လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံး ကဗျာများ (၁၈)

`နားလည်မှု တည်ဆောက်ခြင်း´

လာ… တိုးတိုးလေးပြောပြမယ်ဆိုပြီး
သူ့နားရွက်ကို ကိုက်ဖြတ်ပစ်လိုက်တယ်
ဒါတောင် ကျွန်တော်နာကျင်နေတဲ့အကြောင်း
သူကောင်းကောင်း သိသွားပုံမရဘူး
ခွင့်မလွှတ်နဲ့တော့ကွယ်…။

`ညမှာ ထင်တဲ့လူ´


ညရယ်… တိတ်တိတ်လေး ပြောပေးပါ
ဟုတ်ပြီ အသံသွင်းနေပြီ။
ညရယ်… မှောင်မှောင်လေး နေလိုက်
ဟုတ်ပြီ ဓာတ်ပုံရိုက်ပြီ။
မင်းကို နောက်ခံထားမှသာ
ငါ့ကိုယ်ငါ ရေးရေးလေးပေါ်လာတယ်
တစ်နေကုန် ပျောက်နေခဲ့ရတာ
ငါ့မှာ…။

`စေတနာနည်းကျ ဒဏ်ခတ်ခံရခြင်း´

မျက်နှာကြက် ပန်ကာကြီးက
အထက်စီးနဲ့။
လည်နေရုံနဲ့တင် သူ့တာဝန်ကျေပြီထင်နေပုံရတယ်
ဒီကကောင် လေပူတွေပဲရနေတာ သူ မသိရှာဘူး။
အဲဒီအချစ်တွေကြောင့်ပဲ
သားလည်း… ချွေးပျံနေရပြီ။

`ချောင်းကြည့်ပေါက်မှ´

အတွေ့အကြုံအရပါလို့ ဆိုလိုက်တာ
အမြင်မကျဉ်းလွန်းဘူးလား
အမြင်အရကို
အတွေ့အကြုံတွေဟာ ကျဉ်းလွန်းနေတာပါ
အတွေ့အကြုံမျိုးကွဲပေါင်း
သန်းခြောက်ထောင်ကျော် ရှိပါတယ်။

`နိဗ္ဗာန်ဈေး မလျှောက်ဖြစ်ခြင်း´

တစ်ခုခု ရသွားတာမျိုး
ကျွန်တော်က ဖြစ်စေချင်ပါတယ် (တဲ့)
ခက်တာက
တစ်ခုခု ယူလိုက်ရတာမျိုး
ကျွန်တော်ကလည်း မဖြစ်ချင်ပြန်ဘူး
ကျွန်တော် (တို့) နှစ်ယောက်
မတွေ့ဖြစ်ကြတာလည်း မဆန်းဘူးလေ။

တေဇာ (လရောင်လမ်း)

2 comments:

tei zar said...

:)

ကျွန်တော် နှစ်ယောက်။ နှစ်စိတ် တကိုယ်များ

Anonymous said...

cool..

Post a Comment