အရေးမပါတဲ့ကိစ္စပါ၊ ကျုပ်တို့ကလေးကို ခရစ်နှစ်သုံးထောင်ထဲကို ချဉ်းနင်းဝင်ရောက်လာပြီး ပထမဆုံးမွေးတဲ့ နျူးယောက်မြို့ဖွားကလေးငယ်လို့ သူတို့က ပြောတယ်။ ၂၀၀၀ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့ ညသန်းခေါင်အပြီး ဆယ်စက္ကန့်အကြာမှာပေါ့။ လူအများထောက်ပြကြသလိုပဲ၊ တကယ်တော့ သုံးဆယ်ရာစုထဲကို တာစထွက်ဖို့ဆိုတာက ၂၀၀၁ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့မှ စ,ရမှာပါ။ နက္ခတ်ဗေဒအရပြောရင်လည်း ကျုပ်တို့ကလေးကို မွေးတော့ နှစ်သစ်တောင် ခြောက်နာရီသားဖြစ်နေပြီလေ၊ ဘာလို့ဆို ဒါက အင်္ဂလန်၊ ဂရင်းနစ်က တော်ဝင်စောင့်ကြည့်ရေးဌာနမှာ အချိန် စ,ခဲ့တာမဟုတ်လား။ ဒါပေမဲ့လည်း ခရစ်တော်ရဲ့မွေးနေ့တောင်မှ ခန့်မှန်းခြေကိုပဲ သတ်မှတ်ထားကြတာဆိုတော့ ဒီလိုကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး သိပ်ခေါင်းရှုပ်ခံနေစရာတော့ မရှိဘူး။ ဒီလိုကိန်းဂဏန်းအချက်အလက်တွေက သိပ်ကိုေ၀၀ါးလွန်းတယ်။ ပြီးတော့ ဘယ်ကလေးက ဘယ်နမိနစ်မှာ မွေးတယ်လို့ ဘယ်သူက ပြောနိုင်တာမှတ်လို့။ ခေါင်း စ,ထွက်လာတဲ့ အချိန်လား။ တစ်ကိုယ်လုံး အမေ့အပြင်ရောက်မှလား။ အချင်းဖြတ်ပြီးတဲ့ အချိန်လား။ မြို့မှာ ၂၀၀၀ ခုနှစ်ရဲ့ ပထမဆုံးမွေးဖွားတဲ့ကလေးကို တန်ဖိုးကြီးတဲ့ ဆုတွေအမြားအပြားပေးဖို့ ရှိလေတော့၊ အချင်းဖြတ်တဲ့အချိန်ထိတော့ တွက်လို့မဖြစ်ဘူး၊ ဒီလိုဆိုရင် လူတွေအာရုံစိုက်နေမှာဖြစ်တဲ့ သန်းခေါင်အချိန်ထက် အတော်လေးစွန်းသွားမှာစိုးရတယ်လို့ တက်ရောက်လာကြတဲ့ သားဖွားဆရာဝန်ကြီးတွေကိုယ်တိုင်က ကြိုတင်သဘောတူညီချက် ယူထားကြလေရဲ့။ ဒီလိုဆိုရင် တစ်မြို့လုံးမှာ၊ နာရီကိုကြည့်ပြီး သူတို့ ကတ်ကြေးတွေကို အသင့်အနေအထားပြင်ထားကြမယ့် ဆရာဝန်တွေ ပြည့်နေလိမ့်မယ်၊ အသင့်ရှိနေတဲ့ မျက်မြင်တွေကလည်း ကတ်ကြေးတွေ၊ နာရီတွေကို မျက်တောင်မခတ်ကြည့်နေကြလိမ့်မယ်။ အနိုင်ရတဲ့ဆရာဝန်ကတော့၊ ကမ္ဘာလှည့်ခရီးသွားတွေ အတန်အသင့်သွားရဲနေပြီဖြစ်တဲ့ ဘာမြူဒါကျွန်းစုလေးတွေထဲက တစ်ခုဆီ စားရိတ်ငြိမ်း အပန်းဖြေခရီးထွက်ခွင့်ရရှိမယ်တဲ့။ အဲဒီမှာ ဗြိတိသျှလေထီးတပ်စုတစ်စု တပ်စွဲထားလေရဲ့။ ဒီတော့လည်း ဆရာဝန်တွေကို မွေးဖွားချိန်နဲ့ပတ်သက်ပြီး စာအုပ်ကြီးအတိုင်းမလုပ်ကြဖို့၊ ပေးထားတဲ့မက်လုံးက ဖြားယောင်းနေသလိုပဲ။
စံချိန်စံညွှန်းတွေက ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ မွေးဖွားချိန်ကို သတ်မှတ်တဲ့ကိစ္စက "သန္ဓေအောင်တဲ့ မမျိုးစေ့ဟာ မိခင်ရဲ့သားအိမ်ထဲမှာ ဘယ်အချိန်ကစပြီး လူသားဖြစ်လာသလဲ" ဆိုတဲ့ ပြဿနာလောက်တော့ အငြင်းပွားဖွယ်မကောင်းပါဘူး။ ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်အရ၊ မွေးဖွားချိန်ဟာ ကလေးငယ်ရဲ့ မျက်လုံး၊ ဒါမှမဟုတ် မျက်ခွံဟာ ပြင်ပကမ္ဘာရဲ့ အလင်းရောင်ကို စတင်ထိတွေ့အချိန်လို့ သတ်မှတ်လိုက်ကြတယ်၊ အဲဒါကို မျက်မြင်သက်သေတွေကလည်း မြင်ကြရမယ်ပေါ့။ ဒီတော့ ကလေးငယ်ရဲ့ အစိတ်အပိုင်းတချို့က အမေ့အတွင်းထဲမှာကျန်ပြီး တစ်ဝက်တစ်ပျက် ဖြစ်နေရဦးမယ့်ပုံပဲ (တကယ်လည်း ကျုပ်တို့ကလေးက အဲဒီလိုဖြစ်ခဲ့တယ်)။ တကယ်လို့များ ကလေးက ဆုံပိုင်းများဖြစ်နေရင်တော့ မျက်လုံးဆိုတာက နောက်ဆုံးမှ အပြင်ထွက်လာမှာ။ ကျုပ်တို့ အနိုင်ရခဲ့တဲ့ ဒီပြိုင်ပွဲကြီးမှာ တခြားဘ၀င်မကျစရာကိစ္စတွေကလည်း ရှိသေးတယ်။ ကလေးက ဆုံပိုင်း၊ ဒါမှမဟုတ် ဂြိုဟ်သားရုပ်ကလေးထွက်နေတာမျိုး၊ ကျောဘုကလေးဖြစ်နေတာမျိုး၊ အင်္ဂါမစုံတာမျိုး၊ အေ့စ်ရောဂါပါလာတာမျိုး စတာတွေဖြစ်နေခဲ့ရင် ဆုရဖို့ အရည်အချင်းမပြည့်မီဘူးတဲ့။ မွေးဖွားချိန်သတ်မှတ်ရာမှာ အဆင်မပြေတာမျိုး ဖြစ်နိုင်တာကြောင့်နဲ့၊ သမာဓိဒိုင်လူကြီးတွေအပြောအရတော့ သတ်မှတ်တဲ့ စံချိန်စံညွှန်းတွေက သွေဖီနလို့ဆိုပဲ။ တကယ်တော့ လာမယ့်ထောင်စုနှစ်မှာ လူသားတွေ ဘယ်လောက်ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်မယ်ဆိုတဲ့ နိမိတ်ရယ်လို့ ပထမဆုံးမွေးမယ့်ကလေးငယ်ကို လူတွေက ယူဆထားကြတာကိုး။ သမာဓိဒိုင်လူကြီးတွေက အာမခံပေးတဲ့တစ်ချက်ကတော့ ကလေးငယ်ရဲ့ မိဘတွေဟာ မည်သည့်လူမျိုး၊ ဘာသာ၊ ဇာတိနိုင်ငံကဖြစ်ပါစေ ထည့်တွက်နေမှာမဟုတ်ဘူးလို့ဆိုတယ်။ တကယ်လည်း မှန်ပါတယ်၊ ကျုပ်ဆို အမေရိကန်နိုင်ငံဖွားလူမည်း၊ ကျုပ်မိန်းမကတော့ လူဖြူစာရင်းထဲပါပေမဲ့ ကျူးဘားမှာမွေးတာ။ ဒါပေမဲ့ သူတို့တွေဘာပြောပြော ကျုပ်က ကိုလံဘီယာတက္ကသိုလ်လူမှုဗေဒဌာနမှူး၊ ကျုပ်မိန်းမက နျူးယော့ခ်ဆေးရုံမှာ ပြင်ပဝေဒနာအထူးကုဖြစ်ရလို့ အနှိမ်ခံရတာမျိုးမှ မရှိခဲ့ပဲ။ တခြားပြိုင်ဘက်အနည်းငယ်ကြားထဲမှာ ကျုပ်တို့ကလေး ဗိုလ်စွဲမှာပဲလို့ ကျုပ်ကတော့ တစ်ထက်ချယုံတယ်။ အဲဒီပြိုင်ဘက်ဆိုတာအထဲမှာ ဘရွတ်ကလင်းက အမှိုက်ပုံးထဲမှာရှာတွေ့တဲ့ မွေးခါစကောင်ကလေးတစ်ယောက်လည်းပါသေးတယ်၊ ဒါပေမဲ့ ဘာအရေးလဲ၊ ကျုပ်တို့က လူလတ်တန်းစားတွေပဲ။
ဖို့ဒ်ကားလေးတစ်စင်းရယ်၊ ဒစ္စနေဝေါ်ဒ်ကို တစ်သက်တာလည်ပတ်ခွင့်လက်မှတ်သုံးစောင်ရယ်၊ အိမ်တွင်းဖျော်ဖြေရေးအစီအစဉ်ရယ်၊ ခြောက်ပေရှိတဲ့ တီဗီဖန်သားပြင်ရယ်၊ အောက်စက်တစ်လုံးရယ်၊ ဘယ်သီချင်းကိုမဆို နားထောင်နိုင်တဲ့ အသံကေဘယ်ကြိုးလိုင်းတစ်ခုရယ်၊ အိမ်တွင်းကိုယ်ကာယလေ့ကျင့်ခန်းပစ္စည်းတွေရယ်၊ စသည်ဖြင့် ကျုပ်တို့ ဆုအဖြစ် ရခဲ့တယ်။ ပြီးတော့ ကျုပ်တို့ သမီးကလေး အရွယ်ရောက်ရင်သုံးဖို့ ဒေါ်လာငါးသောင်းတန် အစိုးရချက်လက်မှတ်ရယ်၊ ပုခက်၊ တောက်တောက်ပြေးဖို့လှည်း၊ အခမဲ့အနှီးဝန်ဆောင်မှုရယ် တိုလီမုတ်စတွေလည်း ရခဲ့သေးတယ်။ အဲဒါပြီးတော့ သီတင်းခြောက်ပတ်အကြာမှာပဲ ကျုပ်တို့သမီးကလေး သေရော။ သမီးလေးကို မွေးပေးတဲ့ သားဖွားဆရာဝန်ကြီးက အဲဒီအချိန်က ဘာမြူဒါကျွန်းကိုရောက်နေလေတော့၊ သမီးလေးသေတဲ့သတင်းကို မကြားဘူးပေါ့။ မွေးတဲ့သတင်းတုန်းကတော့ ဟိုးလေးတကြော်ဖြစ်ခဲ့ပေမယ့်၊ သမီးလေးသေတဲ့သတင်းက အဲဒီမှာတော့ သတင်းထူးဘယ်ဖြစ်လိမ့်မလဲ၊ နျူးယော့ခ်မြို့ ပြင်ပမှာလည်း ဒီလိုပဲဘယ်သူမှမသိကြပါဘူး။ ဒီအူကြောင်ကြောင်ပြိုင်ပွဲကို မြှင့်တင်ရေးလုပ်နေသူတွေ၊ ဆုတွေပေးဖို့ အလှူငွေထည့်ထားပြီး ကလေးအကြောင်းလူအများ တရုန်းရုန်းစိတ်ဝင်စားတာကို ကြီးလေးတဲ့ကိစ္စကြီးတစ်ခုလို လုပ်နေကြတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ အလှတရားနဲ့ ပျော်ရွှင်မှုတို့ ကူးလူးရောယှက်နေတဲ့ လူသားမျိုးနွယ်ဆိုပြီး၊ ကျုပ်တို့သမီးလေးဟာ ကောင်းချီးမင်္ဂလာတွေကို ကိုယ်စားပြုတယ်၊ သုခဘုံကြီးတစ်ခုဖြစ်ခဲ့တဲ့၊ ကမ္ဘာပေါ်မှာအခမ်းနားဆုံးနိုင်ငံကြီးတစ်ခုက အခမ်းနားဆုံးမြို့ဖြစ်ခဲ့တဲ့ နျူးယောက်ခ်မြို့ကြီးရဲ့ အသက်ဝိဉာဉ်အဖြစ် ပြန်လည်မွေးဖွားလာတဲ့ ကလေးမလေးအဖြစ်၊ (သူတို့ပြောတာတွေအကုန်လုံးတော့ ကျုပ်လည်း မမှတ်မိတော့ဘူး) မစားရ၀ခမန်းပြောနေတဲ့လူ တချို့ကလွဲရင် ကျုပ်တို့သမီးလေး သေတဲ့သတင်းကို တခြားဘယ်ခွေးတစ်ကောင်ကြောင်တမြီးမှ သတိမပြုမိခဲ့ဘူး။ ကျုပ်စိတ်ထဲမှာ ထင်ရတာတော့ သမီးလေးဟာ အခုတော့ စစ်သင်္ချိုင်းထဲက အမည်မဲ့စစ်သားလေးတစ်ယောက်နဲ့ပဲတူတယ်၊ အရူးအမူးချီးကျူးထောပနာပြုခံလိုက်ရတဲ့ အရိုးအသားအစအနလေးတစ်ခုပေါ့။ သူ့အသုဘကိုတော့ တစ်ယောက်မှ ယောင်လို့တောင်ရောက်မလာကြဘူး။ ပြိုင်ပွဲကြီးလုပ်မယ်လို့ အကြံစ,ရတဲ့ ရုပ်သံလိုင်းက အဆင့်နိမ့်ဝန်ထမ်းနှစ်ယောက်လောက်တော့ လွှတ်လိုက်တယ်၊ အရေးပါတဲ့သူတစ်ယောက်မှမလာဘူး၊ ကင်မရာရိုက်မယ့်လူ မပါတာတော့ အသေအချာပေါ့။ လာမယ့်နှစ်တစ်ထောင်ကြီးများကိုတောင် သင်္ဂြိုဟ်လိုက်တဲ့ ဈာပနကို ဘယ်သူက လာချင်မှာတဲ့လဲ။ တီဗီတွေကမှ တစ်ခုခုကို မကြည့်ဘူးလို့ ငြင်းဆန်ရင်တော့ အဲဒီအရာဟာ ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့သလိုပဲ။ တီဗီတွေဆိုတာက အရာတိုင်းကို ဖျက်ပစ်နိုင်တယ်၊ အာဖရိကလို တိုက်ကြီးတစ်တိုက်လုံးကိုတောင် ဖျက်ပစ်နိုင်တယ်။ အာဖရိကဆိုတာက အခုဆိုရင် ကန္တာရကြီးတစ်ခုပဲ။ သူတို့ရှေ့မှာ ထောင်စုနှစ်အသစ်စက်စက်တစ်ခု ဖူးပွင့်စောင့်ကြိုနေတဲ့ သန်းပေါင်းသန်းပေါင်းများစွာသော မွေးကင်းစကလေးလေးတွေ၊ အစာငတ်သေနေကြတယ်လေ။ ကျုပ်တို့သမီးလေးက ရုတ်တရက်သေသွားတာလို့ သူတို့ကပြောတယ်။ မွေးကင်းစရုတ်တရက်သေဆုံးမှုက အခုထိတော့ မျိုးရိုးဗီဇချို့တဲ့မှုကြောင့်ဆိုပဲ၊ ဒီလိုပဲ အမြဲတမ်းဖြစ်ချင်လည်းဖြစ်သွားမှာ၊ သန္ဓေသားစစ်ဆေးချက်နဲ့လည်း ရှာမတွေ့နိုင်တဲ့ ရောဂါမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် သူက ကျုပ်တို့ရဲ့ သမီးလေးပဲ၊ သောက်ကျိုးနည်း။
တေဇာ (လရောင်လမ်း)
Unknown Soldier by Kurt Vonnegut ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

Comments
Post a Comment