ့အတွေးတွေက လွဲလို့ပေါ့။ သူတို့ကတော့ မှုန်မှုန်ဝါးဝါးပဲ၊ ဒါပေမဲ့ သိပ်သန့်စင်တယ်။ တကယ်တော့ အဲဒီမှာက နေပျော်စရာသိပ်ကောင်းတဲ့ နေရာတစ်ခုပဲ"

******

ခီဟာရာဇာ (Scheherazade) (၁)

သူတို့ လိင်ဆက်ဆံပြီးတဲ့အခါတိုင်း သူမက ဟာဘရာ့ကို စိတ်ဝင်စားဖွယ် အဆန်းတကြယ်ပုံပြင်တစ်ပုဒ် ပြောပြလေ့ရှိတယ်။ တစ်ထောင့်တစ်ညပုံပြင်များထဲက ဘုရင်မ ခီဟာရာဇာလိုပဲ။ ဒါပေမဲ့ ဟာဘရာကတော့ အဲဒီထဲက ဘုရင်ကြီးလို နောက်တစ်နေ့မနက်မှာ သူမခေါင်းကို ဖြတ်ပစ်ဖို့ အစီအစဉ်မရှိဘူးပေါ့။ (ဘာလိုပဲဖြစ်ဖြစ် သူမကလည်း မိုးလင်းတဲ့အထိ သူနဲ့အတူ နေလေ့မရှိပါဘူး) သူမ ဟာဘရာ့ကို ဒီပုံပြင်တွေ ပြောပြနေတယ်ဆိုတာကလည်း ပြောချင်လို့ပြောတာလို့ပဲ ဆိုရမယ်။ အကြောင်းကတော့ ချစ်တင်းနှောပြီးခါစ အခုလို စိမ်ပြေနပြေ ရင်းနှီးနွေးထွေးလှတဲ့ အခိုက်အတန့်မျိုးမှာ အခုလို အိပ်ယာထဲ ခွေခေါက်ပြီး ယောက်ျားတစ်ယောက်ကို စကားပြောရတာ သူမနှစ်သက်လို့ဖြစ်လိမ့်မယ်လို့ သူ ယူဆတယ်။ ပြီးတော့ နေတိုင်း အိမ်ထဲမှာပဲ အမြဲတမ်း ကြပ်ကြပ်ညှပ်ညှပ်နေရတဲ့ ဟာဘရာ့ကို သူမ နှစ်သိမ့်ပေးချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။

ဒါကြောင့်ပဲ ဟာဘရာက အမျိုးသမီးကို ခီဟာရာဇာလို့ ကင်ပွန်းတပ်ခဲ့တာ။ သူ့ရှေ့မှာတော့ ဒီနာမည်ကို မသုံးပါဘူး၊ ဒါပေမဲ့ သူ တစ်ကိုယ်တည်းကျိတ်ရေးနေတဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ သူမကို အဲဒီလိုပဲ ညွှန်းပြီး ရေးသားလေ့ရှိတယ်။ "ဒီနေ့ ခီဟာရာဇာ လာတယ်" ဘောပင်နဲ့ သူက အမှတ်အသားပြုမယ်။ ပြီးတော့မှ အဲဒီနေ့မှာ ပြောတဲ့ ပုံပြင်က လိုတိုရှင်းအချက်လေးတွေကို သူတစ်ယောက်တည်းနားလည်နိုင်မယ့် ဝေါဟာရတွေနဲ့ ခပ်ရှင်းရှင်း ရေးချပါလိမ့်မယ်။ ဒီတော့လည်း ဒီဒိုင်ယာရီကို နောက်များမှာ တစ်စုံတစ်ယောက်ကများ ဖတ်ခွင့်ရခဲ့ရင် ခေါင်းကုပ်ခြေကုပ်ဖြစ်ရဖို့ သေချာနေတော့တယ်။

အတိုးဆုံးကဗျာများ (၅၉)

စိတ်ကူးထဲမှာ မျောက်တစ်ကောင်ရောက်နေပြီး
ငါလုပ်သမျှအကုန် လိုက်လုပ်တယ်
ငါက မျက်မမြင်လုပ်လိုက်တော့
သူက မျက်မှန်အမည်းနဲ့
‪#‎Mimicry‬

မိုးခိုဖို့တစ်နေရာ ပြိုင်တူရှာတွေ့တဲ့အခါ
တစ်ယောက်က မမြင်ချင်ယောင်ဆောင်ရတယ်
သက်သာချောင်ချိသော တိုက်ဆိုင်မှုက
ဇာတ်လမ်းရဲ့အမှန်ယောင်ကို လျော့ပါးသွားစေတယ်
‪#‎Verisimilitude‬

ငါ့စာအုပ်ကို ပင်လယ်ထဲလွှင့်ပစ်တယ်
အသစ်တစ်အုပ်ကို ဘုံဘိုင်မှာရေစွတ်ပြီး
သူ့ အံဆွဲထဲ ပြန်ထည့်ခဲ့တယ်
‪#‎Specter‬

ပုခုံးကိုဖက်ရင်း စကားပြောရင်း
ဖြေးဖြေးချင်း ကုတင်ပေါ်မျှားခေါ်ရတယ်
ပျောက်ဆုံးယာယီမှတ်ဉာဏ်များ
အိပ်လျက်သားလမ်းလျှောက်သူကို
ရုတ်တရက်မနှိုးပါနဲ့
‪#‎SleepWalking‬

လန့်နိုးနိုးချင်း တိတ်ဆိတ်နေတာ
အသံတွေပဲ
ပြန်အိပ်လို့ပျော်သွားကြောင်း သေချာပီဆိုမှ
ကိုယ့်လေချွန်သံကိုယ် ရပ်တယ်
‪#‎Lullaby‬

တေဇာ (လရောင်လမ်း)
Image: www.wallpaper.com

အတိုးဆုံးကဗျာများ (၅၈)


ပင်လယ်ကို
ကြေးနန်းတစ်စောင် ရောက်လာတယ်
မုန်တိုင်းမကျခင်ငြိမ်သက်ခြင်းမှာ
သဘာဝရှုခင်းတိုင်းကို အရောင်းမြှင့်တင်နိုင်တယ်
‪#‎Catalyst‬

အပြာရောင်ကောင်းကင်ကိုပဲ အကျင့်ပါနေလို့မရဘူး
မိုးရွာတဲ့ဇာတ်ကွက်ကို နောက်ပြန်ရစ်တော့
ကမ္ဘာဟာ တိမ်ဖြစ်သွားတယ် (ဆိုရင်)
အဲဒီရေစက်တွေက အစစ်သိပ်ဖြစ်နိုင်ပါတယ်
#Reverse

သော့တံထိပ်ဖျား ခွေးသွားစိတ်တွေဟာ
သီးသန့်ဆန်ပါတယ်
လှိုင်းထခဲ့ရာ အနိမ့်အမြင့်တိုင်းကို
သံရည်ကြိုရမယ်
‪#‎IdentityIV‬‬

နံရံမှာကပ်ထားတဲ့ ဓာတ်ပုံအောက်
အိမ်မြောင်တစ်ကောင် ရောက်လာတယ်
အိပ်မောကျမှုတစ်ခုက
ယခင်ညပေါင်းများစွာကို
ကလဲ့စားချေတယ်
#Grayscale

ခြောက်ထောင့်ကိုယ်ထည် ခဲတံဟာ
စားပွဲစောင်းပေါ်က လိမ့်ကျရခက်တယ်
ကုန်းကောက်စရာ တစ်စုံတစ်ခုဟာ
လိုလားအပ်တဲ့ မတော်တဆမှု ဖြစ်ပါတယ်
#Incident

တေဇာ (လရောင်လမ်း)
Image: www.pinterest.com

အတိုးဆုံးကဗျာများ (၅၇)


ဝယ်လိုအားနည်းတဲ့ ပျော်ရွှင်ခြင်းတချို့ ရှိပါတယ်
ကြည့်စမ်း
သံဇကာပေါက်တွေထဲ ပျားတစ်ကောင်
မြွေလိမ်မြွေကောက် ဖြတ်ပျံတယ်
‪#‎Zigzag‬

နှာချေလိုက်မိတယ်
တစ်စုံတစ်ယောက်က ငါ့နံဘေး
လိပ်ပြာတောင်ပံကို
အသက်အောင့် စောင့်ဖမ်းနေတယ်
#InterventionII

ရေစက်ကြောင့် ဖျပ်ခနဲ
အိကျသွားတဲ့ ပိန်းရွက်ပေါ်က
ပုတ်သင်ဟာ လေထဲမှာ ကျန်ခဲ့တယ်
#Inertia

ငါ့စာအုပ်ကို ပင်လယ်ထဲလွှင့်ပစ်တယ်
အသစ်တစ်အုပ်ကို ဘုံဘိုင်မှာရေစွတ်ပြီး
သူ့ အံဆွဲထဲ ပြန်ထည့်ခဲ့တယ်
‪#‎Specter‬

စကြ၀ဠာတစ်ခုလုံးကို အထင်နဲ့
သေးပစ်လိုက်တယ်
သစ်ရွက်ပေါ်မှာတင် လမ်းခွဲသွားကြတဲ့
အကြောပေါင်းများစွာ ရှိတယ်
#Fork

တေဇာ (လရောင်လမ်း)
Image: www.wallpapersfolder.com

ယာဉ်မောင်းသူ (၃)

ဒါကတော့ သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်သွားတဲ့ အကြောင်းပဲ။ သောက်ဖော်သောက်ဖက်တွေဟာ အနှေးနဲ့အမြန် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်သွားတတ်တာချည်းပဲ။ ပုံမှန်အဆက်အသွယ်လုပ်ပြီး မြို့ထဲက အရက်ဘားအများအပြားကို သူတို့ ရောက်ဖြစ်ကြတယ်၊ ရည်ရွယ်ချက်ရေရေရာရာမရှိဘဲ စကားတွေ ပြောဖြစ်ကြတယ်။ သူတို့ရဲ့ ဦးတည်ချက်ကတော့ သောက်ဖို့စားဖို့ကိစ္စသက်သက်ပဲ အမြဲတမ်းဖြစ်ခဲ့တယ်၊ တစ်ခါမှ ထမင်းလက်ဆုံ အတူတူမစားဖူးဘူး။ သူတို့ပေါင်းသင်းမိတဲ့ ကာလတစ်လျှောက်လုံး၊ အရက်ဘားတွေမှာရောင်းတဲ့ မုန့်တွေကိုပဲ တာကာသျှူကီ စားနေတာ ကာဖုကု မြင်ခဲ့ဖူးတယ်။ ဒီလူ ပုံမှန်ထမင်းဟင်းရော စားရဲ့လားမသိဘူးလို့ ကာဖုကုတွေးမိတဲ့အထိပဲ။ တစ်ခါတလေ ဘီယာသောက်တာကလွဲလို့ တာကာသျှူကီက ၀ီစကီကိုပဲ စွဲစွဲမြဲမြဲသောက်လေ့ရှိတယ်၊ သူ့စိတ်ကြိုက် မော့လ်ဝီစကီတံဆိပ်အမျိုးမျိုးပဲ။

သူတို့စကားဝိုင်းက အကြောင်းအရာတွေတော့ စုံတယ်၊ ဒါပေမဲ့ ကာဖုကုမိန်းမ သေတဲ့အကြောင်းဆီပဲ နောက်ဆုံးမှာ မပျက်မကွက်ပြန်ရောက်တယ်။ လွန်ခဲ့တဲ့တစ်နှစ် သူတို့လင်မယားအတူတကွရှိနေတုန်းက ဇာတ်လမ်းတွေကို ကာဖုက ပြန်ဖောက်သည်ချတဲ့ အချိန်တွေဆို တာကာသျှူကီက စိတ်ဝင်တစား နားထောင်နေတတ်တယ်၊ အဲဒီဇာတ်လမ်းတွေကို တိတ်တဆိတ် ခိုးယူသိမ်းဆည်းနေပုံမျိုးနဲ့။ ကာဖုကုကတော့ စိတ်မရှိပါဘူး၊ တကယ်တော့ သူ့ဇာတ်လမ်းတွေပြောပြရတာ ပျော်တောင်ပျော်သေးတယ်။

တစ်ညနေတော့၊ နဲဇုပြတိုက်အနောက်က လမ်းကြားတစ်ခုမှာရှိတဲ့ လူသူသတိမထားမိတဲ့ အဆောက်အဦတစ်ခုမှာ သူတို့ သွားသောက်ကြတယ်။ အသက်လေးဆယ်ဝန်းကျင်၊ တိတ်တဆိတ်နေတတ်တဲ့ လူတစ်ယောက် ဖွင့်ထားတဲ့ ဘားပဲ။ အညိုရောင်ကြောင်ပိန်လေးတစ်ကောင်က အရက်စင်ရဲ့ ထောင့်တစ်နေရာမှာ အိပ်နေတတ်တယ်၊ သူက လမ်းဘေးကနေ လာနေတာပါ။ စားပွဲထိုးက ဓာတ်ပြားစက်ထဲမှာ ရှေးဟောင်းဂျက်ဇ်ဂီတ ဓာတ်ပြားတစ်ချပ်ကို ဖွင့်လိုက်တယ်။ တာကာသျှူကီရော ကာဖုကုပါ ဒီပတ်ဝန်းကျင်အငွေ့အသက်ကို သဘောကျလို့ ဒီကို အတူတူ မကြာခဏ လာခဲ့ပြီးပြီ။ ဒါပေမဲ့ ဘာကြောင့်လဲမသိဘူး၊ သူတို့ ဒီနေရာကိုလာတိုင်း မိုးအမြဲရွာတတ်တယ်။ ဒီတော့ ဒီတစ်ခါလည်း ပြက္ခဒိန်ကကျလာသလို မိုးပြေးလေး အပြင်မှာ ရွာလာတယ်။