မြို့ပြင်တစ်နေရာ၊ သစ်တောနှင့် သီးနှံစိုက်ခင်းများအနီး၊ မျက်မမြင်ကျောင်းဝန်းတစ်ခု၏ နှစ်လိုဖွယ် ခေါင်းလောင်းစင်အနီး၊ သူတို့နှစ်ယောက် အိမ်နီးချင်းများအဖြစ် ကြီးပြင်းခဲ့သည်။ အခုတော့ သူတို့ အသက်နှစ်ဆယ်၊ တစ်ဦးနှင့်တစ်ဦး မမြင်ရသည်မှာ တစ်နှစ်နီးပါးခန့် ရှိခဲ့ပြီ။ သူတို့နှစ်ဦးကြား ပျော်ရွှင်နွေးထွေးမှုတို့နှင့် အဆင်ပြေစွာရှိခဲ့သော်လည်း အချစ်အကြောင်းတော့ မပြောခဲ့ဖူး။
သူ့နာမည်က နျု၊ သူမ နာမည်က ကက်သရင်း။ နေ့လယ်ခင်းတစ်ခုတွင် နျုက ကက်သရင်း၏ အိမ်တံခါးကို ခေါက်လိုက်သည်။
ကက်သရင်းက တံခါးဆီသို့ ထွက်လာသည်။ သူမ ဖတ်လက်စ ပြောင်ပြောင်လက်လက် မဂ္ဂဇင်းထူထူတစ်အုပ်ကို ကိုင်လာသည်။ မဂ္ဂဇင်းက သတို့သမီးတို့အတွက် ဦးတည်ရေးသားထားသည်။
သူ့ကို မြင်သောအခါ "နျု" ဟု သူမက အံ့သြစွာ အော်ခေါ်လိုက်သည်။
"လမ်းလျှောက်ဖို့ လိုက်ခဲ့ပါလား" ဟု သူကပြောသည်။ သူက ရှက်တတ်သည်။ ရှက်တတ်သည်မှ ကက်သရင်းနှင့်တွေ့လျှင်တောင် ရှက်တတ်သည်။ သူ့ရှက်ရွံ့မှုကို စိတ်မပါသည့်စကားပြောဟန်ဖြင့် သူက ဖုံးကွယ်ထား၏။ စကားပြောနေစဉ်အတွင်း သူ့စိတ်တို့က အခြားအဝေးတစ်နေရာသို့ ရောက်နေသလိုမျိုး။ အထူးစုံထောက်တစ်ယောက်က အဝေးတစ်နေရာမှ အန္တရာယ်ရှိသည့် လှလှပပဇာတ်ဝင်ခန်းများမတိုင်ခင် ခဏတဖြုတ်အနားယူသည့် ပုံစံမျိုး။ ဒီလိုဟန်ပန်မျိုးက အမြဲတမ်းပင် နျု၏ ဟန်ဖြစ်ခဲ့သည်။ သူ့အတွက် အသည်းအသန်အရေးကြီးသည့် ကိစ္စများတွင်တောင် သူကတော့ ဤသို့ပင် ပြုမူလေ့ရှိသည်။
"လမ်းလျှောက်ထွက်ဖို့လား.." ဟု ကက်သရင်းက မေးလိုက်သည်။
"ခြေထောက်တစ်ချောင်းရှေ့မှာ နောက်တစ်ချောင်းချပြီး..၊ သစ်ရွက်တွေပေါ် ဖြတ်၊ တံတားတွေကို ကျော်ပြီး..."
"နင်မြို့ပြန်ရောက်နေတာတောင် ငါမသိသေးဘူး" ဟု သူမက ပြောသည်။
"အခုပဲ ရောက်တယ်"
"သြော် ..အေး၊ နင် တပ်ထဲမှာပဲပေါ့"
"နောက်ထပ် ခွန်နစ်လလောက် ကျန်သေးတယ်" ပထမတန်း အမြောက်တပ်တွင် သူက တာဝန်ထမ်းဆောင်နေသည်။ သူ့ဝတ်စုံက တွန့်ကြေစုတ်ပြတ်နေသည်။ ရှူးဖိနပ်များက ဖုန်တက်နေသည်။ မုတ်ဆိတ်လည်း ရိတ်မထား။ သူက မဂ္ဂဇင်းစာအုပ်ဆီ လက်လှမ်းလိုက်သည်။ "စာအုပ်က တယ်လှပါလား။ ပြပါဦး"
သူမက မဂ္ဂဇင်းကို ပေးလိုက်သည်။
"ငါ လက်ထပ်တော့မယ် နျု"
"ငါ သိပါတယ်။ လမ်းလျှောက်ထွက်ရအောင်ဟာ"
"ငါ အရမ်းအလုပ်ရှုပ်နေတယ်။ မင်္ဂလာပွဲက တစ်ပတ်ပဲလိုတော့တာလေ" ဟု သူမက ပြောသည်။
"လမ်းလျှောက်ထွက်ရအောင်ပါ။ နင်ပိုပြီး လှပလန်းဆန်းသွားလိမ့်မယ်၊ လှပလန်းဆန်းတဲ့ သတို့သမီးလေး ဖြစ်သွားလိမ့်မယ်"
မဂ္ဂဇင်းစာမျက်နှာများကို သူက လှန်လိုက်ပြီး "ဒီလို..ဒီလို..ဒီလို..လန်းဆန်းတဲ့ သတို့သမီးလေး" ဟု အထဲမှ သတို့သမီးပုံများကို ညွှန်ပြရင်းပြောလိုက်သည်။
လှပလန်းဆန်းသည့် သတို့သမီးများအကြောင်းစဉ်းစားရင်း ကက်သရင်းလည်း လှပလာသလို ခံစားရ၏။
"ဒါ ဟင်နရီစတီးဝေါ့အတွက် ငါပေးတဲ့လက်ဆောင်ပေါ့။ လမ်းလျှောက်ထွက်ပေးရင်း လှပလန်းဆန်းတဲ့ သတို့သမီးလေးတစ်ယောက် လက်ဆောင်ပေးလိုက်တာပေါ့"
"သူ့ နာမည်ကို နင်သိတာလား" ဟု ကက်သရင်းက မေးသည်။
"ပစ္စဘတ်ကနေ ငါ့အမေစာရေးတဲ့အထဲမှာ ပါတာ"
"သြော်။ နင်သူ့ကို သဘောကျမှာပါ"
"ကျချင်ကျမှာပေါ့"
"နင်..နင် မင်္ဂလာပွဲကို လာနိုင်မလား နျု" ဟု သူမက မေးသည်။
"ဒါတော့ မသေချာဘူး"
"နင့် ခွင့်က အဲဒီလောက်ကြာအောင် မရဘူးပေါ့" သူမက မေးသည်။
"ခွင့်.." ဟု ပြောပြီး နျုက မဂ္ဂဇင်းမှ နှစ်မျက်နှာကြော်ငြာတစ်ခုကို ကြည့်နေသည်။ ပြီးမှ "ငါ ခွင့်နဲ့ ပြန်လာတာမဟုတ်ဘူး" ဟု ပြောလိုက်သည်။
"ဟင်..."
"သူတို့အခေါ်အရတော့ ခွင့်မဲ့ပျက်ကွက်ပေါ့" ဟု နျုက ပြောသည်။
"အာ နျု။ နင် အဲဒီလို မဖြစ်ရပါဘူး"
"တကယ်ဖြစ်နေပြီ" သူက မဂ္ဂဇင်းစာမျက်နှာများကို ကြည့်နေဆဲ။
"ဘာဖြစ်လို့လဲ နျု"
"နင်နဲ့လိုက်ဖက်မယ့် အဆင်ကို ငါ ရှာနေတာ" ဟု သူကပြောသည်။ ထို့နောက် မဂ္ဂဇင်းထဲမှ ဒီဇိုင်းများ၏ နာမည်ကို သူက ရွတ်နေလိုက်သည်။ သူက အပေါ်ကိုမော့ကြည့်၍ ပြုံးလိုက်ပြီး
"နင်နဲ့ နင့်အမျိုးသားကို ဇွန်းတစ်ချောင်း ငါ လက်ဖွဲ့မယ်လေ" ဟု ပြောလိုက်သည်။
"နျု..နျု..၊ ငါ့ကို စကားအကောင်းပြောစမ်းပါ"
"ငါ လမ်းလျှောက်ထွက်ချင်တယ်" သူက ပြောသည်။
ညီမတစ်ယောက်ဒေါပွသလိုဟန်မျိုးဖြင့် သူမက လက်များကို ဖျစ်ညှစ်လိုက်သည်။ "အိုး နျု.. ခွင့်မဲ့ပျက်ကွက်တယ်ဆိုတာ နင်ငါ့ကို နောက်နေတာမဟုတ်လား"
နျု ပါးစပ်မှ ရဲကားဥသြဆွဲသံတစ်ခု ခပ်တိုးတိုးပြုလုပ်လိုက်ပြီး မျက်ခုံးများကို ပင့်တင်လိုက်သည်။
"နင်..နင် ဘယ်ကနေ ထွက်ပြေးလာတာလဲ"
"ဖို့ဘရက်ဂ်"
"မြောက်ကယ်ရိုလိုင်းနားလား"
"ဟုတ်တယ်။ ဖေးယက်ဗီလီနားက၊ စကားလက်ဟိုဟားရား ကျောင်းတက်တဲ့နေရာက ပြေးလာတာ"
"နင် ဒီကို ဘယ်လိုရောက်အောင်လာသလဲ နျု"
သူက လက်မကို ထောင်လိုက်ပြီး၊ ကားကြုံတားစီးသည့် အမူအရာမျိုး လုပ်ပြသည်။ "နှစ်ရက်ကြာတယ်"
"နင့် အမေရော သိလား"
"အမေ့ကို တွေ့ဖို့ ငါလာတာ မဟုတ်ဘူး" ဟု သူက ပြောသည်။
"ဒါဆို ဘယ်သူ့ကို တွေ့ဖို့ လာတာလဲ"
"နင့်ကို"
"ငါ့ကို ဘာလို့တွေ့ချင်ရတာလဲ"
"ဘာလို့လဲဆိုတော့ ငါ နင့်ကို ချစ်လို့ပေါ့။ ကဲ ငါတို့ လမ်းလျှောက်လို့ရပြီလား။ ခြေထောက်တစ်ချောင်းရှေ့မှာ နောက်တစ်ချောင်းချပြီး..၊ သစ်ရွက်တွေပေါ် ဖြတ်၊ တံတားတွေကို ကျော်ပြီး..."
*****
အခုတော့ သူတို့ သစ်ရွက်ညိုညိုများခင်းကျင်းထားသည့် လမ်းတစ်လျှောက် လျှောက်လှမ်းနေကြသည်။
ကက်သရင်းက ဒေါသထွက်ပြီး စိုးရိမ်တုန်လှုပ်နေသောကြောင့် မျက်ရည်ကျလုနီးနီး။
"နျု နင် တော်တော်ရူးတာပဲ" ဟု သူမက ပြောလိုက်သည်။
"ဘယ်လိုရူးတာလဲ" ဟု နျုက မေးသည်။
"ဒီလိုအချိန်မျိုးမှာမှ ငါ့ကို ချစ်တယ်လို့ပြောတာ ရူးတာပေါ့။ ဒီလိုမျိုး နင် အရင်က တစ်ခါမှမပြောဖူးပါဘူး" သူမက လမ်းလျှောက်နေသည်ကို ရပ်လိုက်၏။
"ဆက်လျှောက်စမ်းပါ" ဟု သူက ပြောသည်။
"မလျှောက်ဘူး။ ဒီလောက်ထိပဲ၊ နောက်ထပ်မလျှောက်တော့ဘူး။ နင်နဲ့ငါ လုံးဝလိုက်ကို လိုက်မလာခဲ့သင့်တာ" ဟု သူမက ပြောသည်။
"နင့်ဘာသာ လိုက်ခဲ့ပြီးတော့"
"နင့်ကို အိမ်အပြင်ရောက်အောင် ခေါ်ထုတ်လာတာ။ တစ်ယောက်ယောက် ရောက်လာပြီး၊ လက်မထပ်ခင် တစ်ပတ်အလိုမှာ နင် ငါ့ကို ဒီလိုတွေပြောနေတာ ကြားသွားရင် ဘယ်လိုလုပ်မလဲ"
"သူတို့က ဘယ်လိုထင်မှာလဲ"
"သူတို့က နင်ရူးနေတယ်လို့ ထင်မှာပေါ့" သူမက ပြောသည်။
"ဘာလို့လဲ"
ကက်သရင်းက အသက်ကိုလေးလေးပင်ပင်ရှူလိုက်ပြီး မိန့်ခွန်းချွေသည်။
"နင် အခုလို အူကြောင်ကြောင်တွေလာပြောတဲ့အတွက် ငါ တကယ်ကို ဂုဏ်ယူရပါတယ်။ နင် တပ်ပြေးဖြစ်နေမှန်းလည်း ငါမယုံနိုင်ဘူး၊ ဒါပေမဲ့ တကယ်ဖြစ်နေပြီ။ နင် ငါ့ကို တကယ်ချစ်တယ်ဆိုတာလည်း ငါမယုံနိုင်ဘူး။ ဟုတ်ချင်တော့ ဟုတ်မှာပေါ့။ ဒါပေမဲ့..."
"ငါ နင့်ကို တကယ်ချစ်ပါတယ်" ဟု နျုက ပြောသည်။
"အင်း ငါ တကယ်ဂုဏ်ယူပါတယ်။ ပြီးတော့ ငါ နင့်ကို သူငယ်ချင်းတစ်ယောက်လို တကယ်သဘောကျပါတယ်။ အရမ်းသဘောကျတယ် နျု။ ဒါပေမဲ့ အရမ်းနောက်ကျသွားပြီလေ" ဟု ကက်သရင်းကပြောပြီး သူထံမှ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။ "နင် ငါ့ကို တစ်ခါမှ မနမ်းဖူးပါဘူး" ဟု ပြောပြီးမှ သူမကိုယ်ကိုယ် လက်များနှင့် ကာလိုက်သည်။ "ဒီလိုပြောလို့ အခု နမ်းရမယ်လို့ ပြောတာမဟုတ်ဘူး။ ဘယ်လိုမှ မျှော်လင့်မထားဘဲ ဒါမျိုးတွေ ကြားရတာလို့ ပြောချင်တာ။ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ငါလည်း မစဉ်းစားတတ်လောက်အောင်ပဲ"
"လမ်းပဲ ဆက်လျှောက်ရအောင်ပါ။ အေးအေးဆေးဆေး လျှောက်ရအောင်"
သူတို့ လမ်းဆက်လျှောက်လာကြသည်။
"နင်က ငါ့ကို ဘယ်လိုတုံ့ပြန်ဖို့ မျှော်လင့်ထားလို့လဲ" ဟု ကက်သရင်းက မေးသည်။
"နင် ဘယ်လို တုံ့ပြန်မယ်ဆိုတာ ငါ ဘယ်လိုလုပ်သိမှာလဲ။ ဒီလိုမျိုး ငါ တစ်ခါမှမှ မလုပ်ခဲ့ဖူးပဲ"
"နင့် ရင်ခွင်ထဲ ငါ တိုးဝင်လာလိမ့်မယ်လို့ နင်ထင်ထားလို့လား" သူမက မေးသည်။
"ဖြစ်ချင်ဖြစ်မှာပေါ့" ဟု သူက ပြောသည်။
"နင်ထင်သလို မဖြစ်နိုင်တာ ငါဝမ်းနည်းပါတယ်" ဟု သူမက ပြောသည်။
"ငါ ထင်သလိုမဖြစ်တာ မဟုတ်ပါဘူး။ ငါ ဒီကိစ္စကို ထည့်မတွက်ထားဘူး။ အခုလို လမ်းလျှောက်ရတာပဲ ကောင်းလှပါပြီ"
ကက်သရင်းက ခြေလှမ်းများကို ရပ်ပစ်လိုက်ပြန်သည်။
"ဒါပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာရော နင်တွေးမိရဲ့လား" ဟု မေးလိုက်သည်။
"ဟင့်အင်း"
"ငါတို့ လက်ပြနှုတ်ဆက်ကြရမှာလေ။ သူငယ်ချင်းတွေအဖြစ်ကနေ ငါတို့ လက်ပြနှုတ်ဆက်ကြရမှာ။ အဲဒါ ဘာဆက်ဖြစ်မလဲဆိုတာပဲ" ဟု သူမက ပြောသည်။
နျုက ခေါင်းညိတ်ပြလိုက်၏။ "ကောင်းပြီလေ။ တစ်ခါတလေတော့ ငါ့ကို သတိရပေးပေါ့။ ငါ နင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ သတိရပေးပေါ့"
ထိန်းချုပ်လို့မရဘဲ ကက်သရင်း မျက်ရည်များထွက်ကျလာသည်။ နျုကို ကျောခိုင်းလိုက်ပြီး အဆုံးအစမရှိသော သစ်ပင်ပင်စည်တန်းများသို့ ငေးကြည့်နေ၏။
"နင် ဘာဖြစ်နေတာလဲ" ဟု နျုက မေးလိုက်သည်။
"ဒေါသထွက်နေတာ။ နင့်မှာ အခွင့်အရေးမရှိ...." ကက်သရင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
"ငါ သေသေချာချာသိအောင် အချိန်ယူခဲ့ရသေးတယ်လေ" ဟု သူကပြောသည်။
"ငါသာ နင့်ကို ချစ်ခဲ့ရင်၊ အရင် တစ်ချိန်ချိန်ကတည်းက အသိပေးခဲ့မှာ"
"ဟုတ်လား"
"ဟုတ်တယ်" သူမက နျု့နှင့် မျက်နှာချင်းဆိုင်လိုက်ပြီး မော့ကြည့်သည်။ သူမမျက်နှာက နီရဲနေ၏။ "နင် သိခဲ့မှာပဲ" ဟု ပြောလိုက်သည်။
"ဘယ်လိုမျိုးလဲ" သူက မေးသည်။
"နင် မြင်ခဲ့မှာပဲလေ။ မိန်းမတွေဟာ ဒါမျိုးကို သိပ်ဖုံးကွယ်တတ်တာမှ မဟုတ်တာ"
အခုတော့ နျုက ကက်သရင်း၏မျက်နှာကို နီးနီးကပ်ကပ်စိုက်ကြည့်လိုက်သည်။
မိန်းမများအဖို့ အချစ်ကို ဖုံးကွယ်ထားနိုင်စွမ်းမရှိဟု၊ သူမပြောလိုက်သော စကားများသည် အကုန် အမှန်များချည်းဖြစ်ကြောင်း ၀မ်းပန်းတနည်း ပြန်သိလိုက်သည်။
အခုတော့ နျုအဖို့ အချစ်ကို တွေ့မြင်နေရသည်။
ထို့နောက် သူလုပ်ရမည့်အရာတစ်ခုကို ပြုလုပ်လိုက်သည်။ သူက သူမကို နမ်းလိုက်တော့သည်။
*****
"နင်ကတော့ တော်တော်ခက်တာပဲ" ဟု သူမကို လွှတ်လွှတ်ချင်း ကက်သရင်းက ပြောလိုက်သည်။
"ငါကလား" ဟု နျုက ပြောသည်။
"နင် ဒီလို မလုပ်သင့်ဘူး"
"နင် သဘောမကျဘူးလား" ဟု သူက မေးသည်။
"နင်က ဘယ်လိုမျှော်လင့်လို့လဲ။ အငမ်းမရဖြစ်နေတဲ့၊ စွန့်ပစ်ခံထားရတဲ့ ရမ္မက်ကို မျှော်လင့်လို့လား"
"ငါ နင့်ကို ပြောသားပဲ။ ဘာဆက်ဖြစ်မယ်ဆိုတာကို ငါ ဘယ်တုန်းကမှ မသိခဲ့ပါဘူးလို့" ဟု နျုကပြောသည်။
"ငါတို့ နှုတ်ဆက်ရတော့မယ်" ဟု သူမက ပြောလိုက်သည်။
သူက မျက်မှောင်အနည်းငယ်ကျုံ့ရင်း၊ "ကောင်းပါပြီ" ဟု ပြောလိုက်သည်။
သူမက နောက်ထပ်မိန့်ခွန်းတစ်ခု ထပ်ချွေသည်။ "ငါတို့ နမ်းမိခဲ့လို့ ငါ ၀မ်းမနည်းပါဘူး။ ချိုမြိန်ပါတယ်။ ငါတို့ ဒီလောက် နီးနီးစပ်စပ်နေခဲ့တာ နမ်းမိခဲ့သင့်တာပဲ။ ငါ နင့်ကို အမြဲတမ်းသတိရနေမှာ နျု။ ကံကောင်းပါစေ"
"နင်လည်း ကံကောင်းပါစေ" ဟု နျုက ပြောလိုက်သည်။
"ကျေးဇူးပဲ၊ နျု"
"ရက်ပေါင်းသုံးဆယ်ပေါ့" ဟု သူက ပြောသည်။
"ဘယ်လို..."
"အချုပ်ထဲ ရက်ပေါင်းသုံးဆယ် နေရမယ်လို့ပြောတာပါ။ အနမ်းတစ်ချက်ကြောင့် ငါ ပြန်ပေးရမယ့်အရာပေါ့" ဟု သူက ပြောသည်။
"ငါ..ငါ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ တပ်ပြေးလုပ်ဖို့ နင့်ကို ငါ တောင်းဆိုခဲ့တာမှမဟုတ်တာ"
"ငါ သိပါတယ်"
"ဒီလို စိတ်ရူးပေါက်ရာလျှောက်လုပ်တဲ့အတွက် သူရဲကောင်းဆုလာဘ်တစ်ခုခု ရဖို့ နင်မထိုက်တန်တာအမှန်ပဲ" ဟု သူမက ပြောသည်။
"သူရဲကောင်းဖြစ်ရရင် ကောင်းမှာတော့ အမှန်ပဲ။ ဟင်နီရီစတီးဝပ်လိုလား.."
"အခွင့်အရေးရရင်တော့ သူ သူရဲကောင်းဖြစ်ချင်ဖြစ်ခဲ့မှာပေါ့" ဟု ကက်သရင်းက ပြောလိုက်သည်။ ထို့နောက်တွင် သူတို့နှစ်ဦးသား လမ်းဆက်လျှောက်နေမိမှန်း ကက်သရင်း စိတ်မသက်မသာ သိနေရသည်။ နှုတ်ဆက်ခွဲခွာချိန်အကြောင်း မေ့သွားကြပြီ။
"နင် သူ့ကို တကယ်ချစ်လား" ဟု သူက မေးသည်။
"တကယ်ချစ်တာပေါ့။ တကယ်မချစ်ဘဲ ငါ သူ့ကို ဘာလို့ လက်ထပ်မှာလဲ"
"သူ့မှာ ကောင်းတဲ့အချက်တွေက ဘာတွေလဲ" ဟု နျုက မေးသည်။
လမ်းလျှောက်နေသည်ကို ရပ်တန့်ရင်း သူမက အော်လိုက်သည်။
"နေပါဦး။ နင်လုပ်နေတာတွေက တော်တော်စော်ကားရာကျနေမှန်း နင် နည်းနည်းမှ သတိမထားမိဘူးလား။ ဟင်နရီနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေ အများကြီး အများကြီးရှိတယ်။ ဟုတ်တယ်.. ဆိုးတဲ့အချက်တွေလည်း အများကြီး အများကြီးပဲ။ ဒါပေမဲ့ ဒါတွေအားလုံးက နင့်အပူတစ်ခုမှ မပါဘူး။ ငါ ဟင်နရီ့ကို ချစ်တယ်။ သူ့ ကောင်းကြောင်းတွေကို နင်နဲ့ ငါ ငြင်းနေစရာမရှိဘူး"
"ဆောရီးပါဟာ" ဟု နျုက ပြောသည်။
"အေး ငါတကယ်ပြောတာ" ဟု ကက်သရင်းက ပြောလိုက်သည်။
နျုက သူမကို နောက်တစ်ကြိမ် ထပ်နမ်းလိုက်သည်။ သူမက သူ့ကို အသာတကြည်နမ်းခွင့်ပြုလိုက်သည်။
*****
အခုတော့ သူတို့နှစ်ဦး စိုက်ပျိုးခင်းကြီးတစ်ခုအတွင်းတွင် ရောက်နေကြသည်။
"ငါတို့ အိမ်နဲ့ ဘယ်လောက်တောင်ဝေးနေပြီလဲ နျု" ဟု ကက်သရင်းက မေးလိုက်သည်။
"ခြေထောက်တစ်ချောင်းရှေ့မှာ နောက်တစ်ချောင်းချပြီး..၊ သစ်ရွက်တွေပေါ် ဖြတ်၊ တံတားတွေကို ကျော်ပြီး..." ဟု နျုက ပြောသည်။
"သူတို့က ပေါင်းသွားကြတာမဟုတ်လား။ ခြေလှမ်းတွေကလေ.." ဟု သူမက ပြောသည်။
အနီးအနားရှိ မျက်မမြင်ကျောင်း၏ မျှော်စင်မှ ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာ၏။
"မျက်မမြင်ကျောင်း" ဟု နျုက ပြောလိုက်သည်။
"အင်း မျက်မမြင်ကျောင်း" ဟု ကက်သရင်းက ပြောသည်။ ထို့နောက်တွင် တစ်စုံတစ်ခုကို လေးလေးပင်ပင်တွေးတောရင်း သူမက ခေါင်းကို ခါရမ်းလိုက်သည်။
"ငါ အခုပြန်မှ ဖြစ်တော့မယ်" ဟု ပြောသည်။
"နှုတ်ဆက်သွားဦးလေ" ဟု နျုက ဆိုသည်။
"နှုတ်ဆက်လိုက်တိုင်း ငါ အနမ်းခံရသလို ဖြစ်နေတယ်" ဟု သူမက ပြောသည်။
ပန်းသီးပင်တစ်ပင်အောက်ရှိ ခပ်တိုတိုရိပ်ဖြတ်ထားသော မျက်ခင်းပြင်ပေါ်တွင် နျုက ထိုင်လိုက်သည်။
"ထိုင်ပါဦး" ဟု သူကပြောသည်။
"ဟင့်အင်း" သူမက ငြင်းသည်။
"ငါ နင့်ကို မထိပါဘူး"
"ငါ နင့်ကို မယုံဘူး"
သူမက သူနှင့် ပေနှစ်ဆယ်ခန့် ဝေးကွာသော အခြားသစ်ပင်တစ်ပင်အောက်တွင် သွားထိုင်လိုက်သည်။ ထို့နောက် သူမ မျက်လုံးများကို မှိတ်ထားလိုက်သည်။
"ဟင်နရီစတီးဝပ်အကြောင်း အိပ်မက်မက်ပေါ့" ဟု သူက ပြောသည်။
"ဘာ."
"နင့်ရဲ့ ချစ်စရာ ခင်ပွန်းလောင်းအကြောင်းကို အိပ်မက်မက်ပေါ့" ဟု သူက ပြောသည်။
"အင်း။ မက်မယ်" ဟု သူမကပြောသည်။ မျက်လုံးများကို တင်းတင်းမှိတ်လိုက်ရင်း သူမ ခင်ပွန်းလောင်း၏ ပုံရိပ်ကို ဖျပ်ခနဲ မြင်ယောင်ကြည့်လိုက်သည်။
နျုက လေးလေးပင်ပင်သမ်းဝေလိုက်သည်။
သစ်ပင်များပေါ်တွင် ပျားများ တ၀ီဝီအော်မြည်နေကြပြီး၊ ကက်သရင်းလည်း အိပ်ပျော်လုနီးနီးဖြစ်သွားသည်။ သူမ မျက်လုံးများကို ဖွင့်လိုက်သောအခါ အိပ်မောကျနေသည့် နျုကို မြင်လိုက်ရသည်။
သူက ခပ်တိုးတိုး ဟောက်လို့တောင် နေသည်။
နျု အိပ်မောကျနေသည်ကို တစ်နာရီခန့် ကက်သရင်းထိုင်ကြည့်နေလိုက်သည်။ ထိုအတောအတွင်း သူ့အပေါ် မြတ်နိုးမှုများ သူမ နှလုံးသားမှ တဖွားဖွားပေါ်ပေါက်လာသည်။
ပန်းသီးပင်၏ အရိပ်က အရှေ့ဘက်ဆီသို့ ကျယ်ပြန့်သွား၏။ မျက်မမြင်ကျောင်းရှိ မျှော်စင်မှ ခေါင်းလောင်းထိုးသံ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
သပိတ်လွယ်ငှက်တစ်ကောင်က အော်မြည်လိုက်သည်။
တစ်နေရာဆီမှ ကားတစ်စင်း၏ မနိုးချင်နိုးချင် စက်နှိုးသံတစ်ခုထွက်ပေါ်လာပြီး ရပ်တန့်သွားသည်။ နောက်တစ်ကြိမ် ပြန်နှိုးပြီးနောက် ရပ်တန့်သွားပြန်သည်။ ထို့နောက် တိတ်ဆိတ်သွား၏။
သစ်ပင်အောက်မှ ကက်သရင်းထလာပြီး နျုဘေးတွင် ဒူးတုပ်ထိုင်ချလိုက်သည်။
"နျု" ဟု သူမက ခေါ်လိုက်သည်။
"ဟင်" သူက မျက်လုံးများကို ဖွင့်လိုက်ပြီး ထူးသည်။
"နောက်ကျနေပြီ"
"ဟေ့ ကက်သရင်း"
"ဘာလဲ နျု"
"နင့်ကို ငါချစ်တယ်"
"ငါသိပါတယ်" ဟု သူမက ပြောသည်။
"သိပ် နောက်ကျသွားတယ်" သူက ပြောသည်။
"သိပ် နောက်ကျသွားပြီ" သူမက ပြောသည်။
သူက မတ်တပ်ရပ်လိုက်ပြီး ညည်းသံများထွက်အောင် အပျင်းဆန့်လိုက်သည်။
"လမ်းလျှောက်လို့ သိပ်ကောင်းတာပဲ" ဟု သူက ပြောသည်။
"ငါလည်း အဲဒီလိုပဲ ထင်ပါတယ်" သူမက ပြောသည်။
"ဒီကပဲ လမ်းခွဲကြမလား" ဟု သူက မေးသည်။
"နင်က ဘယ်သွားမှာလဲ" သူမက မေးသည်။
"မြို့ကို ကားကြုံစီးမယ်။ ငါ့ကိုယ်ငါ အချုပ်ထဲထည့်ဖို့" သူက ပြောသည်။
"ကံကောင်းပါစေ" သူမက ပြောသည်။
"နင်ရောပဲ ကံကောင်းပါစေ" သူကပြောရင်း တစ်ဆက်တည်း၊ "ငါ့ကို လက်ထပ်ပါလား ကက်သရင်း" ဟု ဆက်ပြောလိုက်သည်။
"ဟင့်အင်း" ဟု သူမက ပြောသည်။
သူက ပြုံးလိုက်ပြီး ခဏမျှ သူမကို စူးစူးစိုက်စိုက် ကြည့်နေသည်၊ ထို့နောက် အလျင်အမြန် ထွက်ခွာသွားတော့သည်။
သစ်ပင်တန်းများနှင့် အရိပ်များအောက် ရှည်လျားသော မြင်ကွင်းတစ်လျှောက် တစ်ဖြည်းဖြည်း သေးငယ်သွားသော သူ့ကို ကက်သရင်း ငေးကြည့်နေမိသည်။ အခုအချိန်များ သူ ရပ်လိုက်ပြီး နောက်ပြန်လှည့်လာလျှင်၊ သူမကို အော်ခေါ်ပြီး သူမထံ ပြေးဝင်လာလျှင် ဘာဆက်ဖြစ်မည်ဆိုတာ သူမက ကောင်းကောင်းသိနေသည်။ သူမတွင် ရွေးချယ်စရာ မရှိ။
နျုက တကယ်ရပ်တန့်သွားသည်။ ထို့နောက် ပြန်လှည့်လာသည်။ ထို့နောက် "ကက်သရင်း" ဟု သူမထံ အော်ခေါ်လိုက်သည်။
သူ့ဆီသို့ သူမ ပြေးဝင်သွားကာ လက်နှစ်ဖက်ဖြင့် သိမ်းဖက်ထားလိုက်ပြီး၊ စကားမပြောနိုင် ဖြစ်နေသည်။
တေဇာ (လရောင်လမ်း)
Long Walk to Forever by Kurt Vonnegut ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Image: http://static.wixstatic.com/media/4b163ec11b537161f266372d95d6fe6e.wix_mp_512

Comments
Post a Comment