Skip to main content

Posts

Showing posts from 2012

စာရွက်ဖိ

ခုတော့ ကိုယ့်အတွက် “စာရွက်ဖိ” လေးတွေ မလိုတော့ဘူး တစ်ကြောင်းက ကိုယ့်အခန်းက လေသိပ်မ၀င်ဘူး ပြီးတော့ ကိုယ် စာလည်း သိပ်မရေးဖြစ်ဘူး ဒီတော့ မင်းလည်း ကြောင်ကလေးတွေကို လျှောက်သတ်မနေပါနဲ့တော့ အခုတော့ ရှိပြီးသား ကြောင်ဦးခွံကလေးသုံးခုတောင် သိမ်းထားရပြီ။ တေဇာ (လရောင်လမ်း) ဒီဇင်ဘာ ၂၀၁၂

စာမျက်နှာသစ်ဖွင့်လှစ်ခြင်း (Turn over a New Leaf)

အဲဒီတုန်းက ငါ့မှာ အစောကြီး နိုးထရတာလည်း ကောင်းမှုကုသိုလ်ပြုလိုက်ရသလို ပျော်ဖူးခဲ့။ အခြားသူတွေထက် လက်ဦးအောင် ဆုတ်ဖြဲချင်ရုံသက်သက် တရုတ်ရိုးရာပြက္ခဒိန်ကလေးရဲ့ စာမျက်နှာ။ “သင်တို့၏ နံနက်ခင်းများကို ပြီးပြည့်စုံစေချင်ပါတယ်” လို့ ကလေးဆန်စွာ။ တေဇာ (လရောင်လမ်း) ဒီဇင်ဘာ ၂၀၁၂

အကြောင်းရင်း (Mother Night)

ကျုပ် အချစ်မခံရဘူးဆိုတဲ့ အတွေးက ကျုပ်ကို အေးခဲမသွားစေဘူး။ အချစ်မပါဘဲ နေထိုင်ဖို့ ကျုပ်ကိုယ်ကျုပ် သင်ကြားထားခဲ့တာပဲ။ ဘုရားသခင်ဟာ ရက်စက်တယ်ဆိုတဲ့ အတွေးကလည်း ကျုပ်ကို အေးခဲမသွားစေဘူး။ သူ့ဆီက ဘယ်အရာကိုမှ မမျှော်လင့်ဖို့ ကျုပ်ကိုယ်ကျုပ် သင်ကြားထားခဲ့တာပဲ။ အဲ ကျုပ်ကို အေးခဲသွားစေတာက ဘယ်အရပ်ဆီ ရွေ့လျားရမယ်ဆိုတာအတွက် ခိုင်လုံတဲ့ `အကြောင်းရင်း´ တစ်ခုမှ ကျုပ်ဆီမှာ ရှိမနေတဲ့အချက်ပဲ။ ဦးတည်ရာမဲ့ နှစ်လအသေတွေများများကို ဖြတ်ပြီး ကျုပ်ရှေ့ဆက်နိုင်ခဲ့တာဟာ စူးစမ်းလိုစိတ် တစ်ခုတည်းကြောင့်ပဲ။ အခုတော့ အဲဒီ စူးစမ်းလိုစိတ်ကလေးတောင် ဖျပ်ခနဲမှိတ်သွားခဲ့ပြီ။ ဒီနေရာမှာ ဘယ်လောက်ကြာကြာ အေးခဲရပ်တန့်နေမိမှန်း ကျုပ် မသိတော့ဘူး။ တကယ်လို့ ကျုပ် ပြန်လည်ရွေ့လျားတော့မယ်ဆိုရင် ရွေ့လျားရခြင်းအတွက် အကြောင်းရင်းကို တစ်စုံတယောက်က လျာစွမ်းပြ လာပြောနိုင်လို့ပဲ ဖြစ်လိမ့်မယ်။ အဲဒီလူ တကယ်ရှိခဲ့ပါတယ်။  ရဲတစ်ယောက်က ကျုပ်ကို ခဏလောက်ကြာအောင် ရှိုးနေတယ်။ ပြီးတော့ ကျုပ်ဆီလာပြီး သူပြောတယ်။ `အဆင်ပြေရဲ့လား´ `ဟုတ်ကဲ့´ ကျုပ် ပြန်ဖြေလိုက်တယ်။ `မင်း ဒီမှာ ရပ်နေတာ အတော်ကြာပြီနော်´ `ကျွန်တော် သိပါတယ်´ `မင်း တစ်ယောက်ယောက်ကို စောင့်နေတာလား

ကြွက် (1Q84)

`အဲဒီမိဘမဲ့ဂေဟာမှာ ငါ့ထက် နှစ်နှစ်ငယ်တဲ့ ကောင်လေးတစ်ယောက်ရှိခဲ့တယ်။ သူက ကပြား။ ဂျပန်သွေးတစ်ဝက် လူမည်းသွေးတစ်ဝက်။ ငါထင်တာတော့ သူ့အဖေက အမေရိကန်အခြေစိုက် မီဆာဝါစခန်းက စစ်သားတစ်ယောက်ပဲ။ သူ့အမေအကြောင်းတော့ မသိဘူး။ ဖြစ်နိုင်တာက ပြည့်တန်ဆာ ဒါမှမဟုတ် စားပွဲထိုးအမျိုးသမီးတစ်ယောက်ပေါ့။ သူ့ကို မွေးပြီးမကြာခင် စွန့်ပစ်ထားခဲ့တယ်။ ဒီတော့ သူ မိဘမဲ့ဂေဟာကို ရောက်လာတယ်။ သူ့က ငါ့ထက် အများကြီး လူကောင်ကြီးတယ်၊ ဒါပေမဲ့ ဉာဏ်သိပ်မကောင်းရှာဘူး။ တခြားကလေးက သူ့ကို စကြနောက်ကြတယ်။ အဓိကအကြောင်းကတော့ သူ့ရဲ့ အသားရောင်ကွဲပြားမှုကြောင့်ပေါ့။ ဒါမျိုးကိစ္စတွေအကြောင်း မင်းသိပါတယ်´ `အင်း သိမယ်ထင်တယ်´ `တကယ်တော့ ငါကိုယ်တိုင်ကလည်း ဂျပန်လူမျိုး မဟုတ်ဘူး။ ဒီလိုနဲ့ ငါက သူ့ကို ကာကွယ်သူ ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ ငါတို့နှစ်ယောက်စလုံးရဲ့ အနေအထားက ထူးမခြားနားပဲလေ။ ကိုရီးယားဒုက္ခသည်ကလေးနဲ့ လူမည်းနဲ့ ပြည့်တန်ဆာပေါင်းပြီး တရားမ၀င် မွေးလာတဲ့ သွေးနှောကလေး။ ဒါထက် သိပ်နိမ့်ကျနိုင်စရာတော့ မရှိတော့ဘူး။ ဒါပေမဲ့ အဲလိုဖြစ်တာကပဲ တစ်နည်းအားဖြင့် ငါ့အတွက် ကောင်းခဲ့တယ်၊ ငါ့ကို  ရင့်ကျက်သန်မာလာစေခဲ့တယ်။ ဒါပေမဲ့ သူတော့ မပါဘူး။ သူက ဘယ်တော့မှ မာနိုင်တဲ့လူ

ကျွဲပါးစောင်းတီး

ဆယ်လီနာက အသက်ဆယ့်ရှစ်နှစ်။ ၁၈၇၈ ခုနှစ်မှာ ဘန်တလင်းမိသားစုက တည်ထောင်ခဲ့တဲ့ မိဘမဲ့ဂေဟာက မိဘမဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ဂေဟာကို စထူထောင်တုန်းက ဘန်တလင်းမိသားစုဟာ အချက်သုံးချက်ကို လိုလားခဲ့တယ်။ အဲဒါကတော့ မိဘမဲ့ကလေးတွေအားလုံးကို ခရစ်ယန်ဘာသာဝင်တွေ အဖြစ်ပဲ ကြီးပြင်းစေရမယ်၊ ဘာလူမျိုး၊ ဘာအသားအရောင်၊ ဘာဂိုဏ်းဝင်ဖြစ်ဖြစ်။ တနင်္ဂနွေနေ့လယ်စာ မစားမီတိုင်း တစ်ပတ်တစ်ကြိမ် ကျမ်းသစ္စာရွတ်ဆိုရမယ်။ ပြီးတော့ ဂေဟာကထွက်ပေါ်လာတဲ့ သန့်ရှင်းပြီး သွက်လက်ချက်ချာတဲ့ မိဘမဲ့မိန်းကလေး တစ်နှစ်တစ်ဦးကျ ဘန်တလင်းစံအိမ်ရဲ့ အိမ်မှုကိစ္စတွေမှာ ၀င်ရောက်အမှုထမ်းရမယ်ဆိုတဲ့ အချက်တွေပါပဲ။ ...အဲဒီလို အမှုထမ်းစေရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။ “ဘ၀ရဲ့ပိုကောင်းတဲ့အစိတ်အပိုင်းတွေကို သူတို့လေးတွေ မြည်းစမ်းကြည့်နိုင်ဖို့နဲ့ ယဉ်ကျေးမှုနဲ့ လူ့ကျက်သရေဆီတက်လှမ်းရာ လှေကားထစ်တချို့ကို ခြေချချင်လာအောင် ဆိုပဲ။” မိဘမဲ့ဂေဟာရဲ့ ကျမ်းသစ္စာဆိုတာက စတီးဝပ်ဘန်တလင်းရဲ့ အဘေးကြီး ရေးပေးခဲ့တာ။ ဖွယ်ဖွယ်ရာရာမရှိလှတဲ့ ညလယ်စာ အနပ်ခြောက်ရာကို မစားခင်တိုင်းမှာ ဆယ်လီနာတစ်ယောက် အကြိမ်ခြောက်ရာ ရွတ်ဆိုခဲ့ဖူးတဲ့ ကျမ်းသစ္စာပေါ့။ ဒီလိုပါ..။ “ကျွန်ုပ်သည် အခြားသူများပိုင်ဆ

စက္ကူလိပ်

ကျယ်လောင်စွာ ပေါက်ကွဲခွင့် တရားမ၀င် ယမ်းမှုန့်တွေကို အတင်းအကြပ်ဖက်ထားတဲ့ နှစ်ချို့စက္ကူလိပ်ကြီးက ဖားတွေပေါ်အိကျနေတဲ့ ဖိအားလို။ ဂျူဒိုကစားဖို့ ဘယ်တော့မှ အဆင်သင့်မဖြစ်ခဲ့တဲ့ ငါ့တို့လက်မတွေ စက္ကူလိပ်ကြီးရဲ့စနက်တံအောက် ဂတ်စ်မီးခြစ်ဘီးပေါ် အရှိန်နဲ့ဦးညွတ်ချခဲ့ရုံ။ တေဇာ (လရောင်လမ်း) အောက်တိုဘာ၊ ၂၀၁၂

ဆေးချီး (Say Cheese)

မလုံလောက်ခဲ့ပုံများ နောက်ဆုံးထွက်သက်နဲ့တောင် ရွက်တိုက်လို့ မရခဲ့ဘူး။ အကျည်းတန် ဒိုင်နိုဆောပေါက်စလို့ စွပ်စွဲခံရတဲ့ ရှားပါးကြံ့ကြီးလို့ တွေးမိတော့ ငါ့နှာခေါင်းပေါ်မှာ ဆူးတစ်ချောင်းတိုးလာတယ်။ ပျံကျငှက်တွေ ပျံတက်ဖို့ မကြိုးစားကြတော့သလို မုန်တိုင်းက ရေချိုးပြီးသား တောင်ပံအစိုတွေ ချိုးပြီးရေမရ။ အခုတော့ ခက်ခက်ခဲခဲ အန္တရာယ်ကို မလွယ်နိုင်တော့တဲ့ အချိန်ရောက်မှ ငါက ခွေးသေးပန်းခင်းကြီး အလယ်မှာ။ တွန်းဝင်လာခဲ့တဲ့ တံခါးတစ်ခုကို ကိုယ့်ရင်ဘက်(/တ်)ကို ဆွဲဖွင့်ပြီး ပြန်ထွက်ရမှာ ခက်နေလို့ ပိတ်မိနေတယ်ဆိုတာမျိုး။ ဂိုးသွင်းပြီး၊ ရှုံးသွားတဲ့အသင်းက တိုက်စစ်မှူးလို ကြုံးဝါးတယ်။ ငါ့ဘ၀ဟာ မပျက်ပြားဘူး ငါ့ဘ၀ဟာ အဆင့်အတန်းရှိတဲ့ ပြက်လုံး။ စက္ကူလေယာဉ်ပျံကလေးကို ဖင်မှုတ်ပြီး လွှင့်ပစ်ရတဲ့ ကစားနည်းရဲ့ အပြုံးခံ Freudian slip* ဟန်ဆေ(/စ)ာင်ကာ ချစ်ခွင့်ပန်ခံရခြင်း။ အသည်းဖတ်ကလေးတွေ ကိုယ့်ပန်းကန်ထဲ ရွေးထည့်ပေးတတ်တဲ့ ချစ်သူရဲ့ ကလီစာအော်ဂလီ။ တေဇာ (လရောင်လမ်း) အောက်တိုဘာ၊ ၂၀၁၂ *Freudian slip: something which you say by accident which is different from what you intended to say, and which see

အကြောင်းကိုက ပိုးလောက်လန်းတွေရဲ့ အကအကြောင်း(တဲ့)

နဖါချေးဟာ ခါးတယ်၊ ဖြစ်ပုံက မယုံလို့ကလည်း မရဘူး။ ဒါမျိုးကိုတော့ တို့များ(များတို့)က သွားမငြင်းရဲဘူး။ တစ်ခါတခါကျတော့လည်း သွားကြားထဲက အကြွင်းအကျန်တွေရဲ့ ချဉ်စူးစူးအနံ့ကို ရှုတ်ချချင်လို့ကို ကိုယ်က သွားရှူရှိုက်ကြည့်မိတာက တကူးတက။ အဲလိုပေါ့ အခုမှ တွေ့ကြရသူအချင်းချင်း ရာသီဥတုအကြောင်း စောက်ဖှောင်းထုရင်း ရင်းနှီး၊ မြှုပ်နှံပြီး မိတ်ဖြစ်ဆွေဖြစ် ဘုံရန်သူရှာတမ်း ကစားကြည့်။ အားပေးကြပါဦး´ ပြောမယ်ဆိုရင် နောက်မှာ၊ ရှင်´ ထည့်ရတယ်ဆိုတာမှ မသိကြတော့ဘူး မိမော်လွင်ရေ ဘာညာပေါ့။ ကုလားကြီးအလိုအရတော့၊ ချက်နောက်က ခြောက်နက်ထဲ ပြုတ်ကျလုဆဲဆဲ၊ အဘား´အော်သံဟာ ငါတို့ပြုလုပ်ကြတဲ့ ကဗျာပဲ၊ ကဲ.. ဒါကိုရော ခံစားချက်(မ)ပါ(ဘူး)လို့ ဘယ်သူငြင်း(ဆန်)မလဲ။ သူကတော့ ငယ်ငယ်ကအသံလေးပါ ပါအောင် ပြုလုပ်ကြည့်တာပါပဲ။ ပြီးတော့၊ ဆိုတာက အမိန့်ပေးစေခိုင်းမှုလိုလို စကားဆက်လိုလို မရေမရာနဲ့ ပြီးပြီးရော ပြီးချင်ပြီးပြီး ပြီးချင်မှလည်း ပြီးတယ်။ ရိုးရိုးရေကို ပူရှိန်းပြားစားပြီး အေးအေးလေးသောက်လိုက်ရတာ ကိုယ်တွေငယ်ငယ်က သိပ်သဘောကျခဲ့သလိုပေါ့။ သွားတိုက်ဆေးတွေ ခိုးစားတာ လူမမိလိုက်ဘူး။ သွားမတိုက်တာကိုတော့ ၁၁ နှစ်ကတည်းက လူမိခံလိုက်တယ်တဲ့၊ မိုက်ပါ့။ တကယ်တော့၊

The Fluke

ဘာဒီ[*] လောက်ဆို တော်ပါပြီ တစ်ချက်တည်း ကျင်းဝင်သွားရင် ကြက်ကန်းတိုးမှန်း သိပ်သိသာသွားမယ်။ ကိုယ် မင်းဆီ မဆိုစလောက်လေး စောပြီးပဲ လိမ့်ကျချင်ပါတယ်။ တေဇာ (လရောင်လမ်း) [*] Birdie: (in golf) getting the ball into the hole in one shot (= hit ) less than par (= the expected number ) for that hole

ဘယ်ခရီးမှ သိပ်မဝေးဘူး၊ ဘယ်စွန့်လွှတ်မှုမှ သိပ်မကြီးမားဘူး (မြင့်သန်း)

(ဒီဝတ္ထုရဲ့ ခေါင်းစဉ်ဖြစ်တဲ့ `ဘယ်ခရီးမှ သိပ်မဝေးဘူး၊ ဘယ်စွန့်လွှတ်မှုမှ သိပ်မကြီးမားဘူး´ ဆိုတာက တရုတ်ဒဿနိကဗေဒပညာရှင်ကြီး မင်းစီးယပ် (ဘီစီ ၃၇၂-၂၈၉) ရဲ့ အဆုံးအမတွေကို မှတ်တမ်းတင်ထားတဲ့ ကွန်ဖြူးရှပ်(စ)ရဲ့ အရေးအသားထဲမှာ ပါတဲ့ အချက်တစ်ခုကို လောင်ရှီးက ယူထားတာပဲ။ မင်းစီးယပ်က တရုတ်ဧကရာဇ် ဟွီနဲ့ လာတွေ့တဲ့အခါ တရုတ်ဧကရာဇ်မင်းမြတ်က `ခင်ဗျားအနေနဲ့ အခုလို မိုင်ပေါင်းသောင်းချီလာရတာဖြစ်ပေတဲ့ မဝေးလှပါဘူးလို့ ပြောပြီး၊ ခင်ဗျားပြောမယ့်အကြောင်းထဲမှာ နိုင်ငံတော်အတွက် အကျိုးရှိတာတွေပါမယ်လို့ ကျုပ်ကတော့ ယူဆတယ်´ လို့ မိန့်ကြားခဲ့တယ်။ အဲဒီအချက်ကိုယူလို့ လောင်ရှီးက သူ့ဇာတ်ကောင် ၀ါန်ကို မွေးထုတ်ပြလိုက်တာပဲ။ ၀ါန်ကတော့ မင်းစီးယပ်လိုမဟုတ်ဘူး၊ သူ့ကိစ္စကလွဲလို့ ဘာမှ သိပ်အရေးကြီးတယ်လို့ မထင်ဘူး။ ဖတ်တဲ့သူတွေ သတိထားမိကြပါလိမ့်မယ်။) ဂျပန်တွေလက်ထဲ ရှန်ဟိုင်း ဂူအန်[*] ကျသွားပြီဆိုတဲ့ သတင်းလည်းကြားကရော မိန်းမယူဖို့တော့ အချိန်တန်ပြီလို့ ၀ါန်က ဆုံးဖြတ်ချက်ချလိုက်မိတယ်။ ဒါပေတဲ့ ဘယ်မှာသွားပြီး မင်္ဂလာပွဲကို လုပ်ရမှာတုန်း။ တီယန်ဂျင်မှာရော၊ ပေပင်းမှာရော မဖြစ်နိုင်ဘူး။ ဂျပန်တပ်တွေ အဲဒီကို ရောက်လာနိုင်သမို့ အတိတ်ကောင်း နိမိတ်ကောင်း ယူ

အထီးကျန် (၁)

တိုနီတခိတနိရဲ့ နာမည်အရင်းကလည်း တိုနီတခိတနိပဲ။ သူရဲ့ ခပ်ဆန်းဆန်းနာမည်၊ သူ့ရဲ့ ဆံပင်လိမ်ကောက်ကောက်နဲ့ သူ့ကိုယ်ဟန်အနေအထားတွေကြောင့် သူ့ကို ကပြား, ကလေးလေးလို့ ထင်မှတ်တတ်ကြတယ်။ အချိန်ကလည်း စစ်ပြီးစဆိုတော့ ပတ်ဝန်းကျင်မှာ အမေရိကန်သွေးနှောတဲ့ ကလေးတွေရှိနေတတ်တာလည်း ဆန်းမှမဆန်းပဲ။ ဒါပေမဲ့ တိုနီတခိတနိရဲ့ မိဘနှစ်ပါးစလုံးကတော့ တစ်ရာရာနှုန်း ဂျပန်လူမျိုးစစ်စစ်တွေပါ။ သူ့အဖေ ရှိုဇာဘုရိုတခိတနိက အတော်ကလေးကို အောင်မြင်ထင်ရှားတဲ့ ဂျက်ဇ်ခရာမှုတ်သမားတစ်ဦးပဲ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်မီးကြီး စစချင်း သိပ်မကြာဘူး၊ မိန်းမနဲ့ပတ်သက်တဲ့ အရှုပ်အထွေးတစ်ခုကြောင့် တိုကျိုမြို့ကနေ ထွက်ပြေးရဖို့ ဖန်လာတယ်။ သူလည်း စဉ်းစားတယ်။ တိုကျိုမြို့မှာ နေလို့မဖြစ်တော့ဘူးဆိုရင်တော့ လွတ်ရာကျွတ်ရာကိုသာ ရောက်အောင်ပြေးတာ အကောင်းဆုံးပဲ။ ဒါနဲ့ နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်ထဲကို ၀င်လာခဲ့တာ၊ သူ့ရဲ့ ခရာကြီးကလွဲလို့ သူ့လက်ထဲ ဘာတစ်ခုမှ ပါမလာခဲ့ဘူး။ အဲဒီအချိန်တုန်းကတော့ ရှန်ဟိုင်းဆိုတာက နာဂါဆကီမြို့ကနေ သင်္ဘောတစ်ရက်လောက်ပဲစီးရတဲ့ ခရီးကိုး။ နောက်ဆံတင်းစရာ ပိုင်ဆိုင်မှုဆိုလို့လည်း တိုကျိုမှာရော ဂျပန်တစ်နိုင်ငံလုံးမှာပါ ရှိုဇာဘုရိုအနေနဲ့ ဘာတစ်ခုမှ ပိုင်ခဲ့တာမဟ

အထီးကျန် (၂)

အိမ်ထောင်သည်ဖြစ်လာတော့ တိုနီတစ်ယောက် သူ့ရဲ့ တစ်ကိုယ်တော်ဘ၀ကို ပြည်ဖုံးကားချလိုက်နိုင်တယ်။ မနက်မိုးလင်းပြီဆိုရင် သူပထမဆုံးလုပ်တဲ့အလုပ်က ဇနီးကို ရှာတာပဲ။ သူ့ဘေးနားမှာ အိပ်နေတာ မြင်နေရမှ စိတ်သက်သာရာရတယ်။ သူ့ဘေးမှာမရှိဘူးဆိုရင် စိုးရိမ်တကြီးနဲ့ သူ တစ်အိမ်လုံး ပတ်ရှာမယ်။ အရင်လို အထီးကျန်မဟုတ်တော့တာနဲ့ ပတ်သက်ပြီး သူ့ရင်ထဲ ခုနေတာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ နောက်တစ်ဖန် အထီးကျန်ပြန်ဖြစ်သွားမှာကို စိုးရိမ်တဲ့ စိတ်ပဲ။ အထီးကျန်ဘ၀က လွတ်မြောက်သွားခြင်းကြောင့်ပဲ အထီးကျန်ဘ၀ပြန်ဖြစ်မှာကို သူ ကြောက်မိတယ်။ တစ်ယောက်တည်းသာ ပြန်နေရရင် ငါဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးက သူ့ကို ခြောက်လှန့်နေတယ်။ တစ်ခါတလေ အဲဒီစိုးရိမ်စိတ်ကြောင့် ချွေးစေးတွေပါ ပျံလာတတ်တယ်။ ဒါပေမဲ့လည်း ဘ၀သစ်မှာ နေသားကျလာတာနဲ့အမျှ သူ့ဇနီး ရုတ်တရက်ပျောက်ကွယ်သွားမလားဆိုတဲ့ ထမင်းလုံးတစ္ဆေလည်း တဖြည်းဖြည်း အားပျော့သွားတယ်။ စိုးရိမ်ပူပန်မှုတွေလည်း ဖြည်းဖြည်းချင်း ပျက်ပြယ်သွားတယ်။ နောက်ဆုံးတော့ အေးချမ်းပျော်ရွှင်နေတဲ့ ဘ၀သစ်ထဲမှာပဲ ဘောင်ခတ်ပြီး အခြေကျသွားတော့တယ်။

ဒီတော့ကျွန်တော်လည်း တွေးတယ်လေ

ပုဒ်မလို့ မရည်ရွယ်ခဲ့ပါဘူး အထက်အောက် အနေအထားမှာ ညီမျှခြင်းကို ဒေါင်လိုက်ချမိလို့ ရပ်တန့်ခဲ့ရတာ။ ဈေးလမ်းပေါ် ပြုတ်ကျရစ်ခဲ့တဲ့ ငါ့ ကြက်ဥကလေး ဘယ်သူလာပြန်ပေးပါ့မလဲပေါ့။ တေဇာ (လရောင်လမ်း) စက်တင်ဘာ၊ ၂၀၁၂

မိုးသည်းထန်စွာရွာသွန်းပြီး နောက်တစ်နေ့

အစကတော့ တိမ်လိုလွင့်မျှောမယ် ရေးဆွဲခဲ့တဲ့ ကင်းဗတ်စပေါ် အခုတော့ ရေအိုင်ကြီးအကွက်လိုက် စွန်းနေတယ် အနမ်းတွေမှာ အနာဂတ်မရှိဘူး ကတိက ပြင်မရတော့အောင် ပျက်သွားတယ် ညကပြောမိတဲ့ စကားတွေမှားတယ် နောက်ဆို ချရေးမိတဲ့စာသားတွေကို ဂရုစိုက်ရတော့မယ် မှတ်ဉာဏ်အချို့ အရက်နာနဲ့ပါသွားလို့တော့ ၀မ်းသာတယ် သူ, မနိုးခင် မှန်မှာ ဗေဒါရောင်နှုတ်ခမ်းနီနဲ့ ရေးမိခဲ့တဲ့ကဗျာ တစ်ယောက်တည်း ထွက်မလာခင်မှာပဲ ပြန်ဖျက်လိုက်တယ် တံခါးပိတ်သံ သဲ့သဲ့ ကျေးဇူးတင်ပါတယ်၊ ဒီနှစ်ပစ်ခဲ့သမျှ မိုးကြိုးတွေ ငါနဲ့ တက်တက်စင်အောင် လွဲနေသေးတယ်။ တေဇာ (လရောင်လမ်း) စက်တင်ဘာ၊ ၂၀၁၂

စေတနာအကျိုးမပေးနဲ့၊ သံသယအကျိုးပဲပေး

ရာဘာအစွပ်ကလေးကလွဲလို့ ဘာအကာအကွယ်မှ မပါဘဲ ဆက်ဆံ(ခံ)ခဲ့တာဆိုတော့ တကယ်လည်း အဲဒါလေးပဲလိုတာပါတဲ့၊ ဒီလိုနဲ့ အနည်းဆုံးဝါဒကို စဖွင့်တယ်။  [    ] ပြောရမယ်ဆိုရင်၊ ဘေးမျဉ်းတားရတဲ့ အရွယ်ကျော်လာကတည်းက ၀ါကျအစတွေ မညီတော့ဘူး။ အေဘီသွေး ဆုံပိုင်း ဘယ်သန် ဋသန်လျှင်းချိတ်စသည် ရှားပါးမှုကို ခရုသင်းစွဲ ဆင်တစ်ကောင်လို ဂုဏ်ယူကြွေးကြာ်မှုဟာ ဒီဘက်နှစ်တွေမှာ အံမ၀င်တော့ဘူး။ ပြောရမယ်ဆိုရင်၊ အငြင်းဝါကျတွေချည်း သုံးသုံးနေရရင် ဟုတ်တော့မဟုတ်သေးဘူး။ နိုင်တီးနိုင်တီးစ်တွေရဲ့ အယ်လ်ကိုဟောလက်ခံနှိုင်မှု ပမာဏက ကိုယ့်ကိုကျော်ဖြတ်သွားတာကို မုဒိတာပွားရုံပါပဲ။ လည်ပင်းရိုးရဲ့အဆစ်တွေကလည်း ပါဝါစတီယာရင်လို၊ ၃၆၀ ဒီဂရီ လှည့်ပတ်ခွင့်မပြုမှတော့ နောက်လှည့်ကြည့်လို့မရ။ တစ်ချက်လေး စောင်းငဲ့ကြည့်ရုံ၊ ဆက်လျှောက်ရုံ။ လူငယ်တွေကလည်း လူငယ်တွေပဲ၊ နတ်ကတော်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးမှာ တစ်ခါက ဖင်မှာဖျာကြီးတစ်ချပ် ကပ်ပါဖူးတဲ့အကြောင်း စမိတိုင်း ခုတလော စကားဖြတ်ခံ ထိထိနေတယ်။ ဆံသဆရာ ရိတ်သင်လုဆဲဆဲ လည်ဂုတ်က မှဲ့နက်တစ်လုံးရဲ့ မရွေ့လျားနိုင်မှုဟာ ဘယ်လောက်တုန်လှုပ် ကြေကွဲဖွယ်ကောင်းလဲ။ အော်လေ ကြိုက်သလောက်အော်ပါ၊ သန်း, သန်းခြောက်ထောင်ကျော်ကြားထဲမှာ Bysta

လရိပ်

ကလေးဘ၀က လဟာ ကိုယ့်နောက်ကိုပဲ လိုက်တာလို့ ထင်ခဲ့တယ် အမေ့ကို မေးကြည့်ဖူးတယ် လကြီးက ဟိုဘက်ကိုသွားတဲ့ လူတွေနောက်မလိုက်ဘူး သားတို့နောက်ပဲ လိုက်တာနော်လို့၊ အမေက ပြုံးပြီး ခေါင်းညိတ်ပြခဲ့တယ်။ အခုတော့ လဟာ ကိုယ့်နောက်ကို လိုက်တယ် ထင်ရရုံပဲလို့ တစ်ယောက်တည်း သိလိုက်ရတယ် ခေါင်းညိတ်ထောက်ခံတဲ့ အပြုံးတစ်ခု ရှာမတွေ့ခဲ့ဘူး နောက်မှာ လမင်းကြီးကျန်ခဲ့သူအဖို့ တစ်ခုခုမြင်ရဖို့ သိပ်ကိုမှောင်နေပြီ။ ပိတ်မိနေတဲ့ လရိပ်မှာ အခုငါ ဘာဖြစ်နေမှန်း မသိရသလို ငယ်ငယ်ကငါ သိပ်ပျော်ဖူးခဲ့မှာပဲ၊ လရောင်ကို အပိုင်စီးထားတဲ့ ယုံမှားမှု ခိုင်ခိုင်မာမာနဲ့။ တေဇာ (လရောင်လမ်း) စက်တင်ဘာ၊ ၂၀၁၂

ရေခဲတောင် သီအိုရီ [*]

ရေနစ်နေတဲ့ တောင်တန်းတွေကို ကျွန်းစုလို့ ခပ်လွယ်လွယ် သမုတ်ပြီး တို့တွေ သာယာကြည့်ကြတာပေါ့။ ဒီမှာတော့ အနည်းဆုံးဝါဒီတွေက လွှမ်းမိုးသူ လူတန်းစားပဲလေ။ မသိစိတ်ကို ၀င်တိုက်မိခဲ့တဲ့ ဧရာမသင်္ဘောကြီး နစ်မြုပ်သွားဖူးတဲ့ ပင်လယ်။ တေဇာ (လရောင်လမ်း) စက်တင်ဘာ၊ ၂၀၁၂ [*] Iceberg Theory Image: http://fineartamerica.com

သစ်ရွက်တွေအကြောင်း

သိပ်ပြီး ၀မ်းနည်းစရာကောင်းပါတယ် “ချစ်မိပြီ” ဆုံးဖြတ်ခဲ့တာကို ပြန်ပြင်လိုက်ရတယ်။ တကယ်တော့ အပြင်ခံလိုက်ရတဲ့ ဆုံးဖြတ်ချက်ဆိုတာ ဂျင်းထည့်ခံလိုက်ရတဲ့ အော်ရီဂျင်နယ်၊ လိင်အစားထိုး ခွဲစိတ်မှုလိုပဲ ရုတ်တရက်လက်ခံရမှာ ခက်ခဲတယ်။ ဒါတောင် တချို့က မလွမ်းတတ်ဘူးလို့ စွပ်စွဲကြသေးတယ်။ ဟာသဓာတ်ခံရှိတဲ့လူ ရှေ့မှာမှ တိုက်ခတ်ခဲ့တဲ့ လေ လှုပ်ခတ်ပြခဲ့တဲ့ သစ်ရွက်တွေ ပြီးတော့ ဘယ်ဆီနေမှန်းမသိဘူး။ ငါတစ်ယောက်တည်းပဲ ရယ်မောကျန်ရစ်တယ်။ “လွမ်းမယ်” ဆုံးဖြတ်ခဲ့တာကို မပြင်ဖြစ်တော့ဘူး။ ငါရုတ်တရက် အလွယ်တကူ လက်ခံလိုက်ပါတယ်။ တေဇာ (လရောင်လမ်း) သြဂုတ်၊ ၂၀၁၂

ကွေ့ကောက်သော လမ်း

လမ်းတွေက ကွေ့ကောက်တော့ လှမ်းမျှော်ကြည့်လိုက်ရင် တစ်ခါတခါ ဦးတည်ရာပန်းတိုင်ဆီက ဘေးချော်နေပြီလို့  မြင်ရတယ်။ ဒီအတွက် ပန်းတိုင်ဆီကို ဦးတည်ပြီး ကောက်ကွေ့လိုက်ပြန်ရင်လည်း လမ်းပေါ်က ဘေးချော်သွားတော့မှာ။ တခြားစီဖြစ်နေတဲ့ ရွာငယ်လေးတွေ အများကြီးဘေးနားက ဖြတ်စီးပေးချင်လို့ ကောက်ကွေ့ရတာပါတဲ့၊ မြစ်ကတော့ ဆင်ခြေပေးပါတယ်။ သူ့အနေနဲ့ကတော့ ဘယ်တော့မှ လမ်းချော်စရာ မရှိဘူးကိုး။ ကျွန်တော်ကတော့ ၀န်ခံချင်တယ်၊ ကိုယ်ဟာ မင်းဆီရောက်ဖို့ ရည်ရွယ်ကာ ကွေ့ကောက်ခဲ့ရပါတယ်။ တေဇာ (လရောင်လမ်း) သြဂုတ်၊ ၂၀၁၂ Image: http://darknee.deviantart.com

ကြောင်တွေရဲ့ မြို့ (၁)

ခိုရန်းဂျိဘူတာကို ဆိုက်လာတဲ့ `ချို´လိုင်း အမြန်ရထားပေါ် တန်ဂို တက်ခဲ့တယ်။ ကားပေါ်မှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ဒီနေ့အတွက် သူ အစီအစဉ်ဆွဲထားတာ မရှိဘူး။ ဘယ်သွားသွား ဘာလုပ်လုပ် (ဒါမှမဟုတ် ဘာမှ မလုပ်ဘဲနေနေ) အကုန် သူ့စိတ်ကူးထဲမှာပဲ ရှိတယ်။ အချိန်က လေငြိမ်နေတဲ့ နွေနံနက်ခင်း ဆယ်နာရီ၊ နေက ခြစ်ခြစ်တောက် ဖြာကျနေတယ်။ ခရီးသည်တွေ ဆင်းတဲ့အချိန်မှာ တန်ဂိုလည်း အများနည်းတူ လိုက်ဆင်းခဲ့တယ်။ နောက်တော့ ခုံတန်းတစ်ခုမှာထိုင်ရင်း သူ ဘယ်ကိုသွားရကောင်းမလဲဆိုတာ တစ်ချက်စဉ်းစားတယ်။ ငါသွားချင်တဲ့နေရာ သွားလို့ရတယ်လို့ သူ့ကိုယ်သူ စိတ်ထဲက ပြောနေမိခဲ့တယ်။ ဒီနေ့တော့ ပူမယ့်ပုံပဲ၊ ပင်လယ်ကမ်းစပ်ကိုသွားရင် ကောင်းမယ်လို့ သူတွေးမိခဲ့တယ်။ ခေါင်းမော့ပြီးတော့ လမ်းညွှန်မြေပုံကို သူကြည့်ခဲ့တယ်။ ဒီအချိန်မှာပဲ သူဘာတွေလုပ်နေမိသလဲဆိုတာ သူ့ကိုယ်သူ ပြန်သတိပြုမိခဲ့တာ။ ခေါင်းကို တစ်ကြိမ်နှစ်ကြိမ်ယမ်းပစ်လိုက်ပေမယ့် သူ့ခေါင်းထဲကအတွေးကတော့ လွင့်မသွားဘူး။ ခိုရန်းဂျိကနေ `ချို´လိုင်း ရထားပေါ်တက်လာကတည်းသူ သူ့မသိစိတ်ကနေ ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်ပါလိမ့်မယ်။ သက်ပြင်းတစ်ချက်ရှိုက်ပြီး ခုံတန်းပေါ်က သူ ထလိုက်တယ်။ နောက်တော့ ချီကုရကိုသွားမယ့် အမြန်ဆုံး ခရီးစဥ

ကြောင်တွေရဲ့ မြို့ (၂)

ရထား တိုကျိုဘူတာက ထွက်တော့ သူယူလာတဲ့ စာအုပ်ကို တန်ဂို ထုတ်လိုက်တယ်။ ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ ၀ထ္ထုတိုတွေ စုပေါင်းထားတဲ့ စာအုပ်ပဲ၊ အထဲမှာ `ကြောင်တွေရဲ့ မြို့´ ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါတယ်။ တန်ဂိုသိပ်မရင်းနှီးတဲ့ ဂျာမန်စာရေးဆရာတစ်ယောက် ရေးထားတဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ပဲ။ စာအုပ်အမှာစာအရဆိုရင်တော့ ဒီဝတ္ထုတိုကို ကမ္ဘာစစ်ကြီးနှစ်ခုကြား ကာလမှာ ရေးခဲ့တာ။ အဲ့ဒီဝတ္ထုတိုထဲမှာ လူငယ်တစ်ဦးဟာ ခြေဦးတည့်ရာအရပ်ဆီ တစ်ကိုယ်တည်း ခရီးသွားနေတယ်။ သူ ရထားစီးတယ်၊ ပြီးရင် သူ ဆင်းချင်တဲ့ဘူတာမှာ ဆင်းတယ်။ အဲဒီမှာ အခန်းငှားမယ်၊ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်မယ်၊ ပြီးတော့ သူနေချင်သလောက် နေမယ်။ သူစိတ်တိုင်းကျ နေပြီးပြီဆိုရင် အခြားရထားတစ်စင်းကို ထပ်စီးမယ်။ အားလပ်ရက်ကို ဒီလိုနည်းနဲ့ သူ ဖြတ်သန်းနေတယ်။ တစ်နေ့မှာတော့ ရထားပြတင်းပေါက်ကနေ လှပတဲ့မြစ်တစ်စင်းကို သူ မြင်လိုက်ရတယ်။ နုနုရွရွ အစိမ်းရောင်တောင်ကုန်းတွေကြားမှာ ကွေ့ကောက်တဲ့ ရေစီးကြောင်းနဲ့၊ အဲ့ဒါတွေရဲ့အောက်မှာ ကျောက်တုံးတွေနဲ့ဆောက်ထားတဲ့ တံတားဟောင်းတစ်ခုရှိတဲ့ ချစ်စရာ မြို့ငယ်လေး။ ရထားက အဲ့ဒီမြို့ရဲ့ ဘူတာမှာရပ်တယ်၊ ဒီတော့လည်း လူငယ်က သူ့အထုပ်ကိုယူပြီး ဆင်းလိုက်မိတ

ကြောင်တွေရဲ့ မြို့ (၃)

`…ဆိုတော့ အဖေပြောနေတာ ဘာလဲ။ အဖေဟာ ကျွန်တော့်ရဲ့ ဇီဝဗေဒဖခင် (အဖေအရင်း) မဟုတ်ဘူးလို့ ဆိုလိုတာလား။ ဒါ မှန်လား။ ကျွန်တော်တို့နှစ်ဦးကြားမှာ သွေးသားတော်စပ်မှု မရှိဘူးလို့ အဖေပြောနေတာလား။ အဲဒီလိုလား´ `ရေဒီယိုလှိုင်းတွေကို ခိုးယူတာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ပဲ´ လို့ သူ့အဖေက တန်ဂို့မျက်လုံးတွေကို ကြည့်ပြီး ပြောလိုက်တယ်။ `အဲဒါဟာ ပိုက်ဆံ၊ ဒါမှမဟုတ် အဖိုးတန်ပစ္စည်းတွေကို ခိုးတာနဲ့ ဘာမှမခြားဘူး။ အဲဒီလို မင်း မထင်ဘူးလား´ `ဟုတ်ချင်ဟုတ်နိုင်ပါတယ်´ တန်ဂိုက လောလောဆယ်အတွက် သဘောတူဖို့ ဆုံးဖြတ်လိုက်တယ်။ `ရေဒီယိုလှိုင်းဆိုတာက မိုးရေလို၊ နှင်းစက်လို ကောင်းကင်ပေါ်က အလကားကျလာတာ မဟုတ်ဘူး´ သူ့အဖေက ဆက်ပြောတယ်။ သူ့အဖေရဲ့ လက်တွေကို တန်ဂိုငေးကြည့်နေမိတယ်။ သူ့ဒူးခေါင်းပေါ်မှာ သပ်သပ်ရပ်ရပ် တင်ထားတယ်။ သေးသေးညိုညိုလက်တွေ၊ နှစ်ပေါင်းများစွာ နေပူမရှောင်မိုးရွာမရှောင် အလုပ်လုပ်ခဲ့ရလို့ အရိုးထိအောင် နေလောင်ထားတဲ့အတိုင်းပဲ။ `ကျွန်တော်ငယ်ငယ်တုန်းက အမေ နေမကောင်းဖြစ်ပြီး သေသွားတာ တကယ်မဟုတ်ဘူး မဟုတ်လား´ တန်ဂိုက ခပ်ဖြေးဖြေးမေးလိုက်တယ်။ သူ့အဖေက ပြန်မဖြေဘူး။ သူ့အမူအယာက မပြောင်းလဲဘူး၊ သူ့လက်တွေက မရွေ့ဘူး။ သူ့မျက်လုံးတွေက တန်ဂို့အပေါ်စူးစိုက်ြ

ကြောင်သတ်သမား (၂)

ပြောရင်းဆိုရင်း သူက နာကာတာကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ `အလုပ်ကတော့ အလုပ်ပဲ။ ကိုယ်လုပ်ရမယ့်အရာကို ပြီးမြောက်အောင် ဆက်လုပ်ရမှာပဲ။ ကြောင်ကလေး တစ်ကောင်ပြီးတစ်ကောင်ကို ကျွန်တော်က နာကျင်မှုရဲ့အရသာကို မြည်းစမ်းကြည့်ခိုင်းတော့မှာ၊ ဂိုမကတော့ နောက်ဆုံးအလှည့်ပေါ့။ ဒီတော့ ခင်ဗျားအနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ အချိန်နည်းနည်းတော့ ရပါတယ်။ သတိရဖို့က၊ အခု ကျွန်တော်က ကြောင်တွေကို သတ်ရမလား၊ ခင်ဗျားက ကျွန်တော့်ကို သတ်မလား ဆိုတာပဲ။ တခြား ရွေးချယ်စရာ မရှိဘူး´ ပျော့ခွေနေသည့် ကြောင်ကလေးကို ဂျွန်နီဝေါ်ကားက စားပွဲပေါ်သို့တင်လိုက်သည်။ အံဆွဲကိုဖွင့်ပြီး လက်နှစ်ဖက်ဖြင့် အနက်ရောင်သေတ္တာလေးတစ်ခုကို ဆွဲထုတ်လိုက်သည်။ သူက သေတ္တာကို ဂရုတစိုက်ဖြေရင်း အတွင်းမှပစ္စည်းများကို စားပွဲပေါ် ဖြန့်ခင်းလိုက်သည်။ လျှပ်စစ်လွှငယ်တစ်ချောင်း၊ အရွယ်စုံ ခွဲစိတ်ဓားများနှင့် ကြီးမားသည့် ဓားမြှောင်တစ်ချောင်း ပါဝင်သည်။ ထိုပစ္စည်းများအားလုံးမှာ သွေးပြီးခါစအတိုင်း ၀င်းလက်တောက်ပနေ၏။ စားပွဲပေါ်တွင် တန်းစီတင်နေရင်း  ဂျွန်နီဝေါ်ကားက ဓားတစ်ချောင်းချင်းစီကို မြတ်နိုးစွာ စစ်ဆေးကြည့်နေသည်။ ထို့နောက်တွင် သူက အံဆွဲအတွင်းမှ အနက်ရောင် ပလက်စတစ်အိတ်

ကြောင်သတ်သမား (၁)

ခွေးနက်ကြီးက မတ်တပ်ထရပ်လိုက်ပြီး စာကြည့်ခန်းထဲမှထွက်ကာ နာကာတာကို ဦးဆောင်ခေါ်သွားသည်။ မှောင်မဲမဲ စင်္ကြံလမ်းဆီမှ ပြတင်းပေါက် နှစ်ပေါက်သာရှိသော မှုန်အုပ်အုပ် မီးဖိုချောင်တွင်းသို့ ရောက်လာခဲ့သည်။ မီးဖိုချောင်က သပ်ရပ်သန့်ရှင်းသော်လည်း မှိုင်းပြသည့်ရနံ့တစ်ခု ရနေသည်။ စာသင်ကျောင်းမှ သိပ္ပံဓာတ်ခွဲခန်းတစ်ခု၏ ရနံ့မျိုး။ ကြီးမားလှသည့် ရေခဲသေတ္တာကြီးတစ်ခု၏ တံခါးရှေ့တွင် ရပ်လိုက်ပြီး ခွေးကြီးက လှည့်ကြည့်လိုက်သည်။ သူက နာကာတာကို အေးစက်စက်ကြည့်ပြီး ဘယ်ဘက်တံခါးကိုဖွင့်ရန် အသံတိုးတိုးဖြင့် သတိပေးနေသည်။ ခွေးကြီးက သူ့ကို စကားပြောနေခြင်းမဟုတ်မှန်း နာကာတာ သိပါသည်။ ဂျွန်နီဝေါ်ကားက ခွေးကြီးမှတစ်ဆင့် နာကာတာကို ပြောနေခြင်းသာ ဖြစ်သည်။ ခွေးကြီး၏ မျက်လုံးများမှတစ်ဆင့် နာကာတာကို ကြည့်နေခြင်းဖြစ်သည်။ သူ့ကိုပြောသည့်အတိုင်း နာကာတာ လုပ်လိုက်သည်။ ထောပတ်သီးစိမ်းရောင် ရေခဲသေတ္တာကြီးက သူ့အရပ်ထက် မြင့်သည်။ ဘယ်ဘက်တံခါးကို ဖွင့်လိုက်တော့ အပူချိန်ညှိကိရိယာက တ၀ီဝီထမြည်သည်။ နှင်းမှုန်များလို အဖြူရောင်ရေငွေ့များ ဖြာထွက်လာသည်။ ရေခဲသေတ္တာ၏ ဒီဘက်အခြမ်းမှာ အအေးခန်းဖြစ်သည်။ အပူချိန်ကို အလွန်အေးခဲနေအောင် ချိန်ထားခြင်းဖြစ်ပါသည်။ အထဲတွင် အခုနှစ်

ထွက်ပေါက်မရှိ

`ထွက်ပေါက်မရှိ´ (No Exit) သည် ငရဲပြည်ရှိ အခန်းတစ်ခုအတွင်းမှ လူသုံးဦးအကြောင်း ဇာတ်လမ်းဖြစ်ပါသည်။ ကမ္ဘာမြေပေါ်မှ လူများ၏ မေ့လျော့ခြင်း ခံရပြီးသည်နှင့် တစ်ပြိုင်နက် သူတို့အဖို့ မိမိကိုယ်ကိုယ် အဓိပ္ပာယ်သတ်မှတ်ခွင့် ရရှိလာခဲ့သည်။ သို့ရာတွင် အခန်းတွင်းတွင် တစ်ဦးတည်းမဟုတ်ဘဲ လူသုံးယောက်ရှိနေသည့်အတွက် ထိုသို့အဓိပ္ပာယ်သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။ တစ်ဦးတစ်ယောက်က မိမိကိုယ်ကိုယ် အဓိပ္ပာယ်သတ်မှတ်ရန် ကြိုးစားတိုင်း အခန်းတွင်းရှိ အခြားလူနှစ်ဦးက သူတို့ သိသလိုမြင်သလို ထိုသူကို အဓိပ္ပာယ်သတ်မှတ်လိုက်သည်ကို တွေ့ရသည်။ လူ့ပြည်တွင်ပြုလုပ်ခဲ့သည့် ဒုစရိုက်များလုံးကို အိတ်သွန်ဖာမှောက် ၀န်ခံခြင်းအားဖြင့်လည်း အကျိုးမထူးပေ။ (လူ့ပြည်တွင်ပြုလုပ်ခဲ့သည့်) သူတို့၏ လုပ်ရပ်များက သူတို့အား ထာဝရမပြောင်းလဲနိုင်သော အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခု တံဆိပ်ကပ်ပေးလိုက်ပြီး ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ အဆုံးတွင် သူတို့သုံးဦးသည် မချစ်မနှစ်သက်သောသူများနှင့် ထာဝရ နေထိုင်သွားကြရပြီး ဤသည်က ယန်းပေါဆာ့ထ်၏ ထင်ရှားသော ကောက်ချက် `ငရဲဟူသည် တစ်ပါးသောလူများ´ ဟူသော စကားဆီ ရောက်ရှိစေခဲ့လေသည်။

ဂေါ့ဒိုကို မျှော်နေရင်းနဲ့ပဲ... (မြင့်သန်း)

VLADIMAR :    Well? Shall we go? ESTRAGON :    Yes, let's go.     [They do not move]         Beckett; Waiting for Godot (1955) တစ်နေ့တော့ ပေကျင်းကနေ ကျုဖူကို သွားဦးမှပဲလို့ စိတ်ကူးရတယ်။ ကျုဖူက ရှန်တုန်ပြည်နယ်ထဲမှာ၊ ကွန်ဖြူးရှပ်(စ)လို့ အင်္ဂလိပ်တွေက ခေါ်တဲ့ ဆရာကြီးကောင်း (ကောင်းဇ)ရဲ့ အရပ်။ သူ့ကျောင်း၊ သူ့အိမ်၊ သူလမ်းလျှောက်လေ့ရှိတဲ့ (သူ့) သစ်တော၊ သူ့မိသားစုသင်္ချိုင်း အကုန်ရှိတယ်။ မြို့အနေနဲ့ကတော့ သိပ်အကြီးကြီး မဟုတ်ဘူး။ ရန်ကုန်မြို့သာသာလောက်ပဲ ရှိမယ်ထင်တယ်။ အရင်ကလည်း ရောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ပြန်သွားချင်နေတယ်။ ပြန်သွားချင်ရတဲ့ အကြောင်းတွေထဲမှာ ပေကျင်းမှာ အချိန်အားနေတာရယ်၊ သူတို့ရဲ့ ရထား စီးချင်တာရယ် ပါတယ်။ သူတို့ရဲ့ အမြန့်အမြန်ရထား စီးရတာ ကျွန်တော် သိပ်သဘောကျတယ်။ လေယာဉ်ထက်တောင် ကောင်းတယ်လို့ ထင်တယ်။ အရင်ဆုံး `အမြန့်အမြန်ရထား´ ဆိုတာကလေးကို ရှင်းဦးမယ်။

ရှူရှူးပန်းခွက် ကိစ္စ (မြင့်သန်း)

သို့.. ကျော်စောမင်း မှ.. မြင့်သန်း အကြောင်းအရာ။      ။ ရှူရှူးပန်းခွက် ကိစ္စ။ ကျော်စောမင်းခင်ဗျား။ ရန်ကုန်မှာအချိန်မရသဖြင့် စကားကြာကြာမပြောလိုက်ရပါ။ ပြောချင်တာကလည်း ခပ်များများပဲ။ အဓိကတစ်ချက်ကတော့ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက် ကိစ္စပဲ။ ဟိုးတစ်ခါက အီးမေး(လ)မှာ ကျွန်တော်ရေးလိုက်သလိုပဲ။ ကျော်စောမင်းရေးတဲ့အချက်တစ်ခုကို ကျွန်တော် အတော့်ကိုသဘောကျတယ်။ ခု မနေ့တစ်နေ့က မတ်လထုတ်ချင်းတွင်းရတော့ ကြည့်မြင်တိုင်စစ်တမ်းမှာ ဒူရှော(န) (Marcel Duchamp) အိမ်သာခွက်အကြောင်း ထပ်ပါလာတာ တွေ့ရပြန်တယ်။ ဒီတော့ ကျော်စောမင်းဆီ စာတစ်စောင်လှမ်းရေးမိတယ်။ ဇနီးက စာကြမ်းကိုဖတ်ပြီး ကျယ်ကျယ်ပြန့်ပြန့်လေးဖြစ်အောင် ကိုတာ့ဆီပို့လိုက်ပါလား ဆိုတာနဲ့ပဲ ချင်းတွင်းအတွက် ပို့ဖြစ်သွားတာပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒူရှော(န) (ပို့စ်မော်ဒန်ဆရာကြီးတစ်ဦးရဲ့ မြန်မာက ဒိုင်း၊ အင်္ဂလိပ်က Bang လို့ အသံထွက်တယ်ဆိုတဲ့မူကိုယူပြီး ကြိုက်သလို အသံထွက်ကြစို့ရယ်။ ဒူရှော(န)ကို ကိုဒူးချောင်လို့ မခေါ်ရင်ပြီးတာပဲ) ရဲ့ ရှူရှူးပန်းခွက်အကြောင်း ရေးချင်တာကြာပြီ။ မရေးရဲဘူး၊ ရေးရင်ဝိုင်းတွယ်ကြမှာ။ အဲဒီလိုပြောရတာ အကြောင်းရှိတယ်။ ရန်ကုန်မှာ တစ်ညနေခင်းတော့ ကိုတာရယ်

အက်ဆေး (ဇော်ဇော်အောင်)

`အက်ဆေး´ ဆိုတာ ဘာလဲ။ ကမ္ဘာ့ `အက်ဆေး´ ဖခင်သည် မီရှယ်မောန်တိန်း [Michel Eyquem de Montaigne (1533-92)] ဖြစ်သည်ဟု ဆရာစဉ်သမားစဉ် အမှတ်အသားရှိသည်။ သူကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၄၀၈ နှစ်ရှိပြီ။ ထိုမျှအထိ ဆွဲဆန့်လျှင် ရှည်လျားလေးလံပေသည်။ သိမီသလောက်က ဖြတ်ပြောပါမည်။ ကျောင်းစာသင်ခန်းအတွင်းမှာ သင်ခန်းစာအဖြစ် `စာစီစာကုံး´ ဟု ရှိသည်။ အများသိပြီးဖြစ်၏။ နိဒါန်း၊ စာကိုယ်၊ နိဂုံး အင်္ဂါသုံးပါးနှင့်ညီညွတ်သော၊ စီကာစဉ်ကာ ပန်းသဖွယ်သီကုံးထားသော စာ။ ထိုစာကို စာစီစာကုံးဟု ယနေ့အထိ အသုံးတွင်နေသည်။ စာသင်ခန်းပြင်ပတွင် Essay ၏ အခြားအဓိပ္ပာယ်တစ်ခုကို ရည်၍ `အစမ်းစာ´ ဟု ခေါ်ခဲ့ကြသေးသည်။ ဆရာဇော်ဂျီက (စာတမ်း/စာတန်း) နှစ်မျိုးကွဲစေ၍ Essay ကို `စာတန်း´ ဟုသတ်မှတ်ကာ စတင်သုံးစွဲခဲ့သည်။ စည်းကြီးကမ်းကြီးနှင့်ရေးသားသော စာမျိုးကို `စာတမ်း´၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ ပါးပါး ရေးသောစာမျိုးကို `စာတန်း´ ဟု ခေါ်စေလိုသည်ဟု ယူဆရပါသည်။ ပညာရပ်၊ ဘာသာရပ်အလေးကဲ၍ စည်းကမ်းစနစ်ကိုတည်ဆောက်ကာ ရေးသားသော ဘွဲ့ယူစာတမ်း Thesis/Dissertation အမျိုးအစားများဖြင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ `စာတန်း´ သည် စည်းမဲ့ကမ်းမဲ့ မဟုတ်စေကာမူလည်း ပိုလွတ်လပ်ပေါ့ပါးသည်။ အန

မြင်း၊ မြည်းနှင့် ဖြစ်တည်မှုဝါဒ စသည်

တစ်နေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့် ပုံပြင်ထဲတွင် လမ်းလျှောက်လာရာ လမ်းတွင် ကျွန်ုပ်ရှေ့မှ သွားနေသော မြင်းတစ်ကောင်၊ မြည်းတစ်ကောင်နှင့် လူတစ်ယောက်ကို မီလာလေသည်။ အဲဒီနေ့က နေက အတော်ပူတယ်။ လမ်းကလည်း ဖုန်ထူတယ်။ မြည်းနဲ့ မြင်းရဲ့ပိုင်ရှင်က တစ်ကိုယ်တည်း လမ်းလျှောက်လာတယ်။ မြည်းရဲ့ကိုယ်ပေါ်မှာတော့ အတော်များများ ၀န်ထုပ်ဝန်ပိုးတွေ တင်ထားတယ်။ မြင်းရဲ့ကိုယ်ပေါ်မှာတော့ ဘာမှ တင်မထားဘူး။ ကြည့်ရတာ မြည်းဟာ အင်မတန် မောပန်းနေပုံရတယ်။ သူတို့အနားရောက်သွားတော့ မြည်းက မြင်းကို တောင်းပန်နေတဲ့အသံ ကြားရတယ်။ `မိတ်ဆွေ.. ကျေးဇူးပြုပြီး ကိုယ်ပေါ်က ၀န်တစ်ဝက်လောက် ကူသယ်ပေးစမ်းပါ၊ ကျုပ် သိပ်ပင်ပန်းနေပြီ၊ ဖျားလည်း ဖျားနေလို့ပါ´ လို့ ပြောတယ်။ မြင်းက ခေါင်းခါခါ လည်ခါခါနဲ့- `မကူညီနိုင်ဘူး၊ မကူညီနိုင်ဘူး။ ကိုယ့်ဝန်ထုပ် ကိုယ်သယ်´ လို့ ခါးခါးသီးသီးပြောတယ်။ ဒီတော့မှ ကျွန်ုပ်ရောက်နေတဲ့ ပုံပြင်ဟာ အီစွတ်ရဲ့ The Horse and the Loaded Ass (မြင်းနဲ့ ၀န်တင်မြည်း) ဆိုတဲ့ ပုံပြင်မှန်း သိတော့တယ်။ ဒီပုံပြင်ကို ကျွန်ုပ်ကဖတ်ဖူးတော့ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ သိနေတယ်။ ဖြစ်တာက နောက်ဆုံး မြည်းဟာ ဒဏ်မခံနိုင်တော့လို့ လဲကျသေသွားတော့တယ်။

အရည်တည်

လူတွေကို မမြင်ချင်ယောင်ဆောင်ရတာ ပိုခက်လာတယ် ငါ့ဘ၀ရဲ့ ပထမဆုံးမျက်မှန်။ ******************************* ကိုတေဇာအောင် ဖတ်ဖို့- မိုးက အဆက်မပြတ်ရွာတယ်။ ခက်တော့ခက်တယ်၊ ကျွန်တော့ထီးကလည်း ကိုင်းတစ်ချောင်းကျိုးသွားတယ်။ ဒီတော့လည်း ဆောင်းရတာ စိတ်မှာ သိပ်သက်တောင့်သက်သာ မရှိတော့ဘူး။ ထီးရွက်က ခုံးခုံးဝိုင်းဝိုင်းလေးဖြစ်ရမယ့်အစား တစ်ခြမ်းမှာ ပိန်ကျုံ့သွားတယ်။ အရိုးငေါငေါကြီး ထွက်နေတယ်။ မိုးလုံတဲ့ပမာဏချင်းတော့ မကွာလှပါဘူး။ ဒါပေမဲ့ လူကြားထဲ ထီးအကျိုးလေးဆောင်းသွားရတာ ကသိကအောက်နိုင်တယ်လို့ ခံစားရတယ်။ တကယ်တော့ လူတွေကို ဂရုမစိုက်တာက အယူအဆရေးရာပဲ အဆင်ပြေတယ်။ အပြုအမူရေးရာတွေမှာ အဆင်မပြေဘူး။ ကိုယ်ကလည်း သွားဖြဲပြရတဲ့ယဉ်ကျေးမှုထဲမှာ ရောက်နေတာကိုး။ ဒါနဲ့ပဲ ညဖက်ကလွဲလို့၊ အပြင်သိပ်မထွက်ဖြစ်ဘူး။ ဘာမှမတတ်နိုင်ဘူး၊ စာဖတ်ဖို့ပဲ တတ်နိုင်တယ်။ တချက်တချက်ကျရင် မိယောကို ကလိလှမ်းထိုးတယ်။ ဒီကောင်လည်း အပြင်သိပ်မထွက်နိုင်ဘူး။ သူ့ကို ရန်လာလာစတတ်တဲ့ ကြောင်ကြီးတွေရှိနေတော့ လူနားပဲကပ်နေရတာ များတယ်။ ဖတ်နေရင်းနဲ့ စာအုပ်ထဲမှာ စိတ်ဝင်စားမိတဲ့ စာသားလေးတစ်ခု သွားတွေ့တယ်။ `မိသားစုဆိုတာက အရည်တည်လေးရှိတဲ့ ခံတပ်´[*] တဲ့။ ခက်တေ

ပန်းပင်

ပျော်ရွှင်မှုအကြောင်း ငါကောင်းကောင်းသိခဲ့တယ် ငယ်ငယ်တုန်းက ငါမနက်စောစောထတယ် မျက်နှာမသစ်သေးဘဲ အိမ်အပြင်ကို တန်းထွက်တယ် ငါစိုက်ထားတဲ့ ပန်းပင်ကလေးတွေ ပန်းဘယ်နှစ်ပွင့်ပွင့်လဲ ရေတွက်တယ် ဘာအရောင်ပွင့်လဲ လိုက်မှတ်တယ် အဲဒီလို ပျော်ရွှင်မှုအကြောင်း ငါကောင်းကောင်းသိခဲ့တယ် ဒီတော့ မင်းမိန်းမ ဗိုက်ကြီးသွားတာကို ဂုဏ်ယူပါတယ်လို့ သူငယ်ချင်းကို ပြောမိတယ်၊ သူပြုံးတယ်။ ပန်းပင်စိုက်ရတာ ပင်ပန်းတဲ့အကြောင်းတော့ ကျွန်တော်ပြောဖို့ မေ့သွားတယ်၊ သူကပြုံးနေတာကိုး။ တေဇာ (လရောင်လမ်း)

အသစ်တဖန်

မငြိမ်သက်မှုတွေနဲ့ အုပ်ချုပ်ပုံညံ့ဖျင်းမှုတွေကြောင့် `ဟာရတ်´ ပြည်နယ်ရဲ့ ကန္တာရတောင်တန်းများပေါ်က မြို့တော်လူထုဟာ ရာစုနှစ်ပေါင်းများစွာကြာအောင် နိမ့်ပါးပျက်စီးခဲ့ရပါတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို မဖယ်ရှားနိုင်ရုံသာမက မောက်မာထောင်လွှားတဲ့ ကိုယ်ကျိုးကြည့် ဘုရင်အဆက်ဆက်ရဲ့ ဒဏ်ကိုလည်း သည်းမခံနိုင်အောင် ဖြစ်ကြရတယ်။ ဒီတော့လည်း `ဂျာဂါ´ ဆိုတဲ့လူကို သူတို့က ပညာရှိပုရောဟိတ်အဖြစ် တင်မြောက်ခဲ့ကြတယ်။ သူ့ကိုတော့ ဒီနယ်မြေမှာ ပညာအရှိဆုံးရယ်လို့ လူတွေက သိကြတယ်။ ဘုရင်တစ်ပါးကို လေးနှစ်တစ်ကြိမ်တင်မြှောက်သင့်တယ်လို့ ဂျာဂါက ဆုံးဖြတ်တယ်။ အဲဒီဘုရင်ဟာ အကြွင်းမဲ့အာဏာရှိရမယ်။ အခွန်အကောက်တွေကို တိုးမြှင့်နိုင်မယ်။ အဆုံးစွန် အာဏာတည်ရမယ်။ ညစဉ် သူသဘောကျတဲ့ မိန်းကလေးတစ်ဦးကို သူ့ ဖဲမွေ့ယာပေါ်ခေါ်သွားဖို့ ရွေးချယ်ခွင့်ရှိမယ်။ စိတ်ကြိုက် စားသောက်ခွင့်ရှိမယ်။ အကောင်းဆုံး အ၀တ်အစားတွေဝတ်ပြီး အကောင်းဆုံးမြင်းကို စီးခွင့်ရှိမယ်။ အတိုချုပ်ပြောရရင် သူပေးတဲ့အမိန့်ဟူသမျှကို ဘယ်လောက်ပဲ အဓိပ္ပာယ်မဲ့ပါစေ နာခံရမယ်။ ယုတ္တိနဲ့ တရားမျှတမှုမရှိဘူးလို့ ဘယ်သူကမှ မေးခွန်းမထုတ်ရဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိနေသေးတယ်။ သူ့ရဲ့ဘုရင်သက်တမ်းလေးနှစ် ပြီး

ဗျတိရေက (မြင့်သန်း)

“It takes a lot of time to be a genius, you have to sit around so much doing nothing, really doing nothing.” ~Gertrude Stein, Everybody’s Autobiography (1973) ပြီးခဲ့တဲ့ ခုနှစ်ဆယ့်နှစ်နာရီဟာ ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး။ အချိန်တွေ၊ နာရီတွေ၊ ရက်တွေ၊ နေရာတွေ ဘယ်ရောက်သွားမှန်း မသိဘူး။ လူရဲ့ပတ်ဝန်းကျင်က တစ်ဆယ့်ရှစ်လက်မပတ်လည်ဟာ မမှတ်မိနိုင်လောက်အောင် ပြောင်းပြောင်းသွားတယ်။ လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ပတ်လည်က တစ်ဆယ့်ရှစ်လက်မဟာ သူ့ပိုင်နက်ပဲ။ ဒါပေတဲ့ အဲဒီပိုင်နာဟာ တစ်ခါတလေ ရှာမရတော့ဘူး။ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေရခြင်းအတွင်းမှ ပျောက်ဆုံးနေတယ်။ တကယ်တော့ ကျွန်တော့်အပြစ်ချည်းပဲ မဟုတ်ဘူးထင်တယ်။

သီးသန့်ဆန်တဲ့ လိပ်ပြာ

ကျွန်တော့်မှာ ပိုးမွှားတွေကိုကြောက်တဲ့စိတ်အခံ ရှိခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးအဆင့်ရောက်နေတဲ့ ဘောက်ဖတ်တစ်ကောင်နဲ့ အတွေ့မှာ ရောဂါကိုယ်တိုင် ဖျားနာသွားရတယ်။ တကယ်တော့ ကျွန်တော့်ပုခုံးပေါ် လာနားတာ အရှားပါးဆုံးလိပ်ပြာ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ပုခုံးပေါ် လာနားတဲ့ လိပ်ပြာဆိုတာ တကယ်ကို ရှားတယ်။ ဒီလိုနဲ့ ကမ္ဘာပေါ်မှာ တစ်ကောင်တည်းရှိတဲ့ လိပ်ပြာကို ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တယ်။ အခုတော့ ကျွန်တော့်မှာ သီးသန့်ဆန်တဲ့ လိပ်ပြာလေးကို ချစ်မိတဲ့ စိတ်အခံနဲ့။ တေဇာ (လရောင်လမ်း) ဇူလိုင်၊ ၂၀၁၁

ပြတင်းပေါက် (မြင့်သန်း)

သူ့မှာ ဘာမှ ပူစရာမရှိဘူး။ သူ့အတွက် ပြတင်းပေါက်တစ်ခု ရှိနေတယ်။ ပြတင်းပေါက်ဟာ သူ့ဘ၀ပဲ။ သူနေတဲ့အိမ်ကြီးကို `ဂန္ထ၀င်စံအိမ်´ လို့ ခေါ်တယ်။ `ဂန္ထ၀င်´ ဆိုတာ အတွေးသက်သက်ထဲမှာပဲ ရှိတယ်လို သဘောထားသလား မသိဘူး။ ဘာလို့ အဲဒီလိုခေါ်သလဲ ဆိုတာကိုတော့၊ ဒီအိမ်ကြီးကို ဆောက်ခဲ့တဲ့သူ ဘိုးအေကြီးကို သွားမေးမှပဲ။ သူ့ဘိုးအေကြီး သေတာက ကြာပြီ။ အိမ်ကြီးဆောက်ထားတဲ့ ခြံဝင်းထောင့်က ဘုန်းကြီးကျောင်းနဲ့ဆက်နေတဲ့ မြေပေါ်မှာ သင်္ချိုင်းကလေးရှိတယ်။ သင်္ချိုင်းဆိုတာက အသက်ရှိတဲ့လူတွေနဲ့၊ အသက်မရှိတော့တဲ့လူတွေ ဆုံတဲ့ ရပ်ဝန်းပဲ။ အသက်ရှိနေသေးတဲ့လူတွေအကြားက အသက်မရှိတော့တဲ့လူတွေ နေတဲ့နေရာ။ `ဂန္ထ၀င်´ လို စိတ်ကူးကြည့်စရာ မဟုတ်ဘူး။ သူ့ဘိုးအေကြီးဂူ အဲဒီမှာ ရှိတယ်လို့ပြောတယ်။ သူ့အမေ၊ သူ့အဖေ ဂူတွေလည်း အဲဒီမှာ ရှိတယ်လို့ ပြောကြတာပဲ။ အဲဒီသင်္ချိုင်းကလေးက သူတို့မိသားစု သင်္ချိုင်းကလေးလို့ ပြောရလိမ့်မယ်။ အဖေရှိတုန်းက အဲဒီဘက် လမ်းလျှောက်လေ့ရှိတယ်လို့ ပြောတယ်။ တစ်ခါတလေ သူ့အဖေဂူပေါ်မှာထိုင်ရင်း သူအဖေကို စကားပြောသတဲ့။ ဘာတွေပြောမှန်းတော့ မသိဘူး။ ဘာကြောင့်ပြောသလဲဆိုတော့၊ ကျန်ရစ်ခဲ့တဲ့လူက အရင်သေသွားတဲ့လူကို သွားပြီးစကားပြောစတမ်းလို့ ကတိက၀တ်ရှိခဲ့ကြလို့တဲ့။ အဖေက

ကြွေ

ဖြစ်နိုင်ခြေနဲ့ ပစ္စက္ခဟာ အတူတကွ ငြိမ်သက် အချိန်မရွေးကျကွဲသွားနိုင်တဲ့ ကျွတ်ဆတ်ဆတ် ကြွေထည်ကလေး အစွန်းမှာရပ် ကော်ဖီပူပူတွေကို လုံခြုံအောင် အကြားအလပ်မရှိ သူပွေ့ဖက်ထားပုံက ငြိမ်သက်လို့။ တေဇာ (လရောင်လမ်း) ဂျူလိုင်၊ ၂၀၁၁

နွေပုံပြင်

ပျော်ရွှင်မှုဆိုတာကတော့ အားလုံး အတူတူလိုပဲ၊ ဒါပေမဲ့ နာကျင်မှုတစ်ခုစီမှာ သီးခြားဝိသေသ ရှိတယ်။ ~ လီယိုတော်စတွိုင်း သူကတော့ ကလေးလေးလိုပဲ၊ အိပ်ခါနီးတိုင်း ကျွန်တော့်ကို ပုံပြင်ပြောခိုင်းတတ်တယ်။ အသံတစ်သံကို နားထောင်ရင်း အိပ်ပျော်သွားရတာ၊ အနားမှာ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားမှုက သူ့ကို လုံခြုံမှုပေးတယ်တဲ့။ ခက်တာက ကျွန်တော်က ပုံမပြောတတ်တာပဲ။ ပုံနှိပ်စာလုံးစီထားတဲ့ စိတ်ကူးယဉ်ပုံပြင်တွေ အတော်များများ ဖတ်ဖူးခဲ့ပေမယ့် ဖတ်ပြီးသားတွေကို ကျွန်တော်က အဆီအငေါ်တည့်အောင် ပြန်ပြောနိုင်တဲ့ လူစားမျိုးမဟုတ်ဘူး။ ငါလည်း မက်ဒူဆာ (Medusa) လို အကောင်မကြီးရဲ့ ခေါင်းကို သွားကြည့်ခဲ့မိလို့ ဖြစ်လိမ့်မယ်လို့ပဲ ကိုယ့်ရဲ့ ဆွံ့အမှုအပေါ် နည်းနည်းဖော့တွေးရတယ်။ သူ့ကိုတော့၊ ငါ ပုံမပြောတတ်ဘူးလို့ ခဏခဏ အသိပေးဖူးပါတယ်။ ဒါပေမဲ့ အဲဒါက သူနဲ့ ကျွန်တော့်ကြားမှာ လုံလောက်တဲ့ ဆင်ခြေတစ်ခု မဟုတ်ခဲ့ဘူး။ ပြောတတ်တတ် မပြောတတ်တတ် ပြောလို့ သူက တစ်ချက်လွတ် ပြောတယ်။ ဒီတော့လည်း ပုံပြင်တွေကို လက်တမ်းပြောနိုင်ဖို့ ကြိုးစားရတော့တယ်။ အဲဒီတော့မှပဲ စိတ်ကူးဉာဏ်ကွန့်မြူးမှု ဘယ်လောက်အားနည်းမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။ ဖတ်ဖူးထားတာလေးတွေနဲ့ ဆင်တူယိုး

လမ်း (မြင့်သန်း)

လမ်း၏ ရှိခြင်းသည်လည်းကောင်း၊ လမ်း၏ အတိုင်းအတာ၊ အကွာအဝေးနှင့် အကောင်းအဆိုးသည်လည်းကောင်း၊ ခရီးသွားခြင်းကို အဆုံးအဖြတ် မပေးနိုင်။ လမ်းမရှိသည့်တိုင်၊ လမ်းဆုံးသွားသည့်တိုင်၊ ခရီးသွားတွင် သွားစရာခရီး ရှိနေဦးမည်သာ ဖြစ်သည်။ လူသည် ခရီးသွားဖြစ်၍ လောကသည် လမ်းဖြစ်၏။ `ခြေသလုံးအိမ်တိုင် မွန်ဂိုတို့၏ ရှေးစကား´ အပြင်ဖက်ကိုကြည့်ရင်း အဖေ့ကို သတိရမိတယ်။ အဖေက ခရီးသွားရတာ ကြိုက်တယ်။ အပြင်ဖက်မှာ သစ်ပင်တွေ ရိပ်ခနဲရိပ်ခနဲ ဖြတ်သွားနေတယ်။ တစ်ခါတလေ လယ်ကွင်းစိုက်ခင်းတွေ တွေ့ရတယ်။ အိမ်တွေ၊ ဂိုဒေါင်တွေ တွေ့ရတယ်။ ကွင်းခေါင်ခေါင်ထဲ ထုံးစေတီ သေးသေးကလေး တစ်ဆူနှစ်ဆူလည်း တွေ့ရတတ်တယ်။ မြို့တွေရွာတွေ ဖြတ်ရင် လူတွေကားတွေ တွေ့ရတတ်တယ်။ ခုလို အပူအပင်မရှိ ခရီးသွားနိုင်တာမျိုးဆိုရင် အဖေသိပ်ပျော်မှာပဲလို့ တွေးမိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခရီးအတော်သွားခဲ့ဖူးတယ်။ ဒါပေတဲ့ ကျွန်တော်တို့ငယ်ငယ်ကဆို မြောင်းတကာအထွက်၊ ငဖြူလေးတံတားဆီတောင် တောင်ရိုးဆီက ကွန်မြူနစ်တွေဆင်းလာပြီး ဗုံးလာခွဲလေ့ရှိလို့ ခရီးသွားရတာ စိတ်မချရဘူး။ ကားရဲ့ရှေ့တည့်တည့် မျက်စေ့တစ်ဆုံးက လမ်းကိုလှမ်းကြည့်ရင်း အရင်က ဒီနေရာမှာ ဒီလည်းမရှိဘူးထင်တယ်လို့ ကျွန်တော်ပြော

လှေကားထစ်တွေ (မြင့်သန်း)

ဘာမှလုပ်စရာ မရှိဘူး။ ပျင်းဖို့ ကောင်းတယ်။ ပျင်းဖို့ကောင်းတော့ ဘာမှမလုပ်ချင်ဘူး။ ဘာမှမလုပ်ချင်တော့လည်း ပျင်းဖို့က ပိုကောင်းလာတယ်။ တစ်ခုခုလုပ်ချင်ပေတဲ့လည်း လုပ်စရာက မရှိဘူး။ မသာအိမ် ဖဲရိုက်မယ်ဆိုရင်လည်း လောလောဆယ် အသိအကျွမ်းထဲက သေတာ မရှိသေးဘူး။ ဖဲမရိုက်ရတောင် အလကားချထားတဲ့ ကွာစေ့ ၀ါးနေလို့ရတယ်။ ကွာစေ့မဟုတ်တောင် နေကြာစေ့ဖြစ်ဖြစ် ၀ါးနေရရင်လည်း မဆိုးဘူး။ ဒါပေတဲ့ အပေါင်းအသင်းတွေက ကျန်းမာရေး ကောင်းနေကြတယ်။ ဒီတော့ ဟိုကောင့်ကို သတိရလိုက်မိတယ်။

ချိုးခေါက်ခံ ခေါက်ချိုးညီ

မှန်ဟာ တိကျစွာ ရောင်ပြန်တယ် အမှားမလုပ်ဘူး၊ ဒါပေါ့ သူက မစဉ်းစားဘူး တကယ်တမ်း စဉ်းစားကြည့်ရင် စဉ်းစားတာဟာ အမှားလုပ်ဖို့ပဲဆိုပဲ။ ကျွန်တော်ကတော့ ဆီလျော်သလို ရောင်ပြန်တယ် အဆင်ပြေသလို ကျကွဲတယ်၊ ဒါပေါ့ တစ်ခါပဲရမယ် ပြီးကြုံရာလူကို စူးရှစေတယ်၊ ဒါတောင် လာနင်းမှပါ မစဉ်းစားတဲ့ စိတ်အခြေအနေတစ်ရပ်ကို စဉ်းစားကြည့်လို့ မရခဲ့လို့ပဲဆိုဆို။ စကားမစပ် ကျွန်တော် ပုံမှန် မှန်ကြည့်ပေမယ့် ကျွန်တော့် ပုံမှန် မှန်မှာ မမြင်ခဲ့ရဖူးဘူး။ တေဇာ (လရောင်လမ်း) မေ၊ ၂၀၁၂

ဆေးရုံ (မြင့်သန်း)

ဆေးရုံကိုလာတဲ့လူတွေမှာ အကြောင်းရှိတယ်။ အနည်းဆုံး တစ်ခုတော့ ရှိကြတာချည်းပဲ။ အပျင်းပြေ ဘယ်သူမှ မလာဘူး။ ဆရာဝန်တွေ ကုသပေးဖို့လာတယ်။ လူမမာက ကုသခံဖို့ လာတယ်။ သူနာပြုတွေက ကုသမှုကို အထောက်ကူပြုဖို့၊ သူတို့နိုင်တာ လုပ်ပေးဖို့။ သန့်ရှင်းရေးအလုပ်သမားက သန့်ရှင်းပေးဖို့။ ကျန်းမာနေတဲ့လူတစ်ယောက် ဆေးရုံထဲ ၀င်လာရင်တောင် သူ့မှာ လူမမာမေးစရာ အကြောင်းရှိတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ စာမဖတ်တတ်လို့၊ ဆေးရုံလို့ ရေးထားတာကို မသိလို့၊ မှားပြီးဝင်လာတဲ့လူပဲ ဖြစ်မယ်။ 

ရွှေသုန္ဒရီ

မိုးမလင်းမီ ရွှေသုန္ဒရီရေ ကကြိုးပျောက်မှာ စိုးမိသည်။ (xxx) အခုလို ခရီးလျှောက်သွားတော့လည်း စိတ်ဝင်စားစရာ လူတွေနဲ့ တွေ့ရတတ်တယ်။ အဝေးပြေးကားဂိတ်ကို ဟိုကောင်က ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ ဂိတ်မှာ အထုတ်ချထားပြီး တစ်ခုခုစားဖို့ စားသောက်ဆိုင်ဘက် ထွက်လာခဲ့ကြတယ်။ မနက် ဝေလီဝေလင်းပဲ ရှိသေးတယ်။ မကြာခင်ပြန်တွေ့မယ် ဘာညာ နှုတ်ဆက်စကား ပြောဖြစ်ကြတယ်။ ပထမဆုံးရပ်တဲ့ အောင်ချမ်းသာ ထမင်းဆိုင်မှာ ထမင်းမစားနဲ့လို့ ကျွန်တော့်ကို မှာနေတယ်။ ဘာလို့လဲ အဲဒီဆိုင်က အဆိပ်ခပ်ထားလို့လားလို့ ပြန်မေးလိုက်တော့ ဘာမှပြန်မပြောတော့ဘူး။ သွားခါနီးလာခါနီး စိတ်မခုချင်တာနဲ့ပဲ တခြားဘက် စကားလွှဲရတယ်။ ဒါတောင်၊ ကျုပ် ဘွားတော် ပြန်တုန်းကတော့ မြို့ပြင်အထိ ဆိုင်ကယ်မောင်းပြီး လက်လိုက်ပြတာလို့ သူက ပြောနေသေးတယ်။ ရူးပါ့ကွာလို့ပဲ အလိုက်သင့် ပြန်ပြောလိုက်တယ်။ ကျွန်တော်ကတော့ လမ်းမှာစားဖို့ ကွမ်းဝယ်တယ်။ ကွမ်းယာဆိုင်က ကောင်မလေးက ဦးလေးက တကယ်ပြန်တာကိုးလို့ ပြောတယ်။ ငါက တကယ်မပြန်ဘဲ နင့်ကို ပြန်မယ်ပြောမလားလို့ပဲ ပြန်ပြောရတယ်။ ကားပေါ်တက်ခါနီးကျတော့ ဟိုကောင်နဲ့ လက်ဆွဲနှုတ်ဆက်ဖြစ်တယ်။ သူ့ဟာက နှုတ်ဆက်တာနဲ့ မတူဘူး၊ ကျွန်တော့်လက်ကို တအား ဖြစ်ညှစ်ထားသလိုပဲ။

ထွက်ပေါက် (မြင့်သန်း)

ဟိုကောင်က တို့သွားနားထောင်ရအောင် ဆိုတာနဲ့ပဲ ဆရာကြီးဦးရွှေရောင်ရဲ့ ဟောပြောပွဲဆီကို လိုက်လာမိတာ။ ဆရာကြီးဦးရွှေရောင်က နာမည်ကသာ ရွှေရောင်တောက်ပေတဲ့ လူကတော့ မွဲညစ်ညစ်ရယ်။ အသားအရောင်တင် မွဲတာမဟုတ်ဘူး၊ ငွေရေးကြေးရေးအရလည်း မတောင့်တင်းတော့ လူပါမွဲတယ်လို့ ပြောရမှာပဲ။ ဒါပေတဲ့ သူ့မှာ ပီအိပ်(ချ)ဒီတွေ အပုံကြီး။ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု ဘွဲ့ထူးဂုဏ်ထူးတွေ အပုံကြီး။ အသိပညာဆိုတာကိုသာ တင်းတောင်းနဲ့ထည့် တိုင်းတာလို့ရရင် ဆရာကြီးဦးရွှေရောင်မှာရှိတဲ့ အသိပညာတွေ တိုင်းတာကြည့်ဖို့ တင်းတောင်းရက်ခိုင်းမယ်ဆိုရင် ရက်တဲ့လူခမျာ အလျင်မီအောင် ရက်ပေးနိုင်မှာ မဟုတ်ဘူး။ အသိပညာဆိုတာကလည်း ပိုက်ဆံလို ထုတ်သုံးလို့ရတာမှ မဟုတ်ဘဲ။ ဒီတော့လည်း ဆရာကြီးမွဲတယ်ဆို မွဲပျော်တာပဲ။ ဆရာကြီးက ပျော်ပျော်ကြီးနဲ့ မွဲနေတာ။

ဖျာပေါ်ကလိမ့်ကျလို့ သေရတဲ့ကောင်အကြောင်း (မြင့်သန်း)

အရပ်ထဲရောက်ပြီဆိုတာနဲ့ အစုံကြားရတယ်။ မကြားချင်လို့လည်း မဖြစ်ဘူး။ အရပ်မှာဆိုတာက အရပ်သတင်းပဲရှိတယ်။ မြို့က ကားကြုံနဲ့ပါလာတတ်တဲ့ သတင်းစာမျိုးဆိုရင်တော့ စာချဘုန်းကြီးကဖတ်ပြီး သူဖတ်ရသမျှကို အဖိတ်နေ့၊ ဥပုသ်နေ့လူစည်စည်မှာ ပြန်ပြောပြလေ့ရှိတယ်။ မျောက်ကလေးတစ်ကောင်ကို အာကာသထဲ ဒုံးပျံနဲ့လွှတ်တယ်ဆိုတာကို ဘုန်းကြီးက ပြန်ပြောပြတော့ ဘယ်သူမှမယုံဘူး။ မယုံဆို ဒုံးပျံဆိုတာနဲ့ ဘုန်းကြီးပျံမှာတိုက်တဲ့ ဒုံးလောက် မြင်ဖူးတဲ့လူတွေအဖို့ မျက်စေ့ထဲမှာ ထင်ရာမြင်ရာမြင်ပြီး အတွေးစပြီး ချော်တော့တာပဲ။ အာကာသပွင့်အောင် ငရုတ်ကောင်းကောင်းထောင်းပြီး သြဇာရွက်နဲ့နယ်ကျွေးရတယ်လို့ တစ်သက်လုံးလက်ခံထားတဲ့ ဓာတ်ဆရာဦးမှန်တို့ အတွေးထဲမှာတော့ အာကာသဆိုတာ သွားလို့ရတဲ့နေရာ မဟုတ်ဘူး။ နားမလည်လို့ ပြောကြတာ။ ရတယ်ဆိုဦးတော့ မြင့်မိုရ်တောင်က ခံနေဦးမှာဆိုပဲ။ ခုခေတ်လူတွေများ မိုက်ပါ့လို့ပဲ မြင်တယ်။

ငါ့ဖက်မှာ တစ်ယောက်တော့ရှိတယ် (မြင့်သန်း)

ဘာစိတ်ကူးရလို့ရယ်တော့ မသိဘူး။ ကျောင်းမှာ စာသင်သားတွေ၊ စာချတွေ ပါးနေတုန်း ဆွမ်းစားဆောင်ဖက် ရေနံလေးဘာလေး ပြန်သုတ်ထားပြီး၊ ကုဋီအသစ်၊ အိမ်သာအသစ်၊ အပိုတစ်လုံး၊ နှစ်လုံးလောက်ဆောက်ထားရင် ကောင်းမယ်လို့ ဆရာတော်ကြီးက မိန့်တယ်။ ကောင်းပါသဘုရာ့လို့ လက်အုပ်ကလေး အသာချီရင်း တိုက်အုပ်ကတော့ ဖြေရုံပဲ။ ဆရာသမားဆီက၊ လူကြီးဆီက ထွက်လာတဲ့အကြံဆိုတာကို မကောင်းဘူးလို့ပြောလို့ ဘယ်ဖြစ်မှာတုန်း။ အကြံကောင်းဉာဏ်ကောင်း စိတ်ကူးကောင်းကောင်း ဆိုတာမျိုးကလည်း လူကြီးသူမတွေဆီကမှ အထွက်များတာမဟုတ်လား။ အဓိကကတော့ လူကြီးသူမတွေဆီမှာ စဉ်းစားစရာအချိန်တွေ ပိုနေလို့ပဲဖြစ်မယ်။ အချိန်ပိုလို့တင်တော့လည်း မဟုတ်ဘူး။ တခြား ထူးထူးထွေထွေ တွေးနေစရာမှ မရှိဘဲကိုး။ ထူးထူးထွေထွေ တွေးစရာ မရှိမှလည်း တွေးစရာဆိုတာက ကောင်းကောင်းလေးတွေ ပေါ်လာနိုင်တာ။ ထမင်းဆာနေရင်၊ ရှူရှူပေါက်ချင်ရင်၊ ယုတ်စွအဆုံး ယောက္ခမကို ကြောက်နေရင်တောင် အတွေးကောင်းကောင်း စိတ်ကူးကောင်းကောင်း ဘယ်ပေါ်နိုင်မှာလဲ။ ဒါကြောင့်လည်း တိုက်အုပ်နဲ့ ဆရာတော်ကြီးတို့ ကွာကြတာ။ တိုက်အုပ်အနေနဲ့ကတော့ စိတ်ကူးကောင်းကောင်းရဖို့ အချိန်လည်းမရှိဘူး။ ရစရာအကြောင်းလည်း မရှိဘူး။ တင်ပါ့ဘုရားလို့ နှုတ်က အာမခံလိုက်မိ

မြစ် (မြင့်သန်း)

ဖုန်းဆက်တုန်းက ဟိုကောင်ကပြောတယ်။ မင်းလာရင် ဟိုဘက်ကမ်းဆီ လှေလှော်သွားရအောင်တဲ့။ ကျွန်တော်လည်း ဟိုရောက်တာနဲ့ ၀ီစကီထိုင်သောက်ကြရင်း ဟိုကောင့်ကိုမေးတယ်။ မင်းဘယ်တော့သွားချင်သလဲလို့။ ဒီတော့ သူက ငါလှေစပ်ခိုင်းထားသတဲ့။ ရတာနဲ့ သွားမယ်။ ကျစ်လုံးလည်း လိုက်မယ်တဲ့။ ဘာလို့သူက လိုက်ချင်ရတာလဲဆိုတော့ သူ့ရည်းစား သူများနဲ့လိုက်သွားလို့တဲ့။ သူ့ရည်းစား သူများနဲ့လိုက်သွားတာနဲ့ မြစ်ဟိုဘက်ကို လှေလှော်ထွက်တာနဲ့ ဘာဆိုင်လို့လဲလို့ ကျွန်တော်ကမေးတော့ ဟိုကောင်က ငါဘယ်သိမှာလဲ၊ သူက လိုက်ချင်တယ်ပြောလို့လို့ပြောပြီး ပုခုံးတွန့်ပြတယ်။ မြစ်ဘက်ကိုလှမ်းကြည့်လိုက်ရင်း သူ့ဖန်ခွက်ထဲကို ၀ီစကီဖြည့်ပေးလိုက်ရင်း မေးလိုက်မိတယ်။ ဟိုဘက်ကမ်းမှာ အရက်ဆိုင်ရှိလားလို့။ သူက ပုခုံးတွန့်ပြရင်း ငါဘယ်လိုလုပ် သိမှာလဲ။ ငါမှ မရောက်ဖူးဘဲလို့ ပြန်ဖြေတယ်။ စားပွဲထိုးတဲ့ကောင်ကလေးကိုခေါ်ပြီး မေးကြည့်ဦးမလို့ပဲ၊ မမေးတော့ဘူး။ ခုခေတ် စားပွဲထိုးတဲ့ကောင်ကလေးတွေက အရက်ပုလင်းအကြောင်းထက် မိုဒယ်ကလေးတွေအကြောင်းပဲ ပိုသိတာများတယ်။  ခရမ်းချဉ်သီးဆော့နဲ့ ငရုတ်ဆီ သိပ်ကွဲကြတာမဟုတ်ဘူး။ ဘာဝိုင်ရှိသလဲလို့မေးရင် ၀ိုင်အဖြူ၊ ၀ိုင်အနီရှိပါတယ်လို့ဖြေပြီး ကိုယ့်ကိုယ်ကိုယ် အတော်အထ

နန်းတွင်းက ကြမ်းခင်း (မြင့်သန်း)

ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့နေတဲ့ ဟိုတယ်က ပျင်းဖို့ကောင်းတယ်။ ပျင်းဖို့ကောင်းရတဲ့ အကြောင်းတစ်ခုကတော့ ဟိုတယ် သက်သက်မဟုတ်လို့ပဲ။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ရဆော့ဟိုတယ်။ တချို့အရပ်တွေမှာတော့ ရဆော့ဟိုတယ်ဆိုတာ အတော်ပျော်ဖို့ကောင်းတာ။ လူစည်တယ်၊ ပျော်စရာပါးစရာ စုံတယ်။ ရဆော့ဟိုတယ်ဆိုတာကလည်း အပန်းဖြေလာတဲ့လူတွေမို့ ပိုက်ဆံလည်းကောင်းကောင်း ပေးရတယ်။ ကျွန်တော်တို့နေတဲ့ ဟိုတယ်ကတော့ ရဆော့ဟိုတယ်ရဲ့ ရှိရမယ့်ဂုဏ်ရည်တွေ အကုန်ရှိပေတဲ့ လူမရှိသလောက်ပဲ။ မြို့နဲ့လည်း ဝေးတယ်။ မြို့ထဲဆီကနေလာရင် တစ်နာရီလောက် လာရတယ်။ အဝေးပြေးလမ်းမကြီးကနေ ခွဲထွက်၊ မြို့ပတ်လမ်းကနေမောင်းပြီး အတွင်းထဲကို ဆယ်မိနစ်လောက် ထပ်ဝင်ရသေးတယ်။ အထဲရောက်တော့မှ ဟိုတယ်ကို တွေ့ရတယ်။ အထပ်တွေအများကြီးနဲ့ ဟိုတယ်မျိုးလည်း မဟုတ်ဘူး။ ၀င်းကြီးကတော့ အကျယ်ကြီးပဲ။ အထဲမှာ နှစ်ထပ်တိုက်၊ တစ်ထပ်တိုက်တွေနဲ့။ ကျွန်တော်တို့ နေတာက ဟိုတယ်ရဲ့ တစ်ဖက်စွန်းမှာ။ ကျွန်တော်တို့ အဆောက်အဦတွေရဲ့နောက်က မီတာတစ်ရာလောက်မှာ အုတ်စည်းရိုး။ အဲဒီနောက်မှာ ချောင်းသာသာမြစ်ကလေး။ ကျွန်တော်တို့နေတဲ့အပိုင်းက အခန်းငါးခန်းစီရှိတဲ့ အဆောက်အဦကလေး လေးခုကို မျက်နှာချင်းဆိုင် ဆောက်ထားတာ။ စတုရန်

ကာတ်ဗောနိဂတ် သေတယ် (မြင့်သန်း)

When the last living thing has died on account of us, how poetical it would be if Earth could say, in a voice floating up perhaps from the floor of the Grand Canyon, 'It is done.' People did not like it here. _Kurt Vonnegut (1922-2007), Requiem ဗုဒ္ဓဟူးနေ့ ဧပြီလ ၁၁ ရက်၊ ၂၀၀၇ ခုမှာ ကာတ်ဗောနိဂတ် Kurt Vonnegut သေတယ်။ မဲင်ဟတ်တန်မှာ ကာတ်ဗောနိဂတ်ဆိုတာ နော်မာန်မေးလားတို့လို လူမျိုးက 'A marvelous writer with a style that remained undeniably and imperturbably his own ...I would salute him - our own Mark Twain' လို့ ပြောရတဲ့ စာရေးဆရာမျိုး။ သူ့ဂုဏ်ရည်နဲ့ သူ့ဘာသာရပ်တည်နေနိုင်တဲ့ စာရေးဆရာမျိုး။ သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ စိတ်မကောင်းပေတဲ့ မတတ်နိုင်ဘူး။ အထူးသဖြင့် သေတယ်ဆိုတဲ့ကိစ္စက မနက်တိုင်းအိမ်သာတက်ရတာမျိုးမို့ တားထားလို့ရတာမျိုးမဟုတ်ဘူး။ ကျွန်တော်ကတော့ ၀မ်းသာတာတစ်ခု ရှိလိုက်မိတယ်။ ကမ္ဘာကြီးပိုမိုပူနွေးလာတယ်ဆိုပြီး မျောက်ပြဆန်တောင်းနေတဲ့ အလ်ဂေါလို သတ္တ၀ါမျိုးတွေရဲ့ ညည်းချင်းတွေကို ကာတ်တစ်ယောက် နားထောင်နေရတော့မှာ မဟုတ်ဘူး။ အီရတ်မှာ ဆာဒမ်လက်ထက်ကထက် အခြေအနေသိပ်ဆို

နေရင်းထိုင်ရင်း

ဖန်သားပြင်ပေါ်က စကားလုံးတွေအတိုင်း မျက်လုံးကို ရွေ့လျားနေချိန်မှာပဲ ဖျပ်ခနဲ မီးမှောင်သွားတယ်။ မြန်နှုန်းမြင့်စာဖတ်ခြင်းမှာ မျက်လုံးရွေ့လျားပုံက အရေးကြီးသတဲ့။ စကားလုံးတစ်လုံးချင်းစီမဟုတ်ဘဲ စကားစုတစ်ခုစီကို ခြုံငုံပြီး မျက်လုံးသူငယ်အိမ်တွေကို ခပ်မြန်မြန် ရွေ့လျားနေစေရမယ်တဲ့။ အခုတော့ ကံမကောင်းတဲ့ သူငယ်အိမ်တွေ အရှိန်နဲ့သွားနေတုန်း စုန်းစုန်းမြုပ်သွားတယ်။ အခန်းမီးရော ကြည့်နေတဲ့ ဖန်သားပြင်ရော အမှောင်ကျသွားတယ်။ အမှန်တော့ ကွန်ပြူတာက ခဏဖြစ်ဖြစ် မီးဆက်လင်းနေသင့်တာ၊ ဘတ်ထရီက တော်တော် အခြေအနေဆိုးနေပြီပဲ။ ဟိုတစ်နေ့က အခန်းဖော်ပြောတာကို သတိရမိတယ်။ ဘက်ထရီက တစ်ရာရာခိုင်နှုန်းပြနေတယ်ဆို၊ ဘာလို့ပြတ်ရတာလဲတဲ့။ ဟုတ်တယ်၊ ပြတာတော့ တစ်ရာရာခိုင်နှုန်းပဲ၊ ဒါပေမဲ့ ချက်ချင်း ပိတ်သွားတယ်။ တခြားစနစ်တွေလိုပဲ ကွန်ပြူတာ စနစ်ဟာလည်း စနစ်တကျ လိမ်ညာတတ်တယ်။ မလိမ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ အမှန်ကိုမပြောဘူးလို့ ဆိုလို့ရတယ်။ One Minute Remaining စာသားပြပြီး ထမင်းအိုးတစ်အိုးကျက်လောက် စောင့်ခိုင်းထားတာတွေ ကြုံခဲ့ဖူးတာပဲ။ ဒီတော့လည်း ရာနှုန်းပြည့်ဆိုတာကို သိပ်မယုံနဲ့လို့ပဲ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားလိုက်တယ်။

ပိုးစာအိမ်

မင်း ဘ၀ဟာ အမျှင်တန်းပြီး တန်းလန်းကျနေတဲ့ ပိုးစာအိမ်ကလေးလို့ နားလည်လာတဲ့အခိုက် ဖျပ်ခနဲပွင့်လိုက်ဖို့ အဆင်သင့်ဖြစ်ဖို့ လိုပြီ လိပ်ပြာကလေးရဲ့ လွတ်မြောက်ပျံသန်းမှုကို အလိုတူလိုက်ဖို့ လိုပြီ။ ~Steven Schneider ၏ About Love

စီးနင်းမှု (၁)

[ ၁ ] စစ်သားများ တံခါးလာခေါက်ချိန်က မိုးစင်စင်လင်းနေပြီ။ ညင်သာသော တံခါးခေါက်သံ ဖြစ်သည်။ လစဉ် ပိုက်ဆံလာကောက်လေ့ရှိသည့် မစ္စတာမာဒင်၏ တံခေါက်သံမျိုးနှင့် ခပ်ဆင်ဆင်တူသည်။ `ငါ ရောက်လာပြန်ပြီ။ အချိန်တွေကုန်တာ မမြန်လား´ ဟု သူက ဂျင်မီ့အမေကို ရယ်ရင်းမောရင်း ပြောလိမ့်မည်။ ထို့နောက် သူကောက်စရာရှိသည့် နှစ်သျှီလင်ခွဲကို ယူပြီး သူ့ခါးတွင် အမြဲပတ်ထားသည့် သားရေအိတ်ကလေးထဲ ထည့်မည်။ သူ့ အရိုးပေါ်အရည်တင် ခြေကျင်းဝတ်က ခြေစွပ်ကို နေရာတကျဖြစ်အောင် ပြန်ပြင်ပြီး အိမ်နံပါတ် ၁၄၃ မှ မစ္စဟက်ချယ်ဆန် အိမ်တံခါးကို ခေါက်ရန်အတွက် စက်ဘီးကလေးပေါ် တက်ခွပြီး ထွက်ခွာသွားလိမ့်မည်။ ဒီနားမှာ နှစ်ကျပ်နဲ့ ပြားခြောက်ဆယ်၊ ဟိုနားမှာ ငါးကျပ်၊ အိမ်နံပါတ် ၇၉  အဘွားကြီးဘတ်စတာဆီက ဈာပနအာမခံငွေ ခြောက်ပဲနိ။ သူမက တစ်ယောက်တည်းအေးအေးနေဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်၏။ ကိတ်မုန့်နှင့် အသားညှပ်ပေါင်မုန့်စသည့် အစားအသောက် အသံမကြားလျှင် ခေါင်းထောင်၍ပင် ထကြည့်မည့်သူမဟုတ်။

စီးနင်းမှု (၂)

[ ၉ ] `ရှန်ဒီ ရှန်ဒီ´ ဟု ဂျင်မီက ခွေးကလေးကို ခေါ်လိုက်သည်။ `ဒီကို ပြန်လာခဲ့´ ထိုစဉ်မှာပင် စက်ဘီးသမားလာခဲ့သည့် မေးလ်ဘန့်လမ်းအတိုင်း အနီးသို့ချဉ်းကပ်လာသည့် အင်ဂျင်စက်သံကို သူ ကြားလိုက်ရသည်။ သူက အ၀တ်ထုတ်ကို ရေနုတ်မြောင်းဆီသို့ ကန်ထုတ်လိုက်သည်။ ထို့နောက် ရှန်ဒီရှိနေရာ လမ်းမဆီသို့ တဟုန်ထိုးပြေးသွားမိသည်။ ရှန်ဒီက မြေကြီးကို တရှုံ့ရှုံ့နမ်းရင်း အမြီးကို နမ့်နေသည်။ ခွေးကလေး၏ လည်ပတ်ကို ဂျင်မီ ဆွဲယူလိုက်စဉ်မှာပင် စစ်ကားတစ်စင်း သူတို့ရှိရာဆီသို့ ရောက်လာသည်။ `ဟိုလူ ဘယ်လမ်းကို သွားလဲ။ စက်ဘီးနင်းသွားတဲ့လူလေ။ အဲဒီလူ ဘယ်လမ်းကို သွားလဲ´ စစ်သားက သေနတ်ပြောင်းကို ဂျင်မီ့ဘက်ထိုးချိန်ရင်း မေးလိုက်သည်။ `ငါမေးတာ ဖြေ။ အဲဒီလူ ဘယ်လမ်းကို သွားလဲ´