လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံး ကဗျာများ (၂၁)

`မျှော်လင့်ခြင်း အကြောင်း (၁)´

တစ်ခုမှ မရေရာသူမို့လည်း
အရာရာကို မျှော်လင့်နေနိုင်တာပေါ့
တစ်နေ့မှာ…
ပန်းလည်းပွင့်မယ် နေလည်းသာမယ်
သက်တန့်လေးတောင် ဖြာချင်ဖြာနေဦးမယ်
မိုးလေ၀သခန့်မှန်းချက်တွေ ပိတ်လိုက်ကွယ်။

`မျှော်လင့်ခြင်းအကြောင်း (၂)´

ပုံပြင်အရဆို
မေခလာရောက်သင့်နေပါပြီ
ဇွဲရှိသယောင် သရုပ်ဆောင်နေတာ
ဇွဲကောင်းလွန်းလှတယ်
မျှော်လင့်ချက်မရှိသယောင်
ဟန်မဆောင်တတ်ခဲ့တာ တစ်ခုပဲ
ပင်လယ်ဆိုတော့လည်း ကျယ်သားပဲလေ။

`အထွန်းဖွား´

ခြောက်အိမ်စုဆိုတဲ့ ရွာလေးမှာ
အထွန်းဖွား ဘယ်နှစ်ယောက်ရှိလဲ သိလား
ဟော… အခု ခင်ဗျား သူတို့ကိုစဉ်းစားမိသွားပြီ
ဇနပုဒ်က အထွန်းဖွားတွေကို
ခင်ဗျားတောင် သိနေမှပဲ။

`ပြောစရာရှိသည့် စကားများ´

တာပေါ်ရေကျော်လည်း ခဏပါ (တဲ့)
ဒါပေမဲ့ ရေကျသွားတော့လည်း တာက ဗွက်ထနေပြီ
ထိုနည်းလည်းကောင်းပေါ့
မိုးကောင်းတုန်း ရွာထားဦးပေါ့ကွာ
တိတ်ခိုင်းလို့မှလည်း မရတာကိုး။

`ကမ္ဘာကြီးသို့´

ကျွန်တော့်အတွက် ပိုလေးနေတယ်ဆို
ခြေထောက်အောက်က ထွက်သွားပေါ့ ကမ္ဘာကြီး
ကျွန်တော် မျှတပါတယ်နော်။

တေဇာ (လရောင်လမ်း)

2 comments:

Rita said...

အကုန်ကြိုက်တယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

အထွန်းဖွားတွေက ဘယ်သူပါလိမ့်
အတွေးနက်သွားတယ်..း)

Post a Comment