Skip to main content

Posts

Showing posts from December, 2010

အအေးရောင် ပန်းခြံ

တဖြည်းဖြည်း ပိုအေးလာတယ်။ ဟုတ်တယ်။ ရုတ်တရက်ကြီး အေးလိုက်ဖို့လည်း မသင့်ဘူးလေ။ သဘာဝဟာ ဒီအတိုင်းပဲ။ ဒါကို သဘာဝရဲ့ သဘာဝလို့ ပြောရမယ် ထင်တယ်။ အလင်းရဲ့အလျင်နှုန်းက အတော်မြန်ပေမဲ့ နေကတော့ တဖြည်းဖြည်းချင်း ၀င်နေတာပဲ။ စိမ်ပြေနပြေ ရွေ့လျားနေတာပဲ။ ကျွန်တော် ကြည့်လိုက်တိုင်း သူ ရွေ့နေတယ်လို့ကို မထင်ရဘူး။ နာရီက မိနစ်လက်တံကမှ သူ့ရဲ့ ခိုးချောင်ခိုးဝှက်ရွေ့လျားမှုကို တိုက်ဆိုင်ရင် ဖျပ်ခနဲ မြင်လိုက်နိုင်သေးတယ်။ ဒါပေမဲ့ အချိန်နဲ့ ပိုမိုနီးစပ်တာက မိနစ်လက်တံထက် နေမင်းကြီးပဲ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ နာရီတွေမရှိလို့ ပြဿနာမရှိပေမဲ့ နေမင်းကြီးမရှိရင်တော့ ညတွေချည်းပဲ ဖြစ်နေမှာပေါ့။ ထားပါတော့။ ကိုယ့်ကိုယ်ကိုယ် နောက်ဆုံး သတိထားမိချိန်တွေမှာ ကျွန်တော်ဟာ ညဥ့်နက်သန်းခေါင် အလယ်ကိုချည်း ရောက်ရောက်နေတတ်တယ်။ နေမင်းကြီး ဘယ်တုန်းက၊ ဘယ်လို ၀င်သွားခဲ့မှန်း မသိလိုက်ရဘူး။ သဘာဝဟာ အဲ့ဒီလို လှည့်စားတတ်တယ်။ ခုလည်း ကျွန်တော်က နှင်းတောထဲ ရောက်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ခိုက်ခိုက်တုန်နေတာကို ခုမှ သတိပြုလိုက်မိတယ်။ အပူချိန်တစစ လျော့လာတာကို ကျွန်တော် မသိလိုက်ဘူး။ ဆောင်းတွင်းပဲ အေးမှာပေါ့လို့ မပြောနဲ့။ အေးခဲတတ်တဲ့ ကာလအပိုင်းအခြားတစ်ခုကိ

ရာဇ၀တ်မှုနှင့် ဉာဏ်ရည်

ရာဇ၀တ်သားများသည် ရာဇ၀တ်သားမဟုတ်သူများထက် ပို၍ ဉာဏ်ရည်နိမ့်လေ့ရှိကြသည်။ မှုခင်းပညာရှင်များ အနေဖြင့် ရာဇ၀တ်သားများသည် ယေဘုယျလူများထက် ပို၍ ဉာဏ်ရည်နိမ့်လေ့ရှိကြောင်း ကာလအတန်ကြာကတည်းက သိရှိခဲ့ပြီးဖြစ်သော်လည်း အကြောင်းရင်းကိုမူ မသိခဲ့ကြပေ။ ယခုအခါ အဆိုပါ ပုစ္ဆာအား အဖြေညှိပေးနိုင်ဟန်ရှိသော `ယူဆချက်´ တစ်ရပ် ပေါ်ထွက်လာပါသည်။ အဆိုပါ ယူဆချက်၏ အထိုင်မှကြည့်လျှင် သတိပြုရမည့် အရေးကြီးသောအချက် နှစ်ရပ်ရှိသည်။ ပထမအချက်မှာ ယနေ့တွင် လူအချင်းချင်းပြန်လှန်ကျူးလွန်သော ရာဇ၀တ်မှုများဖြစ်သည့် လူသတ်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ဓါးပြမှုနှင့် ခိုးဝှက်မှုများမှာ ရှေးရိုးစဉ်ဆက် ၀န်းကျင်က အဖိုမျိုးစိတ်များအကြား အစဉ်လုပ်ဆောင်လာခဲ့သော နိစ္စဒူဝ အကျင့်စရိုက်များသာ ဖြစ်ပါသည်။ လူသားဆင့်ကဲတိုးတက်မှုသမိုင်း အများစု၏ အလိုအရ ၎င်းတို့မှာ မိမိတို့၏လိုအပ်ချက်များနှင့် မိတ်လိုက်ခွင့်အတွက် ယှဉ်ပြိုင်ရာတွင် အသုံးပြုတတ်သည့် အမျိုးသားများ၏ ပုံမှန်စရိုက်များသာ ဖြစ်ပါသည်။ အပြစ်ပေးခံရခြင်းမရှိဘဲ အလွတ်ရုန်းနိုင်စွမ်းရှိခဲ့လျှင် ၎င်းတို့သည် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခြင်းနှင့် တစ်ဦးထံမှတစ်ဦး ခိုးဝှက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

အတိုးဆုံးကဗျာများ (၃၁)

တုတ်မကျိုးလိုခြင်း တောကြီးမြွေဟောက်လိုအကောင်နဲ့ ရင်ဆိုင်တိုးခဲ့ရရင်တောင် လက်ဆွဲနှုတ်ဆက်ဖို့ အသင့်ပါ ဖြစ်နိုင်မယ်ဆိုရင်လေ...။ ပစ်မှတ် စပါးအုံးက ယုန်ငယ်ကိုညှို့တယ် ယုန်ငယ်က မခို့တယို့ပြုံးတယ် ခင်ဗျားဟာ ဆာလောင်နေရှာတဲ့ မြွေတစ်ကောင်ပဲတဲ့ ဟုတ်တယ် သူ့ကိုမှမရရင် သေရတော့မယ့်ပုံနဲ့။ အလျှော်အစား ကျွန်တော်နဲ့ မတူတဲ့လူတွေရဲ့ အမုန်းကို ကြောက်လို့တော့ ကျွန်တော်နဲ့ တူတဲ့လူတွေရဲ့ အချစ်ကို လက်မလွှတ်နိုင်ပါဘူး။ ဓမ္မဓိဋ္ဌာန်မေးခွန်း ဘယ်ကိုရောက်ရောက် ဆိုမှတော့ သွားချင်တဲ့လမ်းက သွားပေါ့ (တဲ့) [*] ဒါဆို ကျွန်တော် ဘယ်လမ်းကသွားချင်သလဲဆိုတာ ပြောပြပါလား။ မှန်ဘောင် အလှမွေးငါးလေးတွေရဲ့ မြင်ကွင်းဟာ ယိုင်နေတယ် လူတွေဟာ ဆွေစောင်းစောင်း။ မရက်စက်ကြပါနဲ့ ကျွန်တော် ဒီမျက်လုံးအိမ်ထဲက လွတ်မြောက်ချင်လှပြီ။ တေဇာ (လရောင်လမ်း) [*] Lewis Carroll's quote.

ရသခံစားမှုတွင် နားလည်သိမှတ်မှုနှင့် ယုံကြည်မှုတို့၏ အခန်းကဏ္ဍ

အနုပညာ သို့မဟုတ် ရသစာပေအား ချဉ်းကပ်ရာတွင် ယင်းတို့၏ ရသတန်ဖိုးအား ခံစားနိုင်ရန် ကျွန်တော်တို့၏ ယုံကြည်မှုများကို ခွာချထားရမည်လားဟူသော မေးခွန်းတစ်ခု ရှိပါသည်။ ယခုအခါ ဝေဖန်ရေးပညာရှင်များက `အမှန်မဲ့သီအိုရီ´ (No Truth) အား တင်ပြလာပါသည်။ အနုပညာတစ်ရပ်၏ မှန်ကန်မှုအပေါ် မေးခွန်းထုတ်ခြင်းသည် ယင်း၏ ရသဂုဏ်ရည်များအား ချဉ်းကပ်ရန် အဟန့်အတားတစ်ရပ်ပင်ဖြစ်သည်ဟု အမှန်မဲ့သီအိုရီက သက်သေထူသည်။ အနုပညာပစ္စည်းတစ်ခု၏ မှန်ကန်မှုအား မေးခွန်းထုတ်သော အခိုက်အတန့်၊ (အနုပညာပစ္စည်းတစ်ခု၏) အရှိတရားအား ဖယ်ခွာလိုက်သည့် အခိုက်အတန့်တွင် အရေးကြီးသည့် ရသခံစားမှုမှာ ပျောက်ဆုံးသွားရပေသည်။ `မှန်ကန်မှုနှင့် ကိုယ်စားပြုခြင်း´ အမည်ရသည့် အက်ဆေးတွင် Hursthouse က အမှန်မဲ့သီအိုရီသမားများ၏ ငြင်းခုန်ချက်များအား ရှင်းလင်းပြခဲ့သည်။ လူတစ်ယောက်သည် ကဗျာ သို့မဟုတ် ၀တ္ထုတစ်ပုဒ်အား ဖတ်ရှုရာတွင် ယင်းသည် ကဗျာ သို့မဟုတ် ၀တ္ထုတစ်ပုဒ်သာဖြစ်သည်ဟု စဉ်းစားသည်ဆိုသော် ပြင်ပအစစ်အမှန်ကမ္ဘာနှင့် ပတ်သက်သည့် သူ၏ ယုံကြည်ချက်များအားလုံးကို ဘေးချိတ်ထားသင့်ပေသည်။ အမှန်မဲ့သီအိုရီသမားများ၏ ယုံကြည်မှုမှာ အဆိုပါ ဖယ်ခွာမှု၊ တစ်နည်း အမှန်မဟုတ် ၀တ္ထု/ကဗျာတစ်ပုဒ်သာ ဖြစ်သည်ဟု ယူမှတ်ထာ

အတိုးဆုံးကဗျာများ (၃၀)

ဝန်ခံချက် အပြည့်အစုံ ကျွန်တော်လေ့လာမိသလောက်တော့ တစ်ခန်းလုံး မှောင်နေတယ်ဗျ ဘာမှမမြင်ရဘူး ကျွန်တော်သိတာ ဒါအကုန်ပါပဲ ဆရာ။ ကမ္ဘာမှာကပ်နေတဲ့ အိမ်မြောင် မြင့်မြင့်ပျံရင် ဝေးဝေးမြင်တယ်၊ ထားကွယ် ဒါပေမဲ့ အထက်အောက်မရှိတဲ့ နေရာမှာကျတော့ ဘယ်လိုပျံရပါ့ ဥပမာ အနန္တစကြ၀ဠာလိုမျိုး။ ဖျက်ရန်မရှိ ပြင်လို့ရတဲ့အမှားရှိတယ် မရတဲ့အမှားရှိတယ် လောကကြီးမှာ...။ ပြင်လို့မရတော့လည်း ရှိစေ..ပေါ့ ခင်ဗျားအခု အသက်ကြီးရှူနေခဲ့သလိုမျိုး။ စိတ်ပုံကားချပ် ကဗျာဆရာမှာ လောကအမြင်ရှိဖို့လိုသလား မျက်စိ၊ နား၊ နှာ၊ လျှာနဲ့ ပါးစပ် ပြီးတော့ စိတ်ကလေးတစ်စက်လောက်ပါအောင် ထည့်ဆွဲပေးနော် ကဗျာဆရာ့ပုံမှာ။ မီးများ ချမ်းချမ်းစီးစီး အတော်ချွေးပျံမိတယ် အတွေးချော်မနေပါနဲ့ ပတ်ဝန်းကျင်အခြေအနေတွေဟာ ကျွန်တော့်တို့ကို အေးခဲမသွားစေနိုင်ပါဘူး။ တေဇာ (လရောင်လမ်း)

မဟူရာ လက်တစ်စုံ၏ မုသား (သို့) လျူရှောင်ဘို

ဒီနေ့ (၁၀-၁၂-၂၀၁၀) မှာ တရုတ် အတိုက်အခံ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူ `လျူရှောင်ဘို´ (Liu Xiaobo) ကို အော်စလို (Oslo) မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လျူဟာ ဆုပေးပွဲအခမ်းအနားကို ကိုယ်တိုင်ရော ကိုယ်စားပါ တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ တရုတ်အာဏာပိုင်တွေက လျူအား ထိမ်းသိမ်းထားပြီး၊ လျူရဲ့ ဇနီးဟာလည်း နေအိမ်အကျုယ်ချုပ်နဲ့ နေနေရပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ကိုယ်စား တက်ရောက် ယူနိုင်ခဲ့ပါတယ်။ ဒီနှစ် အခမ်းအနားမှာတော့ လျူရဲ့ ထိုင်ခုံနေရာဟာ သင်္ကေတတစ်ခုအနေနဲ့ လစ်လပ်နေမှာပါ။ ဒါဟာ နိုဘယ်ဆုသမိုင်းမှာ ရှားရှားပါးပါးနဲ့ ဒုတိယအကြိမ် ဖြစ်ပါတယ်။ သူ့ရှေ့မှာ ဂျာမန် စာနယ်ဇင်းနဲ့ စစ်ဆန့်ကျင်ရေးသမား `အိုဇီယက်စကီး´ (Carl von Ossietzky) တစ်ဦးသာ ရှိခဲ့ပါတယ်။ သူကတော့ ၁၉၃၅ ခုနှစ် ဆုရှင်ဖြစ်ပြီး၊ နာဇီအကျဉ်းစခန်းထဲ ရောက်နေခဲ့တဲ့အတွက် ဆုတက်ရောက်မယူနိုင်ခဲ့တာပါ။

ပန်းတစ်ပွင့်၏ တည်ဆောက်ပုံ (The Structure of a Flower)

ဝတ်မှုံအိတ် ၀တ်ဆံဖိုတိုင် ပွင့်ဖတ် ပွင့်ချပ် ၀တ်မှုံခံ ၀တ်မှုံခံတိုင် ၀တ်ဆံမ မျိုးဥအိမ် ပွင့်ချပ်အောက်ခံ ပွင့်ညှာ ပန်းတစ်ပွင့်ပြီးသွားပါပြီ။ လိပ်ပြာနဲ့ ပျားပိတုံးလေးများ ပြီးတော့ လေညင်းလေးနုနုတောင် မပါတဲ့ပုံမှာ အလိုဆန္ဒတစ်ခုခုကိုများ သင်ရှာဖွေနေပါသလား။ The Structure of a Flower Anther Filament Petal Sepal Stigma Style Pistil Ovary Receptacle Pedicel A complete flower. Without little butterflies and bees, Besides, even not the soft breeze, Are you searching a certain 'will' In the picture? တေဇာ (လရောင်လမ်း) စိုင်းအဘိဓါန် မှ ရုက္ခဗေဒ ဝေါဟာရများအား ယူသုံးပါသည်။ Picture Credit: http://www.bio.miami.edu

Mutual Sense (ကြားနေ အာရုံ)

Mutual Sense Every picture tells a story! But reading my picture, Please don't categorize me under 'fiction'. ကြားနေ အာရုံ အပွေးမြင် အပင်သိ။ ဒါပေမဲ့ အပွေးကိုကြည့်ပြီးတော့တော့ ကျွန်တော့်ကို ရုက္ခဗေဒမျိုးနွယ်စုထဲ ဆွဲ, မထည့်လိုက်ပါနဲ့။ တေဇာ (လရောင်လမ်း)

အတိုးဆုံးကဗျာများ (၂၉)

တိုက်ရိုက်အချိုး ပင့်ကူမျှင်တွေရဲ့  စေးကပ်နိုင်စွမ်းဟာ ပိုးဖလံတို့၊ လိပ်ပြာတို့ရဲ့ ယေဘုယျ တောင်ပံခတ်နိုင်စွမ်းနဲ့ ထပ်တူကျရမှာပဲပေါ့...။ အယူအဆများ ကျွန်တော်က ဒီလိုပြောတာ ကျွန်တော့် အယူအဆပေါ့ မှားတယ်မှန်တယ် မပြောပါဘူး။ ဒါပေမဲ့ ကျွန်တော်ပြောတဲ့ ဒီလိုတွေကို ခင်ဗျားက မှားတယ်မှန်တယ် ပြောခွင့်ရှိပါတယ် ဒါလည်း ခင်ဗျားအယူအဆပဲလို့ ကျွန်တော်ကယူဆတယ်လေ။ ဒိုးဇက် အကျိုးဆက် တန်းစီထောင်ထားတဲ့ ဒိုးဇက်လေးတွေလို ဆက်တိုက်ပြိုလဲကျသွားရိုးလား။ ငါတို့ဟာ လေယူရာယိမ်းခဲ့သလောက် အသက်နုတ်ယူဖို့ခက်တဲ့ စုစည်းမြက်ပင်ငယ်လေးတွေ မဟုတ်ဘူးလား။ တိုက်ဆိုင်စစ်ဆေးမှု ဘ၀ကိုကျွန်တော် စိတ်ဝင်စားစပြုလာပြီ ဘာဖြစ်လို့လဲသိလား သိရင်ပြောပြပါ ကျွန်တော်လည်း အဲဒါကို သိပ်သိချင်နေတယ်။  နိမိတ်ပုံ မျက်ရည်တွေရဲ့ နိမိတ်ပုံကို ဘယ်လို ထင်ရှားအောင်ပြောရပါ့မလဲ။ အငန်ဓါတ်ကို ကြားနိုင်တဲ့ မျက်လုံးတွေရော ရှိပါရဲ့လား။ တေဇာ (လရောင်လမ်း)

၃၈ မျဉ်းပြိုင် (သို့မဟုတ်) ကိုရီးယားစစ်ပွဲ

(က) စစ်ပွဲ၏ အခြေခံများ စစ်ပွဲ၏ ရင်းမြစ်မှာ ၁၉၁၀ ခုနှစ်တွင် ကိုရီးယားအား ဂျပန်မှ သိမ်းပိုက်ခဲ့ခြင်းဟူသော အချက်တွင် အခြေတည်သည်။ ဂျပန်တို့ စစ်ရှုံးသောအခါ (သြဂုတ်၊ ၁၉၄၅) အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့က နိုင်ငံအား ၃၈ မျဉ်းပြိုင် (မြောက်လတ္တီကျူ ၃၈ ဒီဂရီ) အတိုင်း ဇုန်နှစ်ခု ခွဲခြမ်းရန် သဘောတူညီခဲ့ကြသည်။ ရည်ရွယ်ချက်မှာ ဂျပန်လက်နက်ချခြင်းနှင့် ဆုတ်ခွါခြင်းအား နီးနီးကပ်ကပ် စီမံခန့်ခွဲနိုင်ရန် ဖြစ်သည်။ ရုရှားသည် မြောက်ဘက်ခြမ်း (၎င်းသည် ဆိုဗီယက်ပြည်ထောင်စုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်) နှင့် အမေရိကန်ပြည်ထောင်စုက တောင်ဘက်ခြမ်းဖြစ်သည်။ အမေရိကန်တို့နှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် ထိုသို့ အမြဲတမ်းခွဲခြားထားရန် ရည်ရွယ်ရင်းမရှိခဲ့ပေ။ ကုလသမဂ္ဂက နိုင်ငံတစ်ခုလုံးအတွက် လွတ်လပ်သော ရွေးကောက်ပွဲကျင်းပရန် ဆန္ဒရှိပြီး အမေရိကန်ကလည်း သဘောတူခဲ့သည်။ ၎င်းတို့ သိမ်းပိုက်ထားသည့် တောင်ဘက်ခြမ်းသည် စုစုပေါင်း လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ပါဝင်နေရာ ကွန်မြူနစ်မြောက်ခြမ်းအား မဲဆန္ဒဖြင့် ဖြုတ်ချပစ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့ရာတွင် ကိုရီးယားပြန်ပေါင်းထုပ်ရေးသည် ဂျာမနီကဲ့သို့ပင် မကြာခင် စစ်အေးအားပြိုင်မှု၏ အစိတ်