Skip to main content

၃၈ မျဉ်းပြိုင် (သို့မဟုတ်) ကိုရီးယားစစ်ပွဲ

(က) စစ်ပွဲ၏ အခြေခံများ

စစ်ပွဲ၏ ရင်းမြစ်မှာ ၁၉၁၀ ခုနှစ်တွင် ကိုရီးယားအား ဂျပန်မှ သိမ်းပိုက်ခဲ့ခြင်းဟူသော အချက်တွင် အခြေတည်သည်။ ဂျပန်တို့ စစ်ရှုံးသောအခါ (သြဂုတ်၊ ၁၉၄၅) အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့က နိုင်ငံအား ၃၈ မျဉ်းပြိုင် (မြောက်လတ္တီကျူ ၃၈ ဒီဂရီ) အတိုင်း ဇုန်နှစ်ခု ခွဲခြမ်းရန် သဘောတူညီခဲ့ကြသည်။ ရည်ရွယ်ချက်မှာ ဂျပန်လက်နက်ချခြင်းနှင့် ဆုတ်ခွါခြင်းအား နီးနီးကပ်ကပ် စီမံခန့်ခွဲနိုင်ရန် ဖြစ်သည်။ ရုရှားသည် မြောက်ဘက်ခြမ်း (၎င်းသည် ဆိုဗီယက်ပြည်ထောင်စုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်) နှင့် အမေရိကန်ပြည်ထောင်စုက တောင်ဘက်ခြမ်းဖြစ်သည်။ အမေရိကန်တို့နှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် ထိုသို့ အမြဲတမ်းခွဲခြားထားရန် ရည်ရွယ်ရင်းမရှိခဲ့ပေ။ ကုလသမဂ္ဂက နိုင်ငံတစ်ခုလုံးအတွက် လွတ်လပ်သော ရွေးကောက်ပွဲကျင်းပရန် ဆန္ဒရှိပြီး အမေရိကန်ကလည်း သဘောတူခဲ့သည်။ ၎င်းတို့ သိမ်းပိုက်ထားသည့် တောင်ဘက်ခြမ်းသည် စုစုပေါင်း လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ပါဝင်နေရာ ကွန်မြူနစ်မြောက်ခြမ်းအား မဲဆန္ဒဖြင့် ဖြုတ်ချပစ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့ရာတွင် ကိုရီးယားပြန်ပေါင်းထုပ်ရေးသည် ဂျာမနီကဲ့သို့ပင် မကြာခင် စစ်အေးအားပြိုင်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ မည်သည့်သဘောတူညီချက်မျိုးမှ မချမှတ်နိုင်ဘဲ လူလုပ် ပိုင်းခြားမျဉ်းသည် ဆက်လက်တည်ရှိနေခဲ့သည်။ တောင်ဘက်ခြမ်းတွင် ကုလသမဂ္ဂမှ ကမကထပြု၍ ရွေးကောက်ပွဲများကျင်းပပြီး ကိုရီးယားသမ္မနိုင်ငံ (Republic of Korea) သို့မဟုတ် တောင်ကိုရီးယားနိုင်ငံအား ထူထောင်ခဲ့ပြီး သမ္မတအဖြစ် Syngman Rhee နှင့် ၎င်း၏ မြို့တော်သည် Seoul မြို့ဖြစ်လာခဲ့သည် (သြဂုတ်၊ ၁၉၄၈)။ တစ်ဆက်တည်းမှာပင် ရုရှားက ဒီမိုကရက်တစ် ကိုရီးယား ပြည်သူ့ သမ္မတနိုင်ငံ (Democratic People’s Republic of Korea) သို့မဟုတ် မြောက်ကိုရီးယားနိုင်ငံအား Pyongyang မြို့တော်သတ်မှတ်၍ Kim Il Sung ၏ ကွန်မြူနစ်အစိုးရ၏ လက်အောက်တွင် ထူထောင်ခဲ့ပြန်သည်။ ၁၉၄၉ ခုနှစ်၊ ရုရှားနှင့် အမေရိကန်တပ်များ ရုတ်သိမ်းသောအခါ အနာဂတ်တွင် ရန်မီးပွားစေမည့် အခြေအနေမျိုးဖြင့် ချန်ရစ်ထားခဲ့သည်။ ကိုရီးယားလူမျိုးအများစုအနေဖြင့် မိမိတို့နိုင်ငံအား ပြင်ပလူများမှ အင်အားသုံးကာ လူလုပ်နယ်ခြားစည်း တားခဲ့ခြင်းအား အပြင်းအထန် မကျေနပ်ကြသလို တောင်နှင့်မြောက် နှစ်နိုင်ငံ ခေါင်းဆောင်းများမှလည်း မိမိသည်သာ နိုင်ငံတစ်ခုလုံး အုပ်ချုပ်ခွင့်ရှိသည်ဟု ကိုယ်စီ ကြေငြာခဲ့ကြသည်။ ၁၉၅၀၊ ဇွန်လတွင် မြောက်ကိုရီးယားတပ်များက ကြိုတင်အသိပေးချက်မရှိဘဲ တောင်ကိုရီးယားနိုင်ငံအား ကျူးကျော်ခဲ့သည်။


(ခ)    အဘယ်ကြောင့် မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို ကျူးကျော်ခဲ့ရသနည်း။

ယနေ့အချိန်ထိသော်မှ အဆိုပါတိုက်ခိုက်မှု၏ ရင်းမြစ်အားလည်းကောင်း၊ မည်သူ၏ စိတ်ကူးဆိုသည်ကို လည်းကောင်း ရှင်းလင်းစွာမသိရသေးပေ။ အောက်ပါအတိုင်း ယူဆခဲ့ကြပါသည်။

•    Kim Il Sung ၏ ကိုယ်ပိုင်စိတ်ကူးဖြစ်သည်။ ၁၉၅၀ ဦးပိုင်းမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Dean Acheson ၏ ထုတ်ပြန်ချက်တစ်ခုက တွန်းအားပေးခဲ့ခြင်း ဖြစ်နိုင်သည်။ Acheson က ပိစိဖိတ်ဒေသတစ်ဝိုက်ရှိ မည်သည့်ဒေသများအား အမေရိကန်အနေဖြင့် ခုခံရန်ရည်ရွယ်ချက်ရှိသည်ဟု ပြောဆိုခဲ့ပြီး ၎င်းညွှန်းဆိုသော ဒေသများတွင် အကြောင်းအချို့ကြောင့် ကိုရီးယား မပါဝင်ခဲ့ပေ။

•    တရုတ်ကွန်မြူနစ် အစိုးရသစ်ကြောင့် Kim Il Sung အနေဖြင့် အားတက်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုအချိန်က တရုတ်အစိုးရသည် Fukien ဒေသတွင် တပ်များ အနှံ့အပြား ဖြန့်ကျဲထားပြီး ထိုင်ဝမ်အားရင်ဆိုင်ရန်နှင့် ချန်ကေရှိတ် (Chiang Kai-shek) အား တိုက်ခိုက်တော့မည့်ဟန် ပြုလုပ်ထားခဲ့သည်။

•    (အမေရိကန်သမ္မတ) Truman ၏ သဘောထားကြံ့ခိုင်မှုအား သွေးတိုးစမ်းလိုသည့်အနေဖြင့် ဖြစ်စေ၊ မြောက်ကိုရီးယားအား တင့်ကားနှင့် အခြားစစ်လက်နက်ပစ္စည်းများ ထောက်ပံ့ခဲ့သော ရုရှားတွင်လည်း တာဝန်ရှိသည်။ ကွန်မြူနစ်တို့အနေဖြင့် တောင်ကိုရီးယားအား သိမ်းပိုက်နိုင်ခဲ့ပါက ပစိဖိတ်ဒေသတွင် ရုရှား၏ ရပ်တည်ချက်ကို အားကောင်းလာစေလိမ့်မည်ဖြစ်သည်။ အနောက်ဘာလင် (ဂျာမနီ) ရှိ စတာလင်၏ အရှုံးအား အဖတ်ဆည်နိုင်သော အမေရိကန်တို့အပေါ် ထည်ဝါစွာ အောင်ပွဲခံနိုင်ခြင်းလည်း ဖြစ်လိမ့်မည်။

•    တောင်ကိုရီးယားမှ စစ်ပွဲအားစတင်ခဲ့ခြင်းဖြစ်သည်ဟု `သစ္စာဖောက်´ (Bandit Traitor) Syngman Rhee ၏ တပ်များ ၃၈ မျဉ်းပြိုင်အား ဖြတ်ကျော်လာချိန်တွင် ကွန်မြူနစ်တို့ဖက်မှ ကြေငြာခဲ့ကြသည်။

(ဂ)     အမေရိကန်၏ အခန်းကဏ္ဍ

အဆိုပါတိုက်ခိုက်မှုသည် စတာလင်၏ စနက်ဖြစ်ဟု ထရူးမင်းက ယုံကြည်ခဲ့၏။ ယင်းသည် ကွန်မြူနစ်ဝါဒအား တတ်နိုင်သမျှ ပြန့်ပွားရန် ကြံစည်နေသော ရုရှား၏ ကျယ်ပြန့်လှသည့် အစီအမံများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ထရူးမင်းက မြင်ပြီး ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်သော အပြုအမူတစ်ရပ်ဟုလည်း ယူဆသည်။ ထို့ကြောင့် အမေရိကန်သည် ၎င်း၏ မူဝါဒအား ယတိပြတ် ပြောင်းလဲခဲ့သည်။ ယခင်က စီးပွားရေးဆိုင်ရာ အကူအညီများနှင့် ထောက်ခံမှု ကတိစကားများသာ ပေးခဲ့ရာမှ `တောင်ကိုရီးယားအား မိတ်ဆွေစစ်ပုံစံ (Stand by) ထောက်ကူပံ့ပိုးရန်မှာ အနောက်အတွက် အရင်းအနှစ်ကျသည်ဟု ထရူးမင်းက ဆုံးဖြတ်ခဲ့သည်။ ကုလသမဂ္ဂမှ အဆုံးအဖြတ်တစ်စုံတစ်ရာ မချရသေးမီပင် ဂျပန်ရှိ အမေရိကန်တပ်များအား ကိုရီးယားသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြောက်ကိုရီးယားအား ၎င်း၏တပ်များကို ဆုတ်ခွာရန် တိုက်တွန်းခဲ့ပြီး၊ မြောက်ကိုရီးယားမှ လျစ်လျူရှုသောအခါ အဖွဲ့ဝင်နိုင်ငံများအား တောင်ကိုရီးယားဘက်မှ အကူအညီပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂတွင် ရုရှား၏နေရာ လစ်လပ်နေသောအချိန်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ `မော်´ (မော်စီတုံး) ၏ တရုတ်အစိုးရသစ်အား အသိအမှတ်ပြုရန် ငြင်းဆန်ချက်အား သပိတ်မှောက်သည့်အနေဖြင့် ကုလသမဂ္ဂအစည်းအဝေးပွဲများအား ရုရှားက မတက်ရောက်သည့်အချိန်နှင့် တိုက်ဆိုင်နေခြင်းကြောင့်ဖြစ်ပြီး သို့မဟုတ်ပါက အဆိုပါဆုံးဖြတ်ချက်အား ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချမည်မှာ သေချာသည်။ အဆိုပါဖြစ်ရပ်တွင် အမေရိကန်ပြည်ထောင်စုနှင့် အခြား (၁၄) နိုင်ငံတို့မှ (သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ထိုင်ဝမ် (Nationalist China)၊ ပြင်သစ်၊ နယ်သာလန်၊ ဘယ်ဂျီယံ၊ ကိုလံဘီယာ၊ ဂရိ၊ တူရကီ၊ ပနားမား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗြိတိန်) တပ်များစေလွှတ်ခဲ့ပြီး အများစုမှာမူ အမေရိကန်တပ်များသာ ဖြစ်သည်။ တပ်များအားလုံးကို အမေရိကန်ဗိုလ်ချုပ်ကြီး MacArthur က ဦးဆောင်သည်။

ကုလသမဂ္ဂမဟာမိတ်တပ်များ ကိုရီးယားကျွန်းဆွယ်သို့ ဆိုက်ရောက်ချိန်မှာ တောင်ကိုရီးယားတစ်နိုင်လုံး ကွန်မြူနစ်လက်အောက် ကျရောက်ခြင်းကို ကာကွယ်ရန်အလို့ငှာ အချိန်မီကလေးပင်ဖြစ်သည်။ စက်တင်ဘာလတွင် ကွန်မြူနစ်တပ်များသည် Pusan ဆိပ်ကမ်းတစ်ဝက်ရှိ အရှေ့တောင်ပိုင်းမှတစ်ပါး တစ်နိုင်ငံလုံးနီးပါးအား သိမ်းယူပြီးဖြစ်သည်။ ကုလသမဂ္ဂ တပ်ကူများသည် Pusan သို့ ခြေချပြီးနောက် စက်တင်ဘာ (၁၅) ရက်တွင် အမေရိကန် ရေတပ်သားများသည်  Seoul မြို့အနီးရှိ Inchon သို့ ရောက်ရှိကြသည်။ ဤသည်မှာ ကွန်မြူနစ်တပ် ရှေ့တန်းစစ်မျက်နှာနှင့် မိုင် (၂၀၀) အကွာအဝေးဖြစ်သည်။ ထို့နောက် မြောက်ကိုရီးယားတပ်များသည် မယုံနိုင်လောက်အောင် လျင်မြန်စွာ ပြိုကွဲသွားပြီး စက်တင်ဘာလ နှောင်းပိုင်းတွင် ကုလသမဂ္ဂတပ်များသည် Seoul မြို့သို့ ၀င်ရောက်ပြီး တောင်ပိုင်း ကွန်မြူနစ်များကို ရှင်းလင်းသည်။ ထိုအခြေအနေတွင် ကုလသမဂ္ဂချမှတ်ထားသော မူလ ရည်ရွယ်ချက် အောင်မြင်ပြီးဖြစ်၍ အပြစ်အခတ်ရပ်စဲရေး စတင်ရမည့်အစား၊ ထရူးမင်းက မြောက်ကိုရီးယားသို့ ဆက်လက်ကျူးကျော် ၀င်ရောက်ရန် အမိန့်ပေးခဲ့သည်။  ဤသည်မှာ ကုလသမဂ္ဂ၏ ခွင့်ပြုချက်အရဖြစ်ပြီး နိုင်ငံအား စုစည်းရန်နှင့် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပရန် ရည်မှန်းချက်ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချူအင်လိုင်း (Zhou Enlai) က ကုလသမဂ္ဂတပ်များ မြောက်ကိုရီးယားသို့ ၀င်ရောက်လျှင် တရုတ်အနေဖြင့် ခုခံသင့်သည်ဟု သတိပေးခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်။ အောက်တိုဘာလ နှောင်းပိုင်းတွင် ကုလသမဂ္ဂတပ်များ မြို့တော် Pyongyang ကို သိမ်းပိုက်ခဲ့ပြီး ယင်းသည် မြောက်ကိုရီးယား၏ သုံးပုံနှစ်ပုံ၊ Yalu မြစ်အထိရောက်သော မြောက်ကိုရီးယားနှင့်တရုတ် နယ်စပ်ဖြစ်သည်။

ဤအချက်သည် တရုတ်အစိုးရအား ပြင်းထန်စွာ အန္တရာယ်သံချောင်းခေါက်သလို ဖြစ်စေခဲ့သည်။ ချန်ကေရှိတ် (Chiang) အား တိုက်ခိုက်ရန် အကာအကွယ်ပြုထားသကဲ့သို့ ပြည်မနှင့် ထိုင်ဝမ်ကြားတွင် အမေရိကန်တပ်များသည် တံတိုင်းကာစွဲထားပြီး ဖြစ်နေသည်။ မြောက်ကိုရီးယားရှိ တရုတ်နယ်စပ် မန်ချူးရီးယားအား ၎င်းတို့ (အမေရိကန်တို့) ကျူးကျော်နိုင်မည့် အရိပ်သဏ္ဍာန်များသဖွယ်လည်း ဖြစ်နေသည်။ ထို့ကြောင့် နိုဝင်ဘာလတွင် တရုတ်သည် များပြားလှသည့် တန်ပြန်တိုက်ခိုက်ရေးတပ်သား ၃၀၀ ၀၀၀ အား `အပျော်တမ်းအဖွဲ့ဝင်များ´ (Volunteers) တံဆိပ်ကပ်၍ စေလွှတ်ခဲ့လေသည်။ ၁၉၅၁ ဇန်န၀ါရီ လလယ်တွင် ကုလသမဂ္ဂတပ်များအား မြောက်ကိုရီးယားမှ မောင်းထုတ်နိုင်ခဲ့ပြီး၊ ၃၈ မျဉ်းပြိုင်ကိုဖြတ်ကာ Seoul မြို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ တရုတ်တပ်များ၏ အင်အားကို ဗိုလ်ချုပ်ကြီး McArthur ကိုယ်တိုင် အံအားသင့်တုန်လှုပ်ခဲ့ရပြီး ကွန်မြူနစ်ဝါဒအား အကောင်းဆုံးချေမှုန်းနိုင်ရန်မှာ မန်ချူးရီးယားကို သိမ်းပိုက်ခြင်းသာဖြစ်ပြီး လိုအပ်ပါက အနုမြူဗုံးကို အသုံးပြုသင့်သည်ဟု ပြောဆိုခဲ့သည်။ သို့ရာတွင် ဤသို့ဖြစ်လျှင် ကျယ်ပြန့်သောစစ်ပွဲတစ်ရပ်ဖြစ်ပေါ်လာနိုင်သည်ဟု ထရူးမင်းက ထင်မြင်ခဲ့ပြီး၊ ယင်းအား အမေရိကန်ပြည်ထောင်စုအနေဖြင့် အလိုမရှိပေ။ ထို့ကြောင့် သူက `ကွန်မြူနစ်ဝါဒ ပါလေဟန်´ (Merely Communism) အခြေအနေတွင် ထားရှိရန် ဆုံးဖြတ်ခဲ့ပြီး၊ MacArthur အား ရာထူးမှ ဖယ်ရှားခဲ့သည်။ ဇွန်လတွင် ကုလသမဂ္ဂတပ်များသည် တောင်ကိုရီးယားမှ ကွန်မြူနစ်များအား ပြန်လည်ရှင်းထုတ်ခဲ့ပြီး နယ်စပ်တွင် ခံတပ်ချခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား Panmunjom တွင် ပြုလုပ်ခဲ့ပြီး နှစ်နှစ်ခန့်ကြာမြင့်သည်။ ၁၉၅၃၊ ဇူလိုင်လကုန်တွင် နယ်စပ်မျဉ်းအား အကြမ်းဖျင်းအားဖြင့် ၃၈ မျဉ်းပြိုင်တစ်လျှောက် ရှိစေရမည်ဟူသော သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ပါသည်။

မှတ်ချက်။ Macmillan ထုတ် ကျောင်းသားသုံး သမိုင်းစာအုပ်မှ ဘာသာပြန်ဆိုပါသည်။

ဆက်ရန်

တေဇာ (လရောင်လမ်း)
Ref: Mastering Modern World History by Norman Lowe

Comments

  1. အကျဉ်းချုံး ဖတ်လို့ ကောင်းတယ်။ 38 Parallel ဟင်း.. ဉာဏ်ကွန့်ပြီး ချမှတ်လိုက်ခဲ့တာ အခုထိ မပြီးနိုင်တော့ဘူး။ လောင်စာတွေ ရှိနေမှတော့ မီးစ တစ်စပဲ လိုတာပဲ။

    ReplyDelete
  2. ကျေးဇူး ကိုတေဇာ။

    ReplyDelete
  3. ကောင်းတယ်ဗျို့ ကိုတေဇာ။ အရင်က တရုတ်က၀င်ချပေးခဲ့တာလို့ပဲသိတာ။ ခုမှအသေးစိတ်သိတော့တယ်။ ဆက်ပါဦး။

    ReplyDelete
  4. Thank you for the interesting post.Good to know about 38 paralell and now I remember about 17 paralell in Vietnam.

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA