သိနားလည်သူတို့၏ကစားနည်း
ဘ၀ဆိုးအကြောင်း
တိုးတိုး - တိုးတိုး…
ရိုးရိုးလေးနားထဲဝင်လာရဲ့။
“သိပါရစေကွယ်”ပေါ့လေ
ကယ်တင်ရှင်လေသံနဲ့
ငါ့ရဲ့စပ်စုမှုကြောင့်ပေါ့။
ပြီးတော့လဲ
တခြားလူတွေလိုပါဘဲ
အိပ်လိုက်တာပါဘဲ။
“အ၀င်း”ဆိုတဲ့ဖာသည်မလေးကို
အဲသလိုစော်ကားမိပါတယ်။
◄ အောင်ချိမ့် ► သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ

တစ်နေ့မှာတော့ ကဗျာတစ်ပုဒ်ကို ခလုတ်ပြန်တိုက်မိပါတယ်။ ခလုတ်ဆိုရာမှာ မတော်တဆ ဆိုတဲ့ အနက်နဲ့ ကိုက်ညီပေမဲ့ ခလုတ်ကန်သင်းသဘောမျိုးနဲ့ တိုက်မိတာ မဟုတ်ဘဲ တစ်စုံတစ်ခုကို မောင်းဖြုတ်ချလိုက်သလို လင်းကနဲလက်ကနဲ ဖြစ်သွားတဲ့ “ခလုတ်” မျိုးကို ဆိုလိုပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းက ဒီကဗျာကို ဖတ်ဖူးခဲ့ပြီးသားပါ။ ထိုအချိန်တွေတုန်းက ဆရာအောင်ချိမ့်ရဲ့ ကဗျာတွေကို တစိုက်မတ်မတ်၊ စွဲစွဲလမ်းလမ်း ဖတ်နေခဲ့တဲ့ နှစ်တွေပါပဲ။ မှတ်မှတ်ရရ ဒီကဗျာနဲ့ ပတ်သက်ပြီးတော့ သူငယ်ချင်းတစ်ယောက်ကို မှတ်ချက်တစ်ခု အမှတ်တမဲ့ ပြောခဲ့ဖူးပါတယ်။ ဆရာအောင်ချိမ့်ရဲ့ ဒီတစ်ပုဒ်ဟာ အနည်းငယ်ရိုင်းပြီး ဆင်ဆာမလုပ်ရသေးတဲ့ မူမျိုးဖြစ်လိမ့်မယ်လို့ မတောက်တခေါက်နဲ့ ပြောခဲ့မိပါတယ်။ အဲဒီတုန်းက ရုတ်တရက်ဖတ်ပြီး ချခဲ့တဲ့မှတ်ချက်ဟာ အလွန်မှားကြောင်း ဒီနေ့မှာ အလန့်တကြား တွေ့လိုက်မိရတယ်။
စပ်မိလို့ ပြောရရင် ဦးဝင်းငြိမ်းမေးတဲ့ ဆရာမြသန်းတင့်ရဲ့ “အင်တာဗျူး” (စာ - ၁၀၅) မှာ ညစ်ညမ်းတဲ့ နိမိတ်ပုံတွေနဲ့ ကဗျာဖွဲ့နေသူတွေကို ဘယ်လိုမြင်ပါသလဲလို့ ပါတာ သတိရမိတယ်။ ဆရာမြသန်းတင့်ရဲ့ အဖြေကတော့ ရှင်းတယ်။ ကဗျာဆိုတာ သန့်စင်တဲ့အရာ၊ နူးညံ့တဲ့အရာ၊ သိမ်မွေ့တဲ့အရာ ဖြစ်တယ်။ မုဒုလက္ခဏမင်းသမီး ကိုယ်ဝတ်ပြေတာ မြင်လို့ ဈာန်လျှောရတဲ့ ရသေ့အကြောင်း ဖွဲ့တာတောင်မှ နိမိတ်ပုံတွေဟာ လှပနေတယ်။ ညစ်ညမ်းတဲ့အကြောင်းအရာကိုတောင် လှပအောင်လုပ်နိုင်ရင် ကဗျာကို နိမိတ်ပုံတွေနဲ့ ညစ်ညမ်းအောင်လုပ်တာဟာ ဇရပ်ပေါ်မှာ နွားကျောင်းသား လက်ကမြင်းတာပဲဖြစ်လိမ့်မယ်လို့ ဆရာမြသန်းတင့်က ဆိုခဲ့တယ်။ ဒါဟာ ဆရာမြသန်းတင့်ရဲ့ အမြင်ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ ညစ်ညမ်းတာနဲ့ သန့်စင်တာ၊ ရိုင်းတာနဲ့ ယဉ်တာ သိပ်ပြီး ထူးထူးခြားခြား စိတ်မရှိလှပါဘူး။ ရိုင်း (တယ်အထင်ခံရ) မှာ စိုးရိမ်တာနဲ့ “အရှက်မရှိဘူး” လို့ ရေးလိုက်ရရင် “သောက်ရှက်မရှိဘူး” လို့ ရေးတာမှာလို မနှစ်မျို့တဲ့လေသံဟာ အင်ပြည့်အားပြည့် ပါမလာနိုင်တော့ဘူး။ အဆုံးစွန်ပြောရရင် အညစ်ညမ်းဆုံး ဆဲရေးတိုင်းထွာတဲ့ စကားလုံးတွေကိုတောင် အဓိပ္ပာယ်သေချာဖွင့်ပြီး စဉ်းစားရင် ထင်သလောက်မဆိုးတော့တာ တွေ့ရတယ်။ တကယ် ခံရခက်ပြီး နာကျင်စေတာက ဆဲရေးသူရဲ့ စေတနာနဲ့ ဒေါသပဲ ဖြစ်ပါတယ်။ အသုံးပြုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ဟာ ပါးပါးလေးသာ ပါလိမ့်မယ်။ ငါ့ကို ဆဲနေပါလား ဆိုတဲ့ အသိစိတ်ကသာ နာကျည်းခံစားရမှုကို အဓိကဖြစ်ပေါ်စေတာပါ။ ကျွန်တော့်အနေနဲ့က မြန်မာရုပ်ရှင်ကားတွေမှာလို ကျားကသမင်ကို စားလိုက်တာတို့၊ ပန်းပွင့်လေး ကြွေကျသွားတာတို့၊ ပျားက ၀တ်ရည်ကို စုပ်နေတာတို့၊ ဒါတွေရိုက်ပြမှ လှပတဲ့နိမိတ်ပုံ ဖြစ်တယ်လို့ မထင်ဘူး။ ပန်းလေးတွေ ပွင့်တာ၊ လေညှင်းလေးတွေ တိုက်တာချည်းပဲ ကဗျာမှာ ပါနေရမယ်လို့ မထင်ဘူး။ (လူ့ဘ၀ရဲ့) အကြောင်းအရာတွေဟာ မူလထဲက ညစ်ညမ်းပြီးသားဖြစ်လို့ ဒါတွေကိုဖွဲ့တဲ့ နိမိတ်ပုံတွေဟာလည်း သိပ်ပြီး သန့်ရှင်းတောက်ပနေစရာ မလိုဘူးလို့ ကျွန်တော်တော့ ထင်တယ်။ ရှင်းရှင်းပြောရရင် လူတစ်ယောက် မတ်တပ်ရပ်နေတာကိုက လိင်ဆက်ဆံမှု တစ်ခါပြီးမြောက်ခဲ့ကြောင်း သင်္ကေတလို့ပဲ အရိုးဆုံး မြင်မိတယ်။ ဒါပေမဲ့ ယင်အုံပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမှိုက်ပုံဖြစ်အောင် တမင်လုပ်ရေးတာမျိုးကိုတော့လည်း မနှစ်သက်ပါဘူး။ ချုပ်ရရင် လက်ရှိအခြေအနေမှာ ကျွန်တော်ဟာ လူကြီးလူကောင်း ဆန်သယောင်၊ ယဉ်ကျေးသယောင် ဟန်ဆောင်ချင်တဲ့ စိတ်အခြေအနေမျိုး ရှိမနေတော့ဘူးလို့ပဲ ဆိုပါရစေ။
ပြန်ဆက်ရရင် တစ်နေ့မှာတော့ ကျွန်တော်ဟာ ဆရာအောင်ချိမ့်ရဲ့ “သိနားလည်သူတို့ ကစားနည်း” ကို ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တွေ့တာဟာ အရင်တစ်ကြိမ်တွေ့တာနဲ့ မတူတော့ဘူး။ အမှန်ဆို အရင်တစ်ကြိမ်ဖတ်တုန်းကတည်းက ကျွန်တော်ဟာ သိနားလည်တဲ့ ကစားသမားယောက် ဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ အဲဒီအကြိမ်တုန်းက ဒီကဗျာမှာ ဘာမျှ မတွေ့ခဲ့ရဘူး။ ခုတစ်ကြိမ်မှာတော့ ကျွန်တော့်ရဲ့ နားလည်သိမှတ်ပုံမှတစ်ဆင့် အတိတ်မှာ ကွယ်ပျောက်နေခဲ့တဲ့ ဇာတ်ကွက်တစ်ခုဟာ ဘွားကနဲပေါ်လာတာကို အလန့်တကြား တွေ့လိုက်ရမိတယ်။ ကဗျာဆရာဟာ ချောင်းကြည့်ပေါက်က ကြည့်ပြီးရေးခဲ့သလို ထပ်တူထပ်မျှ နိုင်လွန်းတယ်။ (အမှန်က ကျွန်တော် လူမဖြစ်ခင်တည်းက ရေးခဲ့တဲ့ကဗျာ ဖြစ်ပါလိမ့်မယ်) ကဗျာပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာအချို့ ရှိနေပါတယ်။
ပထမဆုံးအချက်အနေနဲ့ ကဗျာဟာ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရတာ၊ အစော်ကားခံရတာမျိုး “အမျိုးသမီးရေးရာ” ရှုထောင့်ဘက်က ရေးထားတာမျိုးလို့ မထင်ပါဘူး။ ကဗျာမှာ ကဗျာဆရာဟာ သူ့အကြောင်းသူ ရေးထားခြင်းသာ ဖြစ်ပါတယ်။ ကဗျာဆရာဟာ ဘယ်သူမှ ရိုက်မစစ်ပါဘဲ ဖြောင့်ချက်ပေးထားတယ်။ ခေါင်းစဉ်မှာ နားစိုက်ထောင်မှသာ ကြားရမယ့် အတိုးဆုံးလှောင်သံလေး ပါနေတယ်။ ပညာတတ်သူ၊ အမြင်ကျယ်သူ၊ ကိုယ်ချင်းစာတရားရှိသူ၊ လူကောင်းတစ်ဦး (လို့ သူ့ကိုယ်သူ၊ ဒါမှမဟုတ် အများက လက်ခံထားတဲ့ လူတစ်ဦး) ရဲ့ ကန့်လန်ကာနောက်ကွယ်က ဇာတ်ထုပ်ကို လှောင်သံပါးပါးလေးနဲ့ အထုပ်ဖြေထားခြင်းသာ ဖြစ်ပါတယ်။ ကဗျာပါ အကြောင်းအရာကို ကျွန်တော်ပြန်လည် သတိရခဲ့တဲ့ ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂလဖြစ်ရပ် တစ်ခုနဲ့ နှိုင်းယှဉ်လေ့လာ ကြည့်လိုပါတယ်။ ဒီဇာတ်ကွက်ကို ကျွန်တော်တို့ ရှေ့နည်းနည်းတိုးပြီး အနီးကပ်ဆက်ကြည့်ကြရအောင်။
အဲဒီနေ့က ကျွန်တော်ဟာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ပါလာသူ ဖြစ်တယ်။ ကျွန်တော်ဟာ အရက် အနည်းငယ် မူးနေတယ်။ ကျွန်တော်ဟာ အခန်းတစ်ခန်းထဲကို ရောက်နေရတယ်။ သူငယ်ချင်းနဲ့ ပါလာတဲ့အကြောင်း ထည့်ပြောရတာက မိမိအလိုဆန္ဒမပါဘူးလို့ ကာကွယ်ချင်တာ မဟုတ်ပါဘူး။ လူတွေဟာ အခန်းတစ်ခန်းထဲကို အကြောင်းမဲ့ ရောက်မလာတတ်ကြဘူး။ ထမင်းစားခန်း၊ စာကြည့်ခန်း၊ ရေချိုးခန်း၊ နောက်ဆုံး အကျဉ်းခန်းအထိ ရောက်ရှိနေရတဲ့ ရည်ရွယ်ချက် (၀ါ) စေ့ဆော်မှု တစ်စုံတစ်ရာ ရှိကြတယ်။ ထင်ထင်ရှားရှားမရှိဘူးဆိုရင်တောင် မသိစိတ်မှာ ကိန်းအောင်းနေတာကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဒီတော့ ကျွန်တော်ဟာ သူငယ်ချင်းခေါ်လို့ပါလာသူဆိုတာတောင် မသိစိတ်ထဲက ရည်ရွယ်ချက်ကြောင့် ဒီအခန်းထဲ ရောက်နေရခြင်းသာဖြစ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အခြားသူတွေရဲ့ အမြင်မှာရော၊ အဲဒီအချိန်တုန်းက ကိုယ့်ကိုယ်ကိုယ်မြင်တဲ့ အမြင်မှာပါ သူငယ်ချင်းခေါ်လို့ ပါလာရသူတစ်ဦးသာ ဖြစ်တယ်။ နေရာလွဲပြီး ရောက်နေသူတစ်ဦးလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတယ်။ ကိုယ့်မသိစိတ်ထဲက ရည်ရွယ်ချက်ကို အဲဒီအချိန်တုန်းက ဘယ်သိလိမ့်မလဲ။ သိလည်း (အခြားသူမပြောနဲ့) မိမိကိုယ်ကိုယ်တောင် ၀န်ခံနိုင်ပါ့မလား မသိဘူး။ ကျွန်တော်ဟာ အရက်မူးနေတုန်း မိန်းကလေးတစ်ယောက်နဲ့ အခန်းထဲမှာ အတူတူရှိနေခဲ့ရတယ်။ ဘာမျှမပြောဘဲ အရက်ကိုပဲ အချိန်အတော်ကြာ ဆက်သောက်နေမိတယ်။
ကျွန်တော်ဟာ လူကောင်းတစ်ဦးလို့ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ယုံကြည်လက်ခံထားတယ်။ သူတွေ့ဖူးနေကျ အခြားလူတွေနဲ့ မတူကြောင်း၊ အုတ်ရောရောကျောက်ရောရော အစားထဲက မဟုတ်ကြောင်း သူ့ကို သိစေချင်နေတယ်။ ဒါနဲ့ပဲ ကဗျာမှာ ဆိုထားသလို “သိပါရစေကွယ်” ဆိုတာ ဖြစ်လာရတယ်။ ဘ၀ဆိုးအကြောင်း စိတ်ဝင်စားမှုအပြည့်နဲ့ ကိုယ်ချင်းစာတရားကို မျက်နှာမှာ အကွင်းလိုက်ပေါ်နေအောင် ကြိုးစားသရုပ်ဆောင်ရင်း နားထောင်နေခဲ့တယ်။ ၀မ်းနည်းစရာရှိ စွတ်ဝမ်းနည်းပစ်လိုက်တာမျိုး၊ ဒေါသထွက်စရာရှိ ထိန်းမနိုင်အောင် ထွက်ပစ်လိုက်တာမျိုးတွေလို ခပ်ထွေထွေဖြစ်နေတဲ့ အခြေအနေကလည်း ဂရုဏာတရား (စိတ်ခံစားမှု) ကို တစ်နည်းတစ်ဖုံ မြှောက်ထိုးပင့်ကော် လုပ်နေလိမ့်မယ်လို့ ထင်တယ်။ ဒါဟာ ကျွန်တော်ဟာ တခြားလူတွေမဟုတ်ကြောင်း သက်သေပြဖို့ ကိုယ့်နည်းကိုယ့်ဟန် ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။ စပ်စုမှုတစ်ခုတည်းကြောင့်ရယ်လို့ မဆိုနိုင်ဘူး။ ကယ်တင်ရှင်လေသံထက်စာရင် ဂရုဏာရှင်လေသံ ပိုပေါက်ပါတယ်။
ထို့အတူ ပြောနေတဲ့သူကလည်း ကျွန်တော့်ကို အားကိုးတကြီးပြောနေတာမျိုးတော့ မဟုတ်ဘူး။ မိန်းကလေးတွေရဲ့ စကားပြောဝါသနာဟာ မူလအကြောင်းရင်းဖြစ်လိမ့်မယ်လို့ ကျွန်တော်တော့ထင်တယ်။ သူခပ်တိုးတိုးပြောနေတဲ့ ဘ၀ဆိုးဟာ ဆရာအောင်ချိမ့်ဆိုခဲ့သလိုပဲ ရိုးစင်းပါတယ်။ ကျွန်တော်တို့ (မြန်မာ့) လူမှုအသိုင်းအ၀ိုင်းမှာ ဒီလို အလွမ်းပုံပြင်တွေဟာ သိပ်မဆန်းလှတော့ဘူး မဟုတ်လား။ အခြားလူတွေ တန်ဖိုးရှိတယ်လို့ သတ်မှတ်ကြမယ့် နာရီတွေမှာ ကျွန်တော်က မူမူးနဲ့ ပုံပြင်နားထောင်ရင်း ကျွန်တော်ဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားနေခဲ့တယ်။ ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုက၊ ကျွန်တော့်အတွက်ဆိုရင်တော့ ၀မ်းနည်းဖို့ကောင်းတယ်လို့ပဲ ဆိုရမယ့်အချက်ပေါ့လေ၊ ကျွန်တော့်ကြိုးစားမှုဟာ သိပ်ပြီး ခရီးမရောက်ဘဲ ကျွန်တော်ဟာ အုတ်ရောရောကျောက်ရောရောဘ၀မှာပဲ ရှိနေသေးတာကို ကျွန်တော် ခံစားနေရတယ်။ သူ့နှုတ်က ဖွင့်မပြောပေမဲ့၊ အမူအရာနဲ့ မပြပေမဲ့ ကျွန်တော်ဟာ သူ့အတွက် အများကြီးထဲက တစ်ယောက်ပဲဆိုတာကို ကျွန်တော် အသေအချာ သိနေခဲ့တယ်။ ဒါဟာ ကျွန်တော့် ထင်မြင်ချက်သက်သက်မျှ မဟုတ်ဘဲ တကယ့်အမှန်တရားလို့ အခုထိ ခိုင်ခိုင်မာမာ ယုံကြည်ဆဲပါ။ ကျွန်တော် မျှော်လင့်နေခဲ့တဲ့ သူ့ဆီက အံ့သြဟန်၊ တစ်စုံတစ်ခု ထူးခြားသွားတဲ့ဟန်ကို လုံးဝ ရှာမတွေ့ခဲ့ဘူး။ ဒါဟာလည်း နောက်ဆုံးမှာ ကျွန်တော် အခြားလူတွေလို အိပ်လိုက်ရတဲ့အကြောင်းတစ်ခု ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ကျွန်တော်ဟာ အခြားလူတွေမဟုတ်ကြောင်း သက်သေပြရန်ကြိုးစားမှု မအောင်မြင်ခဲ့တဲ့အတွက် (သို့မဟုတ်) မအောင်မြင်ဘူးလို့ ခံစားရတဲ့အတွက် အခြားလူတွေလိုပဲ ဖြစ်သွားခဲ့ရတယ်။ ဒါကိုလည်း သူက စိတ်မရှိပါဘူး။ စိတ်မရှိတဲ့အပြင် လိုလားတယ်လို့ဆိုရင် အမှန်ဆုံးဖြစ်လိမ့်မယ်။ အဆုံးမှာ ကျွန်တော်ဟာ “စော်ကားမိတာ” မဟုတ်ဘဲ နောင်တသံကင်းကင်းနဲ့ “စော်ကားလိုက်တာ” လို့ပဲ ဆိုရလိမ့်မယ်။
ဒါတွေဟာ ကျွန်တော့် တစ်သီးပုဂ္ဂလဖြစ်ရပ်တစ်ခုရဲ့ စိတ်ပိုင်းဆိုင်ရာ ပြကွက်တွေကို အသေးစိတ်မြင်ရအောင် ပုံကြီးချဲ့ကြည့်ထားခြင်းမျှသာ ဖြစ်ပါတယ်။ ယောက်ျားလေးတစ်ယောက်ရဲ့ စာရိတ္တပိုင်းဆိုင်ရာအနေနဲ့ ခုခံချေပလိုခြင်းမဟုတ်သလို ကဗျာကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းလည်း မဟုတ်ပါဘူး။ ကဗျာပါအကြောင်းအရာနဲ့ ချွတ်စွပ်မတူနိုင်သလို ကဗျာရဲ့လိုရင်းနဲ့လည်း သက်ဆိုင်လိမ့်မှာ မဟုတ်ဘူး။ ဒီလို အသေးစိတ်အချက်အလက် တွေကိုချည်းပဲကြည့်လို့ ကဗျာရဲ့ ပိုမိုကျယ်ပြန့်တဲ့ အများဆိုင် သဘောတရား တစ်ခုကိုလည်း ဖမ်းမိလိမ့်မှာ မဟုတ်ဘူး။ ဒီတော့ ယေဘုယျသဘောတရား တစ်ခုဆီ သွားဖို့တော့ လိုလိမ့်ဦးမယ်။
အထက်မှာဆိုခဲ့သလို ကဗျာဟာ ကျား/မအမြင်မှာ အခြေခံထားတာ မဟုတ်သလို ညစ်ညမ်းတဲ့ အကြောင်းအရာကို ဇာချဲ့ထားခြင်းလည်း မဟုတ်ပါဘူး။ ဒါတွေထက် ပိုမိုသိမ်မွေ့တဲ့ လူ့စရိုက်နဲ့ သဘောသဘာဝကို ဖော်ကျူးထားခြင်းသာ ဖြစ်ပါတယ်။ ကဗျာဆရာဟာ ၀န်ခံရဲတဲ့သတ္တိရှိသလို နောင်တသံလေးသဲ့သဲ့နဲ့ လှောင်သံလေးပါးပါး ရောစွက်ထားပါတယ်။ ဘ၀ဆိုးတွေအကြောင်း ရင်နင့်ပြဖို့ မရည်ရွယ်ဘဲ နောက်ဆုံးမှာ သူလိုကိုယ်လိုဖြစ်သွားရတဲ့ နားလည်မှုကျယ်ပြန့်တဲ့ လူတစ်ဦးရဲ့ ဖြစ်အင်ကို ဆိုလိုရင်းအတိအကျ ဖြစ်ပါတယ်။ တစ်စုံတစ်ရာကို နားလည်ထားတဲ့သူနဲ့၊ လုံးဝနားမလည်တဲ့သူ၊ နောက်ဆုံးမှာ အပြုအမူ၊ အကျင့်စရိုက်ချင်း ထပ်တူကျသွားတဲ့သဘောဟာ အခြေခံဖြစ်ပါတယ်။ နောက်ဆုံးအပိုဒ်ရဲ့ “မိ” ဆိုတဲ့ စကားလုံးလေးမှာ ကဗျာဆရာရဲ့ အားနာတဲ့လေသံ၊ အပြစ်မကင်းတဲ့ ခံစားချက်တွေ ရောစွက်နေတယ်။ ဒါကြောင့်ပဲ ကဗျာဟာ အဓိပ္ပာယ် ပိုမိုပေါ်လွင် တောက်ပြောင် လာရတယ်။ ကျွန်တော့်ရဲ့ မြင်ကွင်းကျယ်အကြောင်းအရာအတိုင်း တိုက်ဆိုင်ကြည့်ရင် ကဗျာမှာ မသိမသာပါနေတဲ့ ဂရုဏာဓာတ်ကို ဆုံးရှုံးသွားရနိုင်ပါတယ်။
ကျွန်တော်တို့ဟာ အသိပညာ ကြွယ်ဝတဲ့လူတွေ ဖြစ်တယ်။ နားလည်နိုင်စွမ်း ကျယ်ပြန့်တဲ့လူတွေ ဖြစ်တယ်။ ကိုယ်ချင်းစာတရားရှိပြီး ကယ်တင်ချင်တဲ့စေတနာလည်း ပြည့်ဝကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ရထားစီးရင်း ဘူတာဆိုက်လာသလို၊ (သက်ဆိုင်ရာ) စနစ်တစ်ခုရဲ့ ကျုံးသွင်းမောင်းနှင်ခြင်းအောက်မှာ အတွေ့ကို ရှောင်နိုင်စွမ်းမရှိဘဲ အခြားဉာဏ်ပညာချို့တဲ့ပြီး ရက်စက်တဲ့လူတွေလိုပဲ သားကောင်နေရာက ကပြနေသူတွေကို နင်းချေဖျက်ဆီးပစ်လိုက်တတ်ကြတယ် မဟုတ်လား။ ကျွန်တော်တို့ မလွန်ဆန်နိုင်တဲ့ အရာတွေကြောင့် နောက်ဆုံးမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့အဖြစ်က စွန့်လွှတ်လိုက်ကြရတယ် မဟုတ်လား။ စစ်ဗိုလ်တစ်ယောက်ရဲ့ (အားလုံးကို မဆိုလိုချင်သော်လည်း အားလုံး တစ်နည်းမဟုတ်တစ်နည်း အကျုံးဝင်နေသည်ဟု ပြောလျှင် အမှားမရှိဟု ယုံကြည်သည်) ကြီးနိုင်ငယ်ညှင်းလုပ်ရပ်၊ ကုမ္ပဏီဝန်ထမ်း တစ်ဦးရဲ့ အထက်ဖားအောက်ဖိလုပ်ရပ်၊ ကုန်သည်တစ်ဦးရဲ့ မိုနိုပိုလီစိတ်ဓာတ်များဟာ လက်ညှိုးထိုး မလွဲသော သာဓကများ ဖြစ်ပါလိမ့်မယ်။ ၎င်းတို့အထဲမှာ “သိနားလည်သူ” တို့ ရှိလိမ့်မည်သာ ဖြစ်သော်လည်း ရေစီးအား မဆန်နိုင်တဲ့အတွက် အားလုံးဟာ နောက်ဆုံးမှာ ငကန်းနှင့် ငစွေများသာ ဖြစ်သွားရတော့တယ်။ စပ်မိလို့ ဒီသဘောဟာ လူမှုဝန်ထမ်းတစ်ဖက်၊ စာရေးဆရာ တစ်ဖက်ဖြစ်တဲ့ ဆရာသိပ္ပံမောင်ဝရဲ့ “ဆောင်းပါးဝတ္ထုများ” မှာ အနည်းအကျဉ်း တွေ့ရနိုင်တယ်လို့ ညွှန်းပါရစေ။
ဒီတော့ ဆရာအောင်ချိမ့် နောင်တရနေတာ၊ အားနာနေတာဟာ “အ၀င်း” ကို မဟုတ်သလို လှောင်ပြောင်နေတာဟာလည်း မိမိကိုယ်ကို မဟုတ်ပါဘူး။ သတ်မှတ်ပြဋ္ဌာန်းပြီး (Deterministic) ရထားသံလမ်းများဖြစ်တဲ့ ခေတ်စနစ်နဲ့ ရေစီးကို ထောက်ပြနေခြင်းနဲ့၊ မိုးခါးရေတွေရဲ့ ဘယ်မှာမှ ပြဋ္ဌာန်းမထားတဲ့ “မသောက်မနေရ” အမိန့်ကို ဖော်ညွှန်းနေခြင်းပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ဦးနဲ့ အခန်းကျဉ်းထဲ ပိတ်မိနေသလို ကျွန်တော်တို့လည်း ခေတ်စနစ်ထဲ ပိတ်မိနေကြတာပဲ မဟုတ်လား။ ဒီကဗျာမှာ ဆရာအောင်ချိမ့်ရဲ့ လှောင်သံ ခပ်တိုးတိုးကို ကြားအောင် နားထောင်ဖို့ လိုလိမ့်မယ် ထင်ပါတယ်။ ထို့အတူ သူ့ရဲ့အားနာမှုဟာ ခေတ်စနစ်တစ်ခုရဲ့ အခံဘက်က လူအများစုဖြစ်တဲ့ အခြေခံလူတန်းစား ပြည်သူတွေအထိရောက်အောင် ချဲ့ထွင်ပြီးခံစားနိုင်မယ်ဆိုရင် “ဖာသည်မ” ကိစ္စကို သိပ်ပုံကြီးချဲ့ နေစရာလည်း လိုအပ်မယ် မထင်တော့ပါဘူး။
◄ တေဇာ ►

great post !
ReplyDeleteCheers!
ReplyDeleteကိုယ်ကြိုက်တယ် ဒီပို့စ်ကို...
ဖြစ်ဖူးတယ်ဗျ။အဲ့ဒီအတိုင်းပဲ။ကဗျာစဖတ်ဖူးတုန်းက ဘာမှသိပ်အထူးမခံစားခဲ့ရဘူး။မဖြစ်ဖူးသေးလို့ထင်တယ်။ဖြစ်ဖူးသွားတဲ့နောက်တော့ ခင်ဗျားလိုပါပဲ။ကွက်တိပဲ။ခင်ဗျားလောက်ခုလိုသေချာမခံစားဖူးဘူး။ကျေးဇူးဗျား။
ReplyDeleteကြိုးစားပြီး ဒီကွန်စထရပ် လုပ်ကြည့်ထားတဲ့ အတွက် လေးစားပါတယ်...။ လူ့သဘောနဲ့ အတင်းကြီး ချိန်ညှိပစ်လိုက်တာကတော့ လွန်ကျူးရာ ကျတယ်း)
ReplyDelete:@
ReplyDeleteတကယ်ကိုတော်ပါတယ်... ဒီကဗျာကို ဖတ်ဖူးပေမယ့် ဒီလို တစ်ခါမှ မတွေးခဲ့ဖူးဘူး... ဒီလို post မျိုးဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်...။
ReplyDeleteဖတ် ကောင်း ၏ ။
ReplyDeleteတော်တော်ခံစားပစ်လိုက်တာဘဲနော်...အတွေးအခေါ်အရေးသားတွေသွက်နေပါလား...
ReplyDelete