Skip to main content

ပျော်ရွှင်ဖွယ်မွေးနေ့

"နွေဆိုတာက မွေးနေ့ဖြစ်ဖို့ အတော်ကောင်းတဲ့ရာသီပဲ" ဟု အဘိုးအိုကပြောလိုက်သည်။ "အခုလို ရွေးချယ်ခွင့်သာရှိနေမယ်ဆိုရင် နွေရာသီကိုပဲရွေးမှာပေါ့"
သူ့လက်မကို လျှာနဲ့တို့ပြီး စိုအောင်လုပ်လိုက်သည်။ ထို့နောက် စစ်သားက ဖြည့်ဖို့ပေးထားသော စာရွက်စာတမ်းတစ်ထပ်ကြီးကို တဖျပ်ဖျပ်လှန်နေတော့သည်။ မွေးနေ့တစ်ခုတောင် မရှိဘဲနှင့်တော့ မည်သည့်စာရွက်ကိုမျှ ဖြည့်နိုင်မည်မထင်။ ထို့ကြောင့် ကောင်လေးအတွက် မွေးနေ့တစ်ခု ရွေးချယ်ရပေလိမ့်မည်။
"ဒီနေ့လည်း မင်းမွေးနေ့ဖြစ်နိုင်တာပဲ။ မင်း သဘောကျမယ်ဆိုရင်ပေါ့" အဘိုးအိုက ပြောသည်။
"ဒါပေမဲ့ မနက်က မိုးရွာတယ်" ကောင်လေးက ပြောသည်။
"ဒါဆိုလည်း ပြီးရောကွာ။ မနက်ဖြန်ဆိုရင်ရော၊ မိုးသားတွေ တောင်ဘက်ကို လွင့်နေပြီ။ မနက်ဖြန်ဆိုရင်တော့ တစ်နေကုန် နေသာတော့မှာ"
နံနက်စောစောကျလာသော မိုးကြိုးမုန်တိုင်းမှ ခိုလှုံရန် နေရာရှာရင်း စစ်သားများက အဘိုးအိုနှင့်ကောင်လေးတို့ ပုန်းအောင်းနေသော ကတုတ်ကျင်းလေးကို အမှတ်မထင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံး စာရွက်စာတမ်းမရှိ၊ ပြောရမည်ဆိုလျှင် အသက်ရှင်နေထိုင်ရန် တရားဝင်ခွင့်ပြုချက်စာရွက်တစ်ခုခုမရှိဘဲ ထိုအပျက်အစီးများကြားထဲတွင် ခုနစ်နှစ်ကြာအောင် မည်သို့များ ကြံကြံဖန်ဖန် ရှင်သန်ခဲ့ကြသည်မသိ။ စာရွက်စာတမ်းမရှိဘဲ အမိုးအကာ၊ အစားအသောက်နှင့် အ၀တ်အစားများ မည်သူမျှ ရနိုင်ဖွယ်မရှိ။ သို့သော် အဘိုးအိုနှင့်ကောင်လေးတို့က ဤမြို့ပျက်ကြီး၏ အောက်ခြေတွင်ရှိနေသော မြေအောက်သင်္ချိုင်းမှ အခန်းများကို တူးဖော်တွေ့ရှိခဲ့ပြီး လူတစ်ယောက်လိုအပ်သော ထိုအရာများအားကို ကံကောင်းထောက်မစွာ ရရှိနေခဲ့သည်။ အစားအသောက်အတွက်ကတော့ ညအချိန်တွင် အပြင်ထွက်ပြီး အလစ်သုတ်ခြင်းဖြစ်ပါသည်။


"အဘိုးက ဘာလို့တုန်နေတာလဲ" ဟု ကောင်လေးက မေးလိုက်သည်။
"အဘိုးက အိုပြီကွဲ့။ ပြီးတော့ စစ်သားကြီးတွေကိုလည်း အဘိုးကြောက်တယ်"
"ကျွန်တော်တော့ မကြောက်ပေါင်" ဟု ကောင်လေးက ပြောသည်။ သူက အခုလို မည်သူမျှမရှိသည့် သူတို့ကတုတ်ကျင်းကလေးထဲသို့ စစ်သားများ ဗြုန်းစားကြီး ကျူးကျော်ရောက်ရှိလာသည့်အတွက် စိတ်လှုပ်ရှားနေသည်။ မြေအောက်ခန်း ပြတင်းပေါက်ဆီမှ ၀င်လာသောအလင်းတန်းလေးအောက်တွင် ရွှေရောင်လက်နေသော အရာတစ်ခုကို ကောင်လေးက ပြလိုက်သည်။
"ဒီမှာတွေ့လား အဘိုး။ စစ်သားတစ်ယောက်က ကျွန်တော့်ကိုပေးတဲ့ ကြေးကြယ်သီးလေး"
တကယ်တော့ စစ်သားများနှင့်ပတ်သက်ပြီး ကြောက်ရွံ့နေစရာတော့ တစ်ခုမျှမရှိပါ။ အဘိုးကြီးမှာ အိုလှပြီဖြစ်ပြီး၊ ကောင်လေးမှာ ငယ်ရွယ်လွန်းလှသေးသဖြင့် လိုက်ဖက်မှုမရှိသည့် သူတို့နှစ်ဦး၏ အတွဲအဖက်ကို စစ်သားများအတွက်တော့ ခပ်ရွှင်ရွှင်ပင် သဘောထားကြပါသည်။ မြို့ထဲရှိလူများအားလုံးအနက်မှ၊ စစ်ကြီးစတင်ကတည်းက၊ မည်သည့်နေရာတွင်မျှ ရှာမတွေ့ဘဲ အစပျောက်နေပြီဟု မှတ်တမ်းဝင်ထားသော၊ မည်သည့်ကာကွယ်ဆေးမျှလည်း ထိုးမထားသော၊ မည်သည့်ဘက်ကိုမျှလည်း ထောက်ခံပါသည်ဟု ကျမ်းသစ္စာကျိန်ဆိုမထားသော၊ မည်သည်ကမျှလည်း နှုတ်ထွက်၊ တောင်းပန်ခြင်းမရှိသော၊ မည်သည့်အတွက်မျှ မဲပေးမည် စုရုံးချီတက်မည်ဟု မရည်ရွယ်သော ဤသီးခြားကမ္ဘာငယ်လေးအတွင်းမှ သက်ရှိလူသားနှစ်ဦးမျှသာဖြစ်ပါသည်။
"အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်မသိပါဘူး" ဟု အဘိုးအိုက အိုမင်းမစွမ်းဖြစ်ပြီး မှတ်ဉာဏ်များယိုယွင်းနေသည့် အသွင်ယူကာ စစ်သားများကို ပြောလိုက်သည်။ စစ်ပြီးသည့်နေ့တွင် ဒုက္ခသည်အမျိုးသမီးတစ်ဦးက သူ့လက်ထဲသို့ မွေးကင်းစကလေးငယ်ကို ထည့်ခဲ့ပြီး မည်သည့်အခါမျှ ပြန်ရောက်မလာတော့ကြောင်း သူက စစ်သားများကို ပြောပြသည်။ ဤသို့ဖြင့် ကောင်လေး သူ့လက်ထဲ ရောက်လာခဲ့ခြင်းဖြစ်သည်။ ကောင်လေးမွေးဖွားသည့်နိုင်ငံ၊ နာမည်၊ မွေးနေ့တို့ကို သူက တစ်ခုမျှမသိ။
မီးဖိုပေါ်မှ အာလူးများကို တုတ်ချောင်းကလေးဖြင့် အဘိုးအိုက တစ်ဖက်လှည့်လိုက်ပြီး သူ့ မည်းညစ်ညစ် အရေပြားပေါ်မှ မီးသွေးမှုန်လေးများကို သပ်ချလိုက်သည်။
"ဒီလောက်ကြာအောင် သားကို မွေးနေ့လေးတစ်ခုတောင်မရှိဘဲ ထားခဲ့တာ အဘိုး ဖခင်တာဝန်မကျေခဲ့ဘူးပေါ့ကွယ်။ တကယ်တော့ သားက နှစ်တိုင်း မွေးနေ့တစ်ခုကြုံရဖို့တော့ ထိုက်တန်တာပေါ့။ အခုတော့ ခြောက်နှစ်လုံးလုံး မွေးနေ့လေးတစ်ခုတောင်မပိုင်ပဲ ဖြတ်သန်းစေခဲ့မိပြီ။ ပြီးတော့ မွေးနေ့လက်ဆောင်ရောပဲ၊ သားလည်း မွေးနေ့လက်ဆောင်ရခွင့် ရှိရမှာပေါ့" ဟု အဘိုးအိုက ပြောသည်။ သူက အာလူးတစ်လုံးကို ပူမည့်ဇောဖြင့် တုန်တုန်ချိချိကောက်ယူပြီး ကောင်လေးဆီသို့ ပစ်ပေးလိုက်သည်။ ကောင်လေးက အာလူးကလေးကိုဖမ်းပြီး သဘောကျစွာရယ်မောလိုက်သည်။
"ဒီတော့ အဘိုးက သားမွေးနေ့ကို မနက်ဖြန်လို့ သတ်မှတ်လိုက်ပြီပေါ့ ဟုတ်လား"
"အင်း။ အဲဒီလိုဖြစ်မယ်ထင်တာပဲ"
"ကောင်းတယ် အဘိုး။ ဒါဆို သားလည်း မွေးနေ့လက်ဆောင်ရဖို့ သိပ်မစောင့်ရတော့ဘူးပေါ့။ ဒါပေမဲ့ တစ်ခုခုတော့ ရှိမှ"
"ဘာများတုံးကွ"
"မွေးနေ့လက်ဆောင်က မထင်မှတ်တဲ့ဟာရရင် ပိုကောင်းမှာပေါ့"
လမ်းထောင့်နားဆီက အိမ်ပျက်ကြီးအနားတွင် ဘီးတွေရှိနေသည်ကို သူစဉ်းစားမိလိုက်သည်။ ကောင်လေးအိပ်ပျော်နေချိန်တွင် ထိုဘီးများကိုယူပြီး လှည်းပုံစံမျိုး ယာဉ်တစ်ခုခု လုပ်ပေးမည်ဟု သူ တွေးထားလိုက်သည်။
"နားထောင် အဘိုး" ဟု ကောင်လေးက ပြောသည်။
နေ၀င်ချိန်တိုင်းလိုလိုပင် ဟိုအဝေး ပျက်စီးနေသောလမ်းတစ်နေရာဆီမှ ချီတက်သံများကြားရသည်။
"ဒါတွေကို နားမထောင်ပါနဲ့ကွာ" ဟု အဘိုးအိုကပြောပြီး ဂရုတစိုက်နားထောင်ရန် လက်ညှိုးထောင်ပြလိုက်သည်။ "မွေးနေ့မှာ ဘာလုပ်မလဲဆိုတာကိုပဲ စဉ်းစားပါသားရယ်"
"မုန့်တိုက်က ကိတ်မုန့်တွေ သွားခိုးရင်ရော"
"ကောင်းချင်ကောင်းလိမ့်မယ်။ ဒါပေမဲ့ အဘိုးစဉ်းစားနေတာက အဲဒါမဟုတ်ဘူး။ အဘိုး မနက်ဖြန် ဘာလုပ်ချင်သလဲ သားသိလား။ သားဘ၀တစ်လျှောက်လုံး မရောက်ခဲ့ဖူးတဲ့ နေရာတစ်ခုဆီ အဘိုး သားကိုခေါ်သွားချင်တယ်။ အဘိုးကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့နေရာတစ်ခုပေါ့" ထိုအတွေးက အဘိုးအိုကို စိတ်လှုပ်ရှားပျော်ရွှင်စေသည်။ ဤကိစ္စသည် လက်ဆောင်မွန်တစ်ခုဖြစ်နိုင်ပါသည်။ လှည်းတစ်စီးက ဘာများဟုတ်လို့လဲ။ "မနက်ဖြန်ကျရင် အဘိုး သားကို စစ်နဲ့ဝေးတဲ့တစ်နေရာဆီ ခေါ်သွားမယ်နော်"
အမှောင်ရိပ်ကျနေသောကြောင့် ကောင်လေးမျက်နှာတွင် ဇဝေဇ၀ါနှင့် မကျေမနပ်ဖြစ်သွားမှန်းကိုတော့ အဘိုးအို သတိမပြုမိခဲ့ပါ။

ကောင်လေး သူ့ဘာသာ ရွေးချယ်ထားသော မွေးနေ့ရက်ဖြစ်ပါသည်။ အဘိုးအို ကတိပေးထားခဲ့သည့်အတိုင်းပင် ကောင်းကင်ယံက ကြည်လင်တောက်ပနေပြီး မိုးရိပ်မိုးယောင်မရှိ။ သူတို့၏ မြေအောက်အခန်းလေးအတွင်းမှ မှောင်ရီဖြိုးဖျအလင်းရောင်အောက်တွင်ပင် နံနက်စာစားလိုက်ကြသည်။ မနေ့ကညဥ့်နက်နက်အထိ အဘိုးအိုကြိုးစားပြုလုပ်နေခဲ့သော လှည်းကလေးကို စားပွဲပေါ်တွင် တင်ထားသည်။ တစ်ချက်တစ်ချက်တွင် သူက စားသောက်နေသည်ကို ခဏရပ်ပြီး လှည်းကလေးကို လက်မနည်းငယ်မျှ ရှေ့တိုးနောက်ဆုတ်ပြုလုပ်ရင်း မော်တော်ကားအင်ဂျင်သံကို ပါးစပ်ဖြင့် တဗြူးဗြူးပြုလုပ်ပြသေး၏။
"ကုန်တင်ကား ကောင်းကောင်းတစ်စင်းတော့ ရပါပြီဆရာကြီး" ဟု အဘိုးအိုက ခပ်မြူးမြူးပြောသည်။ "ဈေးထဲက တိရစ္ဆာန်တွေ သွားဖမ်းပြီး တင်လာခဲ့မလား"
"ဝေါ....... ဝေါ.........။ လမ်းဖယ်စမ်း..။ ဝေါ......။ ငါ့တင့်ကားရှေ့က ဖယ်ကြစမ်းးးးးးးးးးးး" ဟု ကောင်လေးက ပြောလိုက်သည်။
"ဆောရီးပါသားရယ်။ အဘိုးက ကုန်တင်ကားလို့ ထင်ထားတာ။ ဘာပဲဖြစ်ဖြစ် သားကြိုက်ရင် ပြီးတာပါပဲလေ၊ သားကြိုက်ဖို့ပဲ အရေးကြီးတာပါ"
အဘိုးအိုက သူ၏ စားပြီးသား သံပန်းကန်ပြားကို မီးဖိုပေါ်ရှိ ရေနွေးပူပူ သံပုံးထဲသို့ ပစ်ထည့်လိုက်သည်။
"ဒါ အစပဲရှိသေးတာ၊ အစပဲရှိသေးတာ သားလေး။ အကောင်းဆုံးတွေ သားအတွက် အဘိုးပေးဦးမှာ" ဟု အဘိုးအိုက ၀င့်ကြွားစွာပြောလိုက်သည်။
"ဟင် နောက်လက်ဆောင်တစ်ခုလား အဘိုး"
"ဒါပေါ့သားရဲ့။ အဘိုးကတိပေးထားတာ မှတ်မိလား။ ဒီနေ့အတွက်တော့ စစ်နဲ့ဝေးရာကို တို့ သွားကြမယ်ဆိုတာလေ။ တို့တွေ သစ်တောထဲကို သွားကြမယ်"
"ဝေါ........ ဝေါ......... သား တင့်ကားလေးကို ယူလာခဲ့လို့ရလားအဘိုးး"
"သား ယူလာမယ်ဆိုရင် ကုန်တင်ကားအဖြစ်ပဲယူလာပေါ့။ ဒီနေ့တစ်နေ့လေး အတွက်ပေါ့"
ကောင်လေးက ပုခုံးတွန့်လိုက်သည်။ "ဒါဆိုလည်း ထားခဲ့တော့မယ်။ ပြန်လာမှပဲ ဆော့တော့မယ်"

တဖျပ်ဖျပ်တောက်နေသော နံနက်ခင်းနေရောင်အောက်တွင် လူသူကင်းမဲ့သည့်လမ်းအတိုင်း သူတို့နှစ်ဦးသားလျှောက်လာခဲ့ကြသည်။ ထို့နောက်တွင် တစ်ဖက်သို့ချိုးပြီး သစ်လွင်တောက်ပသော အိမ်မျက်နှာစာများရှိသည့် လူအများသွားလာနေသော ရိပ်သာလမ်းဆီသို့ သူတို့ ရောက်လာခဲ့သည်။ ကမ္ဘာကြီးသည် ရုတ်ချည်းအသက်ဝင်ကြည်လင်လာခဲ့သလိုပင် ခံစားရသည်။ ဤနေရာတွင် သွားလာလှုပ်ရှားနေသည့်လူများအဖို့တော့ ရိပ်သာလမ်း၏ တစ်ဖက်သည် လူသူခြောက်ကပ်နေသော တစပြင်တစ်ခုသာဖြစ်ပြီး၊ ထိုမှတဆင့် အခြားတစ်ဖက်သို့ မိုင်ပေါင်းများစွာကျယ်ပြန့်သွားကြောင်း သတိမျှပင်မပြုမိသလိုပင်။ သူတို့နှစ်ဦးသားကတော့ နေ့လည်စာထမင်းထုပ်ကို ချိုင်းကြားညှပ်၍ ထင်းရှူးပင်များဖုံးလွှမ်းထားသော တောင်ဘက်ယွန်းယွန်း တောင်ကုန်းများဆီသို့ဦးတည်ပြီး ခပ်ပြေပြေတက်သွားသော ရိပ်သာလမ်းကလေးအတိုင်း ဆက်လျှောက်လာခဲ့ကြသည်။
မျက်နှာချင်းဆိုင်မှ စစ်သားငယ်လေးဦး ဆင်းလာသည်ကို မြင်ရ၏။ အဘိုးအိုက ၎င်းတို့နှင့်ဝေးရာ လမ်းတစ်ဖက်ဆီသို့ ချိုးဝင်ရန် ခြေလှမ်းပြင်လိုက်သည်။ ကောင်လေးက စစ်သားများကို ခေါင်းငုံ့ပြီး အလေးပြုဟန်လုပ်ပြသည်။ စစ်သားငယ်များ၏ မျက်နှာတွင် အပြုံးများဖြတ်သန်းသွားပြီး ကောင်လေးကို အလေးပြန်ပြုပြသည်။ ထို့နောက်တွင် ရင်ဘောင်တန်းလျှောက်နေရာမှ ကောင်လေးသွားနိုင်အောင် လမ်းဖယ်ပေးလိုက်သည်။
"လက်နက်ကိုင်ခြေလျင်တပ်ရင်း" ဟု ကောင်လေး အဘိုးအိုကို လှမ်းပြောသည်။
"ဟင်..." အဘိုးအိုက ဂယောင်ခြောက်ခြားဖြင့် ပြန်ပြောမိသည်။ သူ့မျက်ဝန်းများက တောင်ကုန်းစိမ်းစိမ်းများဆီ ငေးကြည့်နေ၏။ "တကယ်လား။ ဘယ်လိုလုပ်သိတာတုံး"
"သိုင်းကျိုးအစိမ်းရောင်တွေ အဘိုးမမြင်ဘူးလား"
"မြင်ပါတယ်။ ဒါပေမဲ့ ဒီဟာတွေက အမြဲပြောင်းနေတာပဲ။ အရင်တုန်းကတော့ လက်နက်ကိုင်ခြေလျင်တပ်ရင်းဆိုတာ အနက်နဲ့အနီ၊ ပြီးတော့ အစိမ်း..." ပြောနေရင်းတန်းလန်းမှ အဘိုးအိုက ရုတ်ချည်းရပ်ပစ်လိုက်သည်။ ထို့နောက် ခပ်မာမာဖြစ်လုနီးပါးအသံဖြင့် ပြောလိုက်သည်။ "ဒါတွေက အရေးမကြီးပါဘူးသားရယ်။ ဒါတွေအားလုံး အဓိပ္ပာယ်လည်း မရှိပါဘူး။ ခဏနေရင် ဒါတွေအားလုံးကို သား မေ့သွားမှာ။ နေ့ပေါင်းများစွာထဲကမှ၊ ဟောဒီလို မွေးနေ့မျိုးမှာ သားမစဉ်းစားသင့်တာက ဟောဒီလို...."
ကောင်လေးက အလေးအနက်မျက်နှာထားဖြင့် အဘိုးအို၏စကားကို ဖြတ်ပြီးပြောသည်။
"အနက်နဲ့အနီက အင်ဂျင်နီယာတပ်ပါအဘိုးရယ်။ အနက်ချည်းပဲဆိုရင် စစ်ပုလိပ်၊ အနီရောင်က အမြှောက်တပ်၊ ပြီးတော့ အပြာနဲ့အနီဆိုရင် ဆေးတပ်ဖွဲ့၊ ပြီးတော့ အနက်နဲ့လိမ္မော်ရောင်ဆိုရင်........"

ထင်ရှူးတောထဲတွင် အရာရာငြိမ်သက်နေ၏။ ရာစုနှစ်များစွာရှင်သန်လာခဲ့သော ထိုးထိုးထောင်ထောင် အစိမ်းရောင်ကောဇောအမိုးကြီးက မြို့တွင်းမှ လွင့်ပျံလာသော အသံများကို ချုပ်ငြိမ်းသွားစေသည်။ မရေတွက်နိုင်သည့် အညိုရောင်ပင်စည်များက အဘိုးအိုနှင့်ကောင်လေးကို ပတ်ချာလည်ဝန်းရံထားသည်။ သူတို့ ခေါင်းပေါ်တည့်တည့်တွင်ရှိနေသော နေမင်းကြီးမှာ ထူထဲခိုင်ခံ့လှသည့် ခြုံစောင်ကြီးတစ်ခုလိုဖြစ်နေသော သစ်ရိပ်မိုးကိုဖြတ်၍ ၎င်း၏ အလင်းရောင်များကို အလင်းစက်လေးများအဖြစ်သာ ထိုးချနိုင်တော့သည်။

"ဟိုမှာကြည့်လိုက် အဘိုး" ဟု ကောင်လေးက ပြောသည်။ အဘိုးအိုက ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်သည်။
"မဟုတ်ဘူး။ ဒီဘက်နား နည်းနည်းတိုးကြည့်" ဟု ကောင်လေးက လက်ညှိုးထိုးပြီး ပြောသည်။
"ဟိုမှာတွေ့လား။ ဘုရားကျောင်းကို ဒီကနေ လှမ်းမြင်နေရတယ်" တောအုပ်အစွန်မှ ပင်စည်နှစ်ခုကြားကိုဖြတ်၍ ကောင်းကင်နောက်ခံတွင် ထီးထီးကြီးရှိနေသော မီးလောင်ကျွမ်းထားသည့် ဘုရားကျောင်းခေါင်မိုးမည်းမည်းနှင့် ကြွင်းကျန်သော ရိုးတိုင်များကို လှမ်းမြင်နေ၏။
"ကဲ နားထောင်ကြည့်စမ်း သား၊ ကြားရလား။ စမ်းရေစီးသံတွေ။ အပေါ်နားလေးမှာ စမ်းချောင်းလေးတစ်ခုရှိတယ်၊ အဲဒီအလယ်မှာ အဘိုးတို့ ရေစိမ်လို့ရတယ်၊ မြင်မြင်သမျှက ကောင်းကင်ကြီးနဲ့ သစ်ပင်ထိပ်ဖျားတွေချည်းပဲလေ"
"ဟုတ်ပါပြီ အဘိုးရယ်။ သား ဒီနေရာကို သဘောကျပါတယ်။ ဒါပေမဲ့ တော်ပါပြီ" ကောင်လေးက မီးကျွမ်းဘုရားကျောင်းပျက်ကြီးဆီသို့ တစ်ခါထပ်ကြည့်လိုက်သည်။ ထို့နောက် အဘိုးအိုကိုကြည့်ပြီး မေးခွန်းထုတ်သည့်အနေဖြင့် သူ့မျက်ခုံးများကို ပင့်လိုက်သည်။
"သားတွေ့ရဦးမှာပါ။ ဒီနေရာဟာ ဘယ်လောက် သဘောကျဖို့ကောင်းသလဲဆိုတာ" ဟု အဘိုးအိုက ပြောသည်။
တောင်ကုန်းထိပ်သို့ ရောက်လာကြသောအခါ အဘိုးအိုက အောက်ခြေရှိ စမ်းချောင်းကလေးဆီကို ပျော်မြူးစွာ လက်ဝှေ့ယမ်းပြလိုက်သည်။
"ကဲ ဟောဒီမှာ ကြည့်ပါဦး။ သား ဘယ်လိုထင်လဲ၊ အေဒင်ဥယျာဉ်ကြီးလို့ မထင်ဘူးလား။ အစဆုံးမှာ သစ်ပင်တွေ၊ ကောင်းကင်နဲ့ ရေ။ ဒါဟာ သားပိုင်ဆိုင်သင့်တဲ့ ကမ္ဘာမျိုးပေါ့။ အနည်းဆုံးတော့ ဒီနေ့အဖို့ သားပိုင်ဆိုင်သင့်တဲ့ကမ္ဘာကို ပိုင်ဆိုင်နိုင်ပြီ"
"ပြီးတော့ ဟိုမှာကြည့်ဦးအဘိုး" ဟု ကောင်လေးက တောင်ကုန်းအခြားတစ်ဖက်သို့ ညွှန်ပြရင်းပြောလိုက်သည်။
တောင်ကုန်းပေါ်ရှိ ပျက်စီးနေသောသံချပ်ကာတာယာပန်းများအပေါ်တွင် ငူငူကြီးထိုင်နေသည့် ထင်းရှူးကိုင်းကြွေများအရောင်ပေါက်အောင် သံချေးတက်နေသော ကြီးမားသည့်တင့်ကားကြီးတစ်စင်းကို မြင်လိုက်ရသည်။ နေဒဏ်ရေဒဏ်တို့ကြောင့် ခြစ်ရာပဲ့ရာများနှင့် ပျက်စီးနေသည့်ကိုယ်ထည်တွင် တစ်ချိန်တုန်းက အမြှောက်တစ်စင်းရှိခဲ့ရမည့် နေရာမှ အနက်ရောင် ဟောင်းလောင်းပေါက်ကြီးကို မြင်ရသည်။
"အဲဒီကိုသွားဖို့ ရေကို ဘယ်လိုဖြတ်ရမလဲအဘိုး" ဟု ကောင်လေးက မေးလိုက်သည်။
"အဘိုးတို့ အဲဒီကို မသွားချင်ပါဘူးကွယ်" ဟု အဘိုးအိုက စိတ်မသက်မသာဖြင့် ပြောသည်။ ကောင်လေး၏ လက်များကို သူ တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။ "ဒီနေ့တော့ မသွားဘူးကွယ်။ တခြားတစ်ရက်ရက်တော့ ဒီကိုလာချင်လာနိုင်ဦးမှာပဲလေ။ ဒီနေ့တော့ မသွားပါနဲ့ကွယ်"
ကောင်လေးက အလိုမကျဖြစ်သွားသည်။ အဘိုးအို၏လက်ထဲမှ သူ၏ သေးငယ်သောလက်ကလေးက လျော့တိလျော့ရဲဖြစ်လာသည်။
"ဟော ဟိုအရှေ့မှာ လမ်းကွေ့ကလေးတွေ့လား။ အဲဒီနားတစ်ဝိုက်မှာ အဘိုးတို့ လိုချင်တဲ့ဟာကို သေချာပေါက်ရှာတွေ့တော့မှာကွယ့်"
ကောင်လေးက ဘာမျှမပြောဘဲ ခဲလုံးတစ်လုံးကိုကောက်၍ တင့်ကားရှိရာဆီ ပစ်ပေါက်လိုက်သည်။ ပစ်မှတ်ဆီကျသွားသော ဗုံးတစ်လုံးလို၊ ကမ္ဘာကြီးတစ်ခုလုံး ပေါက်ကွဲသွားတော့မယောင် သူက နားတွေကို ပိတ်လိုက်သည်။ သံထည်နှင့်ထိခတ်သွားသော ခဲလုံးဆီမှ ခပ်တိုးတိုးအသံလေးတစ်ခု တောက်ခနဲထွက်ပေါ်လာပြီးနောက် ကောင်လေး အနည်းငယ်သက်သာရာရသွားသည်။ နည်းနည်းတော့ ကျေနပ်မှုရသွားပုံပေါ်သည်။ သူက အဘိုးအိုနောက်မှ လိုက်သွားသည်။
လမ်းကွေ့လေးဆီရောက်တော့ အဘိုးအိုရှာဖွေနေသည့်အရာကို သူတို့ တွေ့လိုက်ကြရသည်။ စမ်းချောင်းလေးအတွင်း ထိုးထွက်နေသော၊ စားပွဲခုံတစ်ခုလို ချောမွေ့ခြောက်သွေ့သည့် ကျောက်သားပြင်ဖြစ်ပါသည်။ ကမ်းနံရံက ခပ်မြင့်မြင့် ကာဆီးနေ၏။
အဘိုးအိုက ရေညှိခြောက်များကို သုတ်သင်လိုက်ပြီး သူ့ဘေးနားရှိ နေရာလေးကို ကောင်လေးလာထိုင်စေရန် ချစ်ခင်စွာဖြင့် တယုတယလက်ဖြင့်ပုတ်ပြလိုက်သည်။ ထို့နောက် နေ့လယ်စာထမင်းထုပ်ကို သူက ဖြည်လိုက်သည်။
နေ့လယ်စာ စားပြီးချိန်တွင် ကောင်လေး မရိုးမရွဖြစ်လာသည်။ "တိတ်ဆိတ်နေတာပဲ" ဟု နောက်ဆုံးတော့ သူကပြောသည်။
"တိတ်ဆိတ်တာ ကောင်းတာပေါ့သားရယ်။ ကမ္ဘာကြီးရဲ့ တစ်ထောင့်မှာတော့ ဒီလိုမျိုး တိတ်ဆိတ်နေသင့်တာပေါ့"
"ဘယ်သူမှလည်းမရှိဘူး။ ပျင်းစရာကြီး"
"အဲဒါ အလှတရားပေါ့"
"သားကတော့ မြို့မှာနေရတာ ပိုကြိုက်တယ်။ အဲဒီမှာ စစ်သားတွေလည်းရှိတယ်၊ ပြီးတော့..."
အဘိုးအိုက ကောင်လေး၏ လက်မောင်းကို ဖမ်းဆုတ်လိုက်ပြီး တင်းကြပ်စွာညှစ်ပစ်လိုက်သည်။
"မဟုတ်ဘူး။ မင်း မသိပါဘူး သားရယ်။ မင်းက အရမ်းငယ်သေးတယ်။ ဘာတွေလဲဆိုတာ သိဖို့၊ မင်းကိုငါ ဘယ်လိုလက်ဆောင်မျိုးပေးချင်တာလဲဆိုတာသိဖို့အတွက် မင်းက အရမ်းကို ငယ်လွန်းသေးတယ်။ ဒါပေမဲ့ မင်းကြီးလာတဲ့အခါကျတော့ ဒါကို သတိရလိမ့်မယ်၊ ဒီနေရာကို မင်းပြန်လာချင်လိမ့်မယ်။ မင်းရဲ့လှည်းကလေး ပျက်စီးကျိုးကျေသွားပြီး အချိန်အတော်ကြာမှပေါ့..."
"သားလှည်းကလေးကို မပျက်စီးစေချင်ပါဘူး" ဟု ကောင်လေးက ပြောသည်။
"အေးအေး မပျက်ပါဘူး၊ မပျက်ပါဘူး။ ဒါပေမဲ့ ဒီနားလေးမှာပဲ လာလှဲနေစမ်းပါ သားလေးရယ်။ မျက်လုံးလေးတွေကိုပိတ်၊ ပြီးတော့ နားထောင်ကြည့်စမ်း။ အရာအားလုံးကို မေ့ထားလိုက်။ ဒီလောက်လေးပဲ အဘိုးသားကို ပေးနိုင်တာပါ၊ စစ်ဘေးက ကင်းဝေးတဲ့ နာရီအနည်းငယ်လေးပါ" ပြောပြီးနောက် အဘိုးအို၏ မျက်လုံးများ မှိတ်သွားခဲ့သည်။
ကောင်လေးက သူ၏ နံဘေးတွင် လှဲလျောင်းရင်း ပြောစကားနားထောင်သော ကလေးလေးတစ်ဦးအဖြစ် သူ့မျက်လုံးများကို မှိတ်ထားလိုက်၏။

အဘိုးအို နိုးလာချိန်၌ ကောင်းကင်ယံတွင် နေ၀င်တော့မည်။ စမ်းချောင်းဘေးတွင် အကြာကြီးအိပ်ပျော်သွားမိသဖြင့် သူ့ကိုယ်ခန္ဓာက စေးထန်းထန်းဖြင့် ကိုက်ခဲနေ၏။ သမ်းဝေပြီး သူက အပျင်းတစ်ချက်ဆန့်လိုက်သည်။
"ပြန်ရတော့မယ့်အချိန်ပဲ" ဟု မျက်လုံးများကိုမဖွင့်ဘဲ သူက ပြောသည်။ "တို့ရဲ့ ငြိမ်းချမ်းတဲ့တစ်နေ့တာတော့ ကုန်ဆုံးသွားပြီ" ဟု ပြောရင်းပင် သူ့ဘေးနား ကောင်လေးမရှိကြောင်း သတိပြုမိသွားသည်။ အစ၌ ကောင်လေး၏နာမည်ကို သူက ပုံမှန်အတိုင်းပင် ခေါ်နေမိသည်။ ထို့နောက်တွင် လေတိုးသံများမှအပ ပြန်ထူးသံမကြားရသည့်အချိန်တွင်တော့ မတ်တပ်ရပ်လိုက်ပြီး ကောင်လေး၏နာမည်ကို အော်ခေါ်နေမိတော့သည်။
အကြောက်တရားက သူ့ကိုယ်ခန္ဓာအတွင်း ဂယက်ထနေသည်။ ဒီတောအုပ်ထဲကို ကောင်လေး တစ်ခါမျှ ရောက်ဖူးခဲ့သည်မဟုတ်။ အလွယ်တကူ လမ်းပျောက်သွားနိုင်ပြီး မြောက်ဘက်ရှိ နက်ရှိုင်းသော တောအုပ်တောင်ကုန်းများအတွင်းသို့ အလွယ်တကူ မျက်စိလည်ရောက်ရှိသွားနိုင်သည်။ တောင်ကုန်းမြင့်မြင့်တစ်ခုဆီသို့ သူက တက်လိုက်ပြီး ထပ်၍ အော်ခေါ်ပြန်သည်။ ပြန်ထူးသံ ထွက်ပေါ်မလာ။
အောက်ဖက်ဆီသို့ ပြန်ဆင်းသွားပြီး တင့်ကားဆီသို့ ကောင်လေး သွားချင်သွားနိုင်သည်၊ စမ်းချောင်းကို ဖြတ်ကူးဖို့ ကြိုးစားနိုင်သည်။ တင့်ကားကို လှမ်းမြင်ရသည့် လမ်းချိုးဆီ ပြန်ရောက်ဖို့ တောင်ဆင်းလမ်းအတိုင်း အဘိုးအို တက်သုတ်နှင်လာခဲ့သည်။ အကျည်းတန်သော ရုပ်ကြွင်းပစ္စည်းကြီးက လမ်းချိုးကိုဖြတ်၍ ပါးစပ်အဟောင်းသားဖြင့် သူ့ထံသို့ စိမ်းစိမ်းကြည့်နေ၏။ အရာအားလုံး အရင်အတိုင်းနေသားတကျ၊ လေတိုးသံနှင့် စမ်းရေစီးသံများကိုသာ ကြားနေရသည်။

"ဒိုင်းးးးးးးးးးး"
အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်။
သံကိုယ်ထည်နောက်ဆီမှ ကောင်လေး၏ ဦးခေါင်းလေး အောင်ပွဲခံသည့်အပြုံးဖြင့် ထိုးထွက်လာပြီး ပြောလိုက်သည်။
"အဘိုး သေသွားပြီ"

တေဇာ (လရောင်လမ်း)
Happy Birthday, 1951 by Kurt Vonnegut ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

Comments

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...