ပြောရင်းဆိုရင်း သူက နာကာတာကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
`အလုပ်ကတော့ အလုပ်ပဲ။ ကိုယ်လုပ်ရမယ့်အရာကို ပြီးမြောက်အောင် ဆက်လုပ်ရမှာပဲ။ ကြောင်ကလေး တစ်ကောင်ပြီးတစ်ကောင်ကို ကျွန်တော်က နာကျင်မှုရဲ့အရသာကို မြည်းစမ်းကြည့်ခိုင်းတော့မှာ၊ ဂိုမကတော့ နောက်ဆုံးအလှည့်ပေါ့။ ဒီတော့ ခင်ဗျားအနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ အချိန်နည်းနည်းတော့ ရပါတယ်။ သတိရဖို့က၊ အခု ကျွန်တော်က ကြောင်တွေကို သတ်ရမလား၊ ခင်ဗျားက ကျွန်တော့်ကို သတ်မလား ဆိုတာပဲ။ တခြား ရွေးချယ်စရာ မရှိဘူး´
ပျော့ခွေနေသည့် ကြောင်ကလေးကို ဂျွန်နီဝေါ်ကားက စားပွဲပေါ်သို့တင်လိုက်သည်။ အံဆွဲကိုဖွင့်ပြီး လက်နှစ်ဖက်ဖြင့် အနက်ရောင်သေတ္တာလေးတစ်ခုကို ဆွဲထုတ်လိုက်သည်။ သူက သေတ္တာကို ဂရုတစိုက်ဖြေရင်း အတွင်းမှပစ္စည်းများကို စားပွဲပေါ် ဖြန့်ခင်းလိုက်သည်။ လျှပ်စစ်လွှငယ်တစ်ချောင်း၊ အရွယ်စုံ ခွဲစိတ်ဓားများနှင့် ကြီးမားသည့် ဓားမြှောင်တစ်ချောင်း ပါဝင်သည်။ ထိုပစ္စည်းများအားလုံးမှာ သွေးပြီးခါစအတိုင်း ၀င်းလက်တောက်ပနေ၏။ စားပွဲပေါ်တွင် တန်းစီတင်နေရင်း ဂျွန်နီဝေါ်ကားက ဓားတစ်ချောင်းချင်းစီကို မြတ်နိုးစွာ စစ်ဆေးကြည့်နေသည်။ ထို့နောက်တွင် သူက အံဆွဲအတွင်းမှ အနက်ရောင် ပလက်စတစ်အိတ်ကြီးတစ်လုံးကို ဆွဲထုတ်လိုက်၏။ ထိုတစ်လျှောက်လုံး လူပုကလေးများ၏ တေးသွားကို လေချွန်မပြတ်ပင် ရှိပါသည်။
`ကျွန်တော် ပြောခဲ့သလိုပေါ့ မစ္စတာနာကာတာ။ အရာအားလုံးမှာ ရှေ့နောက်အစီအစဉ်ဆိုတာ ရှိပါတယ်´ ဟု ဂျွန်နီဝေါ်ကားက ပြောလိုက်သည်။
`သိပ်ဝေးဝေးကို မကြည့်နဲ့ဗျ။ ကြည့်မိပြီဆိုတာနဲ့ လောလောဆယ်လုပ်နေတာကို မျက်စပြတ်သွားပြီး ချော်ပြုတ်ကျနိုင်တယ်လေ။ ကျွန်တော်ဆိုလိုချင်တာက ခင်ဗျားတည့်တည့်က အရာတွေကိုချည်း ကြည့်နေဖို့တော့ မဟုတ်ပါဘူး။ ရှေ့ကို နည်းနည်းလေးတော့ ကြိုကြည့်သင့်တာပေါ့၊ ဒါပေါ့ မကြည့်ရင် ခင်ဗျားတစ်ခုခုကို ၀င်တိုက်မိမှာပေါ့။ ကျွန်တော်ဆိုလိုချင်တာက ခင်ဗျားအနေနဲ့ အစီအစဉ်အတိုင်း လိုက်သွားရမယ်၊ တစ်ချိန်တည်းမှာ အရှေ့မှာ ဘာရှိလဲဆိုတာလည်း ကြည့်ရမှာ။ ခင်ဗျား ဘာကိုပဲလုပ်လုပ်၊ အဲဒါဟာ သိပ်အရေးကြီးတယ်´
ဂျွန်နီဝေါ်ကားက မျက်လုံးများကို မှေးလိုက်ပြီး ကြောင်ကလေး၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်နေသည်။ သူ၏ လက်ညှိုးထိပ်က ကြောင်၏ ၀မ်းဗိုက်တွင် အထက်အောက် ပြေးလွှားနေသည်။ ထို့နောက် ခွဲစိတ်ဓားတစ်ချောင်းအား ညာလက်ဖြင့် ဆွဲယူလိုက်ပြီး သတိတစ်စုံတစ်ရာ မပေးဘဲ ၀မ်းဗိုက်ဆီသို့တည့်တည့် ထိုးစိုက်ချလိုက်သည်။ ထိုအရာသည် မျက်တောင်တစ်ခတ်အတွင်းပင် ဖြစ်သွားခဲ့၏။ ၀မ်းဗိုက်သည် ဟောက်ပက်ပွင့်သွားပြီး အတွင်းမှ သွေးစွန်းနေသည့်အူများ ထွက်ကျလာသည်။ ကြောင်ကလေးက အော်ဟစ်ရန် ကြိုးစားသော်လည်း အသံလုံးဝ ထွက်မလာ။ တကယ်တော့ ဆေးအရှိန်ကြောင့် သူ့လျှာက ထုံထိုင်းနေပြီး ပါးစပ်ကိုပင် မဖွင့်နိုင်။ သို့ရာတွင် မျက်လုံးများသည် ဆိုးရွားလှသည့် နာကျင်မှုကြောင့် ယောက်ယက်ခတ်နေသည်။ ထိုသို့သော နာကျင်မှုမျိုးသည် မည်မျှဆိုးမည်နည်းဟု တာနာကာကိုယ်တိုင်လည်း မှန်းဆနိုင်ပါသည်။ ခဏတွင်းချင်းပင် သွေးများ တစ်ရှိန်ထိုး ပန်းထွက်လာပြီး ဂျွန်နီဝေါ်ကား၏ လက်များနှင့် အောက်ခံအင်္ကျီကို စိုရွှဲသွားစေသည်။ သူကတော့ ဂရုမစိုက်ပါ။ လေတချွန်ချွန်ဖြင့်ပင် ကြောင်၏၀မ်းဗိုက်အတွင်းသို့ လက်ကိုထိုးသွင်းလိုက်ပြီး သေးငယ်သော နှလုံးကလေးကို ခွဲစိတ်ဓားဖြင့် ကျွမ်းကျင်စွာ ဖြတ်ထုတ်လိုက်၏။
သွေးစွန်းနေသည့်အခဲကလေးကို လက်ဖ၀ါးပေါ်တင်လိုက်ပြီး သူက တာနာကာထံသို့ ထိုးပြသည်။
`ကြည့်စမ်းပါဦး။ ခုန်နေတုန်းပဲ´
ထို့နောက်တွင် ကမ္ဘာပေါ်တွင် သဘာဝအကျဆုံးလုပ်ရပ်တစ်ခုကို လုပ်နေသကဲ့သို့ပင် သူက နှလုံးကို ပါးစပ်ထဲပစ်သွင်းလိုက်ပြီး တိတ်ဆိတ်စွာ သွားနှင့်ကြိတ်ဝါးနေ၏။ သက်တောင့်သက်သာပင် အရသာတမြုံ့မြုံ့ခံနေသည်။ မီးဖိုမှ ထုတ်ပြီးခါစ ပေါင်မုန့်ချိုချိုကို အရသာတွေ့နေသည့် ကလေးငယ်တစ်ဦးကဲ့သို့ သူ့မျက်လုံးများက အရောင်တဖျပ်ဖျပ်လက်နေသည်။
ပါးစပ်တွင်ပေကျံနေသော သွေးများကို ဂျွန်နီဝေါ်ကားက လက်ခုံဖြင့်သုတ်လိုက်ပြီး လက်ချောင်းများကို လျှာဖြင့် ဂရုတစိုက် လျှက်၍ သန့်စင်နေပြန်သည်။
`ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ်ပဲ။ ကျွန်တော့်ပါးစပ်ထဲ မှာတောင် ခုန်နေတုန်း´
သူ့ရှေ့မှ မြင်ကွင်းကို စကားတစ်လုံးမျှမပြောဘဲ နာကာတာက ငေးကြည့်နေမိသည်။ မျက်နှာလည်း မလွှဲနိုင်။ အခန်းတွင်းဝယ် သွေးညှီနံ့များဖြင့် ဖုံးလွှမ်းသွား၏။
တေးသံမြူးမြူးကို လေချွန်နေရင်းပင် ဂျွန်နီဝေါ်ကားက ကြောင်ခေါင်းကလေးကို လွှဖြင့် တိုက်ဖြတ်လိုက်သည်။ လွှသွားများက လည်ပင်းရိုးကို ချိုးချေပြီးနောက် နှစ်ပိုင်းပြတ်သွားသည်။ ဂျွန်နီဝေါ်ကား၏ သွင်ပြင်က သူဘာလုပ်နေသည်ကို အသေအချာ သိပုံပေါ်သည်။ ကြောင်လည်ပင်းရိုးက သိပ်မထူလှသလို ကိစ္စ၀ိစ္စအားလုံးသည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ သို့ရာတွင် မြင်ကွင်းက စီးစီးပိုးပိုးရှိလှသည်။ ခေါင်းပြတ်ကလေးကို ဂျွန်နီဝေါ်ကားက သတ္တုလင်ပန်းတစ်ခုပေါ် တယုတယ တင်လိုက်သည်။ အနုပညာလက်ရာတစ်ခုကို ပီတိဖြစ်နေသကဲ့သို့ မျက်လုံးများကို မှေးကား သူက ကျကျနန စိုက်ကြည့်နေသည်။ ထို့နောက်သူက လေချွန်သည်ကို ခဏရပ်လိုက်ပြီး သွားကြားညှပ်နေသည်ကို လက်သည်းဖြင့် ကုတ်ထုတ်၍ ပါးစပ်တွင်းသို့ ပစ်သွင်းကာ အသေအချာ အရသာခံပြန်သည်။ ပါးစပ်ကို တပြတ်ပြတ်လုပ်ပြီးနောက် ကျေနပ်သွားဟန်ဖြင့် မျိုချလိုက်သည်။ ထို့နောက်တွင် သူက ပလက်စတစ်အိတ်အနက်ကိုဖွင့်ပြီး ကြောင်သေကောင်ကလေးအား ခရုခွံတစ်ခုလို ပစ်သွင်းလိုက်တော့သည်။
`တစ်ကောင်တော့ ကျပြီ´ ဟု သွေးစွန်းနေသည့် လက်များကို နာကာတာရှေ့တွင် ဖြန့်ကားရင်း ဂျွန်နီဝေါ်ကားက ပြောလိုက်၏။
`အလုပ်ကိစ္စလေး တစ်ခုပေါ့။ ခင်ဗျားဘယ်လိုထင်လဲ။ လတ်လတ်ဆတ်ဆတ်နှလုံးသားကို စားသုံးနိုင်ပါတယ်၊ ဒါပေမဲ့ ကြည့်ပါဦး ဘယ်လောက်များ သွေးစွန်းလိုက်သလဲ။ ဒီလိုတောင်မဟုတ်သေးဘူး၊ ကျွန်တော့်လက်ဟာ သမုဒ္ဒရာပေါင်းများစွာကို အနီရောင်ဆိုးလိုက်လို့ ရတယ်။ (စကော့တလန်ဘုရင်) မက်ဘက်ရဲ့ စကားပေါ့။ ဒါက မက်ဘက်လောက် မဆိုးပါဘူး။ ဒါပေမယ့် အ၀တ်လျှော်ဖိုးချည်းပဲ ဘယ်လောက်ကျမယ်ဆိုတာ ခင်ဗျားယုံနိုင်မှာတောင် မဟုတ်ဘူး။ တကယ်တော့ ကျွန်တော့် အကြိုက်ဆုံးဝတ်စုံဗျာ။ ခွဲစိတ်ဝတ်စုံနဲ့ လက်အိတ်တွေ ကျွန်တော် ၀တ်သင့်တာ၊ ဒါပေမဲ့ မ၀တ်နိုင်ဘူး။ ဒါလည်း နောက်ထပ် စည်းမျဉ်းတစ်ခုပေါ့၊ အားတော့နာပါရဲ့´
နာကာတာက စကားတစ်ခွန်းမျှမပြော။ သို့သော် သူ့စိတ်ထဲတွင် တစ်စုံတရာသည် စတင်အသက်ဝင်ပြီ ဖြစ်သည်။ အခန်းက သွေးညှီနံ့တို့ဖြင့် ဖုံးလွှမ်းနေသည်။ လူပုကလေးများတေးသွားက သူ့နားစည်သို့ ရိုက်ခတ်မွှေနှောက်နေ၏။
ဂျွန်နီဝေါ်ကားက ပုံးအတွင်းမှ နောက်ထပ် ကြောင်တစ်ကောင်ကို ဆွဲထုတ်လိုက်သည်။ အသက်သိပ်မငယ်တော့သည့် အဖြူရောင် ကြောင်မကလေး။ အမြီးဖျားတွင် အနည်းငယ် ကောက်နေ၏။ ယခင်နည်းအတိုင်းပင် သူက ခေါင်းကို ခဏမျှ ပွတ်သပ်သည်။ ထို့နောက်တွင် သူခွဲရမည့်နေရာကို ကြောင်မကလေး၏ ၀မ်းဗိုက်ပေါ်တွင် အေးဆေးစွာဖြင့် စိတ်ဖြင့်မှန်းကြည့်နေဟန် ထင်ရသည်။ ခွဲစိတ်ဓားကို ကောက်ကိုင်လိုက်ပြီး ရင်ဘတ်အတွင်းသို့ လျင်မြန်စွာ ထိုးစိုက်ဖွင့်လှစ်လိုက်ပြန်သည်။ ယခင်နည်းအတိုင်း အရာအားလုံး ဆက်ဖြစ်သွား၏။ အသံတိတ် ကျယ်လောင်စွာ အော်ဟစ်သံ၊ ရုန်းကန်နေသော မလှုပ်ရှားနိုင်သည့် ကိုယ်ခန္ဓာ၊ ထွက်ကျလာသော အူများ။ သွေးစွန်းနေသည့်နှလုံးကို ဆွဲထုတ်ပြီး နာကာတာထံပြရင်း ပါးစပ်တွင်းသို့ပစ်သွားကာ တမြုံ့မြုံ့ ၀ါးနေပုံ။ ထို့နောက်တွင်မူ ကျေနပ်သွားသည့် အပြုံးတစ်ခု ထွက်ပေါ်လာ၏။ သွေးများကို လက်ခုံဖြင့် သုတ်၏။ နောက်ခံတေးသွားက လူပုကလေးခုနစ်ယောက်။
ထိုင်ခုံပေါ်သို့ ပစ်ကျသွားပြီး နာကာတာက မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဦးခေါင်းကို လက်ဖြင့်ကိုင်ထားပြီး လက်ချောင်းထိပ်များဖြင့် နားထင်ကို ထိုးဆွနေမိသည်။ သူ့စိတ်အတွင်းတွင် တစ်စုံတရာသည် အသေအချာ နိုးကြွနေပြီ ဖြစ်သည်။ ထိတ်လန့်စရာကောင်းလှသည့် ရှုပ်ထွေးမှု၊ ထိုအရာက သူ့ကို ပြောင်းလဲနေလေပြီ။ သူက အသက်ကို လျင်မြန်စွာရှူလိုက်သောအခါ သူ့လည်ချောင်းအတွင်းမှ စူးရှသောနာကျင်မှုတစ်ရပ်ကို တစ်ချက်ချက် သူခံစားနေရသည်။ သူ၏အမြင်အာရုံများသည် ပြောင်းပြန်ဇောက်ထိုး ပြောင်းလဲသွားခဲ့သည်။
ဂျွန်နီဝေါ်ကားက ခပ်ရွှင်ရွှင်ပြောလိုက်သည်။
`မစ္စတာနာကာတာ၊ လက်မလျှော့ပါနဲ့ဦး။ ကျွန်တော်တို့ အခုမှ အစီအစဉ်စရုံပဲ ရှိသေးတာ။ ဒါဖွင့်ပွဲပဲ ရှိသေးတယ်၊ သွေးပူလေ့ကျင့်ခန်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ စ,ကစားနေကြပြီလေ။ ဒီတော့ ခင်ဗျားမျက်စိကို ကျယ်ကျယ်လေးဖွင့်ပြီး မျက်စေ့တဆုံးကြည့်ပေတော့။ အကောင်းဆုံးအခန်းကို ရောက်တော့မှာ။ ခင်ဗျားကို ဖျော်ဖြေမှုပေးဖို့ ကျွန်တော်ဘယ်လောက်ထိ ကြိုးစားခဲ့တယ်ဆိုတာကို ခင်ဗျားအသိအမှတ်ပြုပေးဖို့ ကျွန်တော်မျှော်လင့်ပါတယ်´
လေတချွန်ချွန်ဖြင့် နောက်ထပ်ကြောင်ကလေးတစ်ကောင်ကို သူက ထုတ်ယူလိုက်၏။ ကုလားထိုင်တွင် အရုပ်ကြိုးပြတ်ထိုင်ရင်း နာကာတာက မျက်လုံးများကိုဖွင့်ကာ နောက်ထပ် တန်ဆာခံကို ကြည့်လိုက်သည်။ သူ့စိတ်တွင် ဗလာကျင်းနေသည်။ မတ်တပ်ရပ်နိုင်စွမ်းပင် မရှိတော့။
`ခင်ဗျားတို့အချင်းချင်း သိကြပြီးသားလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မိတ်ဆက်ပေးပါရစေဦး။ မစ္စတာနာကာတာ၊ ဒါက ကိုရွှေဝါပါ။ ကိုရွှေဝါ၊ ဒါက မစ္စတာနာကာတာပါ´
ဂျွန်နီဝေါ်ကားက ဦးထုပ်ကိုမြှောက်ကာ နာကာတာနှင့် အကြောသေနေသည့် ကြောင်ကလေးကို မိတ်ဆက်ပေးသည်။
`ဟောအခု၊ ဟဲလိုဆိုပြီး ခင်ဗျားတို့ နှုတ်ဆက်ပြီးသွားပြီ။ ချက်ချင်းဆိုသလိုပဲ (လက်ပြ)နှုတ်ဆက်ပွဲကလေး ဆက်လုပ်ရမှာ ကျွန်တော်အားနာပါတယ်။ `ဟဲလို၊ နှုတ်ဆက်ပါတယ်´ ဒီလိုမျိုး ဖြစ်သွားတာကိုး။ ဟိုစကားလိုပေါ့၊ `မုန်တိုင်းထဲမှာ ပန်းများကြွေသလို လူ့ဘ၀ဆိုတာ ကြာညောင်းတဲ့ နှုတ်ဆက်ပွဲ´တဲ့´
သူက ရွှေဝါ၏ ဗိုက်သားကို ညင်သာစွာပွတ်သပ်ပေးနေ၏။
`ခင်ဗျား လုပ်မယ်ဆိုရင်တော့ အခုချိန်ဟာ ကျွန်တော့်ကို ရပ်တန့်ပစ်လိုက်ဖို့ပဲ မစ္စတာနာကာတာ။ အချိန်ဆိုတာက သွားနေတာ၊ ကျွန်တော်မဖြုန်းနိုင်ဘူး။ ကြောင်သတ်သမားကြီး ဂျွန်နီဝေါ်ကားရဲ့ အဘိဓာန်မှာ တုံ့ဆိုင်းခြင်းဆိုတဲ့စကားလုံးကို ရှာတွေ့ရမှာမဟုတ်ဘူး´
တကယ်ပင် သူက ရွှေဝါ၏ဗိုက်ကို တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ဖွင့်ချလိုက်ပါသည်။ ဤအကြိမ်တွင် အော်ညည်းသံသဲ့သဲ့ ထွက်လာသည်ကို ကြားလိုက်ရသည်။ ကြောင်ကလေး၏လျှာသည် အပြည့်အ၀ထုံထိုင်းနေခြင်းမရှိတာ ဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် ထိုအော်သံသည် နာကာတာတစ်ဦးတည်းသာ ကြားနိုင်သည့် အထူးအော်သံတစ်မျိုး ဖြစ်ချင်ဖြစ်မည်။ သွေးပျက်ခြောက်ခြားဖွယ် ဆိုးရွားလှသည့်အော်သံမျိုးပင် ဖြစ်ပါသည်။ နာကာတာက မျက်လုံးများကို ပိတ်လိုက်ပြီး တုန်ခါနေသည့်ဦးခေါင်းကို လက်များဖြင့် ကိုင်ထား၏။
`ခင်ဗျားကြည့်ရမှာလေ´ ဟု ဂျွန်နီဝေါ်ကားက အမိန့်ပေးသည်။ `ကျွန်တော်တို့ရဲ့ နောက်ထပ်စည်းမျဉ်းတစ်ခုလေ။ မျက်စိမှိတ်နေရုံနဲ့တော့ ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဘာဖြစ်နေသလဲဆိုတာ ခင်ဗျားမမြင်နိုင်ရုံနဲ့တော့ ဘာတစ်ခုမှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ ဒါ ကျွန်တော်တို့ နေထိုင်နေရတဲ့ ကမ္ဘာကြီးပေါ့။ မျက်စိမှိတ်နားပိတ်ထားရုံနဲ့ အချိန်က ရပ်နေမှာမဟုတ်တဲ့ ကမ္ဘာကြီး´
သူ့ကိုပြောသည့်အတိုင်းနာကာတာက မျက်လုံးများကို ဖွင့်လိုက်သည်။ နာကာတာ၏ မျက်လုံးများပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဂျွန်နီဝေါ်ကားက ရွှေဝါ၏နှလုံးကို ပလုပ်ပလောင်းဝါးပြတော့သည်။ ဤတစ်ကြိမ်တွင် မျိုမချခင် အချိန်အတန်ကြာအောင် ဟန်ရေးပြနေ၏။ `နူးညံ့ပြီး နွေးထွေးနေတာပဲ။ ငါးရှဥ့်အသည်း လတ်လတ်ဆတ်ဆတ်ကလေးလိုပဲ´ ဟု သူက မှတ်ချက်ပြုလိုက်သည်။ ထို့နောက်တွင် သူက သွေးစွန်းနေသည့်လက်ညှိုးကို ပါးစပ်ဖြင့်စုပ်နေသည်။ `တစ်ခါလောက်သာ ခင်ဗျားစားဖူးရင် လျှာလည်သွားမယ်၊ အထူးသဖြင့် သွေး,စေးစေးကလေးတွေကိုပေါ့´
အရင်လိုပင် သူက လေတချွန်ချွန်ဖြင့် ခွဲစိတ်ဓားရှိ သွေးစေးများကိုသုတ်ပြီး ရွှေဝါ၏ ဦးခေါင်းကို လွှဖြင့်တိုက်ဖြတ်လိုက်သည်။ လွှသွားထက်ထက်များက အရိုးကိုချိုးဖြတ်သွားပြီး သွေးများ နေရာအနှံ့အပြားသို့ ပန်းထွက်လာ၏။
`မေတ္တာရပ်ခံပါတယ် မစ္စတာဝေါ်ကား။ နာကာတာ ဒါကို ဆက်မခံနိုင်တော့ပါဘူး´
ဂျွန်နီဝေါ်ကားက လေချွန်နေသည်ကို ရပ်လိုက်၏။ သူလုပ်နေသည်ကိုလည်း ရပ်လိုက်ပြီး နားရွက်ကို ကုတ်သည်။
`ဒီလိုနဲ့ ရပ်မသွားဘူးလေ၊ မစ္စတာနာကာတာ။ ခင်ဗျား မအီမသာဖြစ်ရတာကို ကျွန်တော်ဝမ်းနည်းပါတယ်၊ တကယ်ပါ။ ဒါပေမဲ့ စဉ်းစားကြည့်လေ။ သြော်ကောင်းပါပြီ၊ နားလိုက်ကြဦးစို့လို့ ကျွန်တော့်အနေနဲ့ မပြောနိုင်ဘူးလေ။ ဒါက စစ်ပွဲပဲ။ စစ်ဆိုတာ စမိတာနဲ့ ရပ်ရခက်တယ်။ ဓားကိုဆွဲထုတ်ပြီးတာနဲ့ သွေးမြေကျရတော့မှာ။ ဒါမျိုးဆိုတာက သီအိုရီတွေ ယုတ္တိဗေဒတွေနဲ့ မဆိုင်ဘူး၊ ကျွန်တော့်အတ္တနဲ့တောင် မဆိုင်ဘူး။ ဒါဟာ စည်းမျဉ်းတစ်ခုပဲလေ၊ ရှင်းရှင်းသန့်သန့်လေး။ ကြောင်တွေထပ်ပြီး အသတ်မခံရစေချင်ဘူးဆိုရင်၊ ခင်ဗျားက ကျွန်တော့်ကို သတ်ဖို့ပဲ။ မတ်တပ်ရပ်၊ အမုန်းတရားမှာ အာရုံစိုက်၊ ပြီးရင် ကျွန်တော့်ကို သတ်ပစ်လိုက်။ ခင်ဗျား အခုချက်ချင်း လုပ်ရတော့မှာကို ပြောတာနော်။ လုပ်သာလုပ်လိုက်ပါ၊ ပြီးရင် အားလုံးပြီးဆုံးသွားမှာ။ ထပ်လာစရာ မရှိတော့ဘူးပေါ့´
စကားကိုအဆုံးသတ်ပြီးနောက် ဂျွန်နီဝေါ်ကားက လေပြန်ချွန်သည်။ ရွှေဝါ၏ခေါင်းကို ဖြတ်ပြီးနောက် ခေါင်းမပါသည့်ကိုယ်ခန္ဓာကို အမှိုက်အိတ်အတွင်းသို့ ထိုးထည့်လိုက်သည်။ ယခုသော် သတ္တုလင်ပန်းအတွင်းတွင် ကြောင်ခေါင်းပြတ်သုံးခု အစီအရီရှိနေပြီ။ သူတို့သည် မရှုမလှ ဝေဒနာခံစားခဲ့ကြရသည်။ သို့တိုင် သူတို့မျက်နှာများမှာ ထူးဆန်းစွာပင် ခံစားချက်ကင်းမဲ့နေ၏။ ရေခဲသေတ္တာအတွင်း စီထားသော ကြောင်ခေါင်းများအတိုင်းပင် ဖြစ်ပါသည်။
`ဒီတစ်ခါတော့ ညိုပြာညက်အလှည့်´ ဟု ဂျွန်နီဝေါ်ကားကပြောလိုက်ပြီး ပျော့ခွေနေသည့် အညိုရောင်ကြောင်ကလေးကို ပုံးအတွင်းမှ ဆွဲထုတ်လိုက်သည်။ ထိုကြောင်ကလေးမှာ မီမီဖြစ်ပါသည်။ `မီမီကလေးအလှည့် ရောက်ပါပြီ´ ဟု သူက ပြောလိုက်သည်။
`သြော် ခင်ဗျားကိုပြောရဦးမည် မစ္စတာနာကာတာ။ မီမီကိုဖမ်းဖို့ ကျွန်တော် နည်းနည်းအလုပ်များခဲ့ရသေးတယ်။ သူက ပါးတယ်၊ သတိကြီးတယ်။ လျင်လျင်မြန်မြန် အကဲဖမ်းတတ်တယ်။ ချော့လိုက်တာနဲ့ မြောသွားတဲ့ အမျိုးအစားမဟုတ်ဘူး။ လက်ပေါက်ကပ်တဲ့ ဈေးဝယ်သူပေါ့ဗျာ။ ဒါပေမဲ့ ပြိုင်ဘက်ကင်းကြောင်သတ်သမားကြီး ဂျွန်နီဝေါ်ကားကို ကျော်နိုင်တဲ့ ကြောင်ဟာတော့ မမွေးသေးဘူးပေါ့။ ခင်ဗျားကို ကျွန်တော် လေကြီးမိုးကြီးပြောနေတာ မဟုတ်ပါဘူး။ ဒီကောင်မလေးကို ဖမ်းမိဖို့ ဘယ်လောက်ခက်တယ်ဆိုတာကို ရှင်းပြတာပါ။ ကဲပါ ဘာပဲဖြစ်ဖြစ်၊ ဟောဒီမှာ ခင်ဗျားရဲ့ မိတ်ဆွေမလေး မီမီပါ။ တကယ်တော့ ယိုးဒယားကြောင် ညိုပြာညက်ကလေးတွေဟာ ကျွန်တော့်စိတ်ကြိုက်ပါ။ ခင်ဗျားတော့ သိမှာမဟုတ်ဘူး၊ သူတို့ရဲ့နှလုံးသားဟာ အဖိုးမဖြတ်နိုင်တဲ့ တကယ့်နတ်သုဒ္ဓါပဲ။ အေးဆေးပေါ့ မီမီရေ၊ မကြောက်ပါနဲ့။ ဂျွန်နီဝေါ်ကားကြီး ဟောဒီမှာ ရောက်နေပါပြီ။ မင်းရဲ့ နှလုံးသားနွေးနွေးကလေးကို စားသုံးဖို့ပေါ့။ ဟင်၊ မင်း တုန်နေပါရောလား..´
`ဂျွန်နီဝေါ်ကား...´
နက်ရှိုင်းလှသည့် နာကာတာ၏ အတွင်းတစ်နေရာဆီမှ စကားလုံးများ အသံတိုးတိုးဖြင့် ထွက်လာသည်။ `ကျေးဇူးပြုပြီး ရပ်လိုက်ပါ။ မဟုတ်ရင် နာကာတာ ရူးသွားလိမ့်မယ်။ နာကာတာလို့ ဘယ်တော့မှ ပြန်ခံစားရတော့မှာ မဟုတ်ဘူး´
ဂျွန်နီဝေါ်ကားက မီမီ့ကို စားပွဲပေါ်သို့ လှဲချလိုက်ပြီး ယခင်နည်းအတိုင်းပင် သူမ၏ ဗိုက်သားကလေးများကို သူ့လက်ချောင်းများဖြင့် ဖြည်းညင်းစွာ ပွတ်သပ်နေ၏။ `ဒါဆို ခင်ဗျားဟာ ဘယ်တော့မှ ခင်ဗျားမဟုတ်တော့ဘူးပေါ့´ ဟု ဂျွန်နီဝေါ်ကားက ဂရုတစိုက်နှင့် တိတ်တဆိတ်ပြောလိုက်သည်။
`အဲဒါ သိပ်အရေးကြီးတယ် မစ္စတာနာကာတာ။ သူကိုယ်တိုင်မဟုတ်တော့တဲ့ လူတစ်ယောက်´ သူက မသုံးရသေးသည့် ခွဲစိတ်ဓားတစ်ချောင်းကို ကောက်ယူလိုက်ပြီး လက်ချောင်းများဖြင့် အသွားကို စမ်းနေသည်။ ထို့နောက် အစမ်းခွဲကြည့်သည့်အလား သူ့လက်ခုံကို ထိုးခွဲလိုက်သည်။ ခဏမျှကြာပြီးနောက် သွေးများပန်းထွက်ကာ စားပွဲခုံနှင့် မီမီ၏ကိုယ်ခန္ဓာပေါ်သို့ စီးကျလာသည်။ ဂျွန်နီဝေါ်ကားက ခြောက်ကပ်ကပ်ရယ်လိုက်သည်။ `ကိုယ်ကိုယ်တိုင်မဟုတ်တော့တဲ့ လူတစ်ယောက်´ ဟု သူက ထပ်မံရေရွတ်သည်။
`ခင်ဗျားဟာ ဘယ်တော့မှခင်ဗျားမဟုတ်တော့ဘူး။ အဲဒါဟာ ၀င်ခွင့်လက်မှတ်ပဲ မစ္စတာနာကာတာ။ ခင်ဗျားသိပ်တော်ပါတယ်။ အရာအားလုံးရဲ့ အရေးအကြီးဆုံးပေါ့။ အို.. ကျွန်တော့်စိတ်တွေ တရွရွဖြစ်လာပြီ။ မက်ဘက်ဘုရင်ကြီး ပေါ်လာပြန်ပြီ´
စကားတစ်ခွန်းမျှမပြောဘဲ နာကာတာက မတ်တပ်ရပ်လိုက်၏။ မည်သူမျှ၊ သို့မဟုတ် နာကာတာကိုယ်တိုင်သော်မှ သူ့ကိုယ်သူ မဟန့်တားနိုင်မည်မဟုတ်သည့် အရှိန်အဟုန်မျိုးဖြင့် ဖြစ်ပါသည်။ ခြေလှမ်းကျဲကျဲဖြင့် သူက စားပွဲခုံဆီသို့ လှမ်းသွားပြီး သားခုတ်ဓားဖြင့်တူသည့် ဓားတစ်ချောင်းကို ဆွဲယူလိုက်သည်။ သစ်သားလက်ကိုင်ကို တင်းကြပ်စွာဆုပ်ကိုင်ရင်း အောက်ခံအင်္ကျီကိုဖောက်ထွင်းကာ ဂျွန်နီဝေါ်ကား၏ ၀မ်းဗိုက်ကို သူက ဓားဖြင့် အားကုန်ထိုးသွင်းလိုက်သည်။ ထို့နောက် အခြားတစ်နေရာကို ထိုးလိုက်ပြန်သည်။ တစ်စုံတစ်ခုကို သူကြားနေရသည်၊ ကျယ်လောင်သော အသံတစ်သံ၊ ပထမတွင် ဘာဆိုသည်ကို သူမသိ။ သို့သော် မကြာမီပင် သူ သဘောပေါက်သွားခဲ့သည်။ သူကြားနေရသည်မှာ ဂျွန်နီဝေါ်ကား၏ ရယ်သံကြီးပင် ဖြစ်ပါသည်။ ၀မ်းဗိုက်နှင့် ရင်ဘတ်များတွင် ဓားဒဏ်ရာများနှင့် သွေးများပန်းထွက်နေပြီး သူက ဆက်လက်ရယ်မောနေသည်။
`ဒါပဲပေါ့´ ဟု သူက ကြွေးကျော်လိုက်၏။ `ခင်ဗျား မတုံ့ဆိုင်းဘူး၊ ကောင်းလိုက်တာ´ အရယ်ရဆုံးဟာသတစ်ပုဒ်လို သူက အားရပါးရရယ်မောနေသည်။ သို့သော် မကြာခင် သူ့ရယ်သံက ရှိုက်သံအဖြစ်သို့ ပြောင်းလာသည်။ သူ၏ လည်မျိုဆီမှ ရေပိုက်ခေါင်းပွင့်သွားသည့်အလား သွေးများ တပွက်ပွက်အန်လာသည်။ ကိုယ်ခန္ဓာသည် ကြောက်မက်ဖွယ် တွန့်လိမ်ကောက်ကွေးသွားပြီး၊ မည်းနက်နက် အစကလေးများ ပါးစပ်တွင်းမှ ထွက်ကျလာ၏။ သူစားထားခဲ့သည့် ကြောင်နှလုံးအပိုင်းအစကလေးများ ဖြစ်ပါသည်။ သွေးများက စားပွဲပေါ်သို့ ပန်းကျပြီး နာကာတာ၏ အင်္ကျီပေါ်သို့ပါ ကျလာသည်။ နှစ်ဦးလုံးမှာ သွေးများဖြင့် ရွှဲနစ်နေသည်။ စားပွဲပေါ်တွင် လဲလျောင်းနေသော မီမီသည်လည်း သွေးများဖြင့် ရွှဲနစ်နေတော့သည်။
နာကာတာ၏ ခြေရင်းဆီသို့ ဂျွန်နီဝေါ်ကား ပြိုလဲသွားသည်။ ညချမ်းတစ်ခုတွင် ကလေးတစ်ယောက်အိပ်နေသလိုမျိုး တစောင်းအနေထားဖြင့် သူက ကွေးကွေးကလေးဖြစ်နေသည်။ သူသေဆုံးသွားသည်မှာ မမှားနိုင်တော့။ ဘယ်ဘက်လက်က လည်မျိုကို ဖိထားပြီး ညာဘက်လက်မှာမူ တစ်စုံတရာကို လှမ်းယူဖို့ ကြိုးစားနေသလို ဆန့်ထုတ်ထား၏။ အကြောဆွဲမှုများ ရပ်ဆိုင်းသွားပြီး၊ ရယ်သံလည်း တိတ်ဆိတ်သွားပြီ ဖြစ်ပါသည်။ သူ၏ နှုတ်ခမ်းတွင်တော့ မခိုးမခန့် အပြုံးလေးတစ်ခု ယဲ့ယဲ့မျှ ကျန်သေးသည်။ သစ်သားကြမ်းခင်းတွင် သွေးများ အိုင်ထွန်းနေပြီး ပိုးသားဦးထုပ်မှာ အခန်းထောင့်တစ်နေရာသို့ လွင့်စင်ကျနေသည်။ ဂျွန်နီဝေါ်ကား၏ ဦးခေါင်းနောက်မှ ဆံပင်များသည် ပါးလွှာပြီး ဦးရေပြားကိုပင် မြင်နေရ၏။ ဦးထုပ်ကျွတ်ကျသွားသောအခါမှ သူ၏သွင်ပြင်သည် များစွာအိုစာသွားပြီး ကူကယ်ရာမဲ့ပုံ ပေါက်နေတော့သည်။
နာကာတာသည် ဓားကို ပစ်ချလိုက်သည်။ အဝေးတစ်နေရာဆီမှ စက်တစ်လုံး ဒုံဒုံဂွမ်ဂွမ် မြည်နေသလို ဓားက ကြမ်းပြင်တွင်ခုန်ပေါက်ပြီး တတောက်တောက်အသံများမြည်လာသည်။ အသက်မရှိတော့သည့် ကိုယ်ခန္ဓာရှေ့တွင် အချိန်အတော်ကြာအောင် နာကာတာ ရပ်နေမိသည်။ အခန်းအတွင်းဝယ် အရာအားလုံး ငြိမ်သက်သွားလေပြီ။ သွေးများသာ တိတ်တဆိတ် ဆက်လက်စီးဆင်းနေပြီး ကြမ်းပြင်တွင် သွေးအိုင်တစ်အိုင် ဖြည်းညင်းစွာ ဖြစ်လာနေသည်။
နောက်ဆုံးတွင် နာကာတာက မိမိကိုယ်ကိုယ် အာရုံစုစည်းလိုက်ပြီး စားပွဲပေါ်ရှိ မီမီလေးကို ပွေ့ချီလိုက်သည်။ သူ့လက်ထဲတွင် နွေးထွေးဖျော့တော့စွာ ရှိနေပြီး သွေးများရွှဲနစ်နေသော်လည်း မီမီ ဒဏ်ရာအနာတရမရှိခဲ့ကြောင်း အထင်းသားမြင်နိုင်သည်။ တစ်စုံတစ်ခုပြောချင်သည့်သဖွယ် မီမီက သူ့ကို မျက်လုံးလှန်ကြည့်သော်လည်း ဆေးအရှိန်ကြောင့် သူ့ပါးစပ်က လှုပ်ရပုံမပေါ်။
ပုံးထဲတွင် ဂိုမကိုတွေ့ရသဖြင့် နာကာတာက အပြင်သို့ မယူလိုက်သည်။ တကယ်တော့ သူက ဂိုမကို ဓာတ်ပုံအတွင်းတွင်သာ မြင်ဖူးခဲ့သည်။ သို့သော် အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သည့် မိတ်ဆွေတစ်ဦးကို ပြန်တွေ့ရသလို သူခံစားရ၏။ `ဂိုမရယ်..´ ဟု သူက ညည်းညူလိုက်သည်။ ကြောင်ကလေးနှစ်ကောင်အား ပွေ့ချီကာ နာကာတာက ဆိုဖှာပေါ် ထိုင်ချလိုက်သည်။ `အိမ်ပြန်ကြစို့´ ဟု သူက ကြောင်ကလေးများကို ပြောလိုက်သော်လည်း မတ်တပ်ရပ်နိုင်စွမ်းပင် မရှိတော့။
တစ်နေရာဆီမှ ခွေးနက်ကြီးပေါ်လာပြီး အသက်ကင်းမဲ့နေသည့် သူ့သခင်ရှေ့တွင် ထိုင်ချလိုက်၏။ သွေးကွက်ပေါ် ထိုင်ချင်ထိုင်မိခဲ့မည်ဖြစ်သော်လည်း နာကာတာအနေဖြင့် အတိအကျ မမှတ်မိနိုင်တော့။ သူ့ဦးခေါင်းက လေးလံထိုင်းမှိုင်းလှပြီ။ ထို့နောက်တွင် သူက အသက်ကိုပြင်းပြင်းရှူရင်း မျက်လုံးများကို မှိတ်လိုက်သည်။ သူ့စိတ်က တဖြည်းဖြည်း ဖျော့တော့လာပြီးနောက် သူမသိလိုက်ခင်တွင်ပင် အမှောင်ထုအတွင်းသို့ နစ်မြုပ်ဝင်ရောက်သွားလေတော့သည်။

တေဇာ (လရောင်လမ်း)
Ref: Chapter 16, Kafka on the Shore by Haruki Murakami
Image Credit: http://wallcoo.net
Murakami ကို ကြိုက်တယ်။ Kafka ကို ကြိုက်သလိုပဲ။ သူတို့နှစ်ယောက်မှာရှိတဲ့ အရည်အချင်းတစ်ခုက ဝတ္ထုရှည်ရဲ့ အခန်းတိုင်းဟာ ဝတ္ထုတိုတစ်ပုဒ်ချင်းစီလို ဖြစ်နေတာပဲ။ Kafka on the shore ကို ဖတ်တုန်းက ဒီအခန်းကို အကြိုက်ဆုံးပဲ။ The Trial ထဲက Josef K. ပန်းချီဆရာကို သွားတွေ့တဲ့အခန်းကို ကြိုက်သလိုကြိုက်တာ။ မူရာကာမိကို အာရှသား Kafka လို့ တင်စားချင်တယ်။
ReplyDeleteဒီ ဂျပန်ကြီး အသက်ရှည်ပါစေဗျား။
ကျွန်တော်လည်း စဖတ်မိကတည်းက အဲဒီအခန်းကို စိတ်ထဲစွဲနေတယ်။ တစ်ခန်းတည်း ဖြတ်ပြီး ဘာသာပြန်လို့ ဖြစ်မယ်ထင်လို့ စမ်းကြည့်တာ။ ကိုအာကာကျော်ပြောတာကို ထောက်ခံချင်တယ်။ မူရာကမိဝတ္ထုရှည်တွေမှာ တစ်ခန်းချင်းစီကလည်း သီးခြားအရသာလေးရှိနေတယ် ထင်တယ်။
ReplyDelete