လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အလှတရား သရုပ်ခွဲ

အဝေးဆုံးကို မျှော်ကြည့်ပါ.. လှပတဲ့တစ်ရံတစ်ခါမှာ..။
~ထူးအယ်လင်း~

နင်က အရမ်းလှတယ်လို့ ကျွန်တော်ပြောလိုက်တော့ လှတယ်ဆိုတာတွေဟာ ခဏပါပဲဟာ၊ နောက်ဆုံးတော့လည်း ဒါပါပဲ၊ အိုဟောင်းသွားရတာပဲမဟုတ်လားလို့ သူက ပြန်ပြောတယ်။ ဘာကြောင့်မို့ တခြားမိန်းကလေးတွေလို သူ ရှက်ပြုံး မပြုံးရပါသလဲ။ တကယ်လားဟင်လို့ ကျေနပ်တဲ့အသံမျိုးနဲ့ ပြန်မမေးရပါသလဲ။ မြှောက်နေပြန်ပြီလို့ ကနွဲ့ကလျ ပြန်မပြောရပါသလဲ။ ဘာကြောင့် တိုးတိုးညှင်းညှင်း မရယ်နေရပါသလဲ။ ဒါတွေကို ကျွန်တော် မသိဘူး။ ကျွန်တော် သူ့ဆီက မျှော်လင့်နေတဲ့ အဖြေမျိုးလို့ သူယူဆတဲ့အရာကို ရွေးပြီး ပြန်ပြောခဲ့တာလား၊ သူ့ရင့်ကျက်မှုကို ပြချင်တာလား ဆိုတာလည်း ကျွန်တော် မသိဘူး။ ဒါပေမဲ့ သူ့ပုံက ရိုးရိုးသားသား ဖြေလိုက်ပုံရတယ်။ ဘာပဲဖြစ်ဖြစ် သူ အဲဒီလို ပြန်ဖြေပုံလေးကကို ကျွန်တော့် အမြင်မှာ လှနေတယ်။
§ § § § § § §

အလှအပဆိုတာ ခဏပဲဆိုတာကတော့ အမှန်ပဲ။ ဒီလိုပဲ နင်တို့ ငါတို့ဟာလည်း ခဏပဲ မဟုတ်လား။ နင်တို့ ငါတို့တင် မဟုတ်ဘူး ရှိသမျှအရာအားလုံးဟာ ကန့်သတ်ထားတဲ့ အချိန်အပိုင်းအခြားအတွင်းမှာ ခဏသာ တည်ရှိခွင့် ရကြတာမျိုးမဟုတ်လား။ နင်တို့ငါတို့တောင် ခဏပဲဆိုရင် ငါတို့ရဲ့ အလှအပတွေဟာလည်း ခဏပဲဆိုတာ သေချာနေပြီပဲ။ ဟုတ်တယ်။ တကယ့်ကို ခဏလေးပဲ။ ဒါပေမဲ့ ဒါတွေဟာ ဘာအရေးလဲ။ အရာအားလုံးရဲ့ မတည်မြဲမှုကို သိနှင့်ပြီးမှတော့ အလှတရားရဲ့ မတည်မြဲမှုကိုပဲ ကွက်ပြီး သံဝေဂရနေဖို့ မသင့်တော့ဘူးထင်တယ်။ ဒါက ငါတို့တွေ လက်ခံထားပြီးသား ကိစ္စပဲ။ တကယ်ဆိုရင် ငါတို့တွေ လက်ခံခံ၊ မခံခံ မဖြစ်မနေကြုံတွေ့ရမယ့် ကိစ္စပဲ။ တစ်နေ့တော့ နင် အိုမင်းသွားမှာ အမှန်ပဲပေါ့။ ဒါပေမဲ့ အခုအချိန်မှာ နင်က လှနေတယ်။ နင်လှနေတာကို ငါမြင်နေရတယ်။ ဒါကြောင့် ငါက နင့်ကို လှတယ်လို့ အခု ပြောနေတာပေါ့။ ငါက အနာဂတ်ကနေ လှမ်းပြောနေတာမှမဟုတ်တာ။ တကယ်လို့ နင် အိုမင်းလာတဲ့တစ်နေ့မှာ တစ်ချိန်က ငါက နင့်ကို လှတယ်လို့ ပြောခဲ့ဖူးကြောင်း နင့်မှတ်ဉာဏ်ထဲမှာ ကျန်ခဲ့တယ်ဆိုရင် တစ်ချိန်က တည်ရှိခဲ့တဲ့ နင့်ရဲ့ အလှအပကို ရင့်ကျက်တဲ့အပြုံးတစ်ခုနဲ့ သက်သေထူနိုင်တာပေါ့။

တကယ်တော့ အလှအပဆိုတာ သဘာဝက ပေးထားတဲ့ လက်ဆောင်ပဲ။ အလိုအလျောက် အသာရခြင်း တစ်မျိုးပဲ။ လူသားတွေအတွက်ဆို ပိုပြီးတော့ သိသာတယ်။ လှတဲ့လူတစ်ယောက်ဟာ တော်မယ်၊ စိတ်ကောင်းရှိမယ်၊ လူကောင်းတစ်ယောက်ဖြစ်မယ်လို့ ခိုင်လုံတဲ့အကြောင်းရင်း မရှိပါဘဲနဲ့ ငါတို့ အလိုအလျောက် ကြိုတင်ယူဆလိုက်တတ်ကြတယ် မဟုတ်လား။ ဒါဟာ ငါတို့ လူသားတွေရဲ့ ဘက်လိုက်ခြင်းပေါင်း များစွာထဲက တစ်ခုပေါ့။ ဒီတော့ လူတွေကြားမှာ၊ လူတွေရဲ့ အမြင်တွေကြားမှာပဲ ရှင်သန်နေကြရတဲ့ ငါတို့အတွက် လှပမှုဟာ ကျေနပ်စရာ ပိုင်ဆိုင်မှုတစ်ခုပဲ။ ဒါထက်ကို မိန်းကလေးတစ်ယောက်ရဲ့ အလှအပဟာ ပိုပြီးတာသွားတယ်။ မလှတဲ့ မိန်းကလေးတွေကို တန်ဖိုးမရှိဘူးလို့ ငါပြောနေတာမဟုတ်ပါဘူးဆိုတာ နင်သိပါတယ်။ လှတဲ့မိန်းကလေးတွေဟာ သဘာဝရဲ့ ဘက်လိုက်မှုကို ရထားတာပဲလို့ ဆိုလိုချင်တာပါ။ အကျည်းတန်ခြင်းဟာ မကောင်းဘူးလို့ ငါမပြောနိုင်ပေမဲ့ အလှအပဟာ ကောင်းတယ်လို့တော့ ငါပြောနိုင်တယ်။ အနည်းဆုံးအားဖြင့် အလှအပဟာ မိန်းကလေးတစ်ယောက်အဖို့ ကျေနပ်စရာ ဂုဏ်ရည်တစ်ရပ်ပဲ။

အလှတရား၊ လူတွေရဲ့ အလှတရားကနေ ပိုပြီးကျဉ်းမြောင်းတဲ့ခေါင်းစဉ်တစ်ခုဖြစ်တဲ့ မိန်းကလေးတွေရဲ့ အလှတရားဆိုတာကို ငါ တစ်ခါတလေ တွေးမိတယ်။ စိတ်မကောင်းစရာတစ်ခုက အခုအခါမှာ အလှအပကို ဖန်တီးယူလို့ရနေတာပဲ။ အလှအပကို ဖန်တီးယူနိုင်တယ်၊ တိုးပွားအောင် လုပ်နိုင်တယ်၊ ပြုပြင်ယူလို့ရတယ်။ အလှအပဟာ သဘာဝရဲ့ သီးသန့်ပစ္စည်း မဟုတ်တော့ဘူး။ မွေးရာပါဂုဏ်ရည်သက်သက် မဟုတ်တော့ဘူး။ လူက လုပ်နိုင်တဲ့အရာ ဖြစ်လာတယ်။ အလှတရားကို လူက ချယ်လှယ်လာနိုင်တယ်။ ဒီတော့ အကျိုးဆက်အားဖြင့် အလှတရားဟာ ဖောင်းပွလာရတယ်။ အလှတရားရဲ့ ဂုဏ်ရည်ဟာ အရင်ကထက်စာရင် သေးသိမ်သွားရတယ်။ အလှဖန်တီးရှင်တစ်ယောက်နဲ့ ပတ်သက်နေရတဲ့ မင်းသမီးတစ်ယောက်ရဲ့အလှကို ငါ မစွဲမက်နိုင်ဘူး။ ခွဲစိတ်ပြုပြင်မှုလုပ်ထားတဲ့ မယ်စကြ၀ဠာရဲ့ အပြုံးမျိုးမှာ ငါ မယစ်မူးနိုင်ဘူး။ ဒါဟာ သဘာဝအလှကိုမှ နှစ်သက်လို့ဆိုတဲ့ အကြောင်းကြောင့် မဟုတ်ဘူး။ မွေးရာပါ သဘာဝအလှအဖြစ်ဖြစ်၊ ပြုပြင်စီမံထားတဲ့အလှဖြစ်ဖြစ် အလှဟာ အလှပဲဆိုတာ ငါလက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ပြုပြင်စီမံထားတဲ့ အလှပိုင်ရှင်တွေဟာ လူ့အဖွဲ့အစည်းမှာ တစ်နည်းနည်းနဲ့ အသာစီးရထားကြသူတွေ ဖြစ်တယ်။ လူများစုကြီးရဲ့ ပင်ကိုယ်အလှအပကို တန်ဖိုးထား လေးစားသောအားဖြင့် ငွေကြေးတတ်နိုင်လို့ လှနေနိုင်သူတွေရဲ့ ပြောင်ပြောင်လက်လက် အပြုံးတွေမှာ ငါ မသာယာနိုင်တော့ဘူး။ အလှအပကို ဒီလိုလက်ဝါးကြီးအုပ် ချယ်လှယ်တာမျိုးကို ငါမကြိုက်ဘူး။ ဒါကတော့ အလှတရားအပေါ်မှာ လက်ဝဲဆန်ဆန်မြင်တဲ့ ငါ့ရဲ့ တစ်ကိုယ်ရည် အစွဲအလန်းကို ပြောတာပါ။

တကယ်တော့ လှတယ်၊ မလှဘူးဆိုတာတွေဟာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးအမြင်တွေ ဖြစ်နေတယ်။ ငါ့အတွက် နင်က လှနေပေမဲ့ တခြားလူတစ်ယောက်အတွက်တော့ လှချင်မှလှမယ်။ ဒါ့အပြင် ကမ္ဘာ့မျက်မမြင်ထုကြီး အနေနဲ့ဆိုရင် နင်လှတာကို ဘယ်လိုနည်းနဲ့မှ တညီတညွတ်တည်း လက်ခံနိုင်မှာ မဟုတ်ဘူး။ အလှဆိုတာကလည်း အာရုံခံစားသိမြင်နိုင်တဲ့ သတ္တ၀ါ (Sentient) တွေရှိမှ တည်ရှိရတာမျိုးကိုး။ ပကတိဂုဏ်ရည်တစ်ရပ်မှ မဟုတ်ဘဲ။ ဒီတော့ ရုပ်အလှတစ်ခု တည်ရှိဖို့ဆိုရင် မျက်လုံးတစ်လုံးတော့ အနည်းဆုံး လိုအပ်မှာပဲ။ ဒီရှုထောင့်ကကြည့်ရင် အခု နင် လှနေတာဟာ ငါတည်ရှိနေလို့ပဲ မဟုတ်လား။ ပြီးတော့ ဒါဟာ နင့်အလှအပေါ်မှာ ငါ့မျက်လုံးတွေရဲ့ ဘက်လိုက်မှုတစ်ခုပဲ မဟုတ်လား။ နင်က လှတယ်ဆိုတဲ့ အချက်ဟာ ယေဘုယျအမှန်တရားတစ်ခု မဟုတ်တဲ့ နင်နဲ့ ငါရဲ့ကြားထဲက ဆက်သွယ်ချက် တစ်ခုပဲ မဟုတ်လား။ တကယ်လို့ နင် အိုမင်းလာတဲ့တစ်နေ့မှာ တစ်ချိန်က ငါက နင့်ကို လှတယ်လို့ ပြောခဲ့ဖူးကြောင်း နင့်မှတ်ဉာဏ်ထဲမှာ ကျန်ခဲ့တယ်ဆိုရင် တစ်ချိန်က တည်ရှိခဲ့တဲ့ နင့်ရဲ့ အလှအပနဲ့ အဲဒီအလှအပကိုမှ ရွေးချယ်ဘက်လိုက်ခဲ့တဲ့ မျက်လုံးတစ်စုံရှိတဲ့ လူတစ်ယောက်ကို နင် အမှတ်ရနေနိုင်တာပေါ့။

အဲဒီနေ့က…
ကျွန်တော့်စကား ဆုံးတဲ့အထိ သူက လှပစွာပြုံးပြီး နားထောင်နေခဲ့တယ်။ မဟုတ်ဘူး။ ကျွန်တော့်စကားဆုံးတဲ့အထိ သူက လှပစွာပြုံးပြီး နားထောင်နေခဲ့တယ်လို့ ကျွန်တော့်မျက်လုံးတွေက မြင်နေခဲ့ရတယ်လို့ပြောမှ ပိုတိကျမယ်ထင်တယ်။ ဟုတ်တယ်။ အဲဒီနေ့က သူက လှနေခဲ့တယ်။ သူ့ရဲ့ အလှတရားကို ကျွန်တော့်မျက်လုံးတွေက ရှာဖွေတွေ့ရှိခဲ့ရတယ်။ အဲဒီ အဖြစ်အပျက်လေး ကိုယ်တိုင်ဟာ အလှအပတစ်ရပ်အဖြစ်၊ ဒါမှမဟုတ် သူနဲ့ကျွန်တော့်ကြားက ဆက်သွယ်ချက် တစ်ရပ်အဖြစ် အခုအချိန်ထိ အိုဟောင်းမသွားဘဲ ကျွန်တော် မှတ်ဉာဏ်မှာ သစ်လွင်လတ်ဆတ်စွာ ထင်မြင်နေရဆဲပဲ။
                                                                          
တေဇာ (လရောင်လမ်း)
သြဂုတ် (၂၀) ၂၀၁၀

5 comments:

tei zar said...

နှိုင်းရ တရား

း)

ကောင်းကင်ကို said...

တလောကလုံး လှကြပါစေဗျာ။ ကျနော်တို့လည်း တလောကလုံးကို ချစ်သောမျက်စေ့နဲ့ ကြည့်ရတာပေါ့။ ဟဲဟဲ :D

တေဇာ (လရောင်လမ်း) said...

အရောင်တလက်လက် မျက်လုံးတွေနဲ့လား.. ဟီးး :P

Anonymous said...

အလှတရားဆိုတာ နှိုင်းရတရား ပါဆိုနေမှဗျာ....း)

yein said...

Tazar,,

Good and insightful thought.

Seems very matured despite you are young.

ATY

Post a Comment