Skip to main content

Posts

Showing posts from 2014

အတိုးဆုံး ကဗျာများ (၅၀)

လက်ညှိုးနဲ့ လက်မကို ဖြဲကြည့်လိုက်တယ် အဲဒီနေရာက ညအိပ်ဝတ်စုံနှစ်ခု သပ်ရပ်တဲ့အမူအရာနဲ့ တန်းပေါ် တွဲလဲခိုနေတယ် သူတို့အစားတောင် လွမ်းမိလိုက်သလိုပဲ ‪#‎map‬ သိမ်းဆည်းခဲ့ပါတယ် သင်္ဘောဦးချွန်က ထိုးခွဲလိုက်တဲ့ လိပ်ပြာတောင်ပံရေမွှားများ ဟိုတုန်းကနဲ့တူတာ ဘယ်တုန်းကမှ မရှိတော့ဘူး #‎flux‬ ၀င်လေနဲ့ ထွက်လေကြားထဲမှာ ထီးတစ်ချောင်း လာလာရှုပ်နေတယ် အဲ့ဒီ ထီးကို ပစ်ပျက်ဖွင့်ပီး အထပ်မြင့်က ငါ အသက်အောင့် ခုန်ချလိုက်တယ် #introspection တကယ်လို့ ပိုမိုကြိုးစားခဲ့သူဆိုပါတော့ အနက်ရှိုင်းဆုံး ဒဏ်ရာတွေကိုပဲ ရှာတွေ့မှာလား တူးဆွမှုဟာ တောင်တန်းများ ဖြစ်ပါစေ ‪#‎discovery‬ အငွေ့လိုလို အရိပ်လိုလို မျက်နှာကြက်ပေါ် ဖြူရော်ရော် မင်းမျက်နှာလေး အစိုင်အခဲပြန်ဖြစ်တဲ့အထိ လက်တွေ့ဘဝဆီ ငါလူးလဲထထိုင်တယ် ‪#‎anti‬-coup-de-grace တေဇာ (လရောင်လမ်း) Image: www.wallpaperswide.com

#‎ပွဲတော်မှအပြန် ခိုက်ရန်ဖြစ်ပွားခြင်း

မီးခိုးလုံးကြီးတွေ ထွက်လာလေ့ရှိတဲ့ စင်မြင့်ပေါ်မှာ နေကာမျက်မှန်နဲ့ကောင်က ငြိမ်းချမ်းရေးကို သီချင်းလိုဆိုတယ် ပရိသတ်ကြားထဲမှာ ငါတို့ဟာ မထင်မရှား "စစ်ဟာ တကယ်မဖြစ်ခဲ့ဘူး" လို့ တစ်ယောက်က ရုတ်တရက် ထအော်လိုက်တယ် စလိုက်မီးတွေ ငါတို့ဆီ စုပြုံကျလာတယ် ပြီးငါတို့ကပဲ ပရိသတ်တန်မဲ့ လူနည်းစုပြန်ဖြစ်သွားတယ် ငါတို့ မီနီမိုက်ဇ်လုပ်ခံနေရတဲ့ အတောအတွင်း နေကာမျက်မှန်နဲ့အဆိုတော်ကောင်တွေ စင်မြင့်ပေါ်မှာ အကြီးအကျယ် ကလုန်းပွားတယ် ငါတို့ဆီကို မျက်ရည်ယိုဗုံးတွေနဲ့လှမ်း ထုတယ် ငါတို့ အသက်လုပြေးကြတယ် ကိုယ့်ပြေးလမ်းမှာ ရေညှိဟာ အန်နီမေးရှင်းနဲ့ ပေါက်လာတယ် မှန်တံခါးကို မျက်နှာကြီးပြားသွားတဲ့အထိ အပြင်းအထန်ဝင်တိုက်မိတယ် ဓာတ်လှေကားလို့ ထင်ရတဲ့ ဗီရိုကြီးထဲ ၀င်ပုန်းကြတယ် လူသေကောင်တွေလို နှာချေတယ် အဲဒီတုန်းက ကျွတ်ကျခဲ့တဲ့ မျက်လုံးတွေ မြင်မကောင်းဘူး မျက်မြင်သက်သေယောင်ဆောင်ထားတဲ့ နောက်လူတွေ ပြောကြပါလိမ့်မယ် စစ်ကြီးတကယ်မဖြစ်ခဲ့တဲ့အကြောင်း လက်ဆင့်ကမ်းဖို့ ငါတို့ထဲက တစ်ယောက်တစ်လေ အသက်ရှင်ကျန်မှဖြစ်မယ် ရုန်းရင်းဆန်ခတ်မှုအတွင်း ဒီလိုပဲ ငါမမြင်မစမ်းလှမ်းပြောမိခဲ့တယ်‬ တေဇာ (လရောင်လမ်း)

အိပ်ယာဝင်တေး (၁)

သိုးတွေကို မရေနဲ့ လာခဲ့ ရုပ်ချင်းဆင်တူတဲ့ သိုးတွေဟာ အချင်းချင်းရောနှောနေမှာပဲ အေးအေးဆေးဆေး အိပ်မောကျနိုင်တဲ့ ကိစ္စတွေ တခြားမှာအများကြီးပဲ ရေစပ်နားက တောအုပ်လေးထဲသွားကြမယ် လာခဲ့ အဲ့ဒီမှာ အရင်က လုံးဝသတိမထားမိတဲ့ သတ္တ၀ါကလေးတွေ အများကြီးရှိနေတယ် လိပ်ပြာနောက်လိုက်ရင်း ပျောက်သွားတဲ့ ကလေးလေးတွေလောက်တောင်ပဲ ပြီးအမည်မခေါ်တတ်တဲ့ ငှက်ကလေးတွေ ရှိတယ် ရေထဲမှာကျနေတဲ့ ငါးတွေက စကားမပြောတတ်ကြဘူး Orgasm ခံစားခွင့်မရှိတဲ့ ကိုယ်ခန္ဓာပိုင်ရှင်တွေကို အကြောင်းမဲ့ အတူတူဝိုင်းသနားမယ်၊ လာခဲ့ တွေ့လား၊ ဟိုးရေထဲမှာ ကျူရိုးလေးတစ်ခု ပေါ်နေတာ မြောက်ကိုရီးယားသူလျှိုတစ်ယောက် ပုန်းနေတာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ ကိုယ်တို့ သူ အနေခက်အောင် အဲဒီနား ခဲလုံးလေးတွေ ပစ်ချကြမယ် ဘယ်သူ ပိုနီးနီးပေါ့၊ ကိုယ်ကတော့ အလျှော့မပေးဘူး၊ အထူးလေ့ကျင့်ထားတဲ့ ကော်မန်ဒိုတစ်ယောက်ကို ကြောက်သွားအောင်စ,ရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ ပြီးရင် မီးပုံးပျံကြီးစီးပြီး ရောက်ရာပေါက်ရာ သွားကြမယ် လာခဲ့ မတော်တဆ ဆီးရီးယားလေပိုင်နက်ထဲရောက်သွားရင် ဥက္ကာပျံကြီးတစ်ခု ကမ္ဘာဆီတည့်တည့်လာနေချိန်မှာ အချင်းချင်းစစ်တိုက်နေကြတဲ့ အောက်က စစ်သားသေးသေးလေးတွေကိုကြည့်ပြီး ကိုယ်တို့

အတိုးဆုံးကဗျာများ (၄၉)

ကမ်းခြေမှာ ခရုခွံလေးတွေ လိုက်ကောက်မယ် သိပ်မများဘူး ငါးထောင့်ကြယ်ပုံ ဖော်နိုင်တဲ့အထိပဲ ငါ အဲဒီလို အလင်းနှစ်ကို ချုံ့ပစ်မယ် #AboutHopeII တစ်ခန်းထဲ အတူရှိနေတောင် ပြတင်းပေါက်နံဘေး အပြင်ကို တစ်ယောက်တည်း ငေးလို့ရပါတယ် ရိုင်းတယ်လို့ ကိုယ်မဆိုလိုဘူး ‪#‎Solitude‬     တွက်မကြည့်ပါနဲ့ ဝတ်ရည်တွေအားလုံး ပေါင်းလဒ်ထက်ပို ပျားရည်ဟာ ချိုတယ် ‪#‎CumulativeEffect‬ မေ့နေတဲ့ အရာတစ်ခုကို သတိရချင်လာတယ် ဖုံထူထပ်တဲ့ ထပ်ခိုးလေးပေါ်မှာ ပျော်စရာတစ်ခုခု အမြဲရှာတွေ့နိုင်ပါတယ် ‪#‎NostalgiaIII‬ ပြောလိုက်တဲ့ စကားတိုင်း စက္ကန့် အနည်းငယ်ခြားပြီး ပဲ့တင်ထပ်တယ် ဟိုအဝေးဆီက အသံထက်မြန်တဲ့ နားလည်မှုကို ရခဲ့တယ် ‪#‎Unison‬

အချစ်ကိုစားသော ကြွက်များ (1984)

"ကမ္ဘာပေါ်မှာ ကြုံတွေ့ရနိုင်တဲ့ အဆိုးရွားဆုံးအဖြစ်ဟာ လူတစ်ယောက်နဲ့တစ်ယောက်အကြား ကွဲပြားတယ်။ အရှင်လတ်လတ်မြေမြှုပ်ခံရတာ ဖြစ်ချင်ဖြစ်မယ်၊ မီးရှို့ခံရတာဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်လည်း ရေနစ်တာ၊ တံကျင်နဲ့ထိုးခံရတာ၊ ဒါမှမဟုတ်လည်း သေနည်းအမျိုးအစား ၅၀ ထဲက တစ်ခုခုပေါ့။ တချို့ဖြစ်ရပ်တွေမှာ သိပ်ပြီးထူးဆန်းနေတာမျိုးတောင်မဟုတ်ပဲ အမှုမထားလောက်တဲ့ အရာမျိုးလေးတွေလည်း ဖြစ်နေတတ်တယ်" ဟု အိုဘရိုင်ယန်က ပြောသည်။ သူက ဘေးဘက်သို့ အနည်းငယ်တိမ်းလိုက်ပြီး၊ စားပွဲပေါ်တွင်ရှိနေသည့် အရာကို ၀င်စတန် မြင်သာအောင် ပြလိုက်သည်။ ၀ါယာကြိုးဖြင့်ပြုလုပ်ထားသော ရှည်မျောမျော လှောင်အိမ်တစ်ခု၊ သယ်ဆောင်ရန်အတွက် လက်ကိုင်တစ်ခု အပေါ်တွင်ပါသည်။ ၎င်း၏ အရှေ့ဘက်တွင် ပူးတွဲပါရှိသည့်အရာတစ်ခုမှာ ဓားသိုင်းစွပ်မျက်နှာဖုံးနှင့်တူပြီး အခွက်မျက်နှာပြင်အတိုင်း အပြင်ဘက်သို့ ထိုးထွက်နေသည်။ သူ့ဆီမှ သုံးလေးမီတာခန့် ဝေးကွာနေသော်လည်း လှောင်အိမ်ကို အကန့်နှစ်ခုဖြင့် ခွဲခြားထားသည်ကို မြင်နေရပြီး၊ အထဲတွင် သတ္တ၀ါတစ်မျိုးရှိနေ၏။ ကြွက်များဖြစ်သည်။ အိုဘရိုင်ယန်က ပြောသည်။ "ခင်ဗျားကိစ္စမှာတော့ ကမ္ဘာပေါ်မှာဆိုးရွားဆုံးအဖြစ်ဟာ ကြွက်တွေ လာဖြစ်နေတယ်" လှောင်အိမ

#ည၂နာရီ၂၆

တိတ်ဆိတ်တယ် မှောင်တယ် မခန့်မှန်းတတ်ဘူး ကြားရလား အဲဒီက မမြင်ရတဲ့ ပုရစ်တစ်ကောင် အော်နေတဲ့ ပုံသဏ္ဌာန် တကယ်လို့ အိပ်မက်ဟာမြန်ပြီး လေတဟူးဟူးတိုးပြီး ငါက ရာဇဝတ်သား ဖြစ်ပြီး ငါထွက်ပြေးသွားခဲ့တာ အဆုံးမှာ ဂိမ်းစီးတီးက ဆိုင်ကယ်ကြီးဖြစ်မနေဘူးဆိုရင် ဘာလို့ ပြန်မအိပ်ရဲ ရမှာလဲ ဒီလိုပဲ ငါ့ကိုယ်ငါ အားပေးတယ် ယုံကြည်ဖို့ ဒါမှမဟုတ်လည်း မိုင်ကုန်ဖြဲပြီး ဘယ်ဆီမှ မရောက်တဲ့ကိစ္စကို ခံနိုင်ရဲဖို့။ တေဇာ (လရောင်လမ်း) Image: wall.alphacoders.com

အလွှာများ (The Layers)

ဘ၀ပေါင်းများစွာထဲ ငါဖြတ်လျှောက်ခဲ့ဖူးတယ် တချို့ကတော့ ငါ့ကိုယ်ပိုင် လမ်းလွဲမသွားဖို့ ငါ ရုန်းကန်ခဲ့ရတဲ့ အသက်ရှင်တည်ရှိခြင်း စည်းမျဉ်းတချို့ ရှိပေမဲ့ ဒီလိုနဲ့ အရင်တုန်းကလူတစ်ယောက် ငါမဟုတ်ပြန်တော့။ ရှေ့ခရီးဆက်နိုင်ဖို့ အင်အားမရခင် ကြိုတင်ကြည့်ဖို့ လိုအပ်တဲ့လူတစ်ယောက်မို့ ငါ နောက်လှည့်ပြန်ကြည့်တော့ မိုးကုပ်စက်ဝိုင်းတူရှူ တဖြည်းဖြည်းဝေးကျန်ခဲ့တဲ့ ဘ၀မှတ်တိုင်တွေ၊ စွန့်ပစ်ခံလယ်တောကွင်းတွေဆီက ကြွက်မြီးတန်းတက်လာတဲ့ နှေးကွေးမီးလျှံတွေ အပေါ်မှာ၊ အတောင်ညောင်းအုပ်စုဖွဲ့ အစာရှာနတ်စေတမန်တွေ ငါမြင်ရ။ ငါ့ ချစ်ခြင်းအစစ်နဲ့ ငါ့ကိုယ်ငါ မျိုးနွယ်စုတစ်ခုအဖြစ် ဖန်ဆင်းခဲ့ အဲဒီငါ့မျိုးနွယ်ဟာ ပြိုကွဲခဲ့။ သူ့ ဆုံးရှုံးမှု ပွဲတော်ကြီးထဲ ငါ့ နှလုံးသားလည်း ဘယ်လိုပြန် ပေါင်းစည်းရပါ့မလဲ။ လေပြင်း တိုးတက်တိုက်ခတ်လာနေချိန် လမ်းတစ်လျှောက်တစ်စစီကြွေခဲ့တဲ့ ငါ့သူငယ်ချင်းတွေ သွေးရူးသွေးတန်းဖုံမှုန့်တွေလို ငါ့မျက်နှာကို စပ်ဖျင်းရိုက်ခတ်လို့။ သို့တိုင် ငါကတော့ တစ်စုံတစ်ခုကို အံ့သြဘနန်းနဲ့ ချိုးမြဲချိုးကွေ့နေဆဲ ငါသွားရမယ့် ဘယ်နေရာကိုမဆို ရှေ့ဆက်ဖို့အတွက် မပြိုလဲသေးတဲ့ဆန္ဒဇွဲနဲ့ ပြီး လမ်းပေါ်တွေ့သမျှ ငါ

အတိုးဆုံးကဗျာများ (၄၈)

ရောင်စုံခဲတံကလေးတွေ အတိုအရှည်မညီဘူး မနှင်းဖြူကို လူပုကလေးခွန်နစ်ယောက်နဲ့ မသင်္ကာဘူး ဒါပေမဲ့ ဘာကို တတ်နိုင်ပါသလဲ #Coloring Book အချိန်အကြာကြီး အနုစိတ်ထားတဲ့ ပင့်ကူအိမ်ကလေးကို အပျင်းပြေ လေနဲ့မှုတ်ကြည့်သလို ဘယ်ကလေးမဆို ရက်စက်တတ်တယ် ‪#‎Rant‬ အချစ်ဆုံးသူတွေရဲ့ မျက်နှာပေါ် မွေးရာပါအမှတ်ကြီးတပ် အမွေးနက်နက်တွေ ရှည်ထွက်လာတယ်ဆိုတဲ့ စိတ်ကူးမှာ ငါ့ကိုယ်ငါမုန်းလာတယ် #Juxtaposition ဟောဒီရေအိမ်ထဲက မှန်ကို နှစ်ဖက်မြင်မှန်း သိသိချည်းနဲ့ နှုတ်ခမ်းရဲရဲလေးနဲ့ သူမ ပြုံးပြနေကျ #Big Brother ကွန်ပါဗူးအဟောင်းလေးကို ဖွင့်မကြည့်ပါနဲ့ ကွန်ပါဗူးအဟောင်းလေးထဲက ပျော့ပြဲနေတဲ့ ချောကလက်တွေထွက်လာတဲ့အခါ ကိုယ်ပဲနစ်နာမယ် #Nostalgic Loss တေဇာ (လရောင်လမ်း) Image: www.boostinspiration.com

နိယာမကျောင်းထွက်တို့၏ နောက်ဆုံးမိတ်ဆုံစားပွဲ (မြင့်သန်း)

သုံးဆယ့်ခုနစ်ဆီက အီးမေးလ်ရတယ်။ ကျောင်းသားဟောင်းတွေအတွက် မိတ်ဆုံထမင်းစားပွဲလုပ်မယ်လို့တဲ့။ သုံးဆယ့်ခုနစ်ဆိုတာ လူလိုသူလို၊ နာမည်တပ်ခေါ်ရရင်တော့ ဘောဂဗလပဲ။ ဘောဂဗလဆိုတော့လည်း ချမ်းသာတယ်။ ချမ်းသာလို့ ဘောဂဗလလို့ ခေါ်တာတော့ မဟုတ်ဘူး။ ကျောင်းတုန်းကတော့ သူ့ကို ဗာလကြီးလို့ပဲခေါ်တယ်။ အချို့ကတော့ ဗာလနံကြီးလို့တောင် ခေါ်ကြတယ်။ နိယာမကျောင်းတော်မှာတော့ နာမည်မခေါ်ရလို့ ကျောင်းဝင်းအပြင်ရောက်ကာမှ ခေါ်ကြတာ။ ကျောင်းထဲမှာ နံပါတ်တပ်ခေါ်ရတယ်။ ပညာရှာဖို့လာတဲ့လူမှန်သမျှ အယုတ်အလတ် အမြတ်မရွေးတဲ့သဘောပဲ။ အမျိုးဘာသာ မခွဲခြမ်းတဲ့သဘောပဲ။ ကျောင်းသားတိုင်းဟာ နံပါတ်နဲ့ချည်းပဲ။ သူ့နံပါတ်က သုံးဆယ့်ခုနစ်။ သုံးနဲ့ခုနစ်ပေါင်းရင် တစ်ဆယ်ရလို့ သူ့ကို "ဘူ" လို့ ကိုယ့်အချင်းချင်းအကြားမှာ ခေါ်ကြတယ်။ ဘူဆိုတော့လည်း သူက သိပ်မကြိုက်ဘူး။ မကြိုက်လည်း သိပ်မတတ်နိုင်ဘူး။ နံပါတ်ရှိတဲ့ကျောင်းသားတိုင်းမှာ အဲဒီလို မဟုတ်ကဟုတ်က နာမည်တွေရှိတယ်။ ကျွန်တော်တို့ကျောင်းထွက်တွေအချင်းချင်း ခုထိ နံပါတ်တွေကိုပဲသုံးပြီး တစ်ယောက်ကိုတစ်ယောက် ခေါ်ကြပြောကြလေ့ရှိတယ်။ ဘောဂဗလက နိယာမကျောင်းတော်မှာ ဘွဲ့လွန်ပညာဆက်ပြီးသင်ခွင့်မရဘူး။ ဒီကောင်က ခပ်ထူထူရယ်။ ခပ်ထူထူဆို

အာရုဏ်ဦးတွင် နိုးထခြင်း

"ရှင်ဟာ အရမ်းအရမ်း ရူးတဲ့ ကောင်လေးပဲ။ မစ္စတာပွန်တယ်လိုင်ယာက ကျွန်မကို လွတ်လပ်ခွင့်ပေးလိုက်တယ်ဆိုတာမျိုး မဖြစ်နိုင်တဲ့အရာတွေကို အိပ်မက်မက်ရင်း ရှင့်အချိန်တွေကို ဖြုန်းနေတာလေ။ မစ္စတာပွန်တယ်လိုင်ယာ ကောက်ချင်ကောက် တင်ချင်တင်လုပ်ရမယ့်၊ သူ့ရဲ့ ပိုင်ဆိုင်မှုတစ်ခု ကျွန်မမဟုတ်တော့ဘူး။ ကျွန်မ ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီးပဲ ကျွန်မကိုယ်ကိုယ် ပေးမယ်။ ထားပါတော့ သူက၊ 'ဟေ့ရောဘတ်၊ မင်း သူ့ကို ယူသွားပြီး ပျော်ပျော်နေပါတော့။ သူက မင်းအပိုင်ဖြစ်သွားပြီ' ပြောတယ်ဆိုရင် ကျွန်မက ရှင်တို့နှစ်ယောက်စလုံးကို ရယ်နေမှာ..." The Awakening by Kate Chopin တွင် အဓိကဇာတ်ကောင်မှာ ကလေးများမိခင် (၁၉) ရာစုအမေရိကန်အမျိုးသမီး၊ မစ္စပွန်တယ်လိုင်ယာဖြစ်သည်။ လူကုံတန်လင်ယောက်ျားတစ်ဦးနှင့် ပြီးပြည့်စုံသော မိသားစုဘ၀ကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော် ထိုသို့ အပေါ်ယံမြင်နိုင်သည်များမှအပ ထိုအမျိုးသမီး၏ စိတ်အတွင်းထဲတွင် မည်သူမျှနားမလည်နိုင်သော၊ "နာကျင်ခံစားရမှုတစ်မျိုး" ရှိနေသည်။ ဤသည်ကို "ဘူရွှာမိခင်တစ်ဦး၏ သက်တောင့်သက်သာလှောင်အိမ်" ဆိုသည့် စကားက အကောင်းဆုံးထင်ဟပ်ပြနိုင်သည်

အလေ့အကျင့်

မနေ့ည ငါ့အလုပ်ပြီးတော့ ကွဲရှင်းပြတ်စဲထားတဲ့ ငါ့လက်တွေက သွေးခုန်နှုန်းလို အမေ့ခံအရာတွေကို တညီတညွတ်တည်း စိတ်ဝင်စားလာကြ ဖြိုးဖြိုးဖျပ်ဖျပ် ညကောင်းကင် ပြတင်းကနေ ငါကြည့်လိုက်တယ် ပြီး ချက်ချင်းပဲ လမင်းကို ငှက်မွှေးချုပ်ရိုးလိုင်းနဲ့ ပတ်ချာလည်သီမိတယ်။ About Poem ကဗျာဆရာမ Hazel Hall သည် အသက် ၁၂ နှစ်အရွယ်မှစ၍ သွက်ချာပါဒဝေဒနာ ခံစားခဲ့ရသည်။ သူသည် ကဗျာရေးသလို အပ်ချုပ်ဆရာမတစ်ဦးလည်း ဖြစ်သည်။ တေဇာ (လရောင်လမ်း) Habit by Hazel Hall ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

ပျော်ရွှင်ဖွယ်မွေးနေ့

"နွေဆိုတာက မွေးနေ့ဖြစ်ဖို့ အတော်ကောင်းတဲ့ရာသီပဲ" ဟု အဘိုးအိုကပြောလိုက်သည်။ "အခုလို ရွေးချယ်ခွင့်သာရှိနေမယ်ဆိုရင် နွေရာသီကိုပဲရွေးမှာပေါ့" သူ့လက်မကို လျှာနဲ့တို့ပြီး စိုအောင်လုပ်လိုက်သည်။ ထို့နောက် စစ်သားက ဖြည့်ဖို့ပေးထားသော စာရွက်စာတမ်းတစ်ထပ်ကြီးကို တဖျပ်ဖျပ်လှန်နေတော့သည်။ မွေးနေ့တစ်ခုတောင် မရှိဘဲနှင့်တော့ မည်သည့်စာရွက်ကိုမျှ ဖြည့်နိုင်မည်မထင်။ ထို့ကြောင့် ကောင်လေးအတွက် မွေးနေ့တစ်ခု ရွေးချယ်ရပေလိမ့်မည်။ "ဒီနေ့လည်း မင်းမွေးနေ့ဖြစ်နိုင်တာပဲ။ မင်း သဘောကျမယ်ဆိုရင်ပေါ့" အဘိုးအိုက ပြောသည်။ "ဒါပေမဲ့ မနက်က မိုးရွာတယ်" ကောင်လေးက ပြောသည်။ "ဒါဆိုလည်း ပြီးရောကွာ။ မနက်ဖြန်ဆိုရင်ရော၊ မိုးသားတွေ တောင်ဘက်ကို လွင့်နေပြီ။ မနက်ဖြန်ဆိုရင်တော့ တစ်နေကုန် နေသာတော့မှာ" နံနက်စောစောကျလာသော မိုးကြိုးမုန်တိုင်းမှ ခိုလှုံရန် နေရာရှာရင်း စစ်သားများက အဘိုးအိုနှင့်ကောင်လေးတို့ ပုန်းအောင်းနေသော ကတုတ်ကျင်းလေးကို အမှတ်မထင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံး စာရွက်စာတမ်းမရှိ၊ ပြောရမည်ဆိုလျှင် အသက်ရှင်နေထိုင်ရန် တရားဝင်ခွင့်ပြုချက်စာရွက်တစ်ခုခုမရှိဘဲ ထိုအပျက်အ

အမည်မဲ့စစ်သား

အရေးမပါတဲ့ကိစ္စပါ၊ ကျုပ်တို့ကလေးကို ခရစ်နှစ်သုံးထောင်ထဲကို ချဉ်းနင်းဝင်ရောက်လာပြီး ပထမဆုံးမွေးတဲ့ နျူးယောက်မြို့ဖွားကလေးငယ်လို့ သူတို့က ပြောတယ်။ ၂၀၀၀ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့ ညသန်းခေါင်အပြီး ဆယ်စက္ကန့်အကြာမှာပေါ့။ လူအများထောက်ပြကြသလိုပဲ၊ တကယ်တော့ သုံးဆယ်ရာစုထဲကို တာစထွက်ဖို့ဆိုတာက ၂၀၀၁ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့မှ စ,ရမှာပါ။ နက္ခတ်ဗေဒအရပြောရင်လည်း ကျုပ်တို့ကလေးကို မွေးတော့ နှစ်သစ်တောင် ခြောက်နာရီသားဖြစ်နေပြီလေ၊ ဘာလို့ဆို ဒါက အင်္ဂလန်၊ ဂရင်းနစ်က တော်ဝင်စောင့်ကြည့်ရေးဌာနမှာ အချိန် စ,ခဲ့တာမဟုတ်လား။ ဒါပေမဲ့လည်း ခရစ်တော်ရဲ့မွေးနေ့တောင်မှ ခန့်မှန်းခြေကိုပဲ သတ်မှတ်ထားကြတာဆိုတော့ ဒီလိုကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး သိပ်ခေါင်းရှုပ်ခံနေစရာတော့ မရှိဘူး။ ဒီလိုကိန်းဂဏန်းအချက်အလက်တွေက သိပ်ကိုေ၀၀ါးလွန်းတယ်။ ပြီးတော့ ဘယ်ကလေးက ဘယ်နမိနစ်မှာ မွေးတယ်လို့ ဘယ်သူက ပြောနိုင်တာမှတ်လို့။ ခေါင်း စ,ထွက်လာတဲ့ အချိန်လား။ တစ်ကိုယ်လုံး အမေ့အပြင်ရောက်မှလား။ အချင်းဖြတ်ပြီးတဲ့ အချိန်လား။ မြို့မှာ ၂၀၀၀ ခုနှစ်ရဲ့ ပထမဆုံးမွေးဖွားတဲ့ကလေးကို တန်ဖိုးကြီးတဲ့ ဆုတွေအမြားအပြားပေးဖို့ ရှိလေတော့၊ အချင်းဖြတ်တဲ့အချိန်ထိတော့ တွက်လို့မဖြစ်ဘ

မျက်စပစ်ခြင်း နောက်ဝယ်

[ ၁ ] ဇာတ်လမ်းအစကတော့ ဘာပြဿ     နာ  မှ မရှိခဲ့တာပါ။ ဇာတ်လမ်းဆိုတာ ဘာကိုမှဆိုလိုချင်တာမဟုတ်ဘူးရှင့်၊ ကျွန်မအာရုံလာတဲ့အတိုင်း ပြောလိုက်မိတာ။ ဒီမှာ ကျွန်မပြောမယ်၊ အသက်လေးဆယ့်နှစ်နှစ်၊ ကလေးသုံးယောက်၊ ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင့်တာဝန်တွေယူထားရသူဆို ရှင်ရော စိတ်လှုပ်ရှားစရာကို ရှာဖွေမျှော်လင့်မိမှာပဲလား။ ရုတ်တရက် ကားဘရိတ်ကို အပြင်းနင်းချပြီး သွေးကျောအားလုံးထဲက ယီးးး…ဟလို့ ပေါက်ကွဲထွက်လာတဲ့ ပေါက်တက်ကရ စိတ်လှုပ်ရှားမှုမျိုး မဟုတ်ဘဲနဲ့လေ။ အခုနောက်ပိုင်းမှာ ယောက်ျားတွေကို ကျွန်မ သတိထားကြည့်နေခဲ့မိတာ အမှန်ပဲ။ အထူးသဖြင့်တော့ သူတို့ရဲ့ လက်မောင်းသားတွေပေါ့။ ဘာလို့လဲလို့တော့ ကျွန်မကို မမေးနဲ့၊ ယောက်ျားတွေရဲ့လက်မောင်းတွေကို ကျွန်မ ကြွေသွားတာ ရုတ်တရက်ကြီးဆိုသလို ဖြစ်လာတာ။ မိန်းကလေးတွေမှာ မရှိတဲ့ တံတောင်ဆစ်အောက်ပိုင်းက အမြောင်းမြောင်းထနေတဲ့ ကြွက်သားစိုင်တွေနဲ့ မွှေးညင်းပါးပါးလေးရှိနေတဲ့ လက်ဖျံတွေ။ ပြီးတော့ လေးထောင့်ကျပြီး လုပ်နိုင်ကိုင်နိုင်ရှိတဲ့ ယောက်ျားတွေရဲ့ လက်ဖ၀ါးတွေ။ အို.. ဒါတွေကို ကျွန်မ နေရာတကာမှာ မြင်နေရတယ်ရှင်။ စားသောက်ဆိုင်တွေ၊ ဓာတ်ဆီဆိုင်တွေ၊ သောက်တလွဲ စူပါမားကတ်တွေက လူသွားလမ်းအဆံ

မနေ့က (၂)

စနေနေ့ကျတော့ ကျွန်တော်နဲ့ အီရီကာတို့ ရှီဘူယာမှာတွေ့ပြီး နယူးယောက်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ ၀ူဒီအလန်ရုပ်ရှင်ကားကို ကြည့်ကြတယ်။ သူ ၀ူဒီအလန်ရုပ်ရှင်တွေကို ကြိုက်တယ်ဆိုတာ ကျွန်တော် တစ်နည်းနည်းနဲ့ အနံ့ရလိုက်သလိုပဲ။ ပြီးတော့ ကီတရုအနေနဲ့ သူ့ကို အခုလို ရုပ်ရှင်ကြည့်ဖို့ တစ်ခါမှမခေါ်ဖူးဘူးဆိုတာ ကျွန်တော်အသေအချာပြောရဲတယ်။ ကံကောင်းချင်တော့ ရုပ်ရှင်ကားကလည်း ကောင်းတယ်၊ ရုံထဲကထွက်လာတော့ ကျွန်တော်တို့နှစ်ယောက်လုံး ရွှင်မြူးနေကြတယ်။ နေ၀င်ရီတယောလမ်းတွေအတိုင်း ကျွန်တော်တို့ ခဏလောက် ခြေဦးတည့်ရာလျှောက်လာခဲ့ကြတယ်။ ပြီးတော့မှ ဆာကူရာဂိုဝါကာက အီတလီရပ်ကွက်လေးတစ်ခုကိုသွားပြီး ပစ်ဇာနဲ့ ကီယန်းတီးဝိုင်နီ သောက်ကြတယ်။ ဆိုင်လေးက စားပျော်သောက်ပျော်ရှိပြီး ဈေးနှုန်းကလည်း သင့်တင့်တယ်။ အလင်းရောင်မှိန်မှိန်ပဲရှိပြီး စားပွဲတွေပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်းထားတယ်။ (အဲဒီအချိန်းတုန်းက အီတလီစားသောက်ဆိုင်အတော်များများဟာ စားပွဲတွေပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး စားပွဲခင်းကို ပိုးသားရောင်စုံအကွက်ဆင်တွေ သုံးတတ်ကြတယ်) ကျွန်တော်တို့ကတော့ ရောက်တတ်ရာရာ အကုန်လျှောက်ပြောကြတယ်၊ ပထမဆုံးချိန်းတွေ့တဲ့ ကောလိပ်ဒုတိယနှစ်ကျောင်းသားနှစ်ဦး ပြေ

မနေ့က (၁)

ဘီတဲလ်စ်တွေရဲ့ "မနေ့က" ဆိုတဲ့ သီချင်းတေးသွားမှာ ဂျပန်စာသားတွေသွတ်သွင်းခဲ့တဲ့သူ (ပြီးတော့လည်း ဘယ်သူနဲ့မှမတူတဲ့ ခန်ဆိုင်းလေသံနဲ့) ဟာ ကျွန်တော်သိသလောက်တော့ ဒီကမ္ဘာပေါ်မှာ ကီတရုဆိုတဲ့ကောင်တစ်ယောက်တည်းပဲ ရှိမယ်ထင်တယ်။ ရေချိုးကန်ထဲမှာ ၀င်စိမ်နေတဲ့အချိန်တိုင်း သူက သူ့ကိုယ်ပိုင်ဟန်ဖြစ်သွားတဲ့ အဲဒီသီချင်းစာသားကို အော်ကြီးဟစ်ကျယ် ဆိုလေ့ရှိခဲ့တယ်။ "မနေ့ကဆိုတာ... မနက်ဖြန်မရောက်ခင် နှစ်ရက်အလိုပါ လွန်ခဲ့တဲ့နှစ်ရက်အကြာရဲ့ အနောက်မှာ..." ကျွန်တော်မှတ်မိသလောက် သီချင်းအစက အဲဒီလိုပါ။ ဒါပေမဲ့ မကြားခဲ့ရတာလည်း အတော်ကြာပြီဆိုတော့ ဒီစာသားအတိုင်း အတိအကျလားဆိုတာ ကျွန်တော်မသေချာတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကီတရုရဲ့ သီချင်းစာသားဟာ အစကနေအဆုံးထိ တစ်လုံးမှ အဓိပ္ပာယ်ရှိတာမဟုတ်ဘူး။ မူရင်းစာသားတွေနဲ့ ဘာမှမသက်ဆိုင်တဲ့ ပေါက်တတ်ကရတွေပဲ။ ဘီတဲလ်စ်တွေရဲ့ ရင်းနှီးပြီးသား ချစ်စရာအဆွေးသံစဉ်လေးဟာ အာပေါင်အာရင်းသန်တဲ့ ခန်ဆိုင်းလေသံ (အဆွေးဓာတ်နဲ့ လုံးလုံးဆန့်ကျင်ဘက်လို့ပဲ ပြောပါတော့) နဲ့ မိတ်ဖက်ဖြစ်သွားရတယ်။ ဒီတော့လည်း သီချင်းရဲ့အစပ်အဟပ်က ဆန်းနေတယ်၊ စနစ်တကျထုဆစ်ပုံဖေါ်မှုအပေါ် ပြတ်ပြတ်သားသား ငြင်းချက်ထုတ်လိုက်သလိုပဲ။

ပုထုဇဉ်များ အိပ်စက်စဉ် (၂)

ဆုံးဖြတ်ချက်ချမယ်ဆိုတဲ့နေ့မတိုင်မီ တစ်ပတ်အလိုကတည်းက ပြိုင်ပွဲမှာ အနိုင်ရမယ့်သူတစ်ဦးဦးကို ကြိုတင်ရှာဖွေနေဆိုတာက ကျွန်တော်တို့အတွက် အနားရနိုင်အောင်ပါ။ ဒီလိုဆိုရင် ဒိုင်လူကြီးတွေနဲ့ ကျွန်တော့်လို လက်ထောက်တွေပါ ခရစ္စမတ်အကြိုနေ့မှာ မိသားစုနဲ့အတူ ပျော်နေနိုင်တယ်လေ။ နာရီပေါင်းများစွာ တစ်မြို့လုံးကားပတ်စီးပြီး မတိမ်းမယိမ်းလှပတဲ့၊ အကောင်းဆုံးပြိုင်ပွဲဝင်အယောက်နှစ်ဆယ်ကို အချိန်ကပ်ကာမှ ကြိုးစားရွေးထုတ်နေရမယ့် အစားပေါ့။ အခုတော့ ကျွန်တော်တို့လုပ်စရာဆိုလို့ ဆုပေးနေ့ကျရင် ဂရစ်ဘွန်ရဲ့ ခြံဝန်းဆီ မောင်းသွားရုံပဲ ရှိတော့တယ်၊ မီးရောင်တွေနဲ့ဆူညံသံတွေကြားမှာ မျက်လုံးကန်းနားကွဲခံမယ်၊ ၀မ်းသာအားရလက်ဆွဲနှုတ်ဆက်ပြီး ဆုရစာချွန်လွှာလေး သူ့လက်ထဲထည့်ပေးလိုက်မယ်၊ ပြီးတာနဲ့ ခရစ္စမတ်သစ်ပင်တိ၊ ပစ္စည်းလေးတွေချိတ်၊ ဘီယာသောက်ပြီးနှပ်နေဖို့ အိမ်ကို အချိန်မီပြန်ပြေးလာရုံပဲ။ ခရစ္စမတ်ဆိုတဲ့အတွေးလေးနဲ့ ဟက္ကမန်ရဲ့ ဂမူးရှူးထိုးဉာဉ်နည်းနည်းအနည်ထိုင်ပြီး စိတ်ကောင်းဝင်နေချိန်မှာ သူဟာ စိတ်နှလုံးကောင်းမွန်သူကြီးရယ်လို့ မဟုတ်မဟတ်ပါးစပ်သတင်းတွေလည်း တော်တော်လေး ပြန့်နှံ့နေတယ်။ ဟက္ကမန်ကတော့ အားလပ်ရက်ပီပီ နေပါတယ်။ ဘယ်သတင်းထောက်မှ သတိမထားမိ

ပုထုဇဉ်များ အိပ်စက်စဉ် (၁)

တစ်ခုနဲ့တစ်ခုကြား ရှောင်လွှဲနိုင်ကြစတမ်းသာဆိုရင် ဖှရက်ဟက္ကမန်နဲ့ ခရစ္စမတ်နေ့ရက်တို့ဟာ ဆုံဖြစ်ခဲ့ကြမှာမဟုတ်ဘူး။ သူက လူပျိုသိုးကြီး၊ မြို့တော်စာတည်းမှူး၊ ပြီးတော့ သတင်းစာဂုရုကြီး။ ကျွန်တော်ကတော့ သတင်းထောက်လေးတစ်ယောက်အနေနဲ့ သူ့အတွက် သုံးနှစ်တာကြာအောင် ဆင်းရဲတကြီး အလုပ်လုပ်ပေးခဲ့ရသူပေါ့။ ကျွန်တော်တတ်နိုင်သလောက် နီးစပ်အောင် ပြောကြည့်ရရင်၊ သူနဲ့ ခရစ္စမတ်နေ့ရဲ့ ၀ိညဉ်အကြားမှာ တူညီတာဆိုလို့ ယာတောထဲကကြောင်စုန်းကြီးနဲ့ ငှက်ကြည့်ဗေဒအဖွဲ့အစည်းတို့ကြားက တူညီမှုလိုပဲ ဖြစ်လိမ့်မယ်။ တကယ်တော့ သူက ယာတောထဲက ကြောင်စုန်းကြီးနဲ့ နေရာအတော်များများမှာ တူပါတယ်။ သူက တကိုယ်တော်သမား၊ ကိုယ့်ဘ၀နဲ့ကိုယ် မှောက်မှားကျေနပ်နေသူ၊ ပြီးတော့ ငပျင်းကြီး။ နောက် သူ့သြဇာနဲ့ ဇ၀နဉာဏ်တို့ကလည်း ကြောင်လက်သည်းတွေလို လျှင်မြန်စူးရှလိုက်ပါဘိ။ ကျွန်တော် သူ့အတွက် အလုပ်လုပ်တုန်းကတော့ သူ့အသက်က လေးဆယ်တန်းထဲမှာပေါ့။ ခရစ္စမတ်အပေါ်မှာတင် ဘယ်ကလိမ့်မလဲ၊ အစိုးရ၊ အိမ်ထောင်သည်ဘ၀၊ စီးပွားရေး၊ မျိုးချစ်ဝါဒ စတာတွေနဲ့ ခင်ဗျား နာမည်တပ်နိုင်သမျှ အခြားအရေးပါတဲ့ ထုံးတမ်းဓလေ့တွေအပေါ်မှာပါ သူကတော့ လေးစားမှုပျောက်ဆုံးနေခဲ့ပုံပဲ။ ကျွန်တော်ကြားဖူးသမျှ သူတရေးတယူ ညွှန်းေ

အတိုးဆုံးကဗျာများ (၄၇)

Current ငယ်ငယ်က ရေးဆွဲဖူးတဲ့ မိုးဖွဲလေးတွေတိုင်း ဆွေစောင်းနေတတ်မြဲ အဲဒီလို ကိုယ်ကလည်း မမြင်နိုင်တာတွေရဲ့ တည်ရှိမှုကိုမှ ထင်ရှားပြချင်ဆဲ Defense Mechanism II သူ့ ရှေ့မှာ လက်သီးကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ် ငါရှက်တယ် ငါ့လက်သည်းကြားက ချေးတွေအတွက် ငါရှက်တယ် Trap မီးပျက်သွားတယ် ပုပ်နေတဲ့ ကြက်ဥတွေ ကျကွဲသံ ကြားရတယ် ဓာတ်လှေကားကြီးတစ်ခုမှန်း ငါသိလိုက်ရတယ် Silence တစ်ခုခုပြောပါ ငါ့ခြေထောက်ပေါ် ပုရွက်ဆိတ်အနီတွေ အပြွတ်လိုက်တက်နေပြီလို့ပဲ ဖြစ်ဖြစ် တစ်ခုခုပြောတဲ့အခါ ငါအရမ်းကျေးဇူးတင်မှာ Trauma II ကလေးလေးတစ်ယောက် ဝါးခနဲ အော်ငိုသံ ကြားရပြီး လေရှူသွင်းဖို့ခဏ အသံတိတ်သွားတယ် ဒါပေမဲ့ မျှော်လင့်ထားတဲ့ ဒုတိယငိုသံ ဆက်လိုက်မလာတော့ဘူး ဘယ်လို ခြောက်ခြားဖွယ် တိတ်ဆိတ်မှုပါလဲ တေဇာ (လရောင်လမ်း) Image: unurthed.com

ပျက်စီးပြိုလဲ (The Fall)

ခပ်ရိုးရိုးပဲ ၀န်ခံရမယ်ဆိုရင်တော့၊ နောင်ကြီးရေ၊ ကျွန်တော်ဟာ ဂုဏ်သိက္ခာနဲ့ အမြဲတမ်းပြည့်လျှမ်းခဲ့တဲ့ သူပါပဲ။ ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ ငါ၊ ငါ၊ ငါ ဆိုတဲ့ စကားလုံးတွေ ပဲ့တင်ထပ်ပြီး အဲဒီအသံကို ကျွန်တော်ပြောသမျှစကားသံတိုင်းမှာ ကြားနိုင်ခဲ့တာပေါ့။ ၀င့်ဝါတာလေးတစ်ခုခုမပါဘဲ ကျွန်တော့်မှာ စကားမပြောတတ်ခဲ့သလိုပါပဲ၊ အထူးသဖြင့် ကျွန်တော် ပိုင်စိုးတဲ့ ကိုယ့်ကိုယ်ကိုယ်အစိုးရစိတ်နဲ့အတူဝင့်ဝါဖို့ဆို ကျွန်တော့်မှာ ဘယ်တုန်းကမှ မနောင့်နှေးခဲ့ဘူး။ အမြဲတမ်းပဲလွတ်လွတ်လပ်လပ်နဲ့ သြဇာအာဏာပြည့်ဝစွာ ကျွန်တော် ရှင်သန်ခဲ့တာပါ။ ကျွန်တော် လုံးလုံးလျားလျား ယုံကြည်လက်ခံထားတဲ့ ထူးခြားပေါ်လွင်တဲ့ အကြောင်းရင်းတစ်ခုကြောင့်ပဲ ကျွန်တော်ဟာ ကျွန်တော်မှတစ်ပါး တခြားသောလူတွေနဲ့ ဘယ်လိုမှ သက်ဆိုင်မှုမရှိဘူးလို့ ရိုးရိုးသားသား ခံစားခဲ့ရပါတယ်။ နောင်ကြီးကို ကျွန်တော်ပြောခဲ့သလိုပေါ့၊ ဘယ်သူ့ထက်မဆို ကိုယ်ကပိုပြီး ဉာဏ်ရည်ထက်မြက်တယ်လို့ ကျွန်တော် အမြဲယူဆခဲ့တာပဲ၊ ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ ပိုပြီး ကျွမ်းကျင်တဲ့၊ ပိုပြီးလက်ဖြောင့်တဲ့၊ ပြိုင်ဘက်ကင်း ကားမောင်းကျွမ်းတဲ့၊ ပျိုတိုင်းကြိုက်ရတဲ့ လူအဖြစ်ကို ကိုယ့်ကိုယ်ကိုယ် ယူဆခဲ့တာပါ။ ကိုယ်

ကျောချင်းကပ်ရိုးရာပုံပြင် နှစ်ပုဒ်မှ

အ၀ါရောင်ရွှေဟာ အဓိပ္ပာယ်မဲ့ သင်ယူလေ့လာခြင်းကမှ ပုလဲရတနာထက် သာတယ် ထက်မြက်မှုမရှိတဲ့ မိန်းမ ခပ်တုံးတုံး ကလေးတွေကလွဲလို့ ဘာမှချန်မထားခဲ့ ရှင် ဆာလောင်တဲ့အခါ ရွှေကို ခေါင်းရွက်ဗျက်ထိုး လိုက်ရောင်းနိုင်သားပဲ ရှင် ချောင်ပိတ်မိတဲ့အခါ မြည်းကို ရောင်းစားပေါ့ ဒီလောက်ကဗျာတွေ အများကြီးနဲ့ ရှင်ဘာလုပ်နိုင်မလဲ သေနေတဲ့ ဆံပင်တွေ အခေါင်းလွတ်တစ်ခုထဲ ထိုးထိုးထောင်ထောင်နဲ့ ကြာပန်း။ ပန်းနုရောင်၊ ရေမွှားကလေးတွေသီးလို့ လှနေရဲ့ ကြာပန်း။ သေဆုံးသွားတဲ့ အမေ့ရဲ့ မိုးပေါ်ထောင်ထွက် လက်ဖ၀ါး ကြာပန်း။ ခြေခွက်ရိုးကျိုးနေတဲ့ ခြေဖ၀ါး ကြာပန်း။ ပလုံစီငြိမ်သက်သွားတဲ့ ရေပွက်လေးတစ်ခုမျှ တေးဆိုညည်းတွား လမ်းလျှောက်သွားရင်း ကဗျာတစ်ပုဒ်ကို ငါ စဉ်းစားဆဲ ဟိုအဝေး အနောက်ဒါဖှာမှာ ကောင်ကလေးတွေ သေလုဆဲဆဲ တေးဆိုညည်းတွား လမ်းလျှောက်သွားရင်း ကဗျာတစ်ပုဒ်ကို ငါ စဉ်းစားဆဲ ဟိုအဝေး အနောက်ဒါဖှာမှာ ကောင်ကလေးတွေ သေလုဆဲဆဲ တေဇာ (လရောင်လမ်း) Marilyn Chin ၏ from Two Inch Fables ကို ဆီလျော်သလို။

ပညာရေးဆိုင်ရာ အဆောက်အအုံသို့ အစီရင်ခံချက် [1] [မြင့်သန်း]

ပညာရေးအဆောက်အအုံရဲ့ လေးစားအပ်တဲ့ လူကြီးမင်းများခင်ဗျား။ ကျွန်တော့်ရဲ့ အတိတ်က မျောက်အဖြစ်နဲ့ ဖြစ်-ရှိခဲ့ရတဲ့ အနေအထားနဲ့ ပတ်သက်လို့ ပညာရေးဆိုင်ရာ အဆောက်အအုံမှာ ခုလို အစီရင်ခံစာတစ်စောင် တင်ခိုင်းတဲ့အတွက် ကျွန်တော့်ကို ဂုဏ်ပြုရာ ရောက်ပါတယ်။ လူကြီးမင်းတို့ စီမံထားတဲ့အတိုင်း တောင်းဆိုချက်တစ်ရပ်အပေါ် ကျွန်တော့်အနေနဲ့ အလုံးစုံမလိုက်လျောနိုင်တဲ့အတွက် ၀မ်းနည်းမိပါတယ်။ ခုဆို မျောက်ဘ၀နဲ့ ကင်းကွာလာတာ ငါးနှစ်ရှိခဲ့ပါပြီ။ ပြက္ခဒိန်အရတော့ သိပ်မကြာလှသေးပါဘူး။ သို့ပေတဲ့ ကျွန်တော်ဖြတ်သန်းလာခဲ့ရသလို ပုံမှန်ဖြတ်သန်းခဲ့ရမယ်ဆိုရင်ဖြင့် ရှည်ကြာလှပါတယ်။ ဖြတ်သန်းခဲ့ရတဲ့အတွင်းမှာဖြင့် လူတော်တွေလူကောင်းတွေ၊ အကြံဉာဏ်တွေ၊ ချီးကျူးသံ သြဘာသံတွေ၊ တီးဝိုင်းကြီးရဲ့ တီးမှုတ်သံတွေနဲ့ အတူပါ။ သို့ပေတဲ့ ပုံပေါ်အောင်ပြောရရင်ဖြင့် ကျွန်တော်က လှောင်အိမ်ထဲကဆိုတော့ တစ်ကိုယ်တော်ပေါ့။ တကယ်လို့ ကျွန်တော်ကသာ ကျွန်တော်ရဲ့ မျိုးရိုးဇာတိ၊ ငယ်စဉ်ဘ၀အဖြစ်အပျက် စတာတို့အပေါ်မှာသာ လိုလိုလားလားနဲ့ မှီတင်းနေခဲ့ရင် ဒီအောင်မြင်မှုတွေ ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကခံစားချက်တွေကို အလုံးစုံငြင်းဆိုလိုက်ခြင်းက အဓိကပါ။ လွတ်လပ်တဲ့မျောက်တစ်

မက္ကဆီကို ကမ်းခြေတစ်နေရာတွင် ပျောက်ဆုံးသွားသော ဘာသာစကား

"ဟေ့ရောင် ရစ်ချက်ပါကာ ကုလားလေးကို လှည့်ကြည့်လိုက်လေကွာ ဘာလို့ အဲဒီတောအုပ်ကြီးကိုပဲ စိုက်ကြည့်နေရတာလဲ မင်း ပြန်လာခဲ့၊ အခု ခဏလောက် ပြန်လာခဲ့ ဒယီးဒယိုင် ဖြစ်နေလည်း ပြန်လာခဲ့၊ မရဘူး ပြန်လာခဲ့ ကုလားလေးရဲ့ မျက်နှာကို မင်းလျှာကြမ်းကြမ်းကြီးနဲ့ လျှက်ခဲ့ နားလည်မှုတစ်ခု ထားခဲ့လေကွာ ဘာလဲ မင်းက မင်းရေနစ်တုန်းက ဘယ်သူ ကယ်ခဲ့တာလဲ မင်းရေဆာတုန်းက ဘယ်သူ အသက်ဆက်ပေးခဲ့လဲ၊ သူပဲလေ သားရေချည်းပဲ ကျန်ပြီး သေမလိုဖြစ်ခဲ့တဲ့ကောင်က အခုမှ လတ်လတ်ဆတ်ဆတ် ငါးကြီးလည်း စားခဲ့ရရဲ့သားနဲ့ ဟိုမှာ ကုလားလေး အခု အားနည်းနေရှာပြီ လာကယ်သူ မရှိရင် ခဏနေ သူသေပြီ သွား အခု မင်း သူ့မျက်နှာကို လျှာနဲ့ သွားလျှက်စမ်း မင်း နှုတ်ခမ်းမွှေးကြမ်းကြမ်းကြီးနဲ့ ပွတ်သပ်ချော့မြှူစမ်း မင်းလမ်း မင်းမသွားခင် နားလည်မှု တစ်ခုခု ထားခဲ့စမ်း ဘာလဲကွ၊ မင်းက သူက မင်းကို သူ့ သူငယ်ချင်းကြီးလို့ ထင်နေတာ သူက မင်းကို ခင်နေတာ၊ သံယောဇဉ်ရှိတာ ပင်လယ်ပြင်အကျယ်ကြီးကို ဖြတ်ပြီး နီးသွားတာ သူ မင်းကို ကျွန်းပေါ်မှာ ချန်မထားခဲ့ဘူးလေကွာ ဘာလဲ သူက မင်းကို ဖမ်းထားမယ် ထင်လို့လား တိရစ္ဆာန်ရုံထဲ ထားမယ် ထင်လို့လား ဘာမှ မသိတဲ့ ရစ်ချက်ပါကာ သူက မင်း၊ သားရဲကြီ

ဧည့်သည် သရုပ်ဆောင်

နင်နဲ့အတူ အိပ်နေသလိုဖြစ်အောင် ဒီ အိပ်ယာရဲ့ တစ်ဖက်ခြမ်းမှာပဲ ငါအိပ်တယ်၊ ငါ အတော်လေး မြန်ခဲ့ရင် ငါဟာ ဘေးနားက ငါ့ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်၊ ငါ့ကိုယ်ငါ ထိတွေ့ရိုက်ခတ်ပေါ့၊ ငါ့ကိုယ်ပိုင် အရိုးတွေထဲက အပြာရောင်ကို သစ္စာဖောက်၊ ငါ့ကိုယ်ပိုင် နားရွက်ထဲ ၀င်သက်ရှိုက် နင် ငါ့ကို ထားသွားခဲ့၊ ဒီနေရာမှာ လဲလျောင်းရင်း ငါ့ကိုယ်ငါနဲ့ ရှိနေရဖို့ပဲ ငါလည်း နင့်ကို စွန့်ခွာခဲ့၊ တစ်ယောက်က မေးတတ်တယ် နင့်ခန္ဓာကိုယ်ဟာ ငါ့ဟာနဲ့ လဲဖို့ တန်ရဲ့လားတဲ့ ငါ့ ညစ်ညမ်းမှုကလည်း အမြဲတမ်း မာနနဲ့၊ နင်ရော အိပ်ယာကို နွေးနေအောင် ကိုယ့်ကိုယ်ကိုယ်နဲ့ အတူ အိပ်တတ်တဲ့ ယောက်ျားတစ်ယောက်ကို အလိုရှိပါ့မလား၊ နင့်ကို ငါက မိုးခေါင်အပြီး ရေကြီးချင်နေတဲ့ ကမ္ဘာလို လိုတာ။ တေဇာ (လရောင်လမ်း) Image: http://www.fantom-xp.com Multiple Man: Guest-starring me & you by Gary Jackson ကို ဆီလျော်သလို။

Crawling

ရထားလမ်းဟာ ရုတ်တရက် ကြိုးလှေကားကြီး ဖြစ်သွားတယ် ကျွန်တော် ချော်လဲသွားတာ ဖြစ်နိုင်သလို ကမ္ဘာကြီးရဲ့ လှိမ့်လည်မှုလည်း ဖြစ်နေနိုင်ပါတယ် ပိုမိုခက်ခဲသော နည်းနဲ့ပဲ မြေဆွဲအားကို ဆက်လက်ခုခံတယ် တေဇာ (လရောင်လမ်း) မတ်လ ၂၀၁၄

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု [မြင့်သန်း]

A man will be imprisoned in a room with a door that's unlocked and opens inwards; as long as it does not occur to him to pull rather than to push it. ~Ludwig Wittgenstein တတိယနေ့၌ ကျွန်တော်တို့ ပြုံးတတ်လာကြပါသည်။ သို့ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ စိတ်ထဲကမပါပေတဲ့ စိတ်ထဲကပါသလို ပြုံးရမယ်ဟူသော အပိုင်းဖြစ်သည်။ သင်တန်းဆရာကမူ အတော်ပင် စိတ်ပျက်နေပုံရသည်။ ဒီအပိုင်းမှာတင် တစ်နေကြပြီထင်တယ်၊ ဆရာတို့ ကြည့်လုပ်ကြပါဦးဟု ဆိုသည်။ ကျွန်တော်တို့သည် တည်ကြည်ခြင်း၏ ပရ၀ုဏ်အတွင်း၌ နှစ်ကာလအတော်ကြာအောင် လှည့်ပတ်သွားလာနေထိုင်ခဲ့သည်ဖြစ်ရာ ပြုံးခြင်းများမှာ လုံးလုံးချည်း ပပျောက်သွားခဲ့သည်မဟုတ်။ ရုပ်ကိုသိသော်လည်း နာမည်ဖမ်းရသည့်သူနှင့် တူနေခြင်းသာ ဖြစ်ပါသည်။ အရှေ့ဘက်နားဆီက လူတစ်ယောက်ကမူ အားလုံးပျော်စရာကောင်းတာတွေဖြစ်လာရင် ကျွန်တော်တို့ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ပြုံးတတ်လာကြမှာပါဗျာဟု ဆိုသည်။ သင်တန်းဆရာကမူ လက်ပိုက်ရင်း ကျွန်တော်တို့အားလုံးကို ကြည့်နေသည်။ ကျွန်တော်တို့ကို မြင်ပုံမရ။ သူ့မျက်စိရှေ့တွင် ရှိရှိသမျှတို့ ပျောက်ကွယ်နေပုံရသည်။ သို့ရာတွင် မျှော်လင့်ချက်များစွာမှာ သူ့မျက်နှာပေါ်တ

Alienation

ကွန်ဒိုထဲက ထွက်လို့ လမ်းမပေါ် စလျှောက်လိုက်ချင်းချင်းပဲ ရင်ထဲ ဟာခနဲဖြစ်သွားတယ်။ ဘာလို့ ငါက တစ်ယောက်တည်းဖြစ်နေရတာလဲဆိုတဲ့ အတွေးမှာ ကာလအတန်ကြာ တိမ်မြှုပ်နေတဲ့ ရင်ထဲက အထီးကျန်မှုဟာ ဘယ်ဆီကမှန်းမသိ ရုတ်တရက်ဆိုသလို ပြန်ပေါ်လာတယ်။ ရထားလမ်းပေါ်မှာ တွေဝေမိန်းမော ထိုင်နေမိတဲ့လူတစ်ယောက် တဖြည်းဖြည်းနီးကပ်ကျယ်လောင်လာတဲ့ ရထားခုတ်သံကို ရုတ်တရက် သတိပြုမိလိုက်သလိုမျိုး၊ အသည်းငယ်ချင်စရာ ထိတ်လန့်မှုမျိုးပေါ့။ ခုန အပေါ်ထပ်ဝရန်တာမြင့်မြင့်ကနေ ဒီလမ်းပေါ်မှာ သွားလာနေတဲ့ လူတွေကို ငါ ငုံ့ကြည့်နေသလို အခုငါ့ကို ငုံ့ကြည့်နေသူ တစ်ယောက်ယောက်ရှိမလား။ မရှိဖို့ များတယ်လို့ တွေးမိလိုက်တော့ ပိုပြီးတုန်လှုပ်သွားတယ်။ ကိုယ့်ခြေလှမ်းတွေကို ကိုယ်ပြန်ကြည့်နေတုန်းပဲ အခုလို လမ်းလျှောက်လေ့ရှိတဲ့ လူတစ်ယောက်ကို သတိရလာတယ်။ သူ အခုဘယ်မှာလဲ သူလည်း အခုချိန် ငါ့လို တစ်ယောက်တည်း လမ်းလျှောက်နေမလား။ လျှောက်နေတယ်ဆိုရင် သူလည်း အထီးကျန်နေမလား၊ ဒါမှမဟုတ် ဘာတွေကို တွေးနေမလဲ။ ဒီလိုနဲ့ ဖုန်းခေါ်ပြီး အကြောင်းအရင်းကို အရေးတကြီး ရှင်းပြလိုက်မိတယ်။ သူက ပြန်ပြောတယ်။ ကျွန်တော် အခု လမ်းတော့လျှောက်မနေဘူး၊ တစ်ယောက်တည်းတော့ တစ်ယောက်တည်းပဲတဲ့။ ဈေးဝယ်စင်တာကြီး

Proneness

ကိုယ်ပိုင်ဆုံးဖြတ်ချက်က နည်းနည်း  ပါနေတဲ့ သောက်ကျင့်တွေနဲ့ပဲ ရွေးချယ်တတ်ကြတယ် တကယ်တော့ လူတွေလုပ်လုပ်နေပုံက စိတ်ပညာရှင်တွေ ပြောပြောနေသလို ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘဲ ၀ူခုန်းအဖြစ် ရုတ်တရက် ဖန်ဆင်းခံလိုက်ရတဲ့  ကစားစရာ ရောင်စုံဂျုံခဲ။ အိုဗာတွေမဟုတ်ဘူး ၀မ်းသာလွန်းရင် မျက်ရည်ကျတတ်တာကို ယုံသွားတယ် ချောင်းထဲက ဆယ်မွန်ငါးပေါက်စနကလေးတွေ သေတ္တာတွေစီးပြီး တောင်တရုတ်ပင်လယ်ထဲက ပြန်ပြန်လာတုန်းက တစ်ခါ၊ ကိုယ်သောက်မြင်ကပ်တဲ့ ကောင်မလေး ပုရစ်ကြော်တွေကို စားစရာထင်ပြီး ၀ယ်ဝယ်စားတုန်းကတစ်ခါ။ သောက်ရေးမပါတာ တီချာပဲ စဉ်းစားကြည့်စမ်းပါ ညာဘက်က ကောင်က ဘယ်နဲ့ရေးတော့ စာရေးတိုင်း တံတောင်ချင်းတိုက်မိတယ် တီချာလည်း လက်ရေးလှတာ ကြိုက်ပါတယ် ဒီတော့ သမိုင်းထဲကလို ပထ၀ီဝင်ထဲကလို ကျွန်တော်တို့ စာရေးစားပွဲကို နယ်စည်းခြားရတယ် ကျော်လာရင် ဆော်မယ်၊ ဒီကောင်ကိုကလည်း ခေါင်းမာလွန်းပါတယ် တစ်တန်းလုံး ဒီလိုပဲညာနဲ့ ရေးနေကြတာ သူ့ကျမှ ချွန်ပြီး ဘယ်နဲ့ရေးချင်တာ။ ကြည့်ပြောဦး ကျွီကျွီကျွီမြည်တဲ့ ဖိနပ်ကလေး လူကြီးတွေက လမ်းလျှောက်တတ်စေချင်လို့ ၀ယ်ပေးတယ် မင်းသားက ငုတ်တုတ်ထိုင်ပြီး လက်နဲ့ချည်းနှိပ်နှိပ်နေတယ် င

ဖသာထော် ပျော်ပျော်သာနေ [မြင့်သန်း]

တောင်စောင်းကကြည့်လိုက်ရင် မြစ်ကြောင်းကို လှမ်းမြင်နေရတယ်။ ဒီမြင်ကွင်းကိုမြင်နေရတာ နှစ်ချင့်နေပြီ။ ပြောရမယ်ဆိုရင်တော့ ရိုးအီလောက်ပြီ။ သူ့အတွက်တော့ ရိုးသွားလို့မဖြစ်ဘူး။ ရိုးသွားလည်း ဒါပဲကြည့်ရမှာ။ ဒါပဲ မြင်နေရတာ။ နောက်ဖက်လှည့်ကြည့်လိုက်ရင် တောင်ရိုး။ တောင်ရိုးဆိုတော့လည်း တောင်ရိုးပဲ။ ဒီထက် မပိုဘူး။ ဒီတော့ မြစ်ကို အဓိကထားမြင်နေရတဲ့ မြင်ကွင်းကို တစ်နေ့သုံးကြိမ်လောက် အမြဲတမ်း မြင်နေရတယ်။ မိုးလင်းလို့ အိပ်ယာကထ၊ သွားတိုက် ပလုတ်ကျင်းပြီးတာနဲ့ တောင်စောင်းကို ဇောင်းတင်ဆောက်ထားတဲ့ ဒီဝရံတာပေါ်ကနေ ပလုတ်ကျင်းတာကို ပစ်ကနဲ ထွေးထုတ်တာက တစ်ကြိမ်။ နေ့ခင်းစာစားတော့ ၀ရံတာပေါ်မှာ ထိုင်းစားရင်း မျက်စေ့ရှေ့မှာ ပြေးမလွတ်လို့ မြင်နေရတာ တစ်ကြိမ်၊ နေ့ခင်းစာစားတော့ ၀ရံတာပေါ်မှာထိုင်စားရင်း မျက်စိရှေ့မှာ ပြေးမလွတ်လို့ မြင်နေရတာက တစ်ကြိမ်။ ညဘက်မအိပ်ခင် ခပ်ထွေထွေနဲ့ ၀ါးပက်လက်ကုလားထိုင်ပေါ်ထိုင်၊ ခြေနှစ်ချောင်းကို ၀ရံတာလက်တန်းပေါ်တင်လိုက်ရင် ဒီမြင်ကွင်းက ပြေးမလွတ်ပြန်ဘူး။ ဒီတော့လည်း ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီမြင်ကွင်းကတော့ မြင်နေရမှာပဲ။ ဒါကိုများ သူ့ဆီလာသွားတဲ့ ငတိတွေထဲက တစ်ကောင်က ပြောသေးတယ်။ ဖသာထော် ခင်ဗျားအင်မတန်

In Retrospect

အဲဒီတုန်းက မြေဆွဲအားကို ကျွန်တော်မသိတာ ဖြစ်နိုင်သလို မြေဆွဲအားက ကျွန်တော့်ကို မသိတာလည်း ဖြစ်နိုင်တယ် ဘာပဲဖြစ်ဖြစ် ကြယ်တွေကတော့ ကြွေနေတယ် သတ္တ၀ါဆန်းကြီးတစ်ကောင်အဖြစ်နဲ့ ကျွန်တော်က ကြယ်ကြွေတွေ လိုက်ကောက်ပြီး နှီးနဲ့သီတယ် ဘယ်သူ့ကို ပေးဖို့မှမဟုတ်ဘူး ကြွေလက်စကြယ်တစ်ပွင့်ကို လမ်းခုလတ်မှာ ဖမ်းမိရင် သိပ်ပျော်တာပဲ ပျော်နေရင်းတန်းလန်းပဲ ဘုန်းကြီးကျောင်းဝန်းထဲက ခရေပင်ကြီးအောက် လမ်းလျှောက်နေတဲ့ ကလေးလေးဖြစ်သွားတယ် အဲဒီတုန်းက ကျွန်တော်က မပျောက်ပျက်နိုင်တဲ့ သက်တံ့တစ်ခုကို အသည်းအသန် လိုချင်နေခဲ့တာတဲ့ ရောင်စုံခဲတံတစ်ဘူးအတွက် ပိုက်ဆံစုရင်း တရုတ်ပြက္ခဒိန်ကို တစ်ရွက်ပြီးတစ်ရွက် ကုန်စင်အောင် စုတ်ဖြဲပစ်လိုက်တဲ့ကောင်တဲ့ အဲဒီလုပ်ရပ်ကို မိဘတွေမသိသေးခင်ပဲ ကျွန်တော် စိတ်လေပြီး အိမ်က ထွက်ပြေးခဲ့တယ် ချောကလက်မြစ်ကို ဆန်တက်မယ့် ဝေဖာသင်္ဘောကြီးပေါ် နောက်ဆုံးမိနစ်မှ ခုန်တက်ခဲ့တယ် အပြင်လူမ၀င်ရ သင်္ဘောဦးခန်းထဲကို မာလိန်မှူးဝင်လာတော့ ဆယ်ကျော်သက်ပီပီ ကျွန်တော်က ခပ်တည်တည်ပဲ ခင်ဗျားသင်္ဘောဦးနဲ့ ထိုးခွဲလိုက်တဲ့ ရေမွှာတွေဖွာသွားပုံက သိပ်ထူးခြားတယ်လို့ မြှောက်ပင့်လိုက်တယ် ပြောပြောဆိုဆို အောက်ကိုငုံ့ကြည့်လိုက်ခ

အချစ်နှင့် ထိတွေ့ခြင်း [ဇာတ်သိမ်း] (Samsa in Love)

ခါးကို ပြန်ကိုင်းရင်း လေးလံတဲ့ အနက်ရောင်အိတ်ကြီးကို ညာလက်နဲ့ဆွဲယူပြီး လှေကားပေါ် သူမ ခက်ခက်ခဲခဲ တက်သွားတယ်၊ တွားသွားပိုးမွှားတစ်ကောင်နဲ့ အတော်ကို တူတာပဲ။ သူမနောက်ကနေ ဆမ်ဆာလည်း ကပြာကယာ လိုက်ရတယ်၊ လက်တွေကို လက်ရန်းမှာကိုင်လို့ပေါ့။ သူမရဲ့ တရွေ့ရွေ့ခြေလှမ်းတွေကိုကြည့်ပြီး ဆမ်ဆာ သနားစိတ်တွေ တဖွားဖွားပေါ်လာတယ်၊ ပြီးတော့ တစ်ခုခုကိုလည်း သူ့ကို သတိရလာစေသလိုပဲ။ အမျိုးသမီးကတော့ လှေကားထိပ်မှာ ရပ်ရင်း ခန်းမထဲကို လှမ်းကြည့်လိုက်တယ်။ “ဒီတော့ ဒီတံခါးလေးပေါက်ထဲက တစ်ခုမှာ တံခါးသော့ပျက်နေနိုင်တယ် ဆိုပါတော့” လို့ သူမက ပြောလိုက်တယ်။ ဆမ်ဆာ့မျက်နှာ နီမြန်းသွားတယ်။ “ဟုတ်ကဲ့။ အဲဒီထဲက တစ်ခုပေါ့။ ခန်းမထောင့် ဘယ်ဘက်က တစ်ပေါက်များ ဖြစ်နေမလားမသိဘူး” လို့ သူက အယောင်ယောင်အမှားမှား ပြောမိတယ်။ သူ ဒီမနက်နိုးလာခဲ့တဲ့ ဗလာကျင်းနေတဲ့အခန်းရဲ့ တံခါးပဲ။ “ဖြစ်နိုင်ပါတယ်။ ဖြစ်ချင်ဖြစ်မှာပေါ့” လို့ မီးပုံအသေတစ်ခုလို အသက်မဲ့တဲ့လေသံနဲ့ အမျိုးသမီးက ပြောတယ်။ အနောက်ကိုလှည့်ပြီး ဆမ်ဆာ့မျက်နှာကို အကဲခတ်လိုက်တယ်။ “တစ်နည်းမဟုတ် တစ်နည်းပေါ့” လို့ ဆမ်ဆာပြောလိုက်တယ်။

နားတစ်စုံသာ အချစ်အတွက်ဖန်တီးခဲ့တဲ့ အင်္ဂါ

ငါတို့ကို အရင်စ စွန့်ခွာသွားခဲ့တာက ဘာသာစကား။ ရွှေ့ပြောင်းအခြေချလာတဲ့ စကားလုံးအုပ်လိုက်ကြီး။ လူတွေစကားပြောချိန်မှာ တစ်ယောက်ပါးစပ်ကိုတစ်ယောက် ထိုးနှက်ကြ။ အချစ်အတွက်က ဝေါဟာရ မရှိ။ မိန်းမတွေရဲ့ ကြွက်သားဆိုင်တွေ ကြီးထွားလာပြီး သူတို့ နှုတ်ခမ်းနှစ်လွှာက နွေးလျရိုးစင်းတဲ့ ကြင်နာမှုတစ်ခု မွေးဖွားမပေးနိုင်တော့။ ငန်ကျိကျိအရသာနဲ့ ကန္တကောစကြောင့် လျှာတွေက အလေးချိန်တက်။ မြူခိုးလို မြို့ပေါ်ရစ်တွယ်ပြီး အရာရာကို မြင်ကွင်းက ပိတ်ကွယ်လျက်။ ငါ့နားတစ်စုံက ပတ်ဝန်းကျင်နဲ့ရောနှောရုပ်ဖျက်လို့ စစ်ထွက်ခွင့်ရဖို့အတွက် အထပ်ထပ်တောင်းပန်။ နေရာတကာမှာ ငါတို့အသံထွက်ပုံရဲ့ ပုပ်အဲ့မှု။ ဒါကြောင့် ဆိုနီရိုးလင်း ပျောက်ကွယ်သွားတဲ့ အချိန်ကို သတိရမိတယ်လို့ တစ်ယောက်ကဆို။ လေထုဟာ မူလအတိုင်း ပြန်မဖြစ်နိုင်တော့ကြောင်းနဲ့ ခွင့်မလွှတ်နိုင်ကြောင်း လူတွေကြား သတင်းပျံ့။ ဒါဟာ အနက်ရှိုင်းဆုံးအချစ်တစ်ခုဆိုတဲ့ တေးသွားအစကို ကြားနိုင်ရာ မရှိတော့တဲ့ လူ့ယဉ်ကျေးမှုရဲ့ အဆုံးသတ်။ ဒါဟာ ဂျက်ဇ်ဂီတသမားတွိင်း ဘယ်တုန်းကမှ မမွေးဖွားခဲ့သလိုမျိုး။ တေဇာ (လရောင်လမ်း) The Ear is an Organ Made for Love by E. Ethelbert Miller ကို ဆီလျော်သ

ဂျိမ်းစ်နဲ့ကျွန်တော် ရန်သူတော်

အရင်တုန်းကတော့ ဂျိမ်းစ်နဲ့ကျွန်တော်က သူငယ်ချင်းတွေပေါ့ ဒါပေမဲ့ ဒီနေ့တော့ ဒီကောင်ဟာ ကျွန်တော့်ရဲ့ ရန်သူတော်ပဲ ဒီကောင်က သူပဲ ဆရာကြီးအမြဲဖြစ်ချင်တဲ့ကောင် အလံတိုင်ကို သူပဲ ကိုင်တဲ့ကောင် ကျွန်တော့် ရောင်စုံခဲတံတွေအကုန်လုံး ယူတဲ့ကောင် အကောင်းဆုံး ခက်ရင်းခွကို အပိုင်စီးတဲ့ကောင် ကျွန်တော့်ကို သဲနဲ့ပက်တဲ့ကောင် ဂျိမ်းစ်နဲ့ ကျွန်တော် သူငယ်ချင်းဖြစ်နေတုန်းက ကျွန်တော့်မွေးနေ့ပွဲကို သူ့ကိုဖိတ်ခဲ့တယ် ကျွန်တော့် မုန့်ကြိုးလိမ်တွေကို သူ့ဆို အမြဲကျွေးခဲ့တယ် ထီးလည်း အတူဆောင်းခဲ့တာပဲ ဖားပြုတ်ကြီးနေတဲ့ ကျင်းကိုလည်း ကျွန်တော် သူ့ကိုပြခဲ့တယ် ကျွန်တော်တို့ ဘယ်လောက်ခင်သလဲဆိုရင် ၀က်သက်ပေါက်တုန်းကဆိုလည်း တူတူပဲ ဒါပေမဲ့ အခုတော့ ဂျိမ်းစ်ဆိုတဲ့ကောင်နဲ့ ကျွန်တော် ၀က်သက်အတူတူ မပေါက်နိုင်တော့ဘူး ဒီကောင်က ကျွန်တော့်ရဲ့ ရန်သူတော် ဒီကောင်က အမြဲတမ်း ဆရာကြီးဖြစ်ချင်နေတဲ့ကောင် ကျွန်တော် ပြောင်းလဲလိုက်ပြီ၊ ဂျိမ်းစ်ဆိုတဲ့ကောင်ကို လှောင်ရမယ် ဒီကောင့် ရောင်စုံခဲတံတွေကို စွပ်ပြုတ်ထဲ ထည့်ပစ်ရမယ် ဂျိမ်းစ်ဆိုတဲ့ကောင်နဲ့ ကျောင်းအတူတူ မသွားနိုင်တော့ဘူးလို့ အိမ်ကို ပြောရမယ် ဒီကောင်က ဆရာကြီးပဲ အမြဲဖြစ်ချင်နေတဲ့ကေ

အချစ်နှင့် ထိတွေ့ခြင်း [ ၂ ] (Samsa in Love)

ထိုင်ခုံမှာပဲ အတော်ကြာကြာ အဆီရစ်ပြီး သူ ထိုင်နေမိတယ်။ လက်တွေကို စားပွဲပေါ်တင်ထားရင်း မျက်လုံးမှေးမှေးတွေဆီကနေ နှင်းပန်းတွေကို ငေးကြည့်နေတယ်။  စားလိုက်တဲ့ အစာတွေ အစာရေမျိုကတဆင့် အူထဲရောက်တဲ့အထိ သူ့အစာခြေစနစ်တစ်လျှောက် အလုပ်လုပ်နေချိန်မှာ သူကတော့ နှေးကွေးလေးလံစွာ အသက်ကို ပျင်းပျင်းရိရိ ရှူနေမိတယ်။ ၀မ်းမီးငြိမ်းသွားတဲ့ အရသာကို ဒီရေတက်လာသလို သူခံစားနေရတယ်။ ကော်ဖီအိုးကို လှမ်းယူလိုက်ပြီး ကြွေခွက်ထဲ လောင်းထည့်လိုက်တယ်။ ရနံ့ပြင်းရှရှက သူ့ကို တစ်စုံတစ်ရာကို သတိရလာစေတယ်။ ရုတ်တရက် သတိရလိုက်တာမျိုးမဟုတ်ဘူး၊ အဆင့်ဆင့် သတိရသွားပုံမျိုး။ အနာဂတ်တစ်နေရာဆီကနေ ပစ္စုပ္ပန်ကို ပြန်လည်သတိရနေရသလို ထူးဆန်းတဲ့ ခံစားချက်တစ်မျိုးပဲ။ တစ်နည်းနည်းနဲ့ အချိန်ကာလဟာ အစိတ်အပိုင်းနှစ်ခုအဖြစ် ကွဲထွက်သွားပြီး စက်ဝိုင်းပိတ်တစ်ခုအတွင်းမှာ မှတ်ဉာဏ်နဲ့ အတွေ့အကြုံတို့ဟာ တစ်ခုနောက်တစ်ခုလိုက်ပြီး လည်ပတ်နေကြသလိုပဲ။ ကော်ဖီထဲက နို့နှစ်အနေတော်လောက် လောင်းချလိုက်ပြီး လက်ချောင်းနဲ့မွှေလို့ သူ မော့သောက်လိုက်တယ်။ ကော်ဖီက အေးနေပြီဆိုပေမယ့် အနွေးဓာတ်ငွေ့ငွေ့ ကျန်နေသေးတယ်။ သူက ကော်ဖီကို ပါးစပ်ထဲ ခဏငုံထားလိုက်ပြီးမှ သတိကြီးကြီးထားပြီး လည်ချောင်း

Gymnasium

ပန်းတိုင်မရှိဘူး၊ မြန်နှုန်းမရှိဘူး ကျော်တက်ဖို့မလိုဘူး၊ အမောဆို့မခံဘူး ဖနောင့်နဲ့တင်ပါး တစ်သားတည်းမကျဘူး ကြည့်ရှုခံရဖို့ အသက်လုရွေ့လျားနေတာမဟုတ်ဘူး ကိုယ့်ဘယ်ခြေနဲ့ညာခြေတောင် ပြိုင်ဆိုင်ရှေ့ရောက်နေစရာမလိုဘူး အနည်းဆုံးတော့ ကဗျာရေးတာဟာ အများသဘောကျ အဝေးဆုံးပြေးပြရတဲ့ ပွဲတစ်ခုမဟုတ်ဘူး။ လိုတာတွေဖြည့်ရတယ်၊ တည်ဆောက်ရတယ် အသက်ကိုပုံမှန်ရှူမယ်၊ အကြောလျှော့မယ် အာဟာရပြည့်ဝအောင် စားသုံးမယ် ကိုယ်တုံးလုံးချွတ်ပြီး တစ်ကိုယ်လုံးကို ဖင်ပြန်ခေါင်းပြန် မှန်ထဲမှာ ပြန်ကြည့်မယ် ယောက်ျားချင်းတောင် အဲဒီကောင်ပေါင်သားကို နှစ်လိုစွာ ဖွင့်ဟချီးကျူးနိုင်ရမယ် ဒီတော့ ကဗျာရေးတာဟာ လေးပင်မှုကို ကိုယ့်သဘောနဲ့ကိုယ် သယ်ပိုးထမ်းရွက်ခဲ့တာဖြစ်နိုင်တယ်၊ ဒီထက်ပိုရင် ကဗျာရေးတာဟာ မြေဆွဲအားကို ငါတို့တွေ အတူတကွ ဝေမျှခုခံခဲ့ကြတာတောင် ဖြစ်နေနိုင်တယ်။ တေဇာ (လရောင်လမ်း) Image: onlyhdwallpapers.com

လူငယ်များသို့ စေတနာဖြင့် အကြံပြုချက်

တိဘက်ကို သွား ကုလားအုပ်တစ်ကောင် စီး သမ္မာကျမ်းစာ ဖတ် ဖိနပ်ကို ဆေးပြာဆိုး မုတ်ဆိတ်မွှေး ထား ကမ္ဘာကို စက္ကူလှေနဲ့ ပတ် သတင်းစာ မှာဖတ် ဘယ်ဘက်ခြမ်းနဲ့ပဲ အစာဝါး ခြေတစ်ဖက်နဲ့ အမျိုးသမီးနဲ့ လက်ထပ်ပြီး ဘရိတ်ထားထက်ထက်နဲ့ အမွှေးသတ် ပြီးရင် မင်းနာမည်ကို သူ့ လက်မောင်းမှာ ထွင်း ဓာတ်ဆီနဲ့ သွားတိုက် တစ်နေကုန်အိပ်ပြီး ညမှာ သစ်ပင်တွေပေါ်လျှောက်တက် ဘုန်းကြီးဝတ်ပြီး တူမီးကျည်ဂေါ်လီနဲ့ ဘီယာသောက် ရေအောက်ထဲ ခေါင်းကိုအုပ်လို့ တယောထိုး ဖယောင်းတိုင်ပန်းရောင်တွေရှေ့ ဗိုက်သားလှုပ် က မင်းရဲ့ခွေးကို သတ် မြို့တော်ဝန်အဖြစ် ၀င်အရွေးခံ စည်ပိုင်းပြတ်ထဲမှာ နေ မင်းခေါင်းကို ရဲဒင်းနဲ့ ခွဲ မိုးရေထဲ ခတ္တာ စိုက် ကဗျာရေးရလောက်အောင်ပဲ မမိုက်နဲ့။ တေဇာ (လရောင်လမ်း) Friendly advice to a lot of young men by Charles Bukowski ကို ဆီလျော်သလို

ဝမ်းနည်းနေသော စက်ရုပ်ကလေး

စက်ရုပ်ကလေးဟာ နေ့စဉ်လုပ်ဆောင်စရာ တာဝန်တစ်ခု ရခဲ့တယ်။ အရံအဖွဲ့ထဲ ရောက်ပြီးလို့ သိပ်မကြာခင်မှာပဲ ဒီတာဝန်ကို သူယူလိုက်ရတာ။ တာဝန်ကတော့ ကြောင်ကလေးတွေကို အစာကျွေးဖို့ပါပဲ။ ကြောင်ကလေးတွကို အစာကျွေးဖို့ အလုပ်တစ်ခုလို ဖြစ်နေတာက ရယ်စရာလည်း ကောင်းတယ်။ တကယ်တော့ ကြောင်ကလေးတွေ ရှိနေတာက ကြွက်တွေရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ပဲ၊ ဒီနေရာမှာ ကြွက်တွေ သောင်းကျန်းနေတယ်လေ။ ဒါပေမဲ့ ကြောင်ကလေးတွေကလည်း ကြောင်,ကလေးလေးတွေ ထပ်ထပ်မွေးနေတယ်၊ ဒီတော့ အစာလည်း လိုလာတယ်။ စက်ရုံအ၀င်တံခါးရဲ့ အပြင်ဘက်မှာ ကြောင်စာခွက်တွေ ရှိတယ်။ နံနက်စောစော အဲဒီနေရာကို စက်ရုပ်ကလေး ထွက်သွားလိုက်တာနဲ့ သူ့ကို မျှော်နေကြတဲ့ ကြောင်လေးတွေကို တွေ့ရပါလိမ့်မယ်။ ပထမတုန်းကတော့ ကြောင်ကလေးတွေဟာ ခြေဦးတည့်ရာ ထွက်ပြေးကြသေးတယ်။ စက်ရုပ်ကလေးရဲ့ ခြေသံတွေက တုန်ခါမှုကို ကြားပြီး ကမ္ဘာပျက်တော့မလို ၀ရုန်းသုန်းကား ထွက်ပြေးကြတယ်။ နောက်ဆုံးတော့ ကြောင်ကလေးတွေဟာ စက်ရုပ်ကလေးကိုမြင်လည်း ထွက်မပြေးတော့ပါဘူး။ စက်ရုပ်ကလေးက အစာခွက်ထဲ အစာညိုညိုတွေ လောင်းချပြီး ရေခွက်ကို အောက်ချပေးတာကို မျှော်တော်ယောင်မျက်နှာပေးလေးတွေနဲ့ မော့ကြည့်တတ်လာကြတယ်။ အဆုံးတစ်နေ့မှာတော့ ကြောင်ကလေး

Meaning by Carl Dennis

တကယ်လို့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဘ၀တစ်ခုဖြစ်ဖို့ အသုံးဝင်နေစရာတော့ မလိုဘူးဆိုပါစို့ ကမ်းစပ်မှာ နေစာလှုံနေတဲ့ ဘ၀တစ်ခုကို အနည်းဆုံးတော့ လူတချို့အတွက် အဓိပ္ပာယ်ရှိတယ်လို့ ဆိုနိုင်လောက်တယ် ဆိုပါစို့ နေကို ဘုရားအဖြစ်ကိုးကွယ်ပြီး နေစာလှုံတာကို ၀တ်ပြုမှုပုံစံတစ်ခုလို ယူဆကြတဲ့ တချို့တွေအတွက်ပေါ့ လှိုင်းစီးဘုတ်တစ်ခု ဒါမှမဟုတ် ရေခဲပြင်စကိတ်တစ်စုံ ဒါမှမဟုတ် ဂေါ့ဖ်အိတ်တစ်လုံးနဲ့ အချိန်ပြည့် လည်ပင်းဖက်ထားတဲ့ သူတွေ သူတို့ဘ၀တွေဟာ အသုံးဝင်ပါတယ်လို့ ကျွန်တော်မငြင်းခုံနိုင်လည်း သူတို့မှာ အဓိပ္ပာယ်လို့ မရှိဘူးတော့ ကျွန်တော်ပြောရခက်မိမှာပါပဲ သူတို့ ကျွမ်းကျင်သရုပ်ပြနေတာကို စောင့်ကြည့်သူတစ်ဦး မရှိဘူးဆိုရင်တောင်မှပေါ့ စာကြည့်တိုက်မှူးရဲ့ လက်သံကို နားထောင်သူမရှိဘူး အလုပ်ချိန်ပြီး တစ်နေ့တာ ရွှေဝါရောင်နာရီ ဟှူးဗှားလမ်းတစ်နေရာ တိုက်ခန်းမှာ သူမ တယောထိုးလေ့ကျင့်တာ ကျွန်တော်ပြန်တွေးကြည့်လိုက်တယ် ဒါဆို လူတွေ ၀င်ကြေးပေးနားထောင်တဲ့ ဂီတပွဲတစ်ခုတင်ဆက်နိုင်လောက်ဖို့ သူမ ဘယ်တော့မှ တယောကောင်းကောင်းထိုးတတ်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ သူမမှာ နားထောင်မယ့် ပရိသတ်ရှိတယ်လို့ ကျွန်တော့်ကို တွေးခိုင်းမယ်ဆိုရင် ရာစုနှစ်မျာြး