လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံး ကဗျာများ (၁၆)


`အငြင်းဝါကျ´

မဆိုင်ပါဘူးကွယ်
ကိုယ်တို့ ဖြစ်,ရှိ နေကြရတာ
မဆိုင်ပါဘူး…။

`ဗလာ´

ဗလာ* ဆိုတာ ရှိတယ်
ဒီတော့ ဗလာဆိုတာ မရှိတာ မဟုတ်ဘူးပေါ့
ဒီတော့လည်း ဗလာမဟုတ်တော့ပြန်ဘူး
ဒီကဗျာတိုလေးရေးဖို့ စာရွက်အသစ်တစ်ရွက်
အမြဲ ထပ်ထပ်လိုနေတယ်
ဘယ့်နှယ်..။

• *ဗလာ = Void

`လူပျိုလှည့်ခြင်း´

လှောင်သံပါသွားသလားလို့
ကျွန်တော်က ခပ်တည်တည် မေးလိုက်တယ်
မုန်းလိုက်ပြီလို့
သူက ပြုံးပြုံးလေးဖြေတယ်
နောက်စရာရှားလားဟယ် နော့ လို့
ကျွန်တော့်ကွယ်ရာမှာ ပြောကြပါလိမ့်မယ်။

`ဟုတ်´

ကိုယ့်ကိုယ်ကိုယ်
ဟုတ်လှပြီလို့ ထင်ပါတယ်
ခင်ဗျားလည်း ဟုတ်မှာပါ
ကျွန်တော်တို့အားလုံး
ဟုတ်တော့ဟုတ်နေကြတာပဲ မဟုတ်ဘူးလား
ဟုတ်တယ်ဟုတ်…။

`ရှင်ဒဏ် (သို့) အလီဘိုင်´

ကျွန်တော်ရယ်လို့ မရှိခင်တုန်းက
ကျွန်တော်ရယ်လို့ ရှိလာခြင်း ပြစ်ဒဏ်ချမှတ်ခံရလောက်အောင်
ကျွန်တော်ဘာများ လုပ်ခဲ့မိလို့လဲ
ကျွန်တော်မှ မရှိတာပဲ။

တေဇာ  (လရောင်လမ်း)

6 comments:

Rita said...

(ကျွန်တော်ရယ်လို့ မရှိခင်တုန်းက
ကျွန်တော်ရယ်လို့ ရှိလာခြင်း ပြစ်ဒဏ်ချမှတ်ခံရလောက်အောင်
ကျွန်တော်ဘာများ လုပ်ခဲ့မိလို့လဲ
ကျွန်တော်မှ မရှိတာပဲ။)

အဲဒီလို မရှိတာကို မကျေနပ်လို့ လုပ်တာ ဖြစ်ရမယ်။

တေဇာ (လရောင်လမ်း) said...

“ဘာက” မရှိတာလဲ။ “ဘယ်သူ”က မကျေနပ်တာလဲ။း)

မောင်လေး said...

ဟုတ်တယ်ဗျို့....“ ဟုတ်” ဆိုတဲ့ ကဗျာလေးက ဟုတ်တယ်...။

Rita said...

ကျွန်တော် မရှိတာကို ကျွန်တော် ဖြစ်လာအောင် ပြစ်ဒဏ်ချလိုက်တဲ့အရာကြီးက မကျေနပ်တာ

ကောင်းကင်ကို said...

ဘုရားသခင်ဆိုတာ ရှိရှိ မရှိရှိ၊ ဘုရားသခင်လိုပဲ လိုက်လိုက်ပြီး ကံကြမ္မာတွေကို ပြဌာန်းတတ်တယ် ဆိုတဲ့ အတိတ်ဘဝကံဆိုတာ ရှိရှိမရှိရှိ တေဇာ (လရောင်လမ်း) အား ရှင်ဒဏ်ချမှတ်လိုက်သည်။
ပုံ...

တေဇာ (လရောင်လမ်း) said...

း) ပုံ ??????

ပြော ... ပြော ... ပြော ... ။

Post a Comment