ကျွန်မ သေတုန်းက မြင်တဲ့သူတစ်ယောက်မှ အနီးအနားမှာ မရှိဘူး။ ကျွန်မ တစ်ယောက်တည်းပဲ သေသွားတယ်။ ဒါလည်း အဆင်ပြေပါတယ်။ တချို့လူတွေကတော့ အနားမှာ ကိုယ့်ကိုမြင်မယ့်သူ တစ်ယောက်မှမရှိဘဲ တစ်ယောက်တည်းသေရတာဟာ သိပ်ကိုကြေကွဲစရာကောင်းတယ်လို့ ထင်ကြတယ်။ ကျွန်မအထက်တန်းကျောင်းတုန်းက ရည်းစားက ကျွန်မကို လက်ထပ်ချင်ခဲ့တယ်၊ သူ့အကြောင်းပြချက်က ဘ၀မှာအရေးအကြီးဆုံးအရာက မျက်မြင်သက်သေရှိဖို့ပဲတဲ့။ အထက်တန်းကျောင်းက ရည်းစားကို ဘ၀တစ်လျှောက်လုံး အနားမှာရှိခိုင်းဖို့၊ ဒီလိုဆိုရင်တော့ မျက်မြင်ကိုယ်တွေ့တွေ အများကြီးဖြစ်နေမှာပဲ။ အရေးကြီးတဲ့အရာ မှန်သမျှကို မိန်းမတစ်ယောက်က မျက်မြင်သက်သေအဖြစ် ရှိနေတော့မှာပဲ။ ဘေးနားမှာအမြဲတမ်း ရှိနေပြီး သူများဘ၀တစ်ခု အထုပ်ပြေတာကြည့်နေဖို့လား၊ ဒါ ဇနီးမယားတစ်ယောက်ဖြစ်ဖို့အတွက် အကြောင်းရင်းဆိုတဲ့ စိတ်ကူးကိုတော့ ကျွန်မ မနှစ်မြို့ဘူး။ ဒါပေမဲ့ အခုတော့ သူ့ ကျွန်မ ပိုနားလည်နိုင်လာပြီ။ ကိုယ့်ဘ၀ကို ကြည့်မြင်ဖို့အတွက်၊ အဲဒီအကြောင်း ညတိုင်း ဆွေးနွေးဖို့အတွက် ကိုယ်ချစ်ရသူတစ်ယောက် အနားမှာရှိနေတယ်ဆိုတာ ခပ်သေးသေးကိစ္စတော့ မဟုတ်ဘူး။
သူ့ကို လက်ထပ်မယ့်အစား၊ ကျွန်မ ဘယ်သူ့ကိုမှ လက်မထပ်ခဲ့ဘူး။ ကျွန်မတို့ ကွဲကွာသွားခဲ့တယ်။ ကျွန်မက တစ်ယောက်တည်းနေတယ်၊ ကလေးမရှိဘူး။ သူက အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပြီး၊ ကိုယ်ဝန်ရပြီး၊ ကလေးတစ်ယောက်ရချိန်မှာ၊ ကျွန်မဘ၀မှာတော့ ကျွန်မတစ်ယောက်တည်း မျက်မြင်သက်သေပဲ။ ကောင်မလေးဘက်က ဆွေမျိုးများတယ်၊ သူတို့အိမ်နားမှာပဲ သူ့ဘက်က အမျိုးတွေနဲ့ နေကြတယ်။ တစ်ခေါက်တော့ ကျွန်မ သူတို့ဆီ သွားလည်ဖူးသေးတယ်။ သူ့ မွေးနေ့ဒင်နာမှာ။ သူတို့ တစ်ဦးတည်းသောကလေးအပါအ၀င်၊ မိတ်ဆွေရင်းချာနဲ့ ဆွေမျိုးတွေ အယောက်သုံးဆယ်လောက်ရှိမယ်။ သူ့မိန်းမရဲ့ မိဘတွေအိမ်မှာ၊ သူတို့ အခြေချနေထိုင်နေတဲ့ ကမ်းရိုးတန်းမြို့ငယ်လေးတစ်ခုမှာပေါ့။ သူလိုချင်တဲ့အတိုင်း သူရခဲ့တာပဲ။ သူ့မှာ ယုံကြည်စိတ်ချရတဲ့ မျက်မြင်သက်သေပေါင်း အယောက်သုံးဆယ်လောက်ရှိနေတယ်။ အဲဒီထဲက တစ်ဝက်လောက်က သေသွားတာမျိုး၊ တခြားပြောင်းသွားတာမျိုး၊ သူနဲ့ မတဲ့တော့တာမျိုးဖြစ်ဦး ဆယ့်ငါးယောက်တော့ ကျန်ဦးမယ်။ သူသေတဲ့အခါကျရင် ချစ်ခင်ရတဲ့မိသားစုဝင်တွေနဲ့ ၀ိုင်းရံနေလိမ့်မယ်၊ သူ သက်ရှိထင်ရှားရှိနေတဲ့အချိန်ကို သတိရပေးကြလိမ့်မယ်။ အရက်တွေမူးရူးပြီး လျှောက်အော်နေတဲ့ သူအိမ်ပြန်လာတဲ့ ညတွေကို သူတို့တွေ သတိရနေလိမ့်မယ်။ သူ့ အသုံးမကျမှုတွေကိုလည်း သတိရနေပေမယ့်၊ သူတို့က သူ့ကို ဆက်ပြီး ချစ်နေဦးမှာပဲ။ သူ့ မျက်မြင်သက်သေတွေ သေတဲ့အခါကျရင်တော့ သူ့ဘ၀လည်း ပြီးဆုံးသွားလိမ့်မယ်။ သူ့သား သေတဲ့အခါ၊ သူ့သားရဲ့ မိန်းမသေတဲ့အခါ၊ ပြီးတော့ သူ့သားရဲ့ သားသမီးတွေလည်း သေသွားတဲ့အခါ၊ ကျွန်မ ပထမရည်းစားရဲ့ ဘ၀ဟာလည်း ပျောက်ဆုံးသွားတော့မှာပဲ။
ကျွန်မ နောက်ဆုံးထွက်သက်ရှိုက်နေချိန်တုန်းက ကျွန်မကို ဘယ်သူမှ မမြင်ခဲ့ဘူး။ ကားက ကျွန်မကို လျင်လျင်မြန်မြန် ဖြတ်တိုက်သွားတယ်၊ ပြီးတော့ ဒရိုင်ဘာက ကျွန်မကို လမ်းမပေါ်ကနေ သယ်ဖို့ ကားကို ရပ်လိုက်တယ်။ သူ ကျွန်မကို လာသယ်တော့ ကျွန်မက သေပြီးနေပြီ။ ဒီတော့ ကျွန်မသေတုန်းက တစ်ယောက်တည်းလို့ ပြောနိုင်တာပေါ့။
အခု ရှင်တို့က ကျွန်မလိမ်နေတာလို့ ပြောချင်ပြောမယ်။ ကျွန်မသေတာကို မြင်လိုက်တဲ့ ကျွန်မချစ်ရတဲ့ မျက်မြင်သက်သေတစ်ယောက်မှမရှိခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်မ တကယ်ပဲ ဘာမှမခံစားရဘူးဆိုရင် အခု ဘာလို့ ဒီနေရာကို သေရွာက ထပြီး ကျွန်မ ပြန်လာခဲ့ရသလဲ။ ကမ္ဘာမြေပေါ်မှာ ကျွန်မ နောက်ဆုံးနေခဲ့တုန်းက ၀တ်ခဲ့တဲ့ အ၀တ်အစားတွေ၊ ကိုယ်ခန္ဓာအသွေးအသားတွေကို ကျွန်မ ဘာလို့ ပြန်လည်ဝတ်ဆင်ထားရသလဲ။ ကျွန်မ အသက်ရှင်နေတုန်း လေသံအတိုင်း ကျွန်မဘာလို့ စကားဆက်ပြောနေရသလဲ။ ကျွန်မသေတုန်းက အလေးချိန်အတိုင်း အခုဘာလို့ ပြန်ရှိနေရသလဲ။ ကျွန်မ မျက်လုံးတွေနဲ့ ဆံပင်တွေမှာ ကပ်နေတဲ့ အညစ်အကြေးတွေကိုတောင် ကျွန်မ ဆေးကြောပစ်ခဲ့သေးတယ်။ ကျွန်မ ဖြတ်ကြိတ်မခံရခင်က အနေအထားအတိုင်း သွားတွေကိုလည်း ပါးစပ်ထဲမှာ သူ့နေရာနဲ့သူ နေသားတကျ ပြန်တပ်ထားခဲ့တယ်။ ဒါတွေကို ကျွန်မ ဘာလို့ ဒုက္ခခံ လုပ်နေရတာလဲ။ အလုပ်ရှုပ်ရ ရှုပ်နဲ့။ မြေကြီးအောက်ထဲမှာပဲ ထာဝရနေသွားလို့ ရခဲ့ရဲ့သားနဲ့။ ကျွန်မဘ၀ဟာ တစ်ခန်းရပ်သွားပြီဆိုခဲ့ရင်၊ အဲဒီနေရာမှာပဲ တစ်စစီပျက်စီးရင်း နေသွားနိုင်သားပဲ။ ကျွန်မအကြောင်း တစ်ခုခုပြောဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ သင်္ကာမကင်းခံစားချက်မျိုးတစ်ခုခု မရှိခဲ့ရင် ကျွန်မ မြေကြီးထဲမှာပဲ ရှိနေဆဲ ဖြစ်နေမှာ။
ပြောစရာတစ်ခုက ရှိနေတယ်။ ကျွန်မက ဟာသပဲ၊ ကျွန်မဘ၀က ဟာသဖြစ်ခဲ့တယ်။ ကျွန်မနောက်ဆုံးချစ်ခဲ့တဲ့သူနဲ့ နောက်ဆုံးအကြိမ်ရန်ဖြစ်တုန်းက သူက အဲဒီလိုပဲ ကျွန်မကို ပြောခဲ့တယ်။ သူက ကျွန်မ အထက်တန်းကျောင်းတုန်းက ရည်းစားမဟုတ်တဲ့ တခြားတစ်ယောက်။ အဲဒီအချိန်တုန်းက ကျွန်မက သုံးဆယ့်လေးနှစ်။ ရန်ဖြစ်နေချိန်အတွင်း၊ ကျွန်မက ကျွန်မဘက်က မြင်တဲ့ပုံစံတွေကို ရှင်းပြဖို့ ကြိုးစားတော့ သူက အော်တယ်။ "နင်က ဟာသပဲ၊ ပြီးတော့ နင့်ဘ၀ကလည်း ဟာသပဲ" တဲ့။
အဲဒီမတိုင်ခင် တစ်ညက ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေခဲ့တုန်းပဲ။ တစ်ချိန်တည်း အိပ်ယာအတူတူဝင်ပြီး သူက သူ့ဖုန်းထဲကနေ လူကြိုက်များတဲ့ မှုခင်းဝတ္ထုတစ်ပုဒ်ကို ဖတ်ပြနေခဲ့တယ်။ သူ့လက်မောင်းကို ခပ်ဖွဖွထိရင်း ကျွန်မက ခေါင်းအုံးပေါ်မှာ အိပ်ပျော်သွားတယ်။ နောက်ရက်အနည်းငယ်ကြာတော့ ကျွန်မ သေတယ်။ သူပြောတဲ့စကားကို ကွက်ကွက်ကွင်းကွင်းနားလည်ဖို့အတွက်၊ အဲဒီအချိန်ကနေစပြီး လေးနှစ်တိတိ ကျွန်မ အချိန်ယူခဲ့ရတယ်။ ကျွန်မက ဟာသတစ်ပုဒ်၊ ကျွန်မဘ၀က ဟာသတစ်ပုဒ်ဆိုတဲ့ စကားလေ။ သူအဲဒီလို ပြောတဲ့အချိန်တုန်းက ကျွန်မ ဘာပြန်ပြောရမလဲ မသိခဲ့ဘူး။ ကျွန်မ နာကျင်ရတယ်၊ အသံကုန်ဟစ်အော်နေမိတယ်။ အဲဒီလိုလုပ်တာက သူ့စကားမှန်ကြောင်း သူ့ကို သက်သေပြလိုက်တာပဲ။ ပါးစပ်အဟောင်းသားနဲ့ပဲ ကျွန်မ သူ့ကို ငေးကြည့်နေမိတယ်။ အဲဒီအချိန်တုန်းက သူ့ အကြင်နာကင်းမဲ့မှုကို ကျွန်မ ကျင့်သားရသွားခဲ့တယ်၊ ဒါပေမဲ့ နာကျင်ရတုန်းပဲ။
ဒီည ဒီနေရာမှာ လာပြီးစကားပြောဖို့ ရှင့်တို့ဆီက ဖိတ်ကြားစာရတုန်းက ကျွန်မ သေပြီးသားဆိုတာ ရှင်တို့ မသိကြဘူးလား။ ရှင်တို့ မသိပါဘူး၊ ရှင့်တို့ဆီက ဖိတ်ကြားစာရတုန်းက ငါမလာနိုင်ဘူးလို့ ကျွန်မလည်း အရင်ဆုံး တွေးမိသေးတယ်။ အမှန်အတိုင်းပြောရရင် လာဖို့ အကြောင်းမရှိဘူး။ ဒါပေမဲ့ လအနည်းငယ်ကြာတော့ ကျွန်မ ရှင့်တို့ဆီစာတစ်စောင်လှမ်းရေးမိတယ်။ ကျွန်မကို မြေကြီးထဲကတူးဖို့ ငွေပေးရင် ကျွန်မ လာခဲ့ပါ့မယ်လို့။ ကျွန်မကို မြှုပ်ထားတဲ့ မြောက်အမေရိကကိုဖြတ်ပြီး ကျွန်မအလောင်းအတွက် လေယာဉ်ပျံခကို ရှင်တို့ပေးရင်၊ မိုက်တပ်ထားတဲ့ စင်မြင့်ဆီ ကျွန်မကို ၀ှီးချဲနဲ့ တွန်းတင်ပေးရင်၊ အင်း.. ကျွန်မ လာခဲ့ပါ့မယ်လို့ပေါ့။ လေယာဉ်ခရီးစဉ် တစ်လျှောက်လုံး ကျွန်မရဲ့ သေပြီးသားဦးနှောက်က ကျွန်မပြောချင်တာတွေကို မှတ်မိဖို့ အပြင်းအထန်ကြိုးစားခဲ့ရတယ်။ အဲဒီအချက်ကပဲ ကျွန်မ ဒီကိုလာဖို့ လက်ခံခဲ့ရခြင်းအတွက် အကောင်းဆုံးအကြောင်းပြချက်ပဲ။ ကျွန်မမှာ ဖွင့်ဟ၀န်ခံစရာ အရေးကြီးကိစ္စတစ်ခုခု ရှိနေတယ်။ အဲဒါ ဘာများလဲ။ အဲဒီအကြောင်း ကျွန်မ ပြောပြီးပြီလား။ ကျွန်မရဲ့ ဦးနှောက်အသေထဲက၊ အတွေးတွေဟာ အမြန်ဆုံးနှုန်းနဲ့ လွင့်ထွက်သွားတယ်။ ပြောပြီးပြီဆိုလည်း ကျွန်မ မမှတ်မိတော့ဘူး။
မြေကြီးအောက်မှာ လဲလျောင်းရင်း ဆားငန်လွှာတွေ၊ မြေဆီတွေ၊ ချွေးတွေ၊ တီကောင်တွေ၊ အစေ့ပင်နဲ့ မြေစာမြက်တွေ၊ ငှက်အသေကောင်ရဲ့ အရိုးစုတွေဟာ ကျွန်မပါးစပ်ထဲမှာ လာစုနေတယ်။ ကျွန်မသွေးတွေက ခြောက်သွေ့အေးခဲပြီး ခြေချောင်းတွေက ကွေးလိပ်နေတယ်။ ကျွန်မဦးနှောက်ထဲမှာဆိုရင် ဆံပင်ခြည်တွေ ငှက်အမွှေးအတောင်တွေနဲ့ ပြည့်သိပ်နေတယ်။ ပြီးတော့ ဘာမှန်းအသေအချာမသိရတဲ့ ဘောလုံးဖြူဖြူသေးသေးလေးတွေ၊ အဲဒီ ရေမြှုပ်လုံးလေးတွေနဲ့ ခွေးချေးတွေ၊ အနံ့စူးစူး ကျင်ငယ်တွေ၊ အစေ့ပင်နဲ့ မြေစာမြက်တွေ၊ ၀က်သစ်ချသီးတွေ၊ စပျစ်သီးခြောက်တွေ၊ ဒါတွေအားလုံးနဲ့အတူ အဲဒီအောက်ထဲက စိုစွတ်တဲ့အမှောင်ထုကြီးထဲမှာ ကျွန်မ တွေးနေနိုင်တယ်ဆိုတာ သိပ်အံ့သြဖို့ကောင်းတယ်။ မြေအောက်ထဲမှာ လှဲလျောင်းရင်းနဲ့တော့ ရှင့်တို့ရဲ့ မ၀ံ့မရဲအတွေးတွေက ဘာများဖြစ်မလဲ ရှင်တို့ ဘယ်တော့မှ သေချာသိနိုင်မှာမဟုတ်ဘူး။ သေတွင်းထဲကို ရှင့်တို့ရဲ့ အတွေးတစ်ခုတည်းကိုပဲ အတူသယ်သွားနိုင်မှာ။ အဲဒီအတွေးကလည်း အမြဲတမ်း ရှင်တို့ကို စိုးမိုးခြောက်လှန့်နေတဲ့အတွေးပဲ၊ အဆုံးမှာ ရှင့်တို့ကိုယ်ပိုင် ငြိမ်းချမ်းမှုကိုရှာမတွေ့ခင် တစ်လျောက်လုံး ရှိနေရမယ့် အတွေးမျိုးပေါ့။ ကျွန်မ အတူယူဆောင်သွားတဲ့အတွေးကတော့ ကျွန်မချစ်တဲ့ ယောက်ျားတစ်ယောက် ပြောခဲ့တဲ့စကားလေ၊ "မင်းက ဟာသပဲ။ မင်းဘ၀က ဟာသတစ်ပုဒ်ပဲ" တဲ့။ ကျွန်မဦးခေါင်း၊ ကြွက်သားတွေနဲ့ အရိုးတွေကို အဲဒီအတွေးက မခွာတမ်းပူးကပ်ထားတယ်၊ တခြားဘာမှမရှိတော့ဘဲ အဲဒီစကားလုံးတွေချည်းပဲ ကျန်တော့တဲ့အထိပဲ။ သေခြင်းတရားလို့ပဲ ပြောရမယ်။ ကျွန်မဘ၀က အတွင်းထဲကို ကျုံ့ဝင်ပြိုလဲသွားတဲ့အချိန်မှာ၊ ဘ၀ဟာ အနက်ရှိုင်းဆုံးအတွင်းသားထဲအထိ သူ့ဘာသူ ပြိုဆင်းသွားတဲ့အချိန်မှာ အဲဒီစကားစုဟာ ပြိုဆင်းနေခြင်းရဲ့ အပြင်တစ်နေရာမှာ ကျန်ရစ်တယ်။ အဲဒီစကားစုဟာ ကျွန်မဆီက ကွဲထွက်သွားတဲ့ တစ်စုံတစ်ခု ဖြစ်သွားတယ်။ ကျွန်မဆီက ကွဲထွက်သွားတဲ့ တစ်စုံတစ်ခုဖြစ်လို့ပဲ အဲဒါကို ကျွန်မနဲ့အတူ ယူဆောင်လာနိုင်ခဲ့တယ်။ အဲဒီစကားစုဟာ အခု ကျွန်မမှာ ရှိနေတဲ့ တစ်ခုတည်းသောအရာပေါ့။
ကျွန်မ ရေတစ်ခွက်လောက် သောက်ပါရစေဦး။ ကျွန်မ ရေ ဘယ်မှာလဲ။ ကျွန်မက သေပြီး ခြောက်ကပ်နေပြီ။ မနက်ဖြန်ကျရင် ကျွန်မက အိမ်အပြန်လေယာဉ်ပေါ်မှာ၊ လက်ဆွဲအိတ်တွေနဲ့အတူ၊ အရိုးထဲ စိမ့်ဝင်နေတဲ့ ငြိမ်းချမ်းမှုနဲ့အတူ၊ အဲဒါဟာ ဒီနေရာကိုလာပြီး ဖွင့်ဟ၀န်ခံခဲ့တဲ့အတွက်ကြောင့်ပေါ့။ ကျွန်မ မြေအောက်ထဲပြန်ရောက်သွားတဲ့အချိန်မှာ ကျွန်မ သိနေတော့မှာ။ ပြီးရင်တော့ ကျွန်မ ကျန်တဲ့ထာဝရအချိန်တစ်လျှောက်လုံး သေဆုံးသွားတော့မှာ၊ ကျွန်မကိုယ်ကိုယ် ဘယ်တော့မှ မလျှော်ဖွပ်တော့ပဲနဲ့။
ကျွန်မက ဟာသပဲ၊ ကျွန်မဘ၀က ဟာသပဲလို့ ပြောခဲ့တဲ့လူ။ အခု ကျွန်မရဲ့ နောက်ဆုံးအချိန်လေးမှာ ကျွန်မရဲ့ နောက်ဆုံးထွက်သက်ကို မျက်မြင်ကိုယ်တွေ့တွေ့ရင်း ဒီနေရာမှာ ရှိချင်မှ ရှိနေမှာ။ ဒါပေမဲ့ ကျွန်မသိနေတာတစ်ခုက ကျွန်မရဲ့ သေခြင်းတရားကို သူ ကြိုတင်မြင်တွေ့ခဲ့တယ်ဆိုတာပဲ။ ကျွန်မအတွင်းသားထဲထိ ဖောက်ထွင်းပြီး၊ ကျွန်မ အဇ္ဈတ္တကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ပြီး သူက ကြိုတင်နိမိတ်ဖတ်ခဲ့တယ်။ အဲဒီကြောက်စရာစကားလုံးတွေကို သူပြောတုန်းက သူက ကျွန်မရဲ့၊ ကျွန်မမကြာခင်တွေ့တော့မယ့် အနာဂတ်အထိ ကြိုတင်မြင်တွေ့ခဲ့တယ်။ ကျွန်မတို့ ရန်ဖြစ်တုန်းက သူမှားကြောင်း ယုံကြည်လာအောင် ကျွန်မ ကြိုးစားခဲ့တယ်။ "ငါက ဟာသမဟုတ်ဘူး၊ နင်သာ ဟာသ၊ နင်သာ ဟာသ" ဆိုပြီးတော့ ကျွန်မ ပြန်အော်ခဲ့တယ်။
လူတစ်ယောက်ဟာ ငှက်ပြောခွံတက်နင်းမိလို့ ချော်ကျရင်း သေသွားတယ်ဆို၊ သူ့ဘ၀က ဟာသပဲပေါ့။ ကျွန်မ သေခဲ့ရတာကတော့ ငှက်ပျောခွံကို တက်နင်းမိလို့ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ အရက်ဆိုင်ထဲကို သင်းအုပ်ဆရာတစ်ယောက်နဲ့အတူ၊ ဘုန်းတော်ကြီးတစ်ပါးနဲ့အတူ၊ သီလရှင်တစ်ပါးနဲ့အတူ ၀င်လာပြီး သေဆုံးသွားတယ်ဆိုရင်တော့ သူ့ဘ၀က ဟာသပဲပေါ့။ အဲဒါလည်း ကျွန်မသေခဲ့ရတဲ့ပုံစံ မဟုတ်ပါဘူး။ တစ်စုံတစ်ဦးဟာ ကြက်ကလေးတစ်ကောင်ဖြစ်ပြီး တစ်ဖက်ကမ်းကိုရောက်ဖို့ လမ်းဖြတ်အကူးမှာ သေဆုံးသွားခဲ့ရတာက ကျွန်မ သေဆုံးတဲ့ ပုံစံပါ။ ဒါဆိုလည်း သူ့ဘ၀က ဟာသတစ်ပုဒ်ပါပဲ။ ကဲ အခုတော့ အားလုံးသိပြီပေါ့၊ ကြက်ကလေးတစ်ကောင်ဖြစ်ပြီး တစ်ဖက်ကမ်းကိုရောက်ဖို့ လမ်းအဖြတ်အကူးမှာ ကျွန်မ သေဆုံးခဲ့ရတာကို။
အဲဒီနေ့က အဲဒီလို လမ်းဖြတ်ကူးတုန်းက ကျွန်မက တစ်ဖက်ကမ်းကို ဦးတည်နေခဲ့တယ်။ သူနဲ့ ရန်ဖြစ်တဲ့အကြောင်းပဲ စိတ်ထဲမှာစွဲပြီး ဘ၀တစ်ခုလုံးပျက်စီးပြိုလဲသွားခဲ့ပြီ။ ကြက်ကလေးတစ်ကောင်က ဘာလို့ လမ်းဖြတ်ကူးရတာလဲ။ တစ်ဖက်ကမ်းကို ရောက်ဖို့လား။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာလား။ တစ်ဖက်ကမ်းဆိုတာ သေခြင်းတရားပဲ။ အဲဒါကို လူတိုင်း သိကြတာပဲ မဟုတ်လား။
သံချေးတက်နေတဲ့ အဲဒီ ကားအိုကြီးရှေ့ကို ကျွန်မ ခြေလှမ်းစိပ်စိပ်နဲ့ ခပ်မြန်မြန်တိုးကပ်လိုက်တယ်၊ ပြီးတော့ သတ္တုတွေနဲ့ ကျွန်မကိုယ်ကိုယ် ခြေမွပစ်လိုက်တယ်၊ မီးသီးဘေးက ကားစောင်းနဲ့ တိုက်မိတဲ့ သွားတွေက ကျွန်မလည်မျိုထဲအထိ ကျွံဝင်သွားတယ်၊ ကျွန်မ ရင်ဘတ်ပေါ်က ကားက ဖြတ်ကြိတ်သွားတယ်။
ကျွန်မ ဒီကိုလာခဲ့တာ ရှင်တို့ကို အော်ဂလီဆန်အောင် လုပ်ဖို့မဟုတ်ပါဘူး။ ကျွန်မ ဒီကိုလာခဲ့တာ ရှင်တို့ကို ဟာသတစ်ပုဒ် ပြောပြမလို့ပါ။ ဒါထက်၊ ရှင်တို့ကို ဟာသတစ်ပုဒ်ကို ပြဖို့လို့ ပြောရင် ပိုမှန်မလားပဲ။ ကျွန်မလေ။ ပြီးတော့ ကျွန်မကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ကြောင်း ဂုဏ်ယူချင်လို့ပဲ။ ကျွန်မရဲ့ အဲဒီ ပထမရည်းစားက ဒီနားနဲ့ အဝေးကြီးမှာနေတာ မဟုတ်ဘူး။ အခု ပရိသတ်ထဲမှာတောင် သူရှိနေပြီး ကျွန်မပြောတာကို နားထောင်ချင်ထောင်နေမှာ။ ဘီယာသောက်ချင်သောက်နေမှာ။ ကျွန်မ သူ့ကို ရှိနေစေချင်တယ်။ ကျွန်မဘ၀နဲ့ သေခြင်းတရားမှာ မျက်မြင်သက်သေရှိပါရဲ့လို့ ကျွန်မ ပြောမယ်။ မျက်မြင်သက်သေရှိရုံမက ကြိုတင်တောင် မြင်တွေ့ခံခဲ့ရသေးတယ်။ ရှင် ကျွန်မထက် နည်းနည်းလေးမှ မသာခဲ့ဘူး။ အဆုံးမှာ ကျွန်မတို့ နှစ်ယောက်စလုံး အနိုင်ရခဲ့သလိုပဲ။
ကျွန်မဟာ ဘယ်လောက် သွေးကြောင်ခဲ့သလဲ၊ ကြက်ကလေးတစ်ကောင် ဆန်လိုက်သလဲ။ ရှင်သန်နေထိုင်ခြင်းရဲ့ ဘယ်မျက်နှာစာကိုမှ ကျွန်မ ခံနိုင်ရည်မရှိခဲ့ဘူး။ အထူးသဖြင့်၊ "တခြားလူတွေထက် ပိုကောင်းတဲ့ဘ၀မှာ နေထိုင်ဖို့ကြိုးစားရမယ်" ဆိုတဲ့ ဓလေ့ဟောင်းတစ်ခုကိုပေါ့။
ဘ၀ရဲ့ အခြားဘက်ခြမ်းဟာ ဘာနဲ့တူလဲလို့ ရှင်တို့ တွေးကောင်းတွေးနေလိမ့်မယ်။ ကျွန်မလည်း ဒီမှာရှိနေတုန်း ပြောပြချင်ပါတယ်။ လူတိုင်း အမြဲတမ်း ရယ်မောနေတဲ့ အလကားနေရာတစ်ခုပဲ။ သမုဒ္ဒရာကို ဖြတ်ပျံတဲ့ လေကြောင်းခရီးစဉ်တစ်ခုမှာ ကျွန်မ ကြုံတွေ့ခဲ့ရသလိုမျိုးပဲ။ ကျွန်မဘေးနားက အမျိုးသမီးက သူကြည့်နေတဲ့ ဖျော်ဖြေပွဲတိုင်းက ဘယ်လိုအပေါစားပြက်လုံးကိုမဆို ရယ်မောနေသလိုမျိုးပဲ။ ပြီးရင် နောက်ဖျော်ဖြေပွဲတစ်ခုကို ပြောင်းပြီးရင်း ပြောင်းမယ်။ ကျွန်မတို့ ထိုင်ခုံအတန်းမှာ သူ့ရယ်သံနဲ့ပဲ ဖုံးလွှမ်းနေတယ်။ လေယာဉ်စတက်ကတည်းက ဆင်းတဲ့အထိ အရယ်မရပ်ဘူး။ လူတစ်ယောက်ရဲ့ ရယ်မောမှုကြောင့် ရှင်တို့ အနေနဲ့ သူ့ကို ဘယ်လောက် မုန်းသွားနိုင်သလဲ။ ကမ္ဘာကြီးရဲ့ ရယ်သံတွေဟာ ဒီအချက်ကို မသိကြဘူးလား။ အဲဒါက သူတို့ကို ချစ်စရာကောင်းအောင်လုပ်နိုင်တယ်လို့ သူတို့ ထင်နေတာလား။ ဖန်သားပြင်ကို ငေးကြည့်ပြီး၊ နားကြပ်တပ်ထားပြီး၊ တစ်ယောက်တည်းရယ်မောနေတဲ့ သူတစ်ယောက်ကို ဘယ်သူက သဘောကျနိုင်လို့လဲ။ ဟိုတယ်ခန်းနံရံတစ်ဖက်က သူစိမ်းနှစ်ယောက်ရဲ့ ကုတင်သံကိုကြားရတာ သဘောကျတဲ့သူတွေတော့ ကြိုက်ချင်ကြိုက်လိမ့်မယ်။
အဲဒီ အခြားဘက်ခြမ်းမှာတော့၊ ရယ်စရာကောင်းကောင်း မကောင်းကောင်း ခွေးတိုင်း၊ သစ်ပင်တိုင်း၊ လူတိုင်းရယ်မောနေကြသလိုပဲ။ အခုကျွန်မပြောမယ့်စကားတွေကို အဲဒီဘက်ခြမ်းမှာ လေ့ကျင့်ခဲ့တယ်၊ လူဆယ့်ခြောက်ယောက် အရှေ့မှာပေါ့။ အစအဆုံး လေးနာရီလောက်တောင် ကြာတယ်။ ၀ါကျတစ်ကြောင်းဆုံးပြီးတိုင်း၊ ထွက်လာတဲ့ ရယ်သံတွေကို စဲသွားအောင်စောင့်နေရလို့ပါပဲ။ အခု ကမ္ဘာပေါ်မှာနဲ့တော့ ကွာတယ်။ သက်ရှိတွေရဲ့ ငြိမ်သက်မှုဟာ သိပ်ကောင်းတဲ့ ဖြေဆည်စရာတွေထဲက တစ်ခုပဲ။ သေခြင်းတရားဟာ လူတိုင်းအတွက် အတူတူချည်းပဲလား၊ ဒါမှမဟုတ် အဲဒီ ရယ်မောနေတဲ့လောကကြီးဟာ ကျွန်မအတွက်ပဲ သီးသန့်လုပ်ထားခဲ့တာလား။ ဒါကိုတော့ ကျွန်မ အသေအချာမသိနိုင်ဘူး။
ကျွန်မပြောခဲ့တာတွေက ရှေ့နောက်ဆီလျော်ရဲ့လား။ ကျွန်မစကားပြောနေတဲ့အကြောင်း ကျွန်မကိုယ်တိုင် သတိပြုမိနေတယ်။ ကျွန်မအသံက အဆင်ပြေရဲ့လား။ ရှင်တို့ သေသွားတဲ့အခါမှာ၊ အတွေးတစ်ခုကို ကိုယ်နဲ့အတူ သယ်ရတာ ဘယ်လောက်ခက်တယ်ဆိုတာ သိလိမ့်မယ်။ ကျွန်မ ဦးခေါင်းထဲကို ပိုးသားစတွေ ထိုးထည့်ထားသလို ခံစားနေရတယ်၊ မျက်လုံးထဲကို ပိုးချည်လုံးတွေ ထိုးထည့်ထားသလို၊ နားထဲကို ပိုးသားစနဲ့ ပိတ်ဆို့ထားသလို ခံစားနေရတယ်။ အဓိပ္ပာယ်တစ်ခုက တစ်ခုစီ ဆက်စပ်စဉ်းစားနိုင်ဖို့ ခက်တယ်။ ကျွန်မဒီကိုလာတာ ရှင်တို့ကို ချစ်ပါတယ်လို့ ပြောဖို့ မဟုတ်ပါဘူး။ အဲဒီလိုပြောနေတယ်လို့ ရှင်တို့ ထင်နေလို့လား။ ကျွန်မဘ၀မှာ ယောက်ျားနှစ်ယောက်ကိုပဲ ချစ်ခဲ့ဖူးတယ်။ တစ်ယောက်က ကျွန်မကို လက်ထပ်ချင်တယ်၊ တခြားတစ်ယောက်က ကျွန်မကို ဟာသတစ်ပုဒ်လို့ ပြောတယ်။ ကျွန်မ ပထမရည်းစားက သူ့အတွက် မျက်မြင်သက်သေတစ်ယောက် ရှာတွေ့ခဲ့တယ်။ ကျွန်မက အခု ဒီကိုလာပြီး ကျွန်မှာလည်း တစ်ယောက်ရှိခဲ့တဲ့အကြောင်း လာပြောတယ်။ ကျွန်မ နိုင်တယ်၊ ရှင်တို့ တွေ့လား၊ ကျွန်မ နိုင်တယ်။ လူတစ်ယောက် ရရှိနိုင်တဲ့အကောင်းဆုံးအရာတစ်ခုကို ကျွန်မ ရယူနိုင်ခဲ့တယ်။ မျက်စိနဲ့ အမြင်ခံရဖို့ပဲ။ အခု ကျွန်မ ဒီမှာ အဲဒီအကြောင်းကို ဖွင့်ဟ၀န်ခံတယ်။ အဲဒါကတော့ ကျွန်မအသွေးအသားတွေထဲကနေ တွားသွားထွက်လာပြီး ရှင်တို့ရှေ့မှောက်မှာ အခု မတ်တပ်ရပ်နေရတဲ့ အကြောင်းရင်းပေါ့၊ စင်မြင့်ပေါ်က ဟာသတစ်ပုဒ်ပေါ့။ သူ့စကားလုံးတွေက အခု ကျွန်မကို မနာကျင်စေတော့ဘူး။ အဲဒီစကားလုံးတွေက အခု ကျွန်မကို အရမ်းဂုဏ်ယူမိစေတယ်။
ကြက်ကလေးတစ်ဟောင်ဟာ ဘာလို့ လမ်းမကို ဖြတ်ပြေးခဲ့လဲ။ အဲဒါ ကျွန်မပဲ။ ကျွန်မဟာ ကြက်ကလေးပဲ။ ပြီးတော့ ကျွန်မ အခြားတစ်ဖက်ခြမ်းကို ရောက်သွားတယ်။ အဲဒီစကားလုံးတွေကို သူပြောတုန်းက ကျွန်မ ဒီလိုပဲဖြစ်လိမ့်မယ်ဆိုတာ သူက ကြိုသိခဲ့တယ်။ မျက်မြင်သက်သေရှိခဲ့တာဟာ ဘယ်လောက်များ လှပလိုက်သလဲ။
တေဇာ (လရောင်လမ်း)
My Life is a Joke by Sheila Heti ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Ref: The New Yorker

ဖတ်ရတာ သဘောကျလိုက်တာ
ReplyDeleteကျေးဇူးပါဗျာ။
ReplyDelete