Skip to main content

Posts

Showing posts with the label ၀တ္ထုတို

သာတူညီမျှကမ္ဘာ (Harrison Bergeron)

အချိန်က ၂၀၈၁ ခုနှစ်။ နောက်ဆုံးမှာတော့ လူတိုင်းသာတူညီမျှ ဖြစ်လာခဲ့ပြီ။ ဘုရားသခင်နဲ့ ဥပဒေရှေ့မှောက်မှာတင် မဟုတ်၊ အရာအားလုံးမှာ သာတူညီမျှ ဖြစ်လာခဲ့ကြပါပြီ။ ဘယ်သူကမှ ဘယ်သူ့ထက် ပိုပြီးမထက်မြက်ဘူး၊ ဘယ်သူကမှ ဘယ်သူ့ထက်ပိုပြီး ကြည့်ပျော်ရှုပျော်မဖြစ်ဘူး၊ ဘယ်သူကမှ ဘယ်သူ့ထက်ပိုပြီး သန်မာမြန်ဆန်မှု မရှိဘူး၊ အရာအားလုံး တန်းတူညီမျှ။ ဒီလို သာတူညီမျှဖြစ်လာရတာကလည်း ဖွဲ့စည်းပုံဥပဒေကို ၂၁၁ ကြိမ်၊ ၂၁၂ ကြိမ်နဲ့ ၂၁၃ ကြိမ်မြောက် ပြင်အပြီးမှာပဲ။ အမေရိကန်ပြည်ထောင်စု သာတူညီမျှရေးကော်မတီက အဖွဲ့ဝင်တွေရဲ့ အချိန်မလပ် ကြပ်မတ်စောင့်ကြည့်မှုကြောင့် ဆိုရင်လည်း မမှားဘူးပေါ့။ ဒါပေမဲ့ ရှင်သန်နေထိုင်နေရတဲ့ လူမှုဘ၀နဲ့ ပတ်သက်ပြီး အဆင်သိပ်မချောတာလေးတွေတော့ ရှိနေပါသေးတယ်။ ဥပမာဆိုပါစို့၊ ဧပြီလဟာ နွေဦးရာသီမဟုတ်တဲ့အတွက် တချို့လူတွေကတော့ စိတ်အနှောင့်အယှက် ဖြစ်နေရသေးတာပဲ။

ပျားရည်မုန့် (၂)

အသက် ၃၀ ပြည့်ပြီး မကြာခင်မှာပဲ ဆာယိုခိုမှာ ကိုယ်ဝန်ရှိလာတယ်။ အဲဒီအချိန်မှာ သူမက ဘွဲ့လွန်အတွက် ကြိုးစားရင်း ကျူတာပြန်လုပ်နေပြီ၊ ဒါပေမဲ့ သမီးလေးကို မွေးဖို့ ခွင့်ယူလိုက်တယ်။ သုံးယောက်သား ကလေးအတွက် နာမည်အမျိုးမျိုးစဉ်းစားကြပြီး၊ အဆုံးမှာတော့ ဂျန်ပိုင်းပေးတဲ့ နာမည်တွေထဲက ဆာလာဆိုတဲ့ နာမည်လေးကို ရွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ "ဒီနာမည်လေးကို အသံထွက်ခေါ်ရတာ ကြိုက်တယ်" လို့ ဆာယိုခိုက သူ့ကိုပြောတယ်။ ကလေးကို အခက်အခဲမရှိ မွေးဖွားနိုင်ခဲ့ပြီး၊ အဲဒီညမှာတော့ ဂျန်ပိုင်းနဲ့ တာကာသျှူကီတို့နှစ်ယောက်သား၊ ဆာယိုခိုမပါဘဲ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်မှာ အတူဆုံမိကြတယ်။ ဂျန်ပိုင်းက အောင်ပွဲခံဖို့အတွက် ဆင်ဂယ်မော့တစ်လုံးယူလာတယ်။ မီးဖိုချောင်စားပွဲမှာ ထိုင်ပြီး တစ်လုံးလုံးကို နှစ်ယောက်သား အပြောင်ရှင်းလိုက်ကြတယ်။ "အချိန်တွေကုန်တာ ဘာလို့ ဒီလောက်တောင် မြန်လွန်းတာလဲ" လို့ တာကာသျှူကီ ရုတ်တရက် မေးလိုက်တယ်။ ဒီလိုလေးနက်တဲ့ ခံစားချက်မျိုး သူ့ဆီမှာ မြင်ရတာ ရှားရှားပါးပါးပဲ။ "တက္ကသိုလ်စတက်တယ်၊ မင်းနဲ့တွေ့တယ်၊ နောက်တော့ ဆာယိုခိုနဲ့တွေ့တယ်၊ ဒါတွေအားလုံး မနေ့တစ်နေ့ကလိုပဲ။ နောက်တစ်ကြိမ်...

ပျားရည်မုန့် (၁)

"ဒီလိုနဲ့ မာဆာခီချီမှာ လက်နဲ့အပြည့် ပျားရည်တွေရလာတယ်၊ သူ့ဘာသာ စားနိုင်တာထက်ကို အများကြီးပိုတယ်။ အဲလိုနဲ့ သူလည်း ပျားရည်တွေကို ပုံးတစ်ခုထဲထည့်ပြီး တောင်အောက်ကို ဆင်းသွားတယ်။ မြို့အထိရောက်အောင်သွားပြီး ပျားရည်တွေကို ရောင်းဖို့ပေါ့။ မီဆာခီချီဟာ ပြိုင်ဘက်ကင်း နံပါတ်တစ်ပျားရည်ဝက်ဝံကြီး ဖြစ်တယ်" "၀က်ဝံတွေမှာ ပုံးရှိလို့လား" ဆာလာက မေးလိုက်တယ်။ "မာဆာခီချီမှာတော့ တစ်ပုံးရှိနေတယ်။ လမ်းဘေးနားမှာ ကျနေတာကိုတွေ့တော့ တစ်ခုခုဆိုရင် အသုံးဝင်နိုင်တယ်ဆိုပြီး သူက ကောက်ယူလာခဲ့တာ" "အခုတော့ တကယ် အသုံးဝင်သွားတာပေါ့" "ဒါပေါ့။ တကယ်အသုံးဝင်တာပေါ့။ ဒီလိုနဲ့ မီဆာခီချီလည်း မြို့ကိုတက်သွားပြီး လူတွေသွားလာနေတဲ့ ရင်ပြင်မှာ နေရာတစ်ခုယူလိုက်တယ်။ ပြီးတော့ သူက ဆိုင်းဘုတ်တစ်ခုတပ်လိုက်တယ်။ အရသာထူးတဲ့ပျားရည်။ သဘာဝစစ်စစ်။ တစ်ခွက်မှ ယန်း ၂၀၀၊ တဲ့" "၀က်ဝံတွေက ပိုက်ဆံရေတတ်လို့လား" "ရေတတ်ပါ့။ ၀က်ဝံလေးဘ၀တုန်းက မာဆာခီချီက လူတွေနဲ့အတူနေခဲ့တာ၊ စကားဘယ်လိုပြောရမယ်၊ ပိုက်ဆံဘယ်လိုရေရမယ်ဆိုတာ သင်ခဲ့ရတာပေါ့။ မာဆာခီချီက တော်တော်လေး ထူးခြားတဲ့ ၀က်ဝံပဲ။ ဒီတော့ သူ့လောက်မ...

ခီဟာရာဇာ (Scheherazade) (၃)

"အတန်းတွေ ဒီလောက်ပျက်နေတော့ ကျောင်းမှာရော ပြဿနာမဖြစ်ဘူးလား" လို့ ဟာဘရာက မေးတယ်။ "ကျွန်မ မိဘတွေက ကိုယ်ပိုင်စီးပွားရေးလုပ်တယ်၊ ဒီတော့ သူတို့အလုပ်နဲ့သူတို့ ကျွန်မကို သိပ်ဂရုမစိုက်နိုင်ဘူး။ သူတို့နဲ့ ကျွန်မ ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ဘူး၊ သူတို့ အုပ်ချုပ်မှုကိုလည်း ကလန်ကဆန်လုပ်ခဲ့တာမျိုးမရှိဘူး။ ဒီတော့လည်း လွှတ်ထားတာက အကောင်းဆုံးပဲလို့ သူတို့တွက်ပါလိမ့်မယ်။ ကျောင်းကိုပြဖို့အတွက် စာရွက်စာတမ်းအတုလုပ်တာက လွယ်လွယ်လေးပဲ။ ကျန်းမာရေးပြဿနာတစ်ခုရှိနေလို့ တစ်ခါတလေ ဆေးရုံမှာ နေ့တစ်ဝက်လောက် သွားနေရတယ်လို့ အတန်းပိုင်ဆရာမကို ရှင်းပြလိုက်တယ်။ ကျောင်းမတက်တဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး တစ်သက်လုံး ခေါင်းခြောက်လာရတဲ့ ဆရာတွေအနေနဲ့လည်း တစ်ခါတလေကျမှ ကျွန်မ နေ့တစ်ဝက်လောက်နောက်ကျတဲ့ ကိစ္စကို သိပ်စိတ်ဝင်စားကြဘူး" ရှေ့ဆက်မပြောခင် ခီဟာရာဇာက ကုတင်ဘေးက နာရီဆီ ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်တယ်။ "ကော်ဇောကအောက်က သော့တံကိုယူပြီးတော့ အိမ်ထဲကို ကျွန်မ တတိယအကြိမ်အဖြစ် ၀င်ခဲ့ပြန်တယ်။ အရင်တုန်းကလိုပဲ တိတ်ဆိတ်နေတယ်၊ တိတ်တာမှ အရင်တုန်းကထက်တောင် ပိုသလိုပဲ။ ရေခဲသေတ္တာက မီးစိမ်းသွားတော့ ကျွန်မဖျပ်ခနဲ လန့်သွားတယ်၊ ဧရာ...

ခီဟာရာဇာ (Scheherazade) (၂)

"လူမရှိအိမ်တွေထဲကို ခိုးဝင်မိတုန်းက ကျွန်မဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ်" တစ်နေ့တော့ အိပ်ယာပေါ်မှာ သူတို့လဲလျောင်းနေရင်း သူမက ပြောလိုက်တယ်။ သူမပုံပြင်ပြောတဲ့အခါမှာ ဖြစ်တတ်သလို၊ ဟာဘရာ့အဖို့ပြော ပြန်ပြောစရာ စကားလုံးရှာမရဘူး။ "ရှင်ရော တစ်ယောက်ယောက်ရဲ့အိမ်ထဲကို ခိုးဝင်ခဲ့ဖူးလား" လို့ သူမက မေးတယ်။ "၀င်ဖူးတယ် မထင်ပါဘူး" လို့ သူက ခြောက်ကပ်ကပ်အသံနဲ့ ပြန်ဖြေတယ်။ "အဲ့ဒါက တစ်ခါလုပ်ဖူးတယ်ဆိုရင် အခါခါထပ်လုပ်ချင်လာရော" "ဒါပေမဲ့ ဒါ တရားမ၀င်ဘူးလေ" "ဘယ်ကလာ.. အန္တရာယ်ရှိတာတော့မှန်တယ်၊ ဒါပေမဲ့ အဲ့ဒါက သိပ်အရသာရှိတဲ့ အလုပ်ရှင့်" ဟာဘရာက ခပ်ဆိတ်ဆိတ်ပဲ သူမ ဆက်ပြောတာကိုစောင့်နေလိုက်တယ်။ “ဘယ်သူမှမရှိချိန်မှာ သူစိမ်းတစ်ယောက်ရဲ့ အိမ်ထဲမှာ ရှိနေရတာနဲ့ပတ်သက်ပြီး အကောင်းဆုံးအချက်ကတော့ ဘယ်လောက်တိတ်ဆိတ်နေသလဲ ဆိုတာပဲ။ အသံလုံးဝမရှိဘူး။ ကမ္ဘာပေါ်မှာ အဆိတ်ငြိမ်ဆုံးနေရာတစ်ခုနဲ့ တူနေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အဲဒီလိုပဲ ခံစားရတယ်။ ကြမ်းပြင်ပေါ်မှာထိုင်ရင်း ကျွန်မ ငြိမ်ငြိမ်သက်သက်လေး နေနေတဲ့အချိန်မှာ ကျွန်မရဲ့ စုပ်ကပ်ငါးဘ၀က ကျွန်မဆီပြန်ရောက်လာတယ်။ ကျွန်မအရင်ဘ၀...

ခီဟာရာဇာ (Scheherazade) (၁)

သူတို့ လိင်ဆက်ဆံပြီးတဲ့အခါတိုင်း သူမက ဟာဘရာ့ကို စိတ်ဝင်စားဖွယ် အဆန်းတကြယ်ပုံပြင်တစ်ပုဒ် ပြောပြလေ့ရှိတယ်။ တစ်ထောင့်တစ်ညပုံပြင်များထဲက ဘုရင်မ ခီဟာရာဇာလိုပဲ။ ဒါပေမဲ့ ဟာဘရာကတော့ အဲဒီထဲက ဘုရင်ကြီးလို နောက်တစ်နေ့မနက်မှာ သူမခေါင်းကို ဖြတ်ပစ်ဖို့ အစီအစဉ်မရှိဘူးပေါ့။ (ဘာလိုပဲဖြစ်ဖြစ် သူမကလည်း မိုးလင်းတဲ့အထိ သူနဲ့အတူ နေလေ့မရှိပါဘူး) သူမ ဟာဘရာ့ကို ဒီပုံပြင်တွေ ပြောပြနေတယ်ဆိုတာကလည်း ပြောချင်လို့ပြောတာလို့ပဲ ဆိုရမယ်။ အကြောင်းကတော့ ချစ်တင်းနှောပြီးခါစ အခုလို စိမ်ပြေနပြေ ရင်းနှီးနွေးထွေးလှတဲ့ အခိုက်အတန့်မျိုးမှာ အခုလို အိပ်ယာထဲ ခွေခေါက်ပြီး ယောက်ျားတစ်ယောက်ကို စကားပြောရတာ သူမနှစ်သက်လို့ဖြစ်လိမ့်မယ်လို့ သူ ယူဆတယ်။ ပြီးတော့ နေတိုင်း အိမ်ထဲမှာပဲ အမြဲတမ်း ကြပ်ကြပ်ညှပ်ညှပ်နေရတဲ့ ဟာဘရာ့ကို သူမ နှစ်သိမ့်ပေးချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒါကြောင့်ပဲ ဟာဘရာက အမျိုးသမီးကို ခီဟာရာဇာလို့ ကင်ပွန်းတပ်ခဲ့တာ။ သူ့ရှေ့မှာတော့ ဒီနာမည်ကို မသုံးပါဘူး၊ ဒါပေမဲ့ သူ တစ်ကိုယ်တည်းကျိတ်ရေးနေတဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ သူမကို အဲဒီလိုပဲ ညွှန်းပြီး ရေးသားလေ့ရှိတယ်။ "ဒီနေ့ ခီဟာရာဇာ လာတယ်" ဘောပင်နဲ့ သူက အမှတ်အ...

ယာဉ်မောင်းသူ (၃)

ဒါကတော့ သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်သွားတဲ့ အကြောင်းပဲ။ သောက်ဖော်သောက်ဖက်တွေဟာ အနှေးနဲ့အမြန် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်သွားတတ်တာချည်းပဲ။ ပုံမှန်အဆက်အသွယ်လုပ်ပြီး မြို့ထဲက အရက်ဘားအများအပြားကို သူတို့ ရောက်ဖြစ်ကြတယ်၊ ရည်ရွယ်ချက်ရေရေရာရာမရှိဘဲ စကားတွေ ပြောဖြစ်ကြတယ်။ သူတို့ရဲ့ ဦးတည်ချက်ကတော့ သောက်ဖို့စားဖို့ကိစ္စသက်သက်ပဲ အမြဲတမ်းဖြစ်ခဲ့တယ်၊ တစ်ခါမှ ထမင်းလက်ဆုံ အတူတူမစားဖူးဘူး။ သူတို့ပေါင်းသင်းမိတဲ့ ကာလတစ်လျှောက်လုံး၊ အရက်ဘားတွေမှာရောင်းတဲ့ မုန့်တွေကိုပဲ တာကာသျှူကီ စားနေတာ ကာဖုကု မြင်ခဲ့ဖူးတယ်။ ဒီလူ ပုံမှန်ထမင်းဟင်းရော စားရဲ့လားမသိဘူးလို့ ကာဖုကုတွေးမိတဲ့အထိပဲ။ တစ်ခါတလေ ဘီယာသောက်တာကလွဲလို့ တာကာသျှူကီက ၀ီစကီကိုပဲ စွဲစွဲမြဲမြဲသောက်လေ့ရှိတယ်၊ သူ့စိတ်ကြိုက် မော့လ်ဝီစကီတံဆိပ်အမျိုးမျိုးပဲ။ သူတို့စကားဝိုင်းက အကြောင်းအရာတွေတော့ စုံတယ်၊ ဒါပေမဲ့ ကာဖုကုမိန်းမ သေတဲ့အကြောင်းဆီပဲ နောက်ဆုံးမှာ မပျက်မကွက်ပြန်ရောက်တယ်။ လွန်ခဲ့တဲ့တစ်နှစ် သူတို့လင်မယားအတူတကွရှိနေတုန်းက ဇာတ်လမ်းတွေကို ကာဖုက ပြန်ဖောက်သည်ချတဲ့ အချိန်တွေဆို တာကာသျှူကီက စိတ်ဝင်တစား နားထောင်နေတတ်တယ်၊ အဲဒီဇာတ်လမ်းတွေကို တိတ်တဆိတ် ခိုးယူသိမ်းဆည်းေ...

ယာဉ်မောင်းသူ (၂)

သူ့စိတ်ကူးတွေထက် ပိုပြီး နာကျင်စရာကောင်းတာကတော့၊ သူမဇာတ်လမ်းတွေကို သူသိထားတဲ့အကြောင်း မျိုသိပ်ထားပြီး သာမန်ဘ၀တစ်ခုမှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ အားထုတ်ရတာပဲ။ သွေးလွှတ်ကြောတွေအတွင်းမှာ သူ့သွေးတွေ အပြင်းအထန် ဆောင့်တိုးပြီး၊ သူ့အတွင်းအင်္ဂါတွေကို တစ်စစီဆုတ်ဖြဲပစ်နေချိန်မှာ၊ သူ့အပြင်ပန်းကိုတော့ တည်ငြိမ်နေအောင် သူထိန်းသိမ်းထားတယ်။ နေ့စဉ်ကိစ္စတွေ၊ စကားပြောဆိုဆက်ဆံရေးတွေနဲ့ သူတို့ရဲ့ အိမ်ထောင်သည်ဘ၀တစ်ခုလုံးဟာ ပုံမှန်အတိုင်းရှိခဲ့တာပဲ။ ဒီကိစ္စဟာ လူတစ်ယောက်အနေနဲ့ ထိန်းချုပ်နိုင်တဲ့ ကိစ္စတော့မဟုတ်ဘူး။ တစ်ဖက်မှာလည်း ကာဖုကုဟာ ကိုယ်တိုင်ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တစ်ဦးဖြစ်သလို သရုပ်ဆောင်ပညာကို ညွှန်ကြားပြသပေးနေတဲ့သူ၊ ကိုယ့်မူရင်းစိတ်ကို အဝေးတစ်နေရာဆီလွှင့်ထားဖို့ဆိုတာ သူ့အတွက်တော့ ထမင်းစားရေသောက်ပဲ။ ဒီတော့လည်း၊ အားပေးမယ့်ပရိသတ် တစ်ယောက်မှမရှိပေမယ့် သူ့ရင်ထဲက ဝေဒနာကို ဖုံးကွယ်ဖို့အတွက် သူ့သရုပ်ဆောင်ပညာကို အစွမ်းကုန်အသုံးချနေမိတော့တယ်။ သူ့ဇနီးအနေနဲ့ အခြေအနေပေးသလို တခြားယောက်ျားတွေနဲ့ အိပ်တတ်တဲ့အချက်ကလွဲလို့ သူတို့အိမ်ထောင်သည်ဘ၀မှာ အခက်အခဲကြီးကြီးမားမား တွေ့ခဲ့တာမျိုးမရှိပဲ ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။ န...

ယာဉ်မောင်းသူ (၁)

အမျိုးသမီးတွေ မောင်းတဲ့ ကားကို ကာဖုကု အကြိမ်အတော်များများ စီးဖူးပါတယ်။ သူ့အတွေ့အကြုံအရတော့ သူတို့ကို အကြမ်းဖျင်း နှစ်မျိုးနှစ်စား ခွဲခြားကြည့်နိုင်မယ်ထင်တယ်၊ နည်းနည်း အမောင်းကြမ်းလွန်းတဲ့ယာဉ်မောင်းနဲ့၊ နည်းနည်းလေးအမောင်း နုလွန်းတဲ့ ယာဉ်မောင်းပဲ။ ကျေးဇူးတင်စရာကောင်းတာကတော့၊ အရှေ့အုပ်စုထက် အနောက်အုပ်စုထဲပါတဲ့ လူတွေက အများကြီးပိုများတယ်။ အမျိုးသမီးယာဉ်မောင်းတွေဟာ အမျိုးသားယာဉ်မောင်းတွေထက်ပိုပြီး ယဉ်ကျေးတယ်၊ ပြီးတော့ သတိလည်းပိုကြီးတယ်။ ယဉ်ကျေးပြီး သတိကြီးလွန်းတဲ့ ယာဉ်မောင်းတွေကို စောဒကတက်စရာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ အဲဒီလို မောင်းပုံမျိုးက တချို့အခြေအနေတွေမှာ တခြားယာဉ်မောင်းတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်တယ်။ အခြားတစ်ဖက်မှာကျတော့၊ "အမောင်းကြမ်း" အုပ်စုထဲ အကျုံးဝင်တဲ့ အမျိုးသမီးယာဉ်မောင်းအများစုဟာ သူတို့ကိုယ်သူတို့ ကျွမ်းကျင်ယာဉ်မောင်းတွေအဖြစ် ခံယူထားမှန်း သိပ်သိသာတယ်။ အခြားကြောက်ကြောက်ရွံ့ရွံ့ အမျိုးသမီးယာဉ်မောင်းများတွေ့ရင် မကြာခဏဆိုသလို လှောင်ပြောင်တတ်တယ်။ သူတို့ကိုယ်သူတို့ အဲဒီအုပ်စုထဲမပါဘူးဆိုတာကို ဂုဏ်ယူယုံကြည်ထားလို့ပဲဖြစ်မယ်။ ခပ်ရဲရဲ ယာဉ်ကြောပြောင်းလိုက်တဲ့အခါမှာ သူတိ...

ထာဝရသို့ ထွက်ခွာရာ ခြေလှမ်းများ

မြို့ပြင်တစ်နေရာ၊ သစ်တောနှင့် သီးနှံစိုက်ခင်းများအနီး၊ မျက်မမြင်ကျောင်းဝန်းတစ်ခု၏ နှစ်လိုဖွယ် ခေါင်းလောင်းစင်အနီး၊ သူတို့နှစ်ယောက် အိမ်နီးချင်းများအဖြစ် ကြီးပြင်းခဲ့သည်။ အခုတော့ သူတို့ အသက်နှစ်ဆယ်၊ တစ်ဦးနှင့်တစ်ဦး မမြင်ရသည်မှာ တစ်နှစ်နီးပါးခန့် ရှိခဲ့ပြီ။ သူတို့နှစ်ဦးကြား ပျော်ရွှင်နွေးထွေးမှုတို့နှင့် အဆင်ပြေစွာရှိခဲ့သော်လည်း အချစ်အကြောင်းတော့ မပြောခဲ့ဖူး။ သူ့နာမည်က နျု၊ သူမ နာမည်က ကက်သရင်း။ နေ့လယ်ခင်းတစ်ခုတွင် နျုက ကက်သရင်း၏ အိမ်တံခါးကို ခေါက်လိုက်သည်။ ကက်သရင်းက တံခါးဆီသို့ ထွက်လာသည်။ သူမ ဖတ်လက်စ ပြောင်ပြောင်လက်လက် မဂ္ဂဇင်းထူထူတစ်အုပ်ကို ကိုင်လာသည်။ မဂ္ဂဇင်းက သတို့သမီးတို့အတွက် ဦးတည်ရေးသားထားသည်။ သူ့ကို မြင်သောအခါ "နျု" ဟု သူမက အံ့သြစွာ အော်ခေါ်လိုက်သည်။ "လမ်းလျှောက်ဖို့ လိုက်ခဲ့ပါလား" ဟု သူကပြောသည်။ သူက ရှက်တတ်သည်။ ရှက်တတ်သည်မှ ကက်သရင်းနှင့်တွေ့လျှင်တောင် ရှက်တတ်သည်။ သူ့ရှက်ရွံ့မှုကို စိတ်မပါသည့်စကားပြောဟန်ဖြင့် သူက ဖုံးကွယ်ထား၏။ စကားပြောနေစဉ်အတွင်း သူ့စိတ်တို့က အခြားအဝေးတစ်နေရာသို့ ရောက်နေသလိုမျိုး။ အထူးစုံထောက်တစ်ယောက်က အဝေးတစ်နေရာမှ အန္တရာယ်ရှိသည့် လှလှပ...

ဘ၀သည် ဟာသတစ်ပုဒ်

ကျွန်မ သေတုန်းက မြင်တဲ့သူတစ်ယောက်မှ အနီးအနားမှာ မရှိဘူး။ ကျွန်မ တစ်ယောက်တည်းပဲ သေသွားတယ်။ ဒါလည်း အဆင်ပြေပါတယ်။ တချို့လူတွေကတော့ အနားမှာ ကိုယ့်ကိုမြင်မယ့်သူ တစ်ယောက်မှမရှိဘဲ တစ်ယောက်တည်းသေရတာဟာ သိပ်ကိုကြေကွဲစရာကောင်းတယ်လို့ ထင်ကြတယ်။ ကျွန်မအထက်တန်းကျောင်းတုန်းက ရည်းစားက ကျွန်မကို လက်ထပ်ချင်ခဲ့တယ်၊ သူ့အကြောင်းပြချက်က ဘ၀မှာအရေးအကြီးဆုံးအရာက မျက်မြင်သက်သေရှိဖို့ပဲတဲ့။ အထက်တန်းကျောင်းက ရည်းစားကို ဘ၀တစ်လျှောက်လုံး အနားမှာရှိခိုင်းဖို့၊ ဒီလိုဆိုရင်တော့ မျက်မြင်ကိုယ်တွေ့တွေ အများကြီးဖြစ်နေမှာပဲ။ အရေးကြီးတဲ့အရာ မှန်သမျှကို မိန်းမတစ်ယောက်က မျက်မြင်သက်သေအဖြစ် ရှိနေတော့မှာပဲ။ ဘေးနားမှာအမြဲတမ်း ရှိနေပြီး သူများဘ၀တစ်ခု အထုပ်ပြေတာကြည့်နေဖို့လား၊ ဒါ ဇနီးမယားတစ်ယောက်ဖြစ်ဖို့အတွက် အကြောင်းရင်းဆိုတဲ့ စိတ်ကူးကိုတော့ ကျွန်မ မနှစ်မြို့ဘူး။ ဒါပေမဲ့ အခုတော့ သူ့ ကျွန်မ ပိုနားလည်နိုင်လာပြီ။ ကိုယ့်ဘ၀ကို ကြည့်မြင်ဖို့အတွက်၊ အဲဒီအကြောင်း ညတိုင်း ဆွေးနွေးဖို့အတွက် ကိုယ်ချစ်ရသူတစ်ယောက် အနားမှာရှိနေတယ်ဆိုတာ ခပ်သေးသေးကိစ္စတော့ မဟုတ်ဘူး။

တစ်ကွက်စာ ပြဇာတ်

ကျွန်တော့်အိမ်ကပ်လျက်က ကော်ဖီဆိုင်မှာ ချစ်စရာကောင်းတဲ့ စားပွဲထိုးမလေးတစ်ယောက်ရှိတယ်။ အဲဒီက စားဖိုခန်းမှာလုပ်တဲ့ ဘန်နီရဲ့ အပြောအရ သူ့နာမည်က "ဆစ်ခ်မာ"။ ဘဲမရှိဘူး၊ ပြီးတော့ ဆေးလေးဝါးလေးလည်း သုံးစွဲတတ်တယ် ဆိုပဲ။ ကော်ဖီဆိုင်မှာ သူ စားပွဲထိုးမလုပ်ခင်တုန်းက ကျွန်တော် အဲဒီဆိုင်ကို ယောင်လို့တောင် မရောက်ဖူးဘူး။ အခုတော့ မနက်မိုးလင်းတာနဲ့ အဲဒီက စားပွဲတစ်ခုမှာ ကျွန်တော်အခန့်သားထိုင်နေတာကို တွေ့ရပါလိမ့်မယ်။ အက်ပရက်ဆို သောက်မယ်။ သတင်းစာထဲ ကျွန်တော်လျှောက်ဖတ်ထားတဲ့အကြောင်းတွေ၊ အခြား ဆိုင်လာထိုင်သူတွေရဲ့အကြောင်း၊ ကွတ်ကီးမုန့်အကြောင်း စသည်ဖြင့် သူနဲ့ စကားစမြည်ပြောမယ်။ တစ်ခါတလေဆို သူ့ကို ရယ်သွားအောင်တောင် ကျွန်တော် လုပ်နိုင်သေးတယ်။ သူရယ်တဲ့အခါကျ ကျွန်တော်လည်း နေလို့ထိုင်လို့ကောင်းတယ်။ ရုပ်ရှင်သွားကြည့်ကြမလားလို့ သူ့ကို ကျွန်တော် ဖိတ်ခေါ်မိလုနီးနီးဖြစ်သွားတာ မကြာခဏပဲ။ ဒါပေမယ့် ရုပ်ရှင်ကြည့်ဖို့ခေါ်တယ်ဆိုတာက ဗြောင်ကျလွန်းတယ်။ ရုပ်ရှင်ဆိုတာ ညစာစားဖို့၊ ဒါမှမဟုတ် ကမ်းခြေမှာတစ်ပတ်လောက် အချိန်သွားဖြုန်းဖို့ မဖိတ်ခင် အစပြုရမယ့် ခြေလှမ်းပဲ။ စော်တစ်ပွေကို ရုပ်ရှင်ကြည့်ဖို့ ဖိတ်ခေါ်ပြီဆိုကတည်းက တစ်ခုပဲြ...

"မစ္စတာဇက်၏ ရင်သပ်ရှုမောဖွယ် ဘ၀ဇာတ်လမ်း" (၂)

ဒီလိုနဲ့ ခဏအကြာမှာ ဂျော့လည်း တကယ်အိပ်ပျော်သွားတယ်။ အပူချိန်မြင့်နေတဲ့အခန်းထဲ ခေါင်းကို အနေအထားမမှန်မကန်နဲ့ အိပ်နေရင်း ဂျော့တစ်ယောက် ဂလော်ရီယာအကြောင်းကို အိပ်မက်မက်နေတယ်။ ပြန်နိုးလာတော့ ဆေးရုံအခန်းဟာလည်း သူ့အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတယ်။ ဘယ်ဟာ အစစ်အမှန်လဲ၊ ဘယ်ဟာ အိပ်မက်လည်း ခွဲခြားဖို့ကြိုးစားရင်း သူ့ဘေးနားက စားပွဲခုံပေါ်က ပစ္စည်းတွေကို ဂျော့စစ်ဆေးကြည့်မိတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဂလော်ရီယာ သူ့အတွက်ယူလာတဲ့ ပန်းပင်နဲ့ မဂ္ဂဇင်းလည်းပါတယ်။ မဂ္ဂဇင်းရဲ့ အဖုံးကတော့ ဂျော့မက်နေတဲ့အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခု သိပ်ကိုဖြစ်နိုင်တယ်။ ဒါနဲ့ သူလည်း ဘေးကို ပစ်ထားလိုက်တယ်။ တကယ် စစ်မှန်တာတစ်ခုကို ဖတ်နိုင်ဖို့အတွက် ပန်းပင်ရဲ့ ပင်စည်မှာ တွဲချည်ထားတဲ့ စာရွက်လေးကို ဖတ်လိုက်တယ်။ စာသားကတော့ အတော်လေးစစ်မှန်ပါတယ်။ ပန်းပင်ရဲ့ ရုက္ခဗေနာမည်ကို ရေးထားတယ်။ ဒါပေမဲ့ အဲဒီစာသားလည်း ပြီးရော နောက်စာသားတွေက ရုတ်တရက် ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်တယ်။ "သတိ။ မှတ်ပုံတင်ထားပြီး အပင်မျိုးစိတ်ဖြစ်သည်။ လိင်မဲ့မျိုးပွားခြင်းကို ဥပဒေအရ တင်းကြပ်စွာတားမြစ်ထားသည်" လို့ ရေးထားတယ်။ *****

"မစ္စတာဇက်၏ ရင်သပ်ရှုမောဖွယ် ဘ၀ဇာတ်လမ်း" (၁)

ဂျော့က ဓမ္မဆရာရဲ့သား၊ ပြီးတော့ ဓမ္မဆရာရဲ့ မြေးဆိုလည်းဟုတ်တယ်။ ကိုရီးယားစစ်ပွဲကို ရောက်ခဲ့တယ်။ စစ်ကြီးပြီးတော့ သူလည်း ဓမ္မဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက အပေါက်ကျဉ်းဆိုတာ မကြုံဖူးသေးတဲ့ လူငယ်လေး။ ဒုက္ခရောက်နေသူတွေကို ကူညီချင်တယ်။ ဒီတော့ ရှီကားဂိုးတက္ကသိုလ်ကို တက်တယ်။ ဘာသာရေးတင်မကဘူး၊ လူမှုသိပ္ပံ၊ စိတ်ပညာ၊ ပြီးတော့ မနုဿဗေဒကိုတောင် သင်ယူခဲ့သေးတယ်။ တစ်နှစ်ပတ်လုံး ကျောင်းတက်လာအပြီး နွေရာသီတန်းခွဲအရောက်မှာ "မှုခင်းရေးရာ" ဘာသာရပ်အတွက် အတန်းတစ်ခုရှိနေတာ တွေ့ရတယ်။ ရာဇ၀တ်သားတွေအကြောင်း ဂျော့က ဘာဆိုဘာမှမသိဘူး။ ဒီတော့လည်း သင်တန်းကိုတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ "စိန့်ပရဲယားဂရပ်ဇ်" ဆိုတဲ့ နာမည်နဲ့ အကျဉ်းသူတစ်ယောက်ကို တွေ့ဆုံမေးမြန်းဖို့ နယ်မြေအကျဉ်းထောင်တစ်ခုဆီ သူ့ကို လွှတ်လိုက်ကြတယ်။ အကျဉ်းသူဆိုတာက၊ ကြေးစားလူသတ်သမားနဲ့ သူခိုးလို့ ပြောနေကြတဲ့ "ဘားနပ်ဂရပ်ဇ်" ဆိုသူရဲ့ မိန်းမပဲ။ ဂွကျတာက သူ့အကြောင်း ဘယ်လိုမှ သက်သေမပြနိုင်တာနဲ့ ဂရပ်ဇ်က အဖမ်းမခံရပဲ အပြင်မှာပဲ လတ်လျားလတ်လျား ဖြစ်နေတယ်။ သူ့မိန်းမကတော့ ခိုးရာပါပစ္စည်း လက်ခံမှုနဲ့ ထောင်ထဲရောက်နေလေရဲ့။ ဂရပ်ဇ်ခိုးထားတာတွေဆိုတာ...

မှော်ပုဇွန်လုံး

< ၁ > ဂျယ်ရမီးက ကော်နီကျွန်းကလေးမှာ သူ့အဖေ၊ အမေနဲ့ အစ်မ ဆယ်လိုတို့နဲ့အတူ နေတယ်။ သူမွေးကတည်းက ပင်လယ်ရနံ့တွေကိုပဲ အသက်ရှူသွင်းခဲ့တယ်။ ကမ်းခြေမှာ လမ်းလျှောက်ရတာလောက် သူပိုပြီးနှစ်သက်တဲ့အရာ မရှိတော့ဘူး။ နေပူပူမိုးရွာရွာ ဂျယ်ရမီးတစ်ယောက်ကတော့ ပင်လယ်ကမ်းစပ်ကို ရောက်တာချည်းပဲ။ အဝေးက သင်္ဘောတွေကို ငေးကြည့်မယ်၊ လှိုင်းပုတ်သံတွေ၊ ဘောကွင်းတွေဆီက ခေါင်းလောင်းသံတွေနဲ့ ဖားအော်သံတွေကို နားထောင်မယ်၊ သူ့ ခြေထောက်ဆီက သဲပွင့်တွေရဲ့ အရသာကို ခံစားမယ်၊ ပြီးတော့ ရွက်လွှင့်နေရတဲ့အကြောင်း စိတ်ကူးယဉ်မယ်ပေါ့။ ကမ်းခြေမှာလမ်းလျှောက်တိုင်း သူ ဆာလောင်မှုကိုခံစားရတာချည်းပဲ၊ ဂျယ်ရမီးအကြိုက်အစားအစာကတော့ ငါးပေါ့။ ပင်လယ်ထဲက ထွက်လာတဲ့ ဘယ်အရာမကိုမဆို သူ ကြိုက်တာချည်းပါပဲ။ တစ်နေ့မှာတော့ ပင်လယ်ထဲ ရွက်တိုင်သုံးခုတပ် ရွက်လှေကြီးတစ်စင်း ဖြတ်သွားတာကို မြင်ခွင့်ရလိုက်ပြီး၊ ရေစပ်မှာ မြင်းခွာကဏန်းတစ်ကောင်လျှောက်သွားနေတာကို ထူးထူးခြားခြားကြုံတွေ့ရတဲ့ ပြီးပြည့်စုံတဲ့ လမ်းလျှောက်အပြန်မှာ သူ့အမေက သူ့အတွက် ပုဇွန်လုံးတွေ ၀ယ်ထားတာ တွေ့ပြီး ဂျယ်ရမီး ပျော်သွားတယ်။ ပုဇွန်လုံးတွေက မီးဖိုချောင်စားပွဲမှာ အရှင်တွေ၊ ခြေချောင်းတွေနဲ့ နှုတ်...

ပျော်ရွှင်ဖွယ်မွေးနေ့

"နွေဆိုတာက မွေးနေ့ဖြစ်ဖို့ အတော်ကောင်းတဲ့ရာသီပဲ" ဟု အဘိုးအိုကပြောလိုက်သည်။ "အခုလို ရွေးချယ်ခွင့်သာရှိနေမယ်ဆိုရင် နွေရာသီကိုပဲရွေးမှာပေါ့" သူ့လက်မကို လျှာနဲ့တို့ပြီး စိုအောင်လုပ်လိုက်သည်။ ထို့နောက် စစ်သားက ဖြည့်ဖို့ပေးထားသော စာရွက်စာတမ်းတစ်ထပ်ကြီးကို တဖျပ်ဖျပ်လှန်နေတော့သည်။ မွေးနေ့တစ်ခုတောင် မရှိဘဲနှင့်တော့ မည်သည့်စာရွက်ကိုမျှ ဖြည့်နိုင်မည်မထင်။ ထို့ကြောင့် ကောင်လေးအတွက် မွေးနေ့တစ်ခု ရွေးချယ်ရပေလိမ့်မည်။ "ဒီနေ့လည်း မင်းမွေးနေ့ဖြစ်နိုင်တာပဲ။ မင်း သဘောကျမယ်ဆိုရင်ပေါ့" အဘိုးအိုက ပြောသည်။ "ဒါပေမဲ့ မနက်က မိုးရွာတယ်" ကောင်လေးက ပြောသည်။ "ဒါဆိုလည်း ပြီးရောကွာ။ မနက်ဖြန်ဆိုရင်ရော၊ မိုးသားတွေ တောင်ဘက်ကို လွင့်နေပြီ။ မနက်ဖြန်ဆိုရင်တော့ တစ်နေကုန် နေသာတော့မှာ" နံနက်စောစောကျလာသော မိုးကြိုးမုန်တိုင်းမှ ခိုလှုံရန် နေရာရှာရင်း စစ်သားများက အဘိုးအိုနှင့်ကောင်လေးတို့ ပုန်းအောင်းနေသော ကတုတ်ကျင်းလေးကို အမှတ်မထင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံး စာရွက်စာတမ်းမရှိ၊ ပြောရမည်ဆိုလျှင် အသက်ရှင်နေထိုင်ရန် တရားဝင်ခွင့်ပြုချက်စာရွက်တစ်ခုခုမရှိဘဲ ထိုအပျက်အ...

အမည်မဲ့စစ်သား

အရေးမပါတဲ့ကိစ္စပါ၊ ကျုပ်တို့ကလေးကို ခရစ်နှစ်သုံးထောင်ထဲကို ချဉ်းနင်းဝင်ရောက်လာပြီး ပထမဆုံးမွေးတဲ့ နျူးယောက်မြို့ဖွားကလေးငယ်လို့ သူတို့က ပြောတယ်။ ၂၀၀၀ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့ ညသန်းခေါင်အပြီး ဆယ်စက္ကန့်အကြာမှာပေါ့။ လူအများထောက်ပြကြသလိုပဲ၊ တကယ်တော့ သုံးဆယ်ရာစုထဲကို တာစထွက်ဖို့ဆိုတာက ၂၀၀၁ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့မှ စ,ရမှာပါ။ နက္ခတ်ဗေဒအရပြောရင်လည်း ကျုပ်တို့ကလေးကို မွေးတော့ နှစ်သစ်တောင် ခြောက်နာရီသားဖြစ်နေပြီလေ၊ ဘာလို့ဆို ဒါက အင်္ဂလန်၊ ဂရင်းနစ်က တော်ဝင်စောင့်ကြည့်ရေးဌာနမှာ အချိန် စ,ခဲ့တာမဟုတ်လား။ ဒါပေမဲ့လည်း ခရစ်တော်ရဲ့မွေးနေ့တောင်မှ ခန့်မှန်းခြေကိုပဲ သတ်မှတ်ထားကြတာဆိုတော့ ဒီလိုကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး သိပ်ခေါင်းရှုပ်ခံနေစရာတော့ မရှိဘူး။ ဒီလိုကိန်းဂဏန်းအချက်အလက်တွေက သိပ်ကိုေ၀၀ါးလွန်းတယ်။ ပြီးတော့ ဘယ်ကလေးက ဘယ်နမိနစ်မှာ မွေးတယ်လို့ ဘယ်သူက ပြောနိုင်တာမှတ်လို့။ ခေါင်း စ,ထွက်လာတဲ့ အချိန်လား။ တစ်ကိုယ်လုံး အမေ့အပြင်ရောက်မှလား။ အချင်းဖြတ်ပြီးတဲ့ အချိန်လား။ မြို့မှာ ၂၀၀၀ ခုနှစ်ရဲ့ ပထမဆုံးမွေးဖွားတဲ့ကလေးကို တန်ဖိုးကြီးတဲ့ ဆုတွေအမြားအပြားပေးဖို့ ရှိလေတော့၊ အချင်းဖြတ်တဲ့အချိန်ထိတော့ တွက်လို့မဖြစ်ဘ...

မျက်စပစ်ခြင်း နောက်ဝယ်

[ ၁ ] ဇာတ်လမ်းအစကတော့ ဘာပြဿ     နာ  မှ မရှိခဲ့တာပါ။ ဇာတ်လမ်းဆိုတာ ဘာကိုမှဆိုလိုချင်တာမဟုတ်ဘူးရှင့်၊ ကျွန်မအာရုံလာတဲ့အတိုင်း ပြောလိုက်မိတာ။ ဒီမှာ ကျွန်မပြောမယ်၊ အသက်လေးဆယ့်နှစ်နှစ်၊ ကလေးသုံးယောက်၊ ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင့်တာဝန်တွေယူထားရသူဆို ရှင်ရော စိတ်လှုပ်ရှားစရာကို ရှာဖွေမျှော်လင့်မိမှာပဲလား။ ရုတ်တရက် ကားဘရိတ်ကို အပြင်းနင်းချပြီး သွေးကျောအားလုံးထဲက ယီးးး…ဟလို့ ပေါက်ကွဲထွက်လာတဲ့ ပေါက်တက်ကရ စိတ်လှုပ်ရှားမှုမျိုး မဟုတ်ဘဲနဲ့လေ။ အခုနောက်ပိုင်းမှာ ယောက်ျားတွေကို ကျွန်မ သတိထားကြည့်နေခဲ့မိတာ အမှန်ပဲ။ အထူးသဖြင့်တော့ သူတို့ရဲ့ လက်မောင်းသားတွေပေါ့။ ဘာလို့လဲလို့တော့ ကျွန်မကို မမေးနဲ့၊ ယောက်ျားတွေရဲ့လက်မောင်းတွေကို ကျွန်မ ကြွေသွားတာ ရုတ်တရက်ကြီးဆိုသလို ဖြစ်လာတာ။ မိန်းကလေးတွေမှာ မရှိတဲ့ တံတောင်ဆစ်အောက်ပိုင်းက အမြောင်းမြောင်းထနေတဲ့ ကြွက်သားစိုင်တွေနဲ့ မွှေးညင်းပါးပါးလေးရှိနေတဲ့ လက်ဖျံတွေ။ ပြီးတော့ လေးထောင့်ကျပြီး လုပ်နိုင်ကိုင်နိုင်ရှိတဲ့ ယောက်ျားတွေရဲ့ လက်ဖ၀ါးတွေ။ အို.. ဒါတွေကို ကျွန်မ နေရာတကာမှာ မြင်နေရတယ်ရှင်။ စားသောက်ဆိုင်တွေ၊ ဓာတ်ဆီဆိုင်တွေ၊ သောက်တလွဲ စူပါ...

မနေ့က (၂)

စနေနေ့ကျတော့ ကျွန်တော်နဲ့ အီရီကာတို့ ရှီဘူယာမှာတွေ့ပြီး နယူးယောက်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ ၀ူဒီအလန်ရုပ်ရှင်ကားကို ကြည့်ကြတယ်။ သူ ၀ူဒီအလန်ရုပ်ရှင်တွေကို ကြိုက်တယ်ဆိုတာ ကျွန်တော် တစ်နည်းနည်းနဲ့ အနံ့ရလိုက်သလိုပဲ။ ပြီးတော့ ကီတရုအနေနဲ့ သူ့ကို အခုလို ရုပ်ရှင်ကြည့်ဖို့ တစ်ခါမှမခေါ်ဖူးဘူးဆိုတာ ကျွန်တော်အသေအချာပြောရဲတယ်။ ကံကောင်းချင်တော့ ရုပ်ရှင်ကားကလည်း ကောင်းတယ်၊ ရုံထဲကထွက်လာတော့ ကျွန်တော်တို့နှစ်ယောက်လုံး ရွှင်မြူးနေကြတယ်။ နေ၀င်ရီတယောလမ်းတွေအတိုင်း ကျွန်တော်တို့ ခဏလောက် ခြေဦးတည့်ရာလျှောက်လာခဲ့ကြတယ်။ ပြီးတော့မှ ဆာကူရာဂိုဝါကာက အီတလီရပ်ကွက်လေးတစ်ခုကိုသွားပြီး ပစ်ဇာနဲ့ ကီယန်းတီးဝိုင်နီ သောက်ကြတယ်။ ဆိုင်လေးက စားပျော်သောက်ပျော်ရှိပြီး ဈေးနှုန်းကလည်း သင့်တင့်တယ်။ အလင်းရောင်မှိန်မှိန်ပဲရှိပြီး စားပွဲတွေပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်းထားတယ်။ (အဲဒီအချိန်းတုန်းက အီတလီစားသောက်ဆိုင်အတော်များများဟာ စားပွဲတွေပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး စားပွဲခင်းကို ပိုးသားရောင်စုံအကွက်ဆင်တွေ သုံးတတ်ကြတယ်) ကျွန်တော်တို့ကတော့ ရောက်တတ်ရာရာ အကုန်လျှောက်ပြောကြတယ်၊ ပထမဆုံးချိန်းတွေ့တဲ့ ကောလိပ်ဒုတိယနှစ်ကျောင်းသားနှစ်ဦး ပြေ...

မနေ့က (၁)

ဘီတဲလ်စ်တွေရဲ့ "မနေ့က" ဆိုတဲ့ သီချင်းတေးသွားမှာ ဂျပန်စာသားတွေသွတ်သွင်းခဲ့တဲ့သူ (ပြီးတော့လည်း ဘယ်သူနဲ့မှမတူတဲ့ ခန်ဆိုင်းလေသံနဲ့) ဟာ ကျွန်တော်သိသလောက်တော့ ဒီကမ္ဘာပေါ်မှာ ကီတရုဆိုတဲ့ကောင်တစ်ယောက်တည်းပဲ ရှိမယ်ထင်တယ်။ ရေချိုးကန်ထဲမှာ ၀င်စိမ်နေတဲ့အချိန်တိုင်း သူက သူ့ကိုယ်ပိုင်ဟန်ဖြစ်သွားတဲ့ အဲဒီသီချင်းစာသားကို အော်ကြီးဟစ်ကျယ် ဆိုလေ့ရှိခဲ့တယ်။ "မနေ့ကဆိုတာ... မနက်ဖြန်မရောက်ခင် နှစ်ရက်အလိုပါ လွန်ခဲ့တဲ့နှစ်ရက်အကြာရဲ့ အနောက်မှာ..." ကျွန်တော်မှတ်မိသလောက် သီချင်းအစက အဲဒီလိုပါ။ ဒါပေမဲ့ မကြားခဲ့ရတာလည်း အတော်ကြာပြီဆိုတော့ ဒီစာသားအတိုင်း အတိအကျလားဆိုတာ ကျွန်တော်မသေချာတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကီတရုရဲ့ သီချင်းစာသားဟာ အစကနေအဆုံးထိ တစ်လုံးမှ အဓိပ္ပာယ်ရှိတာမဟုတ်ဘူး။ မူရင်းစာသားတွေနဲ့ ဘာမှမသက်ဆိုင်တဲ့ ပေါက်တတ်ကရတွေပဲ။ ဘီတဲလ်စ်တွေရဲ့ ရင်းနှီးပြီးသား ချစ်စရာအဆွေးသံစဉ်လေးဟာ အာပေါင်အာရင်းသန်တဲ့ ခန်ဆိုင်းလေသံ (အဆွေးဓာတ်နဲ့ လုံးလုံးဆန့်ကျင်ဘက်လို့ပဲ ပြောပါတော့) နဲ့ မိတ်ဖက်ဖြစ်သွားရတယ်။ ဒီတော့လည်း သီချင်းရဲ့အစပ်အဟပ်က ဆန်းနေတယ်၊ စနစ်တကျထုဆစ်ပုံဖေါ်မှုအပေါ် ပြတ်ပြတ်သားသား ငြင်းချက်ထုတ်လိုက်သလိုပဲ။...