Skip to main content

Posts

Showing posts from July, 2010

ပြန်ပြီးတော့ နှိုးမှာလား

သားငယ်လေးတစ်ယောက် ချောင်းတဟွတ်ဟွတ် ဆိုးနေသည်မှာ ရက်ပေါင်းအတန် ကြာပြီးနောက် ချစ်စွာသော ဖခင်ကြီးက ချောင်းဆိုးပျောက်ဆေး တစ်ပုလင်း ၀ယ်လာကာ ရော့ ဒါသောက် ဆိုပြီး ဆရာဝန်လေသံဖြင့် ပိုင်နိုင်စွာ ပြောလိုက်သည်။ ဆေးပုလင်းမှာ အစိမ်းရောင် ပြစ်ပြစ်နှစ်နှစ် အရည်များပါဝင်ပြီး ကလေးများ သောက်ချင်စဖွယ်ပင် ဖြစ်သည်။ သားငယ်လေးသည်လည်း အသက်သာ ကြီးသွားပြီး ကလေးစိတ်မကုန်သေးသူဖြစ်ရာ ဆေးပုလင်းအစိမ်းလေးအား လွန်စွာသဘောကျသွားသည်။ စေ့စပ်သေချာသည့် ဂိုက်ဖမ်း၍ Expire Date ကို မျက်မှောင်ကလေးကုပ်ကာ ရှုသည်။ ၂၀၁၀၊ (၁၀) လပိုင်းဆိုတော့ ဒီဆေးပုလင်းလေးသည် ဆိုင်တွင် နှစ်နှစ်ခန့် ဂရုစိုက်မည့်သူ  မရှိဘဲ မတ်တပ်ရပ်နေခဲ့ရပြီး ဖြစ်လိမ့်မည်။ သက်တမ်းကုန်ရန် နှစ်လခန့်သာ လိုတော့သည်။ ကိစ္စမရှိ။ တကယ်တော့ Expire Date ကို ကြည့်မယ့်သာ ကြည့်သည် သက်တမ်းကျော်နေလျှင်လည်း နှစ်ချို့ဝိုင်အဖြစ် နှလုံးသွင်းပြီး သောက်လိုက်မည်သာ ဖြစ်သည်။ ၀ယ်ပြီးပစ္စည်း တန်အောင်တော့ သုံးမည်။ ဤသို့ကိစ္စများအား သိပ်အလေးမမူတတ်သည့် မြန်မာပြည်သားတို့၏ သဘောထားက ပျောက်သေးသည်မဟုတ်။ မူလလက်ဟောင်း အရက်အား ရွေးဝယ်တတ်သည့် အကျင့်က ပျောက်သေးသည်မဟုတ်။ ခုတော့လည်း အတိုင်းထက်အလွန်ပေါ့။ နှစ်လကြီး

ကလေးများ ကစားနေကြသည်

မဆိုင်သလိုပဲ..၊ ခင်ဗျားတို့နဲ့ ကျုပ်နဲ့ မဆိုင်သလိုပဲ..။   _Big Bag ကစားကွင်းထဲတွင် လူစုံနေသည်။ ကလေးတစ်သိုက် ပျော်ရွှင်စွာ စိမ်ပြေးတမ်း ကစားနေကြသည်။ ကလေးတစ်သိုက်ဟု ဆိုရသော်လည်း ကျွန်တော်ကိုယ်တိုင်ကမူ ထိုကလေးတစ်သိုက်ထဲမှ ကလေးများအားလုံးထက် ငယ်သော ကလေးလေးတစ်ယောက်သာ ဖြစ်ပါသည်။ သူတို့ ဆူညံအော်ဟစ်ကာ ပြေးလွှား ဆော့ကစား နေကြသည်ကို ကျွန်တော်က စိတ်လှုပ်ရှားစွာ ငေးကြည့်နေမိသည်။ တစ်ဦးတစ်လေမျှ ကျွန်တော့်ကို သတိပြုမိခြင်းမရှိ။ ကိုယ့်အာရုံနှင့်ကိုယ်သာ တက်ကြွထက်သန်စွာ ဆော့ကစားနေကြသည်။ ကျွန်တော် သူတို့နှင့်အတူ ပျော်ရွှင်စွာ ၀င်ရောက် ကစားလိုလှသည်။ သို့သော် ကျွန်တော့်အား သူတို့နှင့်အပြိုင် တွန်းတိုက်ဆော့ကစားနိုင်လောက်အောင် သန်စွမ်းခြင်းမရှိသည့် ငယ်ရွယ်လှသော ကလေးလေးတစ်ဦးသာ ဖြစ်သည်ဟု သတ်မှတ်ကြမည်လား စိုးရိမ်မိသည်။ ပါဝင်ဆော့ကစားလိုသော စိတ်ဇော ပြင်းထန်လှသဖြင့် မိမိကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ကစားကွင်း၏ အလယ်သို့ ကျွန်တော် မယောင်မလည်နှင့် ရောက်သွားခဲ့သည်။ ကလေးအချို့က ကျွန်တော့်ကို သတိပြုမိသွားသည်။ တိုက်မိမယ် ဘေးဖယ်နေဟု အချို့က ပြောသည်။ အချို့က ကျွန်တော့်အား မနှစ်မြို့သည့် မျက်နှာထားများနှင့် ကြည့်နေကြသည

အဓိပ္ပာယ်များနှင့် ပစ်ခတ်ဆော့ကစားခြင်း

စကားလုံးတွေကို `ထင်´အောင်လုပ်မယ်။ စကားလုံးတွေမှာ အနက်အဓိပ္ပာယ်တွေ ခိုကပ်နေတယ်။ အဲဒီ အနက်အဓိပ္ပာယ်တွေနဲ့  ပစ်ခတ် ဆော့ကစားမယ်။ စကားလုံးတွေကို တစ်နေရာရာမှာ ထင်အောင် လုပ်နေရရင် ငါဟာ အားရှိနေသလိုပဲ။ ဒီလိုမှမဟုတ်ရင် ငါဟာ ဘာမှ မဟုတ်တော့ဘူး။ လက်နက်ကိုင် စစ်သားတစ်ယောက်ရဲ့ မောက်မာမှုလို ငါဟာ မောက်မာနေတယ်။ ကျည်အပြည့်လွယ်ထားတဲ့ စစ်သားတစ်ဦးလို ငါ စကားလုံးတွေကို အပြည့်သယ်လာခဲ့တယ်။ ငါ့ စကားလုံးတွေဟာ ကျည်ဆန်တွေ မဟုတ်ဘူး။ ကျည်ဆန်ထက် အဆပေါင်းများစွာ ဝေးဝေးပြေးနိုင်တဲ့ ထိပ်ဖူးတွေပဲ။ စကားလုံးတစ်လုံးကတင် အဓိပ္ပာယ်ပေါင်း မြောက်များစွာ ဖြာထွက်သွားနိုင်တယ်။ ရန်သူအမျိုးမျိုးကို ဖြန့်ထွက်လဲပြိုစေနိုင်တယ်။ ဒါ့အပြင် စကားလုံးတစ်လုံးဟာ ဘိုးမရင်းတုတ်တစ်ခုလို ငါ့ဆီကို ပြန်ကန်လာနိုင်သေးတယ်။ ဒါကို အလွယ်တကူ ဖမ်းယူနိုင်ရမယ်။ ကလေးလေးတစ်ယောက်လို ကျွမ်းကျင်စွာ ဆော့ကစားနိုင်ရမယ်။ Ricochet ဖြစ်ပြီး အပြစ်မဲ့တဲ့ အရပ်သားတွေကိုလည်း ထိခိုက်စေနိုင်တယ်။ ဒါကိုတော့ သတိထားရမယ်။ အချို့ စကားလုံးတွေက မြားတစ်စင်းလို တည့်တည့်ပြေးတယ်။ သားကောင်ကို သွေးထွက်သံယို သေစေနိုင်တယ်။ ငါ့ စကားလုံးတွေမှာ အဆိပ်လူးမထားဘူး။ မီးမတို့ထားဘူး။ အနက်အဓိပ္ပာယ်တွေပဲ သ

ဤကြမ်းပိုးသည် လိပ်တစ်ကောင်ဖြစ်သည်

ဤကြမ်းပိုးသည် လိပ်တစ်ကောင် ဖြစ်ပါသည်။ ဤကြမ်းပိုးသည် လိပ်တစ်ကောင် ဖြစ်သည်ဟု ဒယ်ဒီက အတည်ပေါက် ပြောပါသည်။ ဤကြမ်းပိုးသည် လိပ်တစ်ကောင်ဖြစ်သည်ဟု မာမီက အတိအကျ ဆိုပါသည်။ ဤကြမ်းပိုးသည် လိပ်တစ်ကောင်ဖြစ်သည်ဟု ဘော်ဒါတစ်ယောက်က ဘုရားစူး၊ မိုးကြိုးပစ် ကျိန်တွယ်ပါသည်။ ဤကြမ်းပိုးသည် လိပ်တစ်ကောင်ဖြစ်သည်ဟု တီချယ်က ငါးခေါက်ဆိုခိုင်းပါသည်။ ထို့ကြောင့် ဤကြမ်းပိုးသည် လိပ်တစ်ကောင်သာ ဖြစ်ပါသည်။

ရေအောက်ကျောက်ဂူ

  ရေဆန်မြစ်.. အရင်သွားနှင့်ခဲ့သူများ..  ပြန်နောက်ဆုတ်ခဲ့သူမရှိ.. ။   (မျိုးကြီး) ~ငါတို့ခရီးစဉ်~ မီးလောင်နေရင် ဓာတ်ဆီလောင်းပြီး ကျော်ဖြတ်မယ် ဟူ၍ ကြွေးကြော် ရလောက်အောင် ကျွန်တော် အသည်းမကောင်းပါ။ ထိုသို့ ၀င့်ဝင့်ဝါ၀ါ ကြွေးကြော်သံ များနှင့်လည်း မိတ်ဖက်မသင့်ခဲ့ပါ။ သို့သော် ဘ၀၏ တစ်ခုသော ခဏတွင် ကျွန်တော် တစ်ကြိမ်တစ်ခါမျှ ရေငုပ်ခဲ့ဖူးပါသည်။ လည်ပင်းအား ကျောက်ခဲကြီးကြီး ဆွဲပြီး သူရဲကောင်းဆန်ဆန်၊ သို့မဟုတ် မိုက်ရူးရဲဆန်ဆန် ငုပ်ခြင်းမျိုးလည်း မဟုတ်ပါ။ အလျားအနံ မသိရသည့် ရေအောက် ကျောက်ဂူတစ်ခုအား ကျော်ဖြတ် ကြည့်ခဲ့ခြင်းသာ ဖြစ်ပါသည်။

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

ပရိုတာဂိုးရပ်စ် (သို့) ဆိုဖှီတို့၏ ဘုရင်

ဆော့ခရိတ္တိ မတိုင်မီကာလက ပေါ်ထွန်းခဲ့သည့် တွေးခေါ်ပုံစနစ်ကြီးများသည် ဘီစီငါးရာစု၏ ဒုတိယတစ်ဝက်တွင် သံသယ၀ါဒ လှုပ်ရှားမှုများနှင့် ရင်ဆိုင်လာရသည်။ ၎င်းတို့ထဲတွင် `ဆိုဖှီ´ (Sophist) တို့၏ အကြီးအကဲ ပရိုတာဂိုးရပ်စ် ( Protagoras ) သည် အရေးအပါဆုံး ပုံရိပ်တစ်ခုဖြစ်သည်။ `ဆိုဖှီ´ ( Sophist ) ဟူသည့် စကားလုံးသည် ရင်းမြစ်အရ မကောင်းသည့်အနက်ကို မဆောင်ပါ။ အတတ်နိုင်ဆုံး နီးစပ်အောင် ယူရလျှင် ကျွန်တော်တို့အနေဖြင့် `ပရော်ဖက်ဆာ´ ဟု သုံးနှုန်းသည့် စကားလုံးအတိုင်းသာ ဖြစ်သည်။ လက်တွေ့ဘ၀တွင် အသုံးဝင်မည့် အတွေးသို့မဟုတ် အလားတူ အရာတစ်ခုခုအား လူငယ်လူရွယ်များအား သင်ကြားပေးခြင်းဖြင့် အသက်မွေးသူကို ဆိုဖှီဟုခေါ်ခြင်းပင် ဖြစ်သည်။ ဤသို့သော ပညာအတွက် လူထုအား ဖြည့်ဆည်းပေးထားသော စနစ်မျိုး မရှိလေရာ ဆိုဖှီတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စံနှုန်းများ၊ သို့မဟုတ် (လူငယ်များ၏) မိဘများ၏ စံနှုန်းများအတိုင်း သင်ကြားပေးခဲ့ကြသည်။ ဤသည်က ၎င်းတို့အား လူတန်းစား တစ်ရပ်ရပ်အပေါ် ဘက်လိုက်မှုများ ရှိနိုင်စေပြီး ထိုကာလ၏ နိုင်ငံရေးအခြေအနေကလည်း မီးထိုးပေးခဲ့ပေသည်။ အေသင် (Athens) နှင့် အခြားသော မြို့တော်များတွင် နိုင်ငံရေးအရ `ဒီမိုကရေစီ´ သည် အထွဋ်အထိပ်ရောက်နေသည့်တိုင် `အရ

တတိယမြောက် မီးခြစ်ဆံ

ဘာမျှ မမြင်ရသူဟာ အမှောင်ကို မြင်နေရတာပဲ မဟုတ်ဘူးလား…။ အခန်းတံခါးကို သူ တွန်းဖွင့်လိုက်သည်။ အပြင်မှ အလင်းစက်အချို့ အခန်းတွင်းသို့ ချဉ်းနှင်းဝင်ရောက်သွားပြီး အခန်းအတွင်းမှ အမှောင်စအချို့ အပြင်သို့ ပြန်လည်ဖိတ်လျှံကျလာသည်။ နေ၀င်ချိန်၏ ယိုင်နဲ့သော အလင်းစက်တို့မှာ အခန်းတွင်းမှ နက်ရှိုင်းလှသည့် အမှောင်ထုအား ကောင်းစွာ ထိုးဖောက်နိုင်စွမ်းမရှိ ဖြစ်ရသည်။ တွေဝေခြင်းမဟုတ်ဘဲ အမှောင်အား ကျင့်သားရစေရန် ရည်ရွယ်၍ အခန်းဝတွင် သူ ခေတ္တမျှ ဆက်ရပ်နေလိုက်သည်။ သို့သော် အမှောင်ကိုသာ သူ ပို၍ ထင်ထင်ရှားရှား မြင်လာရသည်။ အမှောင်အား ကျင့်သားရပြီးနောက် တစ်စုံတစ်ခုအား မထိခိုက်မိစေဘဲ ခပ်ဝါးဝါးအမြင်အားဖြင့် အခန်းတွင်းသို့ ၀င်နိုင်လိမ့်မည်ဟူသော သူ၏ မူလ မျှော်လင့်ချက်မှာ ပျက်စီးသွားရသည်။ အမှောင်နှင့် နေသားတကျ သူ နေနိုင်လိမ့်မည် မဟုတ်ပါ။ ဤသို့ ပြုလုပ်နိုင်ခဲ့သည့် လူများစွာ ရှိနိုင်သော်လည်း သူက သူသာဖြစ်သည်။ သူ့အတွက်မူ အမှောင်နှင့် ယဉ်ပါးသွားခြင်းသည် ပတ်ဝန်းကျင်ကို (ခပ်ဝါးဝါးဖြစ်ဖြစ်) မြင်လာနိုင်ခြင်းမဟုတ်ဘဲ အမှောင်၏ အသေးစိတ် လက္ခဏာများကို ပိုမိုတိကျစွာ ခံစားလာရခြင်းသာ ဖြစ်သည်။ မျက်စိစုံမှိတ်ထားချိန်တွင် အာရုံတွင် ထင်မြင်ရတတ်

အတိုအထွာ (၁)

ဘားနဒ်ရှော ပြဇာတ် ထောင်မှူးရဲ့ ရုံးခန်းထဲကို ကြိုးဆွဲချ အသတ်ခံရမယ့် အကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းများက ခေါ်ဆောင်လာပါတယ်။ ထောင်ဝန်ထမ်း - ဒီမှာ ဒီနေ့ ကြိုးပေးရမယ့် အကျဉ်းသားပါ။ ထောင်မှူး- ဒါဆိုလည်း သတ်လိုက်တော့လေကွာ။ ဒီကိုဘာလို့ ခေါ်လာတာလဲ။ ၀န်ထမ်း- ကြိုးစင်ကို ဆောက်လို့  မပြီးသေးလို့ပါ။ ထောင်မှူး - မင်းတို့တွေကို မနေ့ကတည်းက ပြီးအောင်ဆောက်ခိုင်းထားတာ ဘယ်လိုဖြစ်တာလဲ။ ၀န်ထမ်း - ဒီလိုပါ။ သစ်သား…။ ထောင်မှူး - ထားပါတော့ကွာ။ အခု မြန်မြန်ပြီးအောင်ဆောက်ကြ။ အကျဉ်းသားကို ဒီမှာခဏ ထိုင်ခိုင်းထား။

စိမ်းစိမ်းကားကား အကြည့် (Green-eyed)

ဝါးဝစ်ခ် (University of Warwick) နှင့် ကာဒစ်ဖ် (University of Cardiff) တက္ကသိုလ်တို့မှ သုတေသီများ၏ လေ့လာမှုတစ်ခုက ငွေကြေးသည် ၎င်းတို့၏ လူမှုအဆင့်အတန်းအား တိုးတက်ကောင်းမွန်စေမှသာ လူတို့ကို ပျော်ရွှင်မှုပေးနိုင်သည်ဟူ၍ တွေ့ရှိခဲ့ရသည်။ သုတေသီတို့၏ တွေ့ရှိချက်မှာ ၀င်ငွေကောင်းခြင်း သီးသန့်အားဖြင့် ပျော်ရွှင်နိုင်ရန် မလုံလောက်။ လူတို့သည် ၎င်းတို့၏ မိတ်ဆွေများ၊ အလုပ်ခွင် အပေါင်းအသင်းများထက် ပိုမို ၀င်ငွေကောင်းသည်ဟု မိမိကိုယ်ကိုယ် သိရှိနေစေရန် လိုအပ်သေးသည်ဟူ၍ ဖြစ်ပေသည်။

ကြက်မကစတဲ့ ဇာတ်လမ်း

ကြက်ဥနှင့် ကြက်မ ဘယ်သင်းက အရှေ့လာသလဲဟု မဲပြာပုဆိုး စကားထာဟောင်း တစ်ခုအား မေးမြန်းခဲ့လျှင် အရွယ်ရောက်ပြီး ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် တစ်ခုခုအား ရွေးချယ်ရပ်တည်ကာ အမိုက်ခံလိမ့်မည်မဟုတ်ဟု မနေ့ကထိ ကျွန်တော် ယုံကြည်ခဲ့ပါသည်။ သို့သော် ယနေ့တွင် ထိုယုံကြည်ချက်အား ဆက်လက်ဆုပ်ကိုင်ထားရန် မဖြစ်နိုင်တော့သည့် သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ရသည်။ ယခုအခါ ထိုအရာနှစ်ခုထဲမှ တစ်ခုအား ရွေးချယ်ရပ်တည်သူ လူစွမ်းကောင်းများ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပဟေဠိအား အဖြေညှိနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ကြေငြာခဲ့ကြသည်။ သူတို့၏ ရပ်တည်ချက်မှာ ကြက်မ ဖြစ်ပါသည်။ ကြက်မသည်သာ အရင်ဦးစွာ ဖြစ်ထွန်းလာခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

အရိပ်ကမ္ဘာ

သူတို့ အကျဉ်းကျနေခဲ့ကြသည်။ ပြန်လမ်းမဲ့သည့် မြေအောက်ကျောက်ဂူကြီး တစ်ခုအတွင်း သူတို့အားလုံး အကျဉ်းကျခံနေ ကြရသည်။ ကျောက်ဂူဝအား ကျောခိုင်းထားလျက်၊ ကျောက်ဂူ၏ အတွင်းဘက်နံရံသို့ သူတို့အားလုံး မျက်နှာမူထားကြသည်။ ခြေများ၊ လက်များ၊ ခေါင်းများ စသည့် သူတို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ အားလုံးကို မြဲမြံလှသည့် သံကြိုးကြီးများဖြင့် တုပ်နှောင်ခံထားရသဖြင့် လှုပ်ရှားသွားလာခြင်း စိုးစဉ်းမျှ မပြုနိုင်ခဲ့ကြ။ သူတို့မြင်နိုင်သည်မှာ မျက်နှာမူရာရှိ ကျောက်ဂူကြီး၏ ကျောဘက်နံရံသာ ဖြစ်သည်။ သူတို့သည် အရေအတွက်အားဖြင့် များပြားလှသည်။ ထို့အတူ ယခုပုံစံအတိုင်း အကျဉ်းကျနေခဲ့ကြသည်မှာလည်း အချိန်ကာလအားဖြင့် ကြာမြင့်လှပြီ ဖြစ်သည်။ မွေးဖွားချိန်မှ သေဆုံးချိန်အထိ သက်တမ်း တစ်လျှောက်လုံးတွင် သူတို့အားလုံး ဤအနေအထားအတိုင်းသာ ရှင်သန်သေဆုံးသွားခဲ့ကြသည်။ ဤနည်းဖြင့်သာ သူတို့ ဘ၀ကို ကုန်ဆုံးကြရသည်။ ကျောက်ဂူကြီး၏ ကျောဘက်နံရံသည်သာ သူတို့၏ ကမ္ဘာဖြစ်ပေသည်။

ဝေဖန်ရေးသစ်အမြင်

ဝေဖန်ရေးသစ် ဆိုသည်မှာ New Criticism ကို ဆိုလိုပါသည်။ ယောင်ယောင် ကွန်မြူနစ်များ မြန်မာစာပေ လောကအတွင်း ၀င်နှောင့်စဉ်က ပြောခဲ့ရေးခဲ့ ဖူးသော ဝေဖန်ရေးသစ်ဟူသော အသုံးအနှုန်းနှင့် မဆိုင်ပါ။ ကမ္ဘာ့စာပေသမိုင်း၏ ဖြစ်စဉ်နှင့် အခြေခံထားကာ၊ အနောက်တိုင်းစာပေ အစဉ်အလာကို အခြေခံ၍ ပေါ်ထွက်လာသော၊ ဝေဖန်ရေးဆိုင်ရာ အမြင်၊ အဆို၊ သဘောထားများကို အခြေခံ၍ ခြုံငုံခေါ်ဆိုထားသော ဝေဖန်သော နည်းပညာဖြစ်ပါသည်။ Criticism ဟူသော စာလုံးတွင်ပါသည့် -ism ကို ကြည့်ကာ ၀ါဒတစ်ရပ်၊ စနစ်တစ်ရပ်ဟု မမြင်ထားကြစေချင်ပါ။ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလိုသူများ အနေဖြင့်မူ စနစ်တစ်စုံတစ်ရာကို အခြေတည်၍ တင်ပြထားသော နည်းပညာဟု လက်ခံနိုင်ကြပါသည်။ ၀ါဒတစ်ရပ်၊ စနစ်တစ်ရပ် (ဣတိ - ဤသို့ဖြစ်သည် … ) ဟု တစ်ခုတည်းသော အမြင်တစ်ရပ်၌သာ အခြေခံတင်ပြထားသည့် သဘော ကန့်သတ်ခေါ်ဆိုရန် မလွယ်ရခြင်းမှာ ၁၉၂၀ ခုနှစ်ကာလခန့်မှစ၍ ခေါင်းထောင်လာခဲ့သော ဝေဖန်ရေးသစ်အမြင် တင်ပြချက် “များ” မှာ ၁၉၇၀ ကာလများအထိ ရှင်သန်လျက်ရှိခဲ့သော်လည်း၊ အခြေခံအမြင်များ တဖြည်းဖြည်း ပြောင်းလဲခဲ့သောကြောင့်ဟု ဆိုရပါမည်။

ရွှေလက်စွပ်ကြွားသော ကလေးငယ်များ

ဆော့ခရိတ္တိဂျူနီယာနှင့် အေသင်သားငဇာ ဒိုင်ယာလက်တစ် ဆွေးနွေးခန်း (၁) တစ်နေ့သ၌ အေသင်သား ငဇာတစ်ယောက် ဆရာကြီး ဆော့ခရိတ္တိ ဂျူနီယာ ထံသို့ ပေါက်ချလာသည်။ ထုံးစံအတိုင်း သူ့တွင် မေးစရာ မေးခွန်းတစ်ခု အတူပါလာသည်။ အောက်ပါတို့မှာ ၎င်းတို့နှစ်ဦး၏ ပြန်လှန်ဆွေးနွေးချက် (Dialectics) များကို ဖော်ပြထားခြင်းဖြစ်ပါသည်။ အချီးနိဒါန်းပင် မပျိုးတော့ဘဲ ငဇာက ရောက်ရောက်ချင်း ဆောက်ဖြင့်စထွင်းလေသည်။ ဇာ။     အောင်မြင်မှုကို ဖြတ်လမ်းနည်းဖြင့် မရနိုင်။ ထိုက်တန်တဲ့ ရင်းနှီးပေးဆပ်မှုတစ်ခုခု မဖြစ်မနေလိုအပ်တယ်ဆိုတာ မှန်ကန်ပါသလား ဆရာကြီး။ ဆော့။    အောင်မြင်မှုဆိုတာရဲ့ အနက်ကို သင် ဘယ်လို နားလည်သုံးစွဲထားသနည်း ငဇာ။

ပုံစံခွက်တွင်း အေးခဲနေသော ရေခဲတုံးများ

ဘ၀အာမခံချက်ကို ၀ယ်ယူရာမှာ မင်းရဲ့လွတ်လပ်မှုတွေအကုန် ပေးဆပ်လိုက်ရတယ်ဆိုရင် ငါကျတော့ မရသေးတဲ့လွတ်လပ်မှုကို လိုက်ဖမ်းခဲ့တဲ့ ခရီးတစ်လျှောက် ဘ၀အာမခံချက်တွေ အကုန်လုံး ချနင်းပစ်ခဲ့ရတဲ့ကောင်ပဲ။ နေမျိုးအောင်နဲ့ ပြန်တွေ့တယ်။ ဒါပေမဲ့ ဒီကောင်က ကျွန်တော် အရင်က သိခဲ့တဲ့ နေမျိုးအောင် မဟုတ်တော့ဘူး။ အထင်ရှားဆုံး မြင်သာတာ ပြောရရင်တော့ ကျွန်တော့်ထက် အရပ်ခြောက်လက်မလောက် ပိုမြင့်သွားတယ်။ ပြီးတော့ တိုင်းတာစရာ ယူနစ်တစ်ခု ရှာမတွေ့တဲ့ ဘ၀င်ဆိုတဲ့အရာမှာလည်း ခေါင်းတစ်လုံးလောက် ပိုမြင့်နေပြီလို့ ကျွန်တော် မြင်နေရတယ်။ လူပုံစံကတော့ အရင်လို ကုပ်ချောင်းချောင်း၊ ညိုမောင်းမောင်း ပါပဲ။ စိတ်နေစိတ်ထားကတော့ ပုံစံခွက်ထဲမှာ အေးခဲကပ်သိပ်နေတဲ့ ရေခဲတုံးတစ်တုံးလိုပဲ၊ အတော် လက်ပေါက်ကပ်တဲ့ အစားမျိုးလို့ ကျွန်တော်က ယူဆလိုက်တယ်။ ဟုတ်တယ်။ ကျွန်တော့်ထက် အရပ်တင်မက ဘ၀ပါ ခေါင်းတစ်လုံးပိုမြင့်နေပြီလို့ သူက ရိုးသားစွာ ယုံကြည်နေပုံပဲ။ ဒီတော့လည်း ဒီကိစ္စကို အကျယ်မပြောဖြစ်တော့ဘူး။ ဟန်ဆောင်တာမဟုတ်ဘဲ ရိုးရိုးသားသား ယုံကြည်နေသူကို ဘာလို့များ စောဒကတက်နေဦးမှာလဲ။ ကျွန်တော့်အနေနဲ့ကတော့ ရေခဲတုံးတွေကို ၀ီစကီနဲ့ ရောပြီး အရည်ဖျော်ပစ်လိုက်ဖို့သာ စိတ်ဝင်စာ

စပါးနှံများ ကိုင်းညွတ်ရခြင်းအကြောင်းရင်း

ဆရာမြသန်းတင့် ဘာသာပြန်သည့် လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ ၀တ္ထုအား ဖတ်ခဲ့ရစဉ်က မူရင်းဇာတ်လမ်းသွားနှင့် သိပ်မဆိုင်လှသော အကြောင်းအရာလေးတစ်ခုကို ထူးထူးခြားခြား မှတ်မိနေခဲ့သည်။ ဟားဗတ်တက္ကသိုလ် ကျောင်းတော်သားတို့၏ အမျိုးမျိုးအထွေထွေသော စရိုက်များကို စိတ်ဝင်စားဖွယ်ရာ ဖွဲ့ဆိုထားသော ဇာတ်ကွက်အများအပြား ခမ်းခမ်းနားနားပါဝင်သည့် ၀တ္ထုကြီးတွင် အမြှောင်သဘောမျိုးလောက် ကပ်ပါနေသည့် အသေးအမွှား သဘောတရားလေးတစ်ခုကို ကွက်ပြီး သတိပြုမိခဲ့ပါသည်။

သုခမြို့တော်မှ သက်ရှိထင်ရှား ဇာတ်ကောင်

ပူလောင် အိုက်စက်နေသည့် အခန်းကျဉ်းလေး အတွင်း ထမင်းနှင့်ဟင်းကို မမြင်ရသည်မှာ လပေါင်းအတော် ကြာ၍ ရေသောက်ဗိုက်မှောက်ကာ စိတ်ပျက်လက်ပျက် မှေးစက်နားနေသော နေ့က ကြက်သားထုပ်ကြီး တစ်ထုပ် ဆွဲပြီး ပြုံးဖြီးဖြီး ပြန်သောသော အဖေ့ကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရသည်မှာ ကျွန်တော် ဘယ်လောက် ၀မ်းသာသွားမလဲ စဉ်းစားကြည့်ကြပါ။ ငါ မင်္ဂလာဆောင်မှာ ထမင်းသွားစားပြီး ပြန်လာတာ၊ ဒီမှာ မင်းဖို့ ကြက်သားပြုတ်တွေ ပါလာတယ်ဟု ကြားရသောအခါ ကျွန်တော် အိပ်ယာပေါ်တွင်ပင် ချက်ချင်း ငုတ်တုပ်ထထိုင်မိသွားသည်။ ထို့နောက်မှ ကိုယ့်အဖြစ်ကိုယ် သတိပြုမိကာ အသာလေး ဣနြေ္ဒဆယ်၍ အပျင်းတစ်ချက်ဆန့်လိုက်ပြီး ကြက်သားထုပ်ကို ဖြည်းညှင်းစွာ ဖြေကြည့်နေမိသည်။ ချင်းတိုင်းရင်းသားတို့ ရိုးရာချက်နည်း ကြက်သားပြုတ်ဖြစ်ပါသည်။ ကြက်ငယ်တစ်ကောင် နီးပါး ပါသည်။ အံမယ် အရိုးတောင် သိပ်မတွေ့ပါလား။ အငမ်းမရပုံစံ မပေါက်အောင် သတိထား၍ ကြက်သားတစ်ဖတ်နှစ်ဖတ်ကို ပါးစပ်ထဲပစ်ထည့်လိုက်သည်။ ကောင်းပေစွ။ ချက်ချင်းပင် အချိန်အတော်ကြာ စွန့်ပစ်ခံထားရသည့် ဆန်အိုးပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။ မကြာမီ ထမင်းပေါင်းအိုးမှ မီးနီနီလေးကို ကြည့်ကာ ကျွန်တော်တစ်ယောက်တည်း ကြိတ်၍ ပီတိဖြစ်နေမိပါသည်။