လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

နှစ်စိတ် တစ်ကိုယ်

ကျွန်တော်သူ့ကို မှတ်မှတ်ထင်ထင် စတင် သိကျွမ်းခဲ့စဉ်က ကျွန်တော့်အသက် ၁၃ နှစ်ဝန်းကျင်ခန့်ပင် ရှိပါလိမ့်ဦးမည်။ ထိုစဉ်က ကပျစ်ကညစ် ကျဆင်းနေသော နှင်းမှုန် အစအနများနှင့် ဆောင်းအတု လုပ်ထားသော နေ့လေး တစ်နေ့တွင် ဖြစ်ကြောင်းကိုတော့ ကောင်းကောင်း မှတ်မိနေ၏။ အလိုမတူဘဲ၊ ဆန္ဒမရှိပါဘဲနှင့် အလိုက်ကမ်းဆိုးမသိစွာ အတင်းဇွတ်တရွတ် မိတ်ဖွဲ့လာသော အညံ့စား သူငယ်ချင်း တစ်ယောက်ကို လက်ညှိုးထိုးပြပါ ဆိုလျှင် သူ့ကို ရွေးချယ်ပစ်ဖို့ ကျွန်တော် ၀န်လေးမည်မဟုတ်ပါ။ သို့တိုင်အောင် သူကတော့ ကျွန်တော့်လုပ်ရပ်အတွက် တစ်စက်လေးမှ ဂရုစိုက်မည့်သူမဟုတ်သလို သိမ်ငယ်စွာ ကြေကွဲပြနေမည့် ကောင်စားမျိုးလည်း မဟုတ်။

ထိုကာလက ကျွန်တော် အပြင်းအထန် ဖျားနေခဲ့ပါသည်။ အမျိုးအစားကို မမှတ်မိသော်လည်း အဆိုးရွားဆုံး နာမကျန်းဖြစ်မှုမျိုး။ ချို့တဲ့သော အမေက တတ်စွမ်းသမျှ အတွေ့အကြုံ ဆေးမြီးတိုစွယ်စုံဖြင့် သားဖြစ်သူ၏ ကိုယ်တွင်းမှ ရောဂါတိုက်စစ်မှူးများကို ထိုးစစ်ဆင် မောင်းထုတ်ခဲ့၏။ မျက်မုန်းကျိုးမပြေသည့် အဖျားက တော်တော်နှင့် နောက်မဆုတ်။ ပေတိပေစောင်း ဇွတ်တရွတ်နိုင်စွာ ကတ်သီးကတ်ဖဲ့ လုပ်နေသေးသည်။ ထိုမျှမကသေး ထိတ်လန့်တုန်လှုပ်စရာ အိပ်မက်ဆိုးများကို ကျွန်တော့်ဦးနှောက် အကန့်အလွတ်များတွင် စနစ်တကျ ထည့်ပြ၍ ယုတ်မာလိုက်သေးသည်။ ကျွန်တော့်မှာ အလန့်တကြား လန့်အော်လိုက်ရသည်မှာ အကြိမ်ကြိမ်။ သို့သော် နောက်ဆုံးတွင် အဖျားမှာ ကျွန်တော့်ကိုယ်ထဲ နေချင်သလောက် နေခွင့်မရရှာဘဲ တပ်ပျက်ကာ ကစဥ့်ကလျား ထွက်ပြေးရတော့၏။

အဖျားထွက်ခွာသွားချိန်တွင် ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး မြို့ပျက်ကြီးလိုဖြစ်ကာ မလှုပ်ရှားချင်လောက်အောင် နွမ်းနွမ်းရိရိဖြင့် အားအင်တွေ ကုန်ခမ်းနေပါပြီ။ အမေ ဈေးရောင်းမသွားခင် တိုက်ခဲ့သော ဆန်ပြုတ်ကို ပြန်အန်ထုတ်ပြီး ခေါင်းအုံးလေးပေါ်တွင် အသာမှိန်းနေခိုက်… `မင်းက တော်တော်ပျော့တဲ့ကောင်ပဲ´ ကျွန်တော် မျက်လုံးကို ဆတ်ခနဲ ဖွင့်ကြည့်ဖြစ်သည်။ တဲတံစက်မြိတ်အောက် အိမ်အ၀တွင်  တစောင်းထိုင်နေသော ကျွန်တော်နှင့် သက်တူရွယ်တူ ကောင်လေးတစ်ယောက်။ သို့သော် ကျွန်တော့်လို ပိန်ကပ်ကပ် ညောင်နာနာမဟုတ်။ စူစူဖြိုးဖြိုး အသားစိုင်များ အစ်ထွက်လျက် ၀၀တုတ်တုတ်၊ ထွားထွားကြိုင်းကြိုင်း။ ထိုစဉ်က ငယ်သူမို့ ဘာမျှ သတိမထားမိသော်လည်း သူ့မျက်နှာတွင် ထီမထင်သော အမူအရာများကို အထားအသို အချိုးညီစွာ ခင်ကျင်းထားသည်ဟု နောင်တစ်ချိန်မှ သတိပြုမိ၏။

`မင်း ဘယ်သူလဲ´ `ငါဘယ်သူဆိုတာ မင်းသိစရာမလိုပါဘူး။ မင်းမှတ်ထားရမှာက ခုချိန်ကစပြီး ငါဟာ မင်းရဲ့ လူယုံတစ်ယောက် ဆိုတာပဲ´
`သွားစမ်းပါ။ ဘာလူယုံလဲ။ ဘာကောင်မှန်းမသိဘဲ ဘာကို ယုံရမှာလဲ´
`မင်းဟာလေ တော်တော်တုံးတဲ့ ငတုံး´ သူက တိမ်မျှင်တိမ်ရိပ် ကင်းစင်သည့် စူးစူးမြမြ ကောင်းကင်ကို မော့ကြည့်ရင်း မခိုးမခန့် ရယ်မောနေပြန်ပါသည်။ ဒီကောင် ဘယ်သူလဲ။ ဘယ်မှာနေလဲ။ ဘာကြောင့် ကျွန်တော့်ဆီ ရောက်လာတာလဲ။ ရပ်ကွက်ထဲမှာရော ကျောင်းမှာပါ ဒီကောင့်ကို မမြင်ဖူးတာ သေချာသည်။ လက်လှမ်းမီရာ လျှောက်စဉ်းစားကြည့်ပြန်တော့လည်း  အတွေးနှင့် မှတ်မိမှုက တစ်ထပ်တည်းမကျ။ နေမကောင်းသည့်အခါမျိုးတွင် ဘယ်သူ့ကိုမှ စကားမပြောချင်သလို ဘာကိုမှလည်း စိတ်မ၀င်စားနိုင်ပါ။ သူက ရယ်မောနေမှုကို အနားသတ်လိုက်ပြီး…
`ဘာလဲ မင်းအဖေက မင်းတို့ သားအမိနှစ်ယောက်ကို ပစ်ပြီး နောက်မိန်းမနောက် လိုက်သွားလို့ လွမ်းဖျားလွမ်းနာ ကျနေတာမို့လား။ လူတွေကို ပြောတော့ ခရီးရှည်ကြီး ထွက်ပြီး အလုပ်သွားလုပ်နေသလိုလို´
`ဟေ့ကောင် မင်း…´ ကြည့်စမ်း ဒီကောင် ဘယ်လိုကောင်ပါလိမ့်။ အမေ့မှာ ရှက်လွန်းအားကြီး၍ သိမ်းမြှုပ်ထားသော အတွင်းရေးကိစ္စကို ဒီကောင် စင်းစင်းကြီး သိနေပါရောလား။ `မင်းက ဘာတွေလာပြောနေတာလဲ´ ကျွန်တော် စိတ်တိုတိုနှင့် အသံကုန် အော်ဟစ်လိုက်သည်။ သူကတော့ ဗီလိန်မင်းသားတစ်ယောက်၏ အထက်တစ်ဝက် အောက်တစ်ဝက် အပြုံးမျိုး ပြုံးလိုက်ပြီး…
`ထားပါတော့ မင်းကိုငါ ဒုက္ခမပေးတော့ဘူး။ ငါပြောတာသာ မမေ့နဲ့။ ခုချိန်ကစပြီး မင်းနဲ့ငါ သိသွားကြပြီ။ ငါက မင်းရဲ့ လူယုံ။ မှတ်မိတယ်နော်။ ကိုင်း.. ငါ လစ်ပြီ´
သူက လေတချွန်ချွန်ဖြင့် ပေါ့ပေါ့ပါးပါး ထွက်ခွာသွားသည်။
`သွားစမ်း… တော်တော် အကြောင်တိုက်တဲ့ ကလေကချေကောင်´ ကျွန်တော့်မှာ အလိုလိုနေရင်း ဒေါသတွေ ထွက်နေရသည်။ ဘာမှန်းမသိဘဲနှင့် ကျွန်တော့်အား သက်သက် အနှောင့်အယှက် လာပေးခြင်းပင်။ သူ့ကို ယုံကြည်ရမတဲ့။ ဘာကို ပြောတာလဲ။ ကျွန်တော် နားမလည်။ ငယ်ရွယ်သူမို့ ထိုအချိန်က ထိုကိစ္စကို ဘာမှ အလေးအပင်မထားဘဲ ခပ်လွယ်လွယ် မေ့ဖျောက်ခဲ့ကြောင်းကိုတော့ ခပ်ရေးရေး  အမှတ်ရနေမိပါသည်။

§ § §
သို့ဖြင့် ဆောင်းပျိုမပင် သက္ကရာဇ် ငါးခုကို ရှပ်ပြာရှပ်ပြာ ခလုတ်တိုက်၍ ခရီးဆက်ခဲ့လေပြီ။ ထိုကာလ တစ်လျှောက်လုံး ကျွန်တော့်ထံ ရောက်ခဲ့ဖူးသော အမည်မသိကောင် ယောင်လို့ပင် ပေါ်မလာခဲ့ပါ။ ကျွန်တော့်ဘက်ကလည်း သူ့အကြောင်းကို မေးမြန်းစူးစမ်းရန်၊ စပ်စုရန်၊ စုံစမ်းရန် နည်းနည်းမှ စိတ်ကူးမပေါ်ခဲ့။ မေ့မေ့ပျောက်ပျောက် နေလာခဲ့သည်။ ထိုသို့ အမေ့ကြီး မေ့နေရာမှ တစ်နေ့… သူ ဘွားခနဲ ပြန်ပေါ်လာခဲ့၏။

ထိုနေ့က ဦးနှောက်သွေးကြောပြတ်ကာ အမှတ်မထင် ဆုံးသွားရှာသော အမေ့ဈာပန မီးသင်္ဂြိုဟ်မည့်နေ့က ဖြစ်သည်။ ခန်းမဆောင်အတွင်း အမေ့ရုပ်ကလာပ် ပြင်ဆင်ထားရာအနီး ကျွန်တော် အသည်းအသန် ငိုကြွေးနေခိုက် လူအုပ်ကြားတွင် သူ့ကို ဖျပ်ခနဲ မြင်လိုက်ရခြင်းဖြစ်၏။ အချိန်ကာလကြောင့် ကိုယ်ခန္ဓာဖွံ့ဖြိုးလာသည်မှ လွဲလျှင် သူဖြစ်ကြောင်းကိုတော့ အခိုင်အမာ ဆိုရဲပါသည်။ သို့သော် ကျွန်တော်သူ့ကို ဂရုမထားနိုင်။ ဘ၀နှင့်ပုံ၍ မေတ္တာတော် ထားခဲ့ရသော ကျေးဇူးရှင်အမေအား တစ်သက်တာ အဆုံးရှုံးခံလိုက်ရ၍ မရှူနိုင်မကယ်နိုင် ဖြစ်နေရချိန်မို့။

ရက်လည်ပြီး တစ်ခုသော ညတစ်ည။ ထိုညက အလည်လွန်နေသောလ ဘယ်နားရောက်နေမှန်းမသိ။ တဲရှေ့တွင် ကျွန်တော်တစ်ယောက်တည်း ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိနေစဉ်အတွင်း …
`မင်းဟာ တစ်ကောင်ကြွက် မဟုတ်ပါဘူးကွ´
`ဟာ လန့်လိုက်တာကွာ ရှီးမှပဲ´ ခြေသံမပြု၊ အသံမပေး၊ ချောင်းမဟန့်ဘဲ ဒီကောင်ဝင်လာလို့ ကျွန်တော် မတရား ကျွဲမြီးတိုသွားခဲ့သည်။ လူ့ယဉ်ကျေးမှု နားမလည်တဲ့ကောင်။ သူကတော့ ကျွန်တော့်အဖြစ်ကို ကြည့်ပြီး ခွက်ထိုးခွက်လှန် ရယ်မောနေလေရဲ့။ `မင်း လာပြန်ပြီလား။ ဘာလာလုပ်တာလဲ´
`မင်းနဲ့ငါ ဝေးဝေးကွာကွာနေလို့ မဖြစ်နိုင်တော့ဘူးလေ´
`ဘာကွ.. သေလိုက်ပါလား။ ဝေးဝေးကွာကွာနေလို့မရအောင် မင်းက ဂေးလား။ ဆောရီးကိုယ့်လူ ငါ ဒါတွေ စိတ်ဝင်စားတာ မဟုတ်ဘူး´
`ဟားဟား မင်းကတော့ လုပ်ချလိုက်ပြန်ပြီ´
သူရယ်မောနေပုံက မြင်ပြင်းကပ်စရာ ကောင်းလှသလို အော်ဂလီဆန်ဖို့လည်း ကောင်းနေပါသည်။ ထွေထွေထူးထူး စကားမပြောချင်သဖြင့် ကျွန်တော် မောင်းထုတ်ပစ်သည်။ မရ။ ရစရာမရှိအောင် ပိုးစိုးပက်စက် ပြောလွှတ်သည်။ တွန့်မသွား။ သည်းခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးသွားပြီမို့ ကျွန်တော် ပုဆိုးကို ခပ်တင်းတင်း ပြင်ဝတ်လိုက်၏။
`ဘာလဲ… မင်းက ငါ့ကို ဖိုက်တင်ပေးချင်လို့လား´
`ဟေ့ကောင်.. မင်း အပိုတွေပြောမနေနဲ့။ သွားမလား မသွားဘူးလား။ တစ်ခွန်းတည်း ပြော´

သည်တစ်ကြိမ်မှာတော့ သူ့မျက်နှာကို ခပ်တည်တည် ပြင်လိုက်သည်။
`မင်းက စိန်ခေါ်နေတာပဲ။ မျက်နှာသာပေး ရွှေရေး ပန်းကန်တက်ချင်တဲ့ကောင်။ ချောက်မှန်းကမ်းမှန်း သိအောင်တော့ နည်းနည်း ပညာပေးမှဖြစ်မယ်´
အဆင့်မြင့် ဖိုက်တင်ကားများမှ တိုက်ကွက်များကို သူသုံးထားသလား ထင်မှတ်ရသည်။ ထိုးချက်၊ ကန်ချက်၊ ကစ်ချက်များဖြင့် ကျွန်တော့်အား လှလှပပ နှိပ်စက်တော့၏။ ကိုယ့်ဒေါသကိုယ် နောင်တရသွားသည်။ သွေးရူးသွေးတမ်း ခုခံနေသော်လည်း ပယ်ပယ်နယ်နယ် အတွယ်ခံနေရသည်က ကျွန်တော်။ ဘ၀တွင် ယခုလောက် မချိမဆန့်နာကျင်မှုမျိုး ရှိတော့မည်မထင်။ မတတ်နိုင်သည့်အဆုံး ကျွန်တော် သူ့ကို အရှုံးပေးလိုက်ရတော့သည်။
`ဟွန်း .. ငါ့ကို ဘာမှတ်လို့လဲ။ သေသွားချင်လို့လား။ မလုပ်ချင်လို့ ချော့မော့ပြောနေတာကို မရဘူး´
ထိုစဉ် အိမ်ရှေ့သို့ ကပျာကယာ ရောက်လာသော မိန်းမကြီးတစ်ဦး။ `ဟဲ့ နေမင်း.. နေမင်း.. ဘာတွေဖြစ်နေတာလဲ။ တစ်ယောက်တည်း ၀ုန်းဒိုင်းကြဲလို့´
ရင်းနှီးနေသော အိမ်နီးချင်း။ တစ်ယောက်တည်းတဲ့လား။ ကြည့်စမ်း..။ သူ့ရှေ့မှာ ဒီကောင်ရှိနေတာကို ဘာဖြစ်လို့ မမြင်ရတာလဲ။ ဘာတွေဖြစ်ကုန်ပြီလဲ။ ကျွန်တော် အလိုက်သင့် အဆင်ပြေအောင်ပြောဖို့ ကြံရွယ်လိုက်စဉ်မှာပဲ.. ဒီကောင်က ကျွန်တော့်ခန္ဓာကိုယ်ထဲကို အတင်းပူးကပ်ဝင်လိုက်သည်။ အံဝင်ခွင်ကျ ဖြစ်သွားမှ… `ခင်ဗျား ကျုပ်ကို ဘာတွေလာပြောနေတာလဲ။ စိတ်ရှုပ်နေရတဲ့ အထဲ။ ကိုယ့်ဘာသာကိုယ် မနေဘူး။ တော်တော်ရှုပ်ရှုပ်ယှက်ယှက်ဟာတွေ´
`နေမင်း.. နင် ဘယ်လိုပြောလိုက်တာလဲ´
`မသိဘူးဗျာ.. ခင်ဗျား ခုထွက်သွားဆို ထွက်သွား။ မသွားရင် ကျုပ် နီးရာနဲ့ ကောက်ထုမှာ´
`ဟင်… နင် မိုက်ရိုင်းလှချည်လား။ ငါ့ကိုများ ခင်ဗျားတွေကျုပ်တွေ ထွက်သွားတွေနဲ့။ ဒါမျိုးနင်ဘယ်တုန်းက ပြောဖူးလို့လဲ။ ငါတို့မှာတော့ မိဘမရှိတဲ့ တစ်ကောင်ကြွက်လေးမို့ နေရာတကာ ၀ိုင်းကြည့်နေရတာ။ ခုတော့ မိုက်ရိုင်းလိုက်တာ။ စရိုက်မှန်ဆိုတာ ဒါပဲ။ တော်ပြီ တော်ပြီ။ အကြောင်းသိတော့လည်း ပစ်ထားရုံပဲ ရှိတယ်´
အကြီးအကျယ်ဒေါသဖြစ်ကာ ထွက်သွား၏။ သူကလည်း ကျွန်တော့်ကိုယ်က ခွာထွက်လာ၏။
`မင်း..မင်း ဘယ်လိုလုပ်လိုက်တာလဲ´
`မြင်တဲ့အတိုင်းပဲ။ ဒီလိုကိစ္စက ဒီလိုရှင်းထုတ်ပစ်မှ ရတာ။ မှတ်ထား။ လောကမှာ ပျော့ညံ့ညံ့လုပ်နေသမျှ ဘယ်တော့မှအသုံးမကျဘူးဆိုတာ´ သူက ကျွန်တော့်ရင်ဘတ်အင်္ကျီစကို ခပ်ကြမ်းကြမ်း ဆွဲဆုတ် ဖျစ်ညှစ်လိုက်ပြီး.. `ပြောစမ်း.. ငါက မင်းအတွက် ဘာလဲ´ `……………….´
`ပြောလေကွာ ပါးစပ်မပါဘူးလား´ `………………….´
`တောက် နာချင်ပြန်ပြီ´ `လူ..လူ..လူယုံ´ ၀ုန်းခနဲ ကျွန်တော့်ကို ဆောင့်တွန်းလိုက်၏။ ထို့နောက် ကြောက်စရာကောင်းသောမျက်နှာနှင့် ထွက်ခွာသွားပါတော့၏။ ကျွန်တော် စိတ်ညစ်ရသည်မှာ ပြောဖွယ်မရှိတော့။ ကျွန်တော့်အပေါ် အနိုင်ကျင့်ဗိုလ်ကျကာ ထင်တိုင်းကျဲတော့မည်သာ။ အလိုမတူပါဘဲ၊ ဆန္ဒမရှိပါဘဲ ဆုံခဲ့ရသည့်ကောင်။ သည်အတိုင်းသာဆိုလျှင် ကျွန်တော့်ရှေ့ရေးအတွက် ရင်လေးစရာပင်။

§ § §

အမေမရှိတော့သည့်နောက် လက်ကျန်ပစ္စည်းလေးများ ထုခွဲရောင်းချကာ ကျွန်တော် စာအုပ်ဆိုင်လေးတစ်ဆိုင် ဖွင့်ဖြစ်ပါသည်။ ၀ါသနာ၊ လွတ်လပ်မှုနှင့် တခြားရွေးစရာလမ်း မမြင်မှုတို့ကြောင့်လည်း ပါဝင်ပါသည်။ ယခုနောက်ပိုင်း သူ ကျွန်တော့်ထံ အလာစိတ်လာခဲ့သည်။ ပုံမှန်တော့ မဟုတ်။ စိတ်ကူးတည့်လျှင် တည့်သလို ရောက်လာ၏။ များသောအားဖြင့် ကျွန်တော် တစ်ယောက်တည်း ရှိစဉ် အချိန်များတွင်…
`ဘာလဲ.. ပညာရေးမှာ မအောင်မြင်လို့ ထမင်းမ၀တဲ့အလုပ်တွေ လုပ်နေပြီလား´ အားလပ်ချိန်များတွင် စာတိုပေစလေးများကို ကုန်းကုန်းရေးနေတတ်သော ကျွန်တော့်ကို ခနဲ့လိုက်ခြင်းပင်။ `ထမင်းမ၀ပေမယ့် စိတ်ခွန်အား ၀တယ်ကွ´ အသွေးအသားထဲမှ ဖြစ်ထွန်းလာသော စာရေးခြင်း သန္ဓေတည်စိတ်ကိုပင် သူက ကျူးကျူးကျော်ကျော် စော်ကားလာနေပါပြီကော။
`မှန်းစမ်း.. ဘာတွေရေးနေတာလဲ´ ခွင့်မတောင်းဘဲ ကျွန်တော်ရေးထားသော ကဗျာ၊ ၀တ္ထုများကို ဆိုးခနဲဆတ်ခနဲ ယူဖတ်ခြင်းကိုတော့ ကျွန်တော် နည်းနည်းမျှ မနှစ်မြို့နိုင်ပါ။ သို့သော် ထော်လော်ကန့်လန့် ပြန်လုပ်ဖို့တော့ မ၀ံ့မရဲ။ `မြန်မာစာကို မြန်မာလိုဖတ်တာတောင် အဓိပ္ပာယ်ပေါ်အောင် မရေးနိုင်တဲ့ကောင်။ ဘာတွေမှန်းလည်း မသိဘူး´
`မင်းရဲ့ ဦးနှောက်မျက်နှာပြင် ပြောင်ချောနေလို့ နေမှာပါကွာ´ `ဘာကွ´
နောက်ပိုင်း ကျွန်တော်သတိပြုမိလာသည့် အချက်တစ်ခုမှာ ကျွန်တော်နှင့်ပတ်သက်သမျှ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို ပြောင်ပြောင်တင်းတင်း ၀င်ရောက်စွက်ဖက်လာခြင်းပင်။ အားနာစိတ်ကို အခြေခံသော ကျွန်တော့်အပြုအမူများကို သူ ပယ်ပယ်နယ်နယ် ဝေဖန်တိုက်ခိုက်တတ်သည်။
`တဆိတ်ရှိ ပါးစပ်က ရပါတယ်၊ ရပါတယ် စကားကို အတော်အလွယ်သုံးတဲ့ကောင်။ ဒါ ခေတ်ပေါ်စကားလုံးလား၊ ဖက်ရှင်ဝေါဟာရလား၊ ယဉ်ကျေးမှု သင်္ကေတလား၊ ညှာတာထောက်ထားမှု နိမိတ်ပုံလား။ ဘာမှန်းကို မသိဘူး။  နဂိုကတည်းက မဖြစ်နိုင်တာကို သိရက်နဲ့ ရပါတယ်ပြောပြီး နောက်ကွယ်မှာ မရလို့ စိတ်ဒုက္ခခံနေရတာ ဘာသဘောလဲ။ ဗြောင်ငြင်းလိုက်ပါလား´
`မကောင်းတတ်လို့ပေါ့ကွာ´
`ဘာမှ မကောင်းစရာမရှိဘူး။ ဒါ မုသာဝါဒကို ပုံစံတစ်မျိုးနဲ့ ချိုးဖောက်တာပဲ။ အားနာတယ်ဆိုတာ စာနာတတ်ရာက ဖြစ်လာတာ။ စာနာတတ်တာနဲ့ သူများကို ခဏလေး စိတ်ချမ်းသာအောင်လိမ်တာ တူကိုမတူဘူး။ ပြီးတော့မှ နောက်ကွယ်မှာ အတင်းပြောတော့မယ်။ မသိတတ်တာတို့၊ နားမလည်တာတို့၊ အလိုက်ကန်းဆိုးမသိတာတို့၊ ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းကြီးလိုလို၊ တော်တော်ဇယားရှုပ်တဲ့ ကောင်တွေ´
အမှန်ဆိုလျှင် သူပြောသည်များကို ကျွန်တော် လုံးဝ ပယ်ချခြင်းမျိုးတော့ မဟုတ်ပါ။ တချို့မှာ ရင့်သီးလွန်းသည်ဟု ထင်ရသော်လည်း ကျွန်တော့်အားနည်းချက်ကို အထောက်အကူပြုစေသည်ဟု မြင်မိသည်။ သူရောက်လာတိုင်း အငြင်းပွားရမှုမျိုး ရှိသလို အဆင်ပြေ ချောမွေ့မှုများနှင့်လည်း ကြုံခဲ့ရဖူးပါသည်။ အထူးသဖြင့် အနုပညာအကြောင်း ဆွေးနွေးဖြစ်သည့်အခါမျိုးတွင် နကန်းတစ်လုံးမှ နားမလည်ဘူးဟု ထင်မိခဲ့သော သူမှာ ကျွန်တော့်ထက်ပင် ဗဟုသုတ ကြွယ်ဝနေပါသေး၏။ စာလုံးပေါင်း အလွန်မှားတတ်သည့် ပြဇာတ်ဝိဇ္ဇာ ဘားနတ်ရှောအကြောင်း၊ ကျောင်းထုတ်ခံရသည့် အိုင်းစတိုင်းအကြောင်း၊ အတန်းထဲမှာ အညံ့ဆုံးဟု သတ်မှတ်ခံရသည့် အယ်ဒီဆင်အကြောင်း။ ပြီးတော့ ဘီသိုဘင်၊ ရှူးမန်း၊ ဘူဆိုနီ၊ မိုးဇက်တို့အကြောင်း။
`အရစ္စတိုတယ်က ပြောဖူးတယ်။ လူသားတွေဟာ အသိဉာဏ်ရှိတဲ့ တိရိစ္ဆာန်တွေပဲတဲ့။ လူသားတွေဆီက အသိဉာဏ်ကို နှုတ်ယူလိုက်ရင် တိရိစ္ဆာန်အစစ်နဲ့ ဘာထူးမှာလဲတဲ့´
`အိုင်းရစ် စာရေးဆရာ အော်စကာဝိုင်းကတော့ ပြောတာပဲ။ လူတွေဟာ ဖြားယောင်းသွေးဆောင်မှုကို တွန်းလှန်ဖို့ ခက်ခဲကြတယ်တဲ့´
`ပေါ်လီယာနာကတော့ ဘာပဲဖြစ်နေဖြစ်နေ အကောင်းဘက်က လှည့်ပြီးမြင်တယ်။ ရှိတ်စပီးယားကျတော့ လောကကြီးကို အဆိုးမြင်တယ်။ အဆိုးအမြင်ရော အကောင်းအမြင်ပါ မထောက်ခံပါဘူး။ အဆိုးမြင်တာဟာ လောကကို ဆုတ်နစ်တဲ့အမြင်နဲ့ မြင်တာ။ အကောင်းမြင်တာဟာ တက်ကြွတဲ့ဒေါသနဲ့ မြင်တာ။ နှစ်ခုစလုံးဟာ အကြောက်တရားကို အခြေခံတယ်။ သူ့နည်းနဲ့သူ ရှောင်တိမ်းထွက်ပြေးတာပဲ။ ပကတိ အခြေအနေမှန်ကို လက်ခံရင်ဆိုင် ခွဲခြမ်းသုံးသပ် မဖြေရှင်းကြဘူး´
ထိုအရာများမှာ သူ့အမြင်၊ သူ့အတွေး၊ သူဖတ်ဖူးသမျှတွေပင်။ စိတ်လိုလက်ရ အခါမျိုးတွင် ထိုသို့ တတွတ်တွတ်ပြောနေတတ်၏။ အဆင်ပြေပါသည်။ စိတ်ကောင်းဝင်နေချိန်မို့လည်း ဖြစ်နိုင်ပါသည်။ သို့တစေ.. နိုင်လိုမင်းထက် ဆန်မှု၊ အမိန့်ပေးတတ်မှု၊ ငါ့စကားနွားရ ပြောဆိုတတ်မှုတွေကတော့ ဘယ်တော့မှ ပြင်၍ ဖျောက်၍ မရနိုင်ကြောင်း ကျွန်တော် နားလည်လိုက်ပါသည်။

§ § §

စာအုပ်ငှားသူများထဲမှ ခပ်ချောချော ကောင်မလေးတစ်ယောက်အား ကျွန်တော် စွဲမက်နေကြောင်း သူ သိသွားသောအခါ အနည်းငယ် အံ့သြသွားပုံ ရပါသည်။ `ဟေ.. မင်းက စာအုပ်တင်ငှားတာ မဟုတ်ဘူး။ အချစ်တွေပါ ထည့်ထည့်ငှားတာကိုးကွ´
သူပြောလည်း မတတ်နိုင်။ ချစ်ပြီးမှတော့ ဘွာတေးလည်း မခတ်ချင်၊ နောင်တလည်း မရချင်တော့။
`ဘာကြောင့် ချစ်သွားရတာလဲ´
`သူပေးလာတဲ့ နွေးထွေးတဲ့ မေတ္တာဓာတ်တွေကြောင့်´
`အဆင့်မြင့်လှချည်လား´ `ဒါတောင် လျှော့ပြောထားတာ´
`လက်ရှိ အခြေအနေက´
`လာမယ့် တနင်္ဂနွေနေ့မှာ သူတို့ရပ်ကွက်က ကောင်လေးတစ်ယောက်နဲ့ မင်္ဂလာဆောင်တော့မယ်´
`ဟေ´ ချစ်ပြီးရင် ချစ်မ၀နိုင်၊ ထပ်ပြန်တလဲလဲ ချစ်ပြနေနေတတ်သည့် အချစ်ဝတ္ထုများအား ကျွန်တော့်ဆိုင် နေ့တိုင်း လာငှားနေကျ ကောင်မလေး။ နှုတ်ခမ်းဖျားမှ ပြုတ်ကျလာသော ဆည်းလည်းသံလေးများ၊ ပွင့်လင်းလွတ်လပ်မှုများ၊ ၀တ္ထုသစ်များ ချန်မထားလျှင် ချိုကြည်စွာ စိတ်ကောက်တတ်သော မျက်စောင်းလေးများ၊ အစားအသောက် ပုံမှန်မဟုတ်သော ကျွန်တော့်အတွက် တစ်ခုမဟုတ်တစ်ခု ၀ယ်လာတတ်သော နှောင်ဖွဲ့မှု သံယောဇဉ်များ၊ ကျွန်တော်ရေးသော ကဗျာလေးများကို မက်မက်စွဲစွဲ ဖတ်ပေးနေမှုများ၊ ထိုအရာများက ကျွန်တော့်နှလုံးသားကို `တစ်သက် တစ်ချစ်´ အမိန့်ချမှတ်လိုက်သည့်သဘော ဆောင်ပါသည်။
တစ်နေ့ ကျွန်တော့်အစိုင်အခဲများကို ကောင်မလေးအား ဖောက်ခွဲပြလိုက်၏။ မျှော်လင့်ထားသလိုပင် အခက်အခဲ မရှိခဲ့ပါ။ ယုံကြည်မှုများ အတည်ပြုပြီးသည့်နောက် ကျွန်တော်တို့နှစ်ယောက် ချစ်သူများ ဖြစ်သွားကြလေသည်။ တကယ့်ကိုပင် ရွှေရောင်နေ့ကလေးများ  ဖြစ်ခဲ့ပါသည်။
ချိုမြိန်သော အချစ်၏သစ်သီးများကို ကျွန်တော်တို့ တရှိုက်မက်မက် စားသုံးခဲ့ကြသည်။ ကောင်းကင်ကို ပက်လက်လှန်ရင်း နှင်းဆီပွင့်တွေကို ရှာဖွေခဲ့ကြသည်။ အပျော်တွေကို ပုံတူမျိုးပွား `ကလုံး´ တွေ လုပ်ပစ်လိုက်သည်။ အိပ်မက်တွေကို ဟိမ၀န္တာတောင်ထိပ်သို့ ပို့လွှတ်လိုက်၏။ တိမ်တွေကို ခြစ်ခြစ်မပစ်ရဟူသော ၀န်ခံချက်နှင့်အတူ။
သိပ်မကြာ … နောက်ပိုင်းတွင် ကောင်မလေး ကျွန်တော့်ဆိုင် ရောက်မလာတော့။

ရိုးအီနေသော ပုံသေနည်း အဟောင်းအမြင်းများအတိုင်း အိမ်ကသိသွားကာ လွတ်လပ်မှုများကို ပြန်လည်သိမ်းယူလိုက်ခြင်းပင်။
`ကောင်မလေးက ခိုးခိုင်းတာ။ မင်းက ဘာလို့ သွားမခိုးတာလဲ´
`လစဉ်ထုတ်မဂ္ဂဇင်းတွေကိုတာင် ပုံမှန်မ၀ယ်နိုင်တဲ့ ကောင်ကိုများကွာ´
`ခုဟာက… ၀ယ်ရမှာမဟုတ်ဘူး။ တစ်ဆိုင်လုံးအပြုတ် ရောင်းလိုက်ရမှာ´
`မဟုတ်တာ… ဘာနဲ့ သွားစားမလဲ´
`အချစ်နဲ့ စားပေါ့´
`မဖြစ်နိုင်ဘူး´
`အခုတော့ သူများလက်ထဲ ပါသွားပြီမို့လား´

စိတ်ညစ်ညစ်နှင့် အလွမ်းတွေကို ပန်းတွေလို သီပစ်လိုက်သည်။ မျက်ရည်အိုင်ထဲ မျှောချကြည့်သည်။ ဖြစ်နိုင်လျှင် တယောတစ်လက်ဖြင့် အော်တာနေးတစ် တေးသွားတစ်ပုဒ်ကို ညည်းတွားလိုက်ချင်ပါ၏။ မည်သို့ဆိုစေ မချိမဆန့် ခံလိုက်ရသော ဝေဒနာတစ်မျိုးဟူ၍တော့ အဓိပ္ပါယ်ကောင်းကောင်း ဖွင့်ဆိုနိုင်ခဲ့ပါသည်။

§ § §

မင်္ဂလာရက်မတိုင်မီ တစ်ရက်အလို…။ ကျွန်တော် စာအုပ်ဆိုင်ကိုပိတ်ကာ အခန်းအောင်းနေလိုက်၏။ မဆီမဆိုင် ရင်ကွဲနာဆိုတာ ဘယ်လိုကျတာလဲဟု တွေးနေတာလည်း ပါသည်။ ညနေခင်းက အလျော်အစား အလုပ်မဖြစ်သော ကစားသမားမျက်နှာလို ညစ်ပုပ်ပုပ်။
ထိုအခိုက် သူ ရောက်လာသည်။ လက်ထဲတွင် အရက်ဖြူ တစ်ပုလင်းနှင့် အမြည်းတစ်ထုပ် ကိုင်လျက်…
`ဘာလုပ်မလို့လဲ´ `ပွဲကြမ်းရမယ်လေ´
`ဘာပြဿနာ ရှာဦးမလို့လဲ´ `အသုံးမကျတဲ့ အချစ်အကြောင်းတွေ ပြောရင်း သောက်ကြမယ်လေ´
သူက ကျွန်တော့်ကို အရက်အတင်းတိုက်သည်။ နှစ်ခါသုံးခါလောက်တော့ ငြင်းလိုက်သေးသည်။ မအောင်မြင်ပါ။ ခေတ်မီစေချင်၍ဟု ဆို၏။ များများမစဉ်းစား၊ များများရေမရောဘဲ မော့ချလိုက်၏။
`ဒီအချိန်မှာ လိုအပ်နေတာ.. ဒါပဲ´
ဘာကြောင့်မှန်းမသိ အချိန်တိုတို အတွင်းမှာပင် သူနှင့်ကျွန်တော် ပေါင်းစည်းသွားကြ၏။
`အဲဒါပြောတာပေါ့။ အရေးကြုံရင် မင်းအနားမှာ ယုံကြည်စိတ်ချစရာဆိုလို့ ငါတစ်ယောက်တည်းရှိပါတယ် ဆိုတာ´
လေချိုလေးသွေးလိုက်၊ ကျွန်တော့်ကို သနားကြောင်း မြှောက်ထိုးပင့်ကော်ပြောလိုက်၊ ပါးစပ်ထဲ အမြည်းတွေ ခွံ့လိုက်၊ သတ္တိတွေအကြောင်း ပြောလိုက်၊ ရွှတ်နောက်နောက်တွေ ဆိုလိုက်။ သည်လိုနှင့် တစ်စတစ်စ အရှိန်တွေ ရလာသည်။ အပေးအယူတွေ မျှလာသည်။ ကျွန်တော်က ကောင်မလေးကို ဘယ်လောက်ချစ်၍ ကြေကွဲရကြောင်း ကဗျာတွေ ထပ်ကာထပ်ကာ ရွတ်သည်။ သူကလည်း အားကျမခံ ကျွန်တော့်ထက် အပျံစားကဗျာများကို ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ပြသည့်အခါ လေးစားသွားရ၏။ ဘယ်လောက် အဓိပ္ပာယ်ရှိလိုက်တဲ့ ညပါလဲ။
`ကိုင်း.. အချိန်မရှိတော့ဘူး။ သွားကြရအောင်´ `ဘယ်လဲ´
`မင်္ဂလာဆောင်အိမ်လေ´ `ဟာ´
ကျွန်တော် လန့်သွားသည်။ ဘာသွားလုပ်မှာလဲ။ ပြီးပြီးသားကိစ္စ ပြီးစေတော့ပေါ့။ ကွဲပြီးသားအသည်း ကွဲစေတော့ပေါ့။
`ငတုံး.. မင်းဒီလောက်တောင် သတ္တိနည်းရသလား။ ခုချိန်မှာ သူ့အိမ်ရှေ့သွားပြီး မင်းတို့နှစ်ယောက် ဘယ်လောက်ချစ်ခဲ့တယ်ဆိုတဲ့အကြောင်း ဟို သတို့သားသိအောင် ပြရမှာကွ´
`မလုပ်ပါနဲ့ကွာ.. ပွဲပျက်ရုံရှိမှာပေါ့´
`ဒီမယ်.. ဖျက်ချင်လို့ကို တမင်လုပ်တာ´
သူက ကျွန်တော့် ကုပ်ပိုးအင်္ကျီစကို ဆွဲကိုင်မြှောက်လိုက်သည်။ အကြမ်းဖက်လေပြီ။ ကျွန်တော့်မှာ ယိုင်တိယိုင်ထိုးဖြင့် ပါသွားရ၏။ မီးရထားသံလမ်းဘေးတွင်ရှိသော မင်္ဂလာဆောင်အိမ်မှ သီချင်းသံတွေ ကြားနေရသည်။ ရောင်စုံမီးတွေက လင်းလင်းလက်လက်။ လူတချို့က မဏ္ဍပ်အတွင်း အလုပ်ရှုပ်နေကြ၏။
`ငါ ပြန်မယ်ကွာ´ `ဟေ့ကောင်´
ကျွန်တော် တကယ်ပြန်တော့မည်မှန်းသိ၍ သူ စိတ်မရှည်နိုင်တော့ပါ။ ကျွန်တော့် ခန္ဓာကိုယ်ထဲ လျှပ်တစ်ပြက် ၀င်ပူးလိုက်သည်။ ကျွန်တော် ဘာမှ မသိတော့။ သတိလစ်ထွက်သွားသလို ခံစားလိုက်ရသည်။

သတိပြန်ရလာသော အချိန်တွင် နားထဲမှ ဆူဆူညံညံအသံတွေ ကြားနေရသည်။ ရပ်ကွက်ထဲမှ ကျွန်တော်နှင့်ခင်သော ကိုကျော်ညွန့်ဆိုသူက ကျွန်တော့်ကို တွဲလျက်…။ လူအုပ်ကြားထဲမှ ဆွဲထုတ်လာရင်း..
`ဟေ့ကောင်နေမင်း.. သတိထားစမ်း။ ဘာကြောင်နေတာလဲ´
ကျွန်တော့်တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပါလား။ ခေါင်းမှာလည်း ဒဏ်ရာနဲ့။ မျက်နှာပြင်တစ်ခုလုံးလည်း ကျိန်းစပ်လို့။ လူတွေ၏ မျက်နှာကလည်း ကြောက်ခမန်းလိလိ။
`နောက်တစ်ခါ ဒီလိုအချိုးမျိုးချိုးရင် ရဲလက်အပ်လိုက်မှာ။ ဘာမှတ်နေလဲ´
အတော်လေး ဗရုတ်သုက္ခနိုင်သည်ကိုတော့ တွက်ဆလို့ ရပါသည်။
`နေမင်းရာ.. မင်းလုပ်ရပ်တွေ သိပ်မှားတယ်နော်။ ရပ်ကွက်လူကြီးတွေ ကောင်းလို့။ နို့မို့ အချုပ်ထဲ တန်းရောက်ပြီ´
`ကျွန်တော် ဘာလုပ်မိလို့လဲ အစ်ကို´
`မင်း မမှတ်မိတော့ဘူးလား။ ကောင်မလေး မိဘနဲ့ သတို့သားကို ချဲလင့်သွားခေါ်တာလေ´
`ဟုတ်ရဲ့လားဗျာ´
`ကြည့်.. ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာတောင် ကိုယ်မသိတဲ့ကောင်။ ခုဆို ကောင်မလေးက မင်းအပေါ် သနားစိတ်တောင် ထားနိုင်တော့မှာ မဟုတ်ဘူး´
`ဟူး´ ကျွန်တော် တော်တော် စိတ်ဓာတ်ကျသွားပါပြီ။ ကိုကျော်ညွန့်က လမ်းတစ်ဝက်အထိ လိုက်ပို့ပေးသည်။
`အိမ်ကို ဖြောင့်ဖြောင့်တန်းတန်း ပြန်နော်´
ကျွန်တော် သံလမ်းအတိုင်း တဖြည်းဖြည်း လျှောက်လာခဲ့ပြီး တစ်ကိုယ်လုံး ချည့်နဲ့လာ၍ ဇလီဖားတုံးပေါ် ထိုင်ချလိုက်သည်။
`ဘယ်လိုလဲ။ တော်တော် မောသွားပြန်ပြီလား´
သူ ပြန်ရောက်လာပြန်သည်။ သူ့အား အပြစ်တင်ပြန်ရင်လည်း စကားကြီးစကားကျယ်များဖြင့် အကာအကွယ်ယူ ပြောနေဦးမှာမှန်းသိ၍ လေကုန်မခံချင်တော့။
`နောက်ထပ်တစ်ပိုင်းသွားဆွဲလာတာ။ ဒီအချိန်မှာ ပြန်တင်ထားဖို့ လိုတယ်´
`ငါ … အိပ်ချင်ပြီကွာ´
`ဟေ့ကောင် ဘာအိပ်ချင်တာလဲ။ မရဘူး။ ၀ိုင်းဆက်ရဦးမှာ´ `စိတ်ပိန်လိုက်တာ´
`ဟေ့..ဒီမယ်။ ထွေရာလေးပါးတွေ ဘာမှ မပြောနေနဲ့တော့။ ချမယ့်ဟာ ဆက်ချ။ မင်းနဲ့ငါဟာ သူစိမ်းတွေ မဟုတ်ဘူး။ သွေးသောက်တွေဆိုတာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဘယ်တော့မှ ဗွေမယူရဘူး´

ကျွန်တော်တို့ ဆက်သောက်ဖြစ်ကြပြန်သည်။ နာကျင်မှုဝေဒနာ သက်သာလိုသက်သာငြား။ သောက်ရင်း ငိုက်မြည်းလာ၍ သံလမ်းပေါ်တွင် ခေါင်းမှီ လှဲလိုက်သည်။
`ရထားရှိသေးလား´
`မနက် လေးနာရီလောက်မှ အစောဆုံးဖြတ်မှာ။ ဒီညအတွက်တော့ ကုန်ပြီ´
ကျွန်တော် ကောင်းကင်ကြီးကို အားရပါးရ မော့ကြည့်ဖြစ်သည်။ သည်လောက်လှပသော ညမျိုး ကျွန်တော်တစ်သက်တွင် မမြင်ဖူးခဲ့။
`မင်းနဲ့ငါ ခင်လာတာကြာပြီ။ မင်းနာမည် ပြောပြဦး´
`လူယုံလေ´ `မနောက်နဲ့လေကွာ´
`ငါ့နာမည်သိတော့ရော မင်းအတွက် ဘာအကျိုးထူးလာမှာလဲ။ အပိုတွေ လုပ်မနေစမ်းပါနဲ့။ တစ်ယောက်ကိုတစ်ယောက် နားလည်နေရင် တော်ပြီပေါ့´
စောစောကကိစ္စ ခေါင်းထဲ ပြန်ပေါ်လာသည်မို့ မကျေမနပ်စိတ်က တွန်းကန်ထိုးထွက်လာ၏။
`မင်းကိုငါ အသိအမှတ်မပြုဘူး။ မင်းဟာ အဖျက်ကောင်။ မကောင်းဆိုးဝါး အကုသိုလ် မှင်စာ´
`ဒါပေမဲ့ မလွန်ဆန်နိုင်ဘူး မဟုတ်လား.. ဟား..ဟား..´
`ဒီကိစ္စ မနက်ရောက်မှ မင်းနဲ့ငါ ရှင်းမယ်။ ခုတော့ ခေါင်းမထူချင်သေးဘူး။ ခဏလေး မှေးလိုက်ဦးမယ်။ ရထားလာခါနီးရင် သတိပေး´
`မင်း ငါ့ကို ယုံတယ်မဟုတ်လား။ ယုံရင် မင်းအနားမှာ စောင့်ပေးမယ်´
အိပ်ခါနီး စကားများနေပြန်သေးသဖြင့် စိတ်မရှည် ဖြစ်ရသေးသည်။
`ယုံတယ်ကွာ၊ ယုံတယ်။ ကဲ.. ကျေနပ်ပြီလား´

အလိုမတူဘဲ၊ ဆန္ဒမရှိဘဲနှင့် အလိုက်ကန်းဆိုးမသိစွာ အတင်းဇွတ်တရွတ် မိတ်လာဖွဲ့သော အညံ့စားလူတစ်ယောက်ကို လက်ညှိုးထိုးပြပါဆိုလျှင် သူ့ကိုရွေးချယ်ဖို့ ကျွန်တော် ၀န်လေးမည်မဟုတ်ပါ။ သို့တိုင်အောင် သူကတော့ ကျွန်တော့်လုပ်ရပ်အတွက် တစ်စက်ကလေးမှ ဂရုစိုက်မည့်သူမဟုတ်သလို သိမ်ငယ်စွာ ကြေကွဲပြနေမည့် ကောင်စားမျိုးလည်း မဟုတ်။ ကျွန်တော့်ဘ၀တွင် သူ့ကြောင့် အမှားအများကြီး ကြုံတွေ့ခဲ့ရသလို  ပျော့ညံ့မှုအတွက်လည်း ခွန်အားများဖြစ်စေခဲ့ပါသည်။ သို့သော် အချိုးအစားအားဖြင့်တော့ မညီမျှ။ ယခုလို ညမျိုးဆိုလျှင် သူ့ကြောင့် သိက္ခာ တော်တော်ကျဆင်းခဲ့ရပြီ။ ဘယ်လောက်ထိ သူနှင့် လက်တွဲနေရဦးမှာလဲ။ ဘယ်လောက်ထိ အမှားတွေ ကြုံတွေ့နေရဦးမှာလဲ။ သူကရော ဘယ်သူလဲ။ ဘာကြောင့် ကျွန်တော့်အနား ရောက်လာခဲ့ရသလဲ။ ဆက်မတွေးချင်တော့။

သူ ညောင်းလာ၍လား မပြောတတ်။ ကျွန်တော်နှင့် အနီးကပ်ဆုံးနေရာတွင် ယှဉ်တွဲလှဲချလိုက်၏။ ထိုစဉ်အခိုက် ဖေါ်ပြရန်မလွယ်ကူသော အနံ့အသက်တစ်မျိုးကို သူ့ထံမှ ကျွန်တော် ရှူရှိုက်လိုက်ရသည်။ သူက လေသံခပ်တိုးတိုးဖြင့်…
`ငါ ဘာကောင်လဲဆိုတာ အနံ့အသက်နဲ့တင် သိသာပါတယ်ကွာ´

§ § §

နောက်တစ်နေ့မနက် မိုးစင်စင် လင်းသွားသည့်တိုင် ကျွန်တော် အိပ်စက်ခြင်းမှ နိုးထရန် ကြိုးစားကြည့်သော်လည်း အောင်မြင်မှု မရခဲ့ပါ။ နားထဲတွင်တော့ မီးရထား ခုတ်မောင်းနင်းဖြတ်သံတွေ ဆူညံပွက်လောရိုက်စွာ ကြားနေရဆဲ။ ထို့အတူ ကျွန်တော့်အား မကြာခဏဆိုသလို အနှောင့်အယှက်ပေးနေကျ လူယုံဆိုသော ကောင်မှာလည်း စိတ်ကောင်းဝင်နေ၍လား မပြောတတ်။ ထူးဆန်းစွာ ပျောက်ဆုံးနေပါသည်။

ဒေါင်းနေမင်း
မတ်လ ၂၀၀၅၊ မဟေသီမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment