Skip to main content

စပင်နိုဇာ (သို့) ရထားလမ်းအတိုင်း လျှောက်လှမ်းခဲ့သူ

(၁၆၃၂-၁၆၇၇)

`ဆင်ခြင်တုံတရား၏ အလုံးစုံ ကွပ်ကဲမှုအောက်၌ လွတ်လပ်သော ခွင့်ပြုချက်နှင့် နေထိုင်သော လူသည်သာ လွတ်လပ်သူ ဖြစ်ပြီး ကိုယ်ပိုင် လွတ်လပ်မှုအား ရယူပိုင်ဆိုင်နိုင်ပေလိမ့်မည်´ ဟု ဒတ်ခ်ျ ဒဿနပညာရှင် စပင်နိုဇာက ကြွေးကျော်ခဲ့သည်။ [1] စပင်နိုဇာသည် အကြီးကျယ်ဆုံး ခေတ်သစ်ဒဿနပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး သူ၏ ဒဿနကြောင့်သာမဟုတ်ဘဲ၊ သူ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စရိုက်၏ စင်ကြယ်မှုကြောင့်လည်း သူ့အား အမှတ်ရကြ၏။ သူ့အား `ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ခဲ့သော ဘုရားအား မယုံကြည်ဆုံး `ဘုရားမဲ့ဝါဒီ´ (Atheist) တစ်ဦး´ [2] အဖြစ် ညွှန်းဆိုပြီး၊ သူ့ ခေတ်ကာလက ခေတ်သစ် စာသင်သားများအနေဖြင့် သူ၏ ကြီးကျယ်သော ဉာဏ်ပညာအား လေးစားအားကျခြင်း၊ ချစ်ခင်ခြင်းများ မပြုဘဲ မနေနိုင်ကြဟု ဆို၏။ `ရပ်ဆဲ´ (Russell) က `ဒဿနပညာရှင်ကြီးများထဲတွင် အမြင့်မြတ်ဆုံးနှင့် ချစ်ခင်ဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်´ [3] ဟု ခေါ်ဆိုသည်။ ခေတ်သစ် ဒဿနပညာရှင် အများစုကလည်း စပင်နိုဇာ၏ အကျင့်စရိုက်အပေါ် အကောင်းမြင်အယူအဆများ အလားတူ ထားရှိကြပါသည်။


စပင်နိုဇာသည် ပေါ်တူဂီနိုင်ငံမှ အမ်စတာဒမ် (Amsterdam) [နယ်သာလန်နိုင်ငံ၏ မြို့တော်] မြို့တော်သို့ အာဏာပိုင်များ၏ အဓမ္မစစ်ဆေးမေးမြန်းမှုများမှ လွတ်မြောက်ရန် တိမ်းရှောင်လာခဲ့သည့် ဂျူးလူမျိုးများမှ တစ်ဦးဖြစ်သည်။ ဂျူးယဉ်ကျေးမှုနှင့် ဘာသာရေးစနစ်အတိုင်း ပညာသင်ယူတတ်မြောက်ခဲ့ပြီး ထူးချွန်သည့် ကျောင်းသားတစ်ဦး ဖြစ်သည်။ သို့ရာတွင် မကြာခင်ပင် ဘာသာရေးပညာ (Theology) ၏ များစွာသော ပြဿနာရပ်များနှင့် ပတ်သက်၍ သံသယများ စတင်ဖြစ်ပွားလာခဲ့ပြီး ဤသည်က သူ့အား ရိုးရာဂျူးဓလေ့ထုံးများမှ သွေဖည်လာမှုကို တိုးပွားစေခဲ့သည်။ ဒဿနိကဗေဒပညာရပ်အား သင်ယူခဲ့ပြီး `ဒေးကား´ (Descartes) ၏ လွှမ်းမိုးမှု အတော်ကြီးမားစွာ ရှိခဲ့သည်။ သူ၏ ထော်လော်ကန့်လန့် (Heretical) အတွေးအခေါ်များ စတင်ပြန့်နှံ့သွားခဲ့ပြီးနောက် ၁၆၅၆ ခုနှစ်တွင် ဂျူးလူမျိုး အသိုင်းအ၀ိုင်း၏ စွန့်ပစ် ဖယ်ကျဉ်ခြင်းကို ခံခဲ့ရသည်။ သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများပင် ရှိခဲ့သည်။ နာကျည်းခြောက်ခြားဖွယ် အထီးကျန်စွန့်ပစ်ခံရမှုအတွင်း ကျရောက်နေသော သူ၏အဖြစ်အား စပင်နိုဇာ သတိပြုမိခဲ့ပြီး ကျန်ရှိသောဘ၀အား သူ၏ အတွေးအခေါ် ဖွံ့ဖြိုးရေးအတွက် မြုပ်နှံကာ အေးချမ်းဆိတ်ငြိမ်စွာ ကုန်လွန်စေခဲ့သည်။ သူ့ဘ၀သက်တမ်းတစ်လျှောက် စာအုပ် အနည်းငယ်ခန့်သာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး သူ၏ အထင်ကရ စာအုပ်တစ်အုပ်ဖြစ်သည့် `ဂျီသြမေတြီနည်းကျ သရုပ်ပြ ကျင့်ဝတ်ပညာ´ (Ethics Geometrically Demonstrated) စာအုပ်အား သူကွယ်လွန်ပြီးနောက်တွင် ပုံနှိပ်ထုတ်ဝေခဲ့၏။

`နိုင်ငံတော်နှင့် ဘာသာရေးဆိုင်ရာ တရားဝင်စာချုပ်´ (Tractatus Theologico – Politicus) တွင် `အဆင့်မြင့် ဝေဖန်ရေး´ (Higher Criticism) ခေါ် သမ္မာကျမ်းစာဆိုင်ရာ ဝေဖန်ရေး၏ နှောင်းပိုင်း အားထုတ်မှုများအတွက် စပင်နိုဇာက အမြောက်အများ ကြိုတင်ဆောင်ရွက်ခဲ့သည်။ သမ္မာကျမ်းစာသုံး ဘာသာစကားသည် ရည်ရွယ်ရင်းရှိရှိ၊ စေတနာပါပါ [ဤတွင် `စေတနာ´ ဟူသော စကားလုံးအား ကောင်းမြတ်သောစိတ်သဘောထားတစ်ခုဟု အနက်ယူမလွဲစေဘဲ စေ့ဆော်တိုက်တွန်းမှု ဟုသာ ယူပါ] ရေးသားထားသော ပုံဆောင်ပြယုဂ် များသာဖြစ်ပြီး `ပရောဖှက်´ [တမန်တော်] ကြီးများသည် ၎င်းတို့၏ အတွေးအခေါ် အယူအဆများအား ယုံတမ်းပုံပြင်ဆန်ဆန် ဖော်ပြထားကာ ပညာမတတ်သော လူထုကြီး နားလည်နိုင်စေရန်နှင့် ၎င်းတို့အား သြဇာလွှမ်းမိုးနိုင်စေရန် ကြိုးစားထားခြင်းသာ ဖြစ်သည်ဟု စပင်နိုဇာက ထောက်ပြခဲ့၏။ ၎င်းတို့၏ အန္တိမ ရည်မှန်းချက်မှာ ဘာသာရေးဆိုင်ရာ အတွေးအခေါ်များအား ယုတ္တိနှင့် ကျိုးကြောင်းနည်းကျ ဖွင့်ဆိုပြရန် မဟုတ်ဘဲ၊ မိမိတို့ကိုယ်တိုင်အား လူထုကြိုက်အဖြစ် ချော့မြှူသွေးဆောင်ရန် ဖော်ထုတ်ထားသည့် ပုံစံသာဖြစ်သည်။ ဤသည်မှာ ဘုရားတန်ခိုး (Miracles) နှင့် သဘာဝလွန် ဖြစ်ရပ်များ ဖောင်းပွနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။ သဘာဝတရား ရပ်ဆိုင်းသွားသည့် အချိန်ကျမှသာ ထာဝရဘုရားသည် အလုပ်လုပ်လိမ့်မည်ဟု လူတို့ယုံကြည်ရန် ရှေးရှုနေ၏။ ၎င်းတို့ (ပရောဖှက်တို့) က ထာဝရဘုရားနှင့် သဘာဝတရားသည် ကွဲပြားသော ဂုဏ်ရည်နှစ်ရပ် ဖြစ်သယောင် လှည့်ဖျားထားပြီး အမှန်တကယ်တွင်မူ အဆိုပါနှစ်ခုသည် ကွဲပြားခြင်းမရှိ။ ကျမ်းစာအတွင်းမှ ဥပမာပြယုဂ်များအား အချက်အလက်အဖြစ် အနက်ပြန်ဆိုခြင်းဖြင့် စပင်နိုဇာက ကျမ်းစာတွင် ဆင်ခြေတို့နှင့် ဆန့်ကျင်ဘက် မပါရှိဘဲ ဘာသာရေးထူထောင်သူ ခေါင်းဆောင်ကြီးများ၏ နက်နဲခိုင်ခံသော ထိုးထွင်းဉာဏ်ကို ဖွင့်လှစ်ပြသည်ဟုလည်း ထောက်ပြခဲ့သည်။

ကျင့်ဝတ်ပညာသည် စစ်မှန်ပြီး အရေးကြီးလှသည်။ အကြောင်းမှာ ဒဿနိကဗေဒအား အလွန်ကွဲပြားသည့် `ဟန်´ (Manner) များဖြင့် တင်ဆက်ခြင်းကြောင့်ပင် ဖြစ်၏။ ထိုထဲမှ တစ်ခုမှာ ဂျီသြမေတြီနည်းဖြစ်သည်။ ဒဿနိကဗေဒပညာရပ်အား သင်္ချာပညာကဲ့သို့ စံပုံစံတစ်ရပ်အဖြစ် ကြည့်မြင်သင့်ကြောင်း ဒေးကားက ဆိုခဲ့သော်လည်း သူကိုယ်တိုင်မူ အဆိုပါကိစ္စအတွက် လောက်လောက်လားလား အားထုတ်ခဲ့ခြင်း မရှိပေ။ ဤကွက်လပ်အား စပင်နိုဇာက ဖြည့်ခဲ့ခြင်းပင် ဖြစ်ပါသည်။ သီအိုရီများ၊ မူလအမှန်တရားများ (Axioms)၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ သုံးစွဲကာ ယူကလစ် (Euclid) ပုံစံအားဖြင့် ဖော်ပြထားသော သူ၏ အတွေးအခေါ်များပင် ဖြစ်သည်။ ဤသည်က သူ့အား ဖတ်ရှုနားလည်ရန် ခက်ခဲခြင်းကို ဖြစ်ပေါ်စေသည်။ မူလအမှန်တရားနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက် အနည်းငယ်ဖြင့် သူက စတင်ခဲ့ပြီး သူ၏ ဒဿနတစ်ရပ်လုံးအား ၎င်းတို့မှ ထုတ်ယူနိဂုံးဆွဲသည်။ သူ၏ အားထုတ်မှုများမှာ ပြောင်မြောက်လှပြီး ကျင့်ဝတ်ပညာအား လေ့လာသူများအနေဖြင့် (စပင်နိုဇာ၏ အားထုတ်မှုများအား) လေးစားချင်စရာ ကောင်းလှပေသည်။ မည်သို့ပင်ဖြစ်စေ ဤသည်က စပင်နိုဇာ၏ `ဆင်ခြင်တုံအဓိက၀ါဒ´ (Rationalism) အား ကိုင်စွဲထားမှုကို ဖော်ပြနေပေသည်။ သူက ယုတ္တိဗေဒသရုပ်ခွဲနှင့် ကိုယ်တိုင်သက်သေပြ `မူလအမှန်တရားများ´ မှ ထုတ်ယူဆင်ခြင်ခြင်းဖြင့် လူသားဘ၀နှင့် စကြ၀ဠာကြီးတစ်ခုလုံးအား နားလည်သဘောပေါက်နိုင်သည်ဟု ယုံကြည်သူ ဖြစ်သည်။ [သင်္ချာပညာရပ်တွင် ပေးချက်များမှ ဆုံးဖြတ်ချက် အဖြေတစ်ခု ရှာဖွေသော နည်းလမ်းဖြင့် ဆင်တူ၏] ဒေးကားသည်လည်း ဤသို့ယုံကြည်သော ဆင်ခြင်တုံအဓိက၀ါဒီတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ `လိုက်ဘနိဇ်´ (Leibniz) ဖြစ်ပါသည်။ ၎င်းတို့သုံးဦးသည် ဒဿနိကဗေဒ၏ ဆင်ခြင်တုံအဓိက ရိုးရာ အမာခံများ ဖြစ်ကြသည်။ သိပ္ပံနည်းကျအမြင်များ ရှေ့ရောက်လာခြင်းနှင့်အတူ ထို ဆင်ခြင်တုံအဓိက၀ါဒမှာ ခေတ်ကုန်ခဲ့ရပြီ ဖြစ်သည်။ စောင့်ကြည့်လေ့လာမှု (Observation) နှင့် စမ်းသပ်မှုများအားဖြင့် စကြ၀ဠာနှင့် ကမ္ဘာကြီး၏ အချက်အလက်များအား ရှာဖွေဖော်ထုတ်နိုင်သည်ဟု တစ်ဘက်သတ်ယုံကြည်နေရန် မဖြစ်နိုင်တော့ပေ။ သီအိုရီနှင့် ဆင်ခြင်တုံတရား သီးသန့်အားဖြင့် ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိပါ။

ကျင့်ဝတ်ပညာတွင် အပိုင်းသုံးပိုင်း ပါဝင်သည်ကို တွေ့ရှိနိုင်သည်။ ပထမအပိုင်းမှာ စပင်နိုဇာ၏ `တက္ကဗေဒ´ (Metaphysics) [*] ၊ ဒုတိယမှာ စိတ်ခံစားမှု သီအိုရီနှင့် တတိယမှာ ကျင့်ဝတ်ပညာ၏ သီအိုရီအား ရှင်းလင်းခြင်းအပိုင်း ဖြစ်ပါသည်။ ဤသည်တို့မှာ စပင်နိုဇာ၏ မူပိုင်အကျဆုံးသော အပိုင်းများဖြစ်သည်ဟု ဆိုနိုင်ကောင်း၏။

စပင်နိုဇာသည် `သဘာဝတရားနှင့် ထာဝရဘုရားသည် တူညီသည်ဟု လက်ခံသော ၀ါဒ´ (Pantheism) [-] နှင့် `ဧက၀ါဒ´ (Monism) [အရှိတရားသည် တစ်ခုတည်းသော အခြေခံ အရာဝတ္ထု၊ သို့မဟုတ် ဒြပ် သာ ပါဝင်သည်ဟု လက်ခံသောဝါဒ။ ဆန့်ကျင်ဘက်အားဖြင့် `ဗဟုဝါဒ´ (Pluralism) ခေါ် အရှိတရားသည် များစွာသော အခြေခံ အရာဝတ္ထု၊ သို့မဟုတ် ဒြပ် များ ပါဝင်သည်ဟု လက်ခံသော ၀ါဒနှင့် ချိန်ထိုးကြည့်နိုင်သည်။ ဥပမာ- ဗုဒ္ဓဘာသာတွင် မြေ၊ ရေ၊ လေ၊ မီး။ ဓာတ်ကြီးလေးပါး။ -ဘာသာပြန်သူ-] ဘက်မှ ရပ်တည်သူတစ်ဦး ဖြစ်ပါသည်။ ဒေးကားမှာမူ `ဒွိဝါဒီ´ (Dualist) တစ်ဦးဖြစ်ပြီး၊ ကမ္ဘာကြီးအား စိတ်နှင့် ရုပ်ဟူသည့် ထူးခြားထင်ရှားသည့် ၀တ္ထုနှစ်ခုဖြင့်သာ ဖွဲ့စည်းထားသည်ဟု ယုံကြည်သူဖြစ်၏။ ဒေးကားအနေဖြင့် ဘုရားသခင်အား ကွဲပြားသည့် သီးသန့် ၀တ္ထုတစ်ခုအဖြစ်၊ စိတ်နှင့်ရုပ်တို့ထက် သာလွန်မြင့်မြတ်သည်ဟု ယုံကြည်သော်လည်း ကမ္ဘာသည် ဘုရားသခင်မှ တသီးတစ်သန့် တည်ရှိနေခြင်းမျိုး မဟုတ်ပေ။ စပင်နိုဆာအဖို့မူ `ဘုရားသခင်´ ဟု သူက ခေါ်ဝေါ်သော ၀တ္ထုတစ်မျိုးတည်း အပေါ်တွင်သာ ယုံကြည်၏။ ကမ္ဘာကြီး၏ နောက်ကွယ်မှ အခြေခံ အရှိတရားသည် တစ်မျိုးတည်းသာရှိပြီး အားလုံးသော တစ်သီးပုဂ္ဂလ၊ သို့မဟုတ် တစ်သီးတစ်ခြား အရာများမှာ ၎င်း၏ ခြားနားသော ပုံစံများသာဖြစ်သည်ဟု စပင်နိုဇာက ယုံကြည်သည်။ ၎င်းတို့အား စပင်နိုဇာက Modes ဟု ခေါ်ဝေါ်သုံးစွဲပြီး ၀တ္ထု၏ ယာယီဖော်ပြချက်တစ်ရပ်ဖြစ်သည်ဟု ဆိုလိုသည်။ သင်၊ သင်၏အိမ်၊ မတူညီသည့် တိရိစ္ဆာန်နှင့် သစ်ပင်များအားလုံး၊ ဤကမ္ဘာဂြိုဟ်ကိုယ်တိုင်သည် Modes သာ ဖြစ်သည်။ `ယာယီအစီအစဉ်´ (Temporal Order) နှင့် `ထာဝရ အစီအစဉ်´ (Eternal Order) ကြားတွင်လည်း အခြား ထူးခြားကွဲပြားမှုတစ်ခု ရှိသေး၏။ ယာယီအစီအစဉ်သည် တစ်သီးပုဂ္ဂလ အရာများနှင့် တစ်သီးတခြား ဖြစ်ရပ်များ ဖြစ်ပြီး၊ ထာဝရ အစီအစဉ်သည် အဆိုပါ အရာများ၊ ဖြစ်ရပ်များအား ချုပ်ကိုင်စီမံနေသော လောက နိယာမများ ဖြစ်သည်။ စပင်နိုဆာအနေဖြင့် သဘာဝအား မျက်နှာစာနှစ်ခုအောက်မှ ရှုမြင်သည်။ Natura Naturata (ဘုရားသခင်၏ ဖန်ဆင်းမှု၊ သို့မဟုတ် အပြုခံ သဘာဝ) ၊ တစ်သီးတစ်ခြား အရာများနှင့် အကျုံးဝင် သဘာဝ ပါဝင်သည့်အရာ နှင့် Natura Naturans (ဖန်တီးနေသော သဘာဝ၊ သို့မဟုတ် လှုပ်ရှားသက်ဝင်နေသည့် သဘာဝ) ၊ သက်ဝင်လှုပ်ရှားနေသော၊ ဖန်တီးနိုင်သည့် သဘာဝ၏ မျက်နှာစာဘက်ပိုင်း ဖြစ်ပြီး ပထမ အကျုံးဝင်အပြုခံသဘာဝအား မြှင့်တင်ပေး၏။ အဆိုပါ ခြားနားသော ထူးခြားကွဲပြားမှုများ အားလုံးမှာ စပင်နိုဇာအနေဖြင့် အနည်းနှင့်အများ တူညီနေသည်သာ ဖြစ်ပါသည်။ ၀တ္ထုနှင့် Modes ၊ ထာဝရအစီအစဉ်နှင့် ယာယီအစီအစဉ်၊ အပြုသဘာဝနှင့် အပြုခံသဘာဝ၊ ဘုရားသခင်နှင့် ကမ္ဘာမြေ စသည်။ အဆိုပါ `ခေါက်ချိုးမျက်နှာစာများ´ (Dichotomy) သည် တူညီသည့်အရာ တစ်ခုတည်းအား ရှင်းပြထားသည့် အဓိပ္ပါယ်တူ စကားလုံးများသာ ဖြစ်ပါသည်။

ထို့ကြောင့် စပင်နိုဇာသည် ဘုရားသခင်အား `လူဇာတ်သွင်းခြင်း သဘော´ (Anthropomorphic concept) အား ငြင်းပယ်ခြင်းသို့ ရှေးရှုခဲ့သည်။ ထိုအချက်အား လက်ခံခြင်း ရှိချင်မှရှိမည့် သူများသော်မှ အများအားဖြင့် ဘုရားသခင်ဟူသည့် စိတ်ကူးထည် တစ်ခုရှိတတ်ကြလေသည်။ ဘုရင်တစ်ပါးကဲ့သို့ သြဇာအာဏာရှင် လူတစ်ယောက်၏ ပုံရိပ်ယောင်တစ်ခုအား စိတ်ထဲတွင် သိမြင်နေတတ်ခြင်းကို ဆိုလိုပါသည်။ ကြယ်စင်များကြား ဖင်ချထိုင်နေသော၊ ဂုဏ်သရေရှိ အဖိုသတ္တ၀ါ တစ်ဦးပမာ ဘုရားသခင်အား တွေးထင်ခြင်းသည် လူသားများ၏ ရိုးစင်းလှသည့် ရူးသွပ်မှုသာ ဖြစ်သည်။ တြိဂံများတွင်သာ ဘာသာတရား ရှိမည်ဆိုပါလျှင် ၎င်းတို့၏ ဘုရားသခင်မှာ ထောင့်သုံးထောင့် ပါဝင်နေပေလိမ့်မည်။ ဘုရားသခင်ဆိုသည့်အရာမှာ စကြ၀ဠာကြီး၏ နိယာမများနှင့် နောက်ကွယ်ရှိ အခြေခံပုံစံရပ်သာဖြစ်သည်ဟု စပင်နိုဇာက ယုံကြည်သည်။ ထို့ကြောင့်ပင် အရာအားလုံးတွင် ဘုရားသခင် ရှိပေသည်။

စပင်နိုဇာအနေဖြင့် ဘုရားသခင်အား သဘာဝမှ သီးခြားတည်ရှိနေသည်ဟူ မယူဆခဲ့။ `သဘာဝ´ နိယာမတရားများ၏ စုဖွဲ့မှုအား ဖယ်ရှားဖျက်သိမ်းပစ်ပြီးနောက် ၎င်း၏ တည်ရှိမှုအား ကြွေးကြော်နိုင်သည့် ဘုရားသခင်ဟူသောအရာတစ်ခု ရှိသည်ဟု သူက မယုံကြည်ခဲ့ပေ။ ထိုမှတစ်ပါး ဘုရားသခင်သည် သဘာဝတရား၏ စည်းချက်နှင့် အစီအစဉ်အားဖြင့်သာ ဖွင့်ဟနိုင်သော အရာဖြစ်သည်ဟု ယုံကြည်သည်။ စပင်နိုဇာအနေဖြင့် ဘုရားသခင်၏ ဆန္ဒတော်နှင့် သဘာဝတရား၏ နိယာမများသည် တူညီသော တစ်ခုတည်း အရာများသာ ဖြစ်ပေသည်။

စပင်နိုဇာပြဋ္ဌာန်းသည့် စကြ၀ဠာတွင်သော် သတ်မှတ်ပြဋ္ဌာန်းပြီးဝါဒ (Determinism) သည် အရာရာအပေါ် အုပ်စီးထားပြီး နိယာမများမှ မည်သည့်အရာမျှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ အကျိုးဆက်အားဖြင့် `လွတ်လပ်သော စိတ်ဆန္ဒနှင့် ရွေးချယ်ခွင့်´ (Free Will) သည် မရှိတော့။ ထို့အတူ လောကဖြစ်ရပ်များတွင်လည်း `ကြုံကြိုက်တိုက်ဆိုင်မှု´ (Chance) ဟူသော ဂုဏ်ရည် မရှိတော့။ ရူပဗေဒ နိယာမများနှင့် အရာဝတ္ထုများကဲ့သို့ပင် ကျွန်တော်တို့သည် အဆိုပါ နိယာမများ၏ အလွန်အမင်း နှောင်တဲထားခြင်းကိုသာ ခံနေရခြင်းဖြစ်သည်။ အဆိုပါ သတ်မှတ်ပြဋ္ဌာန်းပြီးဝါဒ၏ ရလဒ်မှာ  ဤကမ္ဘာမြေတွင် ဖြစ်ပျက်သကဲ့သို့ ထက်ပိုကာ အခြားတစ်နည်းနည်းအားဖြင့် ဖြစ်ရပ်များသည် ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်ဟု ယုတ္တိနည်းအရ ယူဆရန် မဖြစ်နိုင်တော့ခြင်းသာ ဖြစ်ပေသည်။

ကောင်းမှု၊ မကောင်းမှုကဲ့သို့သော အရာသည် ဤစကြ၀ဠာထဲတွင် မရှိ။ ၎င်းတို့မှာ လူသားဆိုင်ရာ အခေါ်အဝေါ်များသာ ဖြစ်ပြီး ဘုရားသခင်သည် ဤသို့ ဖွင့်ဆိုခြင်းများအားလုံးမှ ကင်းလွတ်နေသည် ဟူ၏။ `ကျွန်တော့်အနေနဲ့ သတိပေးနိုင်တာက အလှတရားနှင့် အကျည်းတန်မှု၊ အစီအစဉ်ကျမှုနှင့် ပရမ်းပတာ၊ ဒီလိုဟာမျိုးတွေ သဘာဝမှာရှိတယ်လို့ မသတ်မှတ်နိုင်ဘူး ဆိုတာပါပဲ။ အရာများအပေါ်မှာ လှပတယ် အရုပ်ဆိုးတယ်၊ အစီအစဉ်ကျတယ် ပရမ်းပတာနိုင်တယ် စတဲ့အချက်တွေကို `နှိုင်းယှဉ်ခြင်း´အားဖြင့်သာ ကျွန်တော်တို့အနေနဲ့ စိတ်ကူးပုံဖော်နိုင်မှာ ဖြစ်ပါတယ်´ ဟု သူက ဆိုခဲ့၏။ ဤတွင် ကမ္ဘာမြေတွင် ကျွန်တော်တို့ မြင်တွေ့ရသည့် မကောင်းမှုနှင့် ပတ်သက်၍ မည်သို့နည်း။ ဂျူးလူမျိုးများအား အစုလိုက် သတ်ဖြတ်ခဲ့သည့် ဟစ်တလာ၏ လုပ်ရပ်သည် မကောင်းမှု မဟုတ်ဘူးလော။ ပါလက်စတိုင်း လူမျိုးများ ပြုလုပ်ခဲ့သည့် ကွပ်မျက်သုတ်သင်မှုများသည် ကမ္ဘာကြီးတွင် မကောင်းမှုအမှောင်များ ဖုံးလွှမ်းနေခြင်း၏ ပြယုဂ်မဟုတ်ဘူးလော။ [ဤနေရာတွင် မူရင်းစာရေးသူက ပါလက်စတိုင်းလူမျိုးများဟူ၍ လက်ညှိုးထိုး ထုတ်ပြသုံးစွဲလိုက်ခြင်းသည် စပင်နိုဆာအနေဖြင့် `ဂျူး´ တစ်ယောက် ဖြစ်နေခြင်းကြောင့် ပိုမို ထင်ရှားစေရန် သုံးစွဲလိုက်ခြင်းသာ ဖြစ်သည်ဟု ယူချင်သော် ယူနိုင်ပါလိမ့်မည်-ဘာသာပြန်သူ-] စပင်နိုဇာ၏ အဖြေမှာ အဆိုပါ မကောင်းမှုများသည် ကျွန်တော်တို့ လူသားများကဲ့သို့ တိကျသည့် သတ္တ၀ါများ၏ အမြင်၌သာ တည်ရှိသည်ဟု ဆို၏။ အရာများနှင့် ဖြစ်ရပ်များအား နှိုင်းယှဉ်ခြင်းဆီမှ တစ်ခုလုံး ခြုံငုံကာ ရှုမြင်သော် ဤကမ္ဘာကြီးတွင် မကောင်းမှုဟူသည် မရှိ။ တိကျသည့် ဖြစ်ပျက်မှုနှင့် တစ်သီးပုဂ္ဂလအနေဖြင့် ရှုမြင်ခြင်းမဟုတ်ခဲ့သော် အကောင်းအဆိုးများသည် မရှိတော့။ ထို့ကြောင့် မကောင်းမှုအားလုံးသည် လူသားတို့၏ အာရုံမှားအတွေးထည်များသာ ဖြစ်တော့သည်။

စိတ်နှင့် ရုပ်အကြားရှိ ဒွိဝါဒအား စပင်နိုဆာက ငြင်းပယ်ခဲ့၏။ ၎င်းတို့အား ဘုရားသခင်၏ `မျိုးစေ့´ (Attribute) [မူလပိုင်ဆိုင်မှု] နှစ်ခုအဖြစ် သူက သတ်မှတ်၏။ ဘုရားသခင် (၀ါ) သဘာဝတွင် တိကျမှုမရှိသည့် မျိုးစေ့များစွာ ရှိရာတွင် ကျွန်တော်တို့အနေဖြင့် နှစ်ခုကိုသာ သိမြင်မိခြင်း ဖြစ်သည်။ နောက်ကွယ်တွင် အခြေခံအရှိတရား တစ်ခုသာ ရှိနေရာ အတွင်းပိုင်းသိမြင်ရသည့် စိတ်နှင့် အတွေး၊ အပြင်ပိုင်း တွေ့မြင်ရသည့် ရုပ်နှင့် လှုပ်ရှားမှု၊ စသည်တို့ဖြစ်၏။ (ဧက၀ါဒအရ) ခြားနားသော အရာဝတ္ထုနှစ်ခု ရှိမနေရာ စပင်နိုဇာအနေဖြင့် `ကာတီရှန်´ ခေါ် ဒေးကားဝါဒီများ ထမင်းလုံးတစ္ဆေခြောက်ခဲ့ကြသည့် စိတ်နှင့် ရုပ်ကြားရှိ အညမည ပြဿနာအား ရင်ဆိုင်ရခြင်း မရှိတော့ပေ။ စိတ်ဆန္ဒ (Will) [စိတ်ကူးအစဉ်တန်းများ] နှင့် ဉာဏ်ပညာ (Intellect) [ပြုမူမှုနှင့် ရွေးချယ်ဆုံးဖြတ်မှု အစဉ်တန်းများ] သည် စပင်နိုဇာ အလိုအရ ပမာဏ အနည်းအများသာ ကွဲပြားသွားသော တူညီသည့် အရာများသာ ဖြစ်ပေသည်။ ပြုမူမှုတစ်ခု ဖြစ်လာစေရန် ရွေးချယ်ဆုံးဖြတ်မှုဆိုသည်မှာ သိစိတ်အတွင်းတွင် အတော်လေး နောက်ကျန် တည်ရှိခဲ့သော အရာတစ်ခုသာ ဖြစ်ပေသည်။

လွတ်လပ်သော စိတ်ဆန္ဒများအားလုံးမှာ ယုံမှားခြင်းသာ ဖြစ်ပေသည်။ လူသားသည် မိမိကိုယ်ကိုယ် လွတ်လပ်သည်ဟု ထင်မြင်ယူဆခြင်းသည် သူ၏ အပြုအမူများအား ကိုယ်တိုင် သတိပြုမိနေခြင်းကြောင့်ဖြစ်ပြီး သူ၏ အကြောင်းရင်းကြောင့် မဟုတ်ပေ။ ကျွန်တော်တို့အား တူညီသည့် လောကနိယာမဖြင့် နှောင်တဲထားခြင်းဖြစ်ပြီး ၎င်းက အရာအားလုံးအား အမြင်ကွယ်သွားစေ၏။ အာကာသအတွင်း လွင့်မျောနေသည့် ကျောက်တုံးတစ်တုံးသည် ၎င်း၏ လမ်းကြောင်းနှင့် လားရာအား ကိုယ်တိုင်ဆုံးဖြတ်သတ်မှတ်နေခြင်းဖြင့် စပင်နိုဇာက ဥပမာဆောင်၏။ လူသားများသည်လည်း အလားတူသာ ဖြစ်သည်။ ပစ်ပေါက်ခြင်းခံထားရသည့် ကျောက်တုံးတစ်တုံးကဲ့သို့ပင် ကျွန်တော်တို့သည် သဘာဝနိယာမ တရားများ၏ စီရင်သတ်မှတ်ထားသော လမ်းကြောင်းအတွင်း လွင့်မျောရွေ့လျားနေကြပေသည်။ အသိတရား တည်ရှိနေခြင်းသာလျှင် ကျွန်တော်တို့၏ ဆန္ဒများ (Desires) ဖြစ်ပြီး `လွတ်လပ်စွာ ရွေးချယ်ခွင့်´ (Free Will) ဟူသော စိတ်ကူးအား ကျွန်တော်တို့က တီထွင်ဖန်တီးထားခြင်းသာ ဖြစ်ပေသည်။

`မိမိကိုယ်ကိုယ် ကာကွယ်ထိန်းသိမ်းခြင်း´ (Self-preservation) သည်သာ တဏှာ (Passion) [ပြင်းထန်သော အလိုဆန္ဒ၊ စိတ်ခံစားမှု] ၏ အခြေခံ လှုံ့ဆော်မှုဖြစ်သည်ဟု စပင်နိုဇာက ယုံကြည်သည်။ အရာအားလုံးသည် ၎င်းတို့ကိုယ်တိုင်၏ တည်ရှိမှုကို ကာကွယ်ထိန်းသိမ်းရန် ကြိုးစားကြသည်။ သို့ရာတွင် ထို မိမိကိုယ်ကိုယ် ကာကွယ်ထိန်းသိမ်းခြင်း အလိုဆန္ဒသည် တစ်စုံတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့် ကမ္ဘာကြီး၏ အရှိတရားကို သတိပြုမိလာသောအခါ ၎င်း၏ အသွင်သဏ္ဌာန်အား ပြောင်းလဲလာစေသည်။ ထိုသူအနေဖြင့် တကယ့် မိမိကိုယ်ကိုယ် ထိန်းသိမ်းခြင်းသည် သီးခြား သွင်ပြင်သဏ္ဌာန်အား ထိန်းသိမ်းပြုပြင်ခြင်းမဟုတ်ဘဲ အရာအားလုံးနှင့် ခြုံငုံဟန်ချက်ညီစေရန် ကြိုးစားခြင်းသာဖြစ်သည်ဟု သိရှိလာလိမ့်မည်။ မှားယွင်းသည့် အပြုအမူများသည် မသိမှု (Ignorance) [အ၀ိဇ္ဇာ] ကြောင့်သာဖြစ်ပြီး လူတစ်ယောက်သည် အရာများ၏ အရှိတရားကိုသာ အမှန်တကယ် သတိပြုမိခဲ့လျှင် သူသည် အမှားတစ်ခုခုအား လုံးဝ ပြုလုပ်လိမ့်မည်မဟုတ်ဟု စပင်နိုဇာက ယုံကြည်သည်။

စပင်နိုဇာအတွက် အချိန်ဟူသည့်အရာသည် အဓိပ္ပါယ် တစ်စုံတစ်ရာ မရှိပေ။ မည်သည့်အရာတို့ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့သည် အချိန်မဲ့ ထာဝရ စကြ၀ဠာကြီး၏ အစိတ်အပိုင်းတစ်ရပ်မျှ ဖြစ်ပေသည်။ ဖြစ်ပျက်နေသည့် ဖြစ်ရပ်များအားလုံးသည် ယာယီသဘာဝသာ ဖြစ်ပြီး ပညာရှိသူတစ်ဦးအနေဖြင့် ၎င်းတို့အား ဘုရားသခင် ရှုမြင်သကဲ့သို့ ထာဝရဟူသည့် မြင်ကွင်းမှသာ ရှုမြင်ရန် ကြိုးစားသည်။ ထို့ကြောင့် ကြောက်ရွံ့ခြင်း၊ မျှော်လင့်ချက်စသည့် အချိန်နှင့် ဆက်စပ်နေသည့် စိတ်ခံစားများအားလုံးသည် စပင်နိုဇာအနေဖြင့် ဘာမျှမဟုတ်ပေ။ အချိန်သည် ယုံမှားခြင်းသာ ဖြစ်ခြင်းကြောင့် အတိတ်နှင့် အနာဂတ်အကြား ခြားနားခြင်းမရှိတော့။ ထိုသို့ယူဆခြင်းသည် ဆင်ခြင်တုံတရားနှင့် ဆန့်ကျင်သည်။ မသိမှု [အ၀ိဇ္ဇာ] ကြောင့်သာ အနာဂတ်ဖြစ်ရပ်များအပေါ် ကာကွယ်၊ ပြောင်းလဲနိုင်သည်ဟု ကျွန်တော်တို့ ယုံကြည်နေကြခြင်းဖြစ်သည်။ အမှန်တကယ်တွင် အနာဂတ်သည် အတိတ်ကဲ့သို့ပင် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်၍ ကျွန်တော်တို့ ပြုလုပ်သည့် မည်သည့်အလုပ်ကမျှ ၎င်းအား ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဘာသာရေးအမြင်အရ နောက်ဘ၀ဟူသည် မရှိ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှင်ကျန်နိုင်မှုသည် လုံးဝ မဖြစ်နိုင်။ သို့ရာတွင် မည်သို့ဖြစ်စေ အများသဘောဆောင်သော ရှင်ကျန်နိုင်မှု တစ်မျိုးတော့ ရှိနေပေသည်။ ၎င်းမှာ ကျွန်တော်တို့၏ အလုံးစုံလွှမ်းခြုံထားသည့် သဘောမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

လွတ်လပ်မှုအား `ကိုယ်ရေး အသိပညာ´ (Self-knowledge) [မိမိဘာသာ တွေးထင်ထားသော အချက်များသာ ဖြစ်ပြီး၊ အမှန်အမှား စသည်များနှင့် မပတ်သက်သော အသိဟူ၍ ယူနိုင်သည်] အဖြစ် စပင်နိုဇာက အနက်ဖော်သည်။ အပြုအမူများနှင့် ဆုံးဖြတ်ရွေးချယ်မှုများ နောက်ကွယ်တွင် တည်ရှိနေသည့် အကြောင်းရင်းအား ကျွန်တော်တို့ နားလည်သဘောပေါက်သည့်အခါတွင်၊ မိမိတို့ကိုယ်ကိုယ် မခွဲခြမ်းနိုင်သည့် အလုံးစုံကြီး၏ အစိတ်အပိုင်းတစ်ရပ်ဟု ကျွန်တော်တို့ သိမြင်သော အချိန်တွင်၊ ဘာလုပ်သည်, ဘာကြောင့်လုပ်သည်ကို ကျွန်တော်တို့ သတိပြုမိလာသော အချိန်တွင်၊ ကျွန်တော်တို့သည် `လွတ်လပ်´ သည်။ မည်သည့်အရာသည် ဖြစ်ပျက်သည်ဖြစ်စေ၊ သဘာဝ၏ ထာဝရ နိယာမများကြောင့် ဖြစ်ပျက်သည် ဖြစ်ရာ အလားအလာအား ကျွန်တော်တို့ မပြောင်းလဲနိုင်။ အလုံးစုံကြီး၏ မလိုလားသော အစိတ်အပိုင်းတစ်ရပ် ဖြစ်နေသရွေ့ ထိုသူသည် `ရုပ်သေးကြိုးဆွဲ´ (In Bondage) အခြေအနေတွင်သာ တည်ရှိသည်။ သို့သော် သူသည် အရှိတရားကို နားလည်သဘောပေါက်ပြီး ထာဝရဟူသည့် ရှုထောင့်မှ ကြည့်မြင်သည်နှင့် တစ်ပြိုင်နက် လွတ်မြောက်သွားတော့သည်။ ထိုသို့သော ဘ၀မျိုးသို့ ဦးတည်ရခြင်းမှာ ခက်ခဲကောင်း ခက်ခဲနေနိုင်သည်။ `သို့သော် ပြီးပြည့်စုံသည့် အရာများအားလုံးသည် ရှားပါးသည်နှင့်အမျှ ခက်လည်း ခက်ခဲပေသည်´။ [6]

သို့ရာတွင် စပင်နိုဇာ၏ ဒဿနတွင် သူကိုယ်တိုင် သတိထားမိဟန်မတူသော ၀ိရောဓိတစ်ခု ရှိနေပါသည်။ သဘာဝတရားမှ အရာအားလုံးအား သတ်မှတ်ပြဋ္ဌာန်းပြီးဆိုပါလျှင် လူသားတစ်ဦး၏ သဘောထားအားလည်း သတ်မှတ်ပြဋ္ဌာန်းပြီးပင် ဖြစ်လိမ့်မည်။ တစ်စုံတစ်ဦးသည် ၎င်းအား ပြောင်းလဲနိုင်ရန် စွမ်းအားမရှိနိုင်တော့ပေ။ သို့တိုင် စပင်နိုဇာကိုယ်တိုင်သည် အရာများအား ထာဝရ ရှုထောင့်မှ ရှုမြင်ခြင်းဖြင့် စိတ်၏ ချမ်းသာခြင်းရရှိစေရန် အခြားသူများကို တိုက်တွန်းခြင်းအားဖြင့် ၎င်းတို့၏ သဘောထားအား ပြောင်းလဲရန် ပြောဆိုနေခဲ့သည်။ အကယ်၍ ကျွန်တော်၏ သဘောထား အပါအ၀င်၊ သဘာဝအတွင်းမှ အရာအားလုံးသည် သတ်မှတ်ပြဋ္ဌာန်းပြီးဆိုခဲ့လျှင် အရာများအား ထာဝရ ရှုထောင့်၊ သို့မဟုတ် ပုဂ္ဂိုလ်ရေးရှုထောင့် စသည်ဖြင့် ပြောင်းလဲ ရှုမြင်နိုင်ရန်စွမ်းအား ကျွန်တော့်တွင် ရှိမည်မဟုတ်ပေ။ `အဗှရမ် စထရိုး´ (Avrum Stroll) ဆိုသူ ရေးသားသကဲ့သို့ `သဘာဝရှိ ဖြစ်ရပ်များအား သတ်မှတ်ပြဋ္ဌာန်းပြီးဟုသာ ဆိုလျှင်၊ လူသည် သူ၏ သဘောထားအား ပြောင်းလဲရန် စွမ်းအားမရှိတော့။ ထိုသူသည် စပင်နိုဇာ တင်ပြသည့် သဘောထား အမျိုးအစား ရှိမည်၊ သို့မဟုတ် မရှိဟူသောကိစ္စသည် သတ်မှတ်ပြဋ္ဌာန်းပြီးသာ ဖြစ်လိမ့်မည်။ စပင်နိုဇာ၏ သဘောထားအတိုင်း မရှိခဲ့လျှင် ထိုသူ့အနေဖြင့် ထိုအရာအား ရရှိရန် ပြုလုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိတော့ပေ´ [7]

စပင်နိုဇာ၏ တက္ကဗေဒ (Metaphysics) နှင့် ကျင့်ဝတ်ပညာတို့သည် မူလဒဿနိကဗေဒတွင် အားကောင်းစွာ ပြန်လှန်ဆက်သွယ်နေကြပြီး တက္ကဗေဒသည် ကျင့်ဝတ်ပညာ၏ အခြေခံဖြစ်သော်လည်း၊ ဘာထရန်ရပ်ဆဲက စပင်နိုဇာ၏ ကျင့်ဝတ်ပညာအား သူ၏ တက္ကဗေဒမှ ခွဲခြား၍ ရှုမြင်ရန် ဖြစ်နိုင်သည်ဟု ယုံကြည်၏။ အထီးကျန် စွန့်ပစ်ခံထားရခြင်း (Isolation) တွင် မြင်ရသကဲ့သို့ စပင်နိုဇာ၏ ကျင့်ဝတ်ပညာသည် လူ့စွမ်းအား၏ ကျဉ်းမြောင်းလှသော အကန့်အသတ်အား အလုံးစုံ သိရှိသော လူသား အပြုအမူနှင့် ပတ်သက်၍ ဆက်နွယ်မှုရှိနေပေသည်။ မိမိ၏ဘ၀တွင် များစွာသော ကံဆိုးမိုးမှောင်ကျမှုများ အကြိမ်ကြိမ်ခံစားရသည့် လူတစ်ဦးအတွက်မူ စပင်နိုဇာ၏ အချိန်၏ အဓိပ္ပါယ်ကင်းမဲ့မှု အတွေးအခေါ်သည် ထိရောက်မှုရှိပေမည်။ သေခြင်းတရားအား ကြောက်ရွံ့ရန် မရှိတော့။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဖြစ်နိုင်လျှင် သေခြင်းအား ရှောင်လွဲသင့်သည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။ သို့ရာတွင် ၎င်းအား ကြောက်ရွံ့မှုနှင့် သောကတို့ဖြင့် ၀န်းရံနေခြင်းမှာ မဖြစ်သင့်။ ကျွန်တော်တို့၏ ပုဂ္ဂိုလ်ရေး ဒုက္ခများအား တိကျသည့် ကာလတစ်ခု၏ ရှုထောင့်မှ ကြည့်မြင်သင့်ကာ၊ ထိုမှ ၎င်းတို့သည် လောကကြီးနှင့်မဆိုင်ဘဲ ကျွန်တော်တို့၏ ကိုယ်ပိုင် ကံကြမ္မာများသာ ဖြစ်သည်ဟု ကျွန်တော်တို့ သိရှိပေလိမ့်မည်။ ကျင့်ဝတ်ဆိုင်ရာ အမြင်၏ အရေးပါမှုကို အကောင်းဆုံး ပြဆိုသည့် ဘာထရန်ရပ်ဆဲ၏ စကားမှာ..။ `မကောင်းမှုနှင့် ဝေဒနာတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် လူ့ဘ၀သည် စကြ၀ဠာကြီး၏ ဘ၀၏ သေးငယ်လှသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ရှုမြင်ခြင်းဖြင့် သက်သာရာရစေသော ဘ၀၏ အချိန်များ ရှိတတ်ပါသည်။ ထိုကဲ့သို့သော ရှုမြင်ပုံမျိုးမှ ဘာသာတရားတစ်ခု တည်ဆောက်ရန်မူ လုံလောက်လိမ့်မည် မဟုတ်သော်လည်း နာကျင်ဖွယ်ကမ္ဘာကြီးတွင် ၎င်းသဘောထားသည် သမာဓိ [စိတ်၏ တည်ကြည်ခိုင်ခံ့မှု] နှင့် အလုံးစုံပျက်စီးကျဆုံးခြင်း သွက်ချာပါဒများအား ပဋိဇီဝဆေးသဖွယ် ကာကွယ်ပေးနိုင်မည်သာ ဖြစ်ပါသည်။ [8]

တေဇာ (လရောင်လမ်း)
သြဂုတ် (၁၂)၊ ၂၀၁၀
Ref: Benedict De Spinoza, The Journey Through Modern Philosophy

Footnotes:

[*] တက္ကဗေဒ (Metaphysics)
Metaphysics is a part of philosophy which is concerned with understanding reality and developing theories about what exists and how we know that it exists. ဟု Collins Cobuild Learner’s Dictionary တွင် အဓိပ္ပါယ်ဖွင့်ဆိုသည်။ တက္ကဗေဒအစား `သိမှုဗေဒ´ ဟု မြန်မာဘာသာဖြင့် နီးစပ်အောင် သုံးစွဲချင်သော်လည်း Epistemology ဖြင့် ရောထွေးသွားမည်စိုးသဖြင့် တက္ကဗေဒဟုသာ သုံးစွဲလိုက်ပါသည်။ သိမှုနှင့် ရှိမှု သဘောနှစ်ရပ်လုံး ပါဝင်အောင် ငုံမိမည့် မြန်မာစကားလုံး၊ သို့မဟုတ် ပါဠိကပြားစကားလုံး ရှာဖွေတွေ့ရှိသော် ပြောင်းလဲအသုံးပြုချင်ပါသည်။

[-] Pantheism အား `သဘာဝတရားနှင့် ထာဝရဘုရားသည် တူညီသည်ဟု လက်ခံသော ၀ါဒ´ ဟု ယူနိုင်သလို `ဖန်ဆင်းရှင်ဘုရား အများအပြားအား လက်ခံယုံကြည်သော ၀ါဒ´ ဟုလည်း သီးခြားအနက်တစ်ခု ရှိသည်။ အကြောင်းမှာ `တစ်ဆူတည်းသော ဖန်ဆင်းရှင်ဘုရားကိုသာ ယုံကြည်လက်ခံသော ၀ါဒ´ များနှင့် ကွဲပြားစေရန် ဆန့်ကျင်ဘက်စကားလုံး (Antonym) အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။ ဤအရေးအသားတွင် ကိန်းကြီးခန်းကြီး ဝေါဟာရများအား တတ်နိုင်သမျှ ရှောင်ရှားပြီး [….] ခံကာ မူရင်းအဓိပ္ပါယ်အား ရှင်းလင်းစေရန် အားထုတ်ခဲ့ပါသည်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်များမှ အနက်ပေးသော မြန်မာဝေါဟာရများနှင့် ကိုက်ညီမည်ဟု မမျှော်လင့်နိုင်ကြောင်း အသိပေးလိုပါသည်။

[1] His original name was Baruch Spinoza, which he later changed to Benedict Spinoza.
[2] Will Durant, The Story of Philosophy, Pocket Books , page 158
[3] Bertrand Russell, History of Western Philosophy, Routledge, London, page 552
[4] The doctrine that equates God with the universe and its phenomenon
[5] Compare this with Bergson’s élan vital.
[6] Ending sentence of Spinoza’s Ethics
[7] Philosophy Made Simple, Richard H. Popkin and Avrum Stroll , Doubleday & Company, Inc. USA, page 36
[8] Bertrand Russell, History of Western Philosophy, Routledge, London, page 562 

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”