Skip to main content

Posts

Showing posts from August, 2010

အတိုးဆုံး ကဗျာများ (၂၃)

“၀န်မခံနိုင်ခြင်း” ကျွန်တော်အတိတ်မမေ့ခင်က လူသတ်ခဲ့တယ်တဲ့ ရယ်စရာပဲ ဘယ်မှာလဲ သက်သေ လက်ဗွေတွေ အရှက်ပြေလာမပြနဲ့ လူကြီးမင်း။ `အချည်းအနှီး အောင်ပွဲများ´ ခေတ်သစ်မြေပုံကို လှန်ကြည့်ပြီး ဂျင်ဂျစ်ခန်ကြီး ပက်လက်လန်သွားတယ်။ ကျွန်တော်မပြောဘူးလား ဒါတွေဟာ အလကားပါလို့ ဓားတွေ လှံတွေထား ကဲ… လာ အံစာခေါက်ကြစို့။ `အကျုံးဝင်မှု´ သမိုင်းထဲ မပါ ဘာအရေးလဲ မြေကြီးထဲ ဆွေးမြေ့သွားတဲ့အခါ ပထ၀ီထဲတော့ ပါမှာပေါ့။ `နေသားတကျ နေထိုင်ခြင်း´ လိပ်ကလေးတစ်ကောင် ပိုးလိုးပက်လက် အိပ်နေတယ် ဟုတ်တယ် ထ,မရမယ့် အတူတူ ယက်ကန်ယက်ကန် မလုပ်တော့ဘူး ခလော… ခလူး…။ `နိဂုံး´ ဇာတ်ပေါင်းသော်… သူမနှင့်ကျွန်တော် အချင်းချင်း မြှောက်ခဲ့ကြ သူမနှင့်ကျွန်တော် အချင်းချင်း စားခဲ့ကြ ကျွန်တော့်ထဲမှ သူမအား နုတ်လိုက်ရ သူမထဲမှ ကျွန်တော့်အား နုတ်လိုက်ရ သူမအဖြစ် ကျွန်တော်၊ ကျွန်တော်အဖြစ် သူမ ဇာတ်ပေါင်းခဲ့ကြသည်ရှိသော်…။ တေဇာ (လရောင်လမ်း)

အတိုးဆုံး ကဗျာများ (၂၂)

`ကိုယ်ဖော့ပညာ´ ဓားသွားလား လှံဖျားလား ကိုယ်က ပုစဉ်းပဲ ရဲရဲနားလိုက်စမ်းပါ ပေါ့ပေါ့ပါးပါးပေါ့။ `ကုန်းဆင်း´ လူအဖြစ် `ဆင်းသက်´ ရတယ်ဆိုတော့ အမြင့်က လျှောကျသွားတာပဲ ဟုတ်လည်းဟုတ်တယ် ဖြစ်စဉ်အရ သစ်ပင်က ကျလာကြရပြီ။ `ဆက်သွယ်မှုဧရိယာ´ နားကန်းတစ်လုံးမှ နားမလည်တာမဟုတ်ဘူး နားကန်းတစ်လုံးမှ မကြားတာ သူ့ကို ပါးစပ်လှုပ်ပြနေရင်တော့ နားကန်းက ခင်ဗျား အတော်ထူပါလားလို့ နားလည်လိုက်မှာပဲ။ ဟဲလို… ကျွန်တော်ပြောနေတာရော ကြား ရဲ့လားမသိ…? `နာမည်ပြောင်းခြင်း´ နာမည်ကောင်း လက်မှတ်တဲ့ လက်မှတ်နာမည်လေး ကောင်းလိုက်တာ။ နာမည်မကောင်းသူများ နာမည်ပြောင်းရုံသာ ဘ၀ဆိုသည်မှာ အစားထိုးကုသနိုင်သောရောဂါ မဟုတ်ပါ။ `လွင်တီးခေါင်´ နယူတန်အပေါ် ပန်းသီးကြွေတော့ နယူတန် ဗိုက်ဆာမနေဘူး (ထင်ရတာပဲ) ကျွန်တော့်အပေါ်ကျ ဘာအသီးမှမကြွေဘူး ကျွန်တော် ဗိုက်ဆာနေတယ် မင်းက ဘာစိုက်ခဲ့လို့လဲလို့သာ မေးပေတော့။ တေဇာ (လရောင်လမ်း)

အတိုးဆုံး ကဗျာများ (၂၁)

`မျှော်လင့်ခြင်း အကြောင်း (၁)´ တစ်ခုမှ မရေရာသူမို့လည်း အရာရာကို မျှော်လင့်နေနိုင်တာပေါ့ တစ်နေ့မှာ… ပန်းလည်းပွင့်မယ် နေလည်းသာမယ် သက်တန့်လေးတောင် ဖြာချင်ဖြာနေဦးမယ် မိုးလေ၀သခန့်မှန်းချက်တွေ ပိတ်လိုက်ကွယ်။ `မျှော်လင့်ခြင်းအကြောင်း (၂)´ ပုံပြင်အရဆို မေခလာရောက်သင့်နေပါပြီ ဇွဲရှိသယောင် သရုပ်ဆောင်နေတာ ဇွဲကောင်းလွန်းလှတယ် မျှော်လင့်ချက်မရှိသယောင် ဟန်မဆောင်တတ်ခဲ့တာ တစ်ခုပဲ ပင်လယ်ဆိုတော့လည်း ကျယ်သားပဲလေ။ `အထွန်းဖွား´ ခြောက်အိမ်စုဆိုတဲ့ ရွာလေးမှာ အထွန်းဖွား ဘယ်နှစ်ယောက်ရှိလဲ သိလား ဟော… အခု ခင်ဗျား သူတို့ကိုစဉ်းစားမိသွားပြီ ဇနပုဒ်က အထွန်းဖွားတွေကို ခင်ဗျားတောင် သိနေမှပဲ။ `ပြောစရာရှိသည့် စကားများ´ တာပေါ်ရေကျော်လည်း ခဏပါ (တဲ့) ဒါပေမဲ့ ရေကျသွားတော့လည်း တာက ဗွက်ထနေပြီ ထိုနည်းလည်းကောင်းပေါ့ မိုးကောင်းတုန်း ရွာထားဦးပေါ့ကွာ တိတ်ခိုင်းလို့မှလည်း မရတာကိုး။ `ကမ္ဘာကြီးသို့´ ကျွန်တော့်အတွက် ပိုလေးနေတယ်ဆို ခြေထောက်အောက်က ထွက်သွားပေါ့ ကမ္ဘာကြီး ကျွန်တော် မျှတပါတယ်နော်။ တေဇာ (လရောင်လမ်း)

အတိုးဆုံး ကဗျာများ (၂၀)

`မှောင်´ မှောင်မှန်းမသိ မှောင်လာတယ်လို့ သတိထားမိချိန်မှာပဲ မှောင်နေတာကို သိသွားပြီ။ အခုတော့ မှောင်မှန်းသိသိကြီးနဲ့ မဲနေတာပဲ။ `ယမမင်းသို့´ မွေးမွေးပြီးချင်းကို ကမ္ဘာ့အသက်အငယ်ဆုံးလူသားအဖြစ် စံချိန်တင်ခဲ့သူပါ သေသေပြီးချင်းတော့ ဖြေရှင်းချက်တစ်ခု မတောင်းနဲ့ပေါ့ကွယ် အတိတ်မှာ မေ့ပျောက်သွားတဲ့ ရွှေတွေပြန်တွေ့ရင် မနစ်နာစေရပါဘူး။ `ရပ်နေတဲ့ခဏ´ ရေပွက်ပမာဆိုတဲ့ ပန်းချီကားကို အကြာကြီးထိုင်ကြည့်နေမိတယ် ရေပွက်လေးကိုပဲ မမှိတ်မသုန် အချိန်တွေ ကုန်ချင်သလောက်ကုန်စမ်း။ `ကွေ့ကောက်သောလမ်း´ မြားဟာ တည့်တည့်ပဲသွားတယ် ပစ်မှတ်ဆီကို။ ငါဟာ မြားတစ်စင်းမဟုတ်ဘူး ပြီးတော့ ငါ့ရဲ့ပစ်မှတ်တွေဟာလည်း ကျောက်ရုပ်တွေ မဟုတ်ဘူးလေ။ `နဖူးပေါက်ခြင်း´ ပွဲစမခင်က သရေကျနေတာပဲ စလိုက်မှ သေရတော့မယ် မထူးတော့ဘူး အရှုံးအနိုင်ပေါ်ပလေ့စေ။   တေဇာ (လရောင်လမ်း)

အကြမ်းထည်များ (၁)

“ ကွင်းဆက် ” ကြွက်ကလေး ပြေးသွားလို့ကြည့်လိုက်တော့ ကြောင်ကလေးက လိုက်နေတယ် အလို…၊ကြောင်ကလေးနောက်မှာလည်း ခွေးကလေးပါလား။ အတော်ဘိုကျတဲ့ ခွေးဆိုပြီး ခဲစာကျွေးလိုက်တယ်။ ကဲ.. ကံကြမ္မာရေ… ကျွန်တော့်ကိုလည်း စီရင်ပေတော့။ `ပြာ´ [၁] ဘ၀ကို လောင်ကျွမ်းခံပြီး ရတာမှအနုပညာအစစ် [*] (တဲ့) ရော့… ဆရာ ကျွန်တော့် `ပြာ´။ [၂] အနုပညာစစ်ဖို့ ဘ၀ကို လောင်ကျွမ်းခံဖို့လိုသလား…၊ အားလုံး လောင်မီးကျနေကြတာပဲကွယ် အနုပညာရယ် မကြွေးကျော်တော့ပါဘူး။ [*] မောင်ချောနွယ်၊ ၁၉၉၇ သြဂုတ်၊ မဟေသီ “အလံ” ဟော… ဟိုမှာ လှေခွက်ကြီး အလံ တလူလူနဲ့ ဘယ်လိုလူ လှော်ခတ်ခဲ့ပါလိမ့်။ ငါကိုယ်တိုင် မကျန်တော့ရင်တောင် အလံတော့ ချန်ထားခဲ့မယ် လေပြင်းရေ… ငါ့ကို တလူလူနေခွင့်ပေးစမ်းကွယ်။ “ငါမြင်ခွင့်မရှိတော့တဲ့ အနိဋ္ဌာရုံ” လောက်တွေ တဖွားဖွား ငါ့ခန္ဓာကိုယ်အား ၀ါးမျိုစားသောက် ဘာတတ်နိုင်မလဲ ခါချစရာ အသက်မရှိတော့ဘူး ရွံရှာစရာ အသက်မရှိတော့ဘူး အရှက်ကို အသက်နဲ့လဲပြီးနောက် ငါ့အရှက်တွေလည်း အသက်မရှိတော့ဘူး။ `ငိုကြွေးခြင်း´ [၁] အလွမ်းတွေနဲ့ မြည်းစမ်းဖို့ ၀ီစကီခွက်ကို လှမ်းယူလိုက်ရတယ် ဟုတ်တယ်လေ… ဆင်ခြင်တုံတရားကြီး ငုတ်တုတ်နဲ

အတိုးဆုံး ကဗျာများ (၁၉)

`အကွက်ပျောက်ခြင်း´ ရေနည်းငါးကမှ (အနည်းဆုံး) ဖျပ်ဖျပ်လူးနိုင်သေးတယ် ငါ့ကိုယ်ငါ ပြန်တွေ့ရတာ အကွက်တွေမပါတဲ့ ဘုတ်ပြားပေါ် ရပ်နေတဲ့ နယ်ရုပ်လေးတစ်ရုပ်လိုပဲ ကဲ … ဒါကို ဘယ်လို `ဖြည်´ မလဲ။ `သေချာမှု´ မင်းကိုမှမရရင် သေရပါလိမ့်မယ် ရရင်လည်း သေမှာပါပဲ ကိုယ့်အတွက်တော့ သေရမှာက သေရမှာပဲ သေသေချာချာကို သေမှာ။ `ရလဒ်´ ကိုယ်စိုက်ထားတာ ကိုယ်ပြန်ရိတ်သိမ်းရမှာပဲ (တဲ့) အဲလိုသာဆို သိပ်ကောင်းမှာပဲ။ မိုးလေကင်းရှင်းတဲ့ တစ်နေ့သောအခါ ကျွန်တော် စိုက်ပျိုးထားတာတွေ ကျွန်တော်ပဲ ပြန်ရိတ်သိမ်းခွင့်ရခဲ့မယ်ဆိုရင်လေ…။ နှုတ်စွမ်းရည် ခံတပ်ကြီး ပြိုသွားပြီဆိုမှတော့ တိုက်စစ်ကို ဇောက်ချလုပ်နိုင်ပြီပေါ့ (တဲ့) အကောင်းတွေပဲ ပြောပြီး အပြောတွေပဲ ကောင်းနေတယ်။ `အရူးများအနေဖြင့်…´ အရူးအမဲသားကျွေးမိသလိုလို့ ဆိုရအောင် တို့အရူးထဲ အမဲသားစားဖူးတဲ့ကောင် လုံးဝမရှိဘူးလား နေပါဦး သင်းတို့အသားကရော အရူးတွေ ရူးသွားလောက်အောင်ကိုပဲ ကောင်းသလား အရူးတစ်ယောက်က စဉ်းစား၏။

“ဒွိဟလူ”

“ ပြီးဖြစ်လိမ့်မည် ” ဆိုတာ ကိုယ့်အမြင်မှာ မရေရာတဲ့ သဒ္ဒါပုဒ်လေ...။ Future Perfect Tense နဲ့ ရေးဖို့ နမူနာတစ်ခုတောင် ရှာမတွေ့တဲ့ကောင်။ မင်းနာမည်လေး ကိုယ့်ဝါကျတွေထဲ ဘယ်လို ထည့်ရေးရက်ပါ့မလဲ...။ တေဇာ (လရောင်လမ်း)

အလှတရား သရုပ်ခွဲ

အဝေးဆုံးကို မျှော်ကြည့်ပါ.. လှပတဲ့တစ်ရံတစ်ခါမှာ..။ ~ထူးအယ်လင်း~ နင်က အရမ်းလှတယ်လို့ ကျွန်တော်ပြောလိုက်တော့ လှတယ်ဆိုတာတွေဟာ ခဏပါပဲဟာ၊ နောက်ဆုံးတော့လည်း ဒါပါပဲ၊ အိုဟောင်းသွားရတာပဲမဟုတ်လားလို့ သူက ပြန်ပြောတယ်။ ဘာကြောင့်မို့ တခြားမိန်းကလေးတွေလို သူ ရှက်ပြုံး မပြုံးရပါသလဲ။ တကယ်လားဟင်လို့ ကျေနပ်တဲ့အသံမျိုးနဲ့ ပြန်မမေးရပါသလဲ။ မြှောက်နေပြန်ပြီလို့ ကနွဲ့ကလျ ပြန်မပြောရပါသလဲ။ ဘာကြောင့် တိုးတိုးညှင်းညှင်း မရယ်နေရပါသလဲ။ ဒါတွေကို ကျွန်တော် မသိဘူး။ ကျွန်တော် သူ့ဆီက မျှော်လင့်နေတဲ့ အဖြေမျိုးလို့ သူယူဆတဲ့အရာကို ရွေးပြီး ပြန်ပြောခဲ့တာလား၊ သူ့ရင့်ကျက်မှုကို ပြချင်တာလား ဆိုတာလည်း ကျွန်တော် မသိဘူး။ ဒါပေမဲ့ သူ့ပုံက ရိုးရိုးသားသား ဖြေလိုက်ပုံရတယ်။ ဘာပဲဖြစ်ဖြစ် သူ အဲဒီလို ပြန်ဖြေပုံလေးကကို ကျွန်တော့် အမြင်မှာ လှနေတယ်။ § § § § § § §

အတိုးဆုံး ကဗျာများ (၁၈)

`နားလည်မှု တည်ဆောက်ခြင်း´ လာ… တိုးတိုးလေးပြောပြမယ်ဆိုပြီး သူ့နားရွက်ကို ကိုက်ဖြတ်ပစ်လိုက်တယ် ဒါတောင် ကျွန်တော်နာကျင်နေတဲ့အကြောင်း သူကောင်းကောင်း သိသွားပုံမရဘူး ခွင့်မလွှတ်နဲ့တော့ကွယ်…။ `ညမှာ ထင်တဲ့လူ´ ညရယ်… တိတ်တိတ်လေး ပြောပေးပါ ဟုတ်ပြီ အသံသွင်းနေပြီ။ ညရယ်… မှောင်မှောင်လေး နေလိုက် ဟုတ်ပြီ ဓာတ်ပုံရိုက်ပြီ။ မင်းကို နောက်ခံထားမှသာ ငါ့ကိုယ်ငါ ရေးရေးလေးပေါ်လာတယ် တစ်နေကုန် ပျောက်နေခဲ့ရတာ ငါ့မှာ…။ `စေတနာနည်းကျ ဒဏ်ခတ်ခံရခြင်း´ မျက်နှာကြက် ပန်ကာကြီးက အထက်စီးနဲ့။ လည်နေရုံနဲ့တင် သူ့တာဝန်ကျေပြီထင်နေပုံရတယ် ဒီကကောင် လေပူတွေပဲရနေတာ သူ မသိရှာဘူး။ အဲဒီအချစ်တွေကြောင့်ပဲ သားလည်း… ချွေးပျံနေရပြီ။ `ချောင်းကြည့်ပေါက်မှ´ အတွေ့အကြုံအရပါလို့ ဆိုလိုက်တာ အမြင်မကျဉ်းလွန်းဘူးလား အမြင်အရကို အတွေ့အကြုံတွေဟာ ကျဉ်းလွန်းနေတာပါ အတွေ့အကြုံမျိုးကွဲပေါင်း သန်းခြောက်ထောင်ကျော် ရှိပါတယ်။ `နိဗ္ဗာန်ဈေး မလျှောက်ဖြစ်ခြင်း´ တစ်ခုခု ရသွားတာမျိုး ကျွန်တော်က ဖြစ်စေချင်ပါတယ် (တဲ့) ခက်တာက တစ်ခုခု ယူလိုက်ရတာမျိုး ကျွန်တော်ကလည်း မဖြစ်ချင်ပြန်ဘူး ကျွန်တော် (တို့) နှစ်ယောက် မတွေ့ဖြစ်ကြတာလည်း မဆန်

အတိုးဆုံး ကဗျာများ (၁၇)

`စိတ္တဇ ပန်း´ ညမှာပွင့်တဲ့ နေကြာ ဘယ်အရပ်ဆီ မျက်နှာမူမလဲ နေမင်းကြီးက ဘယ်မှာလဲ အေးစက်စိမ်းကား [*] စွာ ညနက်ကြီးမှာ နေကြာတစ်ပွင့် သွက်သွက်ခါနေတယ်။ [*] Alienation သဘောကို ယူပါသည်။ `သောကဗေဒ´ သိပ်မတွေးချင်ပါဘူး သို့သော် သွေးမတိတ်တာလည်း အမှန်ပဲကွယ် ဒဏ်ရာတွေဟာ အနီရဲရဲ။ `အရသာ´ ကြာကြာဝါးမှ ခါးမှန်းသိတာ လျှာမှာ စွမ်းဆောင်ရည်လျော့နေလို့။ အူဝဲလို့ ခါးခါးသီးသီး စငိုခဲ့ကြတာ အသက်ရှင်ကြောင်း သက်သေပြခြင်းမှအပ အခြား ဘာအရသာကြောင့်ပါလိမ့်။ `မှားယွင်းသရုပ်ဆောင်များ´ ရေထဲမှာ ငှက်တစ်ကောင် ဘယ်လိုကူးမလဲ လေထဲမှာ ငါးတစ်ကောင် ဘယ်လိုဝဲမလဲ ခြွင်းချက်တွေ ဘေးဖယ်ထား…။ ကမ္ဘာမြေပေါ် လမ်းသလားတတ်ဖို့က ဦးနှောက်ပျက်နေရုံနဲ့တင် လုံလောက်ခဲ့ကြပြီ။ `ကိုယ့်ဒုက္ခကိုယ် ရှာတွေ့ခြင်း´ ကိုယ့်ကိုယ်ကိုယ် ယပ်ခပ်ရတာ နှိပ်နယ်ရတာ ဂလိထိုးရတာ တစ်ခုမှ အရသာမပေါ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာကျတော့မှ အဆင်လာပြေနေတယ် သူ့ကိုပဲ ချစ်မိနေပါတယ်။ တေဇာ (လရောင်လမ်း)

ဂျွန် လော့ခ် (သို့) အတွေ့အကြုံအဓိက ဖခင်

(၁၆၃၂- ၁၇၀၄) ဒေးကား၊ စင်နိုဇာနှင့် လိုက်ဘနိဇ်တို့အကြားရှိ ယေဘုယျ တူညီချက်တစ်ခုမှာ ၎င်းတို့အားလုံးသည် `ဆင်ခြင်တုံအဓိက၀ါဒီ´ (Rationalist) များ ဖြစ်ကြခြင်း ဖြစ်သည်။ `ဆင်ခြင်တုံအဓိက၀ါဒ´ (Rationalism) ဟူသည်မှာ ဆင်ခြေ (၀ါ) အကြောင်းရင်းအား အသိပညာ၏ မူလရင်းမြစ်အဖြစ် ယုံကြည်သော တွေးခေါ်ပုံစနစ် ဖြစ်ပါသည်။ ဆင်ခြင်တုံဝါဒီတစ်ဦးအနေဖြင့် လူသားတွင် မူလအတွင်းသား စိတ်ကူးထည်တစ်ခု ၎င်း၏ စိတ်ထဲတွင် ရှေးဦးမဆွကပင် တည်ရှိနေသည်ဟု ယုံကြည်၏။ အတွေ့အကြုံမှ ဆင်းသက်လာခြင်း မဟုတ်သောအရာကို ဆိုလိုသည်။ ဒေးကားသည် ပြင်သစ်လူမျိုး၊ စပင်နိုဇာသည် ဒတ်ခ်ျလူမျိုးနှင့် လိုက်ဘနိဇ်သည် ဂျာမန်လူမျိုးဖြစ်ရာ ၎င်းအား ဥရောပ ဆင်ခြင်တုံအဓိက၀ါဒ (Continental Rationalism) လှုပ်ရှားမှုအဖြစ် ခေါ်ညွှန်းလေ့ရှိပါသည်။

ဒေါင်ဒေါင်မြည် ဆင်ခြေသမား

အကယ်၍ ခင်ဗျားအနေနဲ့ ဒေါင်ဒေါင်မြည် ဆင်ခြေသမားတစ်ယောက်နဲ့များ ရင်ဆိုင်တိုးမိခဲ့တယ်ဆိုရင် သူ့ကို ပြုံးမပြပါနဲ့ သူက ခင်ဗျားကို ပြန်ပြုံးပြမှာ မဟုတ်ဘူး။ အကယ်၍ ခင်ဗျားအနေနဲ့ `ဘယ်သွားမလို့လဲ´ လို့ သူ့ကို ယဉ်ကျေးပြူငှာ နှုတ်ဆက်မိတယ်ဆိုရင် သူက `ဘယ်သွားနေတယ်ဆိုတာ ဘယ်သူများ သိလို့လဲ´ လို့ ပြန်မေးလိမ့်မယ် ဒီတော့လည်း မျက်နှာပျက်ရရုံပဲ ရှိမယ်။ ဒါမှမဟုတ် ခင်ဗျားအနေနဲ့ `ဘယ်က လာတာလဲ´ သူ့ကို မေးမြန်းမိတယ်ဆိုပါတော့ `ဘယ်ကလာတယ်ဆိုတာ ဘယ်သူများ သိလို့လဲ´ လို့ သူက ပြန်မေးမှာ အမှန်ပဲ ဒီတော့လည်း ခင်ဗျားအနေနဲ့က နှုတ်ဆိတ်နေရုံပေါ့။ အကယ်၍ ခင်ဗျားအနေနဲ့ ဒေါင်ဒေါင်မြည်ဆင်ခြေသမား တစ်ယောက်နဲ့များ လက်ဆွဲနှုတ်ဆက်ဖို့ ကြုံလာခဲ့ရင် ကိုယ့်လက်တွေကို အရင်ကမ်းမပေးပါနဲ့ သူက ဆွဲယူမှာ မဟုတ်ဘူး ဒေါင်ဒေါင်မြည်ဆင်ခြေသမားမှာ ဆင်ခြင်နိုင်တဲ့ လက်တွေ မရှိဘူး။ အကယ်၍ ခင်ဗျားအနေနဲ့ ဒေါင်ဒေါင်မြည်ဆင်ခြေသမား တစ်ယောက်နဲ့များ တွဲကရဖို့ ကြုံလာခဲ့ရင် စည်းချက်နဲ့အညီ ခင်ဗျားကိုယ်ခန္ဓာကို သူ့လက်မောင်းပေါ် ယုံကြည်စိတ်ချစွာ မှီနွဲ့ချလိုက်တာမျိုး မလုပ်ပါနဲ့ ဒေါင်ဒေါင်မြည်ဆင်ခြေသမားမှာ အလေးအပင်ခံနိုင်တဲ့ လက်တွေမရှိဘူး။ အကယ

လိုက်ဘနိဇ် (သို့) ပထမတန်းစား ကမ္ဘာတွင် နေထိုင်ခဲ့သူ

(၁၆၄၆-၁၇၁၆) ဂျာမန် ဒဿနပညာရှင် လိုက်ဘနိဇ် (Leibniz) သည် သမိုင်းတစ်လျောက် အကြီးကျယ်ဆုံး တွေးခေါ်ရှင်ကြီးများအနက်မှ တစ်ဦးဖြစ်သည်။ သူ့အား ဆယ့်ခုနစ်ရာစု၏ အရစ္စတိုတယ်လ်ဟုလည်း သိရှိကြပြီး၊ အကြောင်းမှာ လောကကြီး၏ ရှိရှိသမျှ ဘာသာရပ်အားလုံးနီးပါးမျှအား သူ ထိတွေ့ကိုင်တွယ်ခဲ့ ဖူးသောကြောင့်ပင် ဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့် အရာများတွင် သင်္ချာပညာ၊ ဒဿနိကဗေဒ၊ ဘာသာရေးပညာ၊ ဥပဒေပညာ၊ သံတမန်ပညာ၊ နိုင်ငံရေးပညာ၊ သမိုင်းပညာ၊ စာပေပညာနှင့် ရူပဗေဒ စသည်ဖြင့် ကျယ်ပြန့်လှသည့် ဘာသာရပ်များ ပါဝင်သည်။ နယူတန်နှင့် ကွဲပြားသော ကဲကုလပညာကို တီထွင်ခဲ့ပြီး ခေတ်သစ် သင်္ချာဆိုင်ရာ ယုတ္တိဗေဒ၏ ခေါင်းကိုင်ဖခင်ဟုလည်း သူ့အား သတ်မှတ်ကြသည်။

ဖဲသမား

[ ၁ ] ပွဲကို ဒင်,ခနဲ စပြီဆိုကတည်းက အောက်ရှိအကုန် `ရှိုး´ ထားတယ်။ မခြိမ်းခြောက်ပါဘူး ကျွန်တော်ရှုံးရင် ထပြန်သွားမှာပေါ့။ အခေါ်အပြောတွေမှာ အလျော်အစားတွေမှာ မသာယာခဲ့လို့ တစ်ပွဲပဲကစားမယ် ဘ၀ကြေး။ ငါ့ကိုယ်ငါ ကုလားဖန်ထိုး ငါ့ကိုယ်ငါ ချိုး။ ပြိုင်ဘက်တွေ ဝေခွဲမရဖြစ်နေပုံ။ အတူထိုင်နေသော သူစိမ်း ကလေးအထာလား ၀ါရင့်လား။ တွေးနေရင်း    ဖဲချပ်တွေ လွင့်ပျံကျ။ ဒီဝိုင်းမှာ ရင်ခုန်သံတွေ အကျယ်ဆုံးဖြစ်နေတာ ငါဆိုတာ… ငါ့ဘာသာ တိုးတိတ်စွာ မှင်သေနေခဲ့ရ။ [ ၂ ] ကျွန်တော့်အတွက်မှ မဟုတ်ရင် ခပ်စောစောပဲ ပြန်ပါရစေလား။ အရှုံးဆီရောက်ဖို့ ခါးညောင်းအောင် ထိုင်နေရမယ်ဆိုရင်လည်း မကောင်းသေးဘူးလေ။ တေဇာ (လရောင်လမ်း) သြဂုတ် (၁၀) ၂၀၁၀

စပင်နိုဇာ (သို့) ရထားလမ်းအတိုင်း လျှောက်လှမ်းခဲ့သူ

(၁၆၃၂-၁၆၇၇) `ဆင်ခြင်တုံတရား၏ အလုံးစုံ ကွပ်ကဲမှုအောက်၌ လွတ်လပ်သော ခွင့်ပြုချက်နှင့် နေထိုင်သော လူသည်သာ လွတ်လပ်သူ ဖြစ်ပြီး ကိုယ်ပိုင် လွတ်လပ်မှုအား ရယူပိုင်ဆိုင်နိုင်ပေလိမ့်မည်´ ဟု ဒတ်ခ်ျ ဒဿနပညာရှင် စပင်နိုဇာက ကြွေးကျော်ခဲ့သည်။ [1] စပင်နိုဇာသည် အကြီးကျယ်ဆုံး ခေတ်သစ်ဒဿနပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး သူ၏ ဒဿနကြောင့်သာမဟုတ်ဘဲ၊ သူ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စရိုက်၏ စင်ကြယ်မှုကြောင့်လည်း သူ့အား အမှတ်ရကြ၏။ သူ့အား `ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ခဲ့သော ဘုရားအား မယုံကြည်ဆုံး `ဘုရားမဲ့ဝါဒီ´ (Atheist) တစ်ဦး´ [2] အဖြစ် ညွှန်းဆိုပြီး၊ သူ့ ခေတ်ကာလက ခေတ်သစ် စာသင်သားများအနေဖြင့် သူ၏ ကြီးကျယ်သော ဉာဏ်ပညာအား လေးစားအားကျခြင်း၊ ချစ်ခင်ခြင်းများ မပြုဘဲ မနေနိုင်ကြဟု ဆို၏။ `ရပ်ဆဲ´ (Russell) က `ဒဿနပညာရှင်ကြီးများထဲတွင် အမြင့်မြတ်ဆုံးနှင့် ချစ်ခင်ဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်´ [3] ဟု ခေါ်ဆိုသည်။ ခေတ်သစ် ဒဿနပညာရှင် အများစုကလည်း စပင်နိုဇာ၏ အကျင့်စရိုက်အပေါ် အကောင်းမြင်အယူအဆများ အလားတူ ထားရှိကြပါသည်။

ရယ်နီ ဒေးကား (သို့) သံသယ သာသနာရှင်

(၁၅၉၆-၁၆၅၀) `လူတစ်ယောက်သည် သေချာမှုနှင့် စတင်သည်ဆိုလျှင် သံသယနှင့် အဆုံးသတ်လိမ့်မည်။ သို့သော် သူသည် အနည်းနှင့်အများ သံသယနှင့် စတင်သည်ဆိုလျှင် သေချာမှုတွင် အဆုံးသတ်လိမ့်မည်´ ဟု ဖှရန်စစ်ဘေကွန် (Francis Bacon) က ဆိုပြီး ၎င်းမှပင် ခေတ်သစ်ဒဿနိကဗေဒ စတင်ခဲ့ပေသည်။ သူတော်စင်များ၊ ဘုန်းတော်ကြီးများ၏ ကျောင်းသင် အရိုးစွဲ ဒဿနိကဗေဒ၏ ရာစုနှစ်ပေါင်းများစွာသော နောက်ခံကားကို ကြည့်လျှင် အဆောက်အဦဟောင်း၏ အပြိုအပျက် အကြွင်းအကျန်များအား သံသယဟူသော ဂေါ်ပြားဖြင့် ရှင်းလင်းသန့်စင်သကဲ့သို့ ဒဿနပညာရှင်များအနေဖြင့် သစ်လွင်လတ်ဆတ်သော စတင်မှုတစ်ရပ် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းသည် အံသြစရာတော့ မဟုတ်ပေ။ ဒေးကား (Descartes) [1] သည် ဒဿနစနစ် အသစ်တစ်ရပ်အား အစမှပြန်လည် တည်ဆောက်ခဲ့သူများတွင် ပထမဆုံးပင်ဖြစ်ပြီး ခေတ်သစ်ဒဿနိကဗေဒ၏ ဖခင်ကြီးအဖြစ် သူ့အား ထိုက်တန်စွာ အသိအမှတ်ပြုကြသည်။ သူ့အနေဖြင့် ကျောင်းသင်ဒဿနိကဗေဒမှ လုံးလုံးလျားလျား လွတ်မြောက်စေရန်အထိ သူ့ကိုယ်သူ မလုပ်ခဲ့သော်လည်း သူ့ဒဿန၏ သစ်လွင်လတ်ဆတ်ခြင်းနှင့် အတွေးအခေါ် ရှေ့ရောက်နေမှုများကို ပြသခဲ့ပြီး ၎င်းတို့အား သူ၏ နောက်တော်ပါ ပညာရှင်များက လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြသည်။

ကမူးနှင့် အဓိပ္ပါယ်ကင်းမဲ့မှု သဘော (Absurdism)

ဤအရေးအသားတွင် `အဓိပ္ပါယ်မဲ့မှု´ ဟူသော မြန်မာစကားလုံးအား Absurd ဟူသော အင်္ဂလိပ်စကားလုံး အတွက် ဘာသာပြန်ချက်အနေဖြင့် သုံးစွဲထားခြင်း ဖြစ်ပါသည်။ သာမန် အဓိပ္ပါယ်ကင်းမဲ့ခြင်း သဘောမျိုးမဟုတ်ဘဲ လူ့ဘ၀၏ ရှေ့နောက်မညီညွတ်ခြင်း၊ ကျိုးကြောင်းမဆီလျော်ခြင်းသဘောကို ရည်ညွှန်းလိုခြင်း ဖြစ်သောကြောင့် အဆိုပါစကားလုံးအား ဒဿနအဆင့် (Philosophical Sense) တွင် ထားကာ သိမှတ်နားလည်ပေးရန် လိုအပ်မည်ဟု အသိပေးလိုပါသည်။ [ဘာသာပြန်သူ] အမှန်တကယ် လေးနက်သော ဒဿနပြဿနာရပ်မှာ တစ်ခုသာရှိပြီး `အဆုံးစီရင်မှု´ (Suicide) ဖြစ်သည်။ ဘ၀သည် အသက်ရှင်နေထိုင်ရန် ထိုက်တန်ခြင်း ရှိ,မရှိအား ဆုံးဖြတ်ခြင်းသည် ဒဿနပညာရပ်၏ အရင်းအမြစ်ကျသော မေးခွန်းကို ဖြေဆိုခြင်းနှင့် တူမျှ၏။ [1] ဤအဆိုသည် ကမူး အဖြေ ရှာဖွေခဲ့သည့် `အဓိပ္ပါယ်မဲ့မှု´ (Absurd, Absurdism) ဒဿန၏ တစ်ခုသော ဒွိဟကို ဖွင့်လှစ်ပြခြင်း ဖြစ်ပါသည်။ အယ်ဂျီးရီးယားဖွား၊ ပြင်သစ်တွေးခေါ်ရှင် အဲလ်ဘတ်ကမူး (Albert Camus) သည် အဓိပ္ပါယ်မဲ့ဝါဒ (Absurdism) ၏ ဦးဆောင် တွေးခေါ်ရှင်တစ်ဦး ဖြစ်သည်။ တကယ်တော့ သူသည် ရင့်သန်သည့် ဒဿနနောက်ခံကားဖြင့် ရေးသားသော ၀တ္ထုဆရာ၊ စာရေးဆရာတစ်ဦးသာ ဖြစ်ပါသည်။ အဓိပ္ပါယ်မဲ့ဝါဒသည် ဖြစ်တည်မှုဝါဒ (Exis

အတိုးဆုံး ကဗျာများ (၁၆)

`အငြင်းဝါကျ´ မဆိုင်ပါဘူးကွယ် ကိုယ်တို့ ဖြစ်,ရှိ နေကြရတာ မဆိုင်ပါဘူး…။ `ဗလာ´ ဗလာ* ဆိုတာ ရှိတယ် ဒီတော့ ဗလာဆိုတာ မရှိတာ မဟုတ်ဘူးပေါ့ ဒီတော့လည်း ဗလာမဟုတ်တော့ပြန်ဘူး ဒီကဗျာတိုလေးရေးဖို့ စာရွက်အသစ်တစ်ရွက် အမြဲ ထပ်ထပ်လိုနေတယ် ဘယ့်နှယ်..။ • *ဗလာ = Void `လူပျိုလှည့်ခြင်း´ လှောင်သံပါသွားသလားလို့ ကျွန်တော်က ခပ်တည်တည် မေးလိုက်တယ် မုန်းလိုက်ပြီလို့ သူက ပြုံးပြုံးလေးဖြေတယ် နောက်စရာရှားလားဟယ် နော့ လို့ ကျွန်တော့်ကွယ်ရာမှာ ပြောကြပါလိမ့်မယ်။ `ဟုတ်´ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်ပါတယ် ခင်ဗျားလည်း ဟုတ်မှာပါ ကျွန်တော်တို့အားလုံး ဟုတ်တော့ဟုတ်နေကြတာပဲ မဟုတ်ဘူးလား ဟုတ်တယ်ဟုတ်…။ `ရှင်ဒဏ် (သို့) အလီဘိုင်´ ကျွန်တော်ရယ်လို့ မရှိခင်တုန်းက ကျွန်တော်ရယ်လို့ ရှိလာခြင်း ပြစ်ဒဏ်ချမှတ်ခံရလောက်အောင် ကျွန်တော်ဘာများ လုပ်ခဲ့မိလို့လဲ ကျွန်တော်မှ မရှိတာပဲ။ တေဇာ  (လရောင်လမ်း)

နှစ်စိတ် တစ်ကိုယ်

ကျွန်တော်သူ့ကို မှတ်မှတ်ထင်ထင် စတင် သိကျွမ်းခဲ့စဉ်က ကျွန်တော့်အသက် ၁၃ နှစ်ဝန်းကျင်ခန့်ပင် ရှိပါလိမ့်ဦးမည်။ ထိုစဉ်က ကပျစ်ကညစ် ကျဆင်းနေသော နှင်းမှုန် အစအနများနှင့် ဆောင်းအတု လုပ်ထားသော နေ့လေး တစ်နေ့တွင် ဖြစ်ကြောင်းကိုတော့ ကောင်းကောင်း မှတ်မိနေ၏။ အလိုမတူဘဲ၊ ဆန္ဒမရှိပါဘဲနှင့် အလိုက်ကမ်းဆိုးမသိစွာ အတင်းဇွတ်တရွတ် မိတ်ဖွဲ့လာသော အညံ့စား သူငယ်ချင်း တစ်ယောက်ကို လက်ညှိုးထိုးပြပါ ဆိုလျှင် သူ့ကို ရွေးချယ်ပစ်ဖို့ ကျွန်တော် ၀န်လေးမည်မဟုတ်ပါ။ သို့တိုင်အောင် သူကတော့ ကျွန်တော့်လုပ်ရပ်အတွက် တစ်စက်လေးမှ ဂရုစိုက်မည့်သူမဟုတ်သလို သိမ်ငယ်စွာ ကြေကွဲပြနေမည့် ကောင်စားမျိုးလည်း မဟုတ်။