သူမ ဘေးသိုင်းအိတ်ထဲက မှတ်စုစာအုပ်လေးကိုထုတ်ပြီး ပြင်သစ်ဘာသာနဲ့၊ "ကစားကွင်းရဲ့ ရဟတ်ထဲမှာ ကျွန်မ ပိတ်မိနေလို့ ကူညီပါ" လို့ ရေးလိုက်တယ်။ ပြီးတော့ ပြတင်းပေါက်ကနေ စာရွက်လေးကို ပစ်ချလိုက်တယ်။ စာရွက်လေးက လေထဲမှာ ၀ဲပျံသွားတယ်။ လေက မြို့ဆီကို ဦးတည်တိုက်ခတ်နေတာ၊ ဒီတော့ ကံကောင်းရင် အဲဒီကို ရောက်သွားမှာပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က ဒါကို ကောက်ယူပြီး၊ ဖတ်ကြည့်ပါ့မလား။ ဖတ်ကြည့်တယ်ဆိုဦးတော့ ယုံပါ့မလား။ နောက်ထပ်စာရွက်တစ်ရွက်ထပ်ဖြဲပြီး အထဲမှာ သူမ နာမည်နဲ့ လိပ်စာပါထည့်ပြီး အဲဒီစာသားကို ထပ်ရေးလိုက်တယ်။ ဒီလိုဆိုရင် ပိုယုံကြည်ချင်စရာကောင်းသွားပြီ။ ဒီလောက်ဆိုရင် နောက်ပြောင်ထားတာလို့ လူတွေထင်တော့မှာမဟုတ်ဘူး၊ သူမ တကယ်ဒုက္ခရောက်နေမှန်း သိနိုင်လောက်တယ်။ မှတ်စုစာအုပ်ထဲက စာရွက်တွေ တစ်ဝက်လောက်နီးပါး လေထဲလွှင့်လိုက်လို့ ကုန်သွားတယ်။
ရုတ်တရက် အကြံတစ်ခု ရလာတာနဲ့ တစ်ဆယ်တန်တစ်ရွက်ပဲချန်ထားပြီး ပိုက်ဆံအိတ်ထဲက ပစ္စည်းတွေ အကုန်ထုတ်လိုက်တယ်။ အထဲမှာ "အပေါ်က ရဟတ်ထဲမှာ အမျိုးသမီးတစ်ယောက် ပိတ်မိနေလို့၊ ကျေးဇူးပြုပြီး ကူညီပါ" လို့ ရေးပြီး ပိုက်ဆံအိတ်ကို အောက်ပစ်ချလိုက်တယ်။ ပိုက်ဆံအိတ်က အောက်ကို တည့်တည့်ကျသွားတယ်။ ဘယ်နေရာကို ကျတယ်ဆိုတာ မသိသလို၊ မြေကြီးနဲ့ ထိတဲ့ ဘုတ်ခနဲအသံကိုတောင် မကြားရဘူး။ နောက်ထပ် မိန်းမကိုင်ပိုက်ဆံအိတ်ထဲမှာလည်း အဲဒီလိုပဲရေးပြီး ထပ်ပစ်ချလိုက်တယ်။
မိရု လက်ပတ်နာရီကို ကြည့်လိုက်တော့ ဆယ်နာရီခွဲနေပြီ။ နောက်ထပ် အသုံးဝင်နိုင်စရာ ဘာများတွေ့မလဲလို့ ဘေးသိုင်းအိတ်ထဲကို မွှေနှောက်ကြည့်လိုက်တယ်။ မိတ်ကပ်ဗူးနဲ့ မှန်၊ ပြီးတော့ ပါ့စပို့စ်။ နေကာမျက်မှန်၊ အိမ်ခန်းနဲ့ ကားသော့။ အသီးအခွံနွှာတဲ့ ဓားမြှောင်။ ခကပ်ကာမုန့်သုံးချပ်ပါတဲ့ ပလက်စတစ်အိတ်ကလေး။ ပြင်သစ်ဝတ္ထုစာအုပ်တစ်အုပ်။ ညစာစားပြီးပြီဆိုတော့ မနက်ရောက်တဲ့အထိ မဆာလောက်သေးဘူး။ လေက အေးစက်နေလို့ ရေလည်းသိပ်ဆာမှာမဟုတ်ဘူး။ ကံကောင်းတာတစ်ခုက အိမ်သာလည်း သွားစရာမလိုသေးဘူး။
ပလက်စတစ်ခုံတန်းမှာ ထိုင်ပြီး ခေါင်းနဲ့နောက်ကျောကို နံရံဆီ ကပ်ထားလိုက်တယ်။ ခေါင်းထဲမှာ နောင်တစိတ်က တစ်ဝဲ၀ဲလည်နေတယ်။ ဒီကစားကွင်းကိုလာပြီး၊ ဘာလို့ ဒီရဟတ်ပေါ် တက်လာမိတာလဲ။ စားသောက်ဆိုင်ကအထွက် အိမ်ကိုပဲ တန်းပြန်သွားခဲ့ရမှာ။ အိမ်ကိုသာပြန်သွားခဲ့ရင် အခုလောက်ဆိုရင် ရေပူလေးစိမ်ပြီး အေးအေးဆေးဆေးဖြစ်နေလောက်ပြီ။ သူမအမြဲလုပ်လေ့ရှိသလို၊ စိတ်ကြိုက်စာအုပ်တစ်အုပ်ကိုယူပြီး အိပ်ယာထဲ ကွေးနေလောက်ပြီ။ အဲဒီလို သူမ ဘာလို့မလုပ်ခဲ့မိတာလဲ။ ပြီးတော့ ဒီလူတွေကရော ဘာလို့ ဒီလိုအသုံးမကျတဲ့ အရက်သမားအဘိုးကြီးကို အလုပ်ခန့်ထားရတာလဲ။
လေထဲမှာ ရဟတ်ဆီက တကျွီကျွီမြည်သံထွက်ပေါ်နေတယ်။ အထဲကို လေမတိုးအောင် ပြတင်းပေါက်ကိုပိတ်ဖို့ ကြိုးစားလိုက်ပေမယ့် ပြတင်းပေါက်က တစ်လက်မမှ မရွေ့ဘူး။ လက်လျှော့လိုက်ပြီး ကြမ်းပြင်မှာပဲ ထိုင်ချလိုက်တယ်။ အနွေးထည်လေး ယူလာခဲ့ရကောင်းသားလို့ တွေးမိတယ်။ အခန်းကနေ ထွက်ပြီးချင်း၊ ပုခုံးပေါ် အပေါ်ဝတ်လေး တင်ခဲ့ရကောင်းမလားလို့ သူမ ရပ်ပြီး စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ နွေရာသီညနေခင်းက သိပ်ပြီး သာယာနေတယ်၊ ပြီးတော့ စားသောက်ဆိုင်ကလည်း သူမနေတဲ့နေရာက သုံးရပ်ကွက်ပဲ ခြားတာ။ အဲဒီအချိန်တုန်းကတော့ ကစားကွင်းဆီလမ်းလျှောက်ပြီး ရဟတ်တက်စီးတယ်ဆိုတဲ့ အဖြစ်က သူမ စိတ်နဲ့ အဝေးဆုံးမှာပဲ။ အခုတော့ အားလုံး လွဲသွားပြီ။
သက်တောင့်သက်သာ နည်းနည်းဖြစ်သွားအောင်၊ လက်ပတ်နာရီ၊ ဟန်းချိန်းနဲ့ ကမာကောင်ပုံစံနားဆွဲလေးကို ချွတ်ပြီး အိတ်ထဲမှာ သိမ်းထားလိုက်တယ်။ ကြမ်းပြင်ထောင့်လေးမှာ ကွေးလိုက်ပြီး မနက်အထိ အိပ်ပျော်သွားရင် ကောင်းမယ်လို့ တောင့်တလိုက်တယ်။ တကယ်တော့ ဘယ်လိုလုပ် အိပ်ပျော်မလဲ၊ နေရာက အေးစက်စက်နဲ့ သက်တောင့်သက်သာ မရှိဘူး။ တစ်ချက်တစ်ချက် လေကြမ်းကြမ်းတိုက်လိုက်ရင် တွဲဆိုင်းလေးက လှုပ်ရမ်းသွားသေးတယ်။ မျက်လုံးမှိတ်ထားပြီး၊ လက်ချောင်းတွေကို စိတ်ကူးထဲက ကီးဘုတ်ပေါ်မှာ တရွရွပြေးရင်း မိုးဇက်ရဲ့ ဆိုနာထာတစ်ပုဒ်ကို စီမိုင်နာကီးနဲ့ စိတ်ထဲက ညည်းနေမိတယ်။ ဘာကြောင့်မှန်းတော့မသိဘူး၊ ငယ်ငယ်က တီးခဲ့တဲ့ ဒီတီးလုံးကို သူမ အလွတ်ရနေတယ်။ ဒုတိယအကြိမ်တီးလို့ တစ်ဝက်လောက်အရောက်မှာတင် သူမ စိတ်တွေက မှိုင်းပြလာတယ်။ ပြီးတော့ အိပ်ပျော်သွားတော့တယ်။
ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်း သူမ မသိဘူး။ သိပ်တော့ မကြာလောက်ဘူး။ ဆတ်ခနဲတုန်သွားပြီး သူမ လန့်နိုးလာတယ်။ တစ်မိနစ်လောက်အတွင်း ဘယ်နားရောက်နေမှန်း ပြန်စဉ်းစားမရသေးဘူး။ မှတ်ဉာဏ်တွေက တဖြည်းဖြည်းပြန်ပြီး ပီပြင်လာတယ်။ ဟုတ်တယ်၊ ကစားကွင်းထဲက ရဟတ်ပေါ်မှာ ငါ ပိတ်မိနေတာလို့ သူမ အတွေးဝင်လာတယ်။ လက်ပတ်နာရီကို အိတ်ထဲကထုတ်ပြီး ကြည့်လိုက်တော့ သန်းခေါင်ကျော်ပြီ။ မိရုက ခပ်ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။ ကြပ်ညှပ်နေတဲ့ အနေအထားနဲ့ အိပ်ထားရလို့ သူမတစ်ကိုယ်လုံးက အဆစ်တွေ ကိုက်ခဲနေတယ်။ တစ်ကြိမ်နှစ်ကြိမ်လောက်သမ်း၊ အပျင်းဆန့်ပြီး သူမ လက်ကောက်ဝတ်ကို ပွတ်နေမိတယ်။
ခဏအတွင်း ပြန်အိပ်နိုင်ဦးမှာမဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သိလို့ အိတ်ထဲက ၀တ္ထုစာအုပ်ကို ထုတ်ပြီး လောလောဆယ်ဒုက္ခကို အာရုံလွှဲတဲ့အနေနဲ့ ဖတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးဖတ်ပြီးခဲ့တဲ့နေရာကစပြီး ဆက်ဖတ်တယ်။ မြို့ထဲက စာအုပ်ဆိုင်တစ်ဆိုင်က ၀ယ်လာခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ၀တ္ထုသစ်တစ်အုပ်။ ရဟတ်ပေါ်က မီးတွေကို တစ်ညလုံးထွန်းထားလို့ ကံကောင်းတယ်။ စာမျက်နှာအနည်းငယ်လောက်ဖတ်ပြီးတော့ ဇာတ်လမ်းထဲမှာ စိတ်မပါမှန်း သိလာရတယ်။ မျက်လုံးတွေကတော့ စာကြောင်းတွေပေါ်မှာ ပြေးလွှားနေတာ၊ ဟုတ်တယ်။ ဒါပေမဲ့ သူမစိတ်က အဝေးကြီးကို လွင့်နေတယ်။
လက်လျှော့ပြီး မိရုလည်း စာအုပ်ကို ပိတ်လိုက်တယ်။ ညကောင်းကင်းယံကို ငေးကြည့်မိတယ်။ တိမ်လွှာပြင်ပါးပါးတစ်ခုက ကောင်းကင်ကို ကာရံထားတယ်၊ ကြယ်တစ်လုံးမှ မမြင်ရဘူး။ လဆီက မှိန်ပြပြငွေရောင်အလင်းတစ်ခု ရှိနေတယ်။ အလင်းရောင်တွေကြောင့် တွဲဆိုင်းရဲ့ ပြတင်းပေါက်မှန်ပေါ်မှာ သူမရဲ့ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ကိုယ့်မျက်နှာကိုယ် သူမ အကြာကြီး ငေးကြည့်နေမိတယ်။ ဒါ ဘယ်တော့မှ ပြီးပါ့မလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။ ဒီမှာ ပိတ်မိနေရတဲ့အဖြစ်က ဘယ်တော့မှ ပြီးပါ့မလဲ။ ဒါပြီးရင်တော့ လူတွေကိုပြန်ပြောပြစရာ ရယ်စရာဇာတ်လမ်းတစ်ခု ဖြစ်သွားမှာပဲ။ ဆွစ်ဇာလန်က ကစားကွင်းတစ်ခုရဲ့ ရဟတ်ပေါ်မှာ တစ်ညတာပိတ်မိခြင်းပေါ့။
ဒါပေမဲ့ ဒါဟာ ရယ်စရာဇာတ်လမ်းတစ်ပုဒ်မဖြစ်ခဲ့ဘူး။
တကယ်တော့ ဒီနေရာအရောက်မှာမှ တကယ့်ဇာတ်လမ်းက စမှာ။
ခဏကြာတော့၊ မှန်ပြောင်းကို သူမ ပြန်ကောက်လိုက်ပြီး ပြတင်းပေါက်နေ သူမတိုက်ခန်းဆီ ကြည့်လိုက်တယ်။ ဘာမှ အပြောင်းအလဲမရှိဘူး။ အင်းလေ၊ ဘာပြောင်းလဲစရာရော ရှိလို့လဲလို့ ကိုယ့်ကိုယ်ကိုယ်ပြောပြီး သူမ ပြုံးလိုက်မိတယ်။
အဆောက်အဦဆီက တခြား ပြတင်းပေါက်တွေကို သူမ ကြည့်လိုက်တယ်။ အချိန်က ညသန်းခေါင်ကျော်လို့ အားလုံးနီးနီး အိပ်မောကျနေပြီ။ တချို့အခန်းတွေကတော့ မီးလင်းနေပြီး မအိပ်သေးဘူး။ အောက်ထပ်အလွှာက လူတွေကတော့ ပြတင်းပေါက်လိုက်ကာလေးတွေ ချထားဖို့ သတိပြုကြတယ်။ ဒါပေမဲ့ အပေါ်ထပ်တွေကတော့ ဒီကိစ္စကို သိပ်အမှုထားစရာမလိုပဲ၊ လေညင်းအေးအေးကို ခံစားရဖို့ လိုက်ကာကို တင်ထားကြတယ်။ အဲဒီအခန်းတွေရဲ့ မြင်ကွင်းကိုတော့ ကွက်ကွက်ကွင်းကွင်းနဲ့ လုံးလုံးလျားလျား မြင်နေရတယ်။ ညသန်းခေါင်ယံမှာ တစ်စုံတစ်ယောက်ဟာ ရဟတ်တွဲထဲမှာ ပုန်းအောင်းပြီး မှန်ပြောင်းနဲ့ ချောင်းကြည့်နေလိမ့်မယ်လို့ ဘယ်သူကရော တွေးမိမလဲ။ တခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာဘ၀ကို ချောင်းကြည့်ဖို့ မိရု ၀ါသနာမပါပါဘူး။ ဗလာကျင်းနေတဲ့ သူ့အခန်းသူ ပြန်ကြည့်ရတာက အများကြီးပို စိတ်ဝင်စားဖို့ကောင်းတယ်။
ပြတင်းပေါက်တွေကို ပတ်ချာလည်ကြည့်ပြီး တစ်ပတ်ပြည့်လို့ သူ့မ အခန်းဆီ ပြန်ရောက်လာတော့ သူမ အသက်ရှူရပ်သွားတယ်။ သူမအိပ်ခန်းထဲမှာ ၀တ်လစ်စလစ်နဲ့လူတစ်ယောက် ရှိနေတယ်။ ပထမတော့ အခန်းမှားသွားတာလို့ သူမ ထင်လိုက်သေးတယ်။ မှန်ပြောင်းကို အထက်အောက်၊ အရှေ့အနောက် ရွှေ့ကြည့်တယ်။ ဒါပေမဲ့ မမှားဘူး၊ အဲဒါ သူမရဲ့ခန်းမှ သူမရဲ့အခန်းပဲ။ သူမရဲ့ ပရိဘောဂတွေ၊ ပန်းအိုးနဲ့ပန်း၊ ပြီးတော့ သူမအခန်းနံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေ။ အဲဒီလူက ဖှာဒီနန်ဒိုဖြစ်နေတယ်။ မမှားနိုင်ဘူး။ သူက သူမ ကုတင်ပေါ်မှာ ထိုင်နေတယ်။ လုံးဝ ၀တ်လစ်စလစ်။ ရင်ဘတ်နဲ့ ၀မ်းဗိုက်မှာ အမွှေးအမျှင်တွေနဲ့၊ သူ့ရဲ့ ရှည်လျားတဲ့လိင်တံက အိပ်မှုံစမွှားတိရစ္ဆာန်တစ်ကောင်လို၊ ပျော့ခွေပြီး အောက်ကို တွဲလဲကျနေတယ်။
ဒီလူ ငါ့အခန်းထဲ ဘာလာလုပ်တာလဲ။ မိရုရဲ့ နဖူးပြင်မှာ ချွေးစအနည်းငယ် စို့ထွက်လာတယ်။ အခန်းထဲကို ဘယ်လိုဝင်တာလဲ၊ မိရု နားမလည်ဘူး။ ပထမတော့ သူမ ဒေါသထွက်သွားတယ်၊ နောက်တော့ စိတ်ရှုပ်ထွေးလာတယ်။ နောက်တော့ ပြတင်းပေါက်မှာ အမျိုးသမီးတစ်ဦး ပေါ်လာတယ်။ အဖြူရောင်လက်တိုအင်္ကျီနဲ့ အပြာရောင်စကပ်တို ၀တ်ဆင်ထားတယ်။ အမျိုးသမီးတစ်ဦး။ အဝေးကြည့်မှန်ပြောင်းကို မိရု တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး မျက်လုံးတွေက မြင်ကွင်းကို မခွာတမ်းကြည့်နေမိတယ်။
သူမမြင်လိုက်ရတာကတော့ သူမကိုယ်တိုင်ပဲ။
မိရုရဲ့ စိတ်ထဲမှာ ဗလာကျင်းသွားတယ်။ ငါက အခု ဒီမှာ၊ မှန်ပြောင်းနဲ့ ငါ့အခန်းကို ကြည့်နေတယ်။ ပြီးတော့ အခန်းထဲမှာလည်း ငါရှိနေတယ်။ မှန်ပြောင်းကို မိရု အမျိုးမျိုး ချိန်ကြည့်နေမိတယ်။ ဒါပေမဲ့ ဘယ်နှစ်ကြိမ်ကြည့်ကြည့် အခန်းထဲမှာရှိနေတာကတော့ သူမပဲ။ အခု သူမလက်ရှိဝတ်ဆင်ထားတဲ့ ၀တ်စုံကိုပဲ ၀တ်ထားတယ်။ ဖှာဒီနန်ဒိုက သူမဆီ တိုးကပ်သွားပြီး သူမကို ကုတင်ဆီ သယ်လာတယ်။ သူမကို နမ်းနေရင်း အခန်းထဲမှာပဲ သူမ အ၀တ်အစားတွေကို ညင်ညင်သာသာ ချွတ်နေတယ်။ သူမအင်္ကျီကို ချွတ်၊ ဘရာဇီယာကို ဖြေချ၊ စကပ်ကိုဆွဲချွတ်ပြီး သူမ လည်ကုပ်အစပ်လေးကို နမ်းနေတယ်။ တစ်ချိန်တည်းမှာ လက်တွေက သူမရင်သားတွေကို ပွတ်သပ်ဆော့ကစားနေတယ်။ ခဏကြာတော့ သူက သူမ အတွင်းခံဘောင်းဘီလေးကို လက်တစ်ဖက်တည်းနဲ့ ဆွဲချွတ်လိုက်တယ်။ အဲဒီအတွင်းခံကလည်း သူမအခုဝတ်ထားတဲ့ အတွင်းခံဘောင်းဘီနဲ့ အတူတူပဲ။ မိရု အသက်မရှူနိုင်တော့ဘူး။ အခု ဘာတွေဖြစ်နေတာလဲ။
သူမ သတိမပြုမိလိုက်ခင်မှာပဲ ဖှာဒီနန်ဒိုရဲ့ လိင်တံက ထောင်မတ်နေပြီ၊ တုတ်တံတစ်ခုလို တန်းမတ်နေတယ်။ ဒီလောက်ကြီးတာမျိုး သူမ တစ်ခါမှ မမြင်ဖူးဘူး။ သူက မိရုရဲ့ လက်ကို လှမ်းယူလိုက်ပြီး သူ့လိင်တံပေါ်မှာ တင်ပေးလိုက်တယ်။ ပြီးတော့ သူက သူမကို ပွတ်သပ်ပြီး၊ ခြေဆုံးခေါင်းဆုံး လျက်နေတော့တယ်။ သူမကတော့ မရုန်းဘူး။ သူမ၊ ဒါမှမဟုတ် အဲဒီအခန်းထဲမှာ ရှိနေတဲ့ မိရုဟာ သူလုပ်ချင်တာအားလုံး စိတ်တိုင်းကျ ပြုလုပ်ခွင့်ပေးထားပြီး တရိပ်ရိပ်မြင့်တက်လာတဲ့ ရမ္မက်ကို ခံစားနေတယ်။ တစ်ခါတစ်ခါ သူမလက်က ဖှာဒီနန်ဒိုရဲ့ လိင်တံနဲ့ ဝှေ့စေ့တွေဆီရောက်လာပြီး ပွတ်သပ်ချော့မြူတယ်၊ သူမတစ်ကိုယ်လုံးကိုတော့ သူ့ကို စိတ်ကြိုက်ထိတွေ့ခွင့်ပေးထားတယ်။
ဒီ ထူးဆန်းလှတဲ့ မြင်ကွင်းကနေ မိရု သူမ အကြည့်တွေကို မခွာနိုင်တော့ဘူး။ သူမ အော်ဂလီဆန်လာတယ်။ လည်ချောင်းက လောင်ကျွမ်းခြောက်သွေးပြီး တံတွေးတောင်မမျိုချနိုင်တော့ဘူး။ အန်ထွက်တော့မယ်လို့ သူမ ခံစားလာရတယ်။ အလယ်ခေတ်ရဲ့ သရုပ်တူပန်းချီကားတစ်ချပ်လို အရာအားလုံးက မဟုတ်မဟတ်တွေကို ချဲ့ကားလုပ်ကြံထားတာချည်းပဲ။ မိရု အဲဒီလိုပဲ တွေးမိတယ်၊ သူတို့ဟာ ဒီမြင်ကွင်းကို သူမ မြင်ရအောင် ရည်ရွယ်ချက်ရှိရှိ ပြနေတာ။ ငါ ကြည့်နေမှန်း သူတို့ သိတယ်။ ဒါပေမဲ့ သူမ မျက်လုံးတွေကိုတော့ မြင်ကွင်းက အကြည့်မလွှဲနိုင်တော့ဘူး။
အရာအားလုံး ဗလာကျင်းသွားတယ်။
*****
ပြီးတော့ ဘာဆက်ဖြစ်လဲ။ မိရု မမှတ်မိဘူး။ အဲဒီအမှတ်မှာ သူမ မှတ်ဉာဏ်က ရုတ်တရက် ပြတ်တောက်သွားတယ်။
"ကျွန်မ ပြန်စဉ်းစားလို့မရတော့ဘူး" လို့ ပြောပြီး မျက်နှာကို လက်နဲ့ အုပ်ထားတယ်။ "ကျွန်မသိတာကတော့ ဒါ ကြောက်စရာအကောင်းဆုံး အတွေ့အကြုံတစ်ခုပဲ။ ကျွန်မက ဒီနေရာမှာရှိနေပြီး အခြားကျွန်မတစ်ယောက်က ဟိုနေရာမှာ ရှိနေတယ်။ ပြီးတော့ အဲဒီလူ၊ ဖှာဒီနန်ဒိုက အဲဒီနေရာမှာ ကျွန်မကို သူလုပ်ချင်တဲ့အရာတွေ အကုန်လုံး သဘောကျပြုလုပ်နေတယ်" လို့ တိတ်တဆိတ် ဆက်ပြောတယ်။
"သူလုပ်ချင်တဲ့အရာတွေဆိုတာ ဘာကိုဆိုလိုတာလဲ"
"ကျွန်မ မမှတ်မိဘူး။ သူလုပ်ချင်တဲ့အရာတွေ အကုန်လုံးပဲ။ ကျွန်မကို ရဟတ်ထဲမှာ လှောင်ထားပြီး၊ အဲဒီနေရာမှာ ကျွန်မကို သူလုပ်ချင်တာတွေအကုန် လုပ်နေတယ်။ ဒါ လိင်ကိစ္စကို ကျွန်မ ကြောက်တာမျိုး မဟုတ်ဘူး။ ခရီးသွားဟန်လွှဲ လိင်ဆက်ဆံရေးကို ကျွန်မ အတော်သဘောကျခဲ့တဲ့ အချိန်တစ်ခု ရှိခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မ အဲဒီနေရာမှာ မြင်နေရတာက အဲဒါမျိုးမဟုတ်ဘူး။ အဓိပ္ပာယ်လုံးဝမရှိတဲ့ အရိုင်းပြဆုံး ကိစ္စတစ်ခုပဲ။ စိတ်ထဲမှာ တစ်ခုတည်းသော ဦးတည်ချက်ပဲရှိတယ်၊ အဲဒါကတော့ ကျွန်မကို အတွင်းအပြင်လှန်ပြီး ဖျက်ဆီးပစ်လိုက်ဖို့ပဲ။ ကျွန်မကို ညစ်ထေးသွားအောင်လုပ်ဖို့ ဖှာဒီနန်ဒိုဟာ သူ့လက်ချောင်းတွေ၊ အဆမတန်ကြီးတဲ့ လိင်တံနဲ့ သူသိသမျှ ကလိမ်ကကျစ်နည်းတွေအကုန်သုံးခဲ့တယ်။ အဲဒီမှာ ရှိနေတဲ့ ကျွန်မက၊ သူမကို ညစ်ထေးအောင်လုပ်နေလို့ ခံစားရတာမျိုးမဟုတ်ဘူး။ နောက်ဆုံးတော့ အဲဒါဟာ ဖှာဒီနန်ဒိုတောင် မဟုတ်တော့ဘူး"
နောက်တစ်ကြိမ်အသိပြန်ဝင်လာတော့ မိရုဟာ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတယ်။ အဖြူရောင်ဆေးရုံဂါဝန်က အ၀တ်အစားမပါတဲ့ သူမကိုယ်ခန္ဓာပေါ်မှာ လွှမ်းခြုံထားတယ်။ သူမ အရိုးအဆစ်တွေက ကိုက်ခဲနေတယ်။ ဘာဖြစ်ခဲ့တယ်ဆိုတာကို ဆရာဝန်က ရှင်းပြတယ်။ မနက်လင်းတော့ ကစားကွင်းဝန်ထမ်းတစ်ယောက်က သူမ ပစ်ချထားတဲ့ ပိုက်ဆံအိတ်ကို တွေ့ပြီး အပေါ်မှာ သူမရှိနေတာ သိသွားတယ်။ ရဟတ်ကို အောက်ကိုချပြီး ဆေးရုံကားခေါ်တယ်။ ရဟတ်တွဲထဲမှာ မိရုဟာ မလှုပ်မယှက် သတိလစ်နေတယ်။ အကြီးအကျယ်စိတ်ထိခိုက်ထားသလို သူမ သူငယ်အိမ်တွေက မလှုပ်ရှားတော့ဘူး။ မျက်နှာနဲ့ လက်မောင်းတွေမှာ အရေခွံတွေလန်နေပြီး အင်္ကျီမှာ သွေးတွေစွန်းနေတယ်။ ကုသဖို့အတွက် သူတို့က သူမကို ဆေးရုံကိုခေါ်သွားတယ်။ သူမ ဒီဒဏ်ရာတွေ ဘယ်လိုရလာလဲ ဘယ်သူမှ မခန့်မှန်းတတ်ကြဘူး။ ကံကောင်းတာကတော့ ဒဏ်ရာတွေက အမာရွတ်ကျန်မနေခဲ့ဘူး။ ရဟတ်မောင်းတဲ့ အဘိုးကြီးကို ရဲက ဆင့်ခေါ်ပြီး မေးတယ်၊ ဒါပေမဲ့ ပိတ်ခါနီးမှာ သူမကို ရဟတ်ပေါ်တင်လိုက်တယ်လို့ သူ မမှတ်မိဘူးလို့ပဲ အဘိုးကြီးက ပြောတယ်။
နောက်နေ့ကျတော့ မြို့ခံရဲတပ်ဖွဲ့က သူမကို မေးမြန်းတယ်။ သူတို့မေးခွန်းတွေကို ဖြေဖို့ သူမ အခက်အခဲတွေ့ရတယ်။ သူမမျက်နှာကို ပါ့စပို့စ်ထဲက ဓာတ်ပုံနဲ့ ယှဉ်ကြည့်တော့ သူတို့ မျက်မှောက်ကုပ်သွားတယ်။ အရသာဆိုးတဲ့တစ်ခုခုကို မျိုချထားရသလို မျက်နှာမျိုးဖြစ်သွားကြတယ်။ ပြီးတော့ သူမကို မေးတယ်။ "မိန်းကလေး။ မေးရမှာတော့ အားနာပါတယ်။ မင်းက တကယ်ပဲ အသက် ၂၅ နှစ်လား"
"ဟုတ်ပါတယ်။ ကျွန်မ ပါ့စပို့စ်ထဲမှာ ပါတဲ့အတိုင်းပါပဲ" လို့ သူမက ဖြေတယ်။ သူတို့ ဘာလို့ ဒီလိုမေးရတာပါလိမ့်။
ဒါပေမဲ့ ခဏကြာတော့ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်လိုက်ချိန်မှာပဲ အဖြေကို သူမ နားလည်သွားတယ်။ သူမခေါင်းက ဆံပင်တစ်ချောင်းချင်းစီတိုင်းဟာ အဖြူရောင်ကို ပြောင်းသွားပြီ။ မကြာသေးခင်ကမှ နှင်းမိုးရွာထားသလို အဖြူဆွတ်ဆွတ်။ ပထမတော့ မှန်ထဲတွေ့ရတာဟာ တခြားလူတစ်ယောက်လို့ သူမ ထင်မိသေးတယ်။ မှန်ကို နောက်တစ်ကြိမ်ပြန်ကြည့်မိတယ်။ အဲဒီခဏမှာပဲ အဖြစ်မှန်အားလုံးဟာ သူမဆီ ဖိတ်လျှံကျလာတယ်။ မှန်ထဲကနေ ပြန်ငေးကြည့်နေတဲ့ ဆံပင်ဖြူနဲ့ အမျိုးသမီးဟာ သူမကိုယ်တိုင်ပဲ။ သတိလစ်သွားပြီး သူမ ကြမ်းပြင်ပေါ် ပြိုလဲကျသွားတယ်။
အဲဒီနောက်မှာတော့ မိရုဆိုတဲ့ အမျိုးသမီးဟာ ပျောက်ဆုံးသွားတော့တယ်။
"ဒီဘက်အခြမ်းမှာတော့ ငါရှိနေတုန်းပဲ။ ဒါပေမဲ့ ငါအခြားတစ်ယောက်၊ ငါ့ရဲ့နောက်တစ်ခြမ်းပဲ ဆိုပါစို့၊ ကတော့ အခြားဘက်တစ်ခြမ်းမှာ ပျောက်ဆုံးသွားပြီ။ ငါ့ဆံပင်နက်နက်တွေ၊ ငါ့လိင်စိတ်ဆန္ဒ၊ ငါ့ရာသီသွေး၊ ငါ့မျိုးဥ၊ ငါ့ အသက်ရှင်လိုစိတ်ကိုတောင်ဖြစ်ချင်ဖြစ်မယ်၊ ယူဆောင်ပြီး အခြားဘက်တစ်ခြမ်းမှာ ပျောက်ဆုံးသွားခဲ့ပြီ။ ကျန်နေခဲ့တဲ့ အခြားတစ်ခြမ်းကတော့ နင်အခု မြင်နေရတဲ့ လူပဲ။ ဒီလိုပုံစံအတိုင်း အချိန်အကြာကြီး ငါခံစားနေခဲ့ရတယ်၊ ဆိုပါစို့၊ ရှင်းမပြနိုင်တဲ့ အကြောင်းရင်းတစ်ခုကြောင့်၊ ဆွစ်ဇာလန်မြို့ငယ်လေးတစ်ခုရဲ့ ရဟတ်ပေါ်မှာ ငါဟာ ဘယ်တော့မှပြန်မဆက်နိုင်တော့အောင် နှစ်ခြမ်းကွဲသွားခဲ့သလိုပဲ။ ငါသိသလောက်တော့၊ ဒါဟာ အမျိုးအမည်မသတ်မှတ်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုလိုပဲ။ ငါ့ဆီက တစ်ခုခုကို ခိုးယူသွားခဲ့တာမျိုးမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေအားလုံးဟာ၊ မှန်တစ်ချပ်နဲ့ ခြားထားရုံကလွဲလို့ အခြားတစ်ဖက်မှာ တည်ရှိနေဆဲဖြစ်လို့ပဲ။ ဒါပေမဲ့ အဲဒီ မှန်တစ်ချပ်ခြားထားတဲ့ အကန့်အသတ်ကို ငါ ဘယ်တော့မှ ကျော်လွှားနိုင်မှာမဟုတ်ဘူး။ ဘယ်တော့မှ မဖြစ်နိုင်ဘူး"
မိရုက သူမ လက်သည်းတွေကို ကိုက်လိုက်တယ်။
"အင်း.. 'ဘယ်တော့မှ' ဆိုတဲ့ စကားလုံးက နည်းနည်းပြင်းလွန်းသွားမယ်ထင်တယ်။ ဆိုပါစို့၊ တစ်နေ့နေ့၊ တစ်နေရာရာမှာ ငါတို့ တစ်ဦးတည်းအဖြစ် ပြန်ပေါင်းထုပ်ဖို့ ပြန်လည်ဆုံတွေ့နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရေးအကြီးဆုံး မေးခွန်းကိုတော့ မဖြေရသေးဘူး။ အဲဒါကတော့ ဘယ်ငါက၊ မှန်ရဲ့ ဘယ်ဘက်အခြမ်းက ငါက၊ ငါအစစ်လဲဆိုတာပဲ။ ဒီအတွက် ငါ့မှာ အဖြေမရှိဘူး။ ဖှာဒီနန်ဒိုက ဖက်ထားတဲ့တစ်ယောက်က အစစ်လား၊ သူ့ကို ကြည့်နေတဲ့တစ်ယောက်က အစစ်လား။ ဒီအဖြေကို ဖော်ထုတ်ဖို့လည်း ငါ့မှာ ယုံကြည်ချက်မရှိဘူး"
နွေရာသီကျောင်းပိတ်ရက်ပြီးတော့ မိရု ကျောင်းကို ပြန်မသွားတော့ဘူး။ ပြည်ပမှာ ပညာသင်နေတာကို ရပ်ဆိုင်းလိုက်ပြီး ဂျပန်ကို ပြန်လာခဲ့တယ်။ ပြီးတော့ ပီယာနိုကိုလည်း ဘယ်တော့မှ လက်ဖျားနဲ့ မတို့တော့ဘူး။ သူမဆီက ဂီတဖန်တီးနိုင်တဲ့ စွမ်းအားတွေ သူမကို အပြီးတိုင် စွန့်ခွာသွားပြီ။ နောက်တစ်နှစ်ကြာ သူမအဖေ သေတော့ သူ့ကုမ္ပဏီက သူမ လက်ထဲရောက်လာတယ်။
"ပီယာနိုဘယ်လိုမှ မတီးနိုင်တော့တာက တကယ့်ကို ခြောက်ခြားစရာပဲ။ ဒါပေမဲ့ အဲဒီကိစ္စကို ငါ အတွေးပွားမနေတော့ဘူး။ အနှေးနဲ့အမြန်၊ ဒီလိုမျိုးဖြစ်မယ့်အခြေအနေရှိတယ်ဆိုတာ အစကတည်းက ငါ တစ်စွန်းတစ်စ သိခဲ့တယ်။ အဲဒီအချိန်တွေထဲက တစ်နေ့နေ့မှာပေါ့..." မိရုက ပြုံးလိုက်တယ်။ "ဒီကမ္ဘာကြီးမှာ ပီယာနိုသမားတွေ ပြည့်နေတာပဲလေ။ လက်ရှိတီးနေတဲ့ ကမ္ဘာ့အဆင့်ပီယာနိုသမား နှစ်ဆယ်လောက်ရှိတယ်ဆိုရင် အဲဒါဟာ လိုအပ်တာထက် ပိုပါတယ်။ ဓာတ်ပြားဆိုင်တစ်ခုဆီသွားပြီး၊ Waldstein ဖြစ်ဖြစ်၊ Kreisleriana ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်တစ်ယောက်ယောက်ရဲ့ မူကွဲအမျိုးမျိုးကို ကြည့်ကြည့်ပေါ့။ အသံသွင်းဖို့အတွက် ဂန္ဓ၀င်လက်ရာတွေ အများကြီးရှိနေတာပဲ၊ ဆိုင်တွေရဲ့ ဓာတ်ပြားစင်တွေပေါ်မှာ နေရာအလွတ်တွေ အများကြီးရှိနေတာပဲ။ ဓာတ်ပြားထုတ်ဝေရေးလုပ်ငန်းအနေနဲ့ ထိပ်တန်းအဆင့် ပီယာနိုသမား အယောက်နှစ်ဆယ်ဆိုတာ ဖောချင်းသောချင်းပဲ။ ငါက အဲဒီအထဲက တစ်ယောက်မဖြစ်တဲ့အတွက်တော့ ဘယ်သူကမှ ဂရုစိုက်နေမှာမဟုတ်ဘူး"
မိရုက သူမရဲ့ လက်ဆယ်ချောင်းကို ရှေ့မှာ ဖြန့်ကားထားလိုက်တယ်။ ပြီးတော့၊ သူမရဲ့ မှတ်ဉာဏ်ကို စစ်ဆေးနေသလို၊ လက်ချောင်းတွေကို မှောက်ချည်လှန်ချည် အကြိမ်ကြိမ်လုပ်နေတယ်။
"ပြင်သစ်ကိုရောက်ပြီး တစ်နှစ်လောက်အကြာမှာ ထူးဆန်းတာတစ်ခုကို ငါ သတိပြုမိလာတယ်။ နည်းစနစ်ပိုင်း ငါ့လောက်မပိုင်တဲ့၊ ငါ့တစ်ဝက်လောက်တောင် လေ့ကျင့်မှုမရှိတဲ့ ပီယာနိုသမားတချို့ဟာ ငါလုပ်နိုင်ခဲ့တာအားလုံးထက်ပိုပြီး ပရိသတ်ကို ပိုမိုဆွဲဆောင်နိုင်တယ်ဆိုတာ တွေ့လာရတယ်။ နောက်ဆုံးတော့ သူတို့က ငါ့ကို အနိုင်ယူသွားတယ်ပေါ့။ ပထမတော့ ဒါဟာ နားလည်မှုလွဲနေတာလို့ ငါထင်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီလိုချည်း အကြိမ်ကြိမ်ဖြစ်လာတော့ ငါ ဒေါသထွက်လာတယ်။ တော်တော် မမျှတတာပဲလို့ ငါတွေးမိတယ်။ ဒါပေမဲ့ ဖြေးဖြေးနဲ့ မှန်မှန်ကန်ကန် ငါနားလည်လာတာတစ်ခုက ငါ့ဆီမှာ တစ်ခုခုပျောက်ဆုံးနေတယ်ဆိုတာပဲ။ ဘာလဲဆိုတာ ငါမသိပေမယ့် ငြင်းမရအောင်အရေးကြီးတဲ့ တစ်ခုခု ငါ့ဆီမှာ ပျောက်ဆုံးနေတယ်။ အခြားလူတွေကို လွှမ်းမိုးနိုင်တဲ့ ဂီတတစ်ခုကို ပြုလုပ်သူတွေမှာ လိုအပ်တဲ့ စိတ်ခံစားချက်ဆိုင်ရာလေးနက်မှုတစ်မျိုးလို့ ပြောရမလား။ ဂျပန်မှာတုန်းက ငါ ဒီအချက်ကို သတိမပြုမိခဲ့ဘူး။ ဂျပန်မှာတုန်းက ငါ ဘယ်သူ့ကိုမှ မရှုံးဖူးဘူး၊ ကိုယ့်အရည်အသွေးကိုယ် ဝေဖန်ဖို့လည်း ဘယ်တုန်းကမှ အချိန်မရှိခဲ့ဘူး။ ဒါပေမဲ့ ပဲရစ်လို အရည်အသွေးရှိတဲ့ ပီယာနိုသမားတွေ ၀ိုင်းဝိုင်းလည်နေတဲ့ နေရာမျိုးမှာကျတော့ အဲဒါကို ငါ နားလည်လာတယ်။ နေထွက်လို့ ဆီးနှင်းတွေ အရည်ပျော်သွားလို အရှင်းလင်းဆုံး ကိစ္စတစ်ခုပဲ"
မိရုက သက်ပြင်းချလိုက်တယ်။ မော့ကြည့်ပြီး သူမက ပြုံးလိုက်တယ်။
"ငယ်ငယ်လေးတည်းက ကိုယ်ပိုင်စည်းကမ်းလေးတွေချပြီး အဲဒီအတိုင်း လိုက်နေတာကို ငါ သဘောကျခဲ့တယ်။ အရမ်းအမှီအခိုကင်းပြီး အရမ်းလေးနက်တဲ့ မိန်းကလေးမျိုးပဲ။ ငါ့ကို ဂျပန်မှာမွေးတယ်၊ ဂျပန်ကျောင်းကို သွားခဲ့တယ်၊ ဂျပန်သူငယ်ချင်းတွေနဲ့ ကစားခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာအရ ငါက ဂျပန်လူမျိုးလုံးလုံးပဲ။ ဒါပေမဲ့ နိုင်ငံသားအနေနဲ့ကျတော့ နိုင်ငံခြားသားတစ်ယောက်ဖြစ်နေတယ်။ စေ့စေ့စပ်စပ်ပြောရရင်၊ ဂျပန်ဟာ ငါ့အတွက်တော့ အမြဲတမ်း နိုင်ငံခြားဖြစ်နေဦးမှာပဲ။ ငါ့မိဘတွေက အရာရာစည်းကမ်းတင်းကြပ်တတ်တဲ့ အမျိုးအစားတော့မဟုတ်ဘူး၊ ဒါပေမဲ့ ငါသိတတ်စကတည်းက စကားတစ်ခွန်းကို ခေါင်းထဲရိုက်သွင်းထားတယ်။ သမီးက ဒီမှာတော့ နိုင်ငံခြားသားပဲ။ ဒီတော့ ငါ့အနေနဲ့ အသက်ရှင်ရပ်တည်ချင်တယ်ဆိုရင်၊ ကိုယ့်ကိုယ်ကိုယ် ပိုမိုသန်မာအောင် လုပ်ရလိမ့်မယ်လို့ ဆုံးဖြတ်ပြီးသားပဲ"
မိရုက တည်ငြိမ်တဲ့ အသံနဲ့ ဆက်ပြောတယ်။
"မာကျောတယ်ဆိုတာက သူ့အလိုလို ဆိုးနေတဲ့ကိစ္စတစ်ခုတော့ မဟုတ်ဘူး။ ဒါပေမဲ့၊ အခုချိန်ပြန်လှည့်ကြည့်တော့၊ ငါ့အနေနဲ့ သန်မာတာကို အရမ်းအကျင့်ပါလွန်းခဲ့တယ်လို့ မြင်လာတယ်။ အားနည်းတဲ့လူတွေကို နားလည်ဖို့ ငါ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ ကံကောင်းမှုကို အကျင့်ပါနေတော့၊ ကိုယ့်လောက်ကံမကောင်းတဲ့လူတွေကို နားလည်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ ကျန်းမာမှုကို အကျင့်ပါနေတဲ့အတွက် မကျန်းမာသူတွေရဲ့ နာကျင်မှုကို နားလည်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ ဒုက္ခရောက်နေသူတစ်ယောက်ကို မြင်တဲ့အခါမှာ၊ တစ်ခုခုဖြစ်လို့ ကြက်သေသေနေသူတစ်ယောက်ကို မြင်တဲ့အခါမှာ ဒါဟာ သူတို့အပြစ်ချည်းသက်သက်လို့ ငါ ယူဆလိုက်တာပဲ။ ဒါဟာ သူတို့ကိုယ်တိုင် လုံလောက်အောင် မာကျောမှုမရှိလို့ပဲ။ ဆင်ခြေပေးတဲ့လူတွေဟာ ပျင်းလို့ပေးတာပဲ။ ဘ၀အပေါ်မှာထားတဲ့ ငါ့အမြင်က ခိုင်မာတယ်၊ ပြီး လက်တွေ့ကျတယ်၊ ဒါပေမဲ့ လူသားဆန်တဲ့ နွေးထွေးမှု ပျောက်ဆုံးနေတယ်။ ဒါပေမဲ့ ငါ့အနီးအနားက တစ်ယောက်ယောက်ကမှ ဒီအချက်ကို ထောက်မပြခဲ့ဘူး"
"အသက် ၁၇ နှစ်မှာ ငါ အပျိုရည်ပျက်တယ်၊ ပြီးတော့ ယောက်ျားအတော်များများနဲ့ အိပ်ဖြစ်ခဲ့တယ်။ ငါ့မှာ ရည်းစားတွေအများကြီးပဲ၊ ပြီးတော့ စိတ်ပါနေတယ်ဆိုရင်၊ တစ်ညတာ ခရီးသွားဟန်လွှဲပျော်ပါးလိုက်ဖို့လည်း ၀န်မလေးဘူး။ ဒါပေမဲ့ ငါ တစ်ယောက်ယောက်ကို တကယ်ရော ချစ်ခဲ့ရဲ့လား။ ငါ့မှာ အဲဒီအတွက် အချိန်မရှိဘူး။ ငါစိတ်ထဲတွေးနိုင်သမျှက ကမ္ဘာ့အဆင့် ပီယာနိုသမားဖြစ်လာရေးပဲ။ အဲဒီလမ်းကြောင်းက သွေဖည်ပြီး ရွေးချယ်စရာ မရှိဘူး။ အဲဒီကွက်လပ်ကို ငါသတိပြုမိတဲ့အချိန်မှာ တစ်စုံတစ်ရာဟာ ငါ့အထဲက လစ်ဟာသွားတယ်။ အရမ်းနောက်ကျသွားပြီ"
သူမက လက်တွေကို ရှေ့မှာ ဖြန့်လိုက်ပြန်တယ်၊ ပြီးတော့ ခဏလောက်ကြာအောင် စဉ်းစားနေတယ်။
"ရှုထောင့်တစ်ခုက ပြောရရင်၊ ဆွစ်ဇာလန်မှာ လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက ဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်ဟာ ငါ့ဘာသာ ဖန်တီးထားတဲ့ အရာတစ်ခုလည်း ဖြစ်နေနိုင်တယ်။ တစ်ခါတလေ ငါ အဲဒီလိုပဲ ယုံကြည်နေတတ်တယ်"
***
၂၉ နှစ်မှာ မိရု လက်ထပ်လိုက်ယ်။ ဆွစ်ဇာလန်မှာ ဖြစ်ခဲ့တဲ့ကိစ္စပြီးကတည်းက သူမမှာ လိင်စိတ်ပျောက်ကွယ်သွားပြီး ဘယ်သူနဲ့မှ လိင်ဆက်ဆံလို့ မရတော့ဘူး။ သူမအတွင်းသားထဲက တစ်ခုခုဟာ ထာဝရပျောက်ကွယ်သွားခဲ့ပြီ။ အဲဒီအချက်ကို၊ အဲဒီအချက်တစ်ခုတည်းကို၊ တော့ သူမ လက်ထပ်မိတဲ့အမျိုးသားကို အသိပေးခဲ့ပါတယ်။ ဒီလိုကြောင့် ငါ ဘယ်သူနဲ့မှ လက်ထပ်မရနိုင်ဘူးလို့ သူ့ကို သူမ ရှင်းပြခဲ့တယ်။ ဒါပေမဲ့ သူက မိရုကို ချစ်တယ်၊ မောင်နှမအချစ်မျိုးနဲ့ဆိုရင်တောင် သူမရဲ့ ကျန်နေတဲ့ဘ၀တစ်ခုလုံးကို အတူလျှောက်လှမ်းချင်တယ်လို့ သူက ပြောလာတယ်။ သူ့အဆိုပြုချက်ကို ငြင်းပယ်ဖို့ လုံလောက်တဲ့ဆင်ခြေတစ်ခု မိရု ခေါင်းထဲမှာ ပေါ်မလာဘူး။ သူ့ကို ကလေးဘ၀ကတည်းက သူမ သိခဲ့တယ်၊ အမြဲတမ်းလည်း သဘောကျခဲ့တယ်။ ဒီလိုဆက်ဆံရေးမျိုးကနေ ဘာတွေထွက်လာမလဲ သူမ အသေအချာမသိပေမယ့်၊ သူမ ဘ၀ကိုဝေမျှဖို့အတွက် ဒီလူကတော့ သူမ ခေါင်းထဲပုံဖော်ကြည့်လို့ရတဲ့ တစ်ဦးတည်းသောလူပဲ။ လက်တွေ့ကျတဲ့ ရှုထောင့်ကကြည့်ရင် နောက်တစ်ချက်ရှိတာက၊ သူမ မိသားစုစီးပွားရေးကို ရှေ့ဆက်နိုင်ဖို့လည်း အိမ်ထောင်ပြုတဲ့ကိစ္စက အရေးပါနေတယ်။
မိရုက ဆက်ပြောတယ်။
"ငါ့အမျိုးသားနဲ့ငါ ပိတ်ရက်တွေမှာပဲ တစ်ယောက်နဲ့တစ်ယောက် တွေ့လေ့ရှိတယ်။ ပုံမှန်အားဖြင့်တော့ အဆင်ပြေပါတယ်။ သူငယ်ချင်းကောင်းတွေလိုပဲ၊ ကြည်နူးစရာအချိန်တွေကို အတူဖြတ်သန်းဖို့အတွက် ဘ၀အဖော်တွေပဲ။ အကြောင်းအရာမျိုးစုံကို ငါတို့ ပြောကြတယ်၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အတွင်းကျကျ ယုံကြည်မှုရှိတယ်။ ဘယ်နေရာမှာ ဘယ်လို သူလိင်ကိစ္စဖြေဖျောက်လဲ ငါမသိဘူး၊ စိတ်လည်းမ၀င်စားဘူး။ ငါတို့ တစ်ခါမှ လိင်မဆက်ဆံဖြစ်ကြဘူး၊ တစ်ယောက်အသားတောင် တစ်ယောက်မထိကြပါဘူး။ အဲဒီအတွက်တော့ ငါလည်း စိတ်မကောင်းဘူး၊ ဒါပေမဲ့ ငါမှ သူ့ကို မထိချင်ပဲ။ ငါ့မှာ သူ့ကို ထိချင်စိတ်မရှိရုံပဲ"
စကားပြောလို့ မောသွားပုံနဲ့ မိရုက သူမမျက်နှာကို လက်တွေနဲ့ ကာလိုက်တယ်။ အပြင်မှာတော့ ကောင်းကင်က လင်းနေပြီ။
"အတိတ်တုန်းကလည်း ငါအသက်ရှင်ခဲ့တယ်၊ အခုလည်း ငါအသက်ရှင်နေတယ်။ ဒီစကားတွေကို နင့်ကို ထိုင်ပြောပြနေတယ်။ ဒါပေမဲ့ နင်မြင်နေရတာက ငါတကယ်မဟုတ်ဘူး။ ငါဖြစ်ခဲ့တာရဲ့ အရိပ်တစ်ခုကိုပဲ နင်မြင်နေရတာ။ နင်ကတော့ တကယ်အသက်ရှင်နေတာ။ ဒါပေမဲ့ ငါက အဲဒီလိုမဟုတ်ဘူး။ အခုလောလောလတ်လတ် ငါပြောနေတဲ့ စကားတွေတောင်မှ ဘာမှမပါတဲ့ ပဲ့တင်သံတစ်ခုလိုပဲ"
စကားတစ်ခွန်းမှမပြောဘဲ ကျွန်မလက်တွေကို မိရုရဲ့ ပုခုံးပေါ် တင်ထားလိုက်တယ်။ သူမကို ပြောဖို့ မှန်ကန်တဲ့စကားလုံးတစ်လုံး ကျွန်မ စဉ်းစားမရဘူး၊ ဒါနဲ့ လက်နဲ့ပဲ သူမကို ကိုင်ထားလိုက်တယ်။
ကျွန်မ မိရုကို ချစ်မိနေပြီ။ ဒီဘက်တစ်ခြမ်းမှာရှိတဲ့ မိရုကို ချစ်မိနေပြီလို့ ပြောတာမှန်း ရှင်းပြစရာတောင် မလိုပါဘူး။ ဒါပေမဲ့ အခြားဘက်တစ်ခြမ်းက မိရုကိုလည်း ကျွန်မ ညီတူညီမျှချစ်တယ်။ အဲဒီအတွေး ကျွန်မခေါင်းထဲဝင်လာတဲ့ အခိုက်အတန့်မှာပဲ၊ အက်ကွဲသံတစ်ခုနဲ့အတူ၊ ကျွန်မကိုယ်တိုင် နှစ်ခြမ်းကွဲသွားသလိုပဲ။ အဲဒီခံစားမှုက အားကောင်းသန်မာလွန်းတယ်၊ ဒါကို တုံ့ပြန်ဖို့ ကျွန်မမှာ ဘာလက်နက်မှမရှိဘူးဆိုတာ သိနေတယ်။
ဘာပဲဖြစ်ဖြစ်၊ မေးခွန်းတစ်ခုကတော့ ကျန်နေတုန်းပဲ။
မိရုရှိနေတဲ့၊ ဒီဘက်အခြမ်းဟာ၊ အစစ်အမှန်ကမ္ဘာ မဟုတ်ဘူးဆိုခဲ့ရင်၊ ဒီဘက်အခြမ်းဟာ တကယ်တော့ အခြားဘက်တစ်ခြမ်းပဲ ဖြစ်နေတယ်ဆိုခဲ့ရင်၊ ကျွန်မအတွက်ရော ဘယ်လိုဖြစ်မလဲ။ အခုလို တူညီတဲ့ အချိန်နဲ့ အာကာသရပ်ဝန်းတစ်ခုတည်းမှာ သူမနဲ့အတူ လေယာဉ်တွဲစီးနေတဲ့ ကျွန်မကိုပြောတာလေ။
ဒါဆို ကျွန်မကရော ဘယ်သူလဲ။
တေဇာ (လရောင်လမ်း)
Sputnik Sweetheart by Haruki Muraki မှ ထုတ်နုတ်ပြီး ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Image: www.gammemagie.com
Comments
Post a Comment