Skip to main content

Posts

Showing posts from May, 2010

ပါမင်းနိဒီးစ် (သို့) နိစ္စတရားတွင် တပ်စွဲထားခဲ့သူ

ဂရိတို့သည် စာတွေ့ လက်တွေ့ပိုင်းအရ မယုတ်မလွန်၊ အသင့်အတင့် တွေးခေါ်ပြုကျင့်ခြင်း အလေ့ မရှိကြ။ ဟီရာကလစ်တပ်စ် (Heraclitus) က အရာအားလုံးသည် ပြောင်းလဲနေသည်ဟု တင်းခံပြီး ပါမင်းနိဒီးစ် (Parmenides) ကမူ မည်သည့်အရာမျှ ပြောင်းလဲခြင်းမရှိဟု ကြွေးကြော်ပြန်၏။ ပါမင်းနိဒီးစ်သည် အီတလီတောင်ပိုင်းရှိ အယ်လီယာ (Elea) ဇာတိဖြစ်ပြီး ဘီစီငါးရာစု ဦးပိုင်းတွင် ပေါ်ထွန်းခဲ့သည်။ ပလေတို (Plato) ၏ အဆိုအရ ဆော့ခရိတ္တိ (Socrates) ငယ်ရွယ်စဉ် (ဘီစီ ၄၅၀ ခန့်) က အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ပါမင်းနိဒီးစ်ထံတွင် မေးမြန်းစူးစမ်းမှုများရှိခဲ့ပြီး ၎င်းထံမှ အတော် ဆည်းပူးလေ့လာခဲ့သည်ဟု ဆို၏။ ဤသည်မှာ သမိုင်းဆိုင်ရာအချက် တစ်ရပ်အနေဖြင့် မှန်ကန်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော်တို့အနေဖြင့် ဤနေရာတွင် အနည်းဆုံးအားဖြင့် ထည့်သွင်းရည်ညွှန်းခွင့် ရှိနိုင်ပါသည်။ ပလေတိုကိုယ်တိုင်ကမူ ပါမင်းနိဒီးစ်၏ အတွေးအခေါ်မှ သြဇာလွှမ်းမိုးမှု ရှိခဲ့သည်။ အီတလီတောင်ပိုင်းနှင့် ဆစ္စလီကျွန်းသား ဒဿနပညာရှင်များမှာ ဘာသာရေးနှင့် ရိုးရာယုံကြည်မှု ကျင့်ဝတ်များ (Mysticism) အပေါ် အိုင်ဝိုးနီးယား (Ionia) များထက် ပင်ကိုယ်သဘောအရ ပိုမိုအလေးသာ သက်ဝင်မှုရှိသည်။ အိုင်ဝိုးနီးယားမ

အတိုးဆုံး ကဗျာများ (၁၄)

“မောင်ပိုနဲ့ကျား” အရင်က ကျွန်တော် ဒီနေရာမှာဗျာ သူ့ကို ဒီလို တံခါးပိတ်ထားတယ် ဂျိပ်။ ဒါပဲ... ပြီးပြီပေါ့ အရင်က တို့ရဲ့နေရာဟာ။ “ည” တရေးနိုးချိန်တွေဆိုရင် ကျွန်တော့်မှာ ရုတ်တရက် အံ့သြ၀မ်းသာ သွားမိရတယ် တရေးနိုးလို့လေ။ လမင်းဟာ ဘွားကနဲသာနေတယ် အအိပ်ဆတ်သူတွေ အတွက်။ ညကို တရစပ် အိပ်မမက်လိုက်ပါနဲ့။ “မသိခြင်းများ” ရေသောက်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ခဏ ရေဆာခြင်း ဝေဒနာ ရလာတယ် ချစ်မယ်လို့ ဆုံးဖြတ်မိခဲ့တာ မသိလိုက်ဖာသာပါပဲ ငါ့အတွက် ပါးလျလွန်းခဲ့တယ်။ “အလွဲ” ပွတ်ကာသီကာ လွဲရတယ်ဆိုတာ နှိပ်စက်ပြီးမှ သတ်တာနဲ့တူတယ် ဒါပေမဲ့ မလွဲမသွေ လွဲရတဲ့အခါကျတော့လည်း သွေးအေးအေး သေလိုက်ရသလိုပါပဲ ကဲ.. ကိုယ်တို့ လွယ်လွယ်နဲ့ လွဲလိုက်ကြရအောင်။ “ဘ၀တဏှာ” သေရမှာ မကြောက်သူ အသက်တော့ လုရှူနေသေးတယ် ဂုဏ်ယူစရာလားကွဲ့ ငါ့အတွက်ငါတောင် အသက်မပေးနိုင်ပါဘူး။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၁၃)

“အသံများ” ရောင်စုံမီးပန်းများ ၀င်းကနဲဖွာသွားတယ် “ဖောက်” သူနောက်ကျလေခြင်း။ ငါပေါက်ကွဲခဲ့တဲ့ အဓိပ္ပာယ်တွေ အနာဂတ်မှာ မြည်နေပါစေ။ “ဟာကွက်” နောက်ကျောဓားနဲ့အထိုး မခံချင်လို့ နံရံမှာ ကပ်ထားတယ် ဘာရမလဲ ဘာမှမရပါဘူး ဘယ်မှကို သွားလို့မရတာပဲ။ “ဆုလာဘ်” ဘ၀ဟာ မာရသွန်ပွဲပါ ၀င်မပြိုင်တာ ကောင်းပါတယ် ရောဂါသည်ပါ ပေါ့လေ မရတဲ့အဆုံး ပြုံးပြုံးကြီး ပြေးတယ် ပွဲပြီးရင် ဘာပေးမလဲကွယ်တဲ့။ “ ထုချေလွှာ” ကာယကံရှင် မသာကြီးက ထ, မကန့်ကွက်ပါဘူး အုတ်ဂူကို တံတွေးနဲ့ ထွေးလို့လေ။ ဆွေမျိုးရောင်းရင်းတွေကတော့ ကန့်ကွက်မှာပေါ့ ကာယကံရှင်မှ မဟုတ်သေးဘဲလေ။ “မာစတာပိ့စ်” ကျွန်တော်သေသွားတာ ပါဖောမန့် အနုပညာပါ တစ်ချို့များ ငိုလားရယ်လား ဖြစ်ရတဲ့အထိ ဂန္ဓ၀င်မြောက် ထွက်ခွာခဲ့တယ် မသိမ်ငယ်ကြပါနဲ့ကွဲ့။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၁၂)

  “လိပ်ပြာ” ကျန်းမာရေးဟာ အရေးကြီးလှပါတယ် ဒါထက်တောင် သေဖို့အရေးက ပိုကြီးနေသေးတယ် အံ့ဘနန်းခဏလေးမှာ အနာဂတ်ဟာ အနက်နဲ့ကာထားတယ်။ “ပိုင်နက်” မြေခွေးမက ရိသဲ့သဲ့မေးတယ် တစ်ကောင်တည်းလားတဲ့ ခြင်္သေ့မက ခပ်ငေါက်ငေါက်ဖြေတယ် ဒါပေမဲ့ ခြင်္သေ့။ တောထဲမှာ ဖြစ်နေတာပါ။ “အုံဖွ” ရေပြင်ညီမျဉ်းဟာ အားယူပြီး ထ, နေရှာတယ် မလွယ်ပါဘူးကွယ် ကိုယ်တို့ကပဲ (သူ့ကို) ကိုးဆယ်ဒီဂရီလှည့် ကြည့်ပေးလိုက်ကြရအောင်။ “ရွတ်ဖတ်သရဇယ်ခြင်း” အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်လို့ ကြိမ်ဖန်များစွာ ကြားခဲ့ရပါတယ် နားမ၀င်တာတော့လည်း  တစ်ပိုင်းပေါ့လေ။ “အစားထိုးခြင်း” ပန်းလေးတွ ၀တ်မှုန်ကူးဖို့ ပိုးမွှားအတုတွေ ဖန်တီးထားတယ် ပန်းလေးတွေ ကြွေဖို့ရော သင်္ခါရကို အနားပေးမလား။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၁၁)

“အင်တာဗျူး” အနာဂတ်ကို ယုံကြည်မှုရှိပါသလား (တဲ့) ကျွန်တော် နားမရှင်းလိုက်ဘူး။ ယုံကြည်မှုမှာ အနာဂတ်ရှိပါသလား။ “အရွေ့” ကျွန်တော်ရောက်နေရာအရပ်သည် မဇ္ဈိမအရပ် ဖြစ်သည်လို့ လေယာဉ်စီးရင်း ကြွေးကြော်ရင် မှန်ပါ့မလား ဒါထက်... လည်နေတဲ့ ဘောလုံးကြီးပေါ်က ဆိုရင်ရော။ “အာရုံငါးပါးအကြောင်း” ခံစားချက်တွေ ပေါပေါလောလော ရှိကြပါပေတယ် ဒါပေမဲ့ ဘာအရေးလဲ။ ဘေးကအရာတွေအကြောင်း ရှူး ... တိုးတိုးလုပ်  ခံစားချက်မရှိသလို ခံစားနေရတာ ငါပေါ့။ “တိတ်ဆိတ်မှု” စကားတွေများရင်း အမှားတွေလည်းများလာပြီ ဒီလိုနဲ့ ဆွံ့အ,သူထံပါး အမှန်တရားရှိတယ်လို့ပဲ ကြေကွဲလိုက်ရတော့မလိုလို။ “ဇ” ဘေးထွက်ဆိုးကျိုးတွေက ဘာလို့ဘေးထွက်နေကြတာလဲ လာ... တစ်ခါတည်းလိုက်ခဲ့ စံချိန်စံညွှန်းမမီတဲ့ ဒုက္ခတွေကြောင့် အရေပြား အပါးမခံပါနဲ့။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၁၀)

“စောင့်ကြည့်လေ့လာမှု” အဓိပ္ပာယ်တွေကို မြေလှန်ဖို့ ငါ အဘိဓာန်ကို ဖတ်နေတယ် ဘ၀ကို မြေလှန်ဖို့ ငါ အသက်ရှူသံကို ဖတ်နေတယ် အလိုလေး အလိုအလျောက်ကြီးပါလား။   “လေ့လာရေးခရီး” စရိတ်ငြိမ်းခရီးစဉ်မှာ လှည့်ပတ်ကြည့်ရှုနေရုံတင်ပါ စိတ်ဝင်စားလှလို့ရယ်တော့ မဟုတ်ဘူး ပြီးရင် ကျွန်တော့်ကို ဟိုကျောက်တုံးကြီးနား တစ်ပုံရိုက်ပေးပါဦး။ “ကျွန်တော်အိပ်နေတုန်း ဖြစ်ပျက်ခဲ့တာတွေ” အိပ်ယာက နိုးလာတော့ နှုတ်ခမ်းမွှေးဟာ စင်တီမီတာအနည်းငယ် ရှည်နေတယ် ဒီလိုပဲ တစ်နေ့တစ်နေ့ အိပ်မက်ထဲက မိုင်တိုင်တွေကို အရင်းက ရိတ်ဖြတ်သန့်စင်နေရတယ်။ “အလွမ်း” ခြေစွယ်ငုတ်နေတာကို တစိမ့်စိမ့်အရသာခံနေသလို ကျွန်တော် ထိုင်ငိုနေတယ် ချက်ချင်းကြီး သွေးထွက်သံယို ဖယ်ရှားပစ်လိုက်ရမှာကိုလည်း မလိုလားဘူးလေ ခြေမလေးရောင်နေခဲ့တာ ကြာပါပြီ။ “အနက်ရောင် စစ်တုရင်အရုပ်ကလေး” ကျွန်တော်က ခံစစ်ကိုကြိုက်လို့ အနက်ကိုကိုင်တယ် သူကတော့ ခေတ်ဆန်သူဆိုတော့ အဖြူပေါ့လေ ၆၄ ကွက်လုံးကို ချယ်လှယ်နိုင်ဖို့ဆိုတာ ဒီဘက်ခေတ်လူတွေရဲ့ အိပ်မက်ပဲ မဟုတ်လား ချောင်တစ်နေရာကနေ လောကဓံကို သရေခံထိုးဖို့ ရည်ရွယ်ခဲ့ပါတယ်။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၉)

`နောက်ဆုံးခဏမှာ´ ပုရွက်ဆိတ်လေးတစ်ကောင်ရဲ့ အစွမ်းကို အတွင်းခံထဲရောက်မှ သိရတာမျိုးကိုး တစ်စက္ကန့်လောက်ဖြစ်ဖြစ် ဆက်ရှိနေပါရစေလို့ အစောကြီးထဲက ကြိုပြောခဲ့ပါရဲ့။ `ဆော့ခရိတ္တိ ရေနှစ်သတ်လိုက်တဲ့ မသာ´ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ ပင်လယ်ကြီး ကြည့်ချင်ခဲ့တာ ငမ်းငမ်းတက်ကိုး နားထင်က ဆွဲမ,မှ မျက်ကလဲဆန်ပြာ မြင်လိုက်ရသလိုမျိုး ကိုယ့်ဂိုးကိုယ်သွင်းမိသွားတယ်ဆိုလည်း ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ။ `ဒီဂျာဗှူး´ ဟား လာပြန်ပြီ ဒီအချိန်ဒီနေရာ ငါသိပါရဲ့ ဒီအရပ်ဒီဇာတ် ငါဖြတ်ဖူးပါရဲ့ ဒီအငွေ့အသက်တွေဟာ ရင်းရင်းနှီးနှီးပဲ အသစ်ဖြစ်ဖြစ်နေတာက လွဲလို့။ `သမထ ဟာသ´ ငါ့ခန္ဓာကိုယ်ကိုသာ ချုပ်နှောင်ထားလို့ရမယ် ငါ့စိတ်ကို ချုပ်နှောင်ထားလို့မရဘူး (တဲ့) သူ အာနာပါနရှု နေတယ်။ `ကျိန်စာ´ ကလောင်ကို ဇာတ်ကုန်ဖွင့်လိုက်ပါမှ ကကြီးမှအ အတွင်းသာ ပိတ်မိနေတာ တွေ့လိုက်ရတယ် ငါပစ်ပေါက်ခဲ့သော အဓိပ္ပာယ်တွေက အစိုးမရ ရမ္မက်မီးမငြိမ်းခင် ပုဒ်မတွေသာ ပြုတ်ကျလာခဲ့။ ◄ တေဇာ ►

“သိနားလည်သူတို့ကစားနည်း” အား ချဉ်းကပ်ခံစားခြင်း

သိနားလည်သူတို့၏ကစားနည်း ဘ၀ဆိုးအကြောင်း တိုးတိုး - တိုးတိုး… ရိုးရိုးလေးနားထဲဝင်လာရဲ့။ “သိပါရစေကွယ်”ပေါ့လေ ကယ်တင်ရှင်လေသံနဲ့ ငါ့ရဲ့စပ်စုမှုကြောင့်ပေါ့။ ပြီးတော့လဲ တခြားလူတွေလိုပါဘဲ အိပ်လိုက်တာပါဘဲ။ “အ၀င်း”ဆိုတဲ့ဖာသည်မလေးကို အဲသလိုစော်ကားမိပါတယ်။ ◄ အောင်ချိမ့် ► သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ တစ်နေ့မှာတော့ ကဗျာတစ်ပုဒ်ကို ခလုတ်ပြန်တိုက်မိပါတယ်။ ခလုတ်ဆိုရာမှာ မတော်တဆ ဆိုတဲ့ အနက်နဲ့ ကိုက်ညီပေမဲ့ ခလုတ်ကန်သင်းသဘောမျိုးနဲ့ တိုက်မိတာ မဟုတ်ဘဲ တစ်စုံတစ်ခုကို မောင်းဖြုတ်ချလိုက်သလို လင်းကနဲလက်ကနဲ ဖြစ်သွားတဲ့ “ခလုတ်” မျိုးကို ဆိုလိုပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းက ဒီကဗျာကို ဖတ်ဖူးခဲ့ပြီးသားပါ။ ထိုအချိန်တွေတုန်းက ဆရာအောင်ချိမ့်ရဲ့ ကဗျာတွေကို တစိုက်မတ်မတ်၊ စွဲစွဲလမ်းလမ်း ဖတ်နေခဲ့တဲ့ နှစ်တွေပါပဲ။ မှတ်မှတ်ရရ ဒီကဗျာနဲ့ ပတ်သက်ပြီးတော့  သူငယ်ချင်းတစ်ယောက်ကို မှတ်ချက်တစ်ခု အမှတ်တမဲ့ ပြောခဲ့ဖူးပါတယ်။ ဆရာအောင်ချိမ့်ရဲ့ ဒီတစ်ပုဒ်ဟာ အနည်းငယ်ရိုင်းပြီး ဆင်ဆာမလုပ်ရသေးတဲ့ မူမျိုးဖြစ်လိမ့်မယ်လို့ မတောက်တခေါက်နဲ့ ပြောခဲ့မိပါတယ်။ အဲဒီတုန်းက ရုတ်တရက်ဖတ်ပြီး ချခဲ့တဲ့မှတ်ချက်ဟာ အလွန်မှားကြောင်း ဒီနေ့မ

အတိုးဆုံး ကဗျာများ (၈)

`ရှေ့ကလူ´  ရှေ့တွင် အန္တရာယ်ကွေ့ဆိုတဲ့ ဆိုင်းဘုတ်က နောက်မှာ ကျန်ခဲ့ပြီ ဒီစာရေးသူဟာ နောက်ပြန်လှည့်နိုင်ခဲ့သေးသကိုး။ `လက်မှတ်အဆန်းကလေး´ မောင်(မ) ဘယ်သူဘယ်ဝါ အသက် မည်၍မည်မျှ တွေ့ရလေ့ မရှိတာက ဘယ်ဆီဘယ်ဝယ် ဆိုတာပါ အရေးတော့လည်း မကြီးလှပါဘူး။ `၀မ်းနည်းပွဲ´ အားလုံးကို ပျော်ရွှင်စေချင်ပါတယ် စိတ်ကူးယဉ်ဝါဒီတစ်ဦးက ဆိုတယ် သူ့မျက်နှာမှာ အဖတ်လိုက်ကပ်နေတဲ့ အပြုံးကြီးကိုကြည့်ပြီး ခင်ဗျားတို့ကို ကျွန်တော်နဲ့အတူ လာဝမ်းနည်းဖို့ ဖိတ်ခေါ်ပါတယ်။ `နိုက်ကလပ်ထဲမှာ´ လောကကြီး အဓွန့်ကြာတော့လည်း လူသားတွေ အကြာကြီး `ဒွန့်´ ရတာပေါ့ ဒါပါပဲ နောက်ဆုံးတော့လည်း အိပ်ရေးပျက်ရရုံပါပဲ။ (ဒါမျိုးက မိုးလင်းမှ ပေါ်လာတတ်တဲ့ အတွေးမျိုးမဟုတ်လား) `လက်တွေ့ဝါဒ´ ကမ္ဘာကြီးလုံးကြောင်း ယုံနိုင်ဖို့    လေယာဉ်တစ်ပတ်လောက် စီးကြည့်ချင်ပါတယ်။ သူ (မ) အချစ်ကို ယုံနိုင်ဖို့ (!@#$%^&*) အဲ… သီအိုရီအရတော့ ကျွန်တော် အချစ်ကို ယုံကြည်နေဆဲပါလေ။ ◄ တေဇာ►

“စိတ်ရောဂါရနေတဲ့ သစ်ပင်”

ကိုယ့်ကိုယ်ကို ဘုရင်လို့ လွဲမှားစွာယုံကြည်နေတဲ့ ရောဂါမျိုးက ရံဖန်ရံခါ ဖြစ်တတ်ပါတယ် ကုရ လွယ်တယ် ဝေဒနာရှင်ကိုယ်တိုင်မှာ အန္တရာယ်မရှိပေမဲ့ ပတ်ဝန်းကျင်က ကျွန်တွေ မင်းပြစ်မင်းဒဏ်သင့်တတ်တယ်။ ကိုယ့်ကိုယ်ကို သစ်ပင်လို့ ထင်နေတာမျိုးကျတော့ ရှားသွားရော သူက ကုရခက်တယ် ယဉ်ယဉ်လေး ရူးတာမျိုးပါ အခြားအပင်တွေနဲ့ တွဲပြီး စိုက်ပျိုးနိုင်ပါတယ်။ အဲ… ကိုယ့်ကိုယ်ကိုယ် လူလို့ သံသယမရှိရှာတဲ့အဖြစ်ကတော့ အတွေ့ရအများဆုံးနဲ့ ကုရာနတ္ထိပဲ အရမ်းလည်း ကူးစက်ပြန့်ပွားလွယ်တယ် အသီးအပွင့်တွေပါ လူရယ်လို့ဖြစ်လာရင်လို့ မြည်ပြီး သီးပွင့်လာရောပဲ ကပ်ရောဂါအမျိုးအစားပါ။ ဒါတွေအားလုံး အကြွင်းမဲ့တော့ မှန်ချင်မှမှန်လိမ့်မယ် ကိုယ်ပေါက်ရောက်ရှင်သန်ရာ ဒေသက အပင်နဲ့လူတွေကိုပဲ ကြည့်ပြီး ပြောလိုက်ရတာကိုး။ ကျွန်တော်လည်း ဘာထူးသေးလဲ ထူးမခြားနားပါပဲ အပင်တန်မဲ့ ကိုယ့်ကိုယ်ကိုယ် လူလို့ (တစ်ခါတစ်ရံ) ထင်ချင်ထင်နေမိတတ်တယ်။ ကျွန်တော့် အသီးအပွင့်တွေ ခူးဆွတ်ခံရတာကိုတောင် မချိမခံသာ ဖြစ်မိတတ်သေးတာ အကိုင်းချိုင်ခံရတာကို ဆတ်ဆတ်ခါ နာကျည်းမိတတ်သေးတာ ရေလောင်းပေါင်းသင်ပေးမယ့်လူမရှိလို့ ကြိတ်ငိုမိတတ်တာ အမြစ်ပါနှုတ်ပစ်ချင်တ

အတိုးဆုံး ကဗျာများ (၇)

`စာရေးခြင်း´ တကယ်ပါ လျှောက်ရေးနေတာပါ တကယ်ပါ ရေးရင်း လျှောက်နေတာပါ။ `Rubik Tube အဖြေမှန်´ ဘယ်လှည့် ညာလှည့် အထက်လှည့် အောက်လှည့် လှည့်ရင်း မူလနေရာ ပြန်မရောက်နိုင်ခဲ့တော့ ဆေးရောင် ခြောက်မျိုးနဲ့ မျက်နှာပြင်တစ်ဘက်စီသုတ် ဟန်လုပ် ပြထားခဲ့ရတော့တယ်။ “လိပ်ဆင်ကွက်” ကြောင် ဖြူဖြူမဲမဲ ကြွက်ခုတ်ဖို့က အဓိက။ ၀ါကျမှာ လိပ်ဆင်ကွက် (*) သတ္တ၀ါတစ်ကောင် ကိုယ်ဖျောက်နေရဲ့။ `ခေါ်သံ´ ကိုယ်တိုင်က သွားလေသူဆိုတော့ မတွေ့ရတော့တဲ့ ကောင်တွေက အယောက်ပေါင်းများစွာ `ကျော်´ ခဲ့တာတွေ အားလုံး ခွင့်လွှတ်တယ် သားကြီးတို့ အမြန်ပြန်လာပါ။ `မံမီ ဟာသ´ လူဆိုတော့လည်း ဒီလိုပဲပေါ့ အနာဂတ်တော့ ရှိချင်တာပေါ့ သေပြီးလည်း သေပြီးတဲ့အလျောက်ပေါ့ ပြန်လည်ထမြောက်ဖို့တောင် သူတို့တွေ ဂူသွင်းဆေးစိမ်ခဲ့ကြသေးတာ အံမာ. . . ။ ◄ တေဇာ ► (*) လိပ်ဆင်ကွက် = Tortoiseshell

အတိုးဆုံး ကဗျာများ (၆)

`ဇရာ´ သုံးဆောင်လိုက်ကြပါဦး အပူတွေအေးပြီး အအေးတွေပူကုန်တော့မယ် တစ်နေ့သောအခါမှာ ကြေးမုံပြင်ဟာ ရုတ်တရက်ကြီး ရွတ်တွနေတာကို သူတို့ ဘွားကနဲ တွေ့လိုက်ကြရတယ် နှမျောစရာကွယ် သုံးဆောင်လိုက်ကြပါဦး။ `တစိမ်း´ အလိုမတူဘဲ မိတ်ဆွေအရင်းအခြာအဖြစ် မဆက်ဆံပါနဲ့ အလိုမတူဘဲ ရန်သူအရင့်အမာအဖြစ် မပြုကျင့်ပါနဲ့ အကြည့်ချင်းဆုံရင် မပြုံးကြေး တို့အစွယ်တွေကို တစ်ကောင်နဲ့တစ်ကောင် လှစ်မပြကြေး။ `၀ိရောဓိ´ ကျွန်တော် စာမရေးတတ်ဘူးလို့ ရေးလိုက်တာ ကျွန်တော်ပါ။ နားရှုပ်သွားသလား ကျွန်တော်ပြောသားပဲ ကျွန်တော်ကစကား မပြောတတ်ပါဘူးလို့။ `အမှု´ မသမာမှုဟာ လူသတ်မှု မုဒိန်းမှု အကြမ်းဖက်မှုတို့ မဟုတ်ပါဘူး မသမာမှုဟာ မသမာမှုပါ။ `ဆင့်ကဲဖြစ်စဉ်´ ဒီအရပ်က မုသားဖော်စက်တွေ ဆင့်ကဲတိုးတက်သွားပုံများ လိမ်လည်ထွက်ဆိုလာနိုင်တဲ့အထိ သည်,၏ မလွဲ။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၅)

“တစ်ခေါက်သာဖတ်ရမယ့် ကဗျာ”  အဓိပ္ပါယ်စဉ်းစားကာ အေးအေးဆေးဆေးဖတ်ပါ မလောပါနဲ့ တိုပါတယ် ဘဝဟာ။ “အသွင်ပြောင်းခြင်း” စောလိုက်တာလို့ပြောတော့ ဒါတောင် မိုးဝင်ခိုခဲ့သေးတယ်တဲ့ ကျွန်စနစ်မရှိတော့ပေမဲ့ ၀ီရိယလွန်ခွင့်ကိုတော့ ဆက်လက်ဆုပ်ကိုင်ထားကြဆဲ သည်လိုဖြစ်ရမှာ မဟုတ်ဘူးလား ခုဟာက စနစ်တွေအ၀တ်အစားလဲနေတုန်းလေး အချိန်လုကာ ခပ်တိုးတိုးသာ ဟောက်ခဲ့ရ။ “မင်္ဂလာပါ” အ (ပွေ့) ဖက် ခံရတာ ကောင်းသလို အဖတ် (ရှု) ခံရတာလည်း ကောင်းတယ် (သား) သနပ်ခါးလိမ်းလာတယ် ဆရာမ (သား) ၀လုံးလေးတွေ ၀ိုင်းလား ဆရာမ ငယ်ငယ်က ငါတို့တွေ။ “နေရာ” ဘယ် (နေရာ) ရောက်နေတယ်ဆိုတာက အရေးမကြီးဘူး အဲဒီ (နေရာ) မှာ ဘာလုပ်နေတယ်ဆိုတယ် ဆိုတာက အရေးကြီးတယ်တဲ့ ဒါပေမဲ့ သူပြောတာ ဘယ်သူမှ မကြားလိုက်ကြဘူး သူဘယ်မှာ သွားပြောလို့ပါလိမ့်။ “ချက် .. ချက် .. ချက် .. ချက်” လေးစက္ကန့်ကြောင့် မွေးပြီး လေးစက္ကန့်ကြောင့် နေမယ် လေးစက္ကန့်ကြောင့် သေချင်သေမယ် လေးစက္ကန့်သာကြာတဲ့ စက္ကန့်လေးတွေမှာ ဘ၀နဲ့ချီကာ သာယာခဲ့ပါတယ်။ ◄ တေဇာ ►

“ကျွန်တော့်ပြတိုက်ထဲက အံ့သြစရာတွေ”

ခွေး ကြောင် ငါး ငှက်တွေ မျိုးတုန်းသွားတဲ့ခေတ်မှာ လူကလေးတစ်ကောင် မွေးမြူခဲ့ပါတယ် ပြုစုယုယချစ်ခင်လို့။ ခွေး ကြောင် ငါး ငှက်တွေ မျိုးတုန်းသွားတဲ့ခေတ်မှာ သူကကျွန်တော့်ကို မွေးမြူခဲ့တယ် ပြုစုယုယချစ်ခင်လို့။ ခုနေအခါမှာ ခွေး ကြောင် ငါး ငှက်တွေ ရှင်သန်ဆဲပဲ ကိုယ့်ကိုယ်ကိုယ်သာ ပိုးမွေးသလို မွေးနေခဲ့တယ်။ အိမ်မွေးတိရိစ္ဆာန်ဆန်ဆန် နှောင်ကြိုးတစ်ခု မလိုအပ်တဲ့နောက် ပြတိုက်ထဲတခမ်းတနား ထည့်ထားတဲ့ လှောင်အိမ်တွေ လည်ပတ်တွေ ဖန်ရေကန်လေးတွေကို ကျွန်တော့်မှာ တအံ့တသြ ငေးမိဆဲ။ ငှက်ကလေးတွေကို ချစ်လို့ကို မမွေးမြူခဲ့တာပါကွယ်။ ◄ တေဇာ ►

အာသာ

“မိုးမိုး (အင်းလျား) အမှတ်တရပြိုင်ပွဲ ဆုရ၀တ္ထုတိုများ”  စာအုပ်မှ ထုတ်နုတ်တင်ပြပါသည်။ သင်္ဘောဆိပ်ကနေ တက်လိုက်တာနဲ့ မြို့ရဲ့ မိန်းလမ်းမကြီးပေါ်မှာ ဦးဘိုးထွေးရဲ့အိမ်ကို တွေ့ရပါလိမ့်မယ်။ ခရီးကပြန်လာတဲ့ မြို့ခံလူပဲ ဖြစ်ဖြစ်၊ ဒီမြို့ကို အကြောင်းတစ်ခုခုနဲ့ လာတဲ့ တစ်နယ်က ခရီးသည်ပဲဖြစ်ဖြစ်၊ ဦးဘိုးထွေးရဲ့ အိမ်ရှေ့ကတော့ ဖြတ်ကို ဖြတ်သွားရလိမ့်မယ်။ မြို့ထဲကလူတွေဟာလည်းပဲ အများအားဖြင့် နေကုန်ဆိုသလို ဒီနေရာမှာပဲ စုစုဝေးဝေး လာနေကြရတာ မဟုတ်လား။ အဲသလို အချက်အချာကျတဲ့နေရာမှာ ရှိနေတာကိုက ဦးဘိုးထွေးရဲ့ဆန္ဒ ပြည့်ဝစေဖို့ ဖြစ်လာတာ။ § § § § § § §

အတိုးဆုံး ကဗျာများ (၄)

“ဟင်းတစ်ခွက်” ဆီတဝင်းဝင်း သဲတရှပ်ရှပ်ဆိုတာ သေချာရင် ပါဆယ်ထုပ်ပြီးပဲ ရောင်းလိုက်တော့မယ် ကြာတယ် ကိုယ့်ဘ၀ကိုမင်း ပိုင်ဆိုင်သွားပါပြီကွယ်။ “မြွေ” အရာအားလုံးမှာ ချွင်းချက် တစ်ခုတော့ရှိတယ်ဆိုတော့ကာ သူမှန်ရင် သူမှားမယ် သူမှားရင် သူမှန်မယ် ကိုယ့်အမြီး ကိုယ်မျိုရင်  ခေါင်းပါ ခံတွင်းထဲထိရောက်အောင်မျို။ “ဘယ်ကောင်မှလက်ကမြင်းခဲ့တာ မဟုတ်တဲ့စာ” မြေမမြှုပ်ပါနဲ့ ဂူမသွင်းပါနဲ့ မီးမရှို့ပါနဲ့ ရေမမျှောပါနဲ့ မလိုအပ်ပါဘူးကွဲ့ ဒီမှာငါဘယ်တုန်းကမှ မရှိခဲ့ဖူးဘဲ ဒါကိုသေချာချင်လို့ ဒီလိုမှာရတာပါ။ “အပြင်းစားခံစားချက်များ” အရမ်းချစ်ပါတယ် လုံးဝမချစ်နိုင်ဘူး မမေးဘဲ ဖြေလိုဖြေ မတောင်းဘဲ ငြင်းလိုငြင်း သွားကိုက်နေရတဲ့ကြားထဲ . . . ကဲ။ “မူလအမှောင်” ဟင် ဘာမှလည်းမမြင်ရဘူး၊ ဘာလို့ ဘာမှ မမြင်ရတာလဲ ဟင်၊ မျက်စိမြင် (ဖူး) သူတွေသာ ကန်းတဲ့အရသာကို သိတယ် ကျွန်တော့်မှာတော့ အမှောင်အတိဆိုတာကိုတောင် မမြင်မစမ်း။ ◄ တေဇာ ►

ပလက်ဖှောင်းပေါ်မှာ

သူငယ်ချင်း ရှေ့ဆက်မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ ဆိုတဲ့ အပိုဒ် ရောက်တော့ သူရော ကျွန်တော်ရော အတော်မူးနေပြီ အခါးတွေလည်း အတော်မြည်းပြီးမှကိုး ကြိုးပြတ်ပြီး အိမ်ပြန်လမ်းမှာ သူ့ကြောင့်ယိုင်သလား ကိုယ့်ကြောင့်ယိုင်သလား ခွဲခြားဖို့ခက်ခဲ့တယ် ငါတို့လက်တွေက ကိုယ်စီပုခုံးထက် တင်းကြပ်နေခဲ့ကြ ဖြစ်ချင်ရာဖြစ် ခေတ်ကို ခေါင်းအုံးအိပ်လိုက်လို့လည်း မဖြစ်ပေဘူး ပတ္တရောင်ကိုရှောင် အမှောင်မှာငြိမ်သက် ငါတို့ တရစပ်မော့ခဲ့တာ မီးတောက်တွေချည်း လိုအပ်ရင် လက်ထိုးအန်လိုက်ကွာ ရွေ့ကြစို့ ခွေးလေခွေးလွင့် အူသံများထဲ ဆက်လက်တိုးဝင်ခဲ့ကြ ငါတို့ကောင်တွေ ဝေလီဝေလင်းမှာ အိမ်ရိပ်ကို နင်းနိုင်ကောင်းရဲ့ သူငယ်ချင်း ရှေ့ဆက်မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ။ တေဇာ (လရောင်လမ်း) မေ ၂၀၁၀

မေ့လျော့ခြင်း အထိမ်းအမှတ်

သင် မေ့နေသော အရာများအကြောင်း သတိရသလောက် ဖြေဆိုပါ ခက်တာက  တစ်ခုခုချရေးလိုက်မိတာနဲ့ ဒါဟာ မေ့နေတဲ့အရာ မဟုတ်တော့ဘူးလို့ ဆိုကြလိမ့်မယ် ကျွန်တော် ၀မ်းနည်းပက်လက် ရေးချလိုက်တာ “မေမေ့မေတ္တာ” ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၃)

“မော်ဒန်” ပန်းချီကားအား အဓိပ္ပာယ်မေးမြန်းခြင်း သည်းခံပါ ကဗျာအား စကားပြေပြန်ခြင်း သည်းခံပါ ဖြစ်နိုင်ရင်ဗျာ ကိုယ့်ကိုယ်ကိုယ်တောင်  မိတ်မဆက်ပါရစေနဲ့။ “ညီညွတ်ရေး” အတူတူမတွေးသော်လည်း အတွေးတွေ တူနေကြ ဤစနစ်အောက်မှ လွတ်မြောက်ဖို့။ ခြားနားခြင်းတွေကို အတူထိုင်တွေးဖို့အတွက် ကျတော့မှ ... ။ “မောက်မာမှု” ရိုးသားရုံနဲ့ မပြီးသေးဘူး သိုးဆန်ဆန်မျက်နှာပေး ရှိဖို့လည်းလိုတယ် မယုံဘူးမဟုတ်လား ဒီစကားလုံးတွေကိုယ်နှိုက်မှာ  ကေသရာဇာလေပါသွားပြီကိုး။ “အမှန်” သူတို့ရဲ့ ယုံကြည်ယူဆချက်တွေကို ပြောင်းလဲဖို့ လူတွေဟာ ခက်ခဲလွန်းတယ်တဲ့ လူမှုစိတ်ပညာရှင်တွေက ညည်းညူကြတယ် ဟုတ်လည်း ဟုတ်တယ် ယနေ့တိုင် သူတို့ မမှိတ်မသုန် ညည်းညူနေကြဆဲပဲလေ။ “ကော်” စကားဝှက်ဆိုတာ အဓိပ္ပာယ်ပေါ်သွားရင် သင့်အတွက် စိတ်ဝင်စားစရာ မကောင်းတော့ဘူး သူ (မ) ကို နားမလည်ချင်စမ်းပါနဲ့။ ◄ တေဇာ ►

တစ်လောကလုံးအား စာမေးပွဲချပစ်ခဲ့သည့် မေးခွန်း

လူရယ်လို့ဖြစ်လာရင် ကမ္ဘာကြီးပူနွေးလာမှုအတွက် တာဝန်ရှိတယ် အိုဇုန်းလွှာပါးတဲ့ကိစ္စ တာဝန်ရှိတယ် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တာဝန်ရှိတယ် ကွန်ဒွန်သုံး (ခိုင်း) ဖို့ တာဝန်ရှိတယ် လူရယ်လို့ဖြစ်လာရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တာဝန်ရှိတယ် မတရားတဲ့အမိန့်မှန်သမျှ ဖီဆန်ဖို့ တာဝန်ရှိတယ် ညှော်နံ့မခံနိုင်သူများ နာမည်နဲ့ လူထုအော်သံထဲထည့်ဖို့ တာဝန်ရှိတယ် နာရေးကူညီမှုအသင်းကို ကျေးဇူးတင်ဖို့ တာဝန်ရှိတယ် လူရယ်လို့ဖြစ်လာရင် မွေးမေကျေးဇူးဆပ်ဖူးဖို့ တာဝန်ရှိတယ် အသုဘပို့ (ရင် မျက်နှာသေလေးနဲ့နေ) ဖို့ တာဝန်ရှိတယ် မင်္ဂလာဆောင်ကို လက်ဖွဲ့ပါသွားဖို့ တာဝန်ရှိတယ် ဘီအီးတစ်ပိုင်းကို ညီတူမျှတူခွဲသောက်ဖို့ တာဝန်ရှိတယ် လူရယ်လို့ဖြစ်လာရင် လေချဉ်တက်ဖို့ တာဝန်ရှိတယ် ချိုချိုစို့ဖို့ တာဝန်ရှိတယ် ၀လုံးကလေး ၀ိုင်းအောင်ရေးဖို့ တာဝန်ရှိတယ် သမီးအိမ်မပြန်ရဲတော့ဘူးဆို ခိုးပြေးဖို့ တာဝန်ရှိတယ် စသည်ဖြင့်ပေါ့ လူရယ်လို့ဖြစ်လာရင်တာဝန်တွေက ခပ်များများပဲ ကံကောင်းတာက အဲဒီတာဝန်တွေကို မယူချင်လည်း ရပါတယ် တာဝန်မဲ့သူတစ်ဦးအဖြစ် သတ်မှတ်ဖို့တာဝန်ကို သင့် ပတ်ဝန်းကျင်က အခမဲ့ယူပေးကြလိမ့်မယ် လုံးဝရှောင်လွှဲမရတဲ့ လူရယ်လို့ြ