အမျိုးသမီးတွေ မောင်းတဲ့ ကားကို ကာဖုကု အကြိမ်အတော်များများ စီးဖူးပါတယ်။ သူ့အတွေ့အကြုံအရတော့ သူတို့ကို အကြမ်းဖျင်း နှစ်မျိုးနှစ်စား ခွဲခြားကြည့်နိုင်မယ်ထင်တယ်၊ နည်းနည်း အမောင်းကြမ်းလွန်းတဲ့ယာဉ်မောင်းနဲ့၊ နည်းနည်းလေးအမောင်း နုလွန်းတဲ့ ယာဉ်မောင်းပဲ။ ကျေးဇူးတင်စရာကောင်းတာကတော့၊ အရှေ့အုပ်စုထက် အနောက်အုပ်စုထဲပါတဲ့ လူတွေက အများကြီးပိုများတယ်။ အမျိုးသမီးယာဉ်မောင်းတွေဟာ အမျိုးသားယာဉ်မောင်းတွေထက်ပိုပြီး ယဉ်ကျေးတယ်၊ ပြီးတော့ သတိလည်းပိုကြီးတယ်။ ယဉ်ကျေးပြီး သတိကြီးလွန်းတဲ့ ယာဉ်မောင်းတွေကို စောဒကတက်စရာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ အဲဒီလို မောင်းပုံမျိုးက တချို့အခြေအနေတွေမှာ တခြားယာဉ်မောင်းတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်တယ်။
အခြားတစ်ဖက်မှာကျတော့၊ "အမောင်းကြမ်း" အုပ်စုထဲ အကျုံးဝင်တဲ့ အမျိုးသမီးယာဉ်မောင်းအများစုဟာ သူတို့ကိုယ်သူတို့ ကျွမ်းကျင်ယာဉ်မောင်းတွေအဖြစ် ခံယူထားမှန်း သိပ်သိသာတယ်။ အခြားကြောက်ကြောက်ရွံ့ရွံ့ အမျိုးသမီးယာဉ်မောင်းများတွေ့ရင် မကြာခဏဆိုသလို လှောင်ပြောင်တတ်တယ်။ သူတို့ကိုယ်သူတို့ အဲဒီအုပ်စုထဲမပါဘူးဆိုတာကို ဂုဏ်ယူယုံကြည်ထားလို့ပဲဖြစ်မယ်။ ခပ်ရဲရဲ ယာဉ်ကြောပြောင်းလိုက်တဲ့အခါမှာ သူတို့ အနီးတစ်ဝိုက်က တခြားယာဉ်မောင်းတွေ ဘရိတ်ဆောင့်အုပ်လိုက်ရတာကိုတော့ သူတို့ကိုယ်တိုင် သတိမပြုမိလိုက်တာ များတယ်။
ဒီအုပ်စုနှစ်စုထဲ မပါတဲ့ တခြားအမျိုးသမီးယာဉ်မောင်းတွေလည်း ရှိပါတယ်။ မကြမ်းလွန်း မနုလွန်းဘဲ၊ ပုံမှန်အတိုင်း ရိုးရိုးမောင်းနှင်တဲ့ အမျိုးသမီးတွေပေါ့။ အဲဒီလို အမျိုးသမီးတွေကတော့ ကျွမ်းကျင်ယာဉ်မောင်းတွေပါပဲ။ ဒီလို ကျွမ်းကျင်ယာဉ်မောင်းတွေဆီမှာတောင်မှ၊ ကားမောင်းနေစဉ်မှာ စိုးရိမ်ပူပန်တဲ့ အရိပ်အငွေ့လေးတွေရှိနေတာကို ကာဖုကုကတော့ အမြဲ အရိပ်အကဲဖမ်းမိနေရဆဲပဲ။ အဲဒီအရိပ်အငွေ့လေးတွေက ဘာလဲလို့တော့ သူ အတိအကျ မပြောနိုင်ဘူး၊ ဒါပေမဲ့ ယာဉ်မောင်းဆီမှာ သက်တောင့်သက်သာမဖြစ်တဲ့ အခြေအနေတစ်ခု ရှိနေတယ်ဆိုတာ၊ ခရီးသည်တစ်ဦးအနေနဲ့ သူသိနေတယ်။ အကျိုးဆက်အားဖြင့်တော့၊ သူကိုယ်တိုင်လည်း ဇိမ်ကျကျမစီးနိုင်တော့ဘူး။ မအီမလည်နဲ့ အာခေါင်တွေ ခြောက်လာမယ်၊ ဒီလိုမှမဟုတ်လည်း စကားသံတိတ်ဆိတ်မနေရအောင် သူက ဟိုဟိုဒီဒီ စကားလျှောက်ပြောမိတော့တယ်။
ကားကို ကောင်းကောင်းမောင်းတတ်တဲ့ အမျိုးသားယာဉ်မောင်းတွေ ရှိနေတာကို လက်ခံမယ်ဆိုရင် သိပ်မစွံတဲ့ အမျိုးသားယာဉ်မောင်းတွေလည်း ရှိနေမယ်ဆိုတဲ့ အချက်ကို လက်ခံရမှာ အမှန်ပဲ။ ဒါပေမဲ့ သိပ်မစွံတဲ့ အမျိုးသားယာဉ်မောင်းတွေ မောင်းတဲ့အခါမှာ သူတို့ဆီမှာ စိုးရိမ်စိတ်ရှိနေတာကို ကာဖုကု မဖမ်းမိဘူး။ အဲဒီအမျိုးသားတွေအဖို့ ကားမောင်းတဲ့ကိစ္စကို အေးဆေးဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ တကယ်တမ်းမှာ သူတို့လည်း အမျိုးသမီးတွေလိုပဲ စိုးရိမ်စိတ်ရှိချင်ရှိနေမှာပဲ။ ဒါပေမဲ့ မသိစိတ်နဲ့ပဲဖြစ်ဖြစ်တစ်နည်းနည်းနဲ့၊ သူတို့ရဲ့ စိုးရိမ်စိတ်ကို စိတ်ရဲ့ပြင်ပအလွှာကနေ ဖယ်ထုတ်ထားလိုက်နိုင်ပုံပေါ်တယ်။ ကားမောင်းနေရင်းတန်းလန်းပဲ မှန်တမ်းစကားအခြေအတင် ပြောနိုင်တယ်၊ ကားမောင်းနေတဲ့အလုပ်ကို စကားပြောတဲ့အလုပ်နဲ့ သက်သက်စီစည်းခြားထားနိုင်သလိုပဲ။
အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားက ထူးခြားတဲ့ကွာဟချက်ကို ကာဖုကု စဉ်းစားခဲ့ဖူးတယ်၊ ဒါပေမဲ့ စွမ်းဆောင်ရည် ခြားနားချက်တစ်ခုခု ရှာမတွေ့ခဲ့ဘူး။ သူ့အလုပ်ရဲ့ သဘာဝအရ ကာဖုကုအနေနဲ့ အမျိုးသားတွေနဲ့ရော အမျိုးသမီးတွေနဲ့ပါ တန်းတူရည်တူ အလုပ်တွဲလုပ်ခဲ့ဖူးတယ်။ အမျိုးသမီးတွေနဲ့ တွဲလုပ်ရတာကို ပိုပြီးသက်တောင့်သက်တာရှိတာ အမှန်ပဲ။ အမျိုးသမီးတွေက စေ့စေ့စပ်စပ်ရှိတယ်၊ သူများပြောတာကို ကောင်းကောင်းနားထောင်တတ်တဲ့ အရည်အသွေးလည်းရှိတယ်။ ကားထဲရောက်နေတဲ့ အခြေအနေမှာပဲ ကာဖုကုအနေနဲ့ အမျိုးသမီးတစ်ယောက်ဘေးနားမှာပါလားဆိုတဲ့ အသိကို ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဘယ်သူ့ကိုမှ သူမပြောပြခဲ့ဘူး။ ဒီကိစ္စဟာ၊ တစ်ယောက်ယောက်နဲ့ အခြေတင်ဆွေးနွေးဖို့အတွက် အကြောင်းအရာကောင်းတစ်ခု မဟုတ်ဘူးလို့ သူ ထင်တယ်။
ဒါကြောင့်ပဲ ကျွမ်းကျင်ယာဉ်မောင်းတစ်ယောက် လိုချင်တယ်လို့ ကားဝပ်ရှော့ပိုင်ရှင် အိုဘာကို သူ ပြောတဲ့အခါ၊ အိုဘာက အမျိုးသမီးယာဉ်မောင်းတစ်ဦးကို ထောက်ခံချက်ပေးတော့ ကာဖုကုအနေနဲ့ လိုလိုလားလား မရှိခဲ့ဘူး။ အိုဘာကတော့ ကာဖုကုမျက်နှာက ဟန်ကို ကြည့်ပြီး "ခင်ဗျားအကြောင်း ကျွန်တော်သိသားပဲ" ဆိုတဲ့သဘောမျိုး ပြုံးလိုက်တယ်။
"စောင့်ကြည့်ပါဦး။ ကားနဲ့ပတ်သက်ပြီး သူ့အရည်အသွေးကို ခင်ဗျားသံသယမရှိစေချင်ဘူး။ ကျွန်တော်ကိုယ်တိုင် အာမခံပါတယ်။ အနည်းဆုံးတော့ သူ့ကိုခေါ်ပြီး တစ်ချက်လောက် စမ်းမောင်းခိုင်းကြည့်ပေါ့"
"ခင်ဗျား ဒီလောက်သေချာနေတယ်ဆိုရင်တော့လည်း ပြီးတာပဲ" လို့ ကာဖုကုက ပြန်ပြောလိုက်တယ်။
သူ့အတွက်တော့၊ ယာဉ်မောင်း မြန်မြန်ရလေ ကောင်းလေပဲ။ ပြီးတော့ အိုဘာနဲ့ သူသိခဲ့တာ ဆယ့်ငါးနှစ်လောက်ကြာပြီ၊ ယုံကြည်စိတ်ချနိုင်တဲ့လူပဲ။ ဆံပင်ကြမ်းကြမ်း၊ မှင်စာလိုရုပ်ရည်မျိုးနဲ့၊ ဒါပေမဲ့ ကားနဲ့ပတ်သက်လာရင်တော့ သူပြောတာ ဘယ်တုန်းကမှ မလွဲဖူးဘူး။
"လိုလိုမယ်မယ်၊ ခင်ဗျားကားကို အလိုင်းမင်း ကျွန်တော် စစ်ထားလိုက်မယ်။ အဆင်ပြေတယ်ဆိုရင်တော့ ကြာသပတေးနေ့ နေ့လယ် ၂ နာရီလောက်ဆို ပြန်ရပါပြီ။ အဲဒီအချိန်လောက် သူ့ကိုလည်း ဒီကိုလာခဲ့ဖို့ ခေါ်ထားလိုက်မယ်လေ။ ဒီနားတစ်ဝိုက်က လမ်းပေါ်မှာ ခင်ဗျားသူ့ကို မောင်းခိုင်းကြည့်ပေါ့။ အဆင်မပြေဘူးဆိုရင်လည်း ဘာမှမပူနဲ့၊ မပြေဘူးလို့ ပြောလိုက်ရုံပဲ"
"ကောင်မလေးက အသက်ဘယ်လောက်လောက် ရှိပြီလဲ"
"နှစ်ဆယ့်ငါးဝန်းကျင်ပေါ့။ သေချာတော့ မမေးကြည့်ဖူးဘူး" လို့ ပြောပြီး အိုဘာရဲ့ နဖူးပြင်က မျက်မှောင်ကုပ်သွားတယ်။
"တစ်ခုရှိတာက၊ ကျွန်တော်ပြောခဲ့သလိုပဲ၊ သူ့ ကားမောင်းစွမ်းရည်ကတော့ ပြောစရာမရှိဘူး။ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
"ဘယ်လိုပြောရမလဲ။ သူနဲ့ပတ်သက်ပြီး နည်းနည်းဂွကျတာတော့ ရှိတယ်"
"ဘယ်လိုမျိုးလဲ"
"သူက ရှင်းရှင်းဘွင်းဘွင်းသမား၊ စကားတော့ သိပ်မပြောဘူး၊ ဆေးလိပ်မနားတမ်း သောက်တယ်" လို့ အိုဘာက ပြောတယ်။ "ခင်ဗျား သူနဲ့တွေ့တော့ သိပါလိမ့်မယ်။ ကောင်မလေးတွေလို ခိုးခိုးခစ်ခစ်ရယ်နေတာမျိုး မရှိဘူး။ အမှန်အတိုင်းပြောရရင် ဘယ်တော့မှ မပြုံးဘူး၊ နည်းနည်း ရင့်တယ်ပေါ့ဗျာ"
"ဒါက အရေးမကြီးပါဘူး။ မော်ဒယ်ဖြစ်နေရင်လည်း သူ့ဘေးကနေ ကျွန်တော် အေးအေးဆေးဆေး လိုက်စီးနိုင်မှာမဟုတ်ဘူး။ မလိုအပ်ဘဲ အတင်းအဖျင်းပြောတာတောင် ခံရနိုင်သေးတယ်"
"ဒါဆိုရင်တော့ ခင်ဗျားလိုချင်နေတာနဲ့ ကွက်တိပဲထင်တယ်"
"ဘာပဲဖြစ်ဖြစ် ကားမောင်းတာတော့ ကျွမ်းကျင်တယ်မဟုတ်လား"
"ဒါကိုတော့ စိတ်ချပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ ကျွမ်းတယ်လို့ ပြောတာ မဟုတ်ဘူး၊ ကျွမ်းကို ကျွမ်းတာ"
"လောလောဆယ် သူ ဘာအလုပ်လုပ်နေလဲ"
"ကျွန်တော် အသေအချာတော့ မသိဘူး။ ရေတို အလုပ်ကလေးတွေလုပ်ရင်း လက်လုပ်လက်စားပဲထင်တယ်။ ကမ်းလှမ်းချက်ကောင်းကောင်း ရှိလာရင် လက်ရှိအလုပ်က သူ ချက်ချင်းထွက်မှာပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က သူ့ကို ဒီဆိုင်ကို ခေါ်လာသေးတယ်၊ ဒါပေမဲ့ ကျွန်တော့်လုပ်ငန်းကလည်း သိပ်ကောင်းနေတာ မဟုတ်ဘူး။ အချိန်ပြည့်အလုပ်သမားတစ်ယောက် နောက်ထပ် ထပ်မခန့်နိုင်ဘူး။ ဒါနဲ့ လိုအပ်တဲ့အချိန်လောက်ပဲ လှမ်းခေါ်တယ်။ ကောင်မလေးက နပ်ပါတယ်။ အရက်လည်း လက်ဖျားနဲ့မတို့ဘူး"
အရက်ဆိုတဲ့အသံကြားတဲ့အချိန်မှာ ကာဖုကုမျက်နှာက မှိုင်းသွားတယ်။ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ၊ ညာဘက်လက်က နှုတ်ခမ်းပေါ်ကို ရောက်သွားတယ်။
"အဲဒါဆိုရင် သန်ဘက်ခါကျတော့ သူနဲ့ ဒီမှာပဲတွေ့မယ်လေ။ ၂ နာရီပေါ့" လို့ ကာဖုကုက ပြောလိုက်တယ်။ ရှင်းရှင်းဘွင်းဘွင်း၊ စကားနည်းပြီး မိန်းကလေးမဆန်တဲ့ ကောင်မလေးဆိုတာက စိတ်ဝင်စားဖို့တော့ ကောင်းတယ်။
နှစ်ရက်အကြာမှာ ကာဖုကုရဲ့ SAAB900 အမိုးဖွင့်ကားအ၀ါလေးကို ပြင်ဆင်ပြီးသွားတယ်။ ကားရဲ့ ညာဘက်ရှေ့ခြမ်းကို လှလှပပပြင်ဆင်လိုက်တယ်၊ ဘယ်ကားကိုမှ ဆေးမှုတ်ပြီး ဒီလောက်လှပအောင် မပြင်ဖူးဘူး။ အင်ဂျင်ကိုတော့ ပုံမှန်ပြင်ဆင်ထိန်းသိမ်းရေးလုပ်လိုက်တယ်၊ ဂီယာပေါက်တွေချိန်တယ်၊ ဘရိတ်ပြားနဲ့ ၀ိုက်ပါတွေ လဲတယ်၊ ကားတစ်စီးလုံးကို ဆေးတယ်၊ တာယာတွေကို ပေါလစ်တင်ပြီး ကိုယ်ထည်ကို ဖယောင်းသုတ်တယ်။ ထုံးစံအတိုင်းပဲ အိုဘာ့လက်ရာမှာ အပြစ်တစ်ခုမှ ရှာမတွေ့ဘူး။ သူ့ကားလေးက နှစ်နှစ်ဆယ်ကျော်ကြာပြီ၊ မိုင်ပေါင်းခြောက်ထောင်လောက် မောင်းခဲ့ပြီးပြီ။ ကားအမိုးက သာယာတဲ့နေ့ပေါင်းများစွာကို မြင်တွေ့ခဲ့ပြီးပြီ၊ မိုးသည်းသည်းအောက်မှာလည်း မိုးယိုခဲ့ပြီးပြီ။ ဒါပေမဲ့ ကာဖုကုကတော့ မော်ဒယ်အသစ်ဝယ်ဖို့ အစီအစဉ်မရှိသေးဘူး။ ခေတ်မီနေဖို့အတွက် သူ့မှာ အကြောင်းရင်း ကြီးကြီးမားမားမရှိဘူး၊ ပြီးတော့ ဒီကားလေးကို သူအရမ်းသဘောကျတယ်။ အမြဲတမ်းလိုလို အမိုးဖွင့်ထားပြီး မောင်းလေ့ရှိတယ်၊ တစ်နှစ်ပတ်လုံးပဲ။ ဆောင်းတွင်းဆို ကုတ်အင်္ကျီထူထူနဲ့ လည်စည်းကို စည်းပြီး၊ နွေဆိုရင်တော့ နေကာမျက်မှန်နဲ့ ဦးထုပ်ဆောင်းမယ်။ တစ်မြို့လုံး လှည့်ပတ်မောင်းပြီး၊ လမ်းကြိုလမ်းကြားတွေအတွင်းမှာ ဂီယာပြောင်းထိုးရတာကို အရသာခံမယ်။ မီပွိုင့်မိတဲ့ အခါတွေဆို၊ ကောင်းကင်ကို မော့ကြည့်ရင်း လွင့်မျောသွားတဲ့ တိမ်တိုက်တွေနဲ့ လျှပ်စစ်မီးကြိုးပေါ်နားနေတဲ့ ငှက်တွေကို ငေးမယ်။ သူ့နေထိုင်မှုပုံစံမှာ ဒီကားလေးက အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေတယ်။ ပြိုင်ပွဲမတိုင်ခင် ပိုင်ရှင်က သူ့မြင်းကို စစ်ဆေးသလို ကာဖုကုက သူ့ကားလေးကို ပတ်ချာလည် စစ်ဆေးကြည့်ရှုနေတယ်။
ဒီကားလေးဝယ်ခါစတုန်းက သူ့အမျိုးသမီးလည်း သက်ရှိထင်ရှားရှိနေသေးတယ်။ သူမကပဲ ကိုယ်ထည်ကို အ၀ါရောင်ဆေးမှုတ်ဖို့ ရွေးချယ်ခဲ့တယ်။ ပထမနှစ်အနည်းငယ်အတွင်း ဒီကားလေးနဲ့ သူတို့အတူတူ အတော်လေး အပြင်ထွက်ခဲ့ကြတယ်။ အမြဲတမ်း ကာဖုကုက မောင်းပြီး၊ သူ့မိန်းမကတော့ ဘေးမှာထိုင်လိုက်ပေါ့။ ခရီးရှည်အတော်များများကိုလည်း ဒီကားလေးနဲ့ပဲ သွားခဲ့ကြသေးတယ်။ အဲဒီပထမနှစ်အနည်းငယ်အပြီးမှာတော့ သူ့အမျိုးသမီးက ကားလိုက်မစီးတော့ဘူး၊ အချိန်အတော်များများ ကာဖုကုတစ်ယောက်တည်း မောင်းရတော့တယ်။ သူမ ဆုံးပြီးကတည်းက မိန်းမအတော်များများနဲ့ ကာဖုကု အပြင်ထွက်လည်ခဲ့ဖူးပေမယ့်၊ ဘာကြောင့်မှန်းတော့ မသိဘူး၊ သူတို့ထဲက တစ်ယောက်မှ သူ့နံဘေး ခရီးသည်ထိုင်ခုံမှာ လိုက်မစီးဖြစ်ကြဘူး။ သူ့အနေနဲ့လည်း အလုပ်အတွက်လိုအပ်တဲ့အချိန်ကလွဲလို့၊ မြို့ပြင်ထွက်ပြီး ကျေးလက်လမ်းမတွေပေါ် ဆီတိုင်ကီဖွင့်ကြည့်ရတဲ့အထိ ကားကို မမောင်းဖြစ်တော့ဘူး။
"ဂျိုချက်လေးတွေတော့ ရှိနေပြီဆိုတာ အမှန်ပဲ၊ ဒါပေမဲ့ ကားကောင်းတစ်စင်းအဖြစ် ရှိနေတုန်းပဲ"
ဧရာမခွေးကြီးတစ်ကောင်ရဲ့ ဂုတ်ပိုးကို ပွတ်သပ်ချော့မြူနေသလို၊ ဒက်ရှ်ဘုတ်ကို ဂရုတစိုက် ပွတ်သပ်ရင်းနဲ့ အိုဘာက ပြောလိုက်တယ်။
"ဒီအမျိုးအစားက စိတ်ချရပါတယ်။ အဲဒီအချိန်ကထုတ်တဲ့ ဆွီဒင်ကားတွေဟာ အတော်ကောင်းကောင်း လုပ်ထားတာ။ မီးပိုင်းကိုတော့ ပြင်ဆင်ရလိမ့်မယ်၊ ဒါပေမဲ့ စက်ပိုင်းကတော့ အပြစ်ဆိုစရာမရှိဘူး။ ခင်ဗျားလည်း ရိုရိုသေသေ ကိုင်နေတာပဲ"
*****
ကောင်မလေး ၀င်လာတဲ့အချိန်မှာ ကာဖုကုက လက်မှတ်ထိုးစရာရှိတာတွေ ထိုးပြီး၊ ကားပြင်ထားတဲ့ စာရင်းစာရွက်ကို ကြည့်နေတယ်။ ကောင်မလေးက အရပ် ငါးပေငါးလက်မလောက်ရှိတယ်၊ မ၀ပေမယ့် ပုခုံးကျယ်ကျယ်နဲ့ ခပ်တောင့်တောင့် ကိုယ်ဟန်ရှိတယ်။ ညာဘက်လည်ကုပ်မှာ ဘဲဥပုံ ခရမ်းရောင်အမှတ်တစ်ခုရှိနေတယ်။ ဒါကိုဖုံးကွယ်ထားဖို့ လောက်အထိ သူမက အလေးအနက်ထားပုံမရဘူး။ ဆံပင်နက်နက်တွေကို နောက်မှာ စည်းထားတယ်။ လှတယ်လို့တော့ ဘယ်လိုနည်းနဲ့မှ ဆိုနိုင်စရာမရှိဘူး။ ဒါပေမဲ့ အိုဘာ ပြောတဲ့အတိုင်းလက်ခံရရင်တော့၊ သူမ မျက်နှာထားက မိုက်တယ်။ ငယ်ငယ်က ၀က်ခြံပေါက်ထားဖူးတဲ့ အမာရွတ်တချို့ ပါးပေါ်မှာရှိတယ်၊ ကြီးမားကြည်လင်တဲ့ မျက်လုံးတွေက ယုံကြည်ချင်စရာ သိပ်မကောင်းသလိုဖြစ်နေတယ်။ ကားနေတဲ့ နားရွက်နှစ်ဖက်က ကျေးလက်ဆောင်းဦးထုပ်တွေက ရေဒီယိုလက်တံတွေလို ပေါက်နေတယ်။ နည်းနည်းပွနေတဲ့ အမျိုးသားဝတ်ဟားရင်းဘုံး ဂျက်ကက်အင်္ကျီကို ၀တ်ဆင်ထားတယ်။ အောက်မှာတော့ အညိုရောင်ဘောင်းဘီရှည်နဲ့ အနက်ရောင် ဖိနပ်။ ဂျက်ကက်အောက်မှာတော့ တီရှပ်လက်ရှည်နဲ့ ဖွံ့ဖြိုးတဲ့ရင်းသားတွေကို ကာကွယ်ထားတယ်။
အိုဘာက ကာဖုကုကို မိတ်ဆက်ပေးလိုက်တယ်။ သူမနာမည်က မီဆာ့ခိ။
"မီဆာ့ခိကိုတော့ ဂျပန်စာလုံးနဲ့ပဲ ရေးတယ်။ ရှင်လိုချင်တယ်ဆိုရင် ကျွန်မ ကိုယ်ရေးအကျဉ်း ယူလာခဲ့မယ်လေ" အရမ်းကြီး ရိုသေပြနေတာမျိုးမဟုတ်တဲ့လေသံနဲ့ သူမက ပြောတယ်။
ကာဖုကုက ခေါင်းယမ်းလိုက်တယ်။ "ကိုယ်ရေးအကျဉ်း မလိုပါဘူး။ မင်း မန်ညူရယ်ဂီယာ မောင်းတတ်လား"
"မန်ညူရယ်ကို ကျွန်မ ပိုသဘောကျတယ်" အသီးအရွက်စားလား အမေးခံလိုက်ရတဲ့ ရာသက်ပန်သတ်သက်လွတ်သမားတစ်ဦးလို မီဆာ့ခိက ခပ်ပြတ်ပြတ် ပြန်ဖြေတယ်။
"ကားက မော်ဒယ်ဟောင်းဆိုတော့ နေရာအချက်ပြကိရိယာတော့ မပါဘူး"
"မလိုပါဘူး။ ပစ္စည်းပို့တဲ့ကားဒရိုင်ဘာအဖြစ် ကျွန်မ ခဏတဖြုတ်လုပ်ခဲ့ဖူးတယ်။ ဒီမြို့ကလမ်းတွေကို အလွတ်ရတယ်"
"ဒီလိုဆိုလည်း ကောင်းပါပြီ။ မင်းကိုယ့်ကို ဒီနားတစ်ဝိုက် လိုက်မောင်းပြပေးမလား။ ရာသီဥတုလည်းကောင်းနေတော့ အမိုးဖွင့်ထားကြတာပေါ့"
"ဘယ်ကို မောင်းပို့ရမလဲ"
ကာဖုကုက ခဏစဉ်းစားလိုက်တယ်။ သူတို့ရောက်နေတဲ့နေရာက ရှင်နိုဟရှိနဲ့ နီးတယ်။
"တန်ဂျန်ဂျိဘုရားကျောင်းရှေ့ လမ်းဆုံရောက်ရင် ညာဘက်ချိုးမယ်။ ပြီးရင် မဲဒိစတိုးနားက မြေအောက်ကားပါကင်မှာ ရပ်မယ်။ ဈေးနည်းနည်းဝယ်ပြီးရင် Arisugawa ပန်းခြံဘက် တောင်ကုန်းအတိုင်း တက်သွားမယ်။ ပြင်သစ်သံရုံးကိုဖြတ်သွားပြီး၊ Meiji Dori ပေါ်သွားမယ်၊ ပြီးရင်တော့ ဒီကိုပြန်လာကြမယ်"
"အိုကေ" လို့ မီဆာ့ခိက ပြောလိုက်တယ်။ လမ်းကြောင်းတွေရဲ့ ဦးတည်ရာကို နှစ်ခါပြန် မေးမနေဘူး။ ကားသော့ရတာနဲ့ သူမက ထိုင်ခုံနဲ့ မှန်တွေကို သေချာချိန်လိုက်တယ်။ ကားမှာရှိတဲ့ ဖန်ရှင်တွေနဲ့ ကားရဲ့အနေအထားကို အသေအချာသိထားပြီးတဲ့ ပုံပဲ။ ကလပ်ကိုနင်းပြီး ဂီယာထိုးပြီးတဲ့အချိန်မှာတော့၊ သူမရဲ့ အပေါ်အိတ်ကပ်ထဲက ရေဘင်မျက်မှန်အစိမ်းရောင်ကို ထုတ်ပြီး တပ်လိုက်တယ်။ ကာဖုကုဘက်ကို လှည့်လို့၊ အဆင်သင့်ဖြစ်ပြီလားလို့ မေးတဲ့အလား ခပ်ဆတ်ဆတ် ခေါင်းညိတ်ပြလိုက်တယ်။
"ကက်ဆက်နဲ့လား" လို့ ကားရဲ့အော်ဒီယိုစနစ်ကို တစ်ချက်ဝှေ့ကြည့်ရင်း မီဆာ့ခိက မေးလိုက်တယ်။
"ကက်ဆက်ကို ပိုသဘောကျတယ်။ စီဒီခွေတွေထက် ပိုလွယ်တယ်။ ကိုယ်ပြောရမယ့် စာသားတွေကို ကက်ဆက်နဲ့ လေ့ကျင့်ရတာ ပိုအဆင်ပြေတယ်"
"ကတ်ဆက်ကို မမြင်ဖူးတာတောင် အတော်ကြာနေပြီ"
"ကိုယ် ကားစမောင်းတဲ့အချိန်တုန်းက 8-track ကို သုံးကြတာ" လို့ ကာဖုကုက ပြောတယ်။
မီဆာ့ခိက အသံတိတ်နေတယ်၊ ဒါပေမဲ့ သူမမျက်နှာကိုကြည့်ရတာ 8-track ဆိုတာ ဘာကိုဆိုလိုမှန်း သိပုံမပေါ်ဘူး။
ကားမောင်းအရမ်းကောင်းတယ်လို့ အိုဘာ ညွှန်းခဲ့သလိုပဲ၊ သူမက ကားကို ရုတ်တရက် ဆောင့်ရပ်သွားတာမျိုးမဖြစ်ဘဲ ညင်ညင်သာသာပဲ ထိန်းချုပ်မောင်းနှင်နေတယ်။ အချိန်အတော်များများ ကားကြိုကားကြားထဲကနေ မောင်းနှင်ရပေမယ့် သူမကတော့ အမြန်နှုန်းကို ပုံသေဖြစ်အောင် ဂရုတစိုက်ထိန်းချုပ်ထားတယ်။ သူမ မျက်လုံးကြည့်နေရာဘက်ဆီ လိုက်ကြည့်ရင်း ဒီအချက်ကို ကာဖုကု သိလိုက်တယ်။ သူကိုယ်တိုင် မျက်လုံးတွေကို မှိတ်ထားလိုက်တော့ သူမ ဘယ်အချိန် ဂီယာပြောင်းလိုက်တယ်ဆိုတာတောင် မခွဲခြားနိုင်တော့သလောက်ပဲ။ အင်ဂျင်သံကို နားထောင်မှပဲ ဒီအနေရာမှာ ဂီယာပြောင်းလိုက်ပြီလို့ ခန့်မှန်းကြည့်ရတယ်။ ဘရိတ်နဲ့ လီဗာကို နင်းပုံကလည်း အဖုအထစ်မရှိဘဲ လေးစားလောက်တယ်။ ဒါပေမဲ့၊ သူမကားမောင်းပုံနဲ့ပတ်သက်ပြီး ကာဖုကု သဘောအခွေ့ဆုံးကတော့ တစ်လျှောက်လုံး သက်တောင့်သက်သာဖြစ်နေတဲ့ သူမရဲ့ ဟန်ပဲ။ သူမကြည့်ရတာ၊ စတီယာရင် လက်ထဲမှာရှိနေတာက ပိုပြီး သက်တောင့်သက်သာ ရှိသလိုပဲ။ အရင်က စူးရှရှဖြစ်နေတဲ့ သွင်ပြင်တောင် ပျောက်သွားပြီး ပျော့ပြောင်းလာတယ်။ ဒါပေမဲ့ စကားသွားမပြောရင်၊ ဘာမှစပြောမလာတဲ့ မြုံစိစိပုံစံအတိုင်းပဲ နေတယ်။
ဒီအကျင့်ကြောင့်တော့ ကာဖုကု စနိုးစနောင့်မဖြစ်မိဘူး။ သူကိုယ်တိုင်လည်း တောင်တောင်အီအီလျှောက်ပြောရတာကို သိပ်ကြိုက်လှတာမဟုတ်ဘူး။ အဓိပ္ပာယ်ရှိတဲ့အကြောင်းအရာမျိုးတွေကို မိတ်ဆွေရင်းတွေနဲ့ ဆွေးနွေးဖို့ သူ ၀န်မလေးပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ ငြိမ်ငြိမ်သက်သက်နေရတာကိုပဲ သူ ပိုသဘောကျတယ်။ ခရီးသည်ထိုင်ခုံမှာ နေသားတကျထိုင်နေရင်း၊ ဘေးနားကဖြတ်သွားတဲ့ မြင်ကွင်းတွေကို စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ကာဖုကု ငေးကြည့်နေမိတယ်။ ယာဉ်မောင်းနေရာကပဲ အမြဲတမ်းစီးခဲ့လို့ အခုလိုကျတော့လည်း မြင်ကွင်းအသစ်နဲ့ အရာအားလုံးသစ်လွင်လတ်ဆတ်နေသလိုပဲ။
ကားတွေပြည့်ကြပ်နေတဲ့ Meiji Dori မှာ ကာဖုကုက မီဆာ့ခိကို အကြိမ်ကြိမ်အတော်များများ ကားကို ယှဉ်ရက်ပါကင် ထိုးခိုင်းကြည့်တယ်။ အားလုံး ကွက်တိဖြစ်တယ်။ ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိပြီး အရမ်းသက်တောင့်သက်သာရှိတဲ့ ပုံစံနဲ့ပဲ။ မီးပွိုင့်စောင့်ရတဲ့အချိန်တွေ ဆေးလိပ်သောက်တယ်၊ သူမ စိတ်ကြိုက်တံဆိပ်က မာဘိုရိုဖြစ်ပုံရတယ်။ ဒါပေမဲ့ ကားရွေ့နေတဲ့အချိန်မှာတော့ ဆေးလိပ်လုံးဝမသောက်ဘူး။ မီးစိမ်းသွားပြီးဆိုတာနဲ့ချက်ချင်း သူမဆေးလိပ်ကို ထိုးချေပစ်လိုက်တော့တာပဲ။ သူမရဲ့ စီးကရက်အစီခံပေါ်မှာ နှုတ်ခမ်းနီရာလုံးဝမရှိတာကိုလည်း ကာဖုကု သတိပြုမိသေးတယ်။ လက်သည်းတွေကိုလည်း သ,ထားတာမရှိဘူး၊ မျက်နှာမှာလည်း မိတ်ကပ်လို့ဆိုရမည့်အရာ ဘာမှမရှိဘူး။
"မင်းကို မေးစရာနည်းနည်းရှိတယ်" လို့ Arisugawa ပန်းခြံရောက်တော့ ကာဖုကုက ပြောလိုက်တယ်။
"မေးပါ"
"မင်း ဘယ်မှာ ကားမောင်းသင်ခဲ့တာလဲ"
"ဟော်ကိုင်းဒိုးတောင်တန်းမှာ ကျွန်မ ကြီးပြင်းခဲ့တယ်။ အဲဒီမှာပဲ ဆယ့်တစ်နှစ်သမီးကတည်းက ကားမောင်းခဲ့တယ်။ ကားမှမမောင်းဘူးဆိုရင်လည်း အဲဒီနေရာကို ရောက်နိုင်မှာမဟုတ်ဘူး။ တစ်နှစ်မှာခြောက်လလောက်က လမ်းတွေပေါ်မှာ ရေခဲပြင်တွေဖုံးနေတယ်။ ဒါကြောင့် အဲဒီမှာနေရင်တော့ ကားမောင်းမကျွမ်းတဲ့သူတွေတောင် ကားမောင်းကျွမ်းကျင်သူ ဖြစ်လာရတာပဲ"
"ဒါပေမဲ့ တောင်တန်းပေါ်မှာတော့ ယှဉ်ရက်ပါကင်ထိုးနည်း မလေ့ကျင့်ခဲ့ရဘူးမဟုတ်လား"
မီဆာ့ခိက ဘာမှပြန်မပြောဘူး။ ဒါ သူ့အတွက်တော့ စကားထဲထည့်ပြီး ပြန်ဖြေနေစရာမလိုတဲ့ မေးခွန်းမှန်း သိသာတယ်။
"ကိုယ်ဘာကြောင့် ယာဉ်မောင်းတစ်ယောက် အရေးတကြီးလိုနေရလဲဆိုတာ အိုဘာ မင်းကို ပြောပြီးပြီလား"
မျက်နှာကို ရှေ့တည့်တည့်ကြည့်ရင်း အနိမ့်အမြင့်မရှိတဲ့အသံနဲ့ မီဆာ့ခိက ပြောတယ်။
"ရှင်က တစ်ပတ်မှာ ခြောက်ခါ ပါဝင်ရတဲ့ သရုပ်ဆောင်တစ်ယောက်။ ပုံမှန်တော့ ရှင်အလုပ်သွားရင် ကိုယ့်ဘာသာ ကားမောင်းတယ်။ ရထားနဲ့ တက်စီတွေ မစီးချင်ဘူး၊ သရုပ်ဆောင်ရင်း ပြောရမယ့်စာသားတွေကို ကားပေါ်မှာ လေ့ကျင့်ချင်လို့။ ဒါပေမဲ့ မကြာသေးခင်က ရှင် မတော်တဆမှုလေးတစ်ခု ဖြစ်ပြီး လိုင်စင်ပိတ်ခံလိုက်ရတယ်၊ အရက်လည်းသောက်ထားတာကိုး။ ပြီးတော့ ရှင့်မျက်လုံးမှာလည်း ပြဿနာရှိနေတယ်"
ကာဖုကုက ခေါင်းညိမ့်လိုက်တယ်။ တစ်ယောက်ယောက်က သူမက်ခဲ့တဲ့အိပ်မက်ကို ပြန်ရှင်းပြနေပုံနဲ့တောင်တူတယ်။
"ရဲစခန်းက ထောက်ခံချက်ပေးတဲ့ မျက်စိဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ Glaucoma ရှိတယ်လို့ အဖြေထွက်တယ်။ မြင်ကွင်းမှာ ကွယ်နေတဲ့ အစက်တစ်စက်ရှိတယ်။ ညာဘက်မျက်လုံးထောင့်မှာ၊ အရင်ကတော့ သတိမထားမိခဲ့ဘူး"
သွေးထဲက အယ်ကိုဟောပမာဏ သိပ်မများတဲ့အတွက်၊ အရက်မူးပြီးကားမောင်းတဲ့ ပြစ်ချက်က လွတ်မြောက်ဖို့တော့ ကာဖုကု စီစဉ်နိုင်ခဲ့တယ်။ ကံကောင်းတာက၊ မီဒီယာတွေကလည်း ဒီအကြောင်းကို မသိလိုက်ဘူး။ ဒါပေမဲ့ သူ့မျက်လုံးကိစ္စကိုတော့ သူ့ကိုယ်စားလှယ်မသိအောင် လျှို့ဝှက်မထားနိုင်ခဲ့ဘူး။ ဒီအခြေအနေအတိုင်းဆိုရင်၊ သူ့မျက်လုံးက ကွယ်နေတဲ့အမှတ်ထဲကို အချိန်မရွေး ကားတစ်စီး ၀င်လာနိုင်ခြေရှိတယ်။ ဒီတော့လည်း မျက်လုံးကိစ္စမပြေလည်မချင်း၊ မည်သည့်အခြေအနေမှာမဆို ကားလုံးဝမမောင်းဖို့ တားမြစ်ခံလိုက်ရတယ်။
"ကာဖုကု၊ ကျွန်မ ရှင့်ကို ကာဖုကုလို့ပဲ ခေါ်လို့ရလား။ ဒါ ရှင့်နာမည်အရင်းလား"
"ခေါ်ပါ။ ဒီနာမည်က အတော်အပေးများတဲ့နာမည်ပဲ။ နားထောင်ရတာလည်း အကောင်းဘက်ရောက်တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ သိပ်ကောင်းလှတာမဟုတ်ဘူး။ ကိုယ့်ဆွေမျိုးထဲမှာတောင် ချမ်းသာတယ်လို့ပြောရမယ့်သူ မရှိဘူး"
သူမဆီက ဘာသံမှထွက်မလာတာ အတော်ကြာတော့၊ ကာဖုကုက သူပေးနိုင်မယ့် ယာဉ်မောင်းလစာကို သူမကို ပြောလိုက်တယ်။ လစာက အများကြီးတော့မဟုတ်ဘူး၊ ဒါပေမဲ့ ကာဖုကုရဲ့ အေဂျင်စီက ထောက်ပံ့ပေးနိုင်တဲ့ အကန့်အသတ်အတွင်းမှာပဲ။ သရုပ်ဆောင်တစ်ယောက်အဖြစ် ကာဖုကုကိုသိကြတဲ့လူတွေ အတိုင်းအတာတစ်ခုထိရှိပါတယ်၊ ဒါပေမဲ့ တယ်လီဗေးရှင်းတွေ ရုပ်ရှင်တွေမှာ အဓိကသရုပ်ဆောင်နေရာက ပါဝင်နေရတာမျိုးတော့ မဟုတ်ဘူး။ ပြီးတော့ ကဇာတ်အလုပ်တွေကပဲ ငွေကြေးများများပေးနိုင်ကြတာ။ ကာဖုကုလို အဆင့်က လူတစ်ယောက်အတွက် ဒရိုင်ဘာတစ်ယောက်ထားပေးတယ်ဆိုတာက ပုံမှန်အားဖြင့် မရတတ်တဲ့ အခွင့်ထူးတစ်ခုပဲ၊ တစ်လနှစ်လလောက် ယာယီထားပေးတယ် ဆိုရင်တောင်မှပေါ့။
"အလုပ်ချိန်နာရီကတော့ ကိုယ့် အချိန်ဇယားအပေါ်မှာမူတည်ပြီး ကွဲလွဲနိုင်တယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကဇာတ်အလုပ်ကိုပဲ အဓိကလုပ်နေရတယ်။ ဒီတော့ မနက်ပိုင်းတွေဆိုရင်တော့ အတော်များများ မင်း အားနေမှာပဲ။ နေ့လယ်ပိုင်းလောက်အထိ အိပ်နေလို့ရတယ်။ ညပိုင်းတော့ နောက်အကျဆုံး ၁၁ နာရီလောက်ပြီးမယ်၊ နေ့ဘက်တွေ အပြင်သွားဖို့လိုအပ်လာရင်လည်း တက်စီပဲသုံးမယ်။ တစ်ပတ်မှာတစ်ရက် မင်း နားလို့ရမယ်"
"ကျွန်မ အဆင်ပြေပါတယ်" လို့ မီဆာ့ခိက အလိုက်သင့်ပဲ ပြန်ပြောတယ်။
"အလုပ်ကတော့ သိပ်မပင်ပန်းလှဘူး။ ပင်ပန်းတဲ့အပိုင်းကတော့ ဘာမှမလုပ်ဘဲ အဆင်သင့် ထိုင်စောင့်နေရတာပဲ"
မီဆာ့ခိက ဘာမှပြန်မပြောတော့ဘူး။ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး၊ အရင်က ဒီထက်ပိုပင်ပန်းတဲ့အလုပ်တွေ လုပ်ဖူးသားပဲဆိုတဲ့ ဟန်မျိုးသူမမျက်နှာမှာပေါ်နေတယ်။
"အမိုးချထားတဲ့အချိန်တော့ မင်း ဆေးလိပ်သောက်တာကို အဆင်ပြေပါတယ်။ ဒါပေမဲ့ အမိုးတင်ထားတဲ့အချိန်ဆိုရင်တော့ မသောက်ရင်ကောင်းမလားပဲ" လို့ ကာဖုကုက ပြောလိုက်တယ်။
"နားလည်ပါတယ်"
"တခြား မင်း မေးချင်တာရှိသေးလား"
"လောလောဆယ်တော့ မရှိသေးဘူး" ဂီယာကို ဂရုတစိုက်ပြောင်းလိုက်ချိန်မှာ သူမ မျက်ဝန်းတွေက ကျဉ်းမြောင်းသွားတယ်။ ပြီးတော့ ပြောလိုက်တယ်။
"ဒီကားကို ကျွန်မ သဘောကျတယ်"
ကျန်တဲ့ခရီးမှာတော့ စကားမပြောဖြစ်ကြတော့ဘူး။ ကားဝပ်ရှော့ပြန်ရောက်တဲ့အချိန်မှာ ကာဖုကုက အိုဘာကို ဘေးနားခေါ်ပြီး ပြောလိုက်တယ်။
"ကျွန်တော်သူ့ကို အလုပ်ခန့်လိုက်ပြီ"
*****
အဲဒီလို ပထမဆုံးတွေ့တဲ့ နေ့ကစပြီး မီဆာ့ခိလည်း ကာဖုကုရဲ့ ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သွားတော့တယ်။ အီဘိဆုမှာရှိတဲ့ သူ့တိုက်ခန်းဆီကို နေ့လယ်သုံးနာရီမှာ သူမ ရောက်တယ်၊ မြေညီထပ်ကားပါကင်က အ၀ါရောင် SAAB ကားလေးကိုမောင်းပြီး ဂင်ဇာပြဇာတ်ရုံဆီ ၀င်ပို့မယ်။ မိုးမရွာဘူးဆိုရင်တော့ အမိုးဖွင့်ထားမယ်။ လမ်းမှာတော့ ကာဖုကုက သူ့စာသားတွေကို ကက်ဆက်တိပ်ခွေထဲကို ရွတ်ဖတ်နေမယ်။ ပြဇာတ်က ဂျပန်လိုပြန်လည်အသက်သွင်းထားတဲ့၊ ချက်ကော့ရဲ့ Uncle Vanya ပြဇာတ်။ ကာဖုကုက အန်ကယ်ဗန်ညာနေရာက သရုပ်ဆောင်ခွင့်ရတယ်။ ဇာတ်ညွှန်းတစ်ခုလုံး သူ့ခေါင်းထဲမှာ ရှိနေပေမယ့် သေချာအောင်လို့ နေ့တိုင်း ပြန်ပြန်ရွတ်ကြည့်နေရတယ်။ ဒါကတော့ သူ့ဆီမှာ အချိန်အတော်ကြာကတည်းကရှိနေတဲ့ အလေ့အကျင့်ပဲ။
အပြန်ကျရင် ပုံမှန်အားဖြင့် ဘီသိုဗင်ရဲ့ လေးယောက်တွဲဂီတကို နားထောင်ကြတယ်။ ဒါကတော့ ကာဖုကုအတွက် ဘယ်တော့မှ ရိုးမသွားတဲ့ ဂီတပဲ။ ပြီးတော့ ဒီဂီတက တစ်ခုခုကို တွေးနေတဲ့အချိန်ဖြစ်ဖြစ်၊ ဘာမှမတွေးဘဲနေတဲ့အချိန်ဖြစ်ဖြစ် ဖွင့်ထားလို့ ကောင်းတယ်။ သိပ်ပြီးအီတာတွေ နားမထောင်ချင်ဘူးဆိုရင်တော့ The Beach Boys ၊ The Rascals ၊ Creedence ၊ ဒါမှမဟုတ် The Temptations တို့လို၊ ဟိုအရင်က အမေရိကန်ရော့ခ်ဘန်တွေကို ဖွင့်တယ်။ ကာဖုကု ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ သီချင်းတွေပဲ။ သူဖွင့်တဲ့ သီချင်းတွေအကြောင်းတော့ မီဆာ့ခိက ဘာမှ အထွေအထူးမပြောဘူး။ သူမ ကြိုက်လား၊ မုန်းလား သူ အသေအချာမသိဘူး။ ကြားတောင်ကြားရဲ့လားတောင် မသေချာဘူး။ စိတ်ခံစားချက်ကို သူမမျက်နှာမှာ လုံးဝမပြဘူး။
ပုံမှန်အားဖြင့်၊ တစ်ယောက်ယောက်ရှေ့မှာ သူ့စာသားတွေကို အသံထွက်ပြောပြီး လေ့ကျင့်ရတာကို ကာဖုကု အတော်ရှက်တယ်။ ဒါပေမဲ့ မီဆာ့ခိရှေ့မှာတော့ အဲဒီလိုမျိုး မရှိဘူး။ ခံစားချက်ကိုမပြဘဲ၊ သူမဘာသာ ဖာသိဖာသာနေတတ်တာကို ကာဖုကု ကျေးဇူးတင်မိတယ်။ သူ ဘယ်လောက် အသံကျယ်ကျယ်နဲ့အော်ပြီး လေ့ကျင့်နေပါစေ၊ သူမကတော့ တစ်ခွန်းမှ မကြားတဲ့အတိုင်းပဲ။ ဒါမှမဟုတ် သူမ တကယ်ပဲမကြားရတာများလား။ ထူးဆန်းတဲ့ ဇင်စိတ်အခြေအနေတစ်ခုမှာ နစ်မြုပ်နေသလိုမျိုး၊ ကားထဲမှာပဲ သူမစိတ်ကို နှစ်မြှုပ်ထားတယ်။
မီဆာ့ခိအနေနဲ့ သူ့အပေါ် ဘယ်လိုသဘောထားသလဲဆိုတာနဲ့ပတ်သက်လို့လည်း ကာဖုကု နည်းနည်းမှစဉ်းစားမရဘူး။ သူ့ကို အတော်အသင့်သဘောကျလား၊ စိတ်ဝင်စားမှုလုံးဝကို မရှိတာလား၊ သူ့ကိုမြင်လိုက်တာနဲ့ အရေပြားတွေ တစ်ရွရွယားလာလား၊ အလုပ်သဘောအရပဲ သည်းခံနေတာလား စသည်ဖြင့် သူ ဘာမှမတွေးတတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူမ ဘယ်လိုလိုမြင်မြင် ကာဖုကုအတွက် အရေးတော့မကြီးဘူး။ သူမရဲ့ ညင်သာတဲ့ ဂရုတစိုက် ကားမောင်းပုံကို သူသဘောကျတယ်။ ဘယ်တော့မှ စကားအလွန်အကျွံမပြောဘဲ၊ ခံစားချက်ကို ထိန်းသိမ်းထားတတ်တဲ့အလေ့အကျင့်ကို သူသဘောကျတယ်။
ပြဇာတ်တစ်ပုဒ်ပြီးတာနဲ့ မျက်နှာပေါ်က မိတ်ကပ်တွေကိုဖျက်၊ အ၀တ်အစားလဲပြီး ပြဇာတ်ရုံထဲက ကာဖုကု ထွက်တယ်။ တခြား သရုပ်ဆောင်တွေနဲ့ သိကျွမ်းမှုလည်းမရှိလို့ အချိန်တွေ ကြာနေစရာ မလိုဘူး။ မီဆာ့ခိ ဆီကို ဖုန်းလှမ်းခေါ်ပြီး၊ လမ်းပေါ်ထွက်တာနဲ့ အဆင်သင့်တက်လို့ရအောင် သူ့ရဲ့ SAAB အမိုးဖွင့်ကားဝါလေးကို တံခါးဝမှာ စောင့်ခိုင်းထားလိုက်မယ်။ ဆယ်နာရီခွဲတာနဲ့ အီဘိဆုက သူ့တိုက်ခန်းဆီ ပြန်ရောက်ပြီ။ နေ့တိုင်းလိုလို ဒီအချိန်ဇယားအတိုင်း လည်ပတ်နေတယ်။
အခြေအနေအရ တစ်ခါတလေမှာ တခြားအလုပ်တွေလည်း ရှိတတ်တယ်။
တစ်ပတ်မှာတစ်ရက်၊ ရိုက်ကူးဆဲ တီဗီဇာတ်လမ်းတွဲတစ်ခုအတွက် မြို့ထဲက စတူဒီယိုတစ်ခုစီ ကာဖုကု သွားရတယ်။ ဇာတ်လမ်းကတော့ သမားရိုးကျ ရဲကားတစ်ခုပဲ၊ ဒါပေမဲ့ စောင့်ကြည့်တဲ့သူများပြီး ကာဖုကုအတွက်လည်း နေရာကောင်းရထားတယ်။ အဓိကဇာတ်ဆောင် အမျိုးသမီးစုံထောက်ကို ကူညီရတဲ့ ဗေဒင်ဆရာအဖြစ် သရုပ်ဆောင်ရတာ။ ဇာတ်ကောင်စရိုက်မှာ စိတ်ကိုအပြည့်အ၀နှစ်နိုင်ဖို့ ကုဖုကုက တကယ့်ဗေဒင်ဆရာအဖြစ်အသွင်ယူပြီး လမ်းပေါ်မှာဗေဒင်ဟောတယ်။ သူ့ဟောပြောချက်တွေက မှန်ကန်လို့ နာမည်တောင်ရလာတဲ့အထိ အဆင်ပြေနေတယ်။ ရိုက်ကူးရေးက ညနေမှာပြီးလို့ ဂင်ဇာမှာရှိတဲ့ ပြဇာတ်ရုံဆီ တက်သုတ်ရိုက်ပြေးရတယ်။ တစ်ပတ်စာအချိန်ဇယားမှာ အဲဒီအချိန်က ကသီဆုံးပဲ။ စနေတနင်္ဂနွေ နေ့လယ်ပိုင်းဖျော်ဖြေရေးပြီးရင် သရုပ်ဆောင်သင်တန်းရဲ့ ညနေခင်းအတန်းမှာလည်း သူက ၀င်သင်လိုက်သေးတယ်။ လူငယ်တွေကို ညွှန်ကြားပြသရတာကို သူသဘောကျတယ်။ အဲဒီသင်တန်းကျောင်းဆီ အကြိုအပို့လုပ်ဖို့ကတော့ မီဆာ့ခိရဲ့ နောက်ထပ်တာဝန်တစ်ခုပဲ။ နေရာနှစ်ခုကို အခက်အခဲမရှိဘဲ သူမ အကြိုအပို့လုပ်ပေးရင်း၊ ကာဖုကုလည်း သူ့ရဲ့ SAAB ကားလေးရဲ့၊ သူမဘေးနား ခရီးသည်ထိုင်ခုံပေါ်မှာ ထိုင်ရတာကို နေသားကျလာတယ်။ တစ်ခါတလေဆို အိပ်တောင်ပျော်သွားသေးတယ်။
ရာသီဥတုပူနွေးလာတဲ့အခါ မီဆာ့ခိက သူမ ၀တ်နေကျ ဟားရင်းဘုန်းဂျက်ကက်ကြီးကို နွေရာသီဝတ်ဂျက်ကက်တစ်ခုနဲ့ လဲတယ်။ ကားမောင်းနေချိန်မှာတော့ ဂျက်ကက်တစ်ခုမဟုတ်တစ်ခု ၀တ်ထားတာချည်းပဲ။ ယူနီဖောင်းလို့သဘောထားပြီး ၀တ်နေသလားမသိဘူး။ နောက်ဆုံးတော့ မိုးရာသီရောက်လာလို့ ကားအမိုးကိုလည်း ပိတ်ထားရတဲ့အချိန်က ပိုများလာတယ်။
သူ့ကားကိုမောင်းနေတဲ့အချိန်တွေမှာ၊ ကာဖုကုအနေနဲ့ ဆုံးသွားတဲ့ သူ့ဇနီးအကြောင်း မကြာခဏ တွေးမိတယ်။ ဘာကြောင့်လဲ သူ မသိပေမယ့်၊ မီဆာ့ခိအလုပ်ဝင်ကတည်းက သူ့မိန်းမအကြောင်း ခေါင်းထဲခဏခဏ ၀င်လာတယ်။ သူမကလည်း သရုပ်ဆောင်တစ်ဦးပဲ၊ သူ့ထက် နှစ်နှစ်ငယ်တယ်။ အစပိုင်းတုန်းကတော့၊ ကာဖုကုက "ထူးခြားဇာတ်ရုပ်" လို့ခေါ်တဲ့ သရုပ်ဆောင်မျိုးပဲ၊ ထူးထူးခြားခြားဇာတ်ရုပ်နေရာကနေ ဇာတ်ပို့အဖြစ်ပဲ အများအားဖြင့် သရုပ်ဆောင်ရတယ်။ မျက်နှာက ရှည်ရှည်မျောမျောနဲ့၊ အတော်ငယ်ငယ်ကတည်းက ဆံပင်ကျွတ်ခဲ့လို့ "အဓိကဇာတ်ဆောင်" နေရာက သရုပ်ဆောင်ရမယ့် ရုပ်ရည်မျိုး သူ့မှာ မရှိခဲ့ဘူး။ အဲဒီအချိန်မှာ၊ သူ့မိန်းမကိုတော့ ပရိသတ်က လှတယ်လို့ လက်ခံထားပြီး၊ အဲဒီအချက်က ပါဝင်ရတဲ့ဇာတ်ရုပ်နဲ့ သူမရဲ့ ၀င်ငွေကိုလည်း တိုက်ရိုက်အချိုးကျစေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် နှစ်တွေကြာလာတာနဲ့အမျှ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကာဖုကုရဲ့ ရပ်တည်ချက်ကလည်း တဖြည်းဖြည်းမြင့်တက်လာတယ်၊ တမူထူးခြားတဲ့ သူ့ရဲ့ အိုင်တင်တွေကြောင့်ပဲ။ ဒီလိုကွဲပြားမှုတွေ ရှိပေမယ့်လည်း သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ကိုယ်စီလုပ်ငန်းကို အသိအမှတ်ပြုနိုင်ခဲ့ကြတယ်၊ လူကြိုက်များမှုနဲ့ ၀င်ငွေတို့နဲ့ပတ်သက်ပြီး ပြဿနာမရှိခဲ့ဘူး။
ကာဖုကုအနေနဲ့ သူ့မိန်းမကို ချစ်ခဲ့ပါတယ်။ စတွေ့တဲ့အချိန်ကတည်းက လေးလေးနက်နက် စွဲလမ်းမိခဲ့တယ် (အဲဒီအချိန်က သူက နှစ်ဆယ့်ကိုးနှစ်)၊ ပြီးတော့ သူမ သေတဲ့အထိလည်း အဲဒီခံစားချက်က မပြောင်းလဲခဲ့ဘူး (အဲဒီအချိန်မှာ သူက လေးဆယ့်ကိုးနှစ်ရှိပြီ) အခွင့်အရေးအများအပြား ပေါ်ခဲ့ပေမယ့်၊ သူမနဲ့ လက်ထပ်ထားတဲ့အချိန်တစ်လျှောက်လုံး တခြားမိန်းမတစ်ယောက်နဲ့မှ မအိပ်ဖူးဘူး။ လိုအပ်တယ်လို့ သူမှ မခံစားရပဲ။
ဒါပေမဲ့ တစ်ဖက်မှာ သူ့မိန်းမကတော့၊ ကြုံကြိုက်တဲ့အခါမှာ တခြားယောက်ျားတွေနဲ့ အိပ်ခဲ့တယ်၊ ကာဖုကုသိသလောက် လေးယောက်လောက်ရှိတယ်။ ဒါကတော့၊ သူ့မိန်းမမှာ တစ်ကြိမ်ထက်မကတဲ့ လိင်ဆက်ဆံရေးရှိခဲ့ဖူးတဲ့ ယောက်ျားလေးယောက်ရှိတယ်လို့ သူသိသလောက်ပဲ။ သူမကတော့ အဲဒီအကြောင်း ဖွင့်မပြောဖူးဘူးပေါ့၊ ဒါပေမဲ့ တခြားလူတစ်ယောက်နဲ့ သူမတွေ့နေတဲ့အချိန်တိုင်း သူ့အတွင်းသားထဲကကို သိနေတယ်။ ဒီလိုကိစ္စမျိုးမှာ သူ့ရဲ့ အာရုံခံစားမှုက အားကောင်းတယ်။ တကယ်ချစ်နေတဲ့လူတစ်ယောက်ဟာ၊ ဘယ်လောက်စိတ်ဓာတ်ကျဖို့ကောင်းတဲ့ အမှန်တရားကိုမဆို အဓိပ္ပာယ်ကောက်နေနိုင်မှာပဲ။ လေသံကိုနားထောင်လိုက်ရုံနဲ့ အဲဒီလူက ဘယ်သူဆိုတာပါ သူက ခွဲခြားနိုင်ခဲ့တယ်။ အမြဲတမ်းဆိုသလိုပဲ၊ အဲဒီလူတွေဟာ သူမပါဝင်သရုပ်ဆောင်နေတဲ့ ဇာတ်လမ်းက အပြိုင်အဓိကဇာတ်ကောင်၊ သူမထက်ငယ်တဲ့ မင်းသားတွေ ဖြစ်နေတတ်တယ်။ သူမရဲ့ ဇာတ်လမ်းတစ်ခုဟာ တစ်လလောက်ကြာပါလိမ့်မယ်၊ ပြီးတော့လည်း သူ့ဘာသာ ဇာတ်သိမ်းပိုင်းရောက်သွားတယ်။ အဲဒီပုံစံအတိုင်း လေးခါလောက် ဖြစ်ခဲ့တယ်။
အဲဒီအချိန်တုန်းကရော၊ ယနေ့အထိပါ ဘာကြောင့်သူမအနေနဲ့ တခြားယောက်ျားတွေနဲ့ အိပ်ချင်ရတာလဲ သူ နားမလည်နိုင်သေးဘူး။ လင်မယားအနေနဲ့ရော မိတ်ဆွေအနေနဲ့ပါ သူတို့နှစ်ယောက်သား ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ထူထောင်ခဲ့နိုင်သားပဲ။ အချိန်ရတဲ့အခါ သူတို့နှစ်ယောက် အကြောင်းအရာပေါင်းစုံကို ရိုးရိုးသားသားနဲ့ စိတ်လွတ်ကိုယ်လွတ် ပြောကြပါလိမ့်မယ်။ ကိုယ်ရည်ကိုယ်သွေးအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ လိုက်ဖက်မှုရှိပြီး၊ အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်နိုင်ဖို့ကိုလည်း အပြင်းအထန်ကြိုးစားခဲ့ကြတာပဲလို့ ကာဖုကု ထင်တယ်။ အသိအကျွမ်းတွေအမြင်မှာလည်း သူတို့ဟာ ချစ်ခင်ပြီး အတော်လေးလိုက်ဖက်တဲ့ စုံတွဲပဲ။
ဒါတွေအားလုံး ရှိခဲ့ရဲ့သားနဲ့၊ သူမ ဘာလို့ တခြားယောက်ျားတွေနဲ့ အိပ်ခဲ့တာလဲ။ သူမ အသက်ရှင်နေတုန်းက ဒီမေးခွန်းကို မေးနိုင်ဖို့ ခွန်အား သူ့မှာ ရှိချင်ခဲ့သလို၊ အဲဒီအတွေးကြောင့်ပဲ အကြိမ်ကြိမ် ခံစားခဲ့ရတယ်။ သူမ မသေခင် လအနည်းငယ်အလိုတုန်းက မေးနိုင်လုနီးနီးဖြစ်သွားခဲ့သေးတယ်။ ဒီလူတွေဆီက မင်း ဘာကို လိုအပ်လို့လဲ။ ကိုယ့်ဆီက မရနိုင်တာ မင်းမှာဘာများ ရှိလို့လဲ။ ဒါပေမဲ့ နာကျင်မှုနဲ့ဖိစီးပြီး သေလုနီးနီး လဲလျောင်းနေတဲ့ သူမကို ဒီမေးခွန်းတွေမေးဖို့ သူ့ကိုယ်သူ မစွမ်းဆောင်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့၊ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းတစ်ခုခု မပေးဘဲ သူမလည်း ကာဖုကုရဲ့ကမ္ဘာကြီးကို စွန့်ခွာသွားခဲ့တယ်။ မမေးဖြစ်ခဲ့တဲ့ မေးခွန်းတွေအတွက် အဖြေဘယ်ရှိလိမ့်မလဲ။ သင်္ချိုင်းက သူမ အရိုးပြာတွေကို သူ သယ်ဆောင်လာတဲ့အချိန်မှာတောင်၊ သူမမေးဖြစ်ခဲ့တဲ့ မေးခွန်းတွေနဲ့ မရခဲ့တဲ့ အဖြေတွေအကြောင်း ကာဖုကု စဉ်းစားမိနေတုန်းပဲ။ အဲဒီအကြောင်းပဲ အတွေးဝင်နေလို့ တခြားငိုနေသူတွေရဲ့အသံကိုတောင် သူ့နားထဲမှာ မကြားရတော့ဘူး။
သူ့မိန်းမ အခြားလူတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်နေတဲ့ ခြောက်ခြားစရာ အတွေးကနေ ကာဖုကု သူ့ကိုယ်ကိုယ် မကယ်တင်နိုင်ခဲ့ဘူး။ မျက်လုံးမှိတ်လိုက်တဲ့အချိန်တိုင်း သူမ အခြားယောက်ျားတွေ အများအပြားနဲ့ ရှိနေတဲ့ ပုံရိပ်တွေ သူ့စိတ်ထဲ ပေါ်လာတယ်။ ဒီပုံတွေကို သူ မမြင်ချင်ဘူး၊ ဒါပေမဲ့ မမြင်အောင် ဖျောက်ဖျက်နိုင်စွမ်းမရှိ ဖြစ်နေခဲ့တယ်။ အချိန်တွေကြာလာတာနဲ့အမျှ အဲဒီပုံရိပ်တွေဟာ သူ့မှတ်ဉာဏ်လွှာကို အကြင်နာမဲ့စွာ နက်နက်ရှိုင်းရှိုင်း လှီးဖြတ်ရင်း၊ ဓားမြောင်တွေလို တိုးဝင်လာခဲ့တယ်။ ဒီအဖြစ်မှန်ကိုသာ မသိခဲ့ရင် ဘယ်လောက်များ ပျော်ရွှင်ခဲ့လိမ့်မလဲလို့ သူ တစ်ခါတရံ တွေးမိတယ်။ ဒါပေမဲ့ ဒါဟာ ကာဖုကုအတွက် အခြေခံကျတဲ့ အနေအထားတစ်ရပ်ပဲ၊ ဘယ်လောက်ပဲ နာကျင်မှုမွေးဖွားနိုင်ပါစေ အသိတရားဟာ မသိမှုထက်ပိုပြီး လိုအားအပ်တယ်။ လူဟာ အသိတရားနဲ့ပဲ ပိုပြီး သန်မာလာနိုင်တယ်။
တေဇာ (လရောင်လမ်း)
Drive my Car by Haruki Murakami ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

Comments
Post a Comment