Skip to main content

ရှူရှူးပန်းခွက် ကိစ္စ (မြင့်သန်း)

သို့.. ကျော်စောမင်း
မှ.. မြင့်သန်း

အကြောင်းအရာ။      ။ ရှူရှူးပန်းခွက် ကိစ္စ။


ကျော်စောမင်းခင်ဗျား။
ရန်ကုန်မှာအချိန်မရသဖြင့် စကားကြာကြာမပြောလိုက်ရပါ။ ပြောချင်တာကလည်း ခပ်များများပဲ။ အဓိကတစ်ချက်ကတော့ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက် ကိစ္စပဲ။ ဟိုးတစ်ခါက အီးမေး(လ)မှာ ကျွန်တော်ရေးလိုက်သလိုပဲ။ ကျော်စောမင်းရေးတဲ့အချက်တစ်ခုကို ကျွန်တော် အတော့်ကိုသဘောကျတယ်။ ခု မနေ့တစ်နေ့က မတ်လထုတ်ချင်းတွင်းရတော့ ကြည့်မြင်တိုင်စစ်တမ်းမှာ ဒူရှော(န) (Marcel Duchamp) အိမ်သာခွက်အကြောင်း ထပ်ပါလာတာ တွေ့ရပြန်တယ်။ ဒီတော့ ကျော်စောမင်းဆီ စာတစ်စောင်လှမ်းရေးမိတယ်။ ဇနီးက စာကြမ်းကိုဖတ်ပြီး ကျယ်ကျယ်ပြန့်ပြန့်လေးဖြစ်အောင် ကိုတာ့ဆီပို့လိုက်ပါလား ဆိုတာနဲ့ပဲ ချင်းတွင်းအတွက် ပို့ဖြစ်သွားတာပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒူရှော(န) (ပို့စ်မော်ဒန်ဆရာကြီးတစ်ဦးရဲ့ မြန်မာက ဒိုင်း၊ အင်္ဂလိပ်က Bang လို့ အသံထွက်တယ်ဆိုတဲ့မူကိုယူပြီး ကြိုက်သလို အသံထွက်ကြစို့ရယ်။ ဒူရှော(န)ကို ကိုဒူးချောင်လို့ မခေါ်ရင်ပြီးတာပဲ) ရဲ့ ရှူရှူးပန်းခွက်အကြောင်း ရေးချင်တာကြာပြီ။ မရေးရဲဘူး၊ ရေးရင်ဝိုင်းတွယ်ကြမှာ။ အဲဒီလိုပြောရတာ အကြောင်းရှိတယ်။ ရန်ကုန်မှာ တစ်ညနေခင်းတော့ ကိုတာရယ်၊ ကိုဝဏ္ဏရယ်၊ ကျွန်တော်ရယ်ထိုင်ပြီး စကားပြောဖြစ်တယ်။ ချင်းတွင်းထဲမှာ ကျွန်တော်ရေးခဲ့ဖူးတဲ့ `ဘယ်မှာလဲ သူလိုကိုယ်လို မောင်ဝဏ္ဏ´ ဆိုတဲ့အကြောင်းကို ရောက်သွားတယ်။ အဲဒီအရေးအသားရဲ့ အဓိကဆိုလိုရင်းကတော့ ဘာသာစကားဘောင်အတွင်းက တည်ဆောက်ပုံနဲ့ နေ့စဉ်ဘ၀ မတူတဲ့အကြောင်းပဲ။ တစ်နည်းပြောရရင် ဒီကနေ့ ဘာသာစကားလေ့လာမှု ပရ၀ုဏ်ထဲမှာ ဘာသာစကားဟာ မက်တာဖော် Metaphor ပဲဆိုတဲ့ဟာကို ပြချင်လို့ ရေးတာပဲ။ ကိုတာရော၊ ကိုဝဏ္ဏရော သဘောပေါက်ကြပြီးသားပါ။ ကျွန်တော်ကလည်း ချင်းတွင်းမှာ ကိုဝဏ္ဏရေးတာ ပါလာတာတွေ့တော့ ခပ်လွယ်လွယ်ပဲ ထင်သာမြင်သာအောင် ယူသုံးပြလိုက်တာပဲ။ အဲဒီအရေးအသားကိုဖတ်ပြီး `ခင်ဗျားကိုဆော်တာပဲ´ ရယ်လို့ ကိုဝဏ္ဏကို စာရေးဆရာလေးတစ်ယောက်က လာပြောသတဲ့။ ခမျာ သံရုံးအမှုထမ်းကနေ စာရေးဆရာဖြစ်လာတော့လည်း အမြင်ကျဉ်းပုံရတယ်လို့ သဘောထားပြီး ခွင့်လွှတ်ရတော့တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ရေးချင်တာက  စိတ်ရင်းကောင်းထားပြီးရေးရင်တောင် မြင့်သန်းရေးရင် ဆော်တာပဲလို့ မြင်နေကြတော့ ရေးရမှာ သိပ်မရေးရဲဘူး။ ခု စွန့်ပြီးရေးရတာက ကျော်စောမင်းရေးတဲ့အထဲမှာ `ကျွန်တော့်တို့ဆီက အနုပညာသမား အတော်များများကို အိမ်သာခွက်ရှိရာသို့ ပို့ဆောင်ပေးသင့်သည်´ ဆိုတဲ့စာကို သဘောကျလွန်းလို့ပဲ။ အရင်ကတည်းက ကျွန်တော်လည်း အဲဒီလိုစိတ်ကူးမျိုးရခဲ့ဖူးတယ်။ အဆုံးကျတော့ ရေးမယ်။ ဒူရှော(န) အကြောင်းနဲ့ စကြစို့ရယ်။

ကျွန်တော်တို့ မြန်မာစာပေ၊ အနုပညာစတဲ့ ရပ်ဝန်းထဲမှာ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်အကြောင်း ပြောကြဆိုကြလာတာက ပြည်တွင်းဖြစ်ပို့စ်မော်ဒန်ဆရာကြီးတစ်ဦး နားလည်မှုလွဲပြီး ဒူရှော(န)ကို အတင်း ပို့စ်မော်ဒန်ထဲ ဆွဲထည့်တာက စခဲ့တာပဲလို့ ကျွန်တော်မြင်တယ်။ ပို့စ်မော်ဒန်ဖန်တီးမှုထဲကို ဖန်တီးမှုအနုပညာမှန်သမျှကို (မူးမြစ်ထင်ရင်း) ထည့်သွင်းပြီး `အကြံအဖန်ပို့စ်မော်ဒန်´ လုပ်ပစ်ရာက  ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်ဟာ လိုအပ်တာထက်ပိုပြီး တွင်ကျယ်သွားတာပဲ။ ဒူရှော(န)ကို `ဤနှစ်ဆယ်ရာစု၏ အကြီးကျယ်ဆုံး သြဇာအကြီးဆုံးဆရာကြီးအဖြစ် အသိအမှတ်ပြုကြသည်´ လို့ ညွှန်းလိုက်တာကိုး။ ဒီအချက်ကိုပဲကြည့်။ ကျော်စောမင်းကိုယ်တိုင်လည်း ပညာရပ်ဆိုင်ရာအဆောက်အအုံထဲက ထွက်လာတဲ့လူပဲ။ အသိပညာလက်ဆင့်ကမ်းမှုအပိုင်းမှာ ခုလိုမျိုး `ကိုးတာ´ `ညွှန်းတာ´ ဟာ ဘယ်ရွေ့ဘယ်မျှ လမ်းလွဲသွားစေနိုင်တယ်ဆိုတာ မြင်လိမ့်မယ်။ လူမှုရေးဆိုင်ရာ ပညာရပ်တွေမှာ အဲဒီလို `စကားကုန်´ သုံးပြီး မညွှန်းကြရဘူး။ ဘာသာစကားတည်ဆောက်ပုံအခြေခံနဲ့ ကြည့်ပြောရရင် `...နှစ်ဆယ်ရာစု၏ အကြီးကျယ်ဆုံး´ ဆိုတဲ့ အသုံးအနှုန်းဟာ သာမန်လူတစ်ယောက်မသိနိုင်တဲ့ အတိုင်းအတာကို လမ်းလွှဲပို့လိုက်တာရဲ့ အစပဲ။ ဒူရှော(န)လို လူမျိုးတွေ အများကြီးပါ။ နောက်တစ်ချက်က Conceptualism ကို စိတ်ကူးအဓိက၀ါဒလို့ ကင်ပွန်းတပ်ပြီး ဒူရှော(န)ကို ရောမွှေလိုက်တာပဲ။ ဒီကိစ္စကိုတော့ ထားဦး။ နောက်အလျဉ်းသင့်ရင် ကျွန်တော် သပ်သပ်ရေးဦးမယ်။ ဒူရှော(န)ရဲ့ လက်ရာတွေကို ကျွန်တော်ကြည့်ဖူးတယ်။ (ကိုတာလည်း တိတ် ရောက်ဖူးတော့ ကြည့်ဖူးမယ်ထင်တယ်)

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်နီးပါးက ဒူရှော(န)ရဲ့ လက်ရာတချို့ကို လန်ဒန်မှာ ကြည့်ခဲ့ရဖူးတယ်။ စနေ၊ တနင်္ဂနွေတစ်ပတ်မှာ မိတ်ဆွေကျောင်းသားတချို့နဲ့ ဥရောပကနေပြီး အင်္ဂလန်ဘက်ကူးပြီး အရက်သွားသောက်ကြရင်း ကြည့်ဖြစ်ခဲ့တာ။ ကျွန်တော်တို့ ငါးယောက်ခြောက်ယောက်အထဲမှာ ကျွန်တော်တစ်ယောက်ပဲ အာရှတိုက်သားပါတယ်။ လိုရင်းရေးရရင်တော့ ဒူရှော(န)လက်ရာတွေကို ကြည့်ပြီး ဘယ်သူကမှ ဘ၀င်မကျကြဘူး။ မကျဆို ကျွန်တော်တို့ သာမန်လူတွေမျက်စိထဲမှာတော့ သိပ်မှမထူးခြားဘဲကိုး။ အနုပညာလက်ရာပဲခေါ်ခေါ်၊ အနုပညာပစ္စည်းရယ်လို့ မာ့(က)၀ါဒရသအမြင်ရဲ့ အသံထွက်နဲ့ပဲခေါ်ခေါ် ခေါ်လောက်စရာ့ရယ်လို့ မမြင်မိဘူး။ ဒီလိုနဲ့ တောပြောတောင်ပြောပြောပြီး ယမကာဆိုင်တစ်ခုဝင်ပြီး စားရင်းသောက်ရင်း အချိန်ဖြုန်းမိကြတယ်။ နှစ်နာရီ သုံးနာရီလောက်ကြာတော့ (အရှိန်ကလေးလည်း အတော်ရလာတော့) လမ်းလျှောက်ထွက်ကြစို့လို့ တစ်ယောက်ကပြောတာနဲ့ ကျွန်တော်တို့လည်း ဆိုင်ကထွက်လာကြတယ်။ အဲဒီမှာ တစ်ယောက်က တို့ ဒူရှော(န) လက်ရာတွေကို တစ်ခေါက်လောက် ထပ်ကြည့်ကြရအောင်။ ခုနေကြည့်ရင် အမြင်ကျယ်နေသမို့ အရသာရှိကောင်းရှိလိမ့်မယ်လို့ ဆိုတာနဲ့ ပြတိုက်ကိုပြန်သွားပြီး ကြည့်ကြပြန်တယ်။ ဒီတစ်ခေါက်ထပ်ကြည့်တော့ တစ်ခုပဲ ထူးခြားတာရှိတယ်။ ယမကာအရှိန်ကလေးနဲ့မို့ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တော့ဘဲ ဝေဖန်ရင်း ဟားကြတယ်။ အဲဒီတုန်းမှာ အသက်ကြီးကြီး၊ ဥပဓိရုပ်ကောင်းကောင်း လူကြီးတစ်ယောက်က ကျွန်တော်တို့ကို လာနှုတ်ဆက်ရင်း မင်းတို့ဥရောပက လာကြသလားလို့ မေးတယ်။ (ကျွန်တော်တို့ထဲကတစ်ယောက်က အင်္ဂလိပ်လိုပြောရင် သိသိသာသာကြီး ဒိန်းနှစ်(သျှ)လို ၀ဲတယ်။

ဟုတ်တယ်၊ ဘာရယ်ညာရယ်ပြောရင်း သူက အမေရိကန်တက္ကသိုလ်ကြီးက ရသဆိုင်ရာပါမောက္ခလို့ပြောပြီး မင်းတို့က အနုပညာဝေဖန်ရေးသမားတွေလား၊ ဂျာနယ်လစ်တွေလား၊ အနုပညာပါမောက္ခတွေလားလို့ မေးတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ဟာ ဘာသာဗေဒလေ့လာနေတဲ့ ဘွဲ့လွန်ကျောင်းသားတွေပါလို့ ဖြေတော့ ဒီလိုဆို မင်းတို့က ဒူရှော(န)အကြောင်း ပိုသိဖို့ကောင်းတယ်။ မင်းတို့ဟားနေကြတာ ငါကြားရတော့ ငါ အံ့အားသင့်မိတယ်လို့ ဆိုတယ်။ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင် ဒူရှော(န)ကို သဘောမပေါက်နိုင်ဘူး။ ဘာသာစကားတည်ဆောက်ပုံနဲ့ အနုပညာလက်ရာ ဖန်တီးမှုတွေမှာ၊ အရင်းခံရပ်ဝန်းမှာ အခြေတည်တဲ့ ခံစားမှု၊ နားလည်မှုလည်းလိုတယ်မဟုတ်လားလို့ မေးတယ်။ ပြီးတော့ သူကပဲ ဆက်ပြောတယ်။ ဒူရှော(န)မှာ ဥရောပအခြေပြု သိမှတ်ခံစားမှုတစ်ခုခု ရှိမယ်လို့ ထင်တယ်လို့ ဆက်ပြောတယ်။ ဒီတော့ ကျွန်တော်တို့ထဲက တစ်ယောက်က ပြန်ပြောတယ်။ ပါမောက္ခပြောတာ မှန်ပါတယ်။ ဒါပေတဲ့ ဒူရှော(န)ကို မြှောက်ပေးတာ အမေရိကန်တွေ။ ဥရောပကလူတွေ မဟုတ်ဘူးတဲ့။ သူဆိုလိုချင်တာကတော့ ဒူရှော(န)ဟာ နျူးယော့ဒါဒါရဲ့ သြဇာလွှမ်းမိုးမှုရှိတယ်။ ဥရောပဒါဒါနဲ့ နျူးယော့ဒါဒါက ကွာသေးတာကိုး။ အဖိုးကြီးက ခေါင်းညိမ့်ပြီးပြုံးရင်း ဒါလည်းဟုတ်တာပဲလို့ ပြောတယ်။ ပြီးတော့ ကျွန်တော့်ကိုကြည့်ပြီး ဘယ်ကလာသလဲ၊ ဘာလူမျိုးလဲလို့မေးရင်း ခင်ဗျားကောဘယ်လိုသဘောရလဲလို့ မေးပြန်တယ်။ ကျွန်တော်က ကျွန်တော်ဟာ အာရှတိုက်သားပါ။ ခင်ဗျားတို့ အနောက်တိုင်းသားတွေ သိမြင်ခံစားပုံနဲ့ လှမ်းပါတယ်။ မြင်ဖူးတယ်ရှိအောင် လာကြည့်ရုံသက်သက်ပဲလို့ ပြောလိုက်တော့ အဖိုးကြီးက အားရပါးရရယ်တယ်။ ပြီးတော့ ငါလည်းမင်းလိုပဲလို့ ပြောတယ်။ နောက်ပိုင်းတော့ ကျွန်တော်တို့တစ်သိုက်နဲ့အတူ ယမကာဆိုင်မှာ လိုက်ထိုင်ပြီး စကားပြောဖြစ်ကြတယ်။ ခု ကျွန်တော်ရေးတာရဲ့ ရည်ရွယ်ချက်ပေါ်အောင် နောက်ထပ်အတွေ့အကြုံတစ်ခု ရေးပြချင်သေးတယ်။

တစ်နေ့ ရန်ကုန်တက္ကသိုလ်ထဲမှာ (ကို)ခင်ဝမ်းနဲ့ တွေ့တယ်။ အဲဒီတုန်းက သူရောကျွန်တော်ပါ ကျောင်းပြီးလောက်ကြပြီထင်တယ်။ ကျောင်းသားဘ၀က မရင်းနှီးခဲ့ဖူးဘူး။ အဲဒီနေ့က နေ့ခင်းပိုင်း။ ကျွန်တော်နဲ့ မိတ်ဆွေတစ်သိုက် ၀ိဇ္ဇာခန်းမထိပ်က အုတ်ခုံမှာထိုင်ပြီး စကားပြောနေတုန်း (ကို)ခင်ဝမ်း သိပ္ပံဘက်က လျှောက်လာတယ်။ သူနဲ့ရင်းနှီးတဲ့ ပေါင်းတလည် ပေါက်ခေါင်း(ဘက်ကထင်တယ်) ကျောင်းသားတစ်ယောက်နဲ့ ရပ်စကားပြောရင်း ကျွန်တော်တို့နဲ့ စကားပြောဖြစ်သွားတယ်။ ကျွန်တော်က သူ့ပန်းသီးကြီး (ပန်းချီကားနာမည်တော့ မမှတ်မိတော့ဘူး) အကြောင်း ပြောမိတယ်။ အဲဒီတော့ သူက ဂျပန်မှာ (သူ ဂျပန်ရောက်ခဲ့ဖူးပုံရတယ်) ခေတ်ပေါ်ပန်းချီတွေ ဘယ်သို့ဘယ်ပုံရယ်ဆိုတာ ပြောပြလို့ နားထောင်ရတယ်။ အဲဒီအထဲမှာ သူပြောတာတစ်ခုက တချို့ဟာတွေ သူလည်း နားမလည်နိုင်ဘူး။ ရေခံမြေခံမတူရင် အတင်းနားလည်ဖို့ မလွယ်ဘူးလို့ပြောတာ ကျွန်တော်မှတ်မိနေသေးတယ်။ ဒီတော့ ရှေ့မှာ ကျွန်တော်ရေးခဲ့သလို အနုပညာသုခုမ ပညာရပ်တွေမှာ လေသံကြားတာနဲ့ တရားနာလုပ်လို့ မလွယ်လှဘူးဆိုတာ ကျွန်တော်နားလည်မိတယ်။ သိမှုအခြေခံ ဘာသာဗေဒကို လေ့လာတာ နှစ်အတော်ကြာလာတော့ သိတယ်၊ မြင်တယ်ဆိုတာနဲ့ အနက်ဖော်တယ်ဆိုတာတွေကို ပိုပြီးသဘောပေါက်လာတော့ အနုပညာ လက်ရာတစ်ခုကို ဘယ်လိုလက်ခံနားလည်မလဲဆိုတာကို ပိုပြီးစိတ်ဝင်စားမိတယ်။ အဲဒီလို စိတ်ဝင်စားလာတိုင်း ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်ကို ပိုပြီး သတိရမိတယ်။ သတိရမိတာက ဒူရှော(န)ရဲ့ ကာလ၊ ဒေသ၊ ပယောဂတစ်ခုအတွင်းက ဖန်တီးတဲ့လက်ရာတစ်ခုဟာ အနုပညာလက်ရာတစ်ခုလား၊ ဖန်တီးမှုတစ်ခုသက်သက်လား၊ ရသပညာရဲ့အစဉ်အလာ နားလည်လက်ခံနိုင်မှု စံတွေနဲ့ ဘယ်လိုကြည့်မလဲဆိုတဲ့ ပြဿနာက ၀င်လာတယ်။ ဒီပြင် ကျွန်တော်တို့ မြန်မာဘာသာစကားဘောင်ထဲက လက်ခံထားတဲ့ အနုပညာ(လက်ရာ)ဆိုတဲ့ အသုံးအနှုန်းမှာ `အနုပညာ´ ဆိုတာနဲ့ ဘယ်ရွေ့ဘယ်မျှ ငြိမလဲဆိုတဲ့ ပြဿနာပဲ။ ဒီပြဿနာကတော့ ဒီကနေ့ မြန်မာစာပေ၊ ပန်းချီလောကမှာ ဒူရှော(န)ကို ဟုတ်လှချည်ရဲ့လို့ ကြွေးကြော်နေကြသူတွေ ဖြေကောင်းဖြေနိုင်လိမ့်မယ် ထင်တယ်။ ကျွန်တော့်မှာတော့ အဖြေမရှိဘူး။

ဒီတော့ လိုရင်းအကြောင်းကို ပြန်သွားကြစို့ရယ်။ ပထမဆုံးအနေနဲ့ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်တွေက အများကြီးပဲဆိုတာလေးတော့ သိထားသင့်ကြတယ် ထင်တယ်။ မူရင်းဟာက ဘယ်ရောက်သွားမှန်းမသိဘူးတဲ့။ မူရင်းမှာ အာမာတ် R.Mutt လို့ ဒူရှော(န)က လက်မှတ်ထိုးပြီး ပွဲတင်တာ။ ပထမတော့ အပယ်ခံရတယ်။ ပြခွင့်မရဘူး။ နောက်မှ ပြသခွင့်ရတာ။ အဲဒီပြပွဲလုပ်တာက ဒူရှော(န)ကိုယ်တိုင် အဖွဲ့ဝင်အဖြစ်ပါတဲ့ လွတ်လပ်သောအနုပညာသည်များ အစည်းအရုံးက လုပ်တာ။ ပြပွဲမှာ `ဆုမပေးဘူး၊ အကဲမဖြတ်ဘူး´ လို့ ဆိုတယ်။ ဒူရှော(န)ကိုယ်တိုင်လည်း ပြပွဲမှာ ပြသဖို့ဖက်က တာဝန်ယူထားတယ်။ သူ့ ရှူရှူးပန်းခွက်ကို မပြရဘူးလည်းဆိုရော၊ မောင်မင်းကြီးသားက အဖွဲ့ဝင်အဖြစ်က နုတ်ထွက်သတဲ့။ ဒီတော့လည်း အဖွဲ့ဝင်တွေက (သူငယ်ချင်းတွေလည်း ဖြစ်နေကြတော့) နောက်ပိုင်းမှာ ရင်ကြားစေ့ပြီး ပြန်ပြခွင့်ပြုတာ။ မူရင်းပျောက်သွားတာ (တချို့ကတော့လည်း ကွဲသွားတယ်လို့ ဆိုကြတယ်။) နဲ့ ဒူရှော(န)က ရှူရှူးပန်းခွက် ထပ်ဝယ်ပြီး  မူပွားကလေးတွေလုပ်ပြီး ပြတာ လေးငါးခုမက ရှိတယ်ထင်တယ်။ ဘယ်နှစ်ခုရယ်လို့တော့ ကျွန်တော် သေသေချာချာ မသိဘူး။ ဒီနေရာမှာကတည်းက ပြဿနာတစ်ခု ပေါ်လာတယ်။ အနုပညာလက်ရာဆိုတာ ထုတ်ကုန်တစ်ခုလို ထုတ်လုပ်လို့ရသလားဆိုတဲ့ ပြဿနာပဲ။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံ ဖွဲ့စည်းမှုနဲ့ ဖန်တီးတည်ဆောက်ပြတယ်ဆိုတဲ့ အနုပညာလက်ရာတစ်ခုဟာ အကြိမ်ကြိမ်ပြန်လည် ထုတ်လုပ်ပြနိုင်သလားဆိုတာဟာ စဉ်းစားစရာပဲ။ သဘောကတော့ သီချင်းတစ်ပုဒ်ကို အကြိမ်ကြိမ်ပြန်ဖွင့် နားထောင်တာနဲ့ တစ်မျိုးတည်း သဘောထားလို့ရမယ် မထင်ဘူး။ အဲဒီလိုပဲ အကြောင်းအရာတစ်ခုတည်းကို အခြေခံစပ်ထားတဲ့ သီချင်းနှစ်ပုဒ်ဟာ အရသာရှိပုံချင်း မတူနိုင်ဘူး။ ရသပညာအခြေခံနဲ့ လေ့လာကြည့်ပြန်ရင်လည်း ဖော်ထုတ်ပုံ၊ တည်ဆောက်ပုံ.. စတာတွေမှာ မတူကြောင်းတွေ့ရမှာပဲ။ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်မှာတော့ ဒီလိုဖြစ်လာစရာ မရှိဘူး။ ကောင်းလှချည်ရဲ့လို့ ပြောကြတဲ့ အဲဒီကလူတွေနဲ့များ တိုးခဲ့ရင် တစ်ခုလောက်များ မေးကြည့်စမ်းပါဗျာ။ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်မှာ ဘာ ကောန်တက်(စ) ရှိသလဲလို့။ ရှိရင် ဘာလဲ။ မရှိဘူးဆိုရင်ကော ဘာလို့မရှိရတာလဲ မေးကြည့်ပေးစမ်းပါ။ ဒီထက် ပိုပိုသာသာလေးမေးနိုင်ရင်တော့ ဒူရှော(န)ရဲ့ အဲဒီလက်ရာဟာ ပို့စ်မော်ဒန်လက်ရာလို့ ခေါ်ရင် ပို့စ်မော်ဒန်လက်ရာခေါ်ရလောက်အောင် ဘယ်လို ပို့စ်မော်ဒန်ဂုဏ်ရည်များ ရှိသလဲ။ သူများတွေ ကြိုက်တယ် မကြိုက်ဘူးဆိုတာ အသာထား၊ ခင်ဗျားက ဘာလို့ကြိုက်သတုန်းလို့သာ မေးကြည့်ပါ။ တစ်ခုကြားရလိမ့်မယ်။ မြန်မာပို့စ်မော်ဒန်ဆရာကြီး လေသံကြားနဲ့ မိန့်ထားတဲ့ အသင့်ရှိပြီးသား ပစ္စည်းနဲ့ လုပ်ထားတာမို့ပဲလို့ ပြောကြလိမ့်မယ်။

`အသင့်ရှိပြီးသား ပစ္စည်းနဲ့ လုပ်ထားတာ...´ ဆိုတာကတော့ ပြင်သစ်တွေပြောတဲ့ အောဘဂျက်ထရူဗာ Objects trouves ပဲ။ မြန်မာလို ခပ်လွယ်လွယ် ခပ်ရိုးရိုးရေးရရင်တော့ `တွေ့တာနဲ့ ကောက်လုပ်ထားတာ´ ပဲ။ ပန်းချီ၊ ပန်းပု အနုပညာရှင်တချို့ရဲ့ စိန်ခေါ်မှုပဲ။ အဲဒီလို စိန်ခေါ်တင်ပြမှုမှာ ကောန်တဲင့် Content ကို ထောက်ကူပြုတဲ့ ကော်န်တက်(စ) Context ဟာ အရေးကြီးတယ်။ ဥပမာ ဆိုရစေတော့ရယ်။ စာရွက်တစ်ရွက်၊ စာရေးတော့ စာရေးတဲ့စက္ကူ၊ အိမ်သာသုံးတော့ ချေးကုန်းတဲ့စက္ကူ။ ဘာမှရေးမထားတဲ့ စက္ကူက ဗလာစာရွက်။ ဗလာစာရွက်ဟာ သူ့ဘာသာ ဗလာစာရွက်သက်သက်ပဲဖြစ်ပေမယ့် ပြတိုက် ပြခန်းထဲမှာ `ဗလာစာရွက်´ လို့ နာမည်ပေးပြီး အနုပညာလက်ရာတစ်ခုအနေနဲ့ ချပြရင် ကောန်တက်(စ)က ပြောင်းသွာားတယ်။ ဒူရှော(န)တို့ လုပ်ပြချင်တာက တစ်နည်းမဟုတ်တစ်နည်းအားဖြင့် ဖန်တီးသူရဲ့ ဖော်ထုတ်မှုအပိုင်း လိုတယ်။ ဆိုလိုတာက တွေ့ကရာနဲ့ ကောက်လုပ်ထားပေတဲ့ ဖန်တီးမှုကို နာမည်(ဖြစ်ဖြစ်) ပေးထားရတယ်။ ဆိုလိုတာက ကန့်သတ်ဖော်ထုတ်မှုလိုတယ်။ ဒီမှာ ကာလဒေသကို ထည့်မတွက်လို့လည်း မဖြစ်ဘူး။ ဥပမာ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်ဟာ သူပြသထားတဲ့နေရာ (ဆိုလိုတာက ပြတိုက်၊ ပြခန်းထဲ) မှာ သူတို့ဘာသာ သတ်မှတ်ထားလို့ အနုပညာလက်ရာလို့ ခေါ်တွင်သွားတာကိုး။ အပြင် (ဆိုလိုတာက အိမ်သာထဲ) မှာတော့ ရှူရှူးပန်းခွက်ပဲ။ ဒီတော့ ဘာသာစကားအခြေခံနဲ့ ကန့်သတ်ပြထားတာ တစ်ခုပဲလို့ ပြောနိုင်တယ်။ ဂန္ထ၀င် ပန်းချီ၊ ပန်းပုလက်ရာတစ်ခုလို နေရာမရွေး အနုပညာလက်ရာတစ်ခု ဖြစ်မနေဘူး။ အခု မြန်မာပြည်မှာ ရောဂါထနေတဲ့ ပါဖောမင့်(စ)အတ် ဆိုတာမျိုးနဲ့သာ ယှဉ်ကြည့်ပေတော့ (ကျော်ဇောမင်းရေးတဲ့ အထဲမှာလည်း ပါပြီးသားပဲ)။ လုပ်ချင်တာသာလုပ်ပြ။ ပြီးတော့ နာမည်တစ်ခုတပ် (ဒါကြောင့်ပဲထင်တယ်။ အနောက်တိုင်းပညာရှင်တစ်ဦးရဲ့ စာတမ်းတစ်ခုထဲမှာ `စင်တင်ကပြ အသုံးတော်ခံလောက်သည့် အရည်အချင်းမရှိသူများက ခပ်ပေါပေါရသော ပန်းချီပြခန်းများတွင်  ထင်ရာလုပ်ပြခြင်းကို ခေါ်ပုံရသည်´ လို့ ရေးတာ ဖတ်ရဖူးပါတယ်) ယှဉ်ပြောဖို့ မသင့်ပေမယ့်လည်း မြင်သာအောင် ရေးရရင် အဲဒါမျိုးတွေဟာ ဦးငွေကိုင်ရဲ့လက်ရာတစ်ခုလို၊ ဦးဟန်တင်ရဲ့ လက်ရာတစ်ခုလို အနုပညာလက်ရာတစ်ခု၊ အနုပညာပစ္စည်းတစ်ခုရယ်လို့ ပြောစရာအဖြစ် မကျန်ရစ်ခဲ့ပါဘူး။ ဒီအချက်ဟာ ကျော်ဇောမင်းရေးသလို `ဂန္ထ၀င်က ခေတ်ပေါ်ကို ငဲ့နေစရာမလိုဘူး´ ဆိုတဲ့ အချက်ကို ထောက်ခံချင်လို့ပဲ။

တကယ်လို့ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်ကို ဘာသာစကားလေ့လာမှုဘောင်ထဲက The conversational prompts theory ဆိုတာနဲ့ ယှဉ်ကြည့်ရင်တော့ ရှင်းတယ်။ ပြောစရာဖြစ်နေလို့ ပြောစမှတ်ဖြစ်ရာက အနုပညာပစ္စည်းတစ်ခုရယ်လို့ ဖြစ်လာတဲ့ဟာပဲ။ အနုပညာလက်ရာတစ်ခုခုမှာက ဖန်တီးသူက ကြည့်ရှု(ဖတ်ရှု)လေ့လာသူကို မြင်စေချင်တာ ရှိတယ်။ တချို့ မြန်မာပညာရှင်တွေပြောတဲ့ မက်ဆေ့(ဂျ) ဆိုတာမျိုးပဲ။ အဲဒီ မက်ဆေ့(ဂျ)သီဝရီဆိုတာနဲ့ မတူဘူး။ မက်ဆေ့(ဂျ)သီဝရီမှာက အနုပညာဖန်တီးသူ/လက်ရာရှင်ရဲ့ ဖော်ထုတ်ပြဆိုလိုတာ တစ်ခုခုဟာ အနုပညာလက်ရာပစ္စည်း တစ်ခုခုကနေ အနုပညာလက်ရာကို ကြည့်ရှု/ဖတ်ရှုလေ့လာသူ (ပရိသတ်)ဆီ ရောက်ရှိပုံ/ရယူပုံကို ဆွေးနွေးတာ။ ဆိုလိုတာက ဥပမာ ပန်းချီဆရာက တစ်ခုခုပြောချင်တယ်။ သူက သူ့ပန်းချီကားကနေ ပြောတယ်။ ပန်းချီကားကြည့်တဲ့လူက ပန်းချီဆရာဆိုလိုတာကို ပန်းချီကားကနေပြန်ပြီး တည်ဆောက်ရယူ ကြည့်တယ်။ မက်ဆေ့(ဂျ)သီဝရီ အရတော့ဖြင့် ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်ဆီက ဘာမှမရနိုင်ဘူး။ ရှူရှူးပန်းခွက်ဟာ ဒူရှော(န)က Fountain လို့နာမည်ပေးပြီး ငုတ်တုတ်ထောင်ပြထားတာပဲ ရှိတယ်။ မူရင်းလက်ရာရှင် (မူလထုတ်လုပ်သူ)ဟာ အိမ်သာသုံးကြွေအိုးလုပ်တဲ့ ကုမ္ပဏီပဲ။ ပြောချင်ရင် ပြောလို့ရတာတစ်ခုက ဒူရှော(န)အနေနဲ့ စုစည်းတည်ဆောက်ပြီး အနုပညာလက်ရာတစ်ခုရယ်လို့ လုပ်လိုက်တာပဲ။ Organised လုပ်တယ်လို့ ဆိုရင် ပိုပြီး သဘောပေါက်လွယ်မယ် ထင်တယ်။ Conversational prompts theory အရတော့ အနုပညာလက်ရာဆိုတာ (အင်္ဂလိပ်လိုပဲ ရေးပြပါရစေ) ...။

... are objects produced with the chief aim of provoking some type of conversation about their production. Artistic products don't serve as a type of 'communication' between the artist and the public: they are not bearers of 'messages'. Rather they are objects that must attract attention (and thus must not be instrumental, or hide their instrumental side) within a linguistic context in which they are used as objects of discussion.
ဒီတော့ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်ဟာ ဒီသဘောအရတော့ အနုပညာလက်ရာတစ်ခုပဲ။ လူတစ်သိုက်၊ လူတစ်စုအတွက် အနုပညာလက်ရာ တစ်ခုပဲ။ ဒါကို အနုပညာတစ်စုံတစ်ရာဖန်တီးရာမှာ အမြဲတစေ လက်ပွန်းတတီးရှိနေတဲ့ ကာလ၊ ဒေသ၊ ပယောဂတို့ ကင်းပပြီး ကောင်းလှပြီး သြချပြနေလို့ မလွယ်လှဘူး။ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်ကို ဓာတ်ပုံထဲကြည့်ပြီး အနုပညာပြောင်မြောက်လှချည်ရဲ့လို့ ဆိုရင်ဖြင့် ဇီးယိုပေါင်းကလေးသာ ရှာကျွေးလိုက်စေချင်တယ်။ စေတနာနဲ့ပါ။ နှလုံးငြိမ်အောင်လို့ပါ။

ရသပညာရဲ့ ပရ၀ုဏ်ထဲကနေ အနုပညာလက်ရာ/ပစ္စည်းတစ်ရပ်လို့ လက်ခံနိုင်တာတွေကတော့ ကာလ၊ ဒေသ၊ ပယောဂဆိုတာတွေကို လျော့ပါးပြီး လက်ခံလို့ရတယ်။ ဥပမာ ဆရာကြီးဦးငွေကိုင်ရဲ့ `လူဝကြီး´ ပန်းချီကားကိုပဲ ကြည့်ပါ။ (`လူဝကြီး´ လို့ နာမည်ပေးထားတယ် ထင်တယ်။ မှားရင် ခွင့်လွှတ်ကြပါ) ဒီပန်းချီကားကိုကြည့်ပြီး ပန်းချီကားတစ်ချပ်ဖြစ်နေခြင်းနဲ့ လူဝကြီးဖြစ်နေခြင်းကို ဘယ်သူကမျှ ဘာမှရှင်းမပြဘဲ ကြည့်တဲ့လူက မြင်တယ်၊ သိတယ်။ မိုက်ကယ်အိန်ဂျလိုရဲ့ ပန်းချီကားလည်း ဒီလိုပဲ။ ကျောထောက်နောက်ခံမတူတဲ့ ပရိသတ်အလုံးစုံနဲ့ အသီးသီးတွေအနေနဲ့ ပန်းချီဖြစ်ခြင်းကို လက်ခံကြဖို့ ပြဿနာမရှိဘူး။ ဒူရှော(န)ရဲ့ ရှူရှူးပန်းခွက်က ပြဿနာ။ သူတို့အချင်းချင်းအတွင်းမှာကိုပဲ လက်မခံကြလို့ ပထမဆုံးတင်သွင်းတဲ့ပွဲမှာ ပြသဖို့ငြင်းပယ်ခံရတာကို ပြန်စဉ်းစားကြည့်ကြပါ။ သူတို့ အနုပညာဖန်တီးမှုနယ်ပယ်ထဲမှာ အခုလိုမျိုး အခုလိုမျိုးလက်ရာတွေ ပေါ်ပေါက်လာရတဲ့ ပယောဂတစ်ခုဖြစ်တဲ့ ဘူရွှာ Bourgeois နဲ့ ဘိုဟေမီယံ Bohemian တို့အကြားက ပဋိပက္ခကိစ္စလည်း အကြမ်းထည်လောက် သိဖို့လိုတယ်။ လူလတ်တန်းစား ဘိုဟေမီယံတွေက ဘူရွှာတွေကိုဆန့်ကျင်တဲ့ အဖြစ်အပျက်တွေဟာ သူတို့အနောက်တိုင်းအနုပညာဖြစ်ပေါ်မှုမှာ မသိကျိုးကျွံ ပလပ်ထားစရာ မဟုတ်ဘူး။ အဲဒီဝေဒနာ ကျွန်တော်တို့ဆီမှာ မရှိဘူး။ လူကုံထံ၊ လူချမ်းသာတွေက လက်ခံပြောဆိုနေကြတဲ့ `အနုပညာ´ ဆိုတာကို ဆန့်ကျင်ဖို့ `အနုပညာမဟုတ်တဲ့ ၀တ္ထုပစ္စည်း´ တွေနဲ့ တည်ဆောက်ပြကြဖို့ အားထုတ်ကြတာကို သိဖို့လိုတယ်။ ဒူရှော(န)ကိုယ်တိုင် ရေးဖူးတာ တစ်ခုရှိတယ်။ ...Can one make works which are not works of arts? ဒါကြောင့် Aesthetic implication of 'anti-art' ဆိုတာကို သိဖို့လိုလိမ့်မယ်။ ဒီပြင် ဘာသာစကားအခြေခံနဲ့ သူတို့ရဲ့ နေ့စဉ်ဘ၀ထဲမှာ သုံးစွဲနေတဲ့ Work နဲ့ Leisure ကို ကွဲမြင်ဖို့ လိုမယ် (ဆိုလိုတာက အနုပညာလက်ရာတစ်ခုဖြစ်အောင် အားထုတ်လုပ်ကိုင်တဲ့ Work နဲ့ သွားရင်းလာရင်း အပျင်းပြေလုပ်ရာကဖြစ်လာတဲ့ Leisure ပစ္စည်းတစ်ခု ကွဲဖို့လိုတယ်) တစ်နည်းပြောရရင် သူတို့လူမျိုး၊ ယဉ်ကျေးမှု၊ ယဉ်ကျေးမှုအစဉ်အလာနဲ့ အတွင်းပဋိပက္ခကို သိဖို့လိုတယ်။ ဘာမျှမသိဘဲ (ကျော်စောမင်းရေးသလို `မလေးငုံကို ရုပ်ပုံနှင့်လွမ်း´ ဆိုသလို) ကျွန်တော်တို့မှာ `ရှိ´ မနေတာ၊ အပ်စပ်ကြည့်လို့မှ မဖြစ်နိုင်တာတွေကို အတင်းဟန်လုပ်ပြီး ကောင်းလှချည်ရဲ့လို့ ပြောနေကြတာကတော့ ဓာတ်ဆီဓာတ်ဆန် ပျက်လုံးကို ပြန်ဖွင့်နားထောင်ရသလို နေမှာပဲ။ ဆိုင်းနောက်ထတွေပြောတဲ့ ပျက်လုံးလို `သူများ ရွှဲဆိုလို့ ရွှဲလိုက်ရတာ ဖင်ကိုပြဲကရော´ ဆိုသလို နေမှာပဲ။

ဒူရှော(န) နဲ့ ပတ်သက်လို့ သိသင့်တဲ့ နောက်ဆုံးအချက်တစ်ခုက ဒူရှော(န)ဟာ လူပျင်းကြီးဆိုတာပဲ။ သူကိုယ်တိုင်ကလည်း Deep down I am enormously lazy. I like living, breathing better than working လို့ ၀န်ခံပြောဖူးတယ်။ သူ့မိတ်ဆွေတွေရေးတဲ့ အထဲမှာလည်း ဒူရှော(န)ရဲ့ ပျင်းပျင်းရိရိနေတတ်တဲ့ စရိုက်ကို ဖတ်ခဲ့ရဖူးတယ်။ ဒီတော့လည်း လူပျင်းကြီးတစ်ယောက်အဖို့ တွေ့တာနဲ့ကောက်လုပ်ပြီး အနုပညာလက်ရာတစ်ခုပဲလို့ ပြောဖို့ သိပ်ဝန်လေးမယ့်ပုံ မပေါ်ဘူး။ ကျွန်တော့်စာကို နိဂုံးချုပ်ရမယ်ဆိုရင်တော့ဖြင့် အစမှာရေးခဲ့တဲ့ ကျွန်တော့်စိတ်ကူးဆီ ပြန်သွားကြစို့ရယ်။ ကျော်စောမင်းရေးတဲ့အထဲမှာ `ကျွန်တော်တို့ဆီမှ အနုပညာသမား အတော်များများကို ထိုအိမ်သာခွက်ရှိရာသို့ ပို့ဆောင်ပေးသင့်သည်´ ဆိုတာလိုမျိုး ကျွန်တော်တွေးထားတာ ရှိတယ်။ ကျွန်တော်သာ ထီပေါက်ခဲ့ရင် လေယာဉ်စီးလုံးငှားပြီး အဲဒီ ကျော်စောမင်းညွှန်းထားတဲ့ လူတွေကို ဒူရှော(န)ရှူရှူးပန်းခွက်ရော ဥရောပက အိမ်သာတွေရော လိုက်ပြမယ်။ မသွားခင် ကတိက၀တ်တစ်ခု ပြုခိုင်းမယ်။ ကျွန်တော်က ပါဖောမင့်(စ)အတ် ကလေးတစ်ခုလည်း လုပ်ပြချင်သေးတာကိုး။ ကျွန်တော်ကတော့ အဲဒီအထဲ မပါချင်ဘူး။ ဒီတော့ ခင်ဗျားတို့ကို ခုလိုလိုက်ပြရတဲ့အတွက် ကျွန်တော်လုပ်ချင်တဲ့ ပါဖောမင့်(စ)အတ်မှာ ခင်ဗျားတို့အားလုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြရမယ်ဆိုတာ ကတိပေးပါလို့ ပြောရလိမ့်မယ်။ ကတိရလို့ ဥရောပအနှံ့ပြသပြီးရင်ဖြင့် အပြန်မှာ ပါဖောမင့်(စ)တစ်ခု လုပ်မယ်ဗျာ။ အကောင်းဆုံးကတော့ လေယာဉ်ပျံကြီး ပင်လယ်သမုဒ္ဒရာတစ်ခုခု အပေါ်မှာ  ဖြတ်ပျံနေချိန်ပဲ။ အဲဒီအခါကျမှ လေယာဉ်နောက်ပေါက်ကိုဖွင့်ပြီး တစ်ယောက်ချင်းကန်ချလိုက်ရုံပဲ။ ပြီးတော့ အဲဒီပွဲကို `ဒူရှော(န) ပြောတာ မှန်တယ်´ လို့ နာမည်ပေးလိုက်မယ်ဗျာ။ သဘောကျရဲ့လား။ သဘောကျရင်ဖြင့် ကျွန်တော့်ကို ထီပေါက်အောင်သာ ဆုတောင်းပေးပေတော့။

~မြင့်သန်း
ချင်းတွင်း

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”