Skip to main content

လိုက်ဘနိဇ် (သို့) ပထမတန်းစား ကမ္ဘာတွင် နေထိုင်ခဲ့သူ

(၁၆၄၆-၁၇၁၆)

ဂျာမန် ဒဿနပညာရှင် လိုက်ဘနိဇ် (Leibniz) သည် သမိုင်းတစ်လျောက် အကြီးကျယ်ဆုံး တွေးခေါ်ရှင်ကြီးများအနက်မှ တစ်ဦးဖြစ်သည်။ သူ့အား ဆယ့်ခုနစ်ရာစု၏ အရစ္စတိုတယ်လ်ဟုလည်း သိရှိကြပြီး၊ အကြောင်းမှာ လောကကြီး၏ ရှိရှိသမျှ ဘာသာရပ်အားလုံးနီးပါးမျှအား သူ ထိတွေ့ကိုင်တွယ်ခဲ့ ဖူးသောကြောင့်ပင် ဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့် အရာများတွင် သင်္ချာပညာ၊ ဒဿနိကဗေဒ၊ ဘာသာရေးပညာ၊ ဥပဒေပညာ၊ သံတမန်ပညာ၊ နိုင်ငံရေးပညာ၊ သမိုင်းပညာ၊ စာပေပညာနှင့် ရူပဗေဒ စသည်ဖြင့် ကျယ်ပြန့်လှသည့် ဘာသာရပ်များ ပါဝင်သည်။ နယူတန်နှင့် ကွဲပြားသော ကဲကုလပညာကို တီထွင်ခဲ့ပြီး ခေတ်သစ် သင်္ချာဆိုင်ရာ ယုတ္တိဗေဒ၏ ခေါင်းကိုင်ဖခင်ဟုလည်း သူ့အား သတ်မှတ်ကြသည်။

လိုက်ဘနိဇ်နှင့် ဆက်နွယ်သည့် ဒဿနိကဗေဒစနစ် နှစ်ရပ် ရှိပါသည်။ ပထမတစ်ခုအား သူက လူထုအား အသိပေး ဖြန့်ကျက်ခဲ့ပြီး၊ အခြားတစ်ခုအား သူ ကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာမှ သူ၏ လက်ရေးမူများမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ရသည်။ ပထမတစ်ခုသည် အပေါ်ယံကျပြီး လိုက်ဘနိဇ်၏ အစစ်အမှန် ဉာဏ်အတိမ်အနက်အား ဖော်ပြနိုင်ခြင်းမရှိပေ။ ဒုတိယ ဒဿနမှာမူ နက်နဲခိုင်မာလှပြီး ယုတ္တိနည်းကျ တည်ဆောက်ထားခဲ့ပေသည်။

လိုက်ဘနိဇ်၏ အရာဝတ္ထုဆိုင်ရာ ဒဿနနှင့် အစပြုရမည်ဆိုလျှင် ကျွန်တော်တို့ သိရှိပြီးခဲ့သလို `ဒေးကား´ က ဘုရားသခင်နှင့် ကွဲပြားသော စိတ်နှင့်ရုပ်ဟူသည့် ၀တ္ထုနှစ်မျိုးရှိကြောင်း ယုံကြည်ခဲ့သည်။ စပင်နိုဆာသည် `ဘုရားသခင်´ ဟု အမည်ရသည့် ၀တ္ထုတစ်မျိုးတည်းအပေါ်တွင်သာ ယုံကြည်ပြီး၊ `ဖြန့်ထွက်မှု´ (Extension) [ရုပ်] နှင့် အတွေးတို့အား ဘုရားသခင်မှ ကွဲထွက်လာသော အစိတ်အပိုင်းများသာ ဖြစ်သည်ဟု ယူဆ၏။ သို့ရာတွင် လိုက်ဘနိဇ်က အဆိုပါ အယူအဆနှစ်ရပ်လုံးအား ငြင်းပယ်သည်။ သူ့အခေါ်အရ `မိုနတ်ဒ်´ (Monads) အမည်ရသည့် မရေတွက်နိုင်သော ၀တ္ထုအရေအတွက်များ တည်ရှိသည်ဟု သူက ယုံကြည်သည်။ ဖြန့်ထွက်မှုတွင် အများဆိုင်သဘောပါဝင်ပြီး ၀တ္ထုများ၏ စုဖွဲ့မှု၏ ရလဒ်တစ်ခုသဖွယ် ဖွံ့ဖြိုးလာနိုင်ခြင်းကြောင့်၊ သူက ဖြန့်ထွက်မှု (၀ါ) ရုပ်အား ၀တ္ထု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မယူဆ။ လိုက်ဘနိဇ်အနေဖြင့် ဖြန့်ထွက်မှုသည် ခွဲခြမ်းနိုင်သော အရာဖြစ်ပြီး၊ ၀တ္ထုသည် မခွဲခြမ်းနိုင်။ ထို့ကြောင့် ဖြန့်ထွက်မှုသည် ၀တ္ထု၏ မျိုးစေ့ (သို့) အစိတ်အပိုင်းတစ်ရပ်မဟုတ်။ `မိုနတ်ဒ်´ တစ်ခုစီအား မဖြန့်ကျက်နိုင်ဘဲ ၎င်းတွင် ကိုယ်ပိုင် မျိုးစေ့ဖြစ်သော အတွေးတစ်ခု ပိုင်ဆိုင်၏။ ထို့ကြောင့် မိုနတ်ဒ် တစ်ခုတိုင်းသည် `စိတ်ဝိဉာဏ်´ (Soul) တစ်ခု ဖြစ်သည်။ မိုနတ်ဒ်တစ်ခုစီသည် `ပကတိအရှိတရား´ (Entelechy) တစ်ခုဖြစ်ပြီး ၎င်းတွင် သေချာသည့် ပြီးပြည့်စုံမှုရှိ၍ ကိုယ်ပိုင်လုံလောက်မှု (Self-sufficiency) ရှိသည်။

လူသားအား မိုနတ်ဒ်များဖြင့်သာ ပေါင်းစုဖွဲ့စည်းထား၏။ တစ်ခုချင်းစီသည် မသေနိုင်သည့် စိတ်ဝိဉာဏ်တစ်ခုဖြစ်သော်လည်း လွှမ်းမိုးသည့် မိုနတ်ဒ်တစ်ခု ရှိ၏။ ၎င်းသည် `စိတ်ဝိဉာဏ်´ (The Soul) ဖြစ်သည်။ မိုနတ်တစ်ခုချင်းစီသည် အခြားတစ်ခုနှင့် ခြားနားပြီး အဆက်မပြတ် ပြောင်းလဲနေသည်။ အဆိုပါ အပြောင်းအလဲများတွင် အတွင်းခံအကြောင်းရင်းတစ်ခု ရှိ၏။ အကြောင်းမှာ ပြင်ပအရာတစ်ခုခုမှ ၎င်းတို့အား လွှမ်းမိုးနိုင်စွမ်း မရှိသောကြောင့်ပင်။ လိုက်ဘနိဇ်က `ကာတီရှန်´ အဆိုဖြစ်သည့် ၀တ္ထုနှစ်ခု [စိတ်နှင့်ရုပ်] သည် အပြန်အလှန်ဆက်သွယ်ခြင်းမပြုနိုင် ဟူသော အဆိုကို ထိန်းသိမ်းခဲ့၏။ ၎င်းကို သူ၏အဆိုတစ်ခုဖြစ်သည့် မိုနတ်ဒ်များသည် `ပြတင်းတံခါးမဲ့´ (Windowless) သည် ဟူသောစကားဖြင့် ဖော်ပြခဲ့သည်။ ထို့ကြောင့် မိုနတ်ဒ်များအကြား သိသာထင်ရှားသည့် ပြန်လှန်ဆက်သွယ်မှုများ အားလုံးသည် လှည့်ဖျားတတ်ပြီး အစစ်အမှန်မဟုတ်။ ယင်းတို့သည် အချင်းချင်း သက်ရောက်မှုရှိသယောင် ထင်မြင်ရခြင်းမှာ မိုနတ်ဒ်တစ်ခုနှင့် အခြားတစ်ခုကြားရှိ အပြောင်းအလဲများတွင် `ကြိုတင်တည်ဆောက်ပြီး စည်းချက်´ (Pre-established Harmony) တစ်ခု တည်ရှိနေသောကြောင့်သာဖြစ်ပြီး ဤသည်က မြင်သာသည့် ပြန်လှန်သက်ရောက်မှုကို `ကြွ´ လာစေခြင်းဖြစ်၏။ ယင်းသည် `ဂူလင့်က်စ်´ (Geulincx) ၏ `နာရီနှစ်လုံး´ (Two Clocks) အား ချဲ့ထွင်ထားမှုသာ ဖြစ်ပါသည်။ အဆိုပါ တိကျမှုမရှိသည့် မိုနတ်ဒ်များသည် ယခုကဲ့သို့ အလွန်အမင်းတိကျစွာ ဟန်ချက်ညီနေခြင်းသည် မဖွယ်မရာဖြစ်နေသည့် [ယုံရခက်စရာ ဖြစ်နေသည့်] အားလျော်စွာ လိုက်ဘနိဇ်က ၎င်းအား ဘုရားသခင် တည်ရှိကြောင်း သက်သေပြချက်အဖြစ် အသုံးပြုခဲ့သည်။ မိုနတ်ဒ်များအားလုံးအား ဖော်ဆောင်သည့် ပြင်ပအကြောင်းရင်း တစ်ခု [ဘုရား] ရှိရလိမ့်မည်ဟု သူက ကောက်ချက်ဆွဲခဲ့သည်။

မိုနတ်ဒ်များ၏ ကြိုတင်တည်ဆောက်ပြီး စည်းချက်အား ဘုရားသခင်၏ သက်သေပြချက်တစ်ခုအဖြစ်သာ လိုက်ဘနိဇ်က ပေးခဲ့သည်မဟုတ်။ ပိုမိုစူးရှသည့် ဉာဏ်အမြင်ရှိသူပီပီ ဘုရားရှိကြောင်းသက်သေပြချက် ဆင်ခြေအဟောင်း အများအပြားအား သူက ပြန်`သ´ ခဲ့၏။ ဥပမာအားဖြင့် ပြီးပြည့်စုံမှု အနက်ဖွင့်၊ ဖြစ်တည်မှုဒဿနဆိုင်ရာ ဆင်ခြေအား [* ဒေကားအခန်းကို ရှုရန်] သူက ဖြည့်ဆည်းခဲ့သည်။ `ပြီးပြည့်စုံမှု´ (Perfection) ဟူသည့် စကားလုံးအား သူက `ပကတိနှင့် အပေါင်းလက္ခာဆောင်သော ရိုးရှင်းသည့် အရည်အသွေးတစ်ခုဖြစ်ပြီး မည်သည့်အရာအား ဖော်ကျူးသည်ဖြစ်စေ၊ ကန့်သတ်ချက်တစ်စုံတစ်ရာ မပါဘဲ ဖော်ကျူးသည်´ ဟု အနက်ဖွင့်ခဲ့၏။ ဤ အနက်ဖွင့်အား သုံးစွဲခြင်းအားဖြင့် မည်သည့် ပြီးပြည့်စုံမှု နှစ်ခုကိုမျှ ယုတ္တိနည်းအရ နှိုင်းယှဉ်ဆက်စပ်နိုင်ခွင့်မရှိဟု ပြသရန် လမ်းစပွင့်သွားခဲ့သည်။ သို့ရာတွင် ဤသို့ လိုက်ဘနိဇ်က ဖြည့်ဆည်းခဲ့ပြီးသော်မှ `ဖြစ်,ရှိနေမှု´ (၀ါ) ဖြစ်တည်မှု (Existence) သည် ၀ါစကတစ်ခုမဟုတ်သည့် အချက်အရ အဆိုပါဆင်ခြေအား ငြင်းပယ်နိုင်နေတုန်းပင် ဖြစ်သည်။

အခြားသော ဆင်ခြေတစ်ခုမှာ စကြ၀ဠာဆိုင်ရာ ဆင်ခြေဖြစ်သည်။ `ဆင်ခြေလုံလောက်မှု နိယာမ´ (Law of sufficient reason) အား ယုံကြည်သည်ဟု လိုက်ဘနိဇ်က ကြေငြာခဲ့၏။ [ဤသည်မှာ သူ၏ လူသိများသော ဒဿနတွင်သာဖြစ်သည်။ သူ၏ ပုံနှိပ်ခြင်းမပြုခဲ့သည့် ဒဿနတွင်မူ ဤနိယာမအတွက် ခြားနားသော အဆိုတစ်ခုကို တွေ့ရ၏] အဆိုပါ နိယာမက ဖော်ပြသည်မှာ လုံလောက်သည့် ဆင်ခြေ (၀ါ) အကြောင်းရင်း ကင်းမဲ့သော အချက်၊ သို့မဟုတ် အမှန်တရားသည် မရှိ။ ဤလောကရှိ အရာအားလုံးတို့သည် ရှိ,မရှိ အပ်ကျမတ်ကျ မသေချာ (Contingent) ဟု လိုက်ဘနိဇ်က ဆိုသည်။ အရာအားလုံးသည် မတည်ရှိဟု ယူဆရန် ယုတ္တိနည်းအရ ဖြစ်နိုင်နေသည်။ ထို့ကြောင့် ၎င်းတို့တွင် ကိုယ်ပိုင်တည်ရှိမှုအတွက် ဆင်ခြေ (၀ါ) အကြောင်းအရင်း တစ်စုံတစ်ရာ ပါဝင်မနေ။ စကြ၀ဠာကြီးတစ်ခုလုံးသည် အပ်ကျမတ်ကျ မသေချာသောကြောင့် စကြာဝဠာ၏ ပြင်ပမှ လုံလောက်သည့် ဆင်ခြေ (၀ါ) အကြောင်းရင်းတစ်ခု ရှိရပေမည်။ ယင်းသည် ဘုရားဟုခေါ်သည့် လိုအပ်သော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။

`ကန့်´ (Kant) က ယင်းဆင်ခြေအား ဖြစ်တည်မှုဆိုင်ရာဒဿန ဆင်ခြေတွင် အခြေခံထားသည်ဟု ဆိုခဲ့၏။ လိုအပ်သော ဖြစ်တည်မှုတစ်ခု ဖြစ်,ရှိသည်ဆိုလျှင် ၎င်း၏ အနှစ်သာရ (Essence) တွင် ဖြစ်,ရှိမှု ပါဝင်ရမည်ဖြစ်ပြီး ဤသည်ပင် ဖြစ်တည်မှုဒဿနဆိုင်ရာ ဆင်ခြေ၏ ဘုရားသခင်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုပုံ ဖြစ်လေသည်။ ဘုရားသခင်အား ၎င်း၏ အနှစ်သာရသည် ဖြစ်,ရှိမှုတွင် အကျုံးဝင်သည်ဟု ယူဆလိုက်လျှင် စကြ၀ဠာကြီး တည်ရှိမှု၏ လုံလောက်သော ဆင်ခြေ (၀ါ) အကြောင်းရင်းအဖြစ် ဘုရားသခင်ဟု ခေါ်ဆိုသမုတ်အပ်သော အရာသည် အဓိပ္ပါယ်ကင်းမဲ့သွားမည် ဖြစ်၏။ ထို့ကြောင့် ယင်းဆင်ခြေသည်လည်း ဖြစ်တည်မှုဆိုင်ရာဒဿနဆင်ခြေကဲ့သို့ပင် ခိုင်လုံမှုမရှိ [Valid မဖြစ်] တော့ပေ။ ဤဆင်ခြေကန်မှုအား ဆန့်ကျင်ကန့်ကွက်သည့် အခြားလူသိများသည့် အချက်တစ်ရပ်မှာ အဆိုပြုချက် (Propositions) များအား ယုတ္တိနည်းအရ လိုအပ်မှုဟု ခေါ်ဆိုနိုင်ပြီး `ယုတ္တိနည်းအရ လိုအပ်သော ဖြစ်တည်မှု´ ဟု သုံးစွဲခြင်းမှာ ဘာသာစကားအား မလှိမ့်တစ်ပတ်လုပ်ခြင်းသာ ဖြစ်သည်ဟူ၍ ဖြစ်၏။ အခြားသော ထိရောက်သည့် ဝေဖန်မှုတစ်ခုမှာ စကြ၀ဠာဆိုင်ရာ ဆင်ခြေသည် ဖြစ်နိုင်ခြေနှစ်ခုအား တင်ဆက်သည်ဟူ၍ ဖြစ်သည်။ လိုအပ်သည့် ဖြစ်တည်မှုတစ်ခု ရှိခြင်း၊ သို့မဟုတ်လျှင် ကမ္ဘာကြီးသည် အလုံးစုံ လူသားနားလည်နိုင်မှု၏ ပြင်ပ (Unintelligible) မှ အရာတစ်ခုသာ ဖြစ်သည်။ [1] ယုတ္တိနည်းအရ ဖယ်ရှားပစ်ရန် မဖြစ်နိုင်သော ဒုတိယ ဖြစ်နိုင်ခြေ [လူသားနားလည်နိုင်မှု၏ ပြင်ပဟူသော ဖြစ်နိုင်ခြေ] အား ဖယ်ရှားလိုက်မှသာ ဤဆင်ခြေက ဘုရားသခင်၏ တည်ရှိမှုအား သက်သေပြနိုင်ပေသည်။

`အာကာသ´ (Space) သည် အာရုံများ (မျက်စိ၊ နား၊ နှာ စသည်) မှ ခံစားသိမြင်ရသကဲ့သို့ မဟုတ်ဟု လိုက်ဘနိဇ်က ငြင်းဆန်ပြီး နယူတန် ရူပဗေဒ (ပကတိ အာကာသ) လာ အာကာသအားလည်း လက်မခံခဲ့ပေ။ အရာဝတ္ထုတစ်ခု၏ တည်နေရာသည် အမှီအတွယ်မဲ့သော အာကာသ၏ ပိုင်ဆိုင်မှုတစ်ခု မဟုတ်ဘဲ တည်ရှိနေသော အရာဝတ္ထုကိုယ်တိုင်၏ ပိုင်ဆိုင်မှုသာဖြစ်၏။ ထိုမှတစ်ပါး ၎င်းနှင့် ဆက်နွယ်နေသော အခြား အရာဝတ္ထုများတွင်လည်း အလားတူပင်ဖြစ်၏။ လိုက်ဘနိဇ်က `သစ်ရွက်များ´ ဥပမာတွင် ဤသို့ ရှင်းလင်းပြခဲ့သည်။ ထပ်တူထပ်မျှ တူညီသော သစ်ရွက်နှစ်ရွက်ရှိသည်။ သို့ရာတွင် သစ်ရွက်နှစ်ရွက်သည် အလုံးစုံ (In all respects) တစ်သွေမတိမ်း တူညီနေခဲ့လျှင် တစ်ရွက်သည် တစ်နေရာတွင်ရှိပြီး အခြားတစ်ရွက်သည် အခြားတစ်နေရာတွင် ရှိခြင်းကိစ္စတို့နှင့် ပတ်သက်၍ အဘယ်ကြောင့်ဟူသော ဆင်ခြေ မရှိနိုင်တော့။ ဤတွင် လိုက်ဘနိဇ်က တည်နေရာအား မိုနတ်ဒ်တို့၏ ပိုင်ဆိုင်မှုအဖြစ် ထောက်ပြ၏။ ခြားနားသော အနေအထား (နေရာ) တွင် တည်ရှိနေသောကြောင့် သစ်ရွက်နှစ်ရွက်သည် မတူညီနိုင်တော့ပေ။ အာကာသ (Space) (၀ါ) နေရာ [နှင့် အချိန်တို့] သည် အရာတို့၏ ပြီးပြည့်စုံသော အတွင်းဝိသေသများသာ ဖြစ်ပြီး ပြင်ပပယောဂနှင့် သက်ဆိုင်ခြင်းမရှိ။ နေရာနှင့် အချိန်တို့သည် အရာဝတ္ထုများကြားရှိ ပုံရိပ်ယောင် ဆက်နွယ်မှုတစ်ခုခုအား အာရုံခံသိမြင်ခြင်း နည်းလမ်းတစ်ခုမျှသာ ဖြစ်ပေသည်။

လိုက်ဘနိဇ်၏ လူသိများ ဒဿန၏ အရေးကြီးသော ၀ိသေသတစ်ရပ်မှာ `အားလုံးသော ဖြစ်နိုင်ချေ ကမ္ဘာများ၏ အကောင်းဆုံး´ (The best of all possible worlds) ဟူသော အတွေးအခေါ်ဖြစ်သည်။ အကယ်၍ ယုတ္တိဗေဒ နိယာမများနှင့် မဆန့်ကျင်ခဲ့လျှင်၊ ကမ္ဘာတစ်ခုသည် ဖြစ်နိုင်ချေ ရှိ၏။ ဘုရားသခင်သည် ကောင်းမြတ်သည်နှင့်အညီ ၎င်းသည် အကောင်းဆုံးကမ္ဘာအား ဖန်ဆင်းရန် ဆန္ဒရှိသည်။ သို့သော် အကောင်းဆုံးကမ္ဘာ ဟူသည်မှာ မကောင်းမှု ကင်းပနေသည့် ကမ္ဘာမျိုးမဟုတ်ဘဲ မကောင်းမှုအပေါ်တွင် ကောင်းမှုက သာလွန်ဖုံးလွှမ်းနေသော ကမ္ဘာမျိုးသာ ဖြစ်ပေသည်။ မကောင်းမှုကင်းပသည့် ကမ္ဘာမျိုး တည်ရှိခဲ့နိုင်သော်လည်း ၎င်းသည် ကောင်းမှုလည်း များများစားစား ပါဝင်နိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် များစွာသော ကောင်းမှုများသည် မကောင်းမှုများနှင့် ဆက်နွယ်ပတ်သက်နေသောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် ဤကမ္ဘာကြီးတွင် မကောင်းမှုများ ရှိသော်လည်း၊ အခြားသော ဖြစ်နိုင်ချေကမ္ဘာများထက်ပို၍ သာလွန်ပြည့်လျှမ်းနေသော ကောင်းမှုများလည်း ရှိ၏။ ထို့ကြောင့် ဤသည်မှာ `အားလုံးသော ဖြစ်နိုင်ချေကမ္ဘာများ၏ အကောင်းဆုံး´ [2] ဖြစ်၏။ ယင်းမှ မကောင်းမှု (Sin) နှင့် လွတ်လပ်သော စိတ်ဆန္ဒ (Free will) အကြား အဆက်အစပ်ကိုလည်း ရှင်းလင်းပြခဲ့သည်။ လွတ်လပ်သော စိတ်ဆန္ဒသည် ကောင်း၏။ သို့ရာတွင် ၎င်းတည်ရှိသည်ဟု ဆိုရန် ယုတ္တိနည်းအရ မဖြစ်နိုင်သောကြောင့် မကောင်းမှုသည်လည်း မတည်ရှိတော့ပေ။

အဆိုပါ `အားလုံးသော ဖြစ်နိုင်ချေ ကမ္ဘာများ၏ အကောင်းဆုံး အယူအဆအား´ `ဗော်လ်တဲယား´ (Voltaire) က ရက်ရက်စက်စက် ရယ်သွမ်းသွေးခဲ့၏။ သူရေးသားခဲ့သည့် Candide အမည်ရသည့် သရော်စာတစ်ပုဒ်တွင် လိုက်ဘနိဇ်အား ဒေါက်တာ `ပန့်ဂ်လော့စ်´ အဖြစ် လှောင်ပြောင် သရုပ်ဖော်ခဲ့၏။

`ပန့်ဂ်လော့စ်´ သည် `တက္ကဗေဒဆိုင်ရာ သီအိုလော်ဂျီ စကြ၀ဠာဗေဒပညာရပ်´ ပါမောက္ခကြီးဖြစ်ပြီး သူက… `အကောင်းဆုံး အဆုံးသတ်အတွက် လိုအပ်မှုများအဖြစ်သာ အရာအားလုံးအား သရုပ်ဖော်နိုင်သည်။ နှာခေါင်းသည် မျက်မှန်အား ထိန်းမ,ထားနိုင်ရန် ပေါ်ထွက်လာရသည်ဟု ရှုမြင်ပါ။ ခြေထောက်များအား ခြေအိတ်စွပ်ရာတွင် အဆင်ပြေစေရန် မြင်သာစွာ ပုံစံဖော်ထားသည်။ ကျောက်တုံးများသည် ရဲတိုက်များ တည်ဆောက်ရန်အတွက် ဖြစ်၏။ ကျွန်တော်တို့ တစ်နှစ်ပတ်လုံး ၀က်သားစားရစေရန် ၀က်များ ရှိနေကြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အရာအားလုံးမှာ အကောင်းဆုံးအတွက်သာ ဖြစ်သည်။ [3]

ဤ `အားလုံးသော ဖြစ်နိုင်ချေ ကမ္ဘာများ၏ အကောင်းဆုံး´ တွေးခေါ်ပုံစနစ်သည် ယုတ္တိနည်းအရ ဖြစ်နိုင်သော်လည်း လိုအပ်မှုတစ်ရပ် မဟုတ်ပေ။ လူတစ်ယောက်အနေဖြင့် `အားလုံးသော ဖြစ်နိုင်ချေကမ္ဘာများ၏ အဆိုးဆုံး´ ဟူသော အပြိုင်ဆင်ခြေတစ်ရပ်အား ဖန်တီးနိုင်နေသည်။ မကောင်းမှုတစ်စုံတစ်ရာအား ၀န်းရံထားရန်သာ ကောင်းမှုသည် တည်ရှိနေရသည်ဟု ပြောင်းပြန် ဆိုနိုင်၏။ လူဆိုးများက အပြစ်ပေးနိုင်ရန် လူကောင်းများ တည်ရှိနေကြရသည်။ လူကောင်းများ မတည်ရှိသည့်အတွက် အပြစ်ပေးသော မကောင်းမှုသည်လည်း မတည်ရှိတော့။ ဤဆင်ခြေသည် အလွန် လက်မခံနိုင်ဖွယ်ရာ ဖြစ်သော်လည်း [လိုက်ဘနိဇ်၏ အကောင်းဆုံးကမ္ဘာကဲ့သို့ပင်] ယုတ္တိနည်းအရ ဖြစ်နိုင်နေပေ၏။ ကမ္ဘာကြီးတွင် ကောင်းမှုနှင့် မကောင်းမှု နှစ်မျိုးနှစ်စားရှိသည်ဟု လိုက်ဘနိဇ်အနေဖြင့် အသေအချာ သိခဲ့သော်လည်း ကောင်းမှုသည် [မကောင်းမှုအပေါ်တွင်] ပိုမိုအားကောင်းစွာ လွှမ်းမိုးထားသည်ဟူသော သူ၏ ယူဆချက်မှာမူ အဆုံးသတ်ညီညွတ်မှု (Justification) မရှိပေ။ ငြင်းခုန်စရာကိစ္စတစ်ရပ်အဖြစ်သာ ဆက်လက်တည်ရှိနေပါသည်။

လိုက်ဘနိဇ်၏ ပုံနှိပ်ဖြန့်ဝေထားခြင်းမရှိသည့် အတွေးအခေါ်မှ အစိတ်အပိုင်းတစ်ရပ်အား ကြည့်ပါမည်။ ၎င်းက ဒဿနိကဗေဒတွင် ယုတ္တိဗေဒ၏ အရေးပါပုံအတွက် ပြီးပြည့်စုံသည့် ဥပမာတစ်ခုအား ပေးထားခဲ့သည်။ သူ၏ တက္ကဗေဒ (Metaphysics) ၏ အခြေခံအဖြစ် လိုက်ဘနိဇ်က ယုတ္တိဗေဒအား သုံးစွဲခဲ့၏။ `ပင်ကိုယ်မှန် အဆို´ (Analytic proposition) [ဥပမာ၊ အပျိုကြီးများအားလုံးသည် လက်မထပ်ရသေးချေ] ဟူသည်မှာ `၀ါစက´ သည် `ကတ္တား´ ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေသော အဆိုဖြစ်၏။ ပို၍ ထင်ရှားအောင်ဆိုရလျှင် `အားလုံးသော လင်းပိုင်များသည် ငါးများဖြစ်ကြသည်´ဟူသော အဆိုမျိုးဖြစ်သည်။ လိုက်ဘနိဇ်က ယုတ္တိဗေဒနိယာမ နှစ်မျိုးကို သုံးစွဲခဲ့သည်။ ပထမမှာ `ဆန့်ကျင်မှု နိယာမ´ (Law of Contradiction) ဖြစ်ပြီး အားလုံးသော `ပင်ကိုယ်မှန်အဆို´ များသည် မှန်ကန်သည်ဟု ၎င်းကဆိုသည်။ ဒုတိယမှာ `ဆင်ခြေလုံလောက်မှု နိယာမ´ (Law of Sufficient Reason) ဖြစ်ပြီး ယင်းက အားလုံးသော မှန်ကန်သည့် အဆိုများမှာ `ပင်ကိုယ်မှန်´ (Analytic) ဖြစ်သည်ဟု ဆို၏။ [Analytic ဟူသော စကားလုံးသည် ယုတ္တိဗေဒတွင် `အချက်အလက်နှင့် အတွေ့အကြုံများအပေါ်တွင် မှီခိုခြင်းမရှိဘဲ မှန်ကန်နေသည့်အဆို´ ဟု အနက်ထွက်သည်]  သို့ရာတွင် `တေဇာသည် ၂၀၀၉ ခုနှစ်တွင် အိန္ဒိယသို့သွားသည်´ ဟူသော အဆိုကို စဉ်းစားကြည့်လျှင်၊ ကတ္တား [တေဇာ] တွင် ၀ါစက [အိန္ဒိယသို့သွားသည်] ကိုယ်တိုင် ပါဝင်နေသလားဟု မေးခွန်းထုတ်ရမည်။ မပါဝင်ကြောင်း ထင်ရှားနေသော်လည်း လိုက်ဘနိဇ်ကမူ ပါဝင်သည်ဟု ဆိုသည်။ `တေဇာ´ ဟူသော ကတ္တား ပါဝင်သော မည်သည့် ၀ါကျတွင်မဆို တေဇာထံသို့ ဖြစ်ပျက်ခဲ့သည်များအားလုံးအား ဖွင့်ဆိုသော ၀ါစကများ ပါဝင်ပြီးဖြစ်၏။ အဆိုပါ ၀ါစကများအားလုံး၏ စုစုပေါင်းသည်ပင် တေဇာအတွက် ထုတ်နုတ်ချက်/ဖွင့်ဆိုချက် ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့် တေဇာသည် ၂၀၀၉ ခုနှစ်တွင် အိန္ဒိယသို့သွားသည်ဟူသော ၀ါကျသည် သူ့အတွက် (တေဇာအတွက်) ထုတ်နုတ်ချက်/ဖွင့်ဆိုချက်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်၏။ ထို့ကြောင့်ပင် `တေဇာ´ ဆိုသော ကတ္တား၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပေသည်။ [တေဇာအတွက် ထုတ်နုတ်ချက် (၀ါ) ဖွင့်ဆိုချက်တွင် တေဇာသည် ယမန်နှစ်က အလုပ်မရှိကြောင်း၊ ယခုအခါ ထမင်းငတ်နေကြောင်း၊ နောက်နှစ်ဆိုလျှင် မြန်မာပြည်သို့ ပြန်တော့မည်ဖြစ်ကြောင်း စသည့် (အတိတ်/ပစ္စုပ္ပန်/အနာဂတ်ဆိုင်ရာ) အချက်များအားလုံး အကျုံးဝင်ပေလိမ့်မည်] ဤအယူအဆအရ ကြည့်သော်၊ `တေဇာသည် ၂၀၀၉ ခုနှစ်တွင် အိန္ဒိယသို့သွားသည်´ ဟူသော အဆိုသည် ပင်ကိုယ်မှန်အဆို (Analytic) ဖြစ်၏။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့တွင် တစ်စုံတစ်ဦးသို့ ဖြစ်ပျက်ခဲ့သမျှ အားလုံးတို့သည် ကတ္တားတွင် ပါဝင်ပြီးဖြစ်ခြင်းကြောင့်၊ အရာအားလုံးအား ဆုံးဖြတ်ပြီး [ပြဋ္ဌာန်းပြီး] ဖြစ်သည်ဟု ဆိုလိုရာ ရောက်သည်။ [တေဇာသည် နောက်နှစ်တွင် မြန်မာပြည်သို့ ပြန်မည်ဟူသော အချက်သည် `တေဇာ´ ဟူသော ပုဒ်တွင် ပါဝင်ပြီး ဖြစ်သဖြင့် တေဇာ၏ အနာဂတ်အား ပြဋ္ဌာန်းပြီးသကဲ့သို့ ဖြစ်နေခြင်းကြောင့်ဖြစ်သည်] ထို့ကြောင့် မည်သည့်အရာပင် ဖြစ်လာသည်ဖြစ်စေ ထာဝရ သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်နေ၏။ ထို့ကြောင့် လွတ်လပ်သော စိတ်ဆန္ဒသည် မရှိနိုင်တော့။ ဤတွေးခေါ်ပုံသည် မကောင်းမှုအပေါ် ခရစ်ယန်ဝါဒ၏ ယုံကြည်ပုံနှင့် ဆန့်ကျင်နေသောကြောင့် လူကြိုက်နည်းခြင်း၊ တစ်နည်း ပြစ်တင်ရှုတ်ချခြင်းများအား ရှောင်ရှားရန်အလို့ငှာ လိုက်ဘနိဇ်က လူထုသို့ ဖွင့်လှစ်ပြဆိုခြင်းမရှိခဲ့ဘဲ ဂရုတစိုက် ထိမ်ဝှက်ထားခဲ့သည်။

လိုက်ဘနိဇ်၏ လူနည်းစု လက်တစ်ဆုပ်စာသာ နားလည်သော၊ အဆင့်မြင့် (Esoteric) ဒဿနတွင်သော် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကိစ္စရပ်အတွက် ခြားနားသောအမြင်ကို ပေးထားခဲ့သည်။ သူ၏ `အားလုံးသော ဖြစ်နိုင်ချေကမ္ဘာများ၏ အကောင်းဆုံး´၊ လူပြိန်းကြိုက်ဒဿနတွင် `ဖန်ဆင်းရှင်´ (Creator) ၏ ပကတိ ကောင်းမြတ်ခြင်းနှင့် သဟဇာတဖြစ်သည့်အရာသာ ဖြစ်,ရှိနိုင်သည်ဟု ဆိုခဲ့သည်။ သို့ရာတွင် သူ၏ လူသိနည်းဒဿတွင်သော် ဘုရားသခင် သဘောတရား မပါဝင်သည့် ခြားနားသော အဆိုကို ပြဆိုခဲ့၏။ နှစ်ခု၊ သို့မဟုတ် နှစ်ခုထက်ပိုသော အရာများသည် `သဟဇာတဖြစ်နိုင်စွမ်း´ ရှိသမျှသာ တည်ရှိနိုင်၏။ ၎င်းတို့၏ အတူတကွ တည်ရှိခြင်းမှာ ယုတ္တိနည်းအရ ဆန့်ကျင်မနေရဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် လောကကြီးအား သဟဇာတဖြစ်နိုင်သော အရာများ၏ အကြီးဆုံးအုပ်စုကြီးဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ဥပမာဆိုရလျှင် A သည် C, D, E တို့နှင့် သဟဇာတဖြစ်ပြီး၊ B သည် F, G တို့နှင့် သဟဇာတ ဖြစ်သည်ဟုဆိုလျှင်၊ တစ်ဖန် A နှင့် B မှာမူ သဟဇာတ မဖြစ်ဟု ဆိုလျှင်၊ ပိုမိုကြီမားသည့် အုပ်စုနှင့် သဟဇာတဖြစ်သော A သည်သာ တည်ရှိ [ရှင်ကျန်] လိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

တေဇာ (လရောင်လမ်း)
သြဂုတ် (၁၅)၊ ၂၀၁၀
Ref: Gottfried Wilhelm Leibniz, A Journey Through Modern Philosophy

Footnotes:

[1] Or, in other words, the world is ‘absurd’, as the Existentialists would later call it.
[2] English philosopher F.H. Bradley (1846–1924) sarcastically wrote: ‘The world is the
best of all possible worlds, and everything in it is a necessary evil.’ [Appearance and
Reality, Preface]
[3] Voltaire, Candide 

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”